05/07/2025
☸️ ပါမောက္ခချုပ်ဆရာတော်ကြီး တရားနှလုံးသွင်းပုံ
ပါမောက္ခချုပ်ဆရာတော်ကြီးသည် စာပေပရိယတ်နယ်ပယ်တွင် ထူးချွန်အောင်မြင်ခဲ့သူဖြစ်သဖြင့် လက်လှမ်းမမီသူအချို့က ဆရာတော် ပဋိပတ် အားထုတ် နှလုံးသွင်းပုံကို မသိရှိနိုင်ကြ။ စာသင် စာချ တရားဟောနေဖြင့် ယေဘုယျအားဖြင့် ပရိယတ်သမားဟုသာ အများကသတ်မှတ်ထားကြသည်။ ဤသည့်အတွက် ဆရာတော်ကြီး တရားနှလုံးသွင်းပုံကို မေးမြန်းလျှောက်ထားမိပါ၏။
" ဆရာတော်ဘုရား ပဋိပတ္တိနဲ့ ပတ်သက်ပြီး လုပ်ဖြစ်နေတာလေးတွေ,သမထကနေ ဝိပဿနာကို သွားတာလေးတွေ, ဆရာတော့်အနေနဲ့ရော, မဟာစည်မှာ ရက်(၂၀) အားထုတ်ခဲ့ပြီးတော့ အခု နေ့စဉ်ဘဝမှာ ပရိသတ်တွေကြားထဲမှာ နေထိုင်ရင်း ဘယ်လို ဘယ်ပုံ တရားအားထုတ် နှလုံးသွင်း ဖြစ်နေတာလေးတွေ သိပါရစေဘုရား"
" မဟာစည်မှာ အားမထုတ်ခင်က ဘာလုပ်သလဲဆိုရင် ပထမတုန်းကတော့ ပုတီးစိပ်တာပါပဲ။ စံကင်းဆရာတော်ကြီးလည်း ပုတီးစိပ်တာပဲ။ နာယကကြီးတို့လည်း ပုတီးစိပ်တဲ့အကျင့်ရှိတယ်။ ဗုဒ္ဓါနုဿတိပါပဲ။ အရဟံဆိုတာကို အခေါက်ပေါင်း ဘယ်လောက်ဆိုပြီးတော့ အာရုံပြုပြီးစိပ်တယ်။ ပုတီးစိပ် မေတ္တာပို့ပေါ့။
နောက် မဟာစည်သွားအားထုတ်တဲ့အခါကျတော့ ထွက်လေ ဝင်လေမှတ်တာပေါ့။ သူကျတော့ ဖောင်းတယ် ပိန်တယ် မှတ်ခိုင်းတော့ ပိန်ဖောင်း မှတ်မရတော့ ထွက်လေ ဝင်လေပဲ ဆက်မှတ်ရတယ်။
နောက်ပိုင်းကျတော့ သူက လုပ်ငန်းသဘောကောင်းကောင်းသိသွားတယ်။ တရားအစစ်ခံတာတို့ ဘာတို့ လုပ်ရတဲ့အခါကျတော့ ကိုယ်မှားပြီး မှတ်တဲ့ဟာလေးတွေ ဆိုပါစို့ ။ ခန္ဓာကိုယ် ပျောက်သွားတဲ့အခါ ပျောက်တယ်,ပျောက်တယ်လို့ မှတ်တာမျိုးက ပညတ်ကို မှတ်နေမိတာ။ တကယ်တော့ သိတယ်, သိတယ်လို့ ပြောင်းမှတ်ရမှာ။
အဲ့ဒီလို လမ်းညွှန်ပြ Guide လုပ်ပေးတာလေးတွေနဲ့ နောက်ပိုင်းကျတော့ရွှေတောင်ကုန်းဆရာတော်ကြီးဟောတဲ့တရားတွေ, မဟာစည်ဆရာတော်ကြီးဟောတဲ့တရားတွေ အဲ့ဒါတွေကို နာရင်းနာရင်းနဲ့ သမထ, ဝိပဿနာ စာထဲက ဆိုတာတွေနဲ့ ချိန်လိုက်တော့ သဘောပေါက်သွားတယ်။
" မှန်ပါ့ဘုရား "
