Dhama Channel

  • Home
  • Dhama Channel

Dhama Channel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dhama Channel, Digital creator, .

လောဘ၊ဒေါသ၊မောဟ တွေနဲ့ ကျင်လည် နေရတဲ့ လောကကြီးထဲမှာ တခဏပဲ​ဖြစ်ဖြစ် တတဂ်ပဲဖြစ်ဖြစ် ကုသိုလ်စိတ်လေး ဖြစ်ပေါ် စေရန်ရည်ရွယ်၍ တရားဓမ္မနဲ့ပတ်သက် သော အကြောင်းအရာများကို ဝေမျှပေး ရင်း ကုသိုလ်ယူနေပါတယ်

🌿နတ်ကိုးကွယ်မှု နှင့်သရဏဂုံပျက်ရခြင်း🍀 #အရှင်ဝိစိတ္တသာရ(လေးအိမ်စု) #အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ) #အရှင်သံဝရာလင်္ကာရ(ဓ...
09/06/2026

🌿နတ်ကိုးကွယ်မှု နှင့်သရဏဂုံပျက်ရခြင်း🍀
#အရှင်ဝိစိတ္တသာရ(လေးအိမ်စု)
#အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ)
#အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
■ သရဏဂုံ ဆိုတာ ပါဠိလို"သရဏဂမန" မြန်မာလို "သရဏဂုံ" အဓိပ္ပာယ်က ကိုးကွယ်ဆည်းကပ်ခြင်း ရတနာမြတ်သုံးပါး အပေါ်လေးလေးနက်နက်နဲ့ သက်ဝင်ပြီး ယုံကြည်မြတ်နိုး ကိုးကွယ်ဆည်းကပ်တဲ့ သဒ္ဒါပညာရှေ့သွားရှိတဲ့ ကုသိုလ်စိတ်ကို "သရဏဂုံ"လို့ခေါ်ပါတယ်။

■ ရတနာမြတ်သုံးပါးအပေါ် လေးလေးနက်နက်ယုံ ကြည်ခြင်း ကြည်ညိုလေးစားကိုးကွယ်ဆည်းကပ်ခြင်း ရှိတဲ့သူဟာ သရဏဂုံတည်တဲ့သူပါ။ သရဏဂုံတည်သူဟာ ရတနာမြတ်သုံးပါး ကျေးဇူးကို မသိတတ်ရင် ရတနာသုံးပါးအပေါ် သံသယဝင်ခဲ့ရင် အတွေးမှား အသိမှားနေခဲ့ရင် သရဏဂုံ ညှိုးနွမ်းညစ်နွမ်းပါတယ်။

■ အယူဝါဒပြောင်းရင ် သရဏဂုံပျက်တယ် သေဆုံးတဲ့အခါမှာလည်း သရဏဂုံပျက်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ သေဆုံးတဲ့အခါ သရဏဂုံပျက်သွားလို့ သရဏဂုံပြန်တင်ရတယ်။

■ အလောင်းကောင်ကြီးကိုတင်တာတော့မဟုတ်ဘူး။ ဒီအနီးအနားမှာ တစ္ဆေသရဲစတဲ့ဘဝမျိုးမှာ ဖြစ်နေခဲ့ရင် သရဏဂုံပြန်တည်ပါ စေဆိုတဲ့ အနေနဲ့သရဏဂုံတင်ပေး ရတာပါ။

ဗုဒ္ဓဘာသာဝင်တွေထဲမှာ နတ်ကိုးကွယ် ကြတာလည်းရှိပါတယ်။ ရတနာသုံးပါးထက် နတ်ကိုပိုအလေးထားရင်သရဏဂုံပျက် တယ်။ သာမန်ကိုးကွယ်နေရင် သရဏဂုံမပျက်ပေမယ ့် သရဏဂုံညစ်နွမ်းညှိုးနွမ်းမှာတော့ သေချာတယ်။ ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ဟာ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာ မရှာကောင်းပါဘူး။

■ ဘုရား တရား သံဃာကို စွန့်ပယ်၍ အခြားသော ဘိုးတော် မယ်တော်များ ၃၇-မင်းနတ်များ ရိုးရာနတ်များ နတ်စိမ်းများကို အရှင်ကြီး အရှင်ကောင်းတို့အား ကျွနု်ပ်တို့၏ အသက်နှင့် ခန္ဓာကိုယ်ကို အပ်နှင်းကိုးကွယ်ပါ၏ဟု အဓိဋ္ဌာန်ပြု၍ ဦးချလိုက်လျှင် သရဏဂုံပျက်သည်။ ယင်းသို့ပျက်ခြင်းသည် အပြစ်ရှိသော သရဏဂုံပျက်ခြင်းဖြစ်သည်။

■ ဘုရား တရား သံဃာကိုလည်း မစွန့် ထိုဘိုးတော် မယ်တော်များကိုလည်း ကိုးကွယ်ဆည်းကပ်နေမယ်ဆိုရင် သရဏဂုံမပျက်သော်လည်း ညှိုးနွမ်းသွားပ ါတယ်။ ထို့ကြောင့် သရဏဂုံတည်သူများ ရရှိမည့် ကောင်းကျိုးများကို တင်းပြည့်ကျပ်ပြည့် မရနိုင်တော့ပါ။

■ အပ်ဝင် ပေါက်ဆိန်ထွက် ဟူသော စကားကဲ့သို့ ဖြစ်တတ်ပါတယ်။
အပ်တစ်ချောင်းဝင်လာပြီး ပေါက်ဆိန်တစ်ချောင်း ထွက်သွားမည်ဆိုရင် မိမိအတွက် ဆုံးရှုံးတာသာဖြစ်ပါတယ်။

■ တစ်ဘဝတာ သရဏဂုံတည်မြဲသူများ ရရှိမယ့် ကောင်းကျိုးများကို အပါဒါန်ပါဠိတော်မှာ ဟောကြားထားတာ ရှိပါတယ်။ လွန်ခဲ့သော ၉၁ ကမ႓ာက ပွင့်တော်မူခဲ့ေ သာ အနောမဒဿီ မြတ်စွာဘုရား လက်ထက်တော်အခါက အမျိုးသားတစ်ယော က်သည် မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးရင်း တစ်ဘဝတာ သရဏဂုံတည်ခဲ့သည်။

ထိုတစ်ဘဝတာ သရဏဂုံတည်ခဲ့သော ကုသိုလ်ကြောင့် ၉၁ကမ႓ာ အပါယ်တံခါးပိတ်သည်။ အကြိမ် ၈၀ သိကြားမင်းဖြစ်သ ည်။ ၇၅ ကြိမ် စကြာမင်းဖြစ်သည် ။ ရိုးရိုးဧကရာဇ်ဘုရင် ဘဝ အကြိမ်ပေါင်းမျာ းစွာဖြစ်သည်။ ယခုဘုရားသာသနာ၌ အိန္ဒိယနိုင်ငံ၌ သူဋ္ဌေးသား သွားဖြစ်သည်။ သူ ရနှစ်သား အရွယ်ခန့်တွင် တခြားရွယ်တူကလေးများနှင့်အတူ ပြေးလွှားဆော့ကစားရင်း ရဟန္တာတစ်ပါးသီတင ်းသုံးသည့် ကျောင်းထဲသို့ ရောက်သွားသည်။ မထေရ်သည် ကလေးများကို တွေ့သည်နှင့် သရဏဂုံဆောက်တည်ပေးသည်။ ကလေးများက ရွတ်ဆို ဆောက်တည်ကြသည်။ ထိုသရဏဂုံအဆုံးမှာပင် လွန်ခဲ့သော ၉၁ ကမ႓ာက တစ်ဘဝတာ သရဏဂုံတည်ခဲ့သော ကလေးသည် ရဟန္တာဖြစ်သွားခဲ့သည်။
သူ၏ဘွဲ့အမည်မှာ တိသရဏဂမနိယမထေရ်ဟုခေါ်သည်။ ဤကောင်းကျိုးများသည် မိမိထံမှာရှိနေသောပေါက်ဆိန် နှင့်တူသည်။
ဘိုးတော် မယ်တော် ၃၇ မင်း ရိုးရာနတ်များကိ ု ကနားပေးပြီး ကိုးကွယ်လိုက်လျှင် သရဏဂုံမပျက်တောင် သရဏဂုံ ညှိုးနွမ်း သွားပါတယ်။

