Kit & Moe On The Go

Kit & Moe On The Go 🗺️ 🇲🇲🇹🇼🇻🇳🇵🇭🇹🇭
📍 Based in Taipei
📖 Our Digital Diary of Favorite Moments
✨ Let’s make Memories, Not Itineraries 🖖

27/08/2026

Day 6 of the 30-Day Uber Eats Challenge: Stacked Orders 🧺

26/08/2026

Day 5 of the 30-Day Uber Eats Challenge: Unresponsive Customer & 10-Minute Timer ⏳

23/08/2026

Day 4 of the 30-Day Uber Eats Challenge: Slow Kitchens & How to Cancel ⏱️

22/08/2026

အကင်စားမယ် ရေကစားမယ် 💦

20/08/2026

Day 3 of the 30-Day Uber Eats Challenge: Restaurant & Customer Notes 📝

19/08/2026

Day 2 of the 30-Day Uber Eats Challenge: Drop-Off Rules 🚪

18/08/2026

Day 1 of the 30-Day Uber Eats Challenge: Pickup Protocol 📦

"ခရီးသွားပေါင်းချုပ်"ကိုယ်တွေနှစ်ယောက်အတွက်ကတော့ ခရီးသွားတယ်ဆိုတာ ရောက်အောင်သွားရမယ့် နေရာ၊ လမ်းကြောင်းတွေထက် မေ့မရနိုင်...
13/08/2026

"ခရီးသွားပေါင်းချုပ်"

ကိုယ်တွေနှစ်ယောက်အတွက်ကတော့ ခရီးသွားတယ်ဆိုတာ ရောက်အောင်သွားရမယ့် နေရာ၊ လမ်းကြောင်းတွေထက် မေ့မရနိုင်တဲ့ Memories တွေကို စုဆောင်းတာပါပဲ။

ရောက်ခဲ့တဲ့ ဒေသတစ်ခုစီရဲ့ ထူးခြားတဲ့ရိုးရာဓလေ့တွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခွင့်ရသလို၊ ရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးတွေကို ပြန်ကြည့်လိုက်ရင်လည်း အဲ့ဒီအခိုက်အတံ့ရဲ့ ခံစားချက်နဲ့ အမှတ်တရတွေက ချက်ချင်းပဲ ပြန်လည်သက်ဝင်လာတတ်ပါတယ်။

ဒါကြောင့်မို့လို့ သွားခဲ့ဖူးသမျှ နိုင်ငံအသီးသီးရဲ့ အမှတ်တရ မှတ်တမ်းတွေကို "ခရီးသွားပေါင်းချုပ်" လေးထဲမှာ တစုတစည်းထဲ သိမ်းဆည်းထားပြီး၊ နောက်ထပ် ခြေဆန့်ဖြစ်ဦးမယ့် နေရာဒေသ၊ နိုင်ငံအသစ်တွေကိုလည်း ဆက်လက် Update လုပ်သွားမှာ ဖြစ်ပါတယ်။

🇹🇼 ထိုင်ဝမ် (Taiwan)
https://www.facebook.com/share/p/1BhPpdb3v3/?mibextid=wwXIfr

🇻🇳 ဗီယက်နမ် (Vietnam)
https://www.facebook.com/share/19EcUtHj1Q/?mibextid=wwXIfr

🇵🇭 ဖိလစ်ပိုင် (Philippines)
https://www.facebook.com/share/p/1DUFiHAwiD/?mibextid=wwXIfr

🇹🇭 ထိုင်း (Thailand)
https://www.facebook.com/share/1Nk2o8GQbp/?mibextid=wwXIfr

#ခရီးသွားပေါင်းချုပ်

🇹🇼 ထိုင်ဝမ် (Taiwan) 🇹🇼ထိုင်ဝမ်ရောက် မြန်မာများ ခေါ်လေ့ရှိကြတဲ့ မြေပဲ (ထိုင်ဝမ်သူ/သား) တို့နေထိုင်ရာ ထိုင်ဝမ်ဟာ အရှေ့အာရ...
11/08/2026

🇹🇼 ထိုင်ဝမ် (Taiwan) 🇹🇼

ထိုင်ဝမ်ရောက် မြန်မာများ ခေါ်လေ့ရှိကြတဲ့ မြေပဲ (ထိုင်ဝမ်သူ/သား) တို့နေထိုင်ရာ ထိုင်ဝမ်ဟာ အရှေ့အာရှရဲ့ ပင်လယ်ပြင်ထဲမှာ တည်ရှိနေပြီး၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ ကျွန်းနိုင်ငံလေးတစ်ခုဖြစ်ပါတယ်။

