Kit & Moe Vlogs

Kit & Moe Vlogs Kit & Moe on the Go! 🇲🇲🇹🇼🇻🇳🇵🇭🇹🇭
Let’s make Memories, Not Itineraries 🖖

19/04/2026

Work is Calling 😬

12/04/2026

No Baht No Happiness in Thailand 😂

🇹🇼 ထိုင်ဝမ်ရဲ့ ရှေးဟောင်းမြို့တော် ထိုင်နန် (Tainan) 🏯၁၆၂၄ ခုနှစ်မှာ Dutch တွေ စတင်အခြေချရာကနေ အစပြုခဲ့တဲ့ ဒီ "City of P...
03/04/2026

🇹🇼 ထိုင်ဝမ်ရဲ့ ရှေးဟောင်းမြို့တော် ထိုင်နန် (Tainan) 🏯

၁၆၂၄ ခုနှစ်မှာ Dutch တွေ စတင်အခြေချရာကနေ အစပြုခဲ့တဲ့ ဒီ "City of Phoenix" ဟာ ၁၆၆၃ ခုနှစ်ကနေ ၁၈၈၅ ခုနှစ်အထိ ထိုင်ဝမ်ရဲ့ ပထမဆုံးမြို့တော်အဖြစ် တည်ရှိခဲ့ပြီး၊ ယနေ့တိုင် နှစ်ပေါင်း (၄၀၀)ကျော် သမိုင်းအမွေအနှစ်တွေကို ခိုင်ခိုင်မာမာ ထိန်းသိမ်းထားနိုင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

အနောက်တောင်ဘက်ပိုင်းကမ်းရိုးတန်းပေါ်က ဒီမြို့လေးဟာ ရှေးဟောင်းဘုရားကျောင်းတွေ၊ သမိုင်းဝင် အဆောက်အအုံတွေနဲ့ အရသာရှိလှတဲ့ ရိုးရာဒေသစာတွေကြောင့် ထိုင်ဝမ်ရဲ့ သွားရောက်လည်ပတ်သင့်တဲ့ အထင်ကရနေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒီမြို့လေးဆီရောက်ဖြစ်တာကတော့ Orthodox Luermen Shengmu Temple မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Spring Fireworks Festival (花火迎春) ပွဲတော်ကြီးဆီ သွားတာပဲဖြစ်ပါတယ်။ ရှေးဟောင်းဘုံကျောင်းကြီးရဲ့အလယ်ကနေ ကောင်းကင်ယံတစ်ခုလုံး လင်းထိန်သွားအောင်ဖောက်လိုက်တဲ့ မီးရှူးမီးပန်းတွေက တကယ်ကိုရင်သပ်ရှုမောစရာအလှမျိုးပါ။ တစ်သက်မှာတစ်ခါ မဖြစ်မနေကြည့်သင့်တဲ့ ပွဲတော်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ သွားလည်ခဲ့တဲ့ ၂၀၂၅ ခုနှစ်ကဆိုရင် လူဦးရေ (၇)သိန်းလောက်ထိ ပါဝင်ဆင်နွှဲခဲ့တယ်လို့ Taiwan News မှာ ဖော်ပြခဲ့ပါတယ်။ ဟိုတယ်ကနေ ဘုံကျောင်းကိုသွားတဲ့ လမ်းတလျှောက်ဆိုရင်လည်း (၁၀ ကီလိုမီတာခန့်) တစ်လမ်းလုံးဆိုင်ကယ်တွေနဲ့ အပြည့်ပါပဲ။

ဒါ့အပြင် Yanshui Beehive Fireworks Festival လို့ခေါ်တဲ့ ပိုကြမ်းတဲ့ ပွဲတော်လည်းရှိပါသေးတယ်။ သူကတော့ အလှကြည့်မဟုတ်ပဲ လူအုပ်ထဲမှာ မီးရှူးမီးပန်းဖောက်တာမျိုးပါ၊ အန္တရာယ်ပိုများပြီး အကာအကွယ်အဖြစ် အပူခံအဝတ်အစားနဲ့ ဦးထုပ်တို့ကို ဝတ်ဆင်ထားဖို့လိုအပ်ပါတယ်။ အခွင့်ကြုံရင်တော့ သွားကြည့်ချင်ပါသေးတယ်။

🚌 ဘယ်တွေလည်မလဲ

✨ Chihkan Tower - ၁၆၅၃ ခုနှစ် Dutch ခေတ်ကတည်းကတည်ရှိခဲ့တဲ့ Tainan ရဲ့ အထင်ကရ သမိုင်းဝင်အဆောက်အအုံပါ။ ညဘက်ဆိုရင် မီးရောင်စုံတွေနဲ့အရမ်းလှပပြီး ရှေးဟောင်းအငွေ့အသက်တွေကို အပြည့်အဝခံစားရစေမှာပါ။

✨ Anping District (Anping Fort, Tree House & Old Street) - Anping ခံတပ်ဟောင်းနဲ့အတူ သစ်ပင်အမြစ်တွေလွှမ်းခြုံထားတဲ့ ထူးခြားတဲ့ Tree House ကို တစ်နေရာတည်းမှာ လည်ပတ်နိုင်ပါတယ်။ အနီးနားက Anping Old Street မှာလည်း ရှေးဟောင်းအဆောက်အအုံလေးတွေကြားလမ်းလျှောက်ရင်း ဒေသထွက် လက်ဆောင်ပစ္စည်းတွေဝယ်ယူနိုင်ပါတယ်။

✨ Chimei Museum - ဥရောပနန်းတော်ကြီးတစ်ခုအလား ထင်မှတ်ရလောက်အောင် ခမ်းနားထည်ဝါတဲ့ ပြတိုက်ကြီးပါ။ အပြင်ဘက်က Apollo Fountain နဲ့ Marble ရုပ်ထုတွေက ဓါတ်ဖမ်းလို့ကောင်းတဲ့နေရာတွေဖြစ်ပါတယ်။

✨ Lao Tang Lake Art Village - ရုပ်ရှင်ရိုက်ကွင်းတစ်ခုထဲ ရောက်သွားသလိုမျိုး ရှေးဟောင်းတရုတ်ရွာလေးရဲ့အလှကို ခံစားရမှာပါ။ ရေကန်ထဲမှာ ကိုယ်တိုင်ကြိုးဆွဲပြီး လှေစီးရတဲ့အတွေ့အကြုံက တကယ့်ကို ထူးခြားပါတယ်။