ထိုသို့နတ်များကိုးကွယ်သည့်အတွက် စီးပွားတက်ခြင်း ရာထူးတက်ခြင်းသည် အပ်တစ်ချောင်းဝင ်လာနဲ့တူပါတယ်။ အကြောင်းမှာ စီးပွားတက်ခြင်း ရာထူးတက်ခြင်းကြောင့် ရရှိလာတဲ့စီးပွာ းဥစ္စာဟာ တစ်ဘဝတစ်နပ်စာသာ ရှိသောကြောင့်ပဲဖြစ်ပါတယ်။ သရဏဂုံညှိုးနွမ် းသွားရင် ၉၁ ကမ႓ာ အပါယ်တံခါးပိတ်ရခြင်း စသောကောင်းကျိုးများကို မရတော့ပါ။ ဒါဟာ မိမိထံမှ ပေါက်ဆိန်တစ်ချောင်း ပြန်ထွက်တာနဲ့တူပါတယ်။

နတ်ကိုးကွယ်မှုနဲ့စပ်လို့ အစဉ်အလာအရ နတ်ကိုပူဇော်ချင်တယ်ဆိုရင် ပူဇော်လို့ရတယ်။ ပသလို့ရတယ်။ ဒါပေမယ့်မကိုးကွ ယ်ကောင်းဘူး။ ပူဇော်တာနဲ့ ကိုးကွယ်တာဟာ မတူပါဘူး။ အချို့အိမ်တွေမှ ာ ကိုးကွယ်ပူဇော်မှုတွေ ရောရော နှောနှောဖြစ်နေတ ာတွေ့ရပါတယ်။ ဘုရားကျောင်းဆောင်မှာ နတ်ရုပ် ဘိုးတော် မယ်တော်ရုပ်တွေ မထားကောင်းပါဘူး။ ဘုရားနဲ့တစ်တန်းတည်း ဘာကိုမှမထားရပါဘူး။ တစ်ခြားဟာတွေ ပူဇော်ချင်ရင် တစ်နေရာရာမှာ သီးသန့်ပူဇော်ပါ။ ဒါပေမယ့် ကိုးတော့ မကိုးကွယ်လိုက်ပါနဲ့။ ဥစ္စာစည်းစိမ်ဆင် းရဲတာက တစ်ဘဝသာဒုက္ခရောက်မှာပါ။ အသိဉာဏ်ပညာ ဆင်းရဲခဲ့ရင်တော့ သံသရာအဆက်ဆက် ဒုက္ခရောက်သွားပါလိမ့်မယ်။

■ အားကိုးမလွဲစေနဲ့ ■

လောကမှာ အမြင့်မြတ်ဆုံးဘုရားနဲ့ တွေ့လျက်သားနဲ့ ဘုရားကိုအားမကိုးပဲ နတ်တွေ ဘိုးတော်မယ်တော် စတာတွေကို အထင်ကြီးအားကိုးနေတာဟာ လူကြားလို့ မကောင်းပါဘူး။
ဒါဟာကိုယ့်ဦးနှောက်ကို ကိုယ် အလွဲသုံးစားလုပ်တာပဲ။ လောကမှာ ဘုရားကိုအားကိုးတာဘုရားစကားနားထောင်တာ လောက် ကောင်းတာ ဘာမှမရှိဘူး။ သိပ္ပံခေတ်လူသားလုပ်နေကြပြီး အတွေးချော်မနေကြ နဲ့။
#ဓမ္မရံသီစာမျက်နှာ #တရားဓမ္မများ #ဓမ္မစာပေများ fans

🌿တရားထိုင်လျှင် အိပ်ငိုက်ခြင်းအား ဖျောက်နည်း (၇)သွယ်🍀====================================ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင...
07/06/2026

🌿တရားထိုင်လျှင် အိပ်ငိုက်ခြင်းအား ဖျောက်နည်း (၇)သွယ်🍀
====================================
ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
====================================
တရားထိုင်ရင်း အိပ်ငိုက်လို့ရှိရင် အငိုက်ဖျောက်ပုံနည်းလမ်း (၇)သွယ် ဆိုပြီးတော့ " မြတ်စွာဘုရားရှင်"ကပစလာယနသုတ်" မှာ ဟောပါတယ်။

"ပစလာယန"ဆိုတဲ့ အဓိပ္ပါယ်က "အိပ်ငိုက်ခြင်း" ဆိုတဲ့အဓိပ္ပါယ် ရပါတယ်။ခေါင်းတဆတ်ဆတ် နဲ့ ငိုက်တယ်။
ကမ္မဋ္ဌာန်းအားထုတ်တဲ့အချိန်မှာ အိပ်ချင်လာတယ်ဆိုရင် အဲဒီ ကမ္မဋ္ဌာန်းကို စွန့် ပြီး တော့တခြားနည်းပြောင်းပြီးအားထုတ်ရ တယ်လို ့ဆိုပါတယ်။
အိပ်ငိုက်တဲ့ "အမှတ်သညာမျိုး"ကို ဖယ်ရှားပစ်ရပါမယ်။

အငိုက်ဖျောက်ပုံ (၇)မျိုးရှိသည်။

■ နံပါတ် (၁) ■

တရားအားထုတ်တဲ့အခါ ကို ကမ္မဋ္ဌာန်း ကို နှလုံးသွင်းလို့ "အိပ်ငိုက်တယ်" ဆိုလို့ ရှိရင် အဲဒီ အိပ်ငိုက်စေတက် တဲ့ "အမှတ်သညာ၊ ကမ္မဋ္ဌာန်းတရားမျိုး" ကို ရပ်ထားလိုက်ပါ။ တခြားအာရုံတစ်မျိုးပြောင်းပြီး ရှုလိုက်ပါ။

■ နံပါတ်(၂) ■

အဲဒီလိုရှုလို့မှ "အိပ်ငိုက်မပြေ"သေးဘူး ဆိုရင် နောက်ထပ်တစ်ခု ပြောင်းလုပ်ရပါမယ်။
ဘာလဲ ဆိုတော့ကိုယ်အာဂုံဆောင်( အလွတ်ကျက်မှတ် ) ထားတဲ့ တရားဓမ္မတွေ၊( ဒါမှမဟုတ် )သင်ထားတဲ့ တရားဓမ္မတွေ ကို "စိတ်ထဲကနေတွေးပါ"။
ဥပမာ- ပရိတ်ကြီးရရင် "ပရိတ်ကြီး" ပေါ့။နှုတ်ကနေ ထုတ်ရွတ်ဆိုတာ တော့ မဟုတ်ပါဘူး။ စိတ်နဲ့ ကြံတွေးပြီး ရွတ်ဆိုကြည့်တာ ကို ပြောတာပါ။အဲဒီလိုဆိုလို့ ရှိရင် အိပ်ငိုက်မှု ဟာ ပျောက်သွားနိုင်ပါတယ်။

■ နံပါတ်(၃) ■

ရတဲ့စာတွေ တွေးနေတာမှ အိပ်ငိုက်မှုက မပျောက်သေးဘူး ။ အိပ်ချင်တုန်းပဲဆိုရင်ကိုယ်နှုတ်တက်အာဂုံဆောင်ထားတဲ့စာတွေကိုရွတ်ဖတ် သရဇ္ဈာယ် လိုက်ပါ။
“ဣတိပိသော”ပဲဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ်ရွတ်ဖတ်သရဇ္ဈာယ်လိုက်ပါ။အသံထွတ်ပြီး အဲဒီလိုရွတ်ဖတ်သရဇ္ဈာယ်ပြီးလို့ရှိရင် အိပ်ငိုက်မှု ဟာ ပျောက်သွားနိုင်တယ်။

■ နံပါတ်(၄) ■

မပျောက်သေးဘူးဆိုရင် ဘာဆက်လုပ်ဖို့ လိုတုန်းဆိုတော့ ကိုယ့်နားရွက်ကို ပူသွားအောင်ဆွဲတဲ့။ ခန္ဓာကိုယ်ကို တစ်ကိုယ်လုံးပွတ်သပ်တဲ့။
အညောင်း အညာတွေဖြေ။
နားရွက်ဆွဲ တစ်ကိုယ်လုံးပွတ်သပ် အဲဒီလို လုပ်လိုက်လို့ ရှိရင်လည်း လူဟာ လန်းဆန်းပြီးတော့ အိပ်ချင်ပြေသွားနိုင်ပါတယ်။

■နံပါတ်(၅) ■

အဲဒီလိုလုပ်လို့မှ အိပ်ချင်မပြေဘူး ဆိုလို့ ရှိရင် ဘာလုပ်ရမလဲ။
မျက်နှာသစ်၊ မျက်လုံးကို ရေဆွတ် ပါတဲ့။
မျက်လုံးကို ရေဆွတ်ပြီး ကမ္မဋ္ဌာန်း ကျောင်းထဲကထွက် ကောင်းကင်ကိုကြည့်၊ နက္ခတ်တွေ့ရှိရင် နက္ခတ်ကြည့်၊ လရှိရင် လကြည့်ပေါ့။ ကောင်းကင်ကို မော့ကြည့် ဟိုကြည့် ဒီကြည့်။ အရပ်မျက်နှာတွေကို ကြည့်။ လေကောင်း လေသန့်တွေကို ရှူ။ အရပ်မျက်နှာတွေကို မော့ကြည့်လိုက်တဲ့အခါအိပ်ချင်ပြေသွား နိုင်တယ်ပေါ့။

