30/09/2025
“ဥ မဥ ခင်အသိုက် အရင် ဆောက်ပါ”
💡(စာ ဆက် မဖတ်မီတစ်ခုတော့ မေတ္တာရပ်ခံ သတိပေးချင်ပါသည်။ ဤခေါင်းစဥ်သည် အလွန် ကျယ်ပြန့်သော နယ်ပယ် ထဲ ဦးတည်နေခြင်း ဖြစ်သောကြောင့် ယခုရေးသည့် စာ အနည်းငယ်နှင့် ဂဏ္ဍတိုင်းကို အသေးစိတ် ခြုံငုံ ရေးသားရန် မဖြစ်နိုင်ချေ၊ ထို့ကြောင့် ယခုရေးသားသည့် စာတွင် သတိပေးချင်သည့် အဓိက အချက်ကိုသာ ဆွဲထုတ် ရေးသားထားပါသည်။ သသေးစိတ် သိလိုသည့် အချက်များ၊ အကြောင်းအရားများ ရှိပါက comment တွင် ရေးသား မေးမြန်း တောင်းဆို နိုင်ကြောင်း အသိပေးထား ချင်ပါသည်။)
💡 တစ်ရက် စာရေးသူ Youtube reel တစ်ခုတွင် မတူညီသော ငှက် အမျိုးအစား အစုံ၊ အရောင်စုံ လေးတွေ ကို စုစည်း မှတ်တမ်းတင်ထားသည့် Video Click အတိုလေးကို ကြည့်မိရင်း ၎င်း Video အတိုလေးတွင် ငှက်ကလေးများသည် တစ်ကောင်တည်း ဖြစ်စေ၊ စုံတွဲလိုက် ဖြစ်စေ သူတို့ နှုတ်သီးလေးတွေနဲ့ သစ်ချောင်းလေးများ၊ အပင်၏ အရွက်လေးများနှင့် အမျှင်စ လေးများကို ကိုက်ချီကာ အသိုက်ဆောက်နေကြသည် ကို သတိပြုမိသည်။ ထို ငှက်ကလေးများ၏ လုပ်ရပ်သည် ကျွန်ုပ်အား အလင်းတစ်ခု ပေးခဲ့လေသည်။ ထို အလင်းမှာ “ဥ မဥခင် အသိုက် အရင်ဆောင်ပါ” ဟူ၍ ဖြစ်သည်။
💡 ကျမ်းစာထဲတွင် သခင်ယေရှု ကိုယ်တော်တိုင် “မိုးကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှု ဆင်ခြင် ကြလော့” ဟူ၍ငှက်ကလေးများကို ဥပမာပေးပြီး သွန်သင် ခဲ့သည်မှာ ထူးခြား ချက်ပင် ဖြစ်သည်။ (မဿဲ ၆း၂၆၊ ၈း၂၀၊ ၁၀ ၂၉)
ငှက်ကလေးများသည် မိမိတို့ ဥ ဥချရန် နေရာ အရင် ပြင်ဆင်ကြသည်။ အသိုက် အရင် ဆောက် ကြသည်။ ပြီးမှသာ ဥ ဥကြသည်။ ၎င်းအပြုအမူသည် ဆင်ခြင် နှလုံးသွင်းရန် အရေးကြီး လှပေသည်။ အသိုက်အရင် မဆောက်ပဲ ဥ ဥလျှင် မရနိုင်ဘူးလား? ဟု မေးခွန်းထုတ် စရာရှိနိုင်သည်။ အဖြေမှာ ရပါသည်( အသိုက်ဆောက်ဖို့ အချေ အနေ မရှိခဲ့ လျှင်)။ ကိုယ့် ဥ ပဲ ကိုယ် ဥချင်တဲ့ နေရာ ဥချလိုက်မှာပေါ့ ဟု တွေးကောင်း တွေးနိုင်သည်။ဥ ဥချခြင်းက အရေးမကြီး သလို တွေးခေါ် နေခြင်း ဖြစ်သည်။ ထိုသို့ တွေးခေါ်မည် ဆိုလျှင် နောက် ဆင်ခြင် စရာ မေးခွန်း တစ်ခု ရှိနေ လေသည်။ မေးခွန်းမှာ “ဥ ဘာကြောင့် ဥ ကြသနည်း?”။ဤမေးခွန်းကို သင် သေခြာစွာ ဆင်ခြင် စဥ်းစား ပြီးမှသာ အဖြေပေး သင့်သော မေးခွန်း ဖြစ်သည်။
