23/02/2026
သိမ်ထဲက မူစကူဒူး တဲ့ ကိစ္စ ကိုရေးရင် အများကြားချင်တာနဲ့ ထပ်တူကျချင်မှကျမယ်၊ အမြင်လည်း ကွဲလွဲနိုင်တာမို့… ကြိုတင် အသိပေး မေတ္တာရပ်ခံပါရစေနော်…
🔺ပထမ အနေနဲ့က တော့
ဒီလိုလုပ်တာဟာ ဘာသာရေးအရရော၊ ယဉ်ကျေးမှုအရပါ လုံးဝ မလုပ်သင့်တဲ့ကိစ္စဆိုတာ လက်ခံပါတယ်။ မှန်ပါတယ်။ ဒါကို လုံးဝ အားမပေးပါဘူး။
ဖြစ်သင့်တာက...
ဘုန်းကြီးတပါးအနေနဲ့ကတော့ မိဘထံတိုင်ကြားတာပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာထံ အပ်တာပဲဖြစ်ဖြစ် ၊ ဆူပူဆုံးမ လိုက်တာပဲဖြစ်ဖြစ် လောက်ကိုပဲလုပ်သင့်တယ်လို့မြင်တယ်။ video record ကတော့ သက်သေအဖြစ် ဘုန်းကြီးလက်ထဲ ထားရှိရုံသာဖြစ်သင့်တယ်။
လာလမ်းကိုလည်းအစအဆုံးမြင်တဲ့သဘောရှိတယ်… အစကတည်းက ဟန့်တားလိုက်ရင် တဝက်လောက်ချွတ်တဲ့အဆင့်မပြောနဲ့ သိမ်ထဲတောင်ရောက်နေစရာမရှိပါ။
🔺ဒုတိယ အချက်အနေနဲ့…
ဒီလိုနေရာမြတ်မှာ လူဝတ်ကြောင်တွေ မကောင်းမှု မဖွယ်မရာ မအပ်မစပ် လုပ်ရပ်တွေမလုပ်အပ်၊
မပြုသင့်တဲ့ နေရာ ဆိုရင်…
📌သင်္ကန်းဝတ်တွေကော မကောင်းမှုတွေ ကိုဒီလို ဘာသာရေးနဲ့ဆိုင်တဲ့ နေရာမြတ်တွေမှာ လုပ်လို့ရပါသလား ဟု မေးချင်တယ်။
သိမ်ထဲ အိပ်
သိမ်ထဲ သောက်
သိမ်ထဲ ဖဲဝိုင်းထောင်
သိမ်ထဲ ဖျာခေါ်ချ
သိမ်ထဲ နတ်ပူး
သိမ်ထဲ ဆို
သိမ်ထဲ ကခုန်
ဓမ္မာရုံထဲ ပျော်ပါးနေကြတဲ့
သာသနာ့ဝန်စီး အလဇ္ဇီ အရည်ခြုံတွေကျတော့လုပ်လို့ရပါသလား?
လူမှုကွန်ယက်ပေါ်တောင်
ကာယကံရှင်တွေကိုယ်တိုင်တင်နေကြသေးတာပဲ
ဘယ်သူမှ ရင်ထုမနာ ဖြစ်နေတာ မတွေ့ရ။
📍ဒီလုပ်ရပ်တွေဟာလည်း
မူစကူဒူးတဲ့ လုပ်ရပ်လိုပဲ
ဘုရားကို စော်ကားခြင်းပဲ မဟုတ်လား?
မလေးမစားလုပ်ခြင်းပဲမဟုတ်လား?
