KSM Insights Sharing knowledge about history, philosophy and ideas. Learning from the past to understand the present.

သံယောဇ ဆိုတဲ့ ဇာတ်လမ်းကို ဗုဒ္ဓဘာသာမူရင်းဇာတ်တော်တစ်ပုဒ် ဟုတ်မဟုတ်တော့ ကျွန်တော် အတည်မပြောနိုင်ပါ။ ဒါပေမယ့် ငယ်စဉ်ကတည်းက...
22/08/2026

သံယောဇ ဆိုတဲ့ ဇာတ်လမ်းကို ဗုဒ္ဓဘာသာမူရင်းဇာတ်တော်တစ်ပုဒ် ဟုတ်မဟုတ်တော့ ကျွန်တော် အတည်မပြောနိုင်ပါ။ ဒါပေမယ့် ငယ်စဉ်ကတည်းက ကြာနီကန်ဆရာတော်ကြီး ဟောပြောတာတွေထဲမှာ ကြားဖူးခဲ့ပြီး၊ နောက်ပိုင်း ဇာတ်အဖွဲ့တွေက နောက်ပိုင်းဇာတ်လမ်းအဖြစ် ကပြတာတွေ၊ တိပ်ခွေခေတ်က အသံဇာတ်လမ်းတွေအဖြစ် လူအမ်ား နားထောင်ဖူးကြတဲ့ ဇာတ်တစ်ပုဒ် ဖြစ်ပါတယ်။

တစ်ခါတုန်းက အလွန်ချမ်းသာတဲ့ သံယောဇသတို့သားဆိုတဲ့အမည်နဲ့ သူဌေးကြီးတစ်ယောက် ရှိခဲ့မူးပါတယ်။

သူ့မှာ အိမ်ကြီးတွေ ရှိတယ်။ မြေယာတွေ ရှိတယ်။ မြေပေါ်မြေအောက် ရွှေငွေတွေ အများကြီး ရှိတယ်။ သားသမီးတွေ ရှိတယ်။ ချစ်ခင်ရတဲ့ ဇနီးလည်း ရှိတယ်။ လူတွေရဲ့အမြင်နဲ့ဆိုရင် သူဟာ ဘဝမွာ လိုအပ်သမျှ အားလုံးပြည့်စုံတဲ့သူတစ်ယောက် ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ဘဝရဲ့ ထူးခြားချက်တစ်ခုကတော့ သူဟာ ရှိပြီးသားအရာတွေကို ခံစားတတ္သူ မဟုတ်ဘဲ၊ ရှိထားတာတွေ မဆုံးရှုံးအောင်၊ တိုးပွားသည်ထက်တိုးပွားအောင် စောင့်ရှောက်နိုင်ဖို့ပဲ အမြဲစိုးရိမ်နေသူ ဖြစ်ပါတယ်။

သူဟာ ငွေကို ရှာတယ်။ ဒါပေမယ့် အသုံးမချဘူး။ ကုသိုလ်တရားတွေ မပြုခဲ့ပါဘူး။ အိမ်ကြီးတွေ ဆောက်နိုင်ပေမယ့် ရိုးရိုးရှင်းရှင်းပဲ နေတယ်။ အစားအသောက်ကောင်းကောင်း စားနိုင်ပေမယ့် ခြိုးခြံတယ်။ သူ့ရွှေငွေတွေကိုတော့ ဘယ္သူမွ မသိအောင် မြှုပ်နှံထားပြီး အချိန်တိုင်း စိတ်ပူစောင့်ကြည့်နေ လေ့ရှိပါတယ်။

လူတွေက သူ့ကို တစ်ခါတလေ မေးကြတယ်။

သူဌေးကြီးရေ၊ ဒီလောက်စည်းစိမ်တွေ ရှိနေပြီ။ ဘာကြောင့် ဒီလိုပဲ သိမ်းထားရတာလဲ။ ကိုယ်လည်း မခံစား၊ သူများကိုလည်း မပေးဘူးဆိုရင် ဒီပစ္စည်းတွေက ဘာအတွက်လဲ

သူကေတာ့ ပြန်ဖြေတတ်တယ်။

ရှာနိုင်တုန်းရှာထားမှ စိတ်ချရတာပေါ့။ ဒီနေ့ရှိတာ မနက်ဖြန် မရှိနိုင်ဘူး။ စုထားမွ ကိုယ့်မှာရှိမှကိုယ့်ပိုက်ဆံ

သူ့အတွက် စည်းစိမ်ဆိုတာ ဘဝကို ပိုကောင်းအောင် အသုံးချရမယ့်အရာ မဟုတ်တော့ဘဲ များသည်ထက်များအောင် ရှာဖွေရမယ့်အရာ၊ ပိုင်ဆိုင်ပြီးတဲ့နောက် ဆုံးရှုံးမသွားအောင် ကာကွယ်ရမယ့်အရာ ဖြစ်လာခဲ့တယ်။

နှစ်တွေ ကုန်သွားတယ်။ သူ့ဆံပင်တွေ ဖြူလာတယ်။ ခန္ဓာကိုယ် အိုမင်းလာတယ်။ ဒါပေမယ့် သူ့စိတ်ကတော့ မြှုပ်နှံထားတဲ့ ရွှေငွေတွေနဲ့ မခွာနိုင်သေးဘူး။

နောက်ဆုံးမှာ သေလောက်တဲ့ ရောဂါတစ်ခုနဲ့အတူ သေခြင်းတရားက သူ့ဆီကို ရောက်လာခဲ့တယ်။

သူဟာ လူတိုင်းလိုပဲ ဒီလောကကနေ ထွက်ခွာရတော့တယ်။ သားကို ထားခဲ့ရတယ်။ ဇနီးကို ထားခဲ့ရတယ်။ အိမ်တွေ၊ မြေတွေ၊ ရွှေငွေတွေကို ထားခဲ့ရတယ်။

ဒါပေမယ့် သူ့ခန္ဓာကိုယ်သေသွားပေမယ့် သူ့စိတ်ကတော့ မေသေသးဘူး။

သူ့စိတ်ထဲမှာ အတွေးတစ်ခုတည်းပဲ ရှိနေတယ်။

ငါတစ္ဘဝလုံး ကြိုးစားပြီး ရှာခဲ့တာတွေ ဘာဖြစ်နေပြီလဲ။ ငါ့သား ဘယ်လိုနေသလဲ။ ငါ့ဇနီး ဘယ်လိုနေသလဲ။ ငါစုဆောင်းထားခဲ့တဲ့ စည်းစိမ်တွေ ဘယ်သူတွေ လက်ထဲရောက်သွားပြီလဲ၊ ငါ့ပစ္စည်းတွေ အခုဘာဖြစ်နေပြီလဲ

အဲဒီသံယောဇဉ်တွေကြောင့် သူဟာ သေခြင်းကို လက်မခံနိုင်တော့ပါဘူး။

ငရဲပြည့်ရှင် ယမမင်းက ကုသိုလ်ကင်းမဲ့ခဲ့တဲ့ သံယောဇကို သံရေပူငရဲဆီပို့ဖို့ လာခေါ်တဲ့အခါ သူက မသွားခင် သူ့အိမ်ကိုတစ်ခေါက်ပြန်ကြည့်ဖို့ ခွင့်တောင်းခဲ့ပါတယ်။

ကြှနျုပျမှာ မပြီးဆုံးသေးတဲ့ အရာတွေ ရှိပါသေးတယ်။ ကြှနျုပျခနြျထားခဲ့တဲ့အရာတှကေို တစ်ကြိမ်လောက် ပြန်ကြည့်ခွင့်ပေးပါ

ယမမင်းက သူ့စိတ်ရဲ့ ကပ်ငြိမှုကို သိပေမယ့် ခွင့်ပြုလိုက်တယ်။

သူဌေးကြီးဟာ လူ့လောကကို ပြန်ရောက်လာခဲ့တယ်။

သူ့အိမ်ကို ပြန်သွားတယ်။ သူ့စည်းစိမ်တွေကို ပြန်ကြည့်ချင်တယ်။ သူ့ဘဝတစ်ခုလုံး ရင်းပြီး ရှာဖွေခဲ့တဲ့အရာတွေကို ပြန်မြင်ချင်တယ်။

ဒါပေမယ့် သူမြင်လိုက်ရတဲ့အရာက သူမျှော်လင့်ထားတာ မဟုတ်ခဲ့ဘူး။

သူတစ္ဘဝလုံး အပင်ပန်းခံပြီး ရွာခဲ့တဲ့ ရွှေငွေတွေ၊ သူဆုံးရှုံးမှာကြောက်လို့ မြှုပ်နှံထားခဲ့တဲ့ စည်းစိမ်တွေကို သူမရှိတော့တဲ့နောက် သူ့ဇနီးနဲ့ နောက်လင်ဖြစ်သူက အသုံးပြုပြီး ပျော်ရွှင်စွာ နေထိုင်နေကြတာကို တွေ့လိုက်ရတယ်။

သူ့အတွက် အလွန်နာကျင်စရာကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်ခဲ့တယ်။

သူဟာ အဲဒီစည်းစိမ်တွေအတွက် အသက်ရှင်ခဲ့တယ်။ အဲဒီအရာတွေကြောင့် အိပ္မေပ်ာ္ခဲ့ဘူး။ အဲဒီအရာတွေကို ထိန်းသိမ်းဖို့ သူ့ဘဝရဲ့ အချိန်တွေကို ပေးခဲ့တယ်။

ဒါပေမယ့် အခုတော့ သူမရှိတော့တဲ့အချိန်မှာ သူရှာခဲ့သမျှတွေက သူမဟုတ်တဲ့ တခြားသူတွေရဲ့ ဘဝကို ဖြည့်ဆည်းပေးနေကြတယ်။

သူသည်းမခံနိုင်တော့ပါဘူး။

ဒါတွေဟာ ငါ့ဟာတွေပါ။ ငါတစ္ဘဝလုံး ကြိုးစားပြီး ရှာခဲ့တာတွေပါ။ ဘာကြောင့် သူတို့က သုံးစွဲနေရတာလဲ

သူဟာ ယမမင်းဆီ ပြန်သွားပြီး တရားမျှတအောင်စီရင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ယမမင်းက သူ့စကားကို နားထောင်ပြီး စီရင်ချက်ချပေးခဲ့ပါတယ်။

သင်ပြောတဲ့ ပစ္စည်းတွေထဲက မင်းအသက်ရှင်စဉ်မှာပဲ မင်းနံ့သက်ဆိုင်တယ်။ မင်းသေဆုံးပြီဖြစ်တဲ့အတွက် လက်ရှိဘဝနဲ့ သက်ဆိုင်ပြီး မင်းပိုင်ဆိုင်တဲ့အရာဟာ ကူးတို့ခ တစ်မတ်ပါပဲ

သူဌေးကြီး တိတ်ဆိတ်သွားတယ်။
အခုအချိန်မှာ အသက်ရှင်စဉ်က သူပိုင်ဆိုင်ခဲ့တဲ့
ရွှေတွေ မပါလာဘူး။
ငွေတွေ မပါလာဘူး။
အိမ်တွေ မပါလာဘူး။
မြေတွေ မပါလာဘူး။

လူသေတဲ့အခါ ကူးတို့ခအဖြစ် ပါးစပ်ထဲ ထည့်ပေးတဲ့ တစ်မတ်ငွေပါ။ သင်နဲ့အတူ ပါလာတဲ့ ပိုင်ဆိုင်မှုဆိုတာ အဲဒါတစ်ခုတည်းပါပဲ

သူဌေးကြီးဟာ ဘာမှမပြောနိုင်တော့ဘူး။

တစ္ဘဝလုံး စုဆောင်းခဲ့တဲ့ ရွှေငွေတွေထဲက တစ်ပြားတောင် သူနဲ့အတူ မလိုက္လာခဲ့ဘူး။ သူအလွန်တန်ဖိုးထားခဲ့တဲ့အရာတွေဟာ သူ့ဘဝကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘဲ၊ နောက်ဆုံးမှာ သူ့နောက်ကို လိုက်လာနိုင်တာက တစ်မတ်ငွေလေးသာ ဖြစ်ခဲ့တယ်။