အရွယ်အစားအားဖြင့် သေးငယ်ပေမယ့် တစ်ကမ္ဘာလုံးရဲ့ နည်းပညာကဏ္ဍမှာတော့ ထိပ်ကနေ ဦးဆောင်နေပြီး၊ အထူးသဖြင့် Semiconductor ထုတ်လုပ်မှုမှာ ကမ္ဘာ့ဈေးကွက်ရဲ့ အစိတ်အပိုင်းအများစုကို ချုပ်ကိုင်ထားပါတယ်။ Apple ကနေစလို့ ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးတွေ တော်တော်များများဟာ ထိုင်ဝမ်ရဲ့Advanced Chips တွေမရှိဘဲ လည်ပတ်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် ထိုင်ဝမ်ကို စစ်ရေးအရ အကာအကွယ်ပေးထားတဲ့ "Silicon Shield" ရှိတဲ့ နိုင်ငံလို့လည်း တင်စားကြပါတယ်။

🌇 မြေပုံအပေါ်ပိုင်း မြောက်ဘက်အခြမ်းမှာတော့ မြို့တော်ထိုင်ပေနဲ့ သဘာဝအလှတရားတွေ ပြိုင်တူတည်ရှိနေတာပဲဖြစ်ပါတယ်။ ကမ္ဘာကျော် Taipei 101 မျှော်စင်ကြီးကနေ မြို့ပြအလှကို ငုံ့ကြည့်နိုင်သလို၊ Yangmingshan အမျိုးသားဥယျာဉ်မှာ မီးတောင်ဟောင်းနဲ့ ကျယ်ပြန့်လှတဲ့ Grassland အလှကိုလည်း ခံစားနိုင်မှာပါ။ ပင်လယ်ကမ်းစပ်က Yehliu Geopark မှာ သဘာဝကထုဆစ်ထားတဲ့ "ဘုရင်မဦးခေါင်း" ကျောက်ဆောင်ကို အံ့ဩဖွယ် တွေ့မြင်နိုင်ပြီး၊ တောင်စောင်းပေါ်က Jiufen လမ်းဟောင်းလေးမှာ Spirited Away ကာတွန်းထဲကလို ရှေးဟောင်းအငွေ့အသက်တွေကို ခံစားရင်း၊ Shifen ရေတံခွန်နားမှာ ဆုတောင်းမီးပုံးပျံတွေ လွှတ်တင်နိုင်ပါတယ်။ ညဘက်မှာတော့ စည်ကားလှတဲ့ Ximending နဲ့ Raohe Night Market တို့လို ညစျေးတွေမှာ ထိုင်ဝမ်ရဲ့ နာမည်ကျော် Street Food တွေကိုမြည်းစမ်းရင်း လည်ပတ်နိုင်မှာပဲ ဖြစ်ပါတယ်။

⛰️ စိတ်အေးချမ်းစရာ ရှုခင်းတွေနဲ့ ပြည့်နှက်နေတာကတော့ အလယ်ပိုင်းပဲဖြစ်ပါတယ်။ Sun Moon Lake ရဲ့ CNN Top (10) စာရင်းဝင် စက်ဘီးလမ်းမှာ စက်ဘီးလေးစီးရင်း ကန်ရေပြင်အလှကိုကြည့်ရှုနိုင်သလို၊ Cingjing Farm ရဲ့ တောင်ကုန်းတွေပေါ်မှာ သိုးလေးတွေနဲ့အတူ ဥရောပတောင်တန်းတွေထဲ ရောက်နေသလို ခံစားရစေမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် Alishan ရဲ့ ရှေးဟောင်းတောတွင်းရထားလေးကိုစီးပြီး တိမ်ပင်လယ်ကြားက နေထွက်ချိန်အလှကို ကြည့်ရှုရတာဟာ ခရီးသွားတိုင်းအတွက် မေ့မရနိုင်တဲ့ အမှတ်တရ တစ်ခုပါပဲ။ ဒါ့အပြင် Taichung မြို့ရဲ့ အနုပညာဆန်တဲ့ပြတိုက်တွေနဲ့ Gaomei Wetlands က လှပတဲ့ နေဝင်ချိန်ရှုခင်းတွေကလည်း ထိုင်ဝမ်အလယ်ပိုင်းရဲ့ ဆွဲဆောင်မှုတွေကို ပိုမိုပြည့်စုံစေပါတယ်။

🌊 တောင်ဘက်အခြမ်းမှာတော့၊ နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် Tainan မှာ သမိုင်းဝင်ဘုရားကျောင်းတွေကို လေ့လာရင်း နာမည်ကျော် အစားအသောက်တွေကို မြည်းစမ်းနိုင်သလို၊ ဆိပ်ကမ်းမြို့ကြီး Kaohsiung မှာလည်း Lotus Pond ပေါ်က Dragon and Tiger Pagodas ရဲ့ နဂါးပါးစပ်ကဝင်ပြီး ကျားပါးစပ်ကထွက်ကာ ကံကောင်းခြင်းတွေ ရယူနိုင်ပြီး၊ ခန့်ညားထည်ဝါလှတဲ့ Fo Guang Shan ဗုဒ္ဓပြတိုက်မှာလည်း ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ကြေးဆင်းတုတော်ကြီးကို ဖူးမြော်ရင်း ငြိမ်းချမ်းမှုကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် အနုပညာဆန်တဲ့ Pier 2 Art Center နဲ့ ရိုမန်းတစ်ဆန်တဲ့ Love River တို့မှာ အပန်းဖြေနိုင်ပြီး၊ ကျွန်းရဲ့တောင်ဘက်အစွန်ဆုံးက Kenting ကမ်းခြေမှာတော့ ရေကစားနိုင်တာကြောင့် ဒီဒေသဟာ ရှေးဟောင်းယဉ်ကျေးမှုနဲ့ ကမ်းခြေအပန်းဖြေမှုကို နှစ်သက်သူတွေအတွက် အသင့်တော်ဆုံးနေရာ ဖြစ်ပါတယ်။