အဝတ်အစား မချွတ်သေးရုံနဲ့
လုပ်ရပ်က လက်ခံနိုင်စရာ ဖြစ်သွားသလားလို့ မေးချင်ပါတယ်။
📍ကျောင်းဝန်းထဲ/ ဓမ္မာရုံထဲ/ သိမ်ထဲ
ဘာသာရေးနဲ့ဆက်နွယ်တဲ့
အဆောက်အဦးတွေထဲမှာ ဗုဒ္ဓလမ်းစဉ်နဲ့လွဲတာတွေ လုပ်နေတဲ့ သင်္ကန်းခြုံတွေရဲ့ အပြစ်ဟာလည်း အတူတူပဲဆိုတာ မေ့ထားလို့မရပါဘူး။
ဒီလိုရေးနေတာ
မူစကူဒူးတဲ့ အတွဲကို အားပေးတာမဟုတ်ဘူးနော်… ဒါကို သေချာ နားလည်စေချင်တယ်။
သိမ်ထဲ မကောင်းမှု ပြုကြတာခြင်းတူတူ
လူဝတ်ကြောင်အတွဲကို video ရိုက်တင်လို့လူသိကြတာ၊ လူမသိတဲ့ အလဇ္ဇီတွေ မူစကူဒူးတဲ့ ပြသနာ မုဒိန်းမှုပြသနာ တွေမှ ဒုနဲ့ဒေး။
🔺တတိယ အချက်အနေနဲ့…
ကျွန်မ မကြာခန ပို့စ်တင်ခဲ့ဖူးပြီးပါပြီ
ဒါဟာ ဘာနဲ့ဆက်စပ်သလဲဆိုရင်
မလိုအပ်ပဲ နင်းကန်ကျောင်းတွေချဲ့ကြတာ
ကျောင်းမြေတွေဝယ်ကြတာ
သိမ်တွေဆောက်ကြတာ
သာသနာ့မြေလုပ်ပစ်ကြတာ
တကျောင်းလုံး ရှိတော့ ၂ ပါး ၃ ပါး။
စာသင်သားမရှိ
စာချမရှိ
တရားပြမရှိ
ကျောင်းထိုင်တောင်မရှိတဲ့
ကျောင်းတွေမှ အများကြီး။
ဒါဟာအခြေအနေအမှန်ပဲ။
သာသနာ့ဝန်ထမ်းတိုင်း သိပြီးသားအခြေအနေပါပဲ။
📍လူမရှိဘဲ သော့ခတ်ထားတဲ့ သိမ်တွေ၊
လူသူမနီးတဲ့ ကျောင်းဝန်းကျယ်ကြီးတွေဟာ နောက်ဆုံးမှာ ဒုစရိုက်သမားတွေနဲ့ အခုလို အတွဲတွေရဲ့ ခိုအောင်းရာ ဖြစ်ကုန်တာပါပဲ။
📌ထိုနေရာမှာ ထိုဒေသခံတွေအတွက်
ဆေးရုံဆေးခန်း ၊ စာသင်ကျောင်း၊
လူငယ်တွေအတွက် သက်မွေးပညာသင်တန်းကျောင်းတွေသာ လုပ်လိုက်ရင် …သိပ်အကျိုးရှိမှာ။
မူစကူဒူးတဲ့ကျောင်းပတ်ဝန်းကျင်ကိုပဲကြည့်
Video ထဲ အထင်းသား မြင်ကြမှာပဲ
မူစကူဒူးတဲ့ သိမ် ဆိုရင်
ဆေးပျယ် နေပြီ
သော့ခတ် ပိတ်ထားရတာ
အုတ်တွေလဲ အက်ကြောင်းကွဲ
ဝန်းထဲက စေတီတွေလည်းဆေးပျယ်
ဟိုတစ ဒီတစနဲ့
ကျောင်းဝန်းဆိုတာလည်း
သပ်သပ်ရပ်ရပ်လည်းမရှိ
ပွစာကိုကျဲနေတဲ့ ရုပ်တုတွေ
ဘယ်သူမှလည်း ဆက်လက်မထိန်းသိမ်းနိုင်
ပရိယတ် ပဋိပတ် အလုပ်လုပ်နေတာလည်းမရှိ။
📍ဘုရားအမ ကျောင်းအမဖြစ်ချင်ဇောနဲ့