ဒီဇာတ်ရဲ့ အဓိပ္ပာယ်က ပစ္စည်းဥစ္စာ မရှိသင့်ဘူးလို့ ပြောတာ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ စည်းစိမ်ရှိနိုင်တယ်။ ကြိုးစားပြီး တည်ဆောက်နိုင်တယ်။ ဒါပေမယ့် အဲဒီအရာတွေကို အသုံးချဖို့ မေ့သွားပြီး၊ အဲဒီအရာတွေကိုပဲ ဘဝရဲ့ အဓိကအရာအဖြစ် ဖက်တွယ်ထားခြင်းဟာ အဓိပ်ပါယျရှိရဲ့လားဆိုတာပါပဲ။

သူ့မှာ ပိုင်ဆိုင်မှုတွေ အများကြီးရှိခဲ့ပေမယ့် ရှိတာတွေကို အသက်ရှင်နေစဉ်မှာ မခံစားနိုင်ခဲ့တာပါ။

နောက်ဆုံးမှာ သူသိလိုက်ရတာက လူတစ်ယောက်ရဲ့ တကယ့်ပိုင်ဆိုင်မှုဆိုတာ သူမြှုပ်နှံသိမ်းဆည်းထားနိုင်တဲ့အရာ မဟုတ်ဘဲ၊ အသက်ရှင်နေစဉ်မှာ အဓိပ္ပာယ်ရှိအောင် အသုံးချနိုင်ခဲ့တဲ့ အရာတွေ ဖြစ်တယ်ဆိုတာပါ။

တစ်ခါတလေ လူဟာ ပစ္စည်းတွေကို ပိုင်ဆိုင်တယ်လို့ ထင်နေတတ်ပေမယ့် အမှန်မှာတော့ ပစ္စည်းတွေကပဲ လူရဲ့ဘဝကို ချည်နှောင်ထားတတ်ပါတယ်။

အဲဒီချည်နှောင်မှုကို သံယောဇ လို့ ခေါ်ပါတယ်။

သိမှုဆိုင်ရာ ဘက်လိုက်မှုများ (Cognitive Biases)Cognitive Bias ဆိုတာ လူတစ်ယောက်က အချက်အလက်တွေကို လက်ခံပုံ၊ အဓိပ္ပာယ်ကောက်...
22/08/2026

သိမှုဆိုင်ရာ ဘက်လိုက်မှုများ (Cognitive Biases)

Cognitive Bias ဆိုတာ လူတစ်ယောက်က အချက်အလက်တွေကို လက်ခံပုံ၊ အဓိပ္ပာယ်ကောက်ပုံ၊ မှတ်မိပုံ၊ ခန့်မှန်းပုံနဲ့ ဆုံးဖြတ်ပုံတွေမှာ ကြုံရာကျပန်းမဟုတ်ဘဲ ဦးတည်ချက်တစ်ခုဘက်ကိုပဲ ထပ်တလဲလဲ ယိမ်းယိုင်သွားတတ်တဲ့ သိမှုဆိုင်ရာ သဘောထားပုံစံကို ခေါ်တာဖြစ်တယ်။ ဒီလိုယိမ်းသွားတာကြောင့် ရှိနေတဲ့အထောက်အထားတွေ၊ ဖြစ်နိုင်ခြေဆိုင်ရာ တွက်ချက်မှုတွေနဲ့ ကျိုးကြောင်းဆင်ခြင်မှုစံနှုန်းတွေအရ ရသင့်တဲ့ အကဲဖြတ်ချက်ကနေ ကွာဟသွားနိုင်တယ်။ ဘက်လိုက်မှု လို့ဆိုရာမှာ လူတစ်ဖက်ကို တမင်မျက်နှာသာပေးတာကိုပဲ ဆိုလိုတာမဟုတ်ဘဲ စဉ်းစားပုံတစ်ခုလုံးက ဘက်တစ်ဘက်ကို စနစ်တကျ ယိမ်းနေတတ်တာကို ဆိုလိုတယ်။

လူ့စိတ်က အချိန်တိုအတွင်း အချက်အလက်အများကြီးကို စီမံပြီး ဆုံးဖြတ်ရတဲ့အခါ စိတ်ရဲ့ဖြတ်လမ်းနည်းတွေ (mental shortcuts or heuristics) ကို အသုံးပြုတတ်ပါတယ်။ ဒီနည်းတွေက အခြေအနေပုံစံမျိုးစုံကြားမှာ မြန်မြန်နဲ့ အသုံးဝင်တဲ့အဖြေကို ရနိုင်စေပေမဲ့ တစ်ခါတလေ အကဲဖြတ်မှုကို ဘက်တစ်ဘက်ဆီ စနစ်တကျ ယိမ်းယိုင်သွားစေနိုင်ပါတယ်။ စိတ်ရဲ့ဖြတ်လမ်းနည်းတွေက ဘက်လိုက်မှုတချို့ကို ဖြစ်စေပေမဲ့ အားလုံးရဲ့အကြောင်းရင်းတော့ မဟုတ်ဘူး။ ကိုယ်ယုံကြည်ထားပြီးသား အယူအဆတွေ၊ မျှော်လင့်ချက်တွေ၊ စိတ်ခံစားမှုတွေ၊ ကိုယ်လိုချင်တဲ့ရလဒ်၊ အာရုံစိုက်နိုင်မှုနဲ့ မှတ်ဉာဏ်ကန့်သတ်ချက်တွေကြောင့်လည်း ဘက်လိုက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီဘက်လိုက်မှုတွေဟာ တမင်လိမ်လည်တာ ဒါမှမဟုတ် သိသိကြီးနဲ့ မှားအောင်စဉ်းစားတာမျိုး မဟုတ်ဘဲ အများအားဖြင့် ကိုယ်တိုင်သတိမထားမိဘဲ ပေါ်လာတတ်ကြပါတယ်။ ဒါကြောင့် Cognitive Bias ရှိတာကို ဉာဏ်ရည်နိမ့်တာလို့ ယူဆလို့မရပါဘူး။ အသိပညာရှိပြီး ဉာဏ်ရည်ထက်မြက်တဲ့သူတွေတောင် ကိုယ်ယုံကြည်ထားတာကို အကြောင်းပြချက်ကောင်းကောင်းနဲ့ ကာကွယ်တတ်ကြလေ့ ပိုရှိတာကြောင့် ဘက်လိုက်မှုတွေက ပိုဆိုးသွားနိုင်ပါတယ်။ သိမြင်မှုဆိုင်ရာ ဘက်လိုက်မှုတွေကို လေ့လာရတာက လူတွေ ဘာကြောင့် အမှားလုပ်ကြသလဲဆိုတာကိုသာ သိဖို့မဟုတ်ဘဲ မှန်အောင်စဉ်းစားဖို့ ရိုးရိုးသားသား ကြိုးစားနေချိန်မှာတောင် စိတ်က ဘာကြောင့် တစ်ဘက်ကို ယိမ်းသွားနိုင်သလဲဆိုတာ နားလည်နိုင်ဖို့ဖြစ်တယ်။

နေ့စဉ်တွေးခေါ်မှုထဲမှာ ထင်ရှားစွာတွေ့ရတတ်တဲ့ အမျိုးအစားတစ်ခုက အတည်ပြုခြင်းဆိုင်ရာ ဘက်လိုက်မှု (Confirmation Bias) ဖြစ်ပါတယ်။ လူတစ်ယောက်က ကိုယ်လက်ရှိယုံကြည်ထားတဲ့ အယူအဆကို ထောက်ခံပေးမယ့် သတင်းအချက်အလက်တွေကို ပိုရှာဖွေ၊ ပိုအလေးထားပြီး ပိုမှတ်မိတတ်သလို ကိုယ့်အယူအဆနဲ့ ဆန့်ကျင်နေတဲ့ အထောက်အထားတွေကိုတော့ လျစ်လျူရှုခြင်း၊ အလေးအနက်မထားပေးနိုင်ခြင်း ဒါမှမဟုတ် တိကျတဲ့တဲ့ စံနှုန်းတွေကိုအသုံးပြုပြီး စစ်စစ်ပေါက်ပေါက် စစ်ဆေးခြင်းမျိုးတွေကို လုပ်တတ်ကြပါတယ်။ ကိုယ်ယုံကြည်ထားတာကို ထောက်ခံတဲ့စာတစ်ပုဒ်တွေ့ရင် ချက်ချင်းလက်ခံလိုက်ပေမဲ့ ဆန့်ကျင်တဲ့သုတေသနတစ်ခုတွေ့ရင် ရေးသူဘယ်သူလဲ၊ သဘောရိုးရဲ့လား၊ ခြွင်းချက်မရှိဘူးလားဆိုပြီး အပြင်းအထန်စစ်ဆေးတတ်တာမျိုးက ထင်ရှားတဲ့ဥပမာဖြစ်တယ်။ ဒီလိုဖြစ်တာဟာ အမှားကို တမင်ကာကွယ်လိုတာကြောင့်ချည်းမဟုတ်ဘဲ ရင်းနှီးပြီးသားယုံကြည်ချက်တွေက အချက်အလက်ရှာဖွေပုံနဲ့ အဓိပ္ပာယ်ကောက်ပုံကို သတိမထားမိဘဲ လမ်းကြောင်းပေးမိနေတာကြောင့် ဖြစ်ပါတယ်။

အတည်ပြုဘက်လိုက်မှုတစ်မျိုးကို နားလည်လိုက်ရုံနဲ့ လူ့တွေးခေါ်မှုထဲက ယိမ်းယိုင်မှုအားလုံးကို မြင်နိုင်ပြီလို့တော့ မဆိုနိုင်သေးပါဘူး။ အခြားသူတွေရဲ့ အပြုအမူကို အကြောင်းပြတဲ့အခါ၊ ဖြစ်နိုင်ခြေကို ခန့်မှန်းတဲ့အခါ၊ အတိတ်ကို ပြန်မှတ်မိတဲ့အခါနဲ့ ကိုယ့်အရည်အချင်းကို တိုင်းတာတဲ့အခါမှာလည်း မတူညီတဲ့ ဘက်လိုက်မှုတွေ ဝင်လာတတ်ပါတယ်။ ဒါကြောင့် Cognitive Bias ကို အမှားအမျိုးအစားတစ်ခုရဲ့ နာမည်အဖြစ်သာ မမြင်ဘဲ လူ့စိတ်က အချက်အလက်ကို ကိုင်တွယ်တဲ့ အဆင့်တိုင်းမှာ ဖြစ်လာနိုင်တဲ့ ယိမ်းယိုင်မှုပုံစံတွေအဖြစ် မြင်ဖို့လိုပါတယ်။

အခြားသူတစ်ယောက်ရဲ့ အပြုအမူကို ကောက်ချက်ချ အကြောင်းပြချက် ပေးတဲ့အခါ သူကြုံတွေ့နေရတဲ့ အခြေအနေကို လျှော့တွက်ပြီး သူ့အကျင့်စရိုက် ဒါမှမဟုတ် အရည်အချင်းကို လိုတာထက်ပိုပြီး အလေးပေးတတ်တာကို အပြုအမူရဲ့အကြောင်းရင်း သတ်မှတ်ရာမှာ ဖြစ်တတ်တဲ့ အခြေခံအမှား (Fundamental Attribution Error) လို့ ခေါ်တယ်။ ဥပမာ လူတစ်ယောက် အလုပ်နောက်ကျလာရင် လမ်းပိတ်တာ၊ မိသားစုအရေးပေါ်ကိစ္စရှိတာ စတဲ့ အခြေအနေတွေကို မစဉ်းစားဘဲ ဒီလူက အလုပ်အပေါ် မလေးစားတာပဲ လို့ ချက်ချင်းသတ်မှတ်လိုက်တာမျိုး ဖြစ်တယ်။ ကိုယ့်ကိုယ်ကို အကဲဖြတ်တဲ့အခါမှာတော့ အောင်မြင်မှုကို ကိုယ့်အရည်အချင်းနဲ့ ကြိုးစားမှုကြောင့်လို့ ယူဆပြီး ကျရှုံးမှုကို ပြင်ပအခြေအနေ၊ အခြားသူတွေ ဒါမှမဟုတ် ကံကြမ္မာကြောင့်လို့ လွှဲချတတ်တာကို ကိုယ့်ဘက်ကို မျက်နှာသာပေးတဲ့ ဘက်လိုက်မှု (Self-Serving Bias) လို့ ခေါ်တယ်။ ဒီဘက်လိုက်မှုနှစ်မျိုးက အပြုအမူတစ်ခုရဲ့ အကြောင်းရင်းကို သုံးသပ်ရာမှာ ပုဂ္ဂိုလ်ရေးအကျင့်စရိုက်နဲ့ ပြင်ပအခြေအနေကို လူတွေက တစ်ပြေးညီ အလေးပေးလေ့မရှိကြောင်း ပြနေတယ်။