■ နံပါတ်(၆) ■

အဲဒီလိုမှ မရဘူး။ဆက်ပြီး အိပ်ချင်နေသေးတယ် ဆိုလို့ရှိရင် "အာလောကသညာ "အလင်းကို နှလုံးသွင်းရမယ်တဲ့။
အမှောင်ထဲမှာ မနေပါနဲ့။အလင်းထဲမှာ နေပါ။
အာလောကသညာ ကို နှလုံးသွင်း။"ညကို နေ"့လို့စိတ်ထဲမှာထား။အလင်းရောင်ကြီးထဲမှာနေ။ မှောင်နေတယ် ဆိုတာကို မေ့ထားလိုက်ပါ။ လင်းနေတယ် ဆိုတာကို နှလုံးသွင်းပါ။ အဲဒီလို နှလုံးသွင်း အားထုတ် လိုက်မယ် ဆိုလို့ရှိရင် အိပ်ချင်တာတွေ၊ငိုက်မြည်းတာတွေ ပျောက်သွားနိုင်ပါတယ်တဲ့။

■ နံပါတ်(၇) ■

အဲဒီလိုမှ မပျောက်သေးဘူး ဆိုလို့ ရှိရင် စင်္ကြံလမ်းလေး ကို သတ်မှတ်ပြီး....
သဒ္ဓါတို့၊ဝီရိယတို့၊ သတိတို့၊သမာဓိတို့၊ပညာတို့ ဆိုတဲ့ ဣန္ဒြေစွမ်းအားတွေ ကို ထိန်းချုပ်ထားပြီး စင်္ကြံလျှောက်လိုက်ပါတဲ့။
အဲဒီလို စင်္ကြံလျှောက်တာတောင် အိပ်ချင်တာက မပြေသေးဘူးဆိုရင်တော့ ဘာလုပ်ရမတုန်း ဆိုတော့...

"အိပ်လိုက်ပါ" တော့.....တဲ့။

ဒါ မြတ်စွာဘုရား ကိုယ်တိုင် ဟောခဲ့တာပါ...။
နောက်ဆုံးကျတော့ အိပ်ချင်မပြေရင် အိပ်ရတယ်...တဲ့။
မြတ်စွာဘုရားက အငိုက်ဖျောက်ပုံ နည်းလမ်း ခုနစ်သွယ်ကို ပေးထားတာ။
မရဘူးဆိုရင် အိပ်ပါတဲ့။

အိပ်ရင်လည်း စနစ်တကျ အိပ်ရမယ်လို ့..ဆိုပါတယ်။
ဘယ်လို စနစ်တကျ အိပ်ရမတုန်းဆိုရင် ဖြင့် " လက်ယာဘက်" ( ညာဖက် )ကို စောင်းအိပ်..ပါ တဲ့။
ခြေထောက်နှစ်ခု ခြေမျက်စိချင်း မထိစေနဲ့ တဲ့။ ထိရင် အရိုးချင်းထိသည့် အတွက်ကြောင့် နာကျင်မှု ဖြစ်လာတတ်တယ်..တဲ့။ ဒါကြောင့်မို့လို့ ခပ်လွှဲလွှဲလေးထားပါ..တဲ့။
“ပါဒေ ပါဒံ အစ္စာဓာယ” အိပ်ပုံအိပ်နည်းကို မြတ်စွာဘုရား လမ်းညွှန်ပေးထားတာ ဖြစ်ပါတယ်..။

ဆရာတော်က မိန့်ပါတယ် "ပဲခူးရောက်လို့ရှိရင် ရွှေသာလျောင်းဘုရားကို သွားပြီးဖူးကြည့်။ ခြေဖဝါး နှစ်ခုဟာ တညီတည်းထားလို့ရှိရင် စာနဲ့မညီဘူး။ ခြေဖဝါး နှစ်ခုက တစ်ဖက်က အတို၊တစ်ဖက်က အရှည်ထားပြီးခြေမျက်စိချင်းမထိအောင် ထားရမှာ"....တဲ့။

"ရွှေသာလျောင်းဘုရားတွေ မှာ စနစ်တကျ ထုရင် အောက်ခြေထောက်ပေါ် အထက်ခြေထောက်က ဒူးကွေးထား။ခြေမျက်စိချင်း မထိဘူး။ ဒါ "စာ နဲ့အညီ " လက်ယာခြေပေါ်မှာ လက်ဝဲခြေထောက်ကလေးတင်ပြီး“ဥဋ္ဌာနသညံ မနသိကတွာ”တဲ့။ဘယ်အချိန် ထမယ်ဆိုတာ အမှတ်သညာလေးထားပြီး အိပ်ပါတဲ့...."

မြတ်စွာဘုရားက စနစ်တကျ အိပ်ခိုင်းပါတယ်။ ဒီနေရာမှာ ဘာသွားသတိရတုန်းဆိုရင် အမေရိကန်နိုင်ငံ မှာ Stop ဆိုတဲ့စာအုပ်ကို ကားမောင်း သင်တန်း တက်မယ့်ပုဂ္ဂိုလ်တိုင်း ကြေအောင် ဖတ်ကြရပါတယ်။
ဖတ်ပြီးရင် မေးခွန်းတွေ ဖြေရတယ်ပေါ့။အဲဒီထဲမှာ မေးခွန်းရဲ့အဖြေတွေ ပေးထားတာရှိတယ်။ အဖြေကတော့...အမျိုးမျိုး ပေးထားပါတယ်။

ကားမောင်းရင်း...အိပ်ချင်ရင် ဘာလုပ်ရမလဲ...
အဖြေတစ်ခုက....

ကားမောင်းရင်းအိပ်ချင်လာရင် "ကော်ဖီသောက်"ဆက်မောင်း။
သီချင်း နားထောင်ပြီးတော့ ဆက်မောင်းတဲ့။
အဲဒီလို အဖြေမျိုး ပေးထားပြီး နောက်ဆုံးအဖြေက ဘာတုန်းဆိုရင်
"အိပ်စက် အပန်းဖြေပြီး" မှ ဆက်မောင်းပါ..တဲ့။
အဲဒီ အဖြေတွေထဲက ကော်ဖီ သောက်ပြီး ဆက်မောင်း ဆိုတဲ့အဖြေက အမှန်မဟုတ်ဘူး၊ မှားတယ်။ သီချင်းဖွင့်ဆက်မောင်း ဆိုတာကလည်း မှားတယ်။ ဘာလုပ်ရမှာတုန်း ဆိုရင် အိပ်ချင်လို့ရှိရင် အိပ်လိုက်တဲ့။ အိပ်ပြီးမှ ဆက်မောင်းတဲ့။ အဲဒီဟာကမှ အဖြေမှန်ပါ။
ကားမောင်းတယ်ဆိုတာ အလွန်အန္တရာယ် များတာကိုး၊ အိပ်ချင်နေတဲ့အချိန်မှာ အိပ်ချင်စိတ် မပျောက်ဘဲ နဲ့ ဆက်မောင်းရင် ဒုက္ခရောက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့ အိပ်ချင်လို့ ရှိရင် အိပ်ပြီးမှမောင်းလို့ ပြောတာပါ။

မြတ်စွာဘုရားက လည်း တရားအားထုတ်လို့ ခုနက နည်းလမ်းတွေ နဲ့ ဖြေပျောက်လို့မရဘူး။အိပ်ချင်ပြီဆိုလို့ရှိရင် အိပ်လိုက်ပါ တဲ့။