" သဘောပေါက်သွားတော့ မဟာစည်ဆရာတော်ကြီးရဲ့ ကမ္မဌာန်းရှုမှတ် ပွားများနည်းတွေကို ကြည့်တယ်။ နောက် အခြားကမ္မဌာန်း ရှုမှတ်တာလေးတွေ ကြည့်တယ်။ အဲ့ဒီလိုနဲ့ ပိုပြီး တဖြည်းဖြည်းသဘောပေါက်လာတယ်။ နောက် နိုင်ငံခြားသားတွေကို ကမ္မဌာန်းအကြောင်း ဟောပြောရတယ်။ ပထမတုန်းက သီဟိုဠ်မှာပေါ့။ အဲ့ဒီမှာ ပိုပြီးရှင်းရှင်းလင်းလင်းသိလာတယ်။ နားလည်လာတယ်။
အသိဉာဏ်ပွင့်လာတာပေါ့။ ကိုယ်ကိုယ်တိုင်ကတော့ ရက် (၂၀)ပဲ တရစပ်အားထုတ်ခဲ့ဖူးတယ်။ အဲ့ဒီအကျိုးကျေးဇူးကရှိပါတယ်။
သမထ , ဝိပဿနာ , ဈာန်နဲ့ကျင့်စဉ်တွေ စာပေထဲမှာ ရေးတာတွေပိုရှင်းလင်းသွားတာပေါ့။ ဖတ်ရင်း ဖတ်ရင်း ပိုနားလည်လာတယ်။ နားလည်မှု အခြေခံကနေပြီး အကြိမ်ပေါင်း များလာတဲ့အခါကျတော့ပိုရှင်းလင်းသွားတယ်။ အဘိဓမ္မာတွေ သင်ရင်း သင်ရင်းနဲ့လည်း ဒီဟာတွေ လိုက်ကြည့်တယ်။ ကမ္မဌာန်းနဲ့ပတ်သက်ပြီး ရေးထားတဲ့ ဝိသုဒ္ဓိမဂ်တို့ , အဌကထာတို့ အကုန်ရှင်းရှင်းလင်းလင်း နားလည်သွားတယ်။
နောက်တစ်ခါ ဝိပဿနာ ရှုမှတ်ဖွယ်တော (၄၀) တရားတွေ ဟောတဲ့အခါကျတော့ သူများတွေကို ဟောရင်းဟောရင်းနဲ့ အသိဉာဏ်တွေ တိုးတာပေါ့နော် "
" ဆရာတော့်ဟောပြောချက်တွေက အချို့ ကမ္မဌာန်းဆရာ လုပ်နေကြသူတွေထက်တောင် ရှေ့ကို အများကြီးရောက်နေတယ်လို့ ဓမ္မမိတ်ဆွေတွေက ပြောကြပါတယ်ဘုရား "
" နောက်ပိုင်း ဘယ်လောက်သဘောပေါက်သွားသလဲဆိုရင်စာကြည့်ရင်းလည်း ကမ္မဌာန်းနှလုံးသွင်းလို့ ရတယ်။ အပြတ်အားထုတ်တာမျိုး သမာဓိထူထောင်တာမျိုး မဟုတ်တော့ဘူး။ စူးစိုက်တဲ့အလုပ်တော့ ပါတာပေါ့နော်။ သတိနဲ့ သမာဓိနဲ့ ချိန်ခွင်လျှာညှိတတ်လာတာပေါ့။
မဟာစည်ဆရာတော်ဘုရားကြီး မိန့်ကြားသွားတာ ပိုပြီးတော့ အဓိပ္ပာယ်ရှိတယ်။ ခုခေတ် ကမ္မဌာန်းအားထုတ်နေကြတာ သမာဓိတော့ ရကြပါရဲ့။ ဉာဏ်မဖြစ်ဘူးဆိုတာလေ။ အဲ့ဒါတကယ်ဟုတ်တယ်။
ဉာဏ်ဖြစ်တာက အဲ့ဒီလိုအားထုတ်နေတာချည်းမဟုတ်ဘူး။ စာဖတ်ရင်လည်း ဒီသဘောတရား ဆင်ခြင်ရင် ဉာဏ်ပွင့်သွားတာပဲ။ အဲ့ဒီလို ဉာဏ်ပွင့်လာတော့ တကယ်လည်းကောင်းတယ်။ တစ်ခါတစ်လေ တရားဟောရင်းလည်း အသိဉာဏ်တက်တယ်။
ရှေ့ပိုင်းမှာ ဝိပဿနာတရားဟောတာတွေရှိတယ်။