ဖြစ်ရပ်တစ်ခု ဘယ်လောက်အဖြစ်များသလဲ ဒါမှမဟုတ် ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲဆိုတာ ခန့်မှန်းရာမှာ စိတ်ထဲကို အလွယ်တကူရောက်လာတဲ့ ဥပမာတွေကို အခြေခံတတ်တာကို သတိရလွယ်မှုအပေါ် အခြေခံတဲ့ ခန့်မှန်းနည်း (Availability Heuristic) လို့ ခေါ်တယ်။ သတိရလွယ်တာနဲ့ အမှန်တကယ် အဖြစ်များတာက အမြဲတူညီမနေဘူး။ ထိတ်လန့်ဖွယ်သတင်းတွေ၊ မကြာသေးခင်က မြင်ခဲ့ရတဲ့ ဖြစ်ရပ်တွေနဲ့ စိတ်ခံစားမှုကို ပြင်းပြင်းထန်ထန် လှုံ့ဆော်တဲ့အကြောင်းအရာတွေက စိတ်ထဲ ပိုလွယ်လွယ်ကူကူ ပေါ်လာတတ်တယ်။ ဒီလိုသတိရလွယ်မှုကို အခြေခံပြီး အကြိမ်ရေ ဒါမှမဟုတ် ဖြစ်နိုင်ခြေကို အမှန်ထက် ပိုမြင့်မားတယ်လို့ ခန့်မှန်းမိတဲ့အခါ သတိရလွယ်မှုကြောင့် ဖြစ်တဲ့ ဘက်လိုက်မှု (Availability Bias) ပေါ်လာတယ်။

အဖြစ်အပျက်တစ်ခုရဲ့ ရလဒ်ကို သိပြီးသွားချိန်မှာ ဒီလိုဖြစ်မယ်ဆိုတာ အစကတည်းက သိသားပဲ လို့ ထင်လာတာကို ဖြစ်ပြီးမှ ကြိုသိခဲ့သလို ထင်မြင်တဲ့ ဘက်လိုက်မှု (Hindsight Bias) လို့ ခေါ်တယ်။ စီမံကိန်းတစ်ခု ကျရှုံးပြီးသွားတဲ့အခါ ကျရှုံးမယ့်လက္ခဏာတွေက အစကတည်းက ထင်ရှားနေခဲ့သလို ပြန်မြင်မိပေမဲ့ ရလဒ်မပေါ်ခင်ကတော့ အောင်မြင်နိုင်ခြေနဲ့ ကျရှုံးနိုင်ခြေ နှစ်မျိုးစလုံး ရှိနေခဲ့တာမျိုး ဖြစ်တယ်။ ရလဒ်ကို သိထားတာက အရင်အခြေအနေမှာ ရှိခဲ့တဲ့ မသေချာမှုကို မူလအတိုင်း ပြန်မြင်နိုင်ဖို့ ခက်ခဲစေပြီး ကိုယ့်ခန့်မှန်းနိုင်စွမ်းကို အမှန်ထက် ပိုမြင့်မားတယ်လို့ ထင်စေနိုင်ပါတယ်။

မိမိအရည်အချင်းကို ပြန်လည်အကဲဖြတ်ရာမှာလည်း စနစ်တကျယိမ်းယိုင်သွားတာမျိုး ရှိတတ်ပါတယ်။ နယ်ပယ်တစ်ခုမှာ စွမ်းဆောင်ရည်နိမ့်တဲ့အုပ်စုတချို့က ကိုယ့်စွမ်းဆောင်ရည်ကို အမှန်ထက် မြင့်မားစွာ ခန့်မှန်းမိတတ်တာကို DunningKruger Effect လို့ ခေါ်တယ်။ မူလရှင်းလင်းချက်အရ အမှားတစ်ခုကို ခွဲခြားသိမြင်ဖို့ လိုအပ်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုက မလုံလောက်တဲ့အခါ ကိုယ်မှားနေကြောင်း ပြန်သိနိုင်စွမ်းလည်း အားနည်းသွားတတ်တယ်။ ဒါပေမဲ့ အသိပညာနည်းသူတိုင်း ကိုယ့်ကိုယ်ကို ကျွမ်းကျင်သူလို့ ထင်ကြတယ်ဆိုတဲ့ အင်တာနက်ပေါ်က အများသုံးကောက်ချက်ကတော့ မူလသုတေသနပြထားတာထက် လွန်ကဲနေပါတယ်။

ကိုယ့်အရည်အချင်းကို တိုင်းတာရာမှာ ယိမ်းယိုင်မှုရှိသလို အချက်အလက်တွေရဲ့ အကောင်းအဆိုးကို အလေးချိန်ပေးရာမှာလည်း ယိမ်းယိုင်မှုရှိတတ်တယ်။ အလေးချိန်ချင်းတူတဲ့ အကောင်းဘက်နဲ့ အဆိုးဘက်အချက်အလက်နှစ်ခုအနက် အဆိုးဘက်အချက်အလက်က စိတ်ခံစားမှု၊ အကဲဖြတ်မှုနဲ့ မှတ်ဉာဏ်အပေါ် ပိုပြင်းပြင်းထန်ထန် သက်ရောက်တတ်တာကို အဆိုးဘက်အချက်အလက်အား ပိုအလေးပေးတဲ့ ဘက်လိုက်မှု (Negativity Bias) လို့ ခေါ်တယ်။ ဒီသဘောထားက အန္တရာယ်ကို မြန်မြန်သတိပြုနိုင်အောင် အကူအညီပေးပေမဲ့ အဆိုးဘက်အချက်တစ်ခုကို အခြားအထောက်အထားအားလုံးထက် လွန်လွန်ကဲကဲ အလေးပေးမိရင် အခြေအနေတစ်ခုလုံးကို မျှတစွာမမြင်နိုင်တော့ဘူး။ တစ်ကြိမ်ကျရှုံးခဲ့တာကြောင့် နောက်ထပ်ကြိုးစားမှုအားလုံးလည်း ကျရှုံးမယ်လို့ ယူဆတာ၊ ချို့ယွင်းချက်တစ်ခုကြောင့် လူတစ်ယောက်လုံးကို မကောင်းဘူးလို့ ဆုံးဖြတ်တာမျိုးတွေမှာ ဒီဘက်လိုက်မှုကို တွေ့နိုင်တယ်။

ဘက်လိုက်မှုတွေရဲ့ အမည်ကို သိထားရုံနဲ့ သူတို့ရဲ့လွှမ်းမိုးမှုကနေ လွတ်မြောက်သွားမှာတော့ မဟုတ်ဘူး။ ကိုယ်ယုံကြည်ထားတာ မှန်မမှန် စစ်ချင်ရင် ကိုယ့်အမြင်နဲ့ ကိုက်ညီတဲ့အချက်တွေချည်း ရှာမနေဘဲ ကိုယ်မှားနေနိုင်ကြောင်း ပြနေတဲ့အချက်တွေကိုပါ လိုက်ရှာကြည့်ဖို့လိုပါတယ်။ ခေါင်းထဲမှာ အလွယ်တကူပေါ်လာတဲ့ ဖြစ်ရပ်တွေကိုသာ အခြေခံမယ့်အစား အဖြစ်မှန် အရှိတရားရဲ့ အခြေခံကိန်းဂဏန်း၊ ဖြစ်ပွားနှုန်းနဲ့ ပိုကျယ်ပြန့်တဲ့အချက်အလက်တွေကို ပြန်စစ်သင့်ပါတယ်။ ရလဒ်မပေါ်ခင် ကိုယ့်ခန့်မှန်းချက်နဲ့ အကြောင်းပြချက်ကို မှတ်တမ်းတင်ထားခြင်း၊ အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကို ကိုယ်နဲ့အမြင်မတူသူတစ်ယောက်ဆီက အချက်အလက်တွေနဲ့ ပြန်လည်စစ်ဆေးစေခြင်းနဲ့ လူတစ်ယောက်ရဲ့အပြုအမူကို မဆုံးဖြတ်ခင် သူကြုံနေရနိုင်တဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားပေးခြင်းကလည်း ဘက်လိုက်မှုကို လျှော့ချပေးနိုင်တယ်။

အနှစ်ချုပ်ရမယ်ဆိုရင် ကျွန်တော်တို့ လွယ်လွယ်ကူကူလုပ်မိတတ်တာက အခြားသူတွေရဲ့ ဘက်လိုက်မှုကို လိုက်လံအမည်တပ်တာဖြစ်ပြီး အခက်ခဲဆုံးအရာကတော့ ကိုယ့်ယုံကြည်ချက်နဲ့ ဆုံးဖြတ်ချက်တွေထဲမှာ အလားတူယိမ်းယိုင်မှုတွေ ရှိနေကြောင်း လက်ခံဖို့ဖြစ်တယ်ဆိုတာပါပဲ။ လူ့စိတ်က အချိန်နဲ့ အာရုံစိုက်နိုင်မှု အကန့်အသတ်တွေကြားမှာ မြန်မြန်နားလည်ပြီး ဆုံးဖြတ်နိုင်အောင် အလုပ်လုပ်တဲ့အခါ ဒီယိမ်းယိုင်မှုတွေပါ အတူပေါ်လာတတ်ပါတယ်။ ဒါကြောင့် ဘက်လိုက်မှုလုံးဝကင်းစင်ဖို့ ကြိုးစားနေမယ့်အစား ကိုယ့်စိတ် ယိမ်းသွားနိုင်တဲ့နေရာတွေမှာ ပြန်လည်စစ်ဆေးနိုင်မယ့် နည်းလမ်းတွေကို ထည့်သွင်းအသုံးပြုနိုင်ဖို့က ပိုပြီးလက်တွေ့ကျပါတယ်။ ကိုယ့်စိတ်က ဘယ်နေရာမှာ ဘယ်လိုယိမ်းတတ်သလဲဆိုတာ သိပြီး ပြန်လည်စစ်ဆေးတတ်တဲ့အလေ့အကျင့်ကသာ အမှန်တရားနဲ့ ပိုနီးကပ်တဲ့ အကဲဖြတ်ချက်တွေနဲ့ ဆုံးဖြတ်ချက်တွေဆီ ရောက်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

ကိုယ့်ကိုယ်ကို အဆုံးသတ်မလား၊ ဒါမှမဟုတ် ကော်ဖီတစ်ခွက်သောက်ပြီး ဘဝကို ဆက်လက်ရင်ဆိုင်မလား ဟူသော စကားစုသည် ပြင်သစ်စာရေးဆရာနှ...
22/08/2026

