Sai & Yadanar Journeys

Sai & Yadanar Journeys Let's enjoy the world together
ကမ္ဘာ အနှံ့ အတူတူသွားလည်ကြမယ်

🇺🇸 US မှာ အနည်းဆုံး တစ်ခါတော့ သွားလည်သင့်တဲ့နေရာများ (Part 11)📍 San Diego, California 🌊🌴တောတောင် သဘာဝအလှတွေကိုပဲ မကြာခဏ ...
10/03/2026

🇺🇸 US မှာ အနည်းဆုံး တစ်ခါတော့ သွားလည်သင့်တဲ့နေရာများ (Part 11)
📍 San Diego, California 🌊🌴
တောတောင် သဘာဝအလှတွေကိုပဲ မကြာခဏ သွားလည်နေကျဆိုတော့ ဒီတစ်ခါတော့ LA နဲ့ မဝေးလွန်းတဲ့ ကမ်းခြေနဲ့ မြို့ပြအလှ ရောယှက်နေတဲ့ San Diego မြို့ကြီးဆီ သွားကြရအောင်။
🚘 San Diego ဟာ LA ကနေ ကားမောင်းရင် ၂ နာရီ ဝန်းကျင်ပဲ မောင်းရလို့ Road Trip ထွက်ရတာ အရမ်း သက်သောင့်သက်သာရှိပါတယ်။ Mexico နယ်စပ်နဲ့လည်း နီးနီးလေးမို့ အချိန်ရရင် မက္ကဆီကိုဘက်ပါ ခဏကူးပြီး ခရီးဆက်ကြလေ့ရှိပါတယ်။
📍San Diego မှာ ဘယ်တွေ လည်လို့ရမလဲ?
San Diego ကို ပထမဆုံးအကြိမ် သွားမှာဆိုရင် အနီးအနားက နာမည်ကြီး Theme Parks / Attractions တွေနဲ့ တွဲပြီး Plan ဆွဲတာ အဆင်ပြေဆုံးပါပဲ။
🎟️ ထိပ်တန်း Attractions များ:
🔹 SeaWorld San Diego
🔹 LEGOLAND California (ကလေးရော လူကြီးပါ သဘောကျမယ့် LEGO ကမ္ဘာ)
🔹 San Diego Zoo
🔹 The Flower Fields at Carlsbad
(ပန်းတွေဝေဝေ ဆာဆာ ဖူးပွင့်တဲ့ Spring မှဖွင့်တာပါ)
https://www.facebook.com/61578938703553/posts/122147301668964623/?mibextid=wwXIfr

✅ Travel Tip:
ကိုယ်သွားချင်တဲ့ Attraction တစ်ခုကို မနက်ပိုင်းသွား၊ ပြီးရင် San Diego မှာ တစ်ညအိပ်ပြီး နောက်နေ့ မြို့ထဲ လည်ပတ်ပြီးမှ LA ကို ပြန်ပါ။ (တကယ်လို့ Attractions ၂ ခုလုံး ဝင်ချင်ရင်တော့ ၂ ညအိပ် Plan ဆွဲတာ ပိုသင့်တော်ပါတယ်)

🏙️ Theme Park တွေအပြင် အခြား သွားသင့်တဲ့နေရာများ
⚓ USS Midway Museum
၁၉၄၅ ကနေ ၁၉၉၂ အထိ စစ်မြေပြင်မှာ တကယ် အသုံးပြုခဲ့တဲ့ သမိုင်းဝင် လေယာဉ်တင် သင်္ဘောကြီးပါ။ သင်္ဘောပေါ်မှာ ဒုတိယကမ္ဘာစစ်ကတည်းက တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို အနီးကပ် လေ့လာနိုင်ပါတယ်။ စက်ခန်း၊ စားသောက်ခန်းနဲ့ ကွပ်ကဲရေးခန်း (Bridge) တွေအထိ ကိုယ်တိုင် ဝင်ရောက်ကြည့်ရှုနိုင်လို့ တကယ်ကို တန်တဲ့ နေရာတစ်ခုပါ။
🎫ဝင်ကြေး: Online ကဝယ်ရင် $39 (Gate မှာ ဝယ်ရင် $41)
⚓ USS San Diego Memorial
USS Midway ဘေးနားက Memorial Park လေးမှာ ပင်လယ်နဲ့ သင်္ဘောကြီးကို နောက်ခံထားပြီး Aesthetic ဆန်ဆန်ဓာတ်ပုံရိုက်လို့ အရမ်းလှပါတယ်။
⛵ Maritime Museum of San Diego
Midway နဲ့ မလှမ်းမကမ်းမှာရှိပြီး ရှေးဟောင်း ရွက်လှေကြီးတွေ၊ သင်္ဘောတွေကို ကြည့်ရှုနိုင်ပါတယ်။ သင်္ဘောပေါ် မတက်ရင်တောင် အပြင်ကနေ ပင်လယ်လေရှုရင်း လမ်းလျှောက် ဓာတ်ပုံရိုက်ရတာနဲ့တင် တန်နေပါပြီ။