ရှိရင်း ရှိရင်း ကိုယ့်ဟာကို ပိုပြီးတော့ နားလည်သွားတယ်။ ရှင်းသွားတယ်။ တရားဟောရင်းနားလည်တာပေါ့ ၊ သမထ-ဝိပဿနာပိုင်းနဲ့ ဟောထားတာတွေလည်း အများကြီးရှိခဲ့ပြီ "
" ဒီနေ့ခေတ်မှာ ___
ယောဂီအတော်များများဟာ တရားစခန်းဝင်ကြ တရားအားထုတ်ကြတာတွေကတော့ ဝမ်းသာစရာပါပဲဘုရား။ ဒါပေမယ့် ရိပ်သာဝင်တဲ့အချိန်မှာ camp ထဲရောက်နေတုန်းမို့လှုပ်မရသလိုဖြစ်နေရာက ရိပ်သာကလည်းပြန်ထွက်လာရောနဂိုအတိုင်းပြန်ဖြစ်သွားပါတယ်ဘုရား။ ပြောင်းလဲမသွားဘူး။ တပည့်တော်တို့လည်း ဒီအထဲမှာ ပါတယ်လို့ ဝန်ခံရမှာပါပဲဘုရား။ အချို့များ ပိုတောင်ဆိုးလာတယ် ထင်ရပါတယ်ဘုရား။
အဲ့ဒါနဲ့မဖြစ်သေးပါဘူး အပြစ်တွေများနေပြီ။ ရိပ်သာပြန်ဝင်ဦးမှဆိုပြီးပြန်ဝင်ကြပြန်ပါရောဘုရား။ အဲ့ဒီလို လုံးချာလည်နေတဲ့ ယောဂီတွေအပေါ်မှာ ဆရာတော့်အဆုံးအမ မိန့်ပါဦးဘုရား"
" မြင်မြင်ချင်း သတိထားပေါ့။ လောဘဖြစ်ရင် လောဘဖြစ်တာ မကောင်းဘူးဆိုတဲ့စိတ်, ဒေါသဖြစ်ရင် ဒေါသကို မကောင်းဘူးထင်တဲ့စိတ်, ဟိုလိုတရားကြီးထိုင်ပြီး မျက်စိမှိတ်။ အဲ့ဒါမျိုးမလုပ်ဘူး။ သို့သော် ဖြစ်လိုက်တယ်ဆိုတာ သိတယ်။
ဒါ မကောင်းပါလားလို့ ဆိုတဲ့ ဆင်ခြင်မှု လေးနဲ့ပေါ့။
နောက်ပိုင်း လုံးဝကင်းတဲ့အချိန်မှာ တရားစာအုပ်ဖတ်လည်း ဒီထဲမှာပဲ အာရုံရောက်သွားတယ်။ ဈာန်သဘော , ဉာဏ်သဘော အကုန်ပါသွားတယ်။ စာဖတ်တာလည်း အဲ့ဒီလို ဓမ္မစာပေလိုဟာမျိုး ရွေးဖတ်တာဆိုတော့လေ။
ဘာကိုပဲ ကြည့်လိုက်ကြည့်လိုက်မြတ်စွာဘုရားဟောတဲ့တရားတော်တွေချည်းပဲ။ စကားလုံးလေး တစ်လုံးကအစ ကိုယ့်ဟာကိုယ် ဆင်ခြင်မိသွားတယ်။
အဲ့ဒါ တန်ဖိုးရှိသွားတယ်။ အားထုတ်နေသလိုပါပဲ။
တရားဟောပြီဆိုတဲ့အခါကျတော့လည်း တရားထဲမှာပါတဲ့အကြောင်းအရာတွေပေါ်မှာစိတ်ဝင်စားသွားပြီဆိုရင် ကျန်တာတွေ မေ့သွားတယ်။ ဉာဏ်ထဲမှာ ပေါ်လာတယ်။ ပေါ်လာတာကို ပြောလိုက်တာ။ ကြိုတင်စဉ်းစားထားတာမဟုတ်ဘူး။ စလိုက်တာနဲ့ ပဲဟောရင်း ဟောရင်းနဲ့ ပေါ်ပေါ်လာတာ။အဲ့ဒါကအလေ့အကျင့်ဖြစ်သွာတယ်။ "
" မှန်ပါ့ဘုရား "
" အာရုံနဲ့ တွေ့တဲ့အခါ ကိုယ့်စိတ်ထဲ ကောင်းတာဖြစ်သလား, မကောင်းတာဖြစ်သလားဆိုတာကတော့ အမြဲတမ်းလိုလိုပါပဲ။ စဉ်းစားလိုက်တာနဲ့ ရပ်ပြီးသားဖြစ်သွားရော။