🌿 ထိုင်ဝမ်ရဲ့ ဂုဏ်ယူရတဲ့ Taroko Gorge အမျိုးသားဥယျာဉ်မှာ သဘာဝအတိုင်း ရှိနေသေးတဲ့ ထုံးကျောက်တောင်ကြီးတွေနဲ့ လှပတဲ့စမ်းချောင်းတွေကို အနီးကပ်ကြည့်ရှုရင်း သဘာဝတရားရဲ့အလှကို မှင်တက်စရာ တွေ့မြင်ရမှာပါ။ Hualien မြို့ရဲ့ အေးချမ်းတဲ့လေထုနဲ့ Qixingtan ကမ်းခြေက ကျောက်စရစ်ခဲလေးတွေပေါ်မှာ ပင်လယ်ပြာပြာနဲ့ တောင်တန်းကြီးတွေ ယှဉ်တွဲနေတဲ့ ရှုခင်းတွေကို တဝကြီး ခံစားနိုင်သလို၊ Taitung ရဲ့ စပါးခင်းစိမ်းစိမ်းတွေကြား စက်ဘီးစီးရင်း လွတ်လပ်မှုကို အပြည့်အဝ ရရှိမှာဖြစ်ပါတယ်။ အရှေ့ဘက် အပိုင်းကတော့ စွန့်စားသွားလာလိုသူတွေနဲ့ သဘာဝတရားထဲမှာ အပန်းဖြေချင်သူတွေအတွက် မဖြစ်မနေ သွားသင့်တဲ့ နေရာပဲ ဖြစ်ပါတယ်။

🏝️ ထိုင်ဝမ်ရဲ့ ပတ်ပတ်လည်က ကျွန်းစုတွေဟာလည်း မတူညီတဲ့ အလှတရားကိုယ်စီကို ပိုင်ဆိုင်ထားကြပါတယ်။ Penghu မှာဆိုရင် Basalt ကျောက်တိုင်ကြီးတွေနဲ့ အသည်းနှစ်ထပ်ပုံ ကျောက်တန်း၊ Xiaoliuqiu မှာဆိုရင်တော့ ရေအောက်ထဲက ပင်လယ်လိပ်ကြီးတွေနဲ့အတူ ရေကူးနိုင်ပြီး၊ Green Island မှာဆိုရင် ကမ္ဘာပေါ်မှာ ရှားပါးလှတဲ့ ပင်လယ်ရေပူစမ်းမှာ အပန်းဖြေနိုင်ပါတယ်။ Orchid Island မှာဆိုရင်တော့ ဌာနေတိုင်းရင်းသား Tao လူမျိုးတို့ရဲ့ ရိုးရာလှေ၊ မြေအောက်အိမ် နဲ့ နေထိုင်မှုဓလေ့တွေကို လေ့လာနိုင်ပြီး၊ Kinmen မှာဆိုရင် စစ်အတွင်းက ကျန်ရှိခဲ့တဲ့ ရှေးဟောင်းဗုံးခိုကျင်းတွေနဲ့ နာမည်ကျော် Kaoliang အရက်တို့ ရှိပါတယ်။ Matsu မှာဆိုရင်တော့ ညဘက်မှာ ပင်လယ်ရေပြင်တစ်ခုလုံး အပြာရောင်တောက်ပလာတဲ့ "Blue Tears" အံ့ဖွယ်ဖြစ်စဉ်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပေါ်တူဂီသင်္ဘောသားတွေ ထိုင်ဝမ်ကျွန်းကို မြင်တွေ့ချိန်မှာ "Ilha Formosa" (လှပသောကျွန်း) လို့ တင်စားခေါ်ဝေါ်ခဲ့သလို၊ လက်ရှိအချိန်ထိလည်း မတူညီတဲ့ သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ဒီကျွန်းလေးဟာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း တို့နဲ့ယှဉ်ရင် ခရီးစရိတ် အနည်းငယ်မြင့်မားပေမယ့် ထိုက်တန်တဲ့ အတွေ့အကြုံကောင်းတွေကို ပေးစွမ်းနိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လို့ အရောက်သွားလည်ဖို့ တိုက်တွန်းလိုက်ပါရစေ။

🍽️ ထိုင်ဝမ်ရဲ့ နာမည်ကြီး အစားအသောက်များ

Beef Noodle Soup (牛肉麵) - အမဲသားခေါက်ဆွဲကတော့ ထိုင်ဝမ်ကို ကိုယ်စားပြုတဲ့ အထင်ကရ National Dish အစားအသောက်ဖြစ်ပါတယ်။