✨ Ten Drum Cultural Village - သကြားစက်ရုံဟောင်းကြီးကို ခေတ်မီအနုပညာဇုန်အဖြစ် ပြောင်းလဲထားတာပါ။ Drum Show တွေ ကြည့်နိုင်သလို၊ စွန့်စားရတာကြိုက်နှစ်သက်သူတွေအတွက် စက်ရုံဟောင်းထဲက အမြင့်ပေ (၅)ထပ်ကနေ Slide လျှောစီးတာမျိုးလည်း လုပ်လို့ရပါတယ်။

✨ Tainan Confucius Temple - ထိုင်ဝမ်ရဲ့ ပထမဆုံးသော ကွန်ဖြူးရှပ်ကျောင်းတော်ကြီးဖြစ်ပြီး "The First Academy of Taiwan" လို့ တင်စားကြပါတယ်။ အေးချမ်းတိတ်ဆိတ်တဲ့ဝန်းကျင်နဲ့ ရှေးဟောင်းဗိသုကာလက်ရာတွေကို လေ့လာချင်သူတွေအတွက် အကောင်းဆုံးနေရာပါ။

✨ Taijiang National Park (Sicao Green Tunnel) - ဒီရေတောပင်တွေအောက်မှာ လှေစီးရင်း သဘာဝအလှတရားကို အနီးကပ်ခံစားနိုင်မှာပါ။

✨ Jingzaijiao Tile-paved Salt Fields - ဆားကွင်းကြီးဖြစ်ပြီး အကွက်ဖော်ထားတဲ့ ကြွေပြားလေးတွေပေါ်မှာ ဆားပုံဖြူဖြူလေးတွေ စီထားတာ အရမ်းလှပါတယ်။ အထူးသဖြင့် နေဝင်ချိန်ရှုခင်းက ပန်းချီကားတစ်ချပ်လိုပါပဲ။

✨ Hayashi Department Store - ဂျပန်ခေတ်ကတည်းကတည်ရှိခဲ့တဲ့ ကုန်တိုက်ကြီးဖြစ်ပါတယ်။

✨ Tainan Garden Night Market - ထိုင်ဝမ်တောင်ပိုင်းမှာ အကြီးဆုံးနဲ့လူကြိုက်အများဆုံး ညဈေးကြီးပါ။ အစားအသောက်ရာနဲ့ချီရှိပြီး၊ ဒေသစာတွေကို မြည်းစမ်းကြည့်လို့ရပါတယ်။

💡 သွားလာလည်ပတ်ဖို့အတွက် ဆိုင်ကယ်ငှါးရင်တော့ ပိုအဆင်ပြေပါတယ်။ ဆိုင်ကယ်ငှါးခ တစ်ရက်ကို NT$400 ($15 ခန့်) ကနေ ဆိုင်ကယ်ပေါ်မူတည်ပြီး အစားစားရှိပါတယ်။ အခါကြီး၊ ရက်ကြီး သွားလည်မယ်ဆို ဆိုင်ကယ်မရဖြစ်တတ်လို့ မသွားခင်ထဲက ဘိုကင်ကြိုလုပ်သွားပါ။ ရထားဘူတာအနီးတွင် အလွယ်တကူ ငှါးရမ်းနိုင်ပါတယ်။

✈️ ဘယ်လိုသွားမလဲ

ထိုင်နန်ကိုသွားလည်ဖို့အတွက် အမြန်ရထား၊ ရထား နဲ့ ဘတ်စ်ကားဆိုပြီး ကိုယ်နှစ်သက်ရာ ရွေးစီးနိုင်ပါတယ်။

High Speed Rail (HSR) - အမြန်ဆုံးနဲ့ စျေးအကြီးဆုံး နည်းလမ်းပါ။ (၁)နာရီခွဲပဲကြာပြီး လက်မှတ်ခက NT$1,350 ($45 ခန့်) ဝန်းကျင်ကျသင့်မှာပါ။

Train (TRA) - Puyuma (သို့) Tze-Chiang Express စီးရင်တော့ (၃)နာရီခွဲလောက် ကြာပါမယ်။ လက်မှတ်ခက NT$900 ($30 ခန့်) ဝန်းကျင်ပဲ ရှိတာကြောင့် HSR ထက်စာရင် သက်သာပါတယ်။

Intercity Bus - (၄)နာရီခွဲလောက် ကြာပေမယ့် လက်မှတ်ခက NT$600 ($20 ခန့်) ဝန်းကျင်ပဲရှိပါတယ်။ ကားတွေက အရမ်းကောင်းပြီး ထိုင်ခုံတွေကလည်း အိပ်လို့ရတဲ့ဆိုဖာခုံတွေဖြစ်လို့ အားလုံးထဲမှာ စီးရတာသက်သောင့်သက်သာအရှိဆံုးပါ။

🏡 ဘယ်မှာနေမလဲ

West Central District - အစည်ကားဆုံးနေရာဖြစ်ပြီး Chihkan Tower နဲ့ Hayashi Department Store တို့လို အထင်ကရနေရာတွေနဲ့ အနီးဆုံးပါ။ လမ်းလျှောက်ရင်းနဲ့တင် ဒေသထွက် Street Food တွေကို အလွယ်တကူ စားသောက်နိုင်သလို၊ သွားလာရေးလည်း အရမ်းအဆင်ပြေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ($50-$80)

Anping District - တိတ်ဆိတ်အေးချမ်းတဲ့ Vibe ကိုမှ ကြိုက်တယ်ဆိုရင်တော့ Anping District မှာ တည်းဖို့ အကြံပြုပါရစေ။ ဒီနေရာက Anping Fort, Tree House & Old Street တို့နဲ့ အရမ်းနီးပါတယ်။ မြို့ထဲထက်စာရင် ပိုပြီး Relax ဖြစ်စေသလို၊ ဒေသထွက် အစားအစာတွေလည်း ပေါများတာမို့ အေးအေးဆေးဆေး ခရီးသွားတတ်သူတွေအတွက် အဆင်ပြေဆုံးပါပဲ။။ ($60-$90)