အိပ်တဲ့အခါမှာ ခုန ပြောသလို...လက်ယာ စောင်းပြီးတော့အိပ်။လက်ယာခြေပေါ်မှာ လက်ဝဲခြေကလေးကို လွှဲပြီးတော့ တင်ထား။ ဘယ်အချိန်ထမယ်ဆိုတဲ့ အမှတ်သညာလေး ထားပြီးတော့ အိပ်ပါတဲ့။
နိုးလာတာနဲ့ တပြိုင်နက် ချက်ချင်းထတဲ့။ဇိမ်ခံ မနေနဲ့...တဲ့။ လူတွေက အိပ်ပြီးလို့ရှိရင် နိုးလာပေမယ့် တော်ရုံနဲ့ မထသေးဘူး။မှေးနေသေးတယ်။ဇိမ်ခံတာခေါ်ပါတယ်။
"သေယျသုခ” အိပ်ခြင်းကြောင့်ဖြစ်တဲ့ ချမ်းသာ။
"ပဿသုခ” ဟိုဘက်စောင်းလိုက်၊ဒီဘက် စောင်းလိုက် ( ကလေးတွေဆို နိုးလည်း တော်ရုံမထဘူး။ ဇိမ်ခံနေတာ)။
အဲဒီအိပ်ရတဲ့ ဇိမ်ကတစ်မျိုး၊ အိပ်ရာထဲ မှေးနေရတဲ့ဇိမ်က တစ်မျိုးနဲ့ တူပါတယ်။အားလုံး ဒီဇိမ်တော့ ရဖူးကြမှာပါ။
အဲဒါ ကို "သေယျသုခ၊ ပဿသုခ၊ မိဒ္ဓသုခ".....တဲ့။ အဲဒီလိုဇိမ်ခံမနေပါနဲ့....တဲ့။ ချက်ချင်း ထပါ...တဲ့။ ဖျက်ကနဲ နိုးလိုက်တာနဲ့ လူးလဲထ၊ ထပြီးတော့ "တရားအားထုတ်ပါ"တဲ့။
အဲဒါဟာ..အရှင်မောဂ္ဂလ္လာန် ကို မြတ်စွာဘုရားက နည်းလမ်းတွေ ပေးထာတာပါ။
ဒါ ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အိပ်ချင်ပြီဆိုရင် ဒီနည်းစနစ်ကို
လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။

#ဓမ္မရံသီစာမျက်မှာ
fans

🌿သရဏဂုံတစ်ခဏ နတ်ပြည်တစ်ဘဝ🍀  BTNR မှ ဆရာတော်အရှင်ဇဝန ( မေတ္တာရှင် - ရွှေပြည်သာ )နေက တဖြည်းဖြည်းမြင့်လာပြီဖြစ်တဲ့အတွက် ကျွ...
07/06/2026

🌿သရဏဂုံတစ်ခဏ နတ်ပြည်တစ်ဘဝ🍀
BTNR မှ ဆရာတော်အရှင်ဇဝန ( မေတ္တာရှင် - ရွှေပြည်သာ )
နေက တဖြည်းဖြည်းမြင့်လာပြီဖြစ်တဲ့အတွက် ကျွနု်ပ်ကိုယ်မှာ ချွေးသံတွေတရွှဲရွှဲဖြစ်လို့လာသည်။ နောက်ထပ် နှစ်မိုင်လောက်လျှောက်လိုက်လျှင်တော့ ရှေ့တည့်တည့်မှ မြင်နေရသော တောအုပ်ကို ရောက်ပေလိမ့်မည်။ ထိုတောအုပ်ရောက်မှပဲ အမောအပန်းဖြေကာ ပါလာသောရိက္ခာထုပ်ကိုစားတော့မည်ဟူသော အတွေးဖြင့်အသွားနှုန်းကို အနည်းငယ်မြှင့်တင်လိုက်မိသည် ။

ကျွနု်ပ်၏ အမည်က ဆတ္တ ၊ ဘာသာက ဗြာဟ္မဏ (ဟိန္ဒူ) ဘာသာ ၊ ဇာတိက သေတဗျမြို့ ၊ ယခုသွားနေသည်က တက္ကသိုလ်ပြည်က ဒိသာပါမောက္ခဆရာကြီးထံ ပညာသင်ခ အသပြာတစ်ထောင်ပူဇော်ရန် တောအုပ်လေးထဲရောက်ခါနီး မိုင်ဝက်လောက်အလိုတွင် လွင်တီးခေါင်၌ စင်္ကြလျှောက်နေသော အသက်ကြီးကြီး ရဟန်းတစ်ပါးကို တွေ့လိုက်ရသည် ။

ဘာသာချင်းမတူသည်မို့ မသိချင်ယောင်ဆောင်ကာ ဆက်လျှောက်သွားမည် အပြုတွင် -
"ချစ်သား ဆတ္တ ၊ အဘယ်အရပ်သို့ ခရီးဆက်မလို့ပါလဲ" ဟူေသော အကျွန်ုပ်ရဲ့အမည်ကို ခေါ်ပြီး နှုတ်ဆက်မေးမြန်းလိုက်တဲ့ အသံကြောင့် ခေတ္တရပ်ပြီး ပြန်လည်ဖြေကြားရပါတော့တယ်။ တောအုပ်ထဲ မြန်မြန်ရောက်ချင်နေတာဆိုတော့ စိတ်ကတော့ တိုချင်ချင်ပဲ။

"တက္ကသိုလ်က ဒိသာပါမောက္ခဆရာကြီးကို ဉာဏ်ပူဇော်ခ ကန်တော့ရအောင် သွားမလို့ပါ ရဟန်းကြီး"

"သင် - ချစ်သားအတွက် အပန်းမကြီးဘူးဆိုရင် ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်သွားပါလား"

သြော် - လက်စသတ်တော့ ဂေါတမဗုဒ္ဓကိုယ်တော် ဖြစ်နေပါလား ၊ ဘုရားဆိုရင် ကုဋေများစွာတန်တဲ့ ကျောင်းတိုက်ကြီးမှာ သူဌေးတွေ ဘုရင်တွေရဲ့ အကိုးအကွယ်ခံပြီး အေးအေးဆေးဆေးနေမယ်ထင်နေတာ အခုတော့ ဒီလိုမဟုတ်ပါလား။

လူသူမရှိတဲ့ တောကြီးမျက်မည်းထဲထိလာပြီး သာသနာပြုရှာပါလား ၊ ပြီးတော့ ကျွနု်ပ်ထင်ထားတာက သူ့အယူဝါဒကိုလက်ခံတဲ့ ဗုဒ္ဓဘာသာတွေလောက်သာ မေတ္တာကရုဏာ ထားမယ်ထင်တာ ၊ အခုတော့ ဒီလိုမဟုတ်ဘဲ ဘာသာခြားဖြစ်တဲ့ ကျွနု်ပ်လိုသာမာန်ပုဂ္ဂိုလ်တစ်ယောက် အပေါ်မှာတောင် မေတ္တာကရုဏာထားပြီး လာရောက်နှုတ်ဆက်မေးမြန်းတရားဟောရှာပါလားဆိုတဲ့ အတွေးကြောင့် လေးစားရိုသေတဲ့စိတ်တွေ အလိုလိုပေါ်လာပြီး ကျွနု်ပ်ခြေထောက်တွေ အလိုလိုဒူးထောက်ပြီးသား ဖြစ်သွားတယ်။

ဘာသာခြားဖြစ်တော့ သရဏဂုံကို ချက်ချင်းမဆောက်တည်သေးဘဲ နည်းနည်းတော့ စောဒက တက်လိုက်မိသေးတယ်။

"အရှင်ဂေါတမ - အဲသလို သရဏဂုံ တည်ဆောက်တဲ့အတွက် ကျွနု်ပ်မှာ ဘယ်လိုကောင်းကျိုးတွေ ခံစားလာနိုင်ပါသလဲ"
"ချစ်သား ဆတ္တ - ချစ်သားကို ငါဘုရား ပြန်မေးပါ့မယ် ၊ သင်ချစ်သား သဘောပေါက်သလို ဖြေနိုင်ပါတယ် ၊ သင်ချစ်သား ဘယ်အသက်အရွယ်မှာ သေမယ်လို့ ကြိုတင်သိပါသလား"
"မသိနိုင်ပါ အရှင်ဘုရား"
"ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"နံနက် ၊ နေ့လယ် ၊ ည ဘယ်ကာလမှာ သေမယ်လို့ရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"သေပြီးနောက် ဘယ်သချႋုူင်းမှာ သ င်္ဂြိုဟ်မယ်ဆိုတာရော ကြိုသိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"သေပြီးနောက် ဘယ်ဘုံရောက်မယ်လို့ရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"ချစ်သားဆတ္တ - ပုထုဇဉ်မှန်သမျှ အဲဒီအခြင်းအရာ ငါးမျိုးကို ဘယ်သူမှ ကြိုတင်ပြီးမသိနိုင်ပါဘူး ၊ အကယ်၍ အသင်ချစ်သားအနေနဲ့ ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်ပြီးလို့ အဲဒီသရဏဂုံမြဲသွားပြီဆိုရင်တော့ ဘယ်ချိန်ချိန်သေသေ ပုထုဇဉ်တိုင်းကြောက်ရွံတဲ့ အပါယ်လေးဘုံ မရောက်တော့ဘူး"