💡 ကိုယ့် ဥ ပဲ ကိုယ် ဥချ ချင်တဲ့နေရာ ဥချ လိုက်မှာပဲ ဆိုတဲ့ အတွေးအခေါ်မျိုး ငှက်ကလေးများတွင် မရှိကြချေ။ အဘယ့်ကြောင့်နည်း?။ ထိုအကြောင်းအရာကို ဆင်ခြင်ရန် ငှက်ကလေးတွေအတွက် သူတို့ ဥချမည့် ဥကလေးများသည် သူတို့ အတွက် ဘယ်လောက် တန်ဖိုးရှိကြောင်း နားလည်ရန် လိုသည်။ သူတို့ ဥချမည့် ဥကလေးများသည် သူတို့၏ မျိုးဆက်(Generation)ဖြစ်ကြောင်း နားလည် ကြသည်။ သူတို့ ဥချမည့် ဥသည် မည်မျှ အရေးကြီးကြောင်း သူတို့နားလည်ကြသည်။ ထို ဥကလေးများ ကို ပြင်ပမှ လာ မဖျက်စီး နိုင်ရန်၊ မပျက်စီး စေရန်၊ သူ့ အချိန်နဲ့သူ ကြီးထွား လာစေရန် ကာကွယ် ပေးရမည်မှာ သူတို့၏ တာဝန် ဖြစ်ကြောင်း နားလည် ကြသည်။ ဥ ဥချပြီး ချိန်မှ ငှက်ကလေးများ ကိုယ့် အတောင်ပေါ် ကိုယ် အားကိုး ရပ်တည် ပျံသန်း နိုင်သည် အထိ သူတို့၏ တာဝန် ဖြစ်ကြောင်းကို သိကြလေသည်။ ထို့ကြောင့် အသိုက် အရင်ဆောက် ကြခြင်း ဖြစ်သည်။အသိုက်ဆောက်ခြင်းသည် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်သည်။
💡 ယခုခေတ် မိဘများကို “အိမ်ထောင်မပြုခင် ဘာတွေ ကြိုတင်ပြင်ဆင်ခဲ့ကြ သလဲ?” လို့ မေးကြည့်လျှင် တော်တော်များများ အိမ်ထောင်သည်များ၏ အဖြေမှာ ဘားမှ မပြင်ဆင်ပဲ “ချစ်တာပဲ သိတယ်” ဟူသည့် အချက် တစ်ချက် တည်းဖြင့်သာ အိမ်ထောင် ပြုခဲ့ ကြသူများ ဖြစ်ကြသည်ကို အံ့သြဖွယ် တွေ့ရှိရပေမည်။ ထိုအထဲတွင် စာရေးသူ ကျွန်ုပ် ကိုယ်တိုင် ထိပ်ဆုံးက ပါဝင် ခဲ့လေသည်။ အတူ နှစ်ကိုယ် တဲ အိမ်ပျက်မှာ ဆန်ပြုတ်ပဲ စားရ စားရ ဟူသည့် စုံလုံးပိတ်အချစ် မျိုးနှင့်သာ အိမ်ထောင် ပြုခဲ့ကြသည်။ ဘဝအတွက် ရေရှည် ရည်မှန်းချက် ပန်းတိုင် ဘားမှ မယ်မယ်ရရ မရှိပဲ အိမ်ထောင် ပြုခဲ့ကြခြင်းပင်။ထိုသို့ စုံလုံးပိတ် လုပ်ရပ်အပေါ် တစ်ချို့ ယုံကြည်သူများက ယုံကြည်ခြင်း ရှိတယ်လို့ပင် တင်စားမြှောက်ပင့် အမွှန်းတင်ပြောဆိုမှုမျိုးကိုပင် မကြာခဏ ကြားခဲ့ဖူးသည်။ တချို့ကတော့ ငါတို့လူဖြစ်တဲ့ ခေတ်က ဘယ်လိုခက်ခဲပြီး ဘယ်လိုမှ အခွင့်အရေး မရခဲ့ကြောင်း အပ်ကြောင်းထပ်အောင် အကြောင်းပြချက် ပေးကြပြန်သည်။