Tainan Station Area - သွားလာရအလွန်လွယ်ကူပြီး ရထားနဲ့လာတဲ့သူတွေတွက် အဆင်ပြေဆုံးနေရာပါ။ ဘူတာကနေထွက်လိုက်တာနဲ့ ဆိုင်ကယ်ငှားလို့ရတဲ့ဆိုင်တွေ အများကြီးရှိသလို၊ Hostel တွေလည်းများလို့ Budget Trip သွားသူတွေအတွက် သင့်တော်ပါတယ်။ ($30-$60)

🍽️ ဘာစားမလဲ

Beef Soup (牛肉湯) - အမဲသားကြိုက်တဲ့သူတွေအတွက် ထိုင်နန်ရဲ့အကျော်ကြားဆုံးဒေသစာပါ။ လတ်ဆတ်တဲ့ အမဲသားလွှာလေးတွေကို ဟင်းရည်ပူပူလေးလောင်းပြီး ချက်ချင်းစားရတာမို့ အသားရဲ့ချိုမြိန်မှုနဲ့ ဟင်းရည်ရဲ့အရသာက တကယ့်ကို အားရှိစေမယ့် Signature နံနက်စာပဲ ဖြစ်ပါတယ်။

Coffin Bread (棺材板) - နာမည်က ထူးဆန်းပေမဲ့ အရသာကတော့ ရှယ်ပါပဲ။ ပေါင်မုန့်ထူထူကို ဆီနဲ့ကြွပ်အောင်ကြော်၊ အလယ်ကနေအပေါက်ဖောက်ပြီး အထဲမှာ ခရင်မ်ဆော့စ်၊ အသားနဲ့ အသီးအရွက်တွေကို အစာသွပ်ထားတာမျိုးပါ။

Danzai Noodles (擔仔麵) - ပုစွန်ဟင်းရည်အနှစ်ကို အခြေခံပြီး ဝက်သားစဉ်းကော၊ ပုစွန်နဲ့ ကြက်ဥပြုတ်တို့ ပါဝင်တဲ့ ခေါက်ဆွဲသေးသေးလေးတွေပါ။

Steamed Pork Belly Buns (割包) - ပုံမှန် ဝက်သုံးထပ်သားအပြင် ထူးထူးခြားခြားအနေနဲ့ ဝက်လျှာကတော့ 阿松割包 ဆိုင်ရဲ့ Signature လူကြိုက်အများဆုံးပါပဲ။ မန်ထိုပူပူလေးကို နူးအိနေတဲ့ဝက်လျှာ၊ မြေပဲဆော့စ်၊ မုန်ညင်းချဉ်တို့နဲ့ရောပြီး အစာသွပ်ပေးထားတာဖြစ်ပါတယ်။

Shrimp Rolls (蝦捲) - ပုစွန်အသား လတ်လတ်ဆတ်ဆတ်ကို အပြင်ကနေ ကြွပ်ကြွပ်လေးဖြစ်အောင်ကြော်ထားတာပါ။ Anping Old Street ရောက်ရင် မဖြစ်မနေမြည်းစမ်းသင့်တဲ့ အစားအစာပါ။

💸 ဘယ်လောက်ကုန်လဲ

နေထိုင်စရိတ် - NT$1,500/day ($50 ခန့်)
စားသောက်စရိတ် - NT$600/day ($20 ခန့်)
သွားလာရေးစရိတ် - NT$500/day ($15 ခန့်)
ဝင်ကြေးလက်မှတ်များ - NT$1,200 ($40 ခန့်)

Tainan မှာ (၂)ရက်တာ နေခဲ့တာအတွက် ထိုင်ပေ-ထိုင်နန် အသွားအပြန်ရထားလက်မှတ်ဖိုး၊ ဟိုတယ်၊ အစားအသောက်၊ ဆိုင်ကယ်ဆီဖိုး နဲ့ ဝင်ကြေး အားလုံးအပါ တစ်ယောက်ကို NT$5,000 ($165 ခန့်) ကုန်ပါတယ်။

⏳ ခရီးသွားခဲ့ချိန် - ဖေဖော်ဝါရီ၊ ၂၀၂၅

📀 Reels
🔹 https://www.facebook.com/share/v/17u3tp5nCx/?mibextid=wwXIfr

🔹 https://www.facebook.com/share/r/18JmsTkZZH/?mibextid=wwXIfr

🔹 https://www.facebook.com/share/r/1CW2Ja5xbQ/?mibextid=wwXIfr

31/03/2026

The energy at the Luermen Spring Fireworks Festival is Unreal 💥

🇹🇼 ပင်လယ်၊ တောင်တန်းနဲ့ Hot Spring တွေကြောင့် နာမည်ကြီးတဲ့ ယီလန် (Yilan) ♨️ယီလန်ခရိုင်ဟာ ထိုင်ဝမ်မြောက်ပိုင်းမှာ တည်ရှိပ...
26/03/2026

🇹🇼 ပင်လယ်၊ တောင်တန်းနဲ့ Hot Spring တွေကြောင့် နာမည်ကြီးတဲ့ ယီလန် (Yilan) ♨️

ယီလန်ခရိုင်ဟာ ထိုင်ဝမ်မြောက်ပိုင်းမှာ တည်ရှိပြီး ပင်လယ်ကမ်းခြေ၊ သဘာဝတောင်တန်းနဲ့ နာမည်ကြီး Hot Spring တွေ ပေါင်းစပ်ထားတဲ့ အေးချမ်းတဲ့ ခရီးသွားနေရာတစ်ခုဖြစ်သလို ထိုင်ပေကနေ Weekend Trip သွားချင်တဲ့သူတွေအတွက်လည်း အလွန်သင့်တော်ပါတယ်။ ယီလန်ကို ရောက်လာရင် မြို့ကြီးတွေလို ရှုပ်ထွေးမနေဘဲ လယ်ကွင်းတွေ၊ သစ်တောတွေနဲ့ ကမ်းခြေတွေကြားမှာ Slow Life ပုံစံနဲ့ အေးအေးဆေးဆေး လည်ပတ်နိုင်မှာဖြစ်ပြီး အရင်က စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေ အဓိကလုပ်ကိုင်ခဲ့တဲ့ ဒီဒေသဟာ အခုဆိုရင်တော့ သဘာဝအလှတရားတွေနဲ့ ရိုးရာယဉ်ကျေးမှုတွေ ပေါင်းစပ်ထားတဲ့ နေရာတစ်ခုအဖြစ် လူကြိုက်များလာခဲ့ပါပြီ။ မြို့ပြဘဝကနေ ခဏလောက် အနားယူပြီး အေးချမ်းတဲ့ သဘာဝကို တစ်ဝကြီးခံစားချင်သူတွေအတွက်တော့ ယီလန်ဟာ မဖြစ်မနေသွားသင့်တဲ့ ခရီးစဉ်တစ်ခုပါပဲ။