🏝️ Coronado Island & Hotel del Coronado
San Diego ရောက်ရင် မဖြစ်မနေ သွားရမယ့်နေရာ! အရမ်းလှတဲ့ Coronado Bridge တံတားကြီးကို ဖြတ်မောင်းသွားရတာတင် ရင်ခုန်ဖို့ကောင်းပါတယ်။ သမိုင်းဝင် Hotel del Coronado မှာ လည်ပတ်ရင်း ဟိုတယ်နောက်ကျောက Beach ⛱️ မှာ လေညှင်းခံ ရေကစားလို့ရပါတယ်။ (ဒီဟိုတယ်မှာ သရဲခြောက်တယ်ဆိုတဲ့ နာမည်ကြီး ပုံပြင်လေးကတော့ အပိုလက်ဆောင်ပေါ့ 😄😄)
🌳 အခြား ဝင်လည်နိုင်တဲ့ နေရာများ:
အချိန်ပိုရှိသေးတယ်ဆိုရင် Balboa Park ရဲ့ စပိန်ဗိသုကာလက်ရာများ၊ Little Italy ရဲ့ အစားအသောက်များနှင့် Downtown San Diego တွေကိုပါ ဝင်ရောက်လည်ပတ်နိုင်ပါတယ်။
🌅 LA မပြန်ခင် မဖြစ်မနေ ဝင်ရမယ့် La Jolla Cove (Highlight!)
ဘယ်လိုပဲ လည်လည် LA ကိုအပြန် ညနေစောင်း နေမဝင်ခင်မှာ လမ်းမှာရှိတဲ့ La Jolla Cove ကိုတော့ Highly Recommend ပေးပါတယ်။
🦭ပင်လယ်ဖျံ (Sea Lions) လေးတွေ၊ ကမ်းစပ် ကျောက်ဆောင်တန်းတွေနဲ့ ပင်လယ်ပြင် နေဝင်ချိန် (Sunset) အလှက လုံးဝ ရင်သပ်ရှုမောစရာပါ။ အဲဒီမှာ sunset ကြည့်၊ ပင်လယ်လေရှုပြီးမှ LA ဘက်ကို အေးဆေး ပြန်လာခဲ့ကြတာပေါ့။
📌 Attractions / Theme Park တွေ မဝင်ဘဲ မြို့ထဲနဲ့ ကမ်းခြေပဲ လည်မယ်ဆိုရင် မနက်အစောကြီးသွားပြီး နေ့ချင်းပြန် လည်လို့လည်း အဆင်ပြေပါတယ်။
San Diego ကတော့ အရင်က ကိုယ့်ဟာကိုယ် သွားလည်ပေမယ့် နောက်ပိုင်း LA ကို ဧည့်သည်လာတိုင်း မပါမဖြစ် လိုက်ပို့ဖြစ်တဲ့ အကြိုက်ဆုံး မြို့လေးတစ်မြို့ ဖြစ်နေပါပြီ။
ကဲ... မရောက်သေးရင်တော့ ဒီ Weekend မှာပဲ Plan စဆွဲလိုက်ကြတော့နော်! 🚗💨

🇺🇸 US ရောက်စ အတွေ့အကြုံများ (၄၀)ပထမ အိမ်ဝယ်ခြင်း (Final - အိမ်ရပြီ)🏠Escrow, Inspection, Appraisal နဲ့ Closing လုပ်ငန်းစဉ...
10/01/2026