Bubble Tea (珍珠奶茶) - ထိုင်ဝမ်ရဲ့ Taichung မြို့ကနေ စတင်ပေါ်ပေါက်လာတဲ့ မူလပထမ အရသာ Bubble Tea ကိုတော့ Chun Shui Tang ဆိုတဲ့ ဆိုင်မှာ မြည်းစမ်းကြည့်နိုင်ပါတယ်။

Stinky Tofu (臭豆腐) - နာမည်ကြီး Street Food တစ်မျိုးဖြစ်ပြီး အနံ့ပြင်းတဲ့ ပဲပြားပုပ်နံ့မျိုးရှိပေမယ့် အရသာကတော့ စားလို့ကောင်းပါတယ်။ ပုံမှန်အားဖြင့် အကြွပ်ကြော်ထားပြီး ဆော့စ်၊ ဂေါ်ဖီချဉ် တို့နဲ့ တွဲစားရတာပါ။

Xiao Long Bao (小籠包) - Din Tai Fung ရဲ့ ရှောင်လုံးပေါင်း စားရဖို့ကတော့ အနည်းဆုံး ၁-၂ နာရီခန့် တန်းစီစောင့်ရမှာပဲ ဖြစ်ပါတယ်။

Taiwanese Steak (牛排) - Night Market ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ လူကြိုက်များ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ Steak ကို သံပန်းပြားပူပူပေါ်မှာ တင်ပြီး Pepper Sauce (သို့) Mushroom Sauce လောင်းကာ ခေါက်ဆွဲ နဲ့ ကြက်ဥကြော်ကို တွဲဖက်ပေးတာက ထူးခြားချက်ပါ။ ကြက်၊ ဝက်၊ အမဲ၊ ပင်လယ်စာ ကိုယ်ကြိုက်နှစ်သက်ရာနဲ့ ရွေးချယ်စားသုံးနိုင်ပါတယ်။

Yonghe Soy Milk (永和豆漿) - ထိုင်ဝမ်စတိုင် နာမည်ကြီး မနက်စာဆိုင်ဖြစ်ပါတယ်။ ပဲနို့ ပူပူလေး နဲ့ ထမင်းလိပ်ကတော့ အကောင်းဆုံးရွေးချယ်မှုပါပဲ။

Deep Fried Snacks (鹽酥雞) - ညဘက်ဆို ဟိုစားဒီစား စားတတ်တဲ့သူတွေအတွက် လမ်းဘေး အကြော်ဆိုင်လေးတွေမှာ များစွာသော Menu ထဲက ကိုယ်စားချင်တာလေးတွေရွေးပြီး ကြော်ပေးတာဖြစ်ပါတယ်။ ထိုင်ဝမ်စတိုင် ကြက်ကြော်အပြားကြီးကိုတော့ စားကြည့်ဖို့မမေ့နဲ့နော်။

Pork Pepper Bun (胡椒餅) - ထိုင်ဝမ်ရဲ့ နာမည်ကြီး Street Food တစ်မျိုးဖြစ်ပြီး အထူးသဖြင့် Raohe Night Market ကို ရောက်ရင် မဖြစ်မနေ မြည်းစမ်းသင့်တဲ့ အစားအသောက်ပါ။

Oyster Vermicelli (麵線) - ခေါက်ဆွဲမျှင်သေးသေးကို ကမာကောင်၊ ဝက်အူတို့နဲ့ ချက်ထားတာဖြစ်ပါတယ်။ Ay-Chung Flour Rice Noodle ကတော့ ကမာကောင်မထည့်ဘဲ ဝက်အူနဲ့သာချက်ထားတာကိုက သူ့ဆိုင်ရဲ့ Signature ဖြစ်ပြီး Ximending ရောက်ရင် မတ်တပ်ရပ်ပြီး တန်းစီစားနေတဲ့ လူအုပ်ကြီးကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Oyster Omelette (蚵仔煎) - ကော်ကြော်ကြိုက်တဲ့သူတွေအတွက်၊ ချိုချဉ် Sauce လေးကို အပေါ်ကစမ်းပြီးစားရတဲ့ ထိုင်ဝမ်ရဲ့ ကမာကော်ကြော်ကိုလည်း စားကြည့်သင့်ပါတယ်။ Ningxia Night Market ရဲ့ Michelin Guide အသိအမှတ်ပြု Yuen Huan Pien Oyster Egg Omelette ကတော့ ထို်င်ပေမှာ အကြိုက်ဆုံးဆိုင်ပါပဲ။

Scallion Pancake (蔥油餅) - ဂျုံမုန့်သားကို ကြက်သွန်မြိတ်နဲ့ လိပ်ပြီး ကြော်ထားတဲ့ ထိုင်ဝမ် Street Food တစ်မျိုးဖြစ်ပါတယ်။ ပလာတာနဲ့တူပြီး ဝက်ပေါင်ခြောက်၊ ကြက်ဥ၊ Cheese စတဲ့ အဆာမျိုးစုံကိုလည်း မိမိစိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