ကိုယ့်ကိုယ်ကို အဆုံးသတ်မလား၊ ဒါမှမဟုတ် ကော်ဖီတစ်ခွက်သောက်ပြီး ဘဝကို ဆက်လက်ရင်ဆိုင်မလား ဟူသော စကားစုသည် ပြင်သစ်စာရေးဆရာနှင့် ဒဿနပညာရှင် အဲလ်ဘတ် ကမူး (Albert Camus) ၏ အမည်နှင့် ဆက်စပ်၍ လူသိများလာသော အဆိုတစ်ခု ဖြစ်သည်။ စကားလုံးအနည်းငယ်သာ ပါဝင်သော်လည်း ၎င်းအတွင်းတွင် လူသားတို့၏ တည်ရှိမှု၊ ဘဝ၏ အဓိပ္ပာယ်၊ နာကျင်မှုနှင့် ဆက်လက်ရှင်သန်ရန် ရွေးချယ်မှုတို့ဆိုင်ရာ နက်ရှိုင်းသော မေးခွန်းများ ပါဝင်နေသည်။
ကမူး၏ အတွေးအခေါ်ကို နားလည်ရန် အဓိကသော့ချက်မှာ အဓိပ္ပာယ်မဲ့မှု (The Absurd) ဟူသော အယူအဆဖြစ်သည်။ လူသားသည် မွေးရာပါအားဖြင့် မိမိဘဝအတွက် အဓိပ္ပာယ်တစ်ခု၊ ရည်ရွယ်ချက်တစ်ခု၊ အကြောင်းပြချက်တစ်ခုကို ရှာဖွေလိုသော သဘောရှိသည်။ ငါတို့ ဘာကြောင့် ဒီလောကထဲမှာ ရှိနေရတာလဲ၊ ဘဝရဲ့ အဆုံးစွန်ရည်ရွယ်ချက်က ဘာလဲ ဟူသော မေးခွန်းများကို လူသားသည် အမြဲမေးမြန်းနေတတ်သည်။ သို့သော် လောကကြီးသည် ထိုမေးခွန်းများအတွက် တိကျသောအဖြေတစ်ခုကို ပြန်လည်ပေးအပ်ခြင်းမရှိဘဲ တိတ်ဆိတ်နေပါသည်။ လူသား၏ အဓိပ္ပာယ်ရှာဖွေလိုစိတ်နှင့် လောကကြီး၏ တိတ်ဆိတ်မှုတို့ ထိပ်တိုက်တွေ့သည့် ထိုအခြေအနေကို ကမူးက The Absurd ဟု ခေါ်ခဲ့သည်။
ဤအခြေအနေကို သိမြင်လာသောအခါ လူသားအတွက် ပထမဆုံးပေါ်လာသော မေးခွန်းမှာ ဤမျှ အဓိပ္ပာယ်မဲ့နေသော ဘဝကို ဆက်လက်နေထိုင်ရန် အကြောင်းရှိသေးသလား ဆိုသည့် မေးခွန်း ဖြစ်လာသည်။ ကမူး၏ ထင်ရှားသော စာအုပ်ဖြစ်သည့် The Myth of Sisyphus တွင်လည်း သူက ဒဿနဆိုင်ရာ အရေးအကြီးဆုံး ပြဿနာမှာ မိမိကိုယ်ကို အဆုံးစီရင်ခြင်း ပြုလုပ်သင့်၊ မပြုလုပ်သင့် ဆိုသည့် ပြဿနာဖြစ်ကြောင်း စတင်ဆွေးနွေးခဲ့သည်။ သို့သော် သူ၏ အဖြေမှာ ရှင်းလင်းသည်။ အဓိပ္ပာယ်မဲ့မှုကို သိရှိသွားခြင်းသည် ဘဝကို စွန့်ပစ်ရန် အကြောင်းပြချက် မဟုတ်ပေ။
ကမူးအတွက် မိမိကိုယ်ကို အဆုံးသတ်ခြင်းသည် အဓိပ္ပာယ်မဲ့မှုကို ဖြေရှင်းခြင်းမဟုတ်ဘဲ ထိုအဓိပ္ပာယ်မဲ့မှုရှေ့မှောက်တွင် အရှုံးပေးလိုက်ခြင်း ဖြစ်သည်။ သူက လူသားသည် လောကကြီးထံမှ အဆင်သင့်ပေးထားသော အဓိပ္ပာယ်ကို မရနိုင်သော်လည်း ထိုအခြေအနေကို သိရှိလက်ခံပြီး မိမိဘဝကို ကိုယ်တိုင်ဖန်တီးနိုင်သည်ဟု ယုံကြည်ခဲ့သည်။ အဓိပ္ပာယ်မရှိနိုင်သော လောကထဲတွင်ပင် ဆက်လက်ရှင်သန်ရန် ရွေးချယ်ခြင်း၊ မိမိရင်ဆိုင်နေရသော အခက်အခဲများကို မျက်နှာမလွှဲဘဲ ရင်ဆိုင်ခြင်းသည်ပင် လူသား၏ ပုန်ကန်မှု (Revolt) ဖြစ်သည်။
ထို့ကြောင့် ကော်ဖီခွက် ဆိုသည့် ရိုးရှင်းသောအရာသည် ဤနေရာတွင် အလွန်နက်ရှိုင်းသော အဓိပ္ပာယ်တစ်ခုကို ရရှိလာသည်။ ကော်ဖီသည် ဘဝ၏ အကြီးမားဆုံး ပြဿနာများကို ဖြေရှင်းပေးနိုင်သည့် အရာမဟုတ်ပါ။ သို့သော် အလွန်လေးနက်သော မေးခွန်းများကြားထဲတွင်ပင် လူတစ်ဦးသည် လက်ရှိအချိန်၏ သေးငယ်သော အတွေ့အကြုံတစ်ခုကို ပြန်လည်ခံစားနိုင်ခြင်း၊ နေ့စဉ်ဘဝ၏ ရိုးရှင်းသောအလှတရားများကို တန်ဖိုးထားနိုင်ခြင်းသည် အသက်ရှင်နေထိုင်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
လူသားသည် ဘဝ၏ အဓိပ္ပာယ်ကို လောကကြီးထံမှ ရှာဖွေမတွေ့နိုင်သည့်အခါ မိမိကိုယ်တိုင် ဖန်တီးရမည်ဟု ကမူးက ဆိုလိုခဲ့သည်။ ကော်ဖီတစ်ခွက်၏ အရသာကို ခံစားခြင်း၊ နေရောင်ခြည်ကို ခံယူခြင်း၊ သီချင်းတစ်ပုဒ်ကို နားထောင်ခြင်း၊ မိတ်ဆွေတစ်ဦးနှင့် စကားပြောခြင်းတို့သည် အလွန်သေးငယ်သော လုပ်ရပ်များဖြစ်သော်လည်း လူသား၏ ပစ္စုပ္ပန်အတွေ့အကြုံကို အဓိပ္ပာယ်ရှိလာစေသော အရာများ ဖြစ်နိုင်သည်။
ထို့ကြောင့် ဤစကားစု၏ အနှစ်သာရမှာ ဘဝသည် အမြဲတမ်း အဓိပ္ပာယ်ပြည့်ဝနေရမည် ဟု ဆိုခြင်းမဟုတ်ပါ။ တစ်ခါတလေ ဘဝသည် အလွန်ခက်ခဲနိုင်သည်၊ အဓိပ္ပာယ်မဲ့သလိုလည်း ခံစားရနိုင်သည်။ သို့သော် ထိုအခြေအနေများကြားထဲတွင်ပင် ဆက်လက်ရှင်သန်ရန် ရွေးချယ်ခြင်း၊ သေးငယ်သောအရာများဖြင့် အသက်ရှင်ခြင်း၏ အလှတရားကို ရှာဖွေခြင်းသည် လူသား၏ အကြီးမားဆုံးသော လွတ်လပ်မှုတစ်ရပ် ဖြစ်လာသည်။
ထို့ကြောင့် ကမူး၏ ကော်ဖီတစ်ခွက် သည် ထို့ကြောင့် သာမန်အဖျော်ယမကာတစ်ခွက်သာ မဟုတ်ပါ။ ၎င်းသည် လောကကြီးက အဖြေမပေးသော်လည်း၊ ငါသည် ဆက်လက်ရှင်သန်ပြီး ငါ့ဘဝကို ငါကိုယ်တိုင် အဓိပ္ပာယ်ဖန်တီးမည် ဟူသော လူသား၏ တိတ်ဆိတ်သော်လည်း ခိုင်မာသော ကြေညာချက်တစ်ခု ဖြစ်လာခဲ့ပါသည်။

သိချင်စိတ် (Curiosity) ဆိုတာ မသိသေးတဲ့အရာတစ်ခုကို သိလိုခြင်းသာမက၊ ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းနောက်ကို လိုက်နိုင်တဲ့ လူသား...
21/08/2026

သိချင်စိတ် (Curiosity) ဆိုတာ မသိသေးတဲ့အရာတစ်ခုကို သိလိုခြင်းသာမက၊ ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းနောက်ကို လိုက်နိုင်တဲ့ လူသားရဲ့ အတွင်းစိတ်အားတစ်ရပ် ဖြစ်ပါတယ်။ လူသားတွေဟာ အန္တရာယ်ကို ရှောင်ရှားဖို့၊ ပတ်ဝန်းကျင်ကို နားလည်ဖို့နဲ့ ဘဝကို ပိုကောင်းအောင် ပြောင်းလဲဖို့ သိချင်စိတ်ကြောင့်ပဲ မသိမှုရဲ့ နယ်နိမိတ်တွေကို ကျော်ဖြတ်လာခဲ့ကြပါတယ်။

တစ်ခါတလေ သိချင်စိတ်က အဖြေမရှိသေးတဲ့ မေးခွန်းတွေကို ရင်ဆိုင်ရစေပြီး မသေချာမှုနဲ့ မသက်သာမှုတွေကို ခံနိုင်ရည်ရှိအောင် သင်ပေးပါတယ်။ သိချင်စိတ်မရှိတဲ့လူဟာ ရရှိပြီးသားအဖြေတွေနဲ့ ကျေနပ်နေနိုင်ပေမယ့် သိချင်စိတ်ရှိတဲ့လူကတော့ အဖြေရဲ့နောက်က မေးခွန်းအသစ်တွေကို ဆက်ရှာနေတတ်ပါတယ်။

လူ့သမိုင်းရဲ့ တိုးတက်မှုတိုင်းဟာ တစ်စုံတစ်ယောက်က ဒါက ဘာကြောင့်ဖြစ်တာလဲ လို့ မေးခဲ့ခြင်းကနေ စတင်ခဲ့တာပါ။ သိချင်စိတ်ဆိုတာ လူသားကို မသိမှုရဲ့ အမှောင်ထဲကနေ နားလည်မှုရဲ့ အလင်းဘက်ကို ခေါ်ဆောင်လာတဲ့ အင်အားတစ်ခု ဖြစ်ပါတယ်။

မြန်မာပြည်မှာ စီးပွားရေးအကြောင်း ပြောကြတဲ့အခါ ကြားရလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ တရုတ်တွေ၊ ကုလားတွေက စီးပွားရေးလုပ်တတ်...
21/08/2026

မြန်မာပြည်မှာ စီးပွားရေးအကြောင်း ပြောကြတဲ့အခါ ကြားရလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ တရုတ်တွေ၊ ကုလားတွေက စီးပွားရေးလုပ်တတ်တယ်။ ဗမာတွေက စီးပွားရေးမလုပ်တတ်ဘူး ဆိုတဲ့စကားပါ။ ဒီစကားကို ဖြစ်လာစေတဲ့ မြင်ကွင်းတွေကလည်း ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ မြို့ကြီးမြို့ငယ်တွေရဲ့ ကုန်စည်ဒိုင်၊ လက်ကားဈေး၊ ရွှေဆိုင်၊ အထည်ဆိုင်၊ စက်ပစ္စည်းနဲ့ ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်းတွေကို ကြည့်ရင် တရုတ်နွယ်ဖွား၊ အိန္ဒိယနွယ်ဖွား လုပ်ငန်းရှင်မိသားစုတွေကို တွေ့ရတတ်ပြီး အဖိုးလက်ထက်က ဆိုင်ကို အဖေကဆက်လုပ်၊ အဖေလက်ထက်က လုပ်ငန်းကို သားသမီးတွေက ထပ်ချဲ့သွားတဲ့ မိသားစုတွေကိုလည်း မြင်ရတတ်ပါတယ်။ ဒီလိုမြင်ကွင်းတွေကို အကြိမ်ကြိမ်မြင်လာတဲ့အခါ သူတို့က မွေးကတည်းက စီးပွားရေးဉာဏ်ပိုရှိလို့လား ဆိုတဲ့စဥ်းစားမှုက လွယ်လွယ်နဲ့ ပေါ်လာတတ်ပါတယ်။

ဒါပေမယ့် အဲဒီအဖြေဟာ ပြောရလွယ်သလောက် မမှန်ပါဘူး။ တရုတ်ဟာ မွေးကတည်းက စီးပွားရေးတော်တဲ့ လူမျိုးမဟုတ်သလို၊ အိန္ဒိယနွယ်ဖွားတွေကလည်း သွေးထဲမှာ ကုန်သည်ဉာဏ်ပါလာတဲ့ လူမျိုးမဟုတ်ပါဘူး။ ဗမာကလည်း သဘာဝအားဖြင့် စီးပွားရေးညံ့တဲ့ လူမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့ မြင်နေရတဲ့ ကွာခြားမှုကို နားလည်ဖို့ဆိုရင် လူတစ်ယောက်မှာ ဉာဏ်ဘယ်လောက်ရှိသလဲဆိုတာထက် စီးပွားရေးလုပ်တတ်အောင် သူ့ကို ဘယ်လိုပတ်ဝန်းကျင်က မွေးပေးခဲ့သလဲ၊ ရှေ့မျိုးဆက်ရဲ့ အတွေ့အကြုံကို နောက်မျိုးဆက်က ဘယ်လောက်ဆက်ယူနိုင်သလဲဆိုတာကို ကြည့်ရပါလိမ့်မယ်။ ဒီမေးခွန်းနဲ့ ပြန်ကြည့်လိုက်ရင် တရုတ်၊ ကုလား၊ ဗမာ ဆိုတဲ့ မြင်ပုံမြင်နည်းဟာ တခြားပုံစံတစ်မျိုးနဲ့ မြင်ရပါလိမ့်မယ်။