🚌 ဘယ်တွေလည်မလဲ

✨ Taipingshan National Forest Recreation Area - ယီလန်ရဲ့ နာမည်အကြီးဆုံး သဘာဝအပန်းဖြေစခန်းတစ်ခုပါ။ တောအုပ်ကြီးတွေကြားမှာ လမ်းလျှောက်နိုင်သလို၊ B**g B**g Train အမိုးဖွင့် ရထားအဝါလေးလိုက်စီးရင်း တောင်တန်းရှုခင်းတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။

✨ National Center for Traditional Arts - ထိုင်ဝမ်ရဲ့ ရိုးရာယဉ်ကျေးမှု၊ လက်မှုပညာနှင့် ဗိသုကာလက်ရာများကို တစ်နေရာတည်းတွင် လေ့လာနိုင်သော (၂၄)ဟက်တာကျယ်ဝန်းသည့် ယဉ်ကျေးမှုကျေးရွာကြီး ဖြစ်ပါတယ်။

✨ Lanyang Museum - ထူးခြားတဲ့ Architecture Design နဲ့ တည်ဆောက်ထားတဲ့ ဒီ Museum ဟာ ထိုင်ဝမ်ရဲ့အလှပဆုံးသော ခေတ်မီဗိသုကာလက်ရာများထဲမှ တစ်ခုဖြစ်ပါတယ်။ ယီလန်ဒေသရဲ့ သဘာဝ၊ ယဉ်ကျေးမှုနဲ့ သမိုင်းကို လေ့လာနိုင်ပြီး ဓါတ်ဖမ်းလို့ကောင်းတဲ့နေရာတစ်ခုပါ။

✨ Jiaoxi Hot Spring - ယီလန်ကိုလာတဲ့သူတွေ မဖြစ်မနေသွားလည်ကြတဲ့ မြေပြန့်မှာရှိတဲ့ ရှားရှားပါးပါး ရေပူစမ်းမြို့လေးဖြစ်ပါတယ်။

✨ Waiao Beach - Surfing နဲ့ Sunset ကြည့်ဖို့ နာမည်ကြီးတဲ့ ကမ်းခြေပါ။ ပင်လယ်ထဲမှာရှိတဲ့ Turtle Island ကိုလည်း ကမ်းခြေကနေအထင်အရှားမြင်နိုင်ပါတယ်။

✨ Jimmy Park - ထိုင်ဝမ်နာမည်ကျော် သရုပ်ဖော်ပန်းချီဆရာ Jimmy Liao ရဲ့ ပုံပြင်ကမ္ဘာကို အပြင်မှာ တကယ်ဖန်တီးထားတဲ့ နေရာလေးဖြစ်ပါတယ်။

✨ Zhang Mei Ama’s Farm 2.0 - Alpaca, Capybara အပြင် တခြားတိရစ္ဆာန်လေးတွေနဲ့ နီးနီးကပ်ကပ်တွေ့ပြီး အစာလည်းကျွေးလို့ရတဲ့ Farm လေးပါ။ ဓာတ်ပုံရိုက်ဖို့လည်း အရမ်းချစ်စရာကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

✨ Qing Shui Water Geothermal Square - ဒီနေရာဟာ မိသားစုနဲ့ သူငယ်ချင်းတွေ စုပေါင်းပြီး သဘာဝရေပူစမ်းမှာ အစားအစာတွေ ပြုတ်စားရင်း အပန်းဖြေလို့ကောင်းတဲ့ နာမည်ကြီးနေရာတစ်ခု ဖြစ်ပါတယ်။

✨ Kavalan Distillery - ထိုင်ဝမ်ရဲ့ နာမည်ကြီး Whisky Brand Kavalan ထုတ်လုပ်ရာနေရာပါ။ Distillery Tour လုပ်ပြီး Whisky ထုတ်လုပ်ပုံကို လေ့လာနိုင်သလို Free Tasting လည်း ရတာကြောင့် ယမကာလုလင်တွေ အကြိုက်တွေ့စေမှာ သေချာပါတယ်။

✨ Luodong Night Market - ယီလန်ရဲ့ အစည်ကားဆုံးနဲ့ အစားအသောက် အစုံလင်ဆုံးညဈေးဖြစ်ပြီး ဒေသထွက် ကြက်သွန်မြိတ်နဲ့ လုပ်ထားတဲ့ Scallion Pancake၊ ဆိတ်သားစွပ်ပြုတ်နဲ့ Peanut Ice Cream Roll တို့က မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ Signature အစားအစာတွေပါ။

💡 မြို့တွင်းသွားလာရေးအတွက် Public Transportation အသုံးပြုနိုင်သလို၊ ဆိုင်ကယ်ငှါးပြီးလည်ရင်တော့ ပိုအဆင်ပြေပါတယ်။ ဆိုင်ကယ်ငှါးခ တစ်ရက်ကို NT$400 ($15 ခန့်) ကနေ ဆိုင်ကယ်ပေါ်မူတည်ပြီး အစားစားရှိပါတယ်။ အခါကြီး၊ ရက်ကြီး သွားလည်မယ်ဆို ဆိုင်ကယ်မရဖြစ်တတ်လို့ မသွားခင်ထဲက ဘိုကင်ကြိုလုပ်သွားသင့်ပါတယ်။ ဆိုင်ကယ်ငှါးဖို့အတွက် Yilan, Jiaoxi နဲ့ Luodong နီးစပ်ရာရထားဘူတာတွင် အလွယ်တကူ ငှါးရမ်းနိုင်ပါတယ်။

✈️ ဘယ်လိုသွားမလဲ

ကျွန်တော်တို့သွားတုန်းကတော့ ဆိုင်ကယ်မောင်းပြီး Roadtrip သွားတာဖြစ်ပါတယ်။ ယီလန်ထိကို အေးအေးဆေးဆေးမောင်းသွားရင် (၂)နာရီခွဲလောက်တော့မောင်းရပါတယ်။ လမ်းတလျှောက် တောင်တန်းအလှတွေနဲ့ ယီလန်ဝင်ခါနီး တောင်ပေါ်ကလှမ်းမြင်ရတဲ့ ပင်လယ်ရှုခင်းကြီးဆို တော်တော်လေးလှပါတယ်။ ယီလန်သွားတဲ့လမ်း Beiyi Road တလျှောက် ပြိုင်ဘီးဆိုင်ကယ်တွေများပြီး အမြန်မောင်းတဲ့သူတွေရှိလို့ သတိတော့ထားသင့်ပါတယ်။