Mango Shaved Ice (芒果冰) - လတ်ဆတ်တဲ့ သရက်သီး၊ ရေခဲခြစ် ၊ နို့ဆီ နဲ့ ရေခဲမုန့် တို့ကို ပေါင်းစပ်ထားတဲ့ ထိုင်ဝမ်ရဲ့ နာမည်ကြီး အချိုပွဲတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာ လူကြိုက်များပြီး Smoothie House ကတော့ Mango Shaved Ice နဲ့ အထူးနာမည်ကြီးတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။

Braised Pork Rice (滷肉飯) - ရန်ကုန်ရဲ့ ဝက်ချိုထမင်းကြော်ကို ဆိုင်စုံအောင် စွဲစွဲလန်းလန်း စားလာတဲ့ ကျွန်တော့်အတွက် ထိုင်ဝမ်ဝက်ထမင်း နဲ့ သုံးထပ်သားပေါင်းကတော့ အလွမ်းပြေပါပဲ။ ထိုင်ဝမ်ဝက်ထမင်း ဆိုင်တွေကိုလည်း တော်တော်များများ စားကြည့်ဖူးပါတယ်၊ အဲ့ထဲကမှ 滷肉腳 နဲ့ Wang’s Broth ကို Try ကြည့်သင့်ပါတယ်။ (စကားချပ် - ဘူတာရုံလမ်း အထက(၁) ကျောင်းနားက ဆိုင်နာမည် မိုးဇော်လားမသိ ကရင်တွေေရောင်းတဲ့ဆိုင်က အမြဲတမ်းသွားစားနေကြ အကြိုက်ဆံုးဆိုင်ပါ၊ နောက်ပိုင်း ဟင်းချက်တဲ့သူထွက်ပြေးပြီး ဝက်သားဟင်းအရသာပြောင်းသွားထဲက သွားမစားဖြစ်တော့ပါဘူး)

🌟 ထိုင်ဝမ်ကို ဘာကြောင့်သွားလည်သင့်လဲ?

လုံခြုံစိတ်ချရမှု - ကမ္ဘာပေါ်မှာ ဘေးကင်းလုံခြုံမှုအရှိဆုံး နိုင်ငံတွေထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ညဉ့်နက်တဲ့အထိ အပြင်ထွက်လည်ပတ်တာမျိုး၊ မိန်းကလေးတစ်ယောက်ထဲ Solo Travel သွားတာမျိုးတွေအတွက် စိတ်ချရတဲ့ နေရာတစ်ခုပါ။ ပစ္စည်းပျောက်ရင်တောင် ပြန်ရဖို့ ရာခိုင်နှုန်း တော်တော်များတဲ့အထိ စည်းကမ်းရှိကြပါတယ်။

အစားအသောက် - အရသာရှိပြီး သန့်ရှင်းတဲ့ Street Food စုံစုံလင်လင် နဲ့ Bubble Tea ရဲ့ မူလပထမ အရသာကိုလည်း မြည်းစမ်းနိုင်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ အာခံတွင်းနဲ့ အတော်လေး လိုက်ဖက်တဲ့ အရသာမျိုးတွေမို့ အစားအသောက်အတွက် လုံးဝ ပူစရာမလိုပါဘူး။

သဘာဝအလှတရား - တစ်ချိန်က Formosa လို့ အမည်တွင်ခဲ့တဲ့ထိုင်ဝမ်ဟာ မြို့ပြ၊ တောင်တန်း၊ ပင်လယ်ကမ်းခြေ နဲ့ သဘာဝရေကန်တို့ကို လှလှပပ ပေါင်းစပ်ထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ္။

သယ်ယူပို့ဆောင်ရေး - မြို့တွင်းသွားလာရေးအတွက် MRT မြေအောက်ရထား နဲ့ Bus တွေက အလွန်စနစ်ကျသလို၊ YouBike စက်ဘီးလည်း ငှါးစီးလို့ရပါတယ်။ မြို့တစ်မြို့ကနေ တစ်မြို့ကို ကူးဖို့အတွက်ကတော့ HSR ကျည်ဆန်ရထား၊ TRA ရထားတို့နဲ့ အချိန်တိုအတွင်း သွားလာနိုင်ပါတယ်။ ထိုင်ဝမ်မြေပုံ ဟိုးထိပ်ကနေ အောက်ဆုံးထိကို HSR စီးရင် (၉၆) မိနစ်ပဲ ကြာပါတယ်။ Taoyuan Airport ကနေ Taipei မြို့ထဲကိုလည်း EasyCard အသုံးပြုပြီး Airport MRT နဲ့ အလွယ်တကူ သွားလာနိုင်ပါတယ်။ လေဆိပ်အသွားအပြန်အတွက် အဆင်ပြေ၊ မြန်ဆန်ပြီး ဈေးနှုန်းလည်း သက်သာတာကြောင့် ခရီးသွားတွေအတွက် အရမ်းအဆင်ပြေပါတယ်။