စီးပွားရေးလုပ်တတ်ခြင်းဟာ စာအုပ်ထဲကပညာတစ်ခုတည်း မဟုတ်ပါဘူး။ ဆိုင်တစ်ဆိုင်ဖွင့်ဖို့လည်း ငွေပင်ငွေရင်းတစ်ခုတည်း မလုံလောက်ဘဲ ကုန်ဘယ်မှာယူရမလဲ၊ ဘယ် supplier က ယုံရသလဲ၊ ဘယ် customer ကို အကြွေးပေးလို့ရသလဲ၊ ဘယ်ကုန်က အမြတ်နည်းပေမယ့် လည်ပတ်မြန်ပြီး ဘယ်ကုန်က အမြတ်များပေမယ့် ပိတ်မိနိုင်သလဲဆိုတာ ခွဲတတ်ရပါတယ်။ ဈေးကွက်အခြေအနေကို ခန့်မှန်းတတ်ရတယ်၊ ဖောက်သည်နဲ့ ဆက်ဆံရေးထိန်းတတ်ရတယ်၊ အရှုံးပေါ်တဲ့အချိန် ဘယ်လိုရပ်တည်ရမလဲ သိရတယ်၊ ငွေကို ဘယ်လိုလှည့်ရမလဲလည်း နားလည်ရပါတယ်။ ဒီလိုအသိပညာတွေထဲက အများစုကို MBA တက်မှ ရတာမဟုတ်ဘဲ ကုန်သည်မိသားစုထဲမှာ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ဟာ အဖေ့ဆိုင်မှာထိုင်ရင်း၊ လူကြီးတွေ ပြောဆိုဆုံးဖြတ်တာကို နေ့တိုင်းမြင်ရင်း တဖြည်းဖြည်း သင်ယူလာတာပါ။ အသက်နှစ်ဆယ်ကျော်လို့ ကိုယ်ပိုင်လုပ်ငန်း စတဲ့အချိန်မှာ သူဟာ စီးပွားရေးကို အသစ်စတာမှန်ပေမယ့် အသိပညာအရ သုညကစတာ မဟုတ်တော့ပါဘူး။

အဖေရဲ့အတွေ့အကြုံ၊ ဦးလေးရဲ့အဆက်အသွယ်၊ မိသားစုရဲ့နာမည်၊ ဆွေမျိုးရဲ့ ငွေကြေးအကူအညီနဲ့ အသိုင်းအဝိုင်းရဲ့ ယုံကြည်မှုတွေက သူ့နောက်မှာ ရှိနေပါတယ်။ စီးပွားရေးနဲ့ လူမှုဗေဒသုတေသနတွေမှာ ဒီလိုကွန်ယက်နဲ့ ယုံကြည်မှုကို social capital လို့ ခေါ်ကြပြီး လုပ်ငန်းတစ်ခုစဖို့ အရင်းအနှီးရခြင်း၊ supplier နဲ့ customer ရခြင်း၊ သတင်းအချက်အလက်ရခြင်းနဲ့ မိတ်ဖက်ရှာခြင်းတို့မှာ အရေးကြီးကြောင်း တွေ့ရှိထားကြပါတယ်။ အဲဒီအပြင် စာအုပ်ထဲမှာ အပြည့်အစုံရေးမထားနိုင်ဘဲ လက်တွေ့အတွေ့အကြုံထဲကနေ တဖြည်းဖြည်းရလာတဲ့ ဆုံးဖြတ်ချက်ချနိုင်မှု၊ လူအကဲခတ်နိုင်မှု၊ ဈေးကွက်အနံ့ခံနိုင်မှုမျိုးကို tacit knowledge လို့ ခေါ်နိုင်ပါတယ်။ စီးပွားရေးအသိုင်းအဝိုင်းတစ်ခုရဲ့ အားသာချက်ဟာ ပိုက်ဆံတင်မဟုတ်ဘဲ ဒီလို social capital နဲ့ tacit knowledge တွေကို မျိုးဆက်တစ်ဆက်က နောက်တစ်ဆက်ဆီ ဆက်ပေးနိုင်ခြင်းမှာလည်း ရှိပါတယ်။

မြန်မာပြည်က အိန္ဒိယနွယ်ဖွား ကုန်သည်အသိုင်းအဝိုင်းတချို့ကို ပြန်ကြည့်ရင် ဒီအချက်ကို သမိုင်းထဲမှာ ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ ဗြိတိသျှကိုလိုနီခေတ်မှာ မြန်မာပြည်ဟာ ဗြိတိသျှအိန္ဒိယစီးပွားရေးစနစ်ထဲ ထည့်သွင်းခံခဲ့ရပြီး အိန္ဒိယကနေ အလုပ်သမား၊ ဝန်ထမ်း၊ ကုန်သည်နဲ့ ငွေကြေးလုပ်ငန်းရှင်တွေ အများအပြား ဝင်လာခဲ့ကြပါတယ်။ အထင်ရှားဆုံးတွေထဲမှာ တောင်အိန္ဒိယက Nattukottai Chettiar၊ မြန်မာအခေါ် ချစ်တီးတွေ ပါဝင်ပြီး သူတို့ဟာ မြန်မာပြည်ရောက်မှ ငွေချေးလုပ်ငန်းကို ပထမဆုံးစမ်းကြည့်တဲ့လူတွေ မဟုတ်ဘဲ အိန္ဒိယမှာ ရှိနှင့်ပြီးသား ကုန်သွယ်ရေးနဲ့ ငွေကြေးကွန်ယက်ကို မြန်မာပြည်အထိ ချဲ့လာခဲ့ကြတာဖြစ်ပါတယ်။ Chettiar စနစ်ကို လေ့လာထားတဲ့ သုတေသနတွေကလည်း သူတို့ရဲ့အားသာချက်ကို တစ်ဦးချင်းဉာဏ်ပိုကောင်းခြင်းနဲ့ မမြင်ဘဲ၊ အသိုင်းအဝိုင်းအတွင်း ယုံကြည်မှု၊ အချင်းချင်းစောင့်ကြည့်နိုင်မှု၊ ချေးငွေကွန်ယက်နဲ့ အပြန်အလှန်ကူညီနိုင်တဲ့ စနစ်တို့နဲ့ ရှင်းပြထားပါတယ်။

တရုတ်နွယ်ဖွား ကုန်သည်တွေမှာလည်း အလားတူသမိုင်းရှိပါတယ်။ အရှေ့တောင်အာရှတစ်လျှောက် တရုတ်ကုန်သည်ကွန်ယက်တွေဟာ ကိုလိုနီခေတ်ရောက်မှ ရုတ်တရက်ပေါ်လာတာ မဟုတ်ဘဲ ကုန်သွယ်ရေးလမ်းကြောင်း၊ ငွေချေးစနစ်၊ မိသားစုနဲ့ ဒေသအလိုက်အဆက်အသွယ်၊ ဈေးကွက်သတင်းမျှဝေမှုတွေကို ရာစုနှစ်များစွာ စုပုံလာခဲ့တာဖြစ်ကြောင်း သမိုင်းသုတေသနတွေက ပြထားပါတယ်။ မြန်မာပြည်မြောက်ပိုင်းမှာလည်း ယူနန်နဲ့ မြန်မာပြည်ကြား ကုန်သွယ်ရေးလမ်းကြောင်းဟာ အချိန်ကြာမြင့်စွာ ရှိခဲ့ပြီး၊ ၁၉၆၂ ကနေ ၁၉၈၈ အတွင်း တရားဝင်ပုဂ္ဂလိကကုန်သွယ်ရေးကို အပြင်းအထန် ကန့်သတ်ထားချိန်မှာတောင် ယူနန်တရုတ်ကုန်သည်အချို့ဟာ မြန်မာ၊ ယူနန်နဲ့ ထိုင်းကို ဆက်ထားတဲ့ နယ်စပ်ကွန်ယက်တွေကနေ ဆက်လက်လုပ်ကိုင်နိုင်ခဲ့ကြောင်း Wen-Chin Chang ရဲ့ လေ့လာချက်က ဆိုထားပါတယ်။ နိုင်ငံတော်က တရားဝင်ဈေးကွက်ကို ပိတ်နိုင်ပေမယ့် ဘယ်ကုန်ဘယ်မှာရတယ်၊ ဘယ်လမ်းက ဘယ်သူနဲ့ဆက်ရတယ်၊ ဘယ်သူ့ကို ယုံလို့ရတယ်ဆိုတဲ့ အတွေ့အကြုံနဲ့ ဆက်ဆံရေးကိုတော့ တစ်ညတည်း ဖျက်စီးပစ်လို့မရပါဘူး။

ဒါဆို ဗမာတွေဘက်မှာ ဘာဖြစ်ခဲ့သလဲဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။ ဗမာတွေ မကြိုးစားလို့ ဆိုတဲ့အဖြေကို သုံးလိုက်ရင် မြန်မာ့စီးပွားရေးသမိုင်းရဲ့ အရေးကြီးဆုံးအပိုင်းကို လွတ်သွားနိုင်ပါတယ်။ Ian Brown ရဲ့ မြန်မာ့ကိုလိုနီစီးပွားရေးသမိုင်း လေ့လာချက်အရ ကိုလိုနီခေတ် မြန်မာပြည်မှာ စီးပွားရေးက ကြီးထွားလာခဲ့ပေမယ့် ဌာနေဗမာလူထုအတွင်း လယ်ယာကဏ္ဍအပြင်ဘက် ခိုင်မာတဲ့ ခေတ်မီလုပ်ငန်းရှင်အလွှာတစ်ခု အချိုးကျမကြီးထွားနိုင်ခဲ့ပါဘူး။ Azriel Fenichel ကလည်း ခေတ်မီစီးပွားရေးစနစ်တစ်ခု လည်ပတ်ဖို့လိုတဲ့ စီမံခန့်ခွဲမှုနဲ့ စီးပွားရေးကျွမ်းကျင်မှုတွေဟာ ဌာနေမြန်မာလူထုအတွင်း လုံလုံလောက်လောက် မဖွံ့ဖြိုးခဲ့ကြောင်း သုံးသပ်ထားပါတယ်။ လွတ်လပ်ရေးရချိန်မှာ မြန်မာနိုင်ငံဟာ ကိုယ်ပိုင်စီးပွားရေးကို တည်ဆောက်ရမယ့်အချိန် ရောက်လာပေမယ့် ကုန်သည်အတွေ့အကြုံ၊ ဘဏ်လုပ်ငန်း၊ စက်မှုစီမံခန့်ခွဲမှုနဲ့ လုပ်ငန်းရှင်အလွှာတို့မှာ ခိုင်မာတဲ့ အခြေခံမတည်ဆောက်နိုင်သေးတဲ့ အခြေအနေကို ကြုံခဲ့ရပါတယ်။

အဲဒီအခြေခံကို တဖြည်းဖြည်းတည်ဆောက်လာနိုင်မယ့်အချိန်မှာ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နောက်ထပ်ကြီးမားတဲ့ ဖြတ်တောက်မှုတစ်ခု ဖြစ်လာပါတယ်။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ် အောက်မှာ ဘဏ်၊ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အစိုးရပိုင်သိမ်းခဲ့ပြီး ၁၉၆၃ ခုနှစ် Enterprise Nationalization Law နောက်ပိုင်းမှာ ပုဂ္ဂလိကလုပ်ငန်းအသစ်တွေ ကြီးထွားလာနိုင်မယ့် နေရာကိုပါ ကျဉ်းသွားစေခဲ့ပါတယ်။ ဒီမူဝါဒတွေက တရုတ်နဲ့ အိန္ဒိယနွယ်ဖွား စီးပွားရေးအသိုင်းအဝိုင်းတွေကိုလည်း ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပြီး စီးပွားရေးကွန်ယက်အများအပြား ပြိုကွဲသွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအဖြစ်အပျက်ရဲ့ ဆုံးရှုံးမှုကို ဆိုင်တွေ၊ စက်ရုံတွေ၊ ငွေကြေးတွေ သိမ်းခံရတာလောက်နဲ့ပဲ တိုင်းတာလို့ မရပါဘူး။