"အို - သရဏဂုံဆိုတာ သံသရာအတွက်ပါ အားကိုးရတဲ့ တရားကြီးပါလား ၊ ကျွနု်ပ်သိပ်ပြီးတော့ အားရဝမ်းသာဖြစ်သွားပါတယ်။ ပြီးတော့ မြတ်စွာဘုရားက ဒီတောနက်ကြီးထဲထိရောက်အောင်ကြွပြီး ကျွနု်ပ်လို သာမန်
ဘာသာခြားတစ်ယောက်ကို တရားဟောတယ်ဆိုတာ ထူးခြားတဲ့အကြောင်းတစ်ခုရှိရမယ်ဆိုတာတော့ ကျွနု်ပ် သေသေချာချာ သတိထားလိုက်မိပါတယ်။
ဒါ့ကြောင့်လည်း ကျွနု်ပ်ဘုရားရှင်ထံမှာ သရဏဂုံသုံးပါးကို လေးလေးစားစား ဆောက်တည်ပြီး ဗုဒ္ဓဘာသာအဖြစ်ကိုခံယူလိုက်ပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ လူမျိုးတွေရဲ့ အဆုံးအမစကားလေး တစ်ခုရှိတယ် ၊ အဲဒီစကားလေးက -
"အလုပ်တစ်ခုကို အတ္တဟိတလား ၊ ပရဟိတလားဆိုတာ ခွဲခြားသိချင်ရင် အဲဒီအလုပ်အပေါ်မှာ မေတ္တာစေတနာ ဘယ်လောက်ပါသလဲ ဆိုတဲ့ ပေတံနဲ့ပဲတိုင်းတာရမယ်" တဲ့။

အခု ရှင်တော်မြတ်ဘုရားကိုယ်တိုင် ဒီတောနက်ကြီးထဲထိ ကြွလာပြီး တရားဟောတယ်ဆိုကတည်းက ကျွနု်ပ်အပေါ်မှာထားတဲ့ မေတ္တာစေတနာထုထည် ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာ ထင်ရှားနေပါပြီ။ ကိုယ့်ဘာသာဝင်ဦးရေ တိုးပွားရုံသက်သက် ကတော့ မြို့ပေါ်မှာ အသားကျနေပြီး ဆွဲဆောင်လဲဖြစ်တာပဲ မဟုတ်ပါလား။

နောက်တစ်ချက်က ဗုဒ္ဓရဲ့မျက်နှာတော်မှာထင်နေတဲ့ မေတ္တာကရုဏာ စေတနာဟာ ဘာသာလူမျိုး မခွဲခြားဘူးဆိုတာ ကျွန်ုပ်ရင်ထဲက အလိုလိုသိနေတယ်လေ။ ကြည်ညိုသပ္ပာယ်စရာကောင်းလှတဲ့ ဗုဒ္ဓရဲ့မျက်နှာတော်ကို အားရပါးရ ဖူးမျှော်ကန်တော့ပြီး ကျွနု်ပ်ရဲ့ရှေ့ခရီးကို ဆက်ခဲ့ရပါပြီ။ ဗုဒ္ဓရှင်တော်လဲ မိုင်ပေါင်းများစွာဝေးတဲ့ ဇေတဝန်ရွှေကျောင်းကို ပြန်ကြွတော်မူခဲ့ပြီပေါ့။

ကျွနု်ပ်နားဖို့ရည်ရွယ်ထားတဲ့ တောအုပ်အစပ်ကို ဝင်လိုက်တယ်ဆိုရင်ပဲ ဗုဒ္ဓရှင်တော်မြတ် ကျွနု်ပ်ဆီကို ဘာကြောင့် ကြွလာရတယ်ဆိုတဲ့အဖြေကို ကျွန်ုပ်သိလိုက်ရပါပြီ။ တခြားဟုတ်ပါရိုးလား ၊ ကျွန်ုပ်လာမယ့်သတင်းကို ကြိုရထားတဲ့ ခိုးသားဓားပြငါးရားတို့ ကျွနု်ပ်ကိုမြင်တာနဲ့ တပြိုင်နက် အဆိပ်လူးမြှားတွေနဲ့ ဝိုင်းပြစ်လိုက်ကြတာ ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။

လို့ သရဏဂုံဆောက်တည်ရင်းပဲ ကျွန်ုပ်ဆတ္တတစ်ယောက် ဝိညာဉ်စဲလို့ သေပွဲဝင်ခဲ့ရပါပြီကော။ ဒါပေမယ့် ကျွနု်ပ်ဝမ်းမနည်းမိဘူး ၊ ဘာကြောင့်လဲဆိုတော့ ငွေတစ်ကျပ်ဆုံးရှုံးရပေမယ့် ကုဋေပေါင်းများစွာ ပြန်ရတဲ့လူတစ်ယောက်လို လူ့ဘဝကဆုံးရှုံးသွားရပေမယ့် သေခါနီးမှာကပ်ပြီး ဆောက်တည်ခဲ့တဲ့ သရဏဂုံကုသိုလ်ကြောင့် လူ့သက်နဲ့ဆိုရင် နှစ်ပေါင်း သုံးကုဋေနဲ့ အနှစ်ခြောက်သန်းအသက်ရှည်တဲ့ တာဝတိံသာနတ်ပြည်ကို ရောက်ခဲ့ရလို့ပဲ။ ကျွနု်ပ်လို ဘာသာခြားတစ်ယောက်ကိုတောင် သေခါနီးလေးမှာကပ်ပြီး ဆောက်တည်တဲ့ သရဏဂုံကုသိုလ်က တာဝတိံသာနတ်ပြည်ထိ ပို့ပေးနိုင်ရင် နေ့တိုင်းသရဏဂုံဆောက်တည်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ ကျွနု်ပ်ထက်သာလွန်တဲ့ နတ်ဘုံတွေကို ရောက်မှာပဲလို့ ခဏခဏတွေးကြည့်နေမိတာပါပဲ။

မှတ်ချက်။ ။ ဝိမာနဝတ္ထုအဋ္ဌကထာ ၊ ဆတ္တမာဏဝ ဝတ္ထုကို မှီငြမ်းပြု ရေးဖွဲ့ပါသည်။
#ဓမ္မရံသီစာမျက်နှာ #တရားဓမ္မများ #ဓမ္မ #ဓမ္မစာပေများ fans

05/06/2026

🌿သစ္စာရွှေစည်ဆရာတော် ဘုရားကြီး ၏ တရားအဆုံးအမများ🍀
#ဓမ္မ fans

🌿စွန်းလွန်းဖြေကြား ဝိသုဒ္ဓိ (၇) ပါး🍀ဂြုပ်ပင်ဆရာတော်မှ စွန်းလွန်းဆရာ တော်အား ဝိသုဒ္ဓိခုနစ်ပါး ပြောပြပါဟု မေးရာတွင် တပည့်တ...
04/06/2026

🌿စွန်းလွန်းဖြေကြား ဝိသုဒ္ဓိ (၇) ပါး🍀
ဂြုပ်ပင်ဆရာတော်မှ စွန်းလွန်းဆရာ တော်အား ဝိသုဒ္ဓိခုနစ်ပါး ပြောပြပါဟု မေးရာတွင် တပည့်တော် က စာပေကျမ်းဂန် မတတ်မြောက် ခဲ့တဲ့အတွက် တပည့်တော်ဖြေတတ်သလို ဖြေပါ့မယ်ဘုရား ဟုလျှောက်ထားခဲ့၏။

=================================

၁။ တရားအားထုတ်သူတို့ဟာ ရှေးဦးစွာ ဘုရား ကန်တော့၊ မေတ္တာပို့၊ အမျှဝေပြီး လျှင် မိမိရဲ့ ခန္ဓာရုပ်နာမ် နှစ်ပါးကို အားထုတ်ဆဲအခါ အချိန်ကို မပိုင်းနဲ့။ မိမိစွမ်းနိုင်သမျှအားထုတ်၊ သမာဓိ ရလာတော့ ခန္ဓာကိုယ်ပေါ်မှာ ပူမှု၊ အေးမှုစတဲ့ ဝေဒနာတွေ ပေါ်လာလိမ့်မယ်။ ပေါ်လာတဲ့ဝေဒနာကို ရှုဆဲအခါ၌ မျက်စိကလည်း တောင်ကြည့်မြောက်ကြည့် မကြည့်တော့ဘူး။ ပါးစပ်ကလည်း စကားမပြောတော့ဘူး။ လက်က လည်း ကိုးရို့ကားယားမလုပ်တော့ဘူး။ အဲဒီတော့ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇီဝှန္ဒြေ၊ ကာယိန္ဒြေဆိုတဲ့ ဣန္ဒြေငါး ပါးလုံနေ တယ်။ အဲဒါသီလစင်ကြယ်နေတယ်။ သီလဝိသုဒ္ဓိလို့ခေါ်တယ်။

