20/09/2025
                                            အောင်မြင်မှုရဖို့ လွယ်လွယ်နဲ့ တည်ဆောက်ခဲ့ရတာမျိုး မဟုတ်ခဲ့တဲ့ ဥဇဘက်ကစ္စတန်
ဥဇဘက်ကစ္စတန်က သူတို့ရဲ့သမိုင်းတလျောက်မှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ဝင်ခွင့်ရခဲ့တယ်။ 
ဒါပေမယ့် ဘယ်သူမှ မသိခဲ့တာက အဲဒီ အောင်မြင်မှုရဲ့နောက်ကွယ်မှာ နိုင်ငံရဲ့ပံ့ပိုးကူညီမှုတွေ အများကြီး ရှိခဲ့တယ်ဆိုတာပါပဲ။
ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေကို ထပ်ခါထပ်ခါ ကျရှုံးပြီးတဲ့နောက် ၂၀၁၇ ခုနှစ်မှာ ဥဇဘက်ဘောလုံးအဖွဲ့ချုပ်က သူတို့ရဲ့ စီမံကိန်းတွေကို စပြီး အကောင်အထည် ဖော်ခဲ့တယ်။
သူတို့ရဲ့ အဓိက ရည်မှန်းချက်တွေကတော့ ဒီနှစ်ခုပေါ့။
 ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့
 ၂၀၃၀ မှာ ထိပ်တန်းနိုင်ငံ ၅၀ ထဲ ပါနိုင်ဖို့
 အရင်ဆုံး သူတို့ရဲ့ ပြည်တွင်းလိဂ်ကို ပြန်လည်တည်ဆောက်တယ်။ တတိယတန်းအဆင့် ပြိုင်ပွဲအထိ ရှိလာအောင်၊ တန်းတက်တန်းဆင်းစနစ် အကောင်အထည်ဖော်နိုင်အောင် လုပ်တယ်။
 ခေတ်မှီတဲ့ အခြေခံ အဆောက်အဦးတွေ တည်ဆောက်တယ်။ ပရိသတ် ၃၄၀၀၀ ဆန့်ကွင်းကြီးကို တည်ဆောက်ခဲ့ပြီး နိုင်ငံတွင်း အကြီးဆုံး ကွင်းကြီး ဖြစ်လာတယ်။
 နိင်ငံအနှံ့မှာ ဖွံ့ဖြိုးရေးစင်တာတွေ ဆောက်ပြီး နိုင်ငံတကာအဆင့် အတွေ့အကြုံရှိတဲ့ နည်းပြတွေငှားတယ်။
အဲဒီရဲ့အကျိုးဆက်အဖြစ် လူငယ်ကစားသမားကောင်းတွေ ပေါ်ထွက်လာတယ်။ စီးရီးအေ၊ ပရီးမီးယားလိဂ်တို့ကို တင်ပို့နိုင်တဲ့အထိ ကစားသမားကောင်းတွေထွက်လာတယ်။ မန်စီးတီးက ကူဆာနော့ဗ်က အကောင်းဆုံး ဥပမာပေါ့။
အဲဒီနောက်မှာတော့ ကမ္ဘာ့ဖလားဝင်ခွင့် လက်မှတ်တစ်စောင်ကို ဥဇဘက်တို့ ရရှိသွားခဲ့ပါတယ်။
ဒါကတော့ ဥဇဘက်ရဲ့ရွှေရောင်မျိုးဆက်သစ်တစ်ခု စတင်လာပုံပါပဲ။ 
စကားမစပ်ပြောရရင် ငါတို့လည်း အဲဒီလိုစီမံကိန်းတွေရှိခဲ့ဖူးပါတယ်ကွာ။
နေပြည်တော်မှာ ကွင်းအကောင်းစားကြီးဆောက်တယ်။
မြန်မာနေရှင်နယ်လိဂ်ကို အရမ်းစည်ကားအောင် လုပ်နိုင်ခဲ့တယ်။
ယူ ၁၉ အသင်းက နာမည်ကြီးခဲ့တယ်။
ဒါပေမယ့် အဲဒီနောက်မှာတော့ နေရာတိုင်းမှာ ချစားမှုတွေ၊ လာဘ်စားမှုပြသနာတွေ၊ ကစားသမားတွေကို နောက်တစ်ဆင့် မြှင့်မပေးနိုင်တာတွေကြောင့် ဘာမှ ဖြစ်မလာတော့ပဲ အားလုံးအဆုံးသတ်သွားခဲ့တယ်။
အခုတော့ မြန်မာနေရှင်နယ်လိဂ်ဆိုတာ အပျော်လုပ်နေသလိုပါပဲ။
ကစားသမားတွေ မကောင်းတော့သလို၊ ဘာမှလည်း အဓိပ္ပာယ်ရှိမနေတော့ပါဘူးလေ။ 
   #မြန်မာဘောလုံးပွဲ  #ဘောလုံးပွဲ