လုပ်ငန်းတစ်ခု ပိတ်သွားတဲ့အခါ အဖေဆီကနေ သားဆီ လက်ဆင့်ကမ်းမယ့် အတွေ့အကြုံလည်း ပျောက်သွားနိုင်ပါတယ်။ ဝန်ထမ်းတစ်ယောက် အလုပ်လုပ်ရင်း မန်နေဂျာဖြစ်လာမယ့် လမ်းကြောင်း၊ လုပ်ငန်းရှင်တစ်ယောက်ဆီကနေ နောက်ထပ်လုပ်ငန်းရှင်တစ်ယောက် ထွက်လာမယ့် လမ်းကြောင်း၊ ဘဏ်နဲ့ စီးပွားရေးသမားကြား ယုံကြည်မှုတည်ဆောက်မယ့် အစဉ်အလာ၊ supplier နဲ့ customer ကွန်ယက်တွေဟာလည်း ကြားမှာ ပြတ်တောက်သွားပါတယ်။ မိသားစုတစ်စုက နှစ်ပေါင်းသုံးဆယ်၊ လေးဆယ်ကြာ စုဆောင်းရမယ့် စီးပွားရေးအတွေ့အကြုံဟာ မျိုးဆက်တစ်ခုအတွင်း ပြတ်သွားနိုင်ပြီး နောက်မျိုးဆက်က ထပ်ပြီး သုညနီးပါးက ပြန်စရပါတယ်။ ကုမ္ပဏီတစ်ခုကို အမျိုးသားပိုင်သိမ်းတဲ့နေ့မှာ အဆောက်အအုံနဲ့ စက်ပစ္စည်းကိုသာ သိမ်းယူလိုက်တာမဟုတ်ဘဲ နောင်နှစ်ပေါင်းနှစ်ဆယ်၊ သုံးဆယ်အတွင်း အဲဒီလုပ်ငန်းက မွေးထုတ်ပေးနိုင်မယ့် လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ၊ ကျွမ်းကျင်သူတွေကိုပါ မမြင်ရဘဲ ဆုံးရှုံးလိုက်ရနိုင်ပါတယ်။

၁၉၆၂ ကနေ ၁၉၈၈ အထိ တရားဝင်ပုဂ္ဂလိကကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းကို တားဆီးကန့်သတ်ထားတဲ့အခါ လူတွေ စီးပွားရေးမလုပ်တော့တာတော့ မဟုတ်ပါဘူး။ တရားမဝင်ဈေးကွက်နဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ကြီးထွားလာခဲ့တာက လူတွေမှာ ကုန်သွယ်နိုင်စွမ်း ပျောက်မသွားကြောင်း ပြပါတယ်။ ဒါပေမယ့် မှောင်ခိုဈေးကွက်က ဈေးကွက်အနံ့ခံတတ်တဲ့လူကို မွေးပေးနိုင်သလို တည်ငြိမ်တဲ့ ကုမ္ပဏီအုပ်ချုပ်မှု၊ စာရင်းစနစ်၊ ဘဏ်ငွေကြေး၊ ရှယ်ယာအရင်းအနှီး၊ လုပ်ငန်းဆက်ခံမှုနဲ့ နည်းပညာရင်းနှီးမြှုပ်နှံမှုတွေကိုတော့ အပြည့်အဝ မမွေးပေးနိုင်ပါဘူး။ ဒီလိုကျွမ်းကျင်မှုတွေ ကြီးထွားလာဖို့ဆိုရင် ပိုင်ဆိုင်မှုလုံခြုံမှု၊ ဥပဒေတည်ငြိမ်မှု၊ ဘဏ်စနစ်နဲ့ အချိန်ရှည်ရှည် လုပ်ငန်းတည်ဆောက်နိုင်မယ့် ပတ်ဝန်းကျင် လိုပါတယ်။ မြန်မာလူ့အဖွဲ့အစည်းကတော့ ဒီလိုအခြေအနေကို ဆယ်စုနှစ်များစွာ ဆက်တိုက် မရခဲ့ပါဘူး။

ဒါကြောင့် တရုတ်တစ်ယောက်နဲ့ ဗမာတစ်ယောက် တစ်ချိန်တည်း ဆိုင်စဖွင့်လိုက်တဲ့အခါ အပြင်ကကြည့်သလို လူနှစ်ယောက်တည်းကပဲ ပြိုင်နေကြတာ မဟုတ်ပါဘူး။ တစ်ယောက်ရဲ့အဖိုးက ကုန်သည်၊ အဖေကလည်း ကုန်သည်၊ ဦးလေးက နယ်စပ်ကုန်သွယ်ရေးလုပ်ပြီး မိသားစုမှာ supplier နဲ့ customer အဆက်အသွယ် ရှိပြီးသားဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ အဖေက ဝန်ထမ်း၊ အမေက တောင်သူဖြစ်ပြီး မိသားစုထဲမှာ ဘယ်သူမှ ကုန်မလုပ်ဖူးလို့ ပထမဆုံး supplier ကနေ ပထမဆုံးချေးငွေ၊ ပထမဆုံးအကြွေးဆုံးရှုံးမှုအထိ ကိုယ်တိုင်စမ်းသင်နေရနိုင်ပါတယ်။ ပထမလူနောက်မှာ မျိုးဆက်သုံးလေးဆက် စုပုံထားတဲ့ အတွေ့အကြုံနဲ့ ကွန်ယက်ရှိပြီး နောက်တစ်ယောက်က သူ့မျိုးဆက်မှာ ပထမဆုံးစနေတာဆိုရင် သူတို့နှစ်ယောက်ရဲ့ အောင်မြင်မှုကွာခြားချက်ကို တရုတ်က ပိုတော်တယ် ဆိုတဲ့ စကားတစ်ခွန်းနဲ့ ရှင်းလိုက်တာဟာ နောက်က အခြေအနေတစ်ခုလုံးကို မမြင်လိုက်ခြင်း ဖြစ်ပါတယ်။

ဒါဆို ဗမာတွေကို တရုတ်တွေလို ကြိုးစားစေလိုက်ရင် ရပြီ ဆိုတဲ့ အဖြေလည်း မလုံလောက်တော့ပါဘူး။ ဗမာလူငယ်တစ်ယောက် စီးပွားရေးလုပ်ချင်တဲ့အခါ မျိုးဆက်တိုင်း သုညကပြန်မစရအောင် လုပ်ငန်းရှင်ကောင်းဆီမှာ အလုပ်လုပ်ရင်း ပညာယူနိုင်တဲ့အခြေအနေ၊ လုပ်ငန်းအသေးကနေ အလတ်စားဖြစ်လာအောင် ငွေချေးနိုင်တဲ့ ဘဏ်စနစ်၊ ပိုင်ဆိုင်မှုကို လုံခြုံစေတဲ့ ဥပဒေ၊ ရေရှည်အစီအစဉ်ချနိုင်မယ့် မူဝါဒတည်ငြိမ်မှုနဲ့ လုပ်ငန်းရှင်အချင်းချင်း အတွေ့အကြုံမျှဝေနိုင်တဲ့ ကွန်ယက်တွေ လိုပါတယ်။ ဒီလိုစနစ်ကို ဆယ်နှစ်၊ နှစ်ဆယ်၊ သုံးဆယ် ဆက်ပြီးတည်ဆောက်နိုင်ရင် ဗမာတွေ စီးပွားရေးမတော်ဘူး ဆိုတဲ့စကားဟာ တဖြည်းဖြည်း အဓိပ္ပာယ်ပျောက်သွားနိုင်ပါတယ်။ ဗမာတွေ ရုတ်တရက် ဉာဏ်ပိုကောင်းလာလို့ မဟုတ်ဘဲ ဗမာတစ်ယောက်ရဲ့ ဉာဏ်နဲ့ အားထုတ်မှုကို စီးပွားရေးတတ်ကျွမ်းမှုအဖြစ် ပြောင်းပေးနိုင်တဲ့ ပတ်ဝန်းကျင် ရှိလာလို့ ဖြစ်ပါတယ်။

ဒီအမြင်ကို စီးပွားရေးတစ်ခုတည်းမှာပဲ ကန့်သတ်ထားစရာလည်း မရှိပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လိုပဲ ပညာရှင်တစ်ယောက်၊ အင်ဂျင်နီယာကောင်းတစ်ယောက်၊ ဆရာဝန်ကောင်းတစ်ယောက်၊ စာရေးဆရာကောင်းတစ်ယောက်၊ သိပ္ပံပညာရှင်ကောင်းတစ်ယောက် ဖြစ်လာဖို့လည်း ရှေ့လူလုပ်ခဲ့တာကို နောက်လူက ဆက်ယူနိုင်တဲ့ ပတ်ဝန်းကျင် လိုပါတယ်။ လူတော်တွေဟာ ကောင်းကင်ပေါ်က ကျလာတာမဟုတ်ဘဲ ရှေ့မျိုးဆက်ရဲ့ အသိပညာ၊ အတွေ့အကြုံနဲ့ အဖွဲ့အစည်းတွေကို နောက်မျိုးဆက်က ဆက်ယူပြီး ထပ်တိုးနိုင်တဲ့ လူ့အဖွဲ့အစည်းထဲကနေ ပေါ်လာကြတာပါ။ ဒါကြောင့် လူမျိုးတစ်မျိုးက ဘာကြောင့်တော်သလဲဆိုတာ သိချင်ရင် သူတို့ရဲ့သွေးကို ကြည့်မယ့်အစား မိသားစုတွေ၊ လုပ်ငန်းတွေ၊ ကျောင်းတွေ၊ အသင်းအဖွဲ့တွေ၊ ဘဏ်တွေ၊ ဥပဒေတွေနဲ့ ယုံကြည်မှုကွန်ယက်တွေက မျိုးဆက်တစ်ခုက နောက်မျိုးဆက်တစ်ခုဆီ ဘာတွေ ဆက်ပေးနိုင်သလဲဆိုတာကိုပါ ကြည့်သင့်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခု တကယ်ဆင်းရဲသွားတာဟာ စီးပွားပျက်သွားတဲ့အချိန်တစ်ခုတည်း မဟုတ်ဘဲ မနေ့ကလူ သိထားတာကို ဒီနေ့လူက ဆက်မယူနိုင်တော့ဘဲ မျိုးဆက်ပြတ်ပြီး သုညက ပြန်စနေရတဲ့အချိန်မှာ ဖြစ်ပါတယ်။

စိတ်တွေ အလွန်အမင်း မွန်းကျပ်ပြီး ပင်ပန်းလာတဲ့အခါ ပထမဆုံးလုပ်သင့်တာက ပြဿနာတွေကို ချက်ချင်းဖြေရှင်းဖို့ ကြိုးစားခြင်း မဟုတ...
21/08/2026

စိတ်တွေ အလွန်အမင်း မွန်းကျပ်ပြီး ပင်ပန်းလာတဲ့အခါ ပထမဆုံးလုပ်သင့်တာက ပြဿနာတွေကို ချက်ချင်းဖြေရှင်းဖို့ ကြိုးစားခြင်း မဟုတ်ပါဘူး။ စိတ်ဖိစီးမှုများလွန်းတဲ့အချိန်မှာ အာရုံစူးစိုက်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းနဲ့ စိတ်ခံစားချက်ကို ထိန်းညှိနိုင်စွမ်းတွေ အားနည်းလာတတ်ပါတယ်။ ဒီလိုအချိန်မှာ မပြီးသေးတဲ့အလုပ်တွေ၊ ဖြေရှင်းရမယ့်ပြဿနာတွေကို တစ်ခါတည်း ပြန်ကိုင်ဖို့ ကြိုးစားရင် ရှိပြီးသားပင်ပန်းမှုအပေါ် နောက်ထပ်ဖိအားတစ်ခု ထပ်တင်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် ခဏရပ်ပြီး အနားယူဖို့ လိုပါတယ်။ ဒါပေမယ့် အနားယူခြင်းဆိုတာ ဘဝကနေ ထွက်ပြေးခြင်းနဲ့ မတူပါဘူး။ ရုပ်ရှင်ကြည့်တာ၊ ဂိမ်းကစားတာ၊ အိပ်တာ၊ စာဖတ်တာ၊ လမ်းလျှောက်တာတို့ထဲက ဘယ်အရာကို လုပ်တယ်ဆိုတာထက် အဲဒီလုပ်ရပ်က ကိုယ့်အတွက် ဘယ်လိုအလုပ်လုပ်ပေးနေသလဲဆိုတာက ပိုအရေးကြီးပါတယ်။