=================================

၂။ ဝေဒနာပေါ်မှာ စိတ်တည်နေတော့ စိတ်စင်ကြယ် တယ်။ အဲဒါ စိတ္တဝိသုဒ္ဓိ လို့ခေါ်တယ်။

=================================

၃။ သီလကလည်းစင်ကြယ်၊ စိတ်ကလည်း စင်ကြယ်တော့ မှန်တာမြင်တာပေါ့။ အဲသလို မြင်ရတော့ ငါ့မှာ ခြေလည်းမရှိ၊ လက်လည်းမရှိ၊ ကိုယ် လည်းမရှိ၊ ဦးခေါင်းလည်းမရှိ၊ ခန္ဓာကိုယ် ကြီး သုဉ်းသွားတယ်။ အဲသည်တော့ အမြင်စင် ကြယ်တယ်။ အဲဒါ ဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တယ်။

=================================

၄။ အဲသလိုမြင်ရတော့ ဟုတ်ပါပေတယ်၊ မှန်ပါ ပေတယ်လို့ ဘုရားကို ယုံကြည်ခြင်းဖြစ်လာ တယ်။ ယုံမှားသံသယကင်းသွားတယ်။ အဲဒါ ကင်္ခါဝိတရဏဝိသုဒ္ဓိလို့ ခေါ်တယ်။

=================================

၅။ အဲဒီလိုုမြင်တွေ့ရတော့ ဝမ်းသာတာပေါ့။ ခန္ဓာ ကိုယ်ပေါ်မှာ ဝေဒနာတွေချုပ်ပြီးအေးနေတယ်။ အဲဒါ အန္တရာယ် (၁၀) ပါးထဲမှာ နစ်ပြီးတွယ်နေ တာပေါ့။ အဲသလို တွယ်နေရာမှ "ငါ့ဟာမဟုတ်ပါ ဘူး"ဆိုပြီး ခန္ဓာကိုယ်ပေါ်ကို အာရုံပြန်ပြီး ထိန်းလိုက် တယ်။ အဲဒါ မဂ္ဂါ မဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိလို့ ခေါ်တယ်။

=================================

၆။ အဲသလို ခန္ဓာပေါ်သို့ အာရုံရောက် လာတော့ ဝေဒနာ တွေပြန်ပြီးပေါ်လာတယ်။ အာရုံက အထက်လွန်သွားလိုက် အောက်ပြန်ကျသွား လိုက်နဲ့ ဖြစ်နေတယ်။ မဇ္ဈိမပဋိပဒါ မကျသေး ဘူး။ ဇောကိုတင်ပြီး တဖြည်းဖြည်းချလာတော့ မဇ္ဈိမပဋိပဒါ ကျသွားရော။ အဲဒါ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိလို့ ခေါ်တယ်။

=================================

၇။ အဲသလို ပဋိပဒါလည်းကျသွားရော သေနတ်ကို ယမ်းတောင့်ထည့်ပြီး စိတ်က ကိုင်ဖြုတ်လိုက် သလို "ဒင်း"ဆို ပြတ်သွားပါရော။ အဲဒါ ဉာဏဒဿန ဝိသုဒ္ဓိလို့ ခေါ်တယ်။

=================================
#စွန်းလွန်းဆရာတော်
္မာစရိယဦးဌေးလှိုင် (၅၆၆)

#တရားဓမ္မများ #ဓမ္မစာပေများ #ဓမ္မ fans

🌿တို့ဗုဒ္ဓက သတိတစ်လုံးပဲဗျာ🍀 #ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး နည်းလမ်း တွေ ဘယ်လောက်များများ တို့ဗုဒ္ဓက သတိ...
04/06/2026

🌿တို့ဗုဒ္ဓက သတိတစ်လုံးပဲဗျာ🍀
#ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
နည်းလမ်း တွေ ဘယ်လောက်များများ တို့ဗုဒ္ဓက သတိတစ်လုံးပဲဗျာ။
ဘာလုပ်လုပ် လုပ်တဲ့အလုပ်ကို သတိနဲ့တွဲလုပ်။
အဲဒါ၀ိပဿနာဖြစ်သွားတာပဲ။
သတိနဲ့လုပ်တော့ ကိုယ့်စိတ်ကိုယ့်ဆီမှာရှိတယ်။
ရှိတော့ ကိုယ့်အကြောင်း ကိုယ်သိတာပဲ။
အဲဒါ ၀ိပဿနာဗျ။

ကိုယ်ထဲမှာ နှစ်သက်ရာကိုမှတ်။
တို့ ဘုရားတိုင်း ဘုရားတိုင်းမှတ်တာ နှာခေါင်းပဲ။
နှာခေါင်းမှာ ဝင်လေလေးဝင်တာထွက်တာကို စာလို ဝင်သက်ထွက်သက်ခေါ်တယ်ဗျာ။ အဲဒါ အသက်ပဲဗျာ။
လူတစ်ယောက်လုံးရဲ့အသက်ဟာ နှာခေါင်းမှာရှိတယ်။
ဝင်လေထွက်လေကိုပြောတာ။
ဒီနှာခေါင်းကနေထိုင်ပြီးမှတ်ရင် တစ်ကိုယ်
လုံးအကုန်သိတယ်ဗျာ။
စာလို ပင်တိုင်ကမ္မဋ္ဌာန်းလို့ ခေါ်တယ်။
ကျန်တဲ့အလုပ်တွေလုပ်ရင်းလည်း နှာခေါင်းဝကိုမှတ်ဗျာ။
ဝေဘူဆရာတော်ကြီးကဒီအတိုင်းမှတ်သွားတာဗျ။
မှတ်နိုင်ပါ့မလားဗျအဲဒါကျတော့ဗျာ။

မျက်စိကမြင်တဲ့အခါ ကြည့်စရာရှိရင် မျက်စိမှာ သတိချထားဗျာ။
နားကကြားတဲ့အခါမှာ နားထိပ်မှာ ချထားဗျာ။
သတိနဲ့သွားဗျာ။
တသက်လုံးလုပ်သွားဗျ။
ဘယ်တော့မှ မလွှတ်နဲ့ သိရုံသိသွားဗျာ။

တွေးတဲ့စိတ်ကတော့ တွေးမှာပဲ။
၀ိပဿနာဉာဏ်တွေဘယ်လောက်တက်တက်တွေးမှာပဲ။ စိတ်ကိုမနိုင်ရကောင်းလားဆိုပြီး ရန်မလုပ်ရဘူး။
လျှော့လည်းမလျှော့ရဘူး။
မှတ်စရာရှိတာသာမှတ်။
အမှတ်များရင်အတွေးက သူ့ဟာသူလျော့သွားလိမ့်မယ်။

လူတိုင်းလူတိုင်းဟာ မွေးကတည်းက အတွေးနဲ့မွေးလာတာ။
တစ်သက်လုံးလည်းအတွေးနဲ့နေတာ။
လုပ်စရာရှိလည်း အတွေးနဲ့လုပ်နေတာ။
အဲဒါ ထိုင်မှတ်တာ ခဏလေးရှိသေးတယ်။
ချက်ချင်းတော့ မရနိုင်သေးဘူး။
မှတ်အားကောင်းရင်သူ့ဟာ သူတက်သွားမှာပဲ။
ဘုရားဟောတဲ့အထဲမှာ သတိပဋ္ဌာန်ဆိုတာရှိတယ်။
အဲဒါ သတိပဋ္ဌာန်ခေါ်တယ်။
နှာခေါင်းမှတ်မှု ပင်တိုင်ထားပြီး တွေးတာနဲ့နှာခေါင်းနဲ့ ဘယ်ကို စိတ်ရောက်များလဲ။
တွေးတဲ့စိတ်ကိုအရောက်များရင် နှာခေါင်းမှတ်တာ ခဏလွှတ်လိုက် တွေးပြီးတာနဲ့ နှာခေါင်းပြန်မှတ်။
တစ်ခါနှာခေါင်းမှတ်ရင်း ခန္ဓာကိုယ်က နာလာမယ်ဆိုရင် နာတဲ့ဘက်စိတ်အရောက်များရင် နှာခေါင်းမှတ်တာကိုလွှတ်ပစ်ပြီး နာတာကိုမှတ်။
ပြီးမှနှာခေါင်းကိုပြန်မှတ်။
အသံကိုကြားလို့ ကြားတာဘက်စိတ်ရောက်တာများသွားလို့ရှိရင် နှာခေါင်းအမှတ်ကိုလွှတ်ပြီး ကြားတဲ့ဘက်ကို မှတ်။
ပြီးမှ နှာခေါင်းကိုပြန်မှတ်။