💡 အိမ်ထောင်ပြုပြီး ကလေးလုံးဝ မယူဖို့ ဆုံးဖြတ်ချက်ချထားသူလည်း များစွာရှိကြပေသည်။ ထိုသူများအတွက် သူတို့၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်(Free Will) နှင့်၊ လူတိုင်းတွင် ရွေးချယ်ပိုင်ခွင့် ရှိကြသဖြင့် ယုံကြည်သူနှင့် မယုံကြည်သူ တို့၏ “အိမ်ထောင်ပြုခြင်း” ရည်ရွယ်ချက် ဘယ်လောက် ကွာခြားကြောင်း ဤစာတွင် အကျယ်ချဲ့ပြီး မရေးတော့ပါ။ သို့သော် အိမ်ထောင်ပြုပြီး ကလေးယူမည့် သူ သို့မဟုတ် အခြေအနေ တစ်ခုခုကြောင့် မထင်မှတ်ပဲ ကလေး ရသွားသူများ ရှိတတ်ကြသဖြင့် ထိုသူများ အတွက်တော့ သတိပြုဆင်ခြင်ရန် သတိပေးစရာများ ရှိနေပေသည်။
💡 စာဖတ်သူသည် ယခု အိမ်ထောင်ပြုကာစ ကလေး မယူသေးသူ၊ မရသေးသူ ဖြစ်နိုင်သည်။ သို့မဟုတ် အိမ်ထောင် မပြုသေးသော ရည်းစားရှိနေသူလည်း ဖြစ်နိုင်သည်။ လုံးဝ ရည်းစားမရှိသေး သူလည်း ဖြစ်နိုင်သည်။ စာဒီထက် မရှည် သွားစေရန် ရည်းစား၊ ထားသင့် မထားသင့် အကြောင်း အသေးစိတ် မဆွေးနွေးသေးပဲ နောင်ရေးမည့် စာများတွင် ခေါင်းစဥ် သီးသန့်ဖြင့် သေချာဆွေးနွေး တင်ပြပါမည်။ သို့သော် ရည်စား ဘာကြောင့် ထားကြသနည်း? ဟူသည့် မေးခွန်းကိုတော့ သေချာဆင်ခြင် စဥ်းစားစေချင်သည်။ အပျော်တွဲနေကြသည့် မယုံကြည်သူများ လုပ်နေကြ လုပ်ရပ်အတွက်၊ ကျွန်ုပ်မှာ ဘားမှ စောဒကတက် ပြောနေစရာ မရှိပေမယ့်၊ ယုံကြည်သူများ အတွက်တော့ ရှင်းစရာရှိပါသည်။ ချစ်တတ်သော စိတ်သည် ဘုရားသခင်ထည့်ထားပေးသော အရာဖြစ်ပါသည်။ မည်သူကို ဘုရားသခင်၏ အလိုတော်နှင့် အညီ ချစ်မည်နည်း ဟူသည့် အချက်သည် မိမိရွေးချယ် ဆုံးဖြတ်ရမည့် အပိုင်း ဖြစ်လေသည်။ လူတစ်ဦးက နောက်လူ တစ်ဦးကို ချစ်သည့် စိတ်သည် ဘားမှ မမှားယွင်းပါ၊ သို့သော် ဘဝဖေါ်အဖြစ် တစ်သက်စာ လက်တွဲဖို့ ရွေးချယ်မည့်အခါတွင် သေခြာပြင်ဆင်ဖို့ လိုပေသည်။
💡 လူ့ဘဝသည် အလွန် တိုတောင်းကြောင်း လူတိုင်း သိကြသော်လည်း၊ ထို တိုတောင်းသော ကာလကို သေချာမည်သို့ စီမံရမည်ကိုတော့ သတိလက်လွတ် ဖြစ်နေတက်ကြသည်။ယုံကြည်သူ တစ်ယောက် ရည်းစား ထားခြင်းသည် ဘဝဖေါ်အဖြစ် လက်တွဲဖို့ မရည်ရွယ်ထားလျှင် သင် ဘာအတွက် ရည်းစား ထားနေ သနည်း?။ လိင်မှုကိစ္စ တစ်ခုတည်း အတွက်သာ အာသာပြေ လုပ်နေခြင်းသည် ဘုရား အလိုတော် မဟုတ်ကြောင်း မေတ္တာရှေ့ထား၍ အတိအလင်း ပြောထားချင်ပါသည်။စာရေးသူ ဤအချက်များ ပြောနေရခြင်းမှာ အိမ်ထောင်သည် ဖြစ်လာပြီးမှ ဘားမှ ကြိုတင်ပြင်ဆင်မှု မရှိခဲ့ခြင်းကြောင့်၊ မွေးလာသည့် ကလေးများကို လူတန်းစေ့ မထောက်ပံ့နိုင်သော၊ သင့်ရှေ့က အိမ်ထောင်သည်များ၏ ရုန်းကန်ရမှုမျိုး၊ သင်လည်း ရုန်းကန်ရမည်မှာ ဧကန်အမှန်ဖြစ်ကြောင်း ကြိုတင် မြင်နေရခြင်း ကြောင့်ဖြစ်သည်။
💡 အထက်၌ ဖေါ်ပြခဲ့သည့် ငှက်ကလေးများ၏ လုပ်ရပ်ကို သေချာဆင်ခြင် နှလုံးသွင်းပါ၊ ငှက် ကလေးများသည် တစ်ကောင်တည်းဖြစ်စေ၊ စုံတွဲလိုက်ဖြစ်စေ ဥ မဥခင် အသိုက် အရင် ဆောက်ကြ သည်မှာ အကြောင်းမဲ့ မဟုတ်ပါ။ ပေါက်ဖွားလာမည့် ဥကလေးများအတွက် ကြိုတင် ပြင်စဥ် နေခြင်း ဖြစ်သည်။ ရည်းစား မရှိသေးသူလည်း မိမိ လူငယ် ဘဝကို ဘုရားလိုတော်နှင့် အညီသန့်ရှင်းစွာ အသက်ရှင်ပြီး မိမိအနာဂတ်အတွက် ကြိုတင်ပြင်စဥ် နေရမည်ဖြစ်သည်။ ထိုကဲ့သို့ပင် ရည်းစား ရှိနေသူများသည်လည်း အိမ်ထောင်မပြုမီ လိင်မှုကိစ္စ ထောင်ချောက်ထဲ မကျစေရန် သတိပြုပြီး ဘုရားသခင်၏ အလိုတော်နှင့် အညီ သန့်ရှင်းစွာအသက်ရှင်ကာ နှစ်ယောက်အတူ အနာဂတ်အတွက် ကြိုတင်ပြင်စဥ် နေဖို့လိုပေသည်။ ဘုရားအလိုတော်နှင့် ညီသော ဘဝ၊ အိမ်ထောင် မိသားစု၊ တည်ငြိမ်သော ဝင်ငွေ ၊ တိုးတက်သော အလုပ်အကိုင်၊ နောင်မွေးလာမည့် ကလေးများအတွက် လိုအပ်သည်များကို ကြိုတင်ပြင်စဥ်ခြင်း စသည်တို့ဖြစ်သည်။
💡 ကလေးဘဝနှင့် လူငယ်ဘဝသည် နောက်တစ်ခေါက် ပြန်မရနိုင်သော တန်ဖိုးရှိသည့် အချိန်များ ဖြစ်လေသည်။ အကြောင်းမှာ အနာဂတ် မိမိ ဘဝအတွက် ကြိုတင်ပြင်စဥ်ရန် တန်ဖိုးရှိသော အချိန်များစွာ ရရှိ နေခြင်းကြောင့် ဖြစ်သည်။ အိမ်ထောင်သည် ဘဝနှင့် လူကြီးဘဝသည် သက်ဆုံးတိုင် ဖြစ်လေသည်။ သင်လူငယ် ဘဝတွင် သေချာပြင်ဆင်ခဲ့မှု မရှိလျှင် အိမ်ထောင်သည် ဘဝနှင့် လူကြီး ဘဝ တစ်လျှောက်လုံး ရုန်းကန် ရမည်မှာ ဧကန်မုချ ပင် ဖြစ်သည်။ ထို တန်ဖိုးရှိသော ကလေး ဘဝနှင့် လူငယ် ဘဝကို စာတန်၏ အမှောင်ချ၊ သွေးဆောင်သော ထောင်ချောက်ထဲ မကျမိစေရန် သတိပြုဖို့လိုပေသည်။
သင့်ရှေ့က အိမ်ထောင်သည်များ၏ အမှားမျိုး သင့်ဘဝတွင် မရှိစေရန် မေတ္တာဖြင့် သတိပေး လိုက်ပါသည်။
💡“ဥ မဥခင် အသိုက် အရင် ဆောက်ပါ”
In His Love
His Light