Convenience Store - 7-Eleven နဲ့ FamilyMart တို့လိုဆိုင်တွေက ထိုင်ဝမ်ရဲ့နေ့စဉ်လူမှုဘဝမှာ အရမ်းအရေးပါလှပြီး၊ လမ်းထောင့်တိုင်းမှာ ရှာတွေ့နိုင်ပါတယ်။ အစားအသောက်ဝယ်ရုံတင်မက၊ HSR, TRA, MRT နဲ့ Bus လက်မှတ်ဖြတ်တာ၊ ATM စက်တွေကနေ ငွေသားထုတ်ယူတာအပြင်၊ တခြားဝန်ဆောင်မှုများစွာလည်းရနိုင်လို့ ခရီးသွားတွေအတွက် အလွန်အဆင်ပြေပါတယ်။

☀️ သွားရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်

အောက်တိုဘာလ မှ ဒီဇင်ဘာလ - ရာသီဥတု အေးအေးမြမြနဲ့ သာယာပြီး မိုးအနည်းဆုံး အချိန်ဖြစ်တာကြောင့် လည်ပတ်ဖို့ အကောင်းဆုံးအချိန်ပါ။ (ရာသီဥတုအသာယာဆုံး အချိန်ဖြစ်လို့ ခရီးသွားများတဲ့ Peak Season လည်းဖြစ်ပါတယ်)

ဇန်နဝါရီလ မှ ဖေဖော်ဝါရီလ – ဆောင်းရာသီဖြစ်လို့ အတော်လေး အေးတတ်ပြီး ရေပူစမ်း (Hot Spring) စိမ်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ (တရုတ်နှစ်သစ်ကူးနဲ့ တိုက်ဆိုင်ရင်တော့ ဆိုင်အများစု ပိတ်တတ်သလို ခရီးသွားစရိတ်လည်း အမြင့်ဆုံး ဖြစ်နိုင်ပါတယ်)

မတ်လ မှ မေလ – နွေဦးရာသီဖြစ်လို့ ချယ်ရီပန်းတွေနဲ့ ပန်းမျိုးစုံပွင့်တဲ့ အချိန်ဖြစ်ပြီး ရာသီဥတုကလည်း အရမ်းမအေး၊ အရမ်းမပူဘဲ လည်ပတ်လို့ ကောင်းပါတယ်။

ဇွန်လ မှ စက်တင်ဘာလ – ဒါကတော့ ထိုင်ဝမ်ရဲ့ နွေရာသီဖြစ်ပြီး အတော်လေး ပူပြင်းသလို မုန်တိုင်းရာသီ (Typhoon Season) လည်း ဖြစ်တာကြောင့် သတိထားရမယ့် အချိန်ဖြစ်ပါတယ်။ (ဒါပေမဲ့ လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ဈေးတွေ အသက်သာဆုံး အချိန်ဖြစ်တာကြောင့် Budget ခရီးသွားတွေအတွက် အလွန်တန်ပါတယ်)

⚠️ သိထားသင့်တဲ့ အချက်များ

Visa - သတ်မှတ်ထားသော နိုင်ငံများတွင် လက်ရှိ တရားဝင်နေထိုင်လျက်ရှိသူများ၊ ဒါမှမဟုတ် လွန်ခဲ့သော (၁၀)နှစ်အတွင်း အဆိုပါနိုင်ငံများသို့ သွားရောက်လည်ပတ်၊ နေထိုင်ခဲ့ဖူးတဲ့ သက်ဆိုင်ရာ ဗီဇာ (သို့) နေထိုင်ခွင့် အထောက်အထားတစ်ခုခု တင်ပြနိုင်တယ်ဆိုရင် Travel Authorization Certificate (TAC) ကို Online မှာ Free လျှောက်ထားရုံဖြင့် ဗီဇာမလိုအပ်ပဲ လာလည်လို့ရပါတယ်။ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ မြန်မာနိုင်ငံသားများအနေနဲ့ ထိုင်ဝမ်ရဲ့ကိုယ်စားလှယ်ရုံးဖြစ်တဲ့ Taipei Economic and Cultural Office (သို့) Taipei Representative Office မှာ ဗီဇာ (Sticker Visa) လျှောက်ဖို့လိုအပ်ပါတယ်။ (ဗီဇာလိုအပ်ချက်များ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်)

TWAC - Taiwan Arrival Card ကို ပြည်မဝင်ခင် (၇၂) နာရီအတွင်း ကြိုတင်ဖြည့်ထားဖို့ လိုအပ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေး - Officer တွေက အများကြီး မမေးမြန်းဘဲ ခွင့်ပြုပေးတတ်တယ်ဆိုပေမယ့်၊ လိုအပ်တဲ့ Return Ticket, Show Money, Hotel Booking နဲ့ Trip Plan တို့ကို သေချာပြင်ဆင်သွားသင့်ပါတယ်။

