25/10/2025
ထိုင်းဘုရင့် မယ်တော်၊ မိဘုရားကြီးသီရိခေတ် ကံကုန်
ဘုရင် မဟာ ဝချီရာလောင်ကွန်ရဲ့ မယ်တော်ကြီးဖြစ်သူ မိဘုရားကြီး သီရိခေတ် သက်တော် ၉၃ နှစ်အရွယ်မှာ အောက်တိုဘာ ၂၄ ရက် ထိုင်းစံတော်ချိန် ည ၉ နာရီ ၂၁ မိနစ်က ကံကုန်အနိစ္စရောက်သွားခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံတော်ဝင်ဘုရင့်အိမ်တော်က သတင်းထုတ်ပြန်ပါတယ်။
မိဘုရားကြီးသီရိခေတ်ဟာ ၂၀၁၉ စက်တင်ဘာလကတည်းက ဘုရင်ချူလာလောင်ကွန် အထိမ်းအမှတ်ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေရပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ကစလို့ သွေးတွင်းအဆိပ်တက်တဲ့ ဝေဒနာကြောင့် ဆရာဝန်ကြီးတွေနဲ့ ဆေးဘက်ပညာရှင်အဖွဲ့တွေက အထူးကြပ်မတ်ကုသပေးခဲ့ပေမယ့် အခြေအနေထူးခြားတိုးတက်မလာဘဲ အောက်တိုဘာ ၂၄ ရက်နေ့ညမှာ ကံကုန်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နတ်ရွာစံသွားပြီဖြစ်တဲ့ ရာမ ၉ ဘုရင်ကြီး ဘူမိဘော အဒူလ်ယာဒက်နဲ့ မိဘုရားကြီး သီရိခေတ်တို့မှာ သားသမီး လေးဦးရှိပြီး အကြီးဆုံးသား မဟာ ဝချီရာလောင်ကွန်က ရာမ ၁၀ ဘွဲ့မည်နဲ့ လက်ရှိထိုင်းနိုင်ငံရဲ့ ဘုရင်ကြီးဖြစ်ပါတယ်။
ဘုရင်က မယ်တော်ကြီးရဲ့ စျာပနကို ထိုင်းတော်ဝင်အစဥ်အလာတွေနဲ့ အမြင့်ဆုံးဂုဏ်ပြု ကျင်းပသွားဖို့ ညွှန်ကြားထားပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလကို တစ်နှစ် သတ်မှတ်ပေးလိုက်ပါတယ်။ မိဘုရားကြီးသီရိခေတ်ရဲ့ ရုပ်အလောင်းကို တော်ဝင်နန်းတော်ထဲက ဒူးဆစ် မဟာပရာဆတ် သလွန်ဆောင်မှာ ပြင်ဆင်ထားရှိပြီး ဂါရဝပြုခံမယ်လို့ တော်ဝင်နန်းတော်က ထုတ်ပြန်ထားပါတယ်။
🙏🙏🙏
#ဘီဘီစီမြန်မာပိုင်း #ထိုင်း #တော်ဝင်မိသားစု #သီရိခေတ် #မဟာဝချီရာလောင်ကွန်