12/13/2021
ချင်းတွင်းမြစ်အတွင်း မိုင်းခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီရေယာဉ် ၁ စီး မဲဒင်ကျေးရွာအနီး ရေလယ်ကျွန်းခုံအနီး နစ်မြုပ်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ မိုင်းခွဲတိုက်ခိုက်ခြင်းခံခဲ့ရသော အကြမ်းဖက်စစ်ကောင်စီရေယာဉ် ၁ စီးသည် ယနေ့နံနက်ပိုင်းတွင် ကနီမြို့နယ်၊ မဲဒင်ရွာအနီး၊ ချင်းတွင်းမြစ်လယ် ကျွန်းခုံအနီးတွင် နစ်မြုပ်နေကြောင်း ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF1 ထံမှ သိရှိရသည်။
"ဟုတ်ပါတယ်၊ မဲဒင်ရွာနားက ကျွန်းခုံအနီးမှာ စမြုပ်နေပြီ၊ လုံးဝ မြုပ်သွားမယ့် အခြေအနေပါ။ အခုမြုပ်နေတာက ကျောက်စိမ်းတွေ တင်လာတဲ့ သင်္ဘောအုပ်စုထဲက လုံခြုံရေးသင်္ဘောပါ။ လက်ရှိတိုက်ပွဲက ဖြစ်နေသေးတယ်၊ အခြေအနေက ပြောလို့မရသေးဘူးခင်ဗျ" ဟု KPDF1 မှ တာဝန်ရှိသူ ကိုဂျီက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်တွင် ကနီမြို့နယ်၊ ချင်းတွင်းမြစ်ဝှမ်းအောက်ပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ ကျောက်စိမ်းများတင်ဆောင်လာသည်ဟု ယူဆရသော ၁၁ စီးပါ ရေယာဉ်အုပ်စုကို KPDF1၊ PDF (ကျောက်လုံးကြီး)၊ DRPA၊ M&K The Boysနှင့် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များက ရေမြှုပ်မိုင်း ၂၀ ကျော်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂၀ ခန့် ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း DRPA က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဓါတ်ပုံ - ယမန်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခံရပြီး မီးလောင်နေသော စစ်ကောင်စီ သင်္ဘော ၁ စီး