လေဆိပ် - Taipei အနီးတွင် အဓိက လေဆိပ် (၂) ခုရှိပါတယ်။ Taoyuan မြို့တွင်ရှိသော Taiwan Taoyuan International Airport (TPE) သည် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းအများစု ဆင်းသက်ရာ အဓိက လေဆိပ်ဖြစ်ပြီး၊ Taipei မြို့အတွင်းရှိ Taipei Songshan Airport (TSA) သည် Domestic Flights များနှင့် ဂျပန်၊ ကိုရီးယား စသည့် အနီးဝန်းကျင်နိုင်ငံများသို့ လေကြောင်းခရီးစဉ်များ ဆောင်ရွက်ပေးနေသော လေဆိပ်ဖြစ်ပါတယ်။

ကန့်သတ်ပစ္စည်းများ - အသား၊ အသီးအနှံ၊ မျိုးစေ့များကို ထိုင်ဝမ်သို့ ယူဆောင်ခွင့်မပြုပဲ တင်းကြပ်စွာ တားမြစ်ထားပါတယ်။ လေယာဉ်ပေါ်မှာ အသားပါတဲ့မုန့်ကျွေးလို့ မစားပဲ မေ့ပြီးယူလာမိရင်တောင်မရပါဘူး။ (စစ်ဆေးတွေ့ရှိပါက NT$200,000 ($6,700 ခန့်) အထိ ဒဏ်ငွေ ဆောင်ရနိုင်ပါတယ်)

Hotel Amenities Policy - ၂၀၂၅ ခုနှစ်မှစတင်ပြီး ပလတ်စတစ်အမှိုက်နှင့် တစ်ခါသုံးပစ္စည်းအသုံးပြုမှုကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် ဟိုတယ်တွေမှာ သွားတိုက်တံ၊ သွားတိုက်ဆေး အစရှိတဲ့ပစ္စည်းတွေကို မထားပေးတော့လို့ ကိုယ့်ဘာသာယူလာတာဖြစ်ဖြစ် (သို့) ဝယ်သုံးဖို့ လိုအပ်ပါတယ်။

MRT - မြေအောက်ရထားပေါ်မှာ ရေသောက်ခြင်း၊ မုန့်စားခြင်း လုံးဝခွင့်မပြုပါ။ (ဒဏ်ငွေ NT$1,500 ကနေ NT$7,500 အထိ)

EasyCard - MRT, TRA , Bus နဲ့ YouBike စီးဖို့အတွက် အသုံးပြုရမယ့်ကတ် ဖြစ်ပါတယ်။ Airport မှာသာမက၊ 7-Eleven နဲ့ FamilyMart တို့လို နီးစပ်ရာ Convenience Store တွေမှာ အလွယ်တကူကတ်ဝယ်ပြီး ငွေဖြည့်လို့ရပါတယ်။ အကယ်၍ ကတ်ထဲမှာ ပိုက်ဆံပိုနေခဲ့ရင် Cash ပြန်ထုတ်လို့ရပြီး၊ Convenience Store တွေမှာလည်း ကတ်နဲ့ ငွေပေးချေလို့ရပါသေးတယ်။

Google Maps - ထိုင်ဝမ်ရဲ့ Google Maps ဟာ အလွန်တိကျပြီး ယုံကြည်စိတ်ချရတဲ့ App တစ်ခုဖြစ်ပါတယ်။ MRT နဲ့ Bus လာမယ့်အချိန်တွေကို Live Update အနေနဲ့ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်တဲ့အပြင်၊ မိမိသွားလိုတဲ့နေရာကို ရောက်ရှိမယ့်အချိန်ကိုပါ တိကျစွာ တွက်ချက်ပေးနိုင်လို့ ခရီးစဉ်အတွက် အလွန်အသုံးဝင်ပါတယ်။

Currency - ထိုင်ဝမ်မှာ အသုံးပြုတဲ့ ငွေကြေးကတော့ New Taiwan Dollar (TWD, NT$) ဖြစ်ပါတယ်။ လေဆိပ်မှာအလွယ်တကူ ငွေလဲလို့ရသလို၊ ကုန်တိုက်၊ ဟိုတယ်တချို့နဲ့ Bank of Taiwan မှာလည်း Passport ပြပြီး တရားဝင် ငွေလဲနိုင်ပါတယ်။ ATM စက်တွေကနေ VISA, MasterCard တွေနဲ့ NT$ ငွေသားထုတ်ယူလို့ရပြီး၊ နေရာတော်တော်များများမှာလည်း Card နဲ့ Mobile Payments အသုံးပြုနိုင်ပါတယ်။ Cash နဲ့ Card နှစ်မျိုးလုံး ပြင်ဆင်ထားရင်တော့ အကောင်းဆံုးပါ။ (ထိုင်ဝမ်ငွေ NT$ တန်ဖိုးဟာ Thai Baht နဲ့ နီးစပ်တာကြောင့် ဈေးနှုန်းတွက်ချက်ရာမှာ အလွယ်တကူ နှိုင်းယှဉ်နိုင်ပါတယ်)