Train (TRA) - Puyuma (သို့) Tze-Chiang Express စီးရင်တော့ (၁)နာရီခွဲလောက်ပဲကြာပြီး လက်မှတ်ခက NT$300 ($10 ခန့်) ဝန်းကျင်ပဲ ရှိပါတယ်။

Intercity Bus - Bus နဲ့ သွားရင်တော့ (၂)နာရီခန့်ကြာပြီး လက်မှတ်ခ NT$150 ($5 ခန့်) ပဲ ကျသင့်မှာဖြစ်ပါတယ်။

🏡 ဘယ်မှာနေမလဲ

Jiaoxi - ယီလန်မှာ လူအများဆုံး လာရောက်အပန်းဖြေကြတဲ့ Hot Spring Town ဖြစ်ပါတယ်။ Private Hot Spring Bath ပါတဲ့ Hotel & Resort တွေ လည်းရှိလို့ တော်တော်လေး အဆင်ပြေပါတယ်။ ($70-$100)

Yilan - မြို့လယ်အချက်အချာနေရာဖြစ်ပြီး Jiaoxi နဲ့ Luodong (၂)နေရာလုံးကို အလွယ်တကူသွားနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဟိုတယ်ရွေးချယ်စရာလည်း Budget အလိုက် အစားစားရှိပါတယ်။ ($40-$70)

Luodong - အစားအသောက်နဲ့ ညဈေးကို စိတ်ဝင်စားရင်တော့ Luodong က အကောင်းဆုံးပါပဲ။ နာမည်ကြီး Luodong Night Market မှာ ဒေသထွက်အစားအစာနဲ့ Street Food တွေကို စုံစုံလင်လင် မြည်းစမ်းနိုင်ပါတယ်။ ($30-$50)

🍽️ ဘာစားမလဲ

Jiu Qian Dai (久千代海鮮百匯餐廳) - ယီလန်ရဲ့နာမည်ကြီး Seafood Buffet ဆိုင်ဖြစ်ပါတယ်။ ကဏန်း၊ ပုစွန် အပါအဝင် ပင်လယ်စာအမျိုးအစားပေါင်းများစွာကို လတ်ဆတ်မှုအပြည့်နဲ့ သုံးဆောင်နိုင်သလို၊ Sashimi နဲ့ BBQ တွေကိုပါ တစ်နေရာတည်းမှာ စုံစုံလင်လင်ရရှိနိုင်တာက ဒီဆိုင်ရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်။ (စျေးတန်ပြီးစားကောင်းလို့ ထိုင်ပေကနေ တကူးတကသွားစားဖြစ်တာဆို (၃)ခေါက်လောက်တောင်ရှိပါပြီ)

Deep Fried Pork Loin (味珍香卜肉店) - အပြင်သား ကြွပ်ကြွပ်လေးနဲ့ အတွင်းသားနူးညံ့ပြီး စားကောင်းတဲ့ ဝက်သားကြော်ဆိုင်ဖြစ်ပါတယ်။

💸 ဘယ်လောက်ကုန်လဲ

နေထိုင်စရိတ် - NT$1,500/day ($50 ခန့်)
စားသောက်စရိတ် - NT$600/day ($20 ခန့်)
သွားလာရေးစရိတ် - NT$500/day ($15 ခန့်)
ဝင်ကြေးလက်မှတ်များ - NT$300-500 ($15 ခန့်)

Yilan မှာ (၂)ရက်တာ နေခဲ့တာအတွက် ဟိုတယ်၊ အစားအသောက်၊ ဆိုင်ကယ်ဆီဖိုး နဲ့ ဝင်ကြေး အားလုံးအပါ တစ်ယောက်ကို NT$4,000 ($135 ခန့်) ကုန်ပါတယ်။ Train or Bus နဲ့သွားမယ်ဆိုရင်တော့ ထိုင်ပေ-ယီလန် အသွားအပြန်လက်မှတ်ဖိုး ထပ်ကုန်မှာဖြစ်ပါတယ်။

⏳ ခရီးသွားခဲ့ချိန် - ဧပြီ၊ ၂၀၂၅

🎞️ Yilan Vlog
🔹 https://www.facebook.com/share/v/1AsyABesDW/?mibextid=wwXIfr (Part 1)

🔹 https://www.facebook.com/share/v/1Fhzd41Pj3/?mibextid=wwXIfr (Part 2)

20/03/2026

Best budget foldable sunglasses ever 😎

09/03/2026

Unboxing the Bellroy Hide & Seek Wallet 👀

🇵🇭 Memories of White Beach and Metro 🇵🇭ဗီယက်နမ်ခရီးစဉ်အပြီးမှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဖ...
04/03/2026

🇵🇭 Memories of White Beach and Metro 🇵🇭

ဗီယက်နမ်ခရီးစဉ်အပြီးမှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဖိလစ်ပိုင်ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။

ကျွန်းပေါင်း (၇,၀၀၀)ကျော်နဲ့ ဖွဲ့စည်းထားတာတဲ့ ဖိလစ်ပိုင်ဟာ ပင်လယ်နဲ့ သဘာဝအလှတရားကို မြတ်နိုးသူတွေအတွက် အိပ်မက်ဆန်တဲ့ ကျွန်းစုနိုင်ငံတစ်ခုဖြစ်ပြီး၊ သမိုင်း၊ ယဉ်ကျေးမှုနဲ့ တောင်တန်းအလှတွေဟာလည်း မတူညီတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ပါတယ်။