တို့ ရန်ကုန်ကတည်းက ဒီမေးတာတွေ အိမ်တွင်းရေးတွေက အစ မေးလျှောက်တာ
တွေ အဲဒါတွေ ဒိုင်ခံပြောလာတာ တစ်ယောက်ကစ တစ်ရာဆိုသလို ဖြစ်လာတယ်။ အဲဒီကတည်းက ကြောက်လာတာ။
တစ်ဦးပြောလိုက်ရင် တစ်တိုင်းပြည်လုံးကလာမှာ။ ဒီလောကီကိစ္စတွေကလျှောက်ရမှာမဟုတ်ဘူး။ တို့ဒီတောထဲကနေအာရုံပြုပေးနေတာပဲ။
တို့ရှုမှတ်နေတာဟာ ဒေါသကင်းနေတဲ့အတွက် မေတ္တာပဲ။
ဘုရားတို့ ရဟန္တာတို့ဆိုတာက ဘယ်သူဘယ်ဝါ ကျန်းမာပါစေလို့ တိုက်ရိုက်ပေးတာမဟုတ်ဘူး။
ရှုမှတ်နေတာဟာ ဓမ္မဓါတ်လှိုင်းပေးနေတာပဲ။
လ ဟာတစ်ကမ္ဘာလုံးသာနေတာပဲ။
မော့ကြည့်သူ ထွက်ကြည့်သူအေးတာပေါ့။
ကိုယ့်ဘက်က ယုံယုံကြည်ကြည်နဲ့ လထွက်ကြည့်သလို ထွက်ကြည့်နေရင် အကုန်ပြီးတယ်။

ထပ်ပြီးအဆစ်ပေးလိုက်ဦးမယ်။
သမာဓိ(၃)မျိုးရှိတယ်။တစ်ခါမှတ်တစ်ခါတည်ရင် ပထမ သမာဓိပဲ။
(၅)မိနစ် (၁၀)မိနစ်ကလေးတည်နေရင် အဲဒါဒုတိယ သမာဓိပဲ။ ၀ိပဿနာအထက်ပိုင်းရောက်ရင် စိတ်ကဘယ်မှမထွက်တော့ဘူး။
အဲဒါတတိယသမာဓိပဲ။
ထိုင်လို့ သတိမြဲနေပြီဆိုပါစို့။
သတိမြဲကြောင်းကိုနှာခေါင်းရှုရင် နှာခေါင်းမှာ လေနိမိတ်ပေါ်ရတယ်။
တို့တုန်းကဖောင်းပိန်မှတ်တော့ ဖောင်းနိမိတ် ပိန်နိမိတ် ပေါ်တာပေါ့။ စိတ်တည်ကြောင်းပြတဲ့နိမိတ်ခေါ်တယ်။
စက်များဆိုရင် ဘယ်နှစ်မိုင်ရောက်ရင် ဘယ်နှစ်မိုင်ရောက်ကြောင်းအချက်ပြသလို တို့ဒီမှာလည်း နှာခေါင်းမှတ်ရင်နှာခေါင်းအချက်ပြရှိတယ်။
အဲဒီလိုဖြစ်နေတဲ့အချိန်မှာ တို့သံသရာအဆက်ဆက်က ပါလာတဲ့ဉာဉ်နဲ့ ဒီကသတိနဲ့သွားတဲ့ဉာဏ်နဲ့ အဲဒီနေရာမှာ အတိုက်အခံ သွားလုပ်တော့ ဉာဉ်ဘက်က အာရုံဆန်းတွေပေါ်တတ်တယ်။
တခြားက လာပြီးပြတာမဟုတ်ဘူး။
စရိုက်လိုက်ပြီး ပေါ်တတ်တယ်။
ဒေါသကြီးသူ ဒေါသကြီးတဲ့အလျောက်ပြမှာ။
ရာဂကြီးတဲ့သူ ရာဂအလိုက်ပြမှာ။
လာချင်တာ လာမှတ်မှာပဲ။

အများဆုံးတွေ့ရတာက သမာဓိတည်ကြည်ခါစ ၀ိပဿနာဉာဏ်တက်တော့ စာလို
အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာမြင်ရတာကိုတို့ကအတ္တစွဲတာကိုး။
ဟိုက အနတ္တပြမှာ တို့က နိစ္စစွဲတာ။
ဟိုက အနိစ္စပြမှာ တို့က သုခလို့ထင်တာကို။
အဲဒီအချိန်မှာပေါ်တာပဲ။
သဒ္ဓါထက်သူကျတော့ ဘုရား ရဟန္တာတို့ပေါ်တယ်။
နတ်တို့ပေါ်တယ်။
ပေါ်ရုံတင်မက လာကိုပြောတာရှိတယ်။
မြင်ရုံမြင်တာပဲရှိတယ်။
အဲဒါကို ဘယ်ကိုမှမလိုက်ဘဲ ကိုယ့်ရှုကွက်ကို လက်မလွှတ်နဲ့။
အဲဒါဆိုရင် မှားစရာမရှိဘူး။
ကိုယ့်ရှု့ကွက်ကို လက်လွှတ်ပြီး အဲဒီနောက်သွားရင် လမ်းမှားပြီ။

တစ်ရက် နှစ်ရက်လောက်နဲ့တော့ မတွေ့နိုင်ဘူး။
သတိအားကောင်းမှ အတွေးမဝင်မှပေါ်တာ။
တို့ကိုယ်ခန္ဓာမှာ သွေးကလည်ပတ်နေတာ။
အတွေးနဲ့လည်တယ်။
သောကနဲ့လည်တယ်။
မာနနဲ့လည်တယ်။
အဲဒီအချိန်မှာတို့သွေးက မည်းနေတာ။
သွေးကမကြည်ဘူး။
နောက်နေတာ။
အဲဒီတော့ မှတ်ဟဲ့။
မှတ်ပါများတော့ အဲဒီစိတ်တွေမပါဘူး။
အတွေးမပါတော့ သွေးကြည်တာပေါ့လေ။
သွေးကြည်ပါများတော့ မှန်ကြည့်တော့ အရိပ်ပေါ်သလိုပေါ့လေ။ အဲဒီတော့မှနိမိတ်ပေါ်တာ။

တရားရအောင်လုပ်မယ်လို့ စိတ်ဘယ်တော့မှ မထားနဲ့။
ကြိုးစားချင်တဲ့စိတ်သာ ရှိရမယ်။
ရချင်တဲ့စိတ်မရှိရဘူး။
သူပြတဲ့နေရာကို ကြည့်နေရင် တရားက သူ့ဟာသူ ဇာတ်ကောင်တွေက ပြလာမှာ။

လိုချင်စိတ်နဲ့ကြည့်ရင် တွေ့ခဲတယ်။
စိတ်မပါလက်မပါကြည့်ရင် သွေးကမဲနေလို့မမြင်ရဘူး။
မရရအောင် မခံချင်စိတ်နဲ့လုပ်တော့ သွေးကမည်းတယ်။
အဲဒီတော့ မမြင်ရဘူးပေါ့။
အဲဒီတော့ တရားရှာတဲ့အခါ အဲဒီစိတ် (၃)စိတ်မပါရဘူး။
သတိနဲ့မှတ်တော့ ကိုယ်မမြင်ဖူးတဲ့ရှု့ကွက်တွေထဲက အရာတွေမြင်လိမ့်မယ်။ နှာသီးဝဆိုနှာသီးဝပေါ့။
လေရဲ့နိမိတ်တွေ လေတန်းတွေမြင်ချင်မြင်မှာပေါ့။
မြင်လာတော့ ယုံလာတယ်။
ခန္ဓာဖြစ်ပျက်မြင်လေလေ ယုံလေလေပဲ။
ဆရာသမားအပေါ်ယုံတာလည်း ဖြစ်နိုင်တယ်။
ဒီလိုယုံလာရင်သွေးကကြည်လာတာ။
ကြည်လာမှ ဒီဖြစ်ပျက်မြင်လာတာ။

ထိုင်မယ့်အချိန်မှာ သီလယူပါ။
သီလယူတယ်ဆိုတာ အရင်တုန်းကဟာတွေကို အဖြတ်ခိုင်းတာပဲ။
ဘာစည်းမှ ချဖို့မလိုဘူး။
ဘေးက အနှောင့်အယှက်မလုပ်နိုင်အောင် သာသနာတော်စောင့်နတ်တွေက စောင့်ရှောက်ပေးရတယ်။
ဆိုင်ရာနတ်တွေက စောင့်ရှောက်ပေးရမယ်။
သာသနာတော်စောင့်နတ်တွေက တာဝန်ယူပေးရတာ။
ဒါကြောင့် သီလယူရတာ။