နိဗ္ဗာန်ကို မော်တာတပ်ပြီး ရောက်ချင်ဇောနဲ့
လှူသာလှူနေကြတာ
ရေရှည်ထိန်းသိမ်းဖို့ကျ မလုပ်နိုင်ကြပါဘူး
တောပြုန်းလို့ တောင်ပြိုတာပဲရှိတာ
အရည်အချင်းထက်အရည်အတွက် ကို သိပ်သဘောကျတဲ့ လူမျိုး ဆိုတော့
များလေကောင်းလေ
ကြီးလေ ကြိုက်လေ
ဉာဏ်နည်း သဒ္ဓါပေါတော့
အခု မြင်ကြရတဲ့အတိုင်းပဲ
ဒါတွေဟာ နှစ်အနည်းငယ်ကြာတော့
ခေါင်းကျိုး ထီးကျိုး ဆေးပျယ်
ချုံတော မြက်တော နွယ်တက်
နောက်ဆုံးမှာ တော့…
မူးယစ်ဆေး သမားတွေ
ဒုစရိုက်သမားတွေ
အခု မူစကူဒူးတဲ့ အတွဲ လိုမျိုးတွေရဲ့
ကျက်စားရာ နေရာတွေပဲ ဖြစ်ခဲ့ ဖြစ်ဆဲ ဖြစ်နေအုံးမှာပဲ
( သိမ်တိုင်း ကျောင်းတိုင်းကို မဆိုလိုပါ)
အခုမှ သိမ်ထဲမှာ မှ လုပ်ရက်လေခြင်း ဖြစ်နေကြတာ…
📍ဘုရားပေါ် ၊ စောင်းတန်းဘေး ထီးကွယ် ဘာကွယ်နဲ့ မဖွယ်မရာပြုနေသူတွေ၊ တတ်တီတူးနေသူတွေ၊
📍ဘုရားကြို ဘုရားကြား ဖက်လှဲတကင်းပြုနေသူတွေ … ဒါတွေကျတော့ မျက်စိယဉ်ပါးကုန်ကြပြီမဟုတ်လား? ဒီနေရာတွေဟာလည်း ဘာသာဝင်တွေရဲ့ အထွဠ်အမြတ်နေရာတွေပဲ မဟုတ်ဖူးလား?
📍သိမ်တွေ
ကျောင်းတိုက်တွေ
ဓမ္မာရုံတွေ
နင်းကန်ဆောက်လှူကြ
ပြီးတော့ သော့ခတ်ပိတ်
စာကလေး တွေ
အိမ်မြှောင်တွေ
ပိုးဟပ်တွေမိတ်လိုက်ဖို့အတွက်
ဖြစ်နေခဲ့ရာက
လူတွေအတွက်
အလဇ္ဇီတွေ အတွက်ဖြစ်လို့လာလေပြီ….
ဘာတွေရပ်ရမလဲ
ဘာတွေ တော်သင့်ပြီလဲ
ဘာတွေတင်းကြပ်ရမလဲ
ဘာတွေ ပြင်ဆင်ရမလဲ
ဆိုတာပဲ စဉ်းစားကြပါ။
📍အခုအတွဲကို မြို့ကနှင်ထုတ်လိုက်ရုံနဲ့ ပြဿနာမပြီးပါဘူး။ တနိုင်ငံလုံးမှာ သော့ခတ်ပိတ်ထားတဲ့၊ လူမရှိတဲ့ သိမ်တွေ၊ ကျောင်းတွေ ရှိနေသရွေ့ နောက်ထပ်အတွဲတွေ၊ နောက်ထပ်ဒုစရိုက်တွေ ရှိနေဦးမှာပါပဲ။
📍သိမ်ထဲ ကျောင်းထဲ ကဲချင်တိုင်းကဲနေတဲ့ အလဇ္ဇီတွေလည်း ရှိနေအုံးမှာပဲ။
အလဇ္ဇီတွေနဲ့ပေါင်းပြီး အတူမူစကူဒူး နေတဲ့
လူတွေလည်းရှိနေအုံးမှာပဲ။
🔺ဒါကြောင့်
အတွဲတစ်တွဲကိုပဲ မြင်နေလို့မရ
အကြောင်းရင်းကိုလည်းမြင်တတ်ကြပါ။
မအေးပု။
22/2/26
Crd ma aye pu