ရာသီဥတု - ခုနေပူလိုက် ခနနေမိုးရွာလိုက် ဖြစ်တတ်ပြီး ရာသီဥတုနည်းနည်းကြမ်းတဲ့ထဲပါပါတယ်၊ အထူးသဖြင့် မြောက်ပိုင်း ထိုင်ပေဘက်မှာပါ။ နွေရာသီဆိုရင်လည်း ရန်ကုန်လိုပူတာမျိုးမဟုတ်ပဲ ခြောက်ခြောက်သွေ့သွေ့နဲ့ အပူဒဏ်ပိုခံစားရပါတယ်။ ထိုင်ဝမ်ဟာ မကြာခဏ မုန်တိုင်း ဝင်တတ်ပြီး၊ လေယာဉ်ခရီးစဉ် ရွှေ့ဆိုင်းခြင်း (သို့) ဖျက်သိမ်းခြင်းများ ဖြစ်တတ်သဖြင့် မသွားခင် မိုးလေဝသခန့်မှန်းချက်ကို သေချာစစ်ဆေးသင့်ပါတယ်။ (Windy App ကိုသုံးပြီး မုန်တိုင်းသတင်း ကြိုတင်ကြည့်ရှုနိုင်)

ငလျင် - ထိုင်ဝမ်သည် ငလျင်ကြောပေါ်တွင် တည်ရှိသောကြောင့် ငလျင်ငယ်လေးများ မကြာခဏ လှုပ်ခတ်တတ်ပါသည်။

VAT Refund - Tax Free ဆိုင်တွေမှာ NT$2,000 အထက် ပစ္စည်းဝယ်ရင် VAT Refund Form ဖွင့်ခိုင်းဖို့ မမေ့ပါနဲ့။ လေဆိပ်မှာ ပိုက်ဆံပြန်ထုတ်လို့ရပါတယ်။

LGBT Friendly - ၂၀၁၉ ခုနှစ်တွင် အာရှ၌ ပထမဆုံးအဖြစ် လိင်တူလက်ထပ်ထိမ်းမြားမှုကို တရားဝင်ဥပဒေဖြင့် ခွင့်ပြုခဲ့သည်။

အမှိုက်ကား - လမ်းပေါ်မှာ Beethoven ရဲ့ "Für Elise" တေးသံလေး ကြားလိုက်ရပြီဆိုရင်တော့ အဲဒီသီချင်းသံထွက်လာတဲ့ အမှိုက်ကားနောက်ကို အမှိုက်လိုက်ပစ်နေကြတဲ့ လူအုပ်ကြီးကို တွေ့ရမှာပဲဖြစ်ပါတယ်။ အမှိုက်ပစ်မယ်ဆိုရင် သတ်မှတ်ထားတဲ့ အမှိုက်အိတ်တွေနဲ့ထည့်ပြီး ပုံမှန်အမှိုက်၊ သံ၊ ဖန်၊ Battery နဲ့ Recycle ဆိုပြီး စနစ်တကျ ခွဲခြားပစ်ရပါတယ်။ စည်းကမ်းမလိုက်နာတာ၊ လမ်းဘေးအမှိုက်ပစ်တာ ဖမ်းမိရင်တော့ ထိုင်ဝမ်ဒေါ်လာ ၆,၀၀၀ အထိ ဒဏ်ငွေဆောင်ရနိုင်ပါတယ်။
(P.S. အမှိုက်ကားလာတာကိုစောင့်ရင်း အိမ်နီးချင်းတွေ အာလူးဖုတ်ကြတာကလည်း ထိုင်ဝမ်ရဲ့ ချစ်စရာကောင်းတဲ့ Culture တစ်ခုပါပဲ)

🇹🇼 ထိုင်ဝမ်နိုင်ငံနှင့်ပတ်သတ်တဲ့ အကြောင်းအရာများနှင့် သွားခဲ့တဲ့နေရာများကို တစ်စုတစ်စည်းထဲကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ် ✌️

🛂 Taiwan Visa နဲ့ TAC ဘာကွာလဲ
https://www.facebook.com/share/1GetDAUijv/?mibextid=wwXIfr

📝 Taiwan Arrival Card (TWAC) ဖြည့်ရန် Official Website
https://twac.immigration.gov.tw

🧧 ခရီးသွားများအတွက် ထိုင်ဝမ်ဒေါ်လာ ၅,၀၀၀ အထိ အခမဲ့ ကံစမ်းနိ်င်မည့် Taiwan The Lucky Land
https://www.facebook.com/share/1EayfNRjaM/?mibextid=wwXIfr

📍 ထိုင်ပေ (Taipei)
https://www.facebook.com/share/14nTNXcBCYu/?mibextid=wwXIfr

📍 ယီလန် (Yilan)
https://www.facebook.com/share/p/1DwGMUsaNr/?mibextid=wwXIfr

📍 ထိုင်နန် (Tainan)
https://www.facebook.com/share/p/18KoSdWb6Z/?mibextid=wwXIfr

📍 ကောင်းရှုံ (Kaohsiung)
https://www.facebook.com/share/p/1DcXqEab3e/?mibextid=wwXIfr

📍 လန်ယွီ (Orchid Island)
https://www.facebook.com/share/1PWL6s4Zpz/?mibextid=wwXIfr

Address

Taipei

Alerts

Be the first to know and let us send you an email when Kit & Moe On The Go posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kit & Moe On The Go:

Shortcuts

Share