🇺🇸 US ရောက်စ အတွေ့အကြုံများ (၄၀)
ပထမ အိမ်ဝယ်ခြင်း (Final - အိမ်ရပြီ)
🏠Escrow, Inspection, Appraisal နဲ့ Closing လုပ်ငန်းစဉ်
🏠ရောင်းသူဘက်က ကိုယ့်ရဲ့ Offer ကို လက်ခံလိုက်ပြီဆိုရင် ပထမဆုံး လုပ်ရတာကတော့ Escrow Account စတင်ဖွင့်လှစ်ခြင်းပါပဲ။
📌 Escrow ဆိုတာဘာလဲ?
Escrow ဆိုတာ ဝယ်သူနဲ့ ရောင်းသူကြားက ကြားနေ တတိယအဖွဲ့အစည်း (Neutral Third-Party) တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ အဓိက တာဝန်တွေကတော့
1️⃣ငွေကြေး ထိန်းသိမ်း/ပေးချေခြင်းဝယ်သူရဲ့ငွေကြေးတွေကို စစ်ဆေးပြီး အရောင်းအဝယ် ပြီးမြောက်မှ ရောင်းသူထံ လွှဲပေးခြင်း။
2️⃣စာရွက်စာတမ်း စိစစ်ခြင်း:
ဥပဒေ/စည်းမျဉ်းတွေနဲ့အညီ စာရွက်စာတမ်းများ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း။
3️⃣ ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း:
အိမ်ပိုင်ဆိုင်မှု နာမည်ပြောင်းလဲခြင်း လုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ဆောင်ပေးခြင်း။
Escrow ဖွင့်ပြီးတာနဲ့ ကိုယ့်ရဲ့ စရံငွေ (Earnest Money Deposit) ကို Escrow အကောင့်ထဲ စတင် ထည့်သွင်းရပါတယ်။
🔎 Home Inspection (အိမ်စစ်ဆေးခြင်း)
ဒုတိယအဆင့်အနေနဲ့ Home Inspection ဝင်ပါတယ်။ ဒီစရိတ်ကိုတော့ ဝယ်သူက ကျခံရပြီး သီးခြား Inspection ကုမ္ပဏီကို ငှားရမ်းရပါတယ်။
🔹စစ်ဆေးသည့်အရာများ: အိမ်ခေါင်မိုး၊ ဖောင်ဒေးရှင်း၊ ရေပိုက်လိုင်း၊ လျှပ်စစ်၊ Gas လိုင်း စသည်ဖြင့် အကုန်စစ်ပြီး Detailed Report ထုတ်ပေးပါတယ်။
🔹သဘောတူညီချက်ညှိခြင်း: တကယ်လို့ အိမ်ခေါင်မိုး ပျက်စီးနေတာ၊ နံရံအက်နေတာ၊ ဖောင်ဒေးရှင်း မကောင်းတာ စတဲ့ အကြီးစား ပျက်စီးမှုများ (Major Issues) တွေ့ရင် ဝယ်သူဘက်က မယူတော့ဘဲ ပယ်ဖျက်လို့ ရသလို၊ ခေါင်မိုး ပြန်ပြင်စရိတ် လျှော့ပေးဖို့ ရောင်းသူနဲ့ ညှိနှိုင်းလို့လည်း ရပါတယ်။

🏠ကျွန်တော်တို့လည်း Home Inspection လုပ်တဲ့နေ့မှပဲအဲဒီအိမ်လေးကိုဒုတိယအကြိမ်ပြန်ရောက်ဖြစ်တော့တယ် ။ဒီတခေါက်ကနေ့ခင်းဘက်သွားတာမို့ အိမ်အတွင်းအပြင် အသေးစိတ်လိုက်ကြည့်တာ ဧည့်ခန်း၊ မိသားစုအခန်း၊ မီးဖိုချောင်၊ အိပ်ခန်းတွေကအစ သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်နဲ့အသစ်လေးအတိုင်းပဲ။ တချို့ banked owned အိမ်တွေဆို ဘဏ်ပြန်မအပ်ခင်ဖျက်စီးသွားတတ်ကြတာမို့ ကိုယ်တွေလည်းမှောင်မှောင်မည်းမည်းထဲ သေချာမကြည့်ပဲ offer ပေးခဲ့တာ အပျက်အစီးများတွေ့ရမလားလို့စိုးရိမ်မိသေးတယ