ကိုယ်လုပ်ချင်တာကိုလုပ်၊ သတိလေးနဲ့လုပ်၊ သတိမပါရင် တို့ဉာဉ်ကခိုင်းတာလုပ်ရလိမ့်
မယ်။
သတိပါတော့ တို့ခိုင်းတာကို ဉာဉ်ကလုပ်ပေးရမှာ။
ဘုရားတရားအပေါ်မှာ ဖြည်ချုပ်ပြီး ဝယ်ရတာမရှိဘူး။
အောင့်ပြီးဖယ်ရတာမရှိဘူး။
အမှတ်မှတ်ရင်းနဲ့ နောက်တော့ သူ့ဟာသူသိသွားပြီး သတိက ဝယ်သွားတာ။ တို့ဝယ်တာမဟုတ်ဘူး။

သတိရှိရင် ဘုရားသားပဲ။
သတိမရှိရင် အလကားပဲ။
ဘုရားသားဖြစ်ချင်ရင် သတိရှိမှဖြစ်တာ။
တို့ဒကာဒကာမတွေ ကျမ်းမှာချမ်းသာကြပါစေ။
#ဓမ္မရံသီစာမျက်နှာ #တရားဓမ္မများ #ဓမ္မစာပေများ #ဓမ္မ #မဟာမြိုင်ဆရာတော်ဘုရားကြီး

04/06/2026

🌿 အေးချမ်းစွာနယူနိုင်ကြပါစေ🍀
#တရားဓမ္မများ

03/06/2026

🌿အသိဉာဏ်ရှိသော သူများ ဖြစ်ကြပါစေ🙏🙏🙏🍀🍀🍀
#တရားဓမ္မများ #ဓမ္မစာပေများ #ဓမ္မ fans

🌿 ငြိမ်းအေးသော ဘဝပိုင်ရှင် 🌿လူတိုင်းဟာ မိမိဘဝကို ငြိမ်းချမ်းအေးမြစွာ ဖြတ်သန်းလိုကြပါတယ်။ ပူပန်မှု၊ စိုးရိမ်မှု၊ ဒုက္ခမျာ...
03/06/2026

🌿 ငြိမ်းအေးသော ဘဝပိုင်ရှင် 🌿

လူတိုင်းဟာ မိမိဘဝကို ငြိမ်းချမ်းအေးမြစွာ ဖြတ်သန်းလိုကြပါတယ်။ ပူပန်မှု၊ စိုးရိမ်မှု၊ ဒုက္ခများနဲ့ ပြည့်နှက်နေတဲ့ဘဝကို ဘယ်သူမှ မလိုချင်ကြပါဘူး။ သို့သော် လက်တွေ့ဘဝမှာတော့ လူအများစုဟာ မိမိတို့ရဲ့ စိတ်ကြောင့်ပဲ ပူလောင်မှုတွေကြားမှာ နေထိုင်နေကြရပါတယ်။

ဘဝရဲ့ အေးချမ်းမှုနဲ့ ပူလောင်မှုဟာ ပြင်ပအရာဝတ္ထုတွေထက် ကိုယ့်စိတ်ပေါ်မှာ ပိုမိုမူတည်နေပါတယ်။ စိတ်ငြိမ်းအေးရင် ဘဝငြိမ်းအေးမယ်၊ စိတ်ပူလောင်ရင် ဘဝပူလောင်မယ်။ ဘဝဆိုတာ စိတ်ရဲ့ ရောင်ပြန်ဟပ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း ငြိမ်းအေးသောဘဝကို ပိုင်ဆိုင်လိုသူအတွက် အရေးကြီးဆုံးအချက်မှာ “တဏှာ” ကို လျော့ပါးပယ်ရှားနိုင်ဖို့ ဖြစ်ပါတယ်။ တဏှာဆိုတာ လိုချင်ခြင်း၊ တပ်မက်ခြင်း၊ စွဲလမ်းခြင်း၊ မပြည့်ဝနိုင်သော ဆာလောင်မှုသဘောပင် ဖြစ်ပါတယ်။

မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်နှင့် စိတ်တို့သည် မိမိနှစ်သက်ရာ အာရုံများကို အမြဲလိုလို တောင့်တရှာဖွေနေကြသည်။ ထိုဆာလောင်မှုကြောင့်ပင် လူသားများမှာ ရှာဖွေရခြင်းဒုက္ခ၊ ထိန်းသိမ်းစောင့်ရှောက်ရခြင်းဒုက္ခနှင့် ဆုံးရှုံးပျက်စီးသွားသည့်အခါ ခံစားရသောဒုက္ခများကို ကြုံတွေ့နေကြရသည်။

အာရုံတစ်ခုကို လိုချင်လေလေ စိတ်ပင်ပန်းရလေလေ ဖြစ်ပြီး၊ မရလျှင် ဝမ်းနည်းရသည်။ ရပြီးလျှင်လည်း မပျောက်မပျက်အောင် စောင့်ရှောက်ရသည်။ နောက်ဆုံး ဆုံးရှုံးသွားသည့်အခါ ထပ်မံ၍ စိတ်ဆင်းရဲရပြန်သည်။ ထို့ကြောင့် တဏှာသည် ဒုက္ခ၏ အခြေခံအကြောင်းရင်းဖြစ်သည်ဟု ဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။

“တဏှာကြောင့် သောကဖြစ်သည်၊
တဏှာကြောင့် ဘေးဒုက္ခဖြစ်သည်။
တဏှာမှ လွတ်မြောက်သူအတွက်
သောကလည်းမရှိ၊ ဘေးလည်းမရှိ။”

တဏှာကင်းစင်ခြင်းသည် အလိုအလျောက် ဖြစ်ပေါ်လာမည့်အရာ မဟုတ်ပါ။ သီလ၊ သမာဓိ၊ ပညာ ဟူသော အကျင့်သုံးပါးကို လေ့ကျင့်ပွားများခြင်းဖြင့်သာ တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်သွားနိုင်ပါသည်။

စိတ်ငြိမ်းအေးမှုကို ရှာဖွေနေသူတိုင်း သီလ၊ သမာဓိ၊ ပညာ အခြေခံသော ဘဝလမ်းစဉ်ကို လျှောက်လှမ်းနိုင်ကြပြီး စိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံသော ငြိမ်းအေးသည့်ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

🙏🙏🙏

#ဓမ္မရံသီစာမျက်နှာ #တရားဓမ္မများ #ဓမ္မစာပေများ #ဓမ္မ fans

🌿မြတ်စွာဘုရား ဟောကြားတော်မူခဲ့သောသောဏနန္ဒဇာတ်လာ🌿မိဘဂုဏ်(၁၂)ပါး.....🍀၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။၂။ သွန်သင်...
01/06/2026

🌿မြတ်စွာဘုရား ဟောကြားတော်မူခဲ့သောသောဏနန္ဒဇာတ်လာ🌿
မိဘဂုဏ်(၁၂)ပါး.....🍀
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၄။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို
ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့သော သားသမီး
တို့သည် မိဘကို ပစ်ပယ်၍ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။
အချို ့သော သားသမီးများကမိဘတို့ကို စော်ကားကြသည်၊
ထိုသို့သာ သားသမီးများကမိဘကိုစော်ကားနေလျှင် ငရဲရောက်
မည်မှာ ဧကန်ဖြစ်သည်။ထိုသို့ မဖြစ်ရလေအောင် လူတိုင်း
သိရှိပြီးလိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။
အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ......

၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့်
ဗြဟ္မာ ဖြစ်ပါသည်....
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေဟူ၍ သင်ကြား
ပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။
သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး
ထိုက်သောအာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၄။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင်တိုးတက်အောင်
စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းကကြိုတင်ချစ်ခင်လွန်းသောကြောင့်
သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သောမိခင်၏ ဂုဏ်ကို ဇနေတ္ထိ
ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သောမိခင်၏ဂုဏ်ကို ပေါသေန္တ
ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့်အာပါဒက
ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများသိသမျှ သားသမီး
များသိရအောင်ပြောပြသောကြောင့် ဒေဿတာရဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင်ပြောသောကြောင့်
တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကိုကိုယ် ကိုယ်တိုင်မသုံးရက် ၊
မစားရက်အောင် သားသမီး အတွက်ချန်ထားသောကြောင် ့ရသော
ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

မိဘဂုဏ်ကျေးဇူးကိုသိ၍ မိဘကျေးဇူးဆပ်တတ်သော သားကောင်း၊
သမီးမြတ်များဖြစ်ကြပါစေ...။
#ဓမ္မရံသီစာမျက်နှာ #တရားဓမ္မများ #ဓမ္မစာပေများ #ဓမ္မ

Address


20150

Website

Alerts

Be the first to know and let us send you an email when Dhama Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share