19/08/2024
မောင်တောတိုက်ပွဲတွင် နိုင်ငံတကာရောက်လူအချို့က သတင်းမှားများဖြင့် စွပ်စွဲနေကြောင်း AA ထုတ်ပြန်
DMG ၊ ဩဂုတ် ၁၉
မောင်တောမြို့သိမ်းတိုက်ပွဲသည် ယနေ့ထိ ဆက်လက်ပြင်းထန်နေပြီး နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တချို့က သတင်းတု၊ သတင်းမှားဖြင့် စွပ်စွဲပြောဆိုရေးသားနေခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း အာရက္ခတပ်တော်(AA) က ဩဂုတ် ၁၈ ရက်တွင် ထုတ်ပြန်သည်။
မောင်တောတိုက်ပွဲအတွင်း AA တပ်ဖွဲ့ဝင်များသည် မွတ်ဆလင်များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှု၊ မတရားငွေညစ်တောင်းခံမှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲပြောဆိုနေကြခြင်း ဖြစ်သည်။
ထိုသို့ သတင်းတု၊ သတင်းမှား ရေးသားပြောဆိုနေခြင်းမှာ ရခိုင်ဒေသအတွင်း လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှု ကို ထိခိုက်စေနိုင်ကြောင်း AA က ထုတ်ပြန်သည်။
ခေတ်အဆက်ဆက်က ရခိုင်တွင်ဖြစ်ပွားခဲ့သော အဓိကရုဏ်း၊ အကြမ်းဖက်ကိစ္စရပ်များ၊ လူမျိုးရေး/ဘာသာရေး ပဋိပက္ခများ၏ အဓိကလက်သည်တရားခံများမှာ စစ်အစိုးရအဆက်ဆက်နှင့် မြန်မာ့တပ်မတော် အမည်ပြောင်း စစ်ကောင်စီပင်ဖြစ်ကြောင်း ဆိုသည်။ ၎င်းနှင့်အတူ ARSA၊ RSO၊ ARA အကြမ်းဖက်အဖွဲ့များကပါ အလိုတူအလိုပါ ပူးပေါင်းဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များကြောင့်ဟု AA က ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီနှင့် အပေါင်းအပါမွတ်ဆလင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသည့် မောင်တောမြို့ပေါ်နှင့် အနီးအနားကျေးရွာများက ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူအပါအဝင် ဒေသခံ ၂၀,၀၀၀ ခန့်ကို AA က ကယ်ထုတ်ထားသည်။ သို့သော်လည်း ဖမ်းဆီးခံထားရသည့် ဒေသခံများရှိနေဆဲပင် ဖြစ်သည်။
စစ်ကောင်စီသည် မောင်တောမြို့ပေါ်ရှိ ကညင်တန်း၊ ရပ်ကွက် (၁)၊ (၂)၊ (၃)၊ (၄) စသည့်ရပ်ကွက်များရှိ အချက်အချာကျသော အထပ်မြင့်အဆောက်အအုံများ၊ တိုက်တာအိုးအိမ်များ၊ စာသင်ကျောင်းများ အပါအဝင် အခြားသော နေရာများအား ၎င်းတို့၏ စစ်စခန်းများအဖြစ် အသုံးပြုပြီး ခုခံစစ်ကို ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မောင်တောမြို့မှ ဒေသခံတစ်ဦးက “စစ်ကောင်စီက မြို့ထဲက တိုက်အိမ်တွေမှာ နေရာယူထားတယ်။ အဲဒီနေရာတွေကို AA က တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲကတော့ နေ့တိုင်းဖြစ်တယ်။ အခုလည်း လက်နက်ကြီး / ငယ်တွေ ပစ်ခတ်သံကြားရတယ်။ စစ်ကောင်စီက လေယာဉ်နဲ့ နေ့တိုင်းလိုလို လာပစ်တာရှိတယ်” ဟု ပြောသည်။
မောင်တောမြို့အနီး မောင်နီ(မွတ်ဆလင်)ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းကို AA က ဩဂုတ်လ ၄ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းအပြင် ဟောရီတူလာ(မွတ်ဆလင်)ကျေးရွာရှိ စခန်းနှင့် (၃) မိုင်စခန်းတို့ကို ဩဂုတ်လ ၆ ရက်နှင့် ၉ ရက်နေ့တို့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ - တိုက်ပွဲအတွင်း ပိတ်မိနေသော မောင်တောဒေသခံ နှစ်သောင်းခန့်ကို AA က ကယ်ထုတ်ထားသည်။
DMG သတင်းကူးယူဖော်ပြခြင်း