နိုင်ငံတကာခရီးသွားတွေကြား ရေပန်းစားလွန်းတဲ့ Cebu, Palawan, Bohol တို့လို လှပတဲ့နေရာတွေ အများကြီးရှိပေမဲ့၊ ကမ်းခြေမှာ ပျော်ပျော်ပါးပါး အပန်းဖြေချင်တာကြောင့် ကမ္ဘာကျော် White Beach ရှိတဲ့ Boracay နဲ့ မြို့တော် Manila ကိုပဲ ဦးစားပေးလည်ပတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံသားများအနေနဲ့ ရက် (၃၀)၊ ထိုင်ဝမ်နိုင်ငံသားများအနေနဲ့ (၁၄) ရက်၊ ဖိလစ်ပိုင်ကို ဗီဇာမလိုဘဲ (Visa Free) လည်ပတ်ခွင့်ရရှိမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်ရဲ့ အစားအသောက်နဲ့ ဟိုတယ်က စျေးသက်သာတဲ့ထဲ ပါပါတယ်။ လေယာဉ်လက်မှတ်ခက Taipei-Manila-Caticlan အသွားအပြန်ကို ($250 ခန့်) ကျပြီး၊ (၄)ရက် ခရီးစဉ်အတွက် တစ်ယောက်ကို ပျမ်းမျှ ($600 ခန့်) ကုန်ကျခဲ့ပါတယ်။ ဒီကုန်ကျစရိတ်ဟာ Budget အရမ်းမဆန်ပဲ သက်တောင့်သက်တာနဲ့ သွားလာလို့ရတဲ့အပြင်၊ ခရီးစဉ်တလျှောက် (ဟိုတယ်၊ အစားအသောက်၊ သွားလာရေးစရိတ်၊ ဝင်ကြေးလက်မှတ်၊ ခရီးသွားအာမခံ၊ ဖုန်းကတ်၊ စျေးဝယ်၊ Beach Activities) အားလုံးပါဝင်ပြီးသားဖြစ်ပါတယ်။

⏳ ခရီးသွားခဲ့ချိန် - ဇန်နဝါရီလ၊ ၂၀၂၆

🇵🇭 ဖိလစ်ပိုင်သွားမယ့်သူတွေအတွက် မရှိမဖြစ် သိထားရမယ့် eTravel အကြောင်း 🇵🇭eTravel ဆိုတာဖိလစ်ပိုင်နိုင်ငံကို အဝင်ရော၊ အထွက်...
02/03/2026

🇵🇭 ဖိလစ်ပိုင်သွားမယ့်သူတွေအတွက် မရှိမဖြစ် သိထားရမယ့် eTravel အကြောင်း 🇵🇭

eTravel ဆိုတာဖိလစ်ပိုင်နိုင်ငံကို အဝင်ရော၊ အထွက်ပါ မည်သူမဆို (နိုင်ငံခြားသား နှင့် ဖိလစ်ပိုင်နိုင်ငံသားများအားလုံး) မဖြစ်မနေ Register လုပ်ရမယ့် Electronic Travel Information System ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားများအနေနဲ့ ရက် (၃၀)၊ ထိုင်ဝမ်နိုင်ငံသားများအနေနဲ့ (၁၄) ရက်၊ ဖိလစ်ပိုင်ကို ဗီဇာမလိုဘဲ (Visa Free) သွားရောက်လည်ပတ်နိုင်တယ် ဆိုပေမယ့် eTravel ကတော့ လိုအပ်နေအုံးမှာပဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို အလည်သွားမယ့်သူတွေ၊ အလုပ်ကိစ္စသွားမယ့်သူတွေအတွက် လေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးကို အချောမွေ့ဆုံး ဖြတ်သန်းနိုင်ဖို့ eTravel က မဖြည့်မနေရ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ (Immigration အတွက် Hotel Booking, Return Ticket, Show Money, Trip Plan တွေပါ ပြင်ဆင်ထားသင့်ပါတယ်)

⚠️ သတိထားရမည့်အချက်များ

🔻 တရားဝင် ဝက်ဘ်ဆိုဒ်မှာ (အခမဲ့) ကိုယ်တိုင်လျှောက်ထားနိုင်ပါတယ်။ ငွေတောင်းခံသည့် Website များမှာ အတုများသာ ဖြစ်၍ သတိထားပါ။
Official Website 👉 https://etravel.gov.ph
🔻 နိုင်ငံအတွင်းသို့ အဝင်နဲ့ အထွက်ကို (၇၂) နာရီ မတိုင်မီ ကြိုတင် register လုပ်ထားရမှာဖြစ်ပါတယ်။
🔻 ကိုယ်ရေးကိုယ်တာ အချက်အလက်များ သေချာစွာ စစ်ဆေးပါ။ မိသားစုဝင်များအတွက် ကိုယ့်နဲ့အတူတူ တစ်တွဲထဲ Register လုပ်လို့ရပါတယ်။
🔻 အကုန်ဖြည့်ပြီးလို့ QR Code လေး ထွက်လာရင် ဖုန်းထဲမှာ သေချာသိမ်းထားပြီး၊ စာရွက်ပါ Print ထုတ်သွားဖို့ အကြံပြုလိုပါတယ်။
‼️ စည်းမျဉ်းစည်းကမ်းများမှာ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။

ခရီးစဉ်တိုင်း ဘေးကင်းပျော်ရွှင်ကြပါစေ ✈️🍀

⏳ ခရီးသွားခဲ့ချိန် - ဇန်နဝါရီလ၊ ၂၀၂၆

🇹🇼 ထိုင်ဝမ်တောင်ပိုင်းရဲ့ ပင်လယ်ဆိပ်ကမ်းမြို့တော် ကောင်းရှုံ (Kaohsiung) ⚓️ကောင်းရှုံဟာ တစ်ချိန်က စက်မှုဇုန်နဲ့ ဆိပ်ကမ်း...
23/02/2026

🇹🇼 ထိုင်ဝမ်တောင်ပိုင်းရဲ့ ပင်လယ်ဆိပ်ကမ်းမြို့တော် ကောင်းရှုံ (Kaohsiung) ⚓️

ကောင်းရှုံဟာ တစ်ချိန်က စက်မှုဇုန်နဲ့ ဆိပ်ကမ်းမြို့သက်သက်ပဲ ဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ ထိုင်ဝမ်ရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်ရုံသာမက၊ အနုပညာဆန်ဆန် ဖန်တီးမှုတွေ၊ ကမ်းခြေ အလှတရားတွေနဲ့ ရိုးရာယဉ်ကျေးမှု တွေ ပေါင်းစပ်ထားတဲ့ ခေတ်မီမြို့ကြီး တစ်မြို့ ဖြစ်လာခဲ့ပါပြီ။ ထိုင်ပေထက် ပိုမိုကျယ်ဝန်းတဲ့ လမ်းမကြီးတွေ၊ ပိုမိုအေးချမ်းတဲ့ လူနေမှုပုံစံနဲ့ သဘာဝတရားကို တစ်ဝကြီး ခံစားနိုင်တဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