ရုပ်ရှင်တစ်ကားကြည့်ပြီးတဲ့နောက် စိတ်နည်းနည်းပေါ့ပါးလာတယ်၊ ကိုယ့်အခြေအနေကို ပိုရှင်းရှင်းလင်းလင်း မြင်လာတယ်၊ မနက်ဖြန်လုပ်ရမယ့်အရာတစ်ခုကို ပြန်ကိုင်နိုင်မယ့် အားနည်းနည်း ရလာတယ်ဆိုရင် အဲဒီအနားယူမှုက ကိုယ့်ကို ပြန်လည်အားဖြည့်ပေးနေပါတယ်။ တစ်ဖက်မှာတော့ ရပ်လိုက်တိုင်း အပြစ်ရှိစိတ်ပိုတက်လာတယ်၊ လုပ်စရာတွေကို ဆက်တိုက်ရွှေ့နေတယ်၊ လက်တွေ့ဘဝထဲ ပြန်မဝင်ချင်တော့ဘဲ အဲဒီအရာထဲမှာပဲ ဆက်နစ်မြုပ်ချင်နေတယ်ဆိုရင် အနားယူခြင်းက တဖြည်းဖြည်း ရှောင်လွှဲရာနေရာတစ်ခု ဖြစ်လာနေပြီလို့ သတိထားဖို့ လိုပါတယ်။

အနားယူပြီး စိတ်နည်းနည်းကြည်လင်လာတဲ့အခါမှာလည်း ပုံမှန်ဘဝဆီ ပြန်သွားဖို့ ပြဿနာအားလုံးကို တစ်ခါတည်း ဖြေရှင်းစရာ မလိုပါဘူး။ ရေချိုးလိုက်တာ၊ အခန်းလေး နည်းနည်းရှင်းလိုက်တာ၊ အစာတစ်ခုစားလိုက်တာ၊ မဖြေထားတဲ့ message တစ်ခု ပြန်ဖြေတာ၊ အလုပ်တစ်ခုကို ဆယ်မိနစ်လောက် ပြန်ကိုင်တာမျိုးကနေ စလို့ရပါတယ်။ စိတ်တွေ လုံးဝကောင်းသွားမှ ဘဝထဲ ပြန်ဝင်ရမယ်လို့ စောင့်နေမယ်ဆိုရင် ပြန်စဖို့က ပိုခက်လာတတ်ပါတယ်။

အနားယူခြင်းရဲ့ ရည်ရွယ်ချက်က ကိုယ့်ကိုယ်ကိုယ် တစ်ခါတည်း ပြန်ကောင်းအောင်လုပ်ဖို့ မဟုတ်ပါဘူး။ နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းနိုင်လောက်အောင် အားပြန်ဖြည့်ပေးဖို့ ဖြစ်ပါတယ်။ တစ်ခါတလေ အနားယူပြီးနောက်လည်း ပြဿနာတွေ မပျောက်သေးပါဘူး။ ဒါပေမယ့် အဲဒီပြဿနာတွေကို ကိုင်တွယ်နိုင်မယ့် အင်အားနည်းနည်း ပြန်ရလာတာကပဲ အရေးကြီးပါတယ်။

ပုံမှန်ဘဝဆီ ပြန်လာခြင်းဆိုတာ ဘဝတစ်ခုလုံးကို တစ်နေ့တည်းနဲ့ ပြန်ပြင်လိုက်ခြင်း မဟုတ်ပါဘူး။ ပင်ပန်းလွန်းလို့ ခဏရပ်လိုက်ပြီး၊ ကိုယ့်ကို တကယ်အားဖြည့်ပေးတဲ့နည်းနဲ့ အနားယူကာ၊ အားနည်းနည်းပြန်ရလာတဲ့အခါ ကိုယ်လုပ်နိုင်တဲ့ အရာအသေးဆုံးတစ်ခုကို ပြန်လုပ်ခြင်းကနေ စတင်တာပါ။

ညီတော်နန္ဒ သို့မဟုတ် ရပ်တန့်သွားသော စိတ်၏လိုအင်ညီတော်နန္ဒ၏အကြောင်းကို ခုဒ္ဒကနိကာယ်၊ ဥဒါနပါဠိတော်၊ နန္ဒဝဂ်၊ နန္ဒသုတ်တွင် ...
20/08/2026

ညီတော်နန္ဒ သို့မဟုတ် ရပ်တန့်သွားသော စိတ်၏လိုအင်

ညီတော်နန္ဒ၏အကြောင်းကို ခုဒ္ဒကနိကာယ်၊ ဥဒါနပါဠိတော်၊ နန္ဒဝဂ်၊ နန္ဒသုတ်တွင် တွေ့ရသည်။ နန္ဒ ရဟန်းပြုလာပုံ၊ ဇနပဒကလျာဏီ၊ မီးလောင်ဒဏ်ခံထားရသော မျောက်မနှင့် နတ်သမီးငါးရာတို့ပါဝင်သည့် ဇာတ်ကွက်များကိုတော့ ဓမ္မပဒအဋ္ဌကထာ၊ နန္ဒတ္ထေရဝတ္ထုတွင် ပိုမိုပြည့်စုံစွာ ဖော်ပြထားသည်။

ဤဇာတ်၏ စိတ်ဝင်စားဖွယ်အချက်မှာ နန္ဒသည် အချစ်တစ်ခုကို စွန့်လွှတ်နိုင်သွားခြင်းမျှ မဟုတ်ပေ။ သူ၏လိုချင်မှုသည် အရာတစ်ခုမှ နောက်တစ်ခုဆီ မည်သို့ရွေ့သွားသလဲ၊ တစ်ချိန်က မရမနေနိုင်ဟု ထင်ခဲ့သည့်အရာသည် ပိုကောင်းသည်ဟု ယူဆရသော အရာတစ်ခု ပေါ်လာသည်နှင့် မည်မျှလွယ်ကူစွာ တန်ဖိုးကျသွားနိုင်သလဲဆိုတာကို ဇာတ်တစ်လျှောက် ရှင်းရှင်းလင်းလင်း မြင်ရခြင်ပင်ဖြစ်သည်။

ဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ကပိလဝတ်သို့ ပြန်လည်ကြွလာတော်မူသောအချိန်တွင် နန္ဒ၏ဘဝကလည်း အပြောင်းအလဲကြီးတစ်ခု စတင်မည့်အချိန်နှင့် တိုက်ဆိုင်နေသည်။ ဓမ္မပဒအဋ္ဌကထာအရ ကပိလဝတ်သို့ ရောက်ပြီး တတိယနေ့တွင် နန္ဒ၏ မင်းမြှောက်ပွဲ၊ အိမ်သစ်တက်ပွဲနှင့် လက်ထပ်မင်္ဂလာဆိုင်ရာ အခမ်းအနားများ ကျင်းပလျက်ရှိသည်။ သူ့ရှေ့တွင် မင်းစည်းစိမ်၊ အိမ်ထောင်ရေးနှင့် သူချစ်မြတ်နိုးသော ဇနပဒကလျာဏီတို့ရှိနေသည်။

ထိုနေ့တွင် ဘုရားရှင်သည် နန္ဒ၏နန်းအိမ်သို့ ဆွမ်းခံကြွလာတော်မူသည်။ ဆွမ်းဘုဉ်းပေးပြီးသောအခါ သပိတ်တော်ကို နန္ဒ၏လက်ထဲ ထည့်ပေး၍ ထွက်ခွာသွားသည်။ နန္ဒက သပိတ်တော်ကို ပြန်လည်ဆက်ကပ်ရန် နောက်မှလိုက်လာသည်။ လှေကားထိပ်ရောက်လျှင် ပြန်ယူမည်ဟု ထင်သည်။ မယူသေးသဖြင့် လှေကားအောက်ရောက်လျှင် ယူလိမ့်မည်ဟု မျှော်သည်။ ထိုမှတစ်ဆင့် နန်းဝင်းအပြင်သို့ ရောက်သည်အထိ ဘုရားရှင်က သပိတ်တော်ကို ပြန်မယူသေးပေ။

နန္ဒ၏စိတ်ကတော့ နောက်မှလိုက်လာသည့်လမ်းတစ်လျှောက် ကပိလဝတ်သို့ ပြန်ချင်နေသည်။ သို့သော် ဘုရားရှင်အပေါ်ထားသည့် လေးစားကြည်ညိုမှုကြောင့် ပြန်သွားလိုကြောင်းပင် ဖွင့်မပြောဝံ့ခဲ့ကြောင်း အဋ္ဌကထာက ဆိုသည်။ ထို့ကြောင့် နန္ဒ၏ ရဟန်းဘဝအစမှာ မိမိကိုယ်တိုင် လောကီဘဝကို ငြီးငွေ့၍ စွန့်ခွာလာသူတစ်ယောက်၏ အစမျိုး မဟုတ်ခဲ့ပေ။ ကိုယ်က ရှေ့သို့ လိုက်လာရသော်လည်း စိတ်က နောက်တွင်ကျန်ခဲ့သည့် လူတစ်ယောက်၏ အစဖြစ်သည်။

ဘုရားရှင်က နန္ဒကို ခေါ်ဆောင်သွားပြီဟု သိသောအခါ ဇနပဒကလျာဏီသည် ဆံပင်ပင် အပြီးမဖြီးရသေးဘဲ ပြေးထွက်လာပြီး နန္ဒကို မြန်မြန်ပြန်လာရန် လှမ်းမှာလိုက်သည်ဟု အဋ္ဌကထာတွင် ဖော်ပြထားသည်။ နန္ဒက ထိုစကားကို မမေ့နိုင်ခဲ့ပေ။

ရဟန်းဖြစ်ပြီးနောက် ဇေတဝန်ကျောင်းတွင် နေထိုင်နေချိန်အထိ ကပိလဝတ်တွင် ကျန်ခဲ့သော ဇနပဒကလျာဏီ၏ပုံရိပ်သည် သူ့စိတ်ထဲမှ မပျောက်သေး။ ဥဒါန ၃.၂ တွင်လည်း နန္ဒက ထိုအမျိုးသမီးကို အမှတ်ရနေခြင်းကြောင့် ဗြဟ္မစရိယအကျင့်၌ မပျော်တော့ကြောင်း၊ သိက္ခာကိုစွန့်၍ လူ့ဘဝသို့ ပြန်လိုကြောင်း ဖွင့်ဟပြောဆိုထားသည်။

နန္ဒ၏အခက်အခဲမှာ သူချစ်သောမိန်းကလေးနှင့် ဝေးနေရခြင်းဖြစ်သည်။ သူ့အတွေးထဲတွင်တော့ ပြဿနာ၏အဖြေကလည်း ရှင်းသည်။ ဇနပဒကလျာဏီဆီ ပြန်ရောက်လျှင် သူပြန်ပျော်နိုင်မည်ဟု ထင်ထားသည်။

ဘုရားရှင်သည် အကြောင်းကိုသိတော်မူသောအခါ နန္ဒကို ခေါ်မေးသည်။ နန္ဒကလည်း ဖုံးကွယ်ခြင်းမရှိဘဲ မိမိ၏စိတ်အခြေအနေကို လျှောက်ထားသည်။ ထိုအခါ ဘုရားရှင်သည် ကာမဂုဏ်၏အပြစ်များကို ရှည်လျားစွာ ဟောပြောနေခြင်းထက် နန္ဒ၏အမြင်ကို တိုက်ရိုက်ပြောင်းလဲစေမည့် အတွေ့အကြုံတစ်ခုဆီ ခေါ်ဆောင်သွားလေသည်။

