04/08/2026
မဲဆောက်၌ ၁၀ နှစ်ကတ် လိမ်လည်ထုတ်ပေးနေသူများ ဖမ်းဆီး၊ မြန်မာ ၁၂ ဦးပါသွား
ဩဂုတ် ၄၊ ၂၀၂၆
ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ၁၀ နှစ်ခံကတ် တရားမဝင် ထုတ်ပေးမှုနှင့် လူကုန်ကူးမှုကွန်ရက်ကို ဖြိုခွင်းသည့် "Talay Card 10 Years Wild" (Jeset M.3) အမည်ရှိ စစ်ဆင်ရေးကို ယနေ့နံနက်စတင်လိုက်ပြီး နေရာ ၂၅ ခုကို ဝင်စီး၍ မြန်မာ ၁၂ဦးအပါအဝင် သံသယရှိသူ စုစုပေါင်း ၁၇ ဦးအား ဖမ်းဆီးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေး ဒုဝန်ကြီးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးသည် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး (ACC)၊ ပြည်သူ့ဘဏ္ဍာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးနှင့် အမှတ် (၆) တိုင်း ရဲတပ်ဖွဲ့ဌာနချုပ်တို့ ပူးပေါင်း၍ နိုင်ငံမဲ့များနှင့် တောင်ပေါ်ဒေသများမှ တိုင်းရင်းသားလူမျိုးများအား ထုတ်ပေးသည့် တောင်ပေါ်သား မှတ်ပုံတင်ကတ် (အမှတ် ၀ မှစ၍ ) များကို လိမ်လည်ထုတ်ပေးနေသောအဂတိလိုက်စားမှုကွန်ရက်ကို နှိမ်နင်းရန် နေရာ ၂၅ ခုအား ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။
စစ်ဆင်ရေးအတွင်း သံသယရှိသူ ၁၇ ဦး ကို ဖမ်းဆီးနိုင်ခဲ့ပြီး ယင်းတို့အနက် အစိုးရဝန်ထမ်း ၃ ဦး၊ အိမ်ပိုင်ရှင် (သို့မဟုတ်) အာမခံသူ ၂ ဦး နှင့် မမှန်မကန် အခွင့်အရေးတောင်းဆိုသူ မြန်မာနိုင်ငံသား ၁၂ ဦး ပါဝင်ကြောင်း ဆိုသည်။
တရားမဝင် ပွဲစားများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံသားများကို အမှတ် ၀ စတင်သည့် မှတ်ပုံတင်များ ထုတ်ပေးနေသော မှတ်ပုံတင်ဌာနမှ ဝန်ထမ်းများရှိကြောင်း သတင်းအရ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ဒေတာဘေ့စ်ရှိ လက်ဗွေရာများနှင့် တိုက်ဆိုင်စစ်ဆေးရာ သံသယရှိသူ ၁၂ ဦးစလုံးတွင် မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကိုင်ဆောင်ထားပြီးဖြစ်ကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ထားသည်။
ဝင်ရောက်ရှာဖွေစဉ်အတွင်း မဲဆောက်ခရိုင် မှတ်ပုံတင်ရုံး၌ အဂတိလိုက်စားမှု ကွန်ရက်တခုရှိနေသည်ကို တွေ့ရှိရကာ အဆိုပါကွန်ရက်သည် "လုပ်သားခဝါချမှု" ဟု လူသိများသည့် အမှတ် ၀ မှတ်ပုံတင်များ တရားမဝင်ထုတ်ပေးနေပြီး ခွင့်ပြုချက်မရှိဘဲ ကတ်ပေါင်း ၇၀၀ ကျော် ထုတ်ပေးခဲ့သလို တကတ်လျှင် ဘတ် ၄၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ အကျိုးအမြတ်ရရှိခဲ့ကြောင်းလည်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများက ပါဝင်ပတ်သက်သူ အားလုံးကို ဆက်လက်စုံစမ်းဖော်ထုတ်၍ အရေးယူသွားမည်ဟု အတည်ပြုပြောကြားခဲ့သည်။
ဓာတ်ပုံ-North Now, TAK PRD