🚌 ဘယ်တွေလည်မလဲ

✨ Fo Guang Shan Buddha Museum - ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာပြတိုက်ကြီးတွေထဲက တစ်ခုဖြစ်ပြီး ထိုင်ဝမ်ရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ခမ်းနားထည်ဝါစွာ လေ့လာနိုင်ပါတယ်။

✨ The Pier 2 Art Center - အရင်က ဂိုဒေါင်ဟောင်းတွေကို အနုပညာနယ်မြေအဖြစ် ပြောင်းလဲထားတာဖြစ်ပြီး Street Art တွေ၊ ထူးခြားတဲ့ ရုပ်တုကြီးတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီနယ်မြေထဲမှာ Light Rail ရထားလေးတွေ ဖြတ်မောင်းသွားတာကိုလည်း မြင်တွေ့ရနိုင်ပြီး၊ ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေအတွက် Paradise ပါပဲ။

✨ Cijin Beach - ကမ်းကူးလှေ Ferry လေး (၅) မိနစ်လောက်စီးလိုက်တာနဲ့ ရောက်နိုင်တဲ့ကမ်းခြေပါ။ ပင်လယ်စာ လတ်လတ်ဆတ်ဆတ် စားနိုင်သလို၊ Pedicab လို့ ခေါ်တဲ့ သုံးဘီး (သို့) လေးဘီး လျှပ်စစ်စက်ဘီးလေးတွေငှါးစီးပြီး၊ ကမ်းခြေတစ်လျှောက်မှာရှိတဲ့ Rainbow Church, Windmill Park, Giant Sea Pearl, Lighthouse, Qihou Fort နဲ့ Cijin Tunnel တွေကို လည်ပတ်နိုင်ပါတယ်။
(မှတ်ချက် - ဆိုင်ကယ်ကို Ferry ပေါ်တင်ပြီး ကမ်းကူးလို့ရသလို၊ Ferry ခကို Easycard နဲ့ ပေးချေလို့လည်းရပါတယ်)

✨ Dragon and Tiger Pagodas (Lotus Pond) - နဂါးရုပ်တု နဲ့ ကျားရုပ်တုကြီးရှိတဲ့ ဘုရားကျောင်းနှစ်ခုဖြစ်ပါတယ်။ နဂါးပါးစပ်ကဝင်ပြီး၊ ကျားပါးစပ်ကထွက်ရင် ကံကောင်းစေတယ်လို့ အယူရှိကြပါတယ်။ ရိုးရာယဉ်ကျေးမှုနဲ့ ဗိသုကာလက်ရာ တွေကို တစ်ဝကြီး တွေ့မြင်နိုင်မယ့် နေရာပါ။

✨ Love River - မြို့လယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ ဒီမြစ်လေးဟာ ညဘက်ဆိုရင် မီးအလှတွေနဲ့ အရမ်း Romantic ဆန်ပါတယ်။ မြစ်ဘေးတစ်လျှောက် လမ်းလျှောက်တာဖြစ်ဖြစ်၊ Love Boat or Gondola စီးပြီး မြို့ပြအလှကို ခံစားတာဖြစ်ဖြစ် လုပ်လို့ရတဲ့ အပန်းဖြေစရာ နေရာကောင်းလေးပါ။

✨ Liuhe Night Market - ကောင်းရှုံမြို့ရဲ့ သက်တမ်းအရင့်ဆုံးနဲ့ ခရီးသွားတွေအကြား နာမည်အကြီးဆုံး ညဈေးတစ်ခုပါ။ မြို့လယ်ခေါင် Formosa Boulevard MRT ဘူတာနဲ့ အနီးဆုံးမှာ ရှိတာကြောင့် သွားလာရ အရမ်းလွယ်ကူပါတယ်။ နာမည်ကျော် သင်္ဘောသီးနို့အေး နဲ့ လတ်ဆတ်တဲ့ ရေချိုပုစွန်ထုပ်ကင် ကိုတော့ မဖြစ်မနေ မြည်းစမ်းကြည့်သင့်ပါတယ်။

✨ SKM Park Outlets - Shopping ထွက်ရတာ ဝါသနာပါသူတွေအတွက် Brand ပေါင်းများစွာကို Outlet ဈေးနဲ့ ရနိုင်သလို၊ အထဲမှာ European စတိုင် အဆောက်အအုံလေးတွေနဲ့ ဓာတ်ပုံရိုက်လို့လည်း အရမ်းလှပါတယ်။ ကလေးတွေအတွက်လည်း ကစားကွင်းတွေပါလို့ မိသားစုလိုက်သွားဖို့ အဆင်ပြေဆုံးနေရာပါ။

💡 မြို့တွင်းသွားလာရေးအတွက် MRT နဲ့ Bus ကို အလွယ်တကူ အသုံးပြုနိုင်သလို၊ ဆိုင်ကယ်ငှါးပြီးလည်ရင်တော့ ပိုအဆင်ပြေပါတယ်။ ဆိုင်ကယ်ငှါးခ တစ်ရက်ကို NT$400 ($15 ခန့်) ကနေ ဆိုင်ကယ်ပေါ်မူတည်ပြီး အစားစားရှိပါတယ်။ အခါကြီး၊ ရက်ကြီး သွားလည်မယ်ဆို ဆိုင်ကယ်မရဖြစ်တတ်လို့ မသွားခင်ထဲက ဘိုကင်ကြိုလုပ်သွားသင့်ပါတယ်။ ဆိုင်ကယ်ငှါးဖို့အတွက် (欣興租車) ဒီဆိုင် အဆင်ပြေပါတယ်။ HSR Zuoying Station နဲ့ TRA Kaohsiung Station ၂ခုလုံးမှာရှိပါတယ်။

✈️ ဘယ်လိုသွားမလဲ

ထိုင်ပေကနေ ကောင်းရှုံကို သွားဖို့အတွက် ရွေးချယ်စရာ (၃)မျိုးရှိပါတယ်။ ကိုယ့်ရဲ့ Budget နဲ့ အချိန်ပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။

High Speed Rail (HSR) - အမြန်ဆုံးနဲ့ စျေးအကြီးဆုံး နည်းလမ်းပါ။ (၁)နာရီခွဲပဲကြာပြီး လက်မှတ်ခက NT$1,500 ($50 ခန့်) ဝန်းကျင်ကျသင့်မှာပါ။ (HSR Zuoying Station ကို ရောက်ပါမယ်)

Train (TRA) - Puyuma (သို့) Tze-Chiang Express စီးရင်တော့ (၃)နာရီခွဲကနေ (၄)နာရီကျော်လောက် ကြာပါမယ်။ လက်မှတ်ခက NT$1,000 ($33 ခန့်) ဝန်းကျင်ပဲ ရှိတာကြောင့် HSR ထက်စာရင် သက်သာပါတယ်။ (TRA Kaohsiung Station ကို တိုက်ရိုက်ရောက်ပါတယ်)

Intercity Bus - အသက်သာဆုံး Budget ခရီးစဉ်ကို လိုချင်ရင်တော့ Bus စီးပါ။ (၄)နာရီခွဲကနေ (၅)နာရီလောက် ကြာတတ်ပေမယ့် လက်မှတ်ခက NT$700 ($23 ခန့်) ဝန်းကျင်ပဲရှိပါတယ်။ ကားတွေက အရမ်းကောင်းပြီး ထိုင်ခုံတွေကလည်း အိပ်လို့ရတဲ့ဆိုဖာခုံတွေဖြစ်လို့ အားလုံးထဲမှာ စီးရတာသက်သောင့်သက်သာအရှိဆံုးဖြစ်ပါတယ်။

🏡 ဘယ်မှာနေမလဲ

Sinsing District - မြို့ရဲ့ အချက်အချာကျတဲ့ Formosa Boulevard MRT ဘူတာရှိရာနေရာဖြစ်ပြီး ရထားလိုင်း (၂) လိုင်းဆုံတာကြောင့် သွားလာရ အလွန်လွယ်ကူပါတယ်။ Liuhe ညဈေးနဲ့ နီးတာကြောင့် Nightlife နဲ့ Street Food ကြိုက်သူတွေ၊ ပထမဆုံးအကြိမ် လာလည်မယ့်သူတွေအတွက် အသင့်တော်ဆုံးပါ။ ($30-$50)

Sanmin District - ကောင်းရှုံ Main Station အနီးမှာရှိတာကြောင့် တခြားမြို့တွေကို ရထားနဲ့ ဆက်သွားမယ့်သူတွေအတွက် သွားလာရ အဆင်ပြေပါတယ်။ စျေးသက်သာတဲ့ Hotel တွေနဲ့ Hostel တွေ ပေါများတာကြောင့် Budget သမားတွေအတွက် သင့်တော်တဲ့ နေရာပါပဲ။ ($25-$40)

Lingya District - 85 Sky Tower အနီး၊ ကောင်းရှုံရဲ့ Modern အကျဆုံးနဲ့ အဆင့်မြင့်အဆောက်အအုံတွေ စုစည်းရာနေရာပါ။ ပင်လယ်ရှုခင်းကြည့်လို့ရတဲ့ Hotel ကောင်းကောင်းတွေမှာ တည်းချင်သူတွေ၊ Shopping Mall တွေနားမှာ နေချင်သူတွေအတွက် အဆင်ပြေပါတယ်။ ($40-$100)

🍽️ ဘာစားမလဲ

Duck Zhen - နှစ် ၇၀ ကျော် သက်တမ်းရှိ နာမည်ကြီး ဘဲသားထမင်းဆိုင်ပါ။

Bo Home - ၁၉၆၉ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပြီး Michelin အသိအမှတ်ပြု ထိုင်ဝမ်စတိုင် ဝက်ထမင်းဆိုင် ဖြစ်ပါတယ်။

Gang Yuan Beef Noodle - ဒေသခံတွေအကြား နာမည်ကြီးတဲ့ အမဲသားခေါက်ဆွဲဆိုင်တစ်ဆိုင်ပါ။ ဝက်သားနဲ့လည်း ရပါတယ်။

Mutton Hot Pot (舊市羊肉) - Gangshan ဒေသရဲ့ နာမည်ကြီး သိုးသားဟော့ပေါ့ ကိုလည်း မြည်းစမ်းကြည့်သင့်ပါတယ်။

💸 ဘယ်လောက်ကုန်လဲ

နေထိုင်စရိတ် - NT$1,500/day ($50 ခန့်)
စားသောက်စရိတ် - NT$600/day ($20 ခန့်)
သွားလာရေးစရိတ် - NT$500/day ($15 ခန့်)
ဝင်ကြေးလက်မှတ်များ - NT$300-500 ($15 ခန့်)

Kaohsiung မှာ (၃)ရက်တာ နေခဲ့တာအတွက် ဟိုတယ်၊ အစားအသောက်၊ ကားခ နဲ့ ဝင်ကြေး အားလုံးအပါ တစ်ယောက်ကို NT$7,000 ($235 ခန့်) ကုန်ပါတယ်။ အဲ့တာကိုမှ ထိုင်ပေ-ကောင်းရှုံ အသွားအပြန်ကားလက်မှတ် NT$1,500 ($50 ခန့်) ထပ်ပေါင်း၊ အပြီးအစီး NT$8,500 ($285 ခန့်) လောက်ဆို Kaohsiung ကို သွားလည်ဖို့ လုံလောက်ပါပြီ။

❗️ ကောင်းရှုံရဲ့ရာသီဉတုဟာ ထိုင်ပေနဲ့ယှဉ်ရင် ပိုပြီးပူတတ်တာမို့ ထွက်လည်တဲ့အခါ Sunscreen, UV Jacket နဲ့ ရေဘူးယူသွားဖို့ မမေ့ပါနဲ့။ (နှစ်ကူးချိန်၊ ဖေဖော်ဝါရီလ သွားလည်တာတောင် နေ့လည် (၁၁)လောက်ဆို တော်တော်လေးပူနေပါပြီ)

⏳ ခရီးသွားခဲ့ချိန် - ဖေဖော်ဝါရီ၊ ၂၀၂၆

📀 Reels
🔹 https://www.facebook.com/share/v/1AsgQyYD2f/?mibextid=wwXIfr

21/02/2026

Kaohsiung, Taiwan 🇹🇼

Address

Taipei

Alerts

Be the first to know and let us send you an email when Kit & Moe Vlogs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kit & Moe Vlogs:

Share