ဓမ္မပဒအဋ္ဌကထာအရ တာဝတိံသာသို့သွားရာ လမ်းခရီးတွင် မီးလောင်ထားသော နေရာတစ်ခု၌ နား၊ နှာခေါင်းနှင့် အမြီးတို့ ပျက်စီးနေသော မျောက်မတစ်ကောင်ကို တွေ့ရသည်။ ဘုရားရှင်က နန္ဒကို ထိုမျောက်မအား သေချာမှတ်ထားစေပြီး နတ်ပြည်သို့ ဆက်လက်ခေါ်ဆောင်သွားသည်။

တာဝတိံသာရောက်သောအခါ နန္ဒသည် သိကြားမင်းအား ခစားရန် ရောက်ရှိနေသော နတ်သမီးငါးရာကို တွေ့မြင်ရသည်။

ဘုရားရှင်က ဇနပဒကလျာဏီနှင့် ထိုနတ်သမီးများအနက် မည်သူတို့ ပိုလှသနည်းဟု မေးသောအခါ နန္ဒ၏အဖြေမှာ အလွန်ပြင်းထန်သည်။ ယခင်က မမေ့နိုင်လောက်အောင် လှပခဲ့သော ဇနပဒကလျာဏီသည် ယခုနတ်သမီးများနှင့် နှိုင်းယှဉ်လိုက်လျှင် မီးလောင်ဒဏ်ခံထားရသော မျောက်မနှင့်တူသွားသည်ဟု ဆိုသည်။

ဇနပဒကလျာဏီ၏ ရုပ်ရည်သည် ထိုအချိန်အတွင်း ဘာတစ်ခုမျှ ပြောင်းမသွားခဲ့ပေ။ ပြောင်းသွားသည်မှာ နန္ဒ၏ နှိုင်းယှဉ်စံသာ ဖြစ်သည်။

လူတို့၏ တန်ဖိုးဖြတ်မှုသည် အရာတစ်ခု၏ ပင်ကိုဂုဏ်သတ္တိပေါ်မှာသာ တည်နေခြင်းမဟုတ်ဘဲ ဘာနှင့်ယှဉ်ကြည့်နေသလဲဆိုသည့် အခြေအနေကြောင့်လည်း ပြောင်းလဲတတ်သည်။ ခေတ်သစ်စိတ်ပညာတွင် ဆွဲဆောင်မှုအကဲဖြတ်ရာ၌ပင် ပိုမိုဆွဲဆောင်မှုရှိသော မျက်နှာများကို အရင်မြင်ထားသူက နောက်မှမြင်ရသော မျက်နှာကို ပိုနိမ့်၍ အကဲဖြတ်တတ်သည့် contrast effect မျိုးကို လေ့လာတွေ့ရှိထားသည်။ နန္ဒ၏ဇာတ်တွင်လည်း ထိုသဘောကို အလွန်ပြတ်သားစွာ မြင်ရသည်။ တစ်ချိန်က အကောင်းဆုံးဟု ထင်ခဲ့သောအရာသည် ပိုကောင်းသည်ဟု ယူဆရသော အရာတစ်ခု ပေါ်လာသည်နှင့် အရင်လို မကောင်းတော့ပေ။ သို့သော် နန္ဒ၏လိုချင်မှု ပျောက်သွားခြင်း မဟုတ်သေး။

ဇနပဒကလျာဏီကို လိုချင်သည့်ဆန္ဒ အားလျော့သွားသည့်နေရာတွင် နတ်သမီးငါးရာကို လိုချင်သည့်ဆန္ဒက ဝင်လာသည်။ လိုချင်သည့်အရာသာ ပြောင်းသွားပြီး လိုချင်နေသောစိတ်ကတော့ ဆက်ရှိနေသည်။

ဘုရားရှင်က နန္ဒအား နတ်သမီးငါးရာ ရရှိစေရန် အာမခံမည်ဟု မိန့်တော်မူရာ နန္ဒကလည်း ထိုသို့ဆိုပါက ရဟန်းဘဝတွင် ကြိုးစားကျင့်ကြံပါမည်ဟု လက်ခံသည်။

ဇေတဝန်သို့ ပြန်ရောက်သောအခါ နန္ဒသည် အရင်လို ရဟန်းဘဝမှ ထွက်ချင်နေသူ မဟုတ်တော့ပေ။ သူတရားအားထုတ်လာသည်။ သို့သော် သူ့အားထုတ်မှု၏နောက်တွင် လွတ်မြောက်မှုထက် နတ်သမီးငါးရာဆိုသော ဆုလာဘ်ကရှိနေသေးသည်။

နန္ဒနှင့် ရင်းနှီးသော ရဟန်းများက ထိုအကြောင်းကို သိသောအခါ သူ့အား နတ်သမီးများရရန် အခစားလုပ်နေသူ၊ အငှားသမားတစ်ယောက်သဖွယ် ပြောဆိုကြသည်။ နန္ဒသည် ထိုစကားကြောင့် အရှက်ရပြီး မချမ်းမသာဖြစ်လာသည်။

ထိုစကားက နန္ဒအား မိမိလုပ်နေသည့်အရာကို အခြားသူ၏မျက်လုံးမှတစ်ဆင့် ပြန်မြင်စေခဲ့သည်ဟု ရှုမြင်နိုင်သည်။ သူသည် တရားကျင့်နေသည်မှာ မှန်သည်။ သို့သော် ဘာကြောင့် ကျင့်နေသနည်း ဆိုသော မေးခွန်းကို ရှောင်၍မရတော့ပေ။ ပြင်ပမှကြည့်လိုက်သောအခါ မိမိ၏အားထုတ်မှုကို မောင်းနှင်နေသည့် ဆန္ဒသည် ယခင်ဇနပဒကလျာဏီအပေါ် တပ်မက်မှုနှင့် ပုံစံချင်းမတူသော်လည်း အခြေခံသဘောတရားမှာ များစွာ မပြောင်းသေးကြောင်း မြင်လာရသည်။

ထို့နောက် နန္ဒသည် ဆိတ်ငြိမ်ရာသို့ သွား၍ တစ်ပါးတည်း မမေ့မလျော့ ကြိုးစားအားထုတ်သည်။ ဥဒါန ၃.၂ အရ မကြာမီ သူသည် အာသဝေါတရားတို့ ကုန်ခန်း၍ ရဟန္တာဖြစ်သွားသည်။ နောက်ဆုံး နန္ဒသည် ဘုရားရှင်ထံ ပြန်လာသည်။

တစ်ချိန်က အလွန်လိုချင်ခဲ့သည့် နတ်သမီးငါးရာကို တောင်းရန် မဟုတ်တော့ပေ။ နတ်သမီးငါးရာ ရရှိစေရန် အာမခံထားသော ကတိမှ ဘုရားရှင်ကို ကင်းလွှတ်ပေးပါကြောင်း လျှောက်ထားရန် ဖြစ်သည်။ ဘုရားရှင်ကလည်း နန္ဒ၏စိတ် အာသဝေါတို့မှ လွတ်မြောက်သည့်အချိန်ကတည်းက ထိုကတိမှ မိမိလည်း လွတ်ပြီးဖြစ်ကြောင်း မိန့်တော်မူသည်။

နန္ဒ၏ဇာတ်ကို အစမှအဆုံးကြည့်လျှင် လူ့ဆန္ဒ၏ သဘောကို ထင်ရှားစွာ မြင်ရသည်။

အစတွင် နန္ဒက ဇနပဒကလျာဏီကို လိုချင်သည်။ ထိုအချိန်က သူ့အတွက် ဇနပဒကလျာဏီထက် ပိုကောင်းသောအရာ မရှိသလောက် ဖြစ်သည်။ နတ်သမီးများကို မြင်လိုက်သောအခါ ဇနပဒကလျာဏီ၏ တန်ဖိုးက ချက်ချင်းကျသွားပြီး နတ်သမီးများက နေရာယူသည်။ နတ်သမီးများကိုရရန် ကြိုးစားနေသည့်အချိန်တွင် နန္ဒ၏အပြဿနာမှာလည်း မပြောင်းသေးပေ။ သူ့စိတ်က ငါလိုချင်တာကို ဘယ်လိုရမလဲ ဆိုသည့် မေးခွန်းအောက်မှာ ဆက်လက်ရွေ့လျားနေဆဲဖြစ်သည်။

လူ့ဆန္ဒ၏ ပြဿနာမှာ လိုချင်တာကို မရခြင်းတစ်ခုတည်း မဟုတ်ပါ။ ရပြီးလျှင်ဖြစ်စေ၊ မရသေးမီ ပိုကောင်းသည်ဟု ထင်ရသော အရာတစ်ခုကို မြင်လိုက်လျှင်ဖြစ်စေ လိုချင်မှုက နောက်တစ်နေရာဆီ ထပ်ရွေ့သွားနိုင်ပါသည်။ မနေ့က ဒါလေးရရင် ပြည့်စုံပြီ ဟု ထင်ခဲ့သောအရာသည် ဒီနေ့တွင် နောက်ထပ်နှိုင်းယှဉ်စရာတစ်ခု ပေါ်လာသည်နှင့် မလုံလောက်တော့ပေ။

ထိုသဘောကို နန္ဒ၏ဇာတ်က အလွန်ရှင်းလင်းစွာ ပြထားသည်။ ဇနပဒကလျာဏီကို မရခြင်းကြောင့် သူဒုက္ခရောက်ခဲ့ရသည်။ ထို့နောက် ဇနပဒကလျာဏီထက် ပိုလိုချင်စရာကောင်းသည်ဟု မြင်သော နတ်သမီးများ ပေါ်လာသည်။ အကယ်၍ နန္ဒ၏ဇာတ်က နတ်သမီးငါးရာကို ရသွားသည့်နေရာတွင် အဆုံးသတ်ခဲ့လျှင် သူ၏လိုချင်မှုက ဖြေရှင်းပြီးပြီဟု ဆိုရန်ပင် ခက်လိမ့်မည်။ နောက်ထပ် ပိုကောင်းသည်ဟု ထင်ရသော အရာတစ်ခု မပေါ်လာတော့မည်ဟု မည်သူမျှ အာမခံနိုင်သောကြောင့်ဖြစ်သည်။

နန္ဒ၏ဇာတ်အဆုံးမှာတော့ အဆုံးမရှိသော ထိုဆန္ဒ၏လမ်းကြောင်းကို ဖြတ်သွားသည်။ သူသည် နတ်သမီးများထက် ပိုလှသော အရာတစ်ခုကို ထပ်တွေ့သဖြင့် နတ်သမီးများကို မလိုတော့ခြင်း မဟုတ်ပေ။ လိုချင်သည့်အရာကို အမြဲတမ်း လိုက်ပြောင်းနေရသော စိတ်၏လက်အောက်မှ လွတ်မြောက်လာခြင်းပင်ဖြစ်သည်။

ထို့ကြောင့် နန္ဒ၏ဇာတ်မှာ လိုချင်တာကို ဘယ်လိုရအောင်လုပ်မလဲ ဆိုသည့် မေးခွန်းထက် ပိုနက်သော မေးခွန်းတစ်ခုကို ချန်ထားခဲ့ပါသည်။

မိမိလိုချင်နေသည့်အရာက အမှန်တကယ် မရှိမဖြစ်လိုအပ်သောအရာဖြစ်သလား၊ သို့မဟုတ် မိမိရှေ့တွင် ပေါ်လာသည့် နှိုင်းယှဉ်စရာအသစ်တိုင်းနောက် လိုချင်မှုက ဆက်ပြောင်းလဲလိုချင်နေဦးမည်လား။

နန္ဒ၏ဘဝအစတွင် သူ၏စိတ်ကို ငါဘာကို ရမလဲ ဆိုသော မေးခွန်းက မောင်းနှင်ခဲ့သည်။ ဇာတ်အဆုံးတွင်တော့ သူ၏အဖြေသည် ပိုကောင်းသောဆုလာဘ်တစ်ခုကို ရရှိခြင်းမဟုတ်တော့ဘဲ တစ်ချိန်က မရလျှင်မနေနိုင်ဟု ထင်ခဲ့သည့် အရာများကို မလိုအပ်တော့နိုင်သည့် လွတ်လပ်မှုဆီ ရောက်သွားခဲ့ခြင်းပင်ဖြစ်လေသည်။

ที่อยู่

Phuket

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KSM Insightsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์