08/01/2026
🪴မင်္ဂလာပါ🪴
🤍ဒီအပတ်မှာတော့ စာဖတ်သူတို့အတွက် အလွန်အသုံးဝင်ပြီး နာမည်ကျော်ကြားတဲ့ စိတ်ပညာသီအိုရီတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။
🤔စိတ်အားထက်သန်နေသူတစ်ယောက်ဟာ အရာရာကိုမကြောက်မလန့် ရင်ဆိုင်ဖြတ်ကျော်နိုင်စွမ်းရှိပြီး အောင်မြင်မှုကိုရယူနိုင်ကြတာ ဘာကြောင့်လဲ၊ စိတ်ဓာတ်ကျနေသူတစ်ယောက်ကကော ဘာကြောင့်အရာရာကို အရှုံးပေးချင် ကြတာလဲ။
💡ဒီမေးခွန်းတေကို အမေရိကန်စိတ်ပညာရှင် အဗြာဟံ မတ်စလို (Abraham Maslow) ရဲ့ ဟိုင်အာခီဝေါ့နိ (Hierarchy of Needs) နဲ့ ယှဉ်ပြီး အဖြေထုတ်ကြရအောင်။
🙂↕️သီအိုရီကတော့ ရိုးရှင်းပါတယ်။ ဘာကလူသားတို့ကို စိတ်ဓာတ်တက်ကြွအောင် စေ့ဆော်စေတာလဲနဲ့၊ ဘာလို့ ထိုထိုစိတ်ခံစားမှုတေဖြစ်ပေါ်နေရတာကို ပိရမစ်သဏ္ဌန် အခြေခံလိုအပ်ချက်ငါးဆင့်ဖြင့် ရှင်းလင်းထားပါတယ်။ မှတ်သားရမည်မှာ ပိရမစ်ဟုဆိုရာ၌ အောက်ခြေအဆင့်ပြည့်ဝမှုရှိမှသာ အထက်သို့တက်နိုင်မည်ဖြစ်သည်။
၁။ အခြေခံအကျဆုံးလိုအပ်ချက်များ (Survival Needs or Basic Needs) 🍉🍞
ပထမဆုံးလဲဖြစ်သလို အခြေခံအကျဆုံးဖြစ်မည်ကို တွေ့ရမှာပါ။ ခန္ဓာကိုယ်ရဲ့မရှိမဖြစ်အရာလို့ဆိုရာ၌ အစားအစာ၊ ရေ၊ အိပ်စက်မှု နှင့်နေရာထိုင်ခင်းတို့သည် မရှိမဖြစ်ဦးစားပေးအဆင့်အနေနဲ့ နေရာယူထားကြပါတယ်။ ထိုအရာတွေသာမရှိရင် အသက်ရှင်သန်မှုဟာ ဖြစ်နိုင်မှုရှိနိုင်တော့မည်မဟုတ်ပါ။ လုံလောက်သည့်အစားအစာ၊ နေရာထိုင်ခင်းရယ် အိပ်စက်မှုရှိမှသာ လူသားတိုင်း ကျန်းမစွာရှင်သန်နိုင်မည်လို့ ဆိုထားပါတယ်။
၂။ ဘေးကင်းလုံခြုံမှုလိုအပ်ချက် (Safety Needs)🏥🛡️
ပိရမစ်ရဲ့သဘောအရ အခြေခံလိုအပ်ချက်များအဆင့် (Basic Needs) ပြည့်စုံမှသာ ဤအဆင့်ကိုသွားလို့ရပါမယ်။ ဥပမာ အစာငတ်နေသူအဖို့ အစားအစာမှတပါး ကျန်အရာတွေကို မက်မောမနေသလို ၎င်းအတွက် ခိုးဝှက်မှု၊ ပြစ်မှုများကို ကျူးလွန်ဖို့ အသင့်ဖြစ်နေမှာပါ။
ဆိုတော့ဒီအဆင့်မှာ ဘာတေပါဝင်လဲဆိုတာကို ကြည့်လိုက်ကြရအောင်။ ခေါင်းစဉ်ကအတိုင်းပါ လုံခြုံမှု (Safety) ဖြစ်ပါတယ်။ လုံခြုံမှုဟုဆိုရာ၌ စိတ်ပိုင်းကော၊ ရုပ်ပိုင်းပါ အကျုံးဝင်ပါတယ်၊ လုံခြုံမှုရှိရပါမယ်။ ဥပမာ စစ်ပွဲအတွင်း သို့မဟုတ် ရာဇဝတ်မှုပြည့်ဝတဲ့ပတ်ဝန်းကျင်မျိုးမှာ မည်သို့ စိတ်ရော၊ ကိုယ်ပါ လုံခြုံမှုရှိနိုင်မှာနည်း၊ တွေးပူနေရစမြဲပါ။
၃။ ချစ်ခြင်းနှင့် ပတ်သက်ဆက်နွယ်မှု လိုအပ်ချက် (Social Needs)🫂🩷
တတိယအဆင့်လိုအပ်ချက်မျအနေနှင့် လှုမှုပတ်ဝန်းကျင်နှင့်ပတ်သက်ဆက်နွယ်မှုဆိုပြီး ပါဝင်လာပါတယ်။ မိတ်ဆွေသူငယ်ချင်း၊ မိသားစု၊ တစ်စုံတစ်ယောက်နှင့် ဆက်နွယ်မှုရှိတဲ့ခံစားချက်က စိတ်ခွန်းအားဖြစ်စေတယ်လို့ သီအိုရီက ဆိုထားပါတယ်။ မိမိကို နားလည်ပေးမည့်သူ သို့မဟုတ် သူငယ်ချင်းကောင်းရှိခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးရာ ရောက်တယ်လေ။ မိမိကိုယ်ကို ယုံကြည်မှုစတင်ရှိလာတာကို ဒီအဆင့်မှာ သိသာစွာတွေ့ရပါမယ်။
၄။ မိမိကိုယ်ကို လေးစားမှုလိုအပ်ချက် (Esteem Needs)😇🍄
မိမိကိုယ်ကိုယုံကြည်မှု ပိုပြီးရှိလာတဲ့ အဆင့်ပါ။ ဝေဖန်မှုများကြုံလာတဲ့အခါ စိတ်ဓာတ်ကျမည့်အစား လုပ်စရာရှိတာကို တိုးတက်အောင်ဆက်လုပ်ခြင်းဖြင့် ဤလိုအပ်ချက်ကိုဖြည့်စွက်ပြီး စိတ်ခွန်းအားတေပြန်လည်ဖြည့်သွင်းနိုင်ခြင်းဖြစ်တယ်။ ဒါကိုလုပ်နိုင်ခဲ့ပါလားဆိုပြီး မိမိကိုယ်ကိုလေးစားမှုရှိလာသလို တစ်ပါးသူဆီက လေးစားမှုပါ ရရှိလာတဲ့အခိုက်အတန့်လို့ ဆိုထားပါတယ်။
၅။ မိမိ၏အစွမ်းအစကို အပြည့်အဝအသုံးချခြင်း (Self-Actualization) 🤩⭐️
လောကဓံရဲ့ ပုံမှန်ပြကွက်တွေပါလားဆိုပြီး စတင်သဘောပေါက်လာတဲ့အချိန်ဖြစ်တယ်။ အခက်အခဲများကို ကျော်ဖြတ်ခြင်းသည် သင်ယူမှုတစ်ခုဖြစ်ကြောင်း လက်ခံလိုက်ပြီး ပိုမိုရင့်ကျက်သည့် အသွင်သို့ ရောက်ရှိလာခြင်းဖြစ်တယ်။ ဝါသနာပါရာကို တစိုက်မတ်မတ်လုပ်ဆောင်သည့် အဆင့်ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် စိတ်ညစ်စရာပေါ်လာချိန်မှာ ပိရမစ်ရဲ့ ဘယ်အဆင့်မှာ လိုအပ်မှုရှိနေပြီလဲဆိုတာကို ဆန်းစစ်မယ်၊ စိတ်ခံစားချက်ကို အကောင်းဆုံး စီမံကြမယ်ဆိုရင် မိမိကိုယ်ကို ဂရုစိုက်ရာရောက်ပြီး မိမိကိုယုံကြည်မှု၊ ပျော်ရွှင်မှုနှင့် အောင်မြင်မှုများသည်လည်း မုချရောက်လာကြမှာဖြစ်ပါတယ်။
💭စာဖတ်သူတို့ကော ဘယ်အဆင့်မှာရောက်နေပြီလဲ???
✅ဘယ်အဆင့်မှာ လိုအပ်မှုရှိနေတာလဲကို ဆန်းစစ်ရင်း ပိုမိုကောင်းမွန်တဲ့ လမ်းသစ်ကိုလျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။