သမာဓိထက် စဉ်းစားဉာဏ်ဖြစ်ဖို့က ပိုအရေးကြီးတယ်။ သမာဓိဆိုတာမျိုးကအတော့်ကိုအစွမ်းထက်မှခံနိုင်မှာလေ။ သမာဓိက အာရုံကိုပြောင်းပစ်လိုက်တာ။
ဝိပဿနာက အရှိအတိုင်းကိုခံနိုင်တယ် "
" မှန်ပါ့ဘုရား"
"ရောဂါတစ်ခုဖြစ်လို့ တအားကြီးပြင်းထန်လာရင်
ခုနကပြောသလို စဉ်းစားတာလေး အလေ့အကျင့် လုပ်ပေးရမယ်။
မြတ်စွာဘုရားဟောတဲ့ ခန္ဓာ့ဒုက္ခဆိုတာ ဒါပါလားလို့။ အဲ့ဒီလောက်စဉ်းစားလိုက်ရင်ကို ထွက်ပေါက်တစ်ခု ဖြစ်သွားတယ်။ နောက်ကျတော့တဖြည်းဖြည်းနဲ့ ထွက်ပေါက်များများရလာမှာပေါ့။ ဖြစ်လာတဲ့ အာရုံပေါ်မှာ ရှုမှတ်နိုင်တဲ့ သဘောလေးပေါ့နော် "
" တင်ပါ့ဘုရား "
" ကုသိုလ်ရဲ့သတ္တိကို တည်ဆောက်တာပဲ။ ကိုယ်ဘာဖြစ်ချင်သလဲဆိုတာ ကိုယ့်ဟာကို အသိဆုံးပဲလေ။ ဖြစ်လိုက်တာနဲ့ သိ, ဖြစ်လိုက်တာနဲ့ သိ။ ရှေ့သိပ်မတိုးတော့ဘူး။ အလွတ်နေတဲ့အခါမှာလည်း ဘယ်သူနဲ့တွေ့တွေ့ , ဘာနဲ့တွေ့တွေ့ ကြည့်လိုက်တာနဲ့ ခန္ဓာကိုယ်ကြီးရဲ့ မတင့်တယ်မှု တွေကို စဉ်းစားပေးတာ။ ဒါလည်းတရားတစ်ခုပဲ "
" မှန်ပါ့ဘုရား "
" ရွံစရာအာရုံ ရုပ်ခန္ဓာကိုယ်ကြီးရဲ့ မတင့်တယ်မှု တွေလေ။ သံဝေဂရနေတာ။ တော်တော်များများကတော့ ဘုန်းဘုန်းက အဲ့ဒီလို နှလုံးသွင်းပြီးနေတယ်။ ကြည့်လိုက် တကယ့်ကို ရွံစရာတွေလေ။အားလုံးဟာ အသုဘတွေပဲ။ တွယ်တာ တပ်မက်တဲ့စိတ်က လျော့သွားတယ်။ ဒီသဘောက်ို ဆင်ခြင်မိတယ် "
" များသောအားဖြင့် တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေက သမာဓိပိုင်းကိုပဲ သွားကြတာများတယ်။ နောက်ပိုင်းကျ ဘုန်းဘုန်းတို့ကသဘောပေါက်လာတယ်။ သမာဓိတွေ နင်းကန်လုပ်နေခြင်းဖြင့် တိုးတက်မှု မရှိလာဘူး။ စဉ်းစားဉာဏ်ဘက်ကို အားမပေးသလိုမျိုး ဖြစ်နေတယ်။
ရိပ်သာအတော်များများမှာ အားထုတ်ထားတဲ့ယောဂီတွေအဲ့လိုဖြစ်ကြတာများတယ်။ ဘာဆက်လုပ်ရမှန်း မသိဘူး။ လမ်းပျောက်နေကြတယ်။ တရားသဘောတွေ ဆင်ခြင်တာ ပိုကောင်းတယ်လို့ ထင်တယ် "
ပါမောက္ခချုပ်ဆရာတော်၏ ခရီးနှင့်ဓမ္မဆီမီးစာအုပ်မှ ပူဇော်ပါသည်။
🙏🙏🙏
#ပါချုပ်ဆရာတော် #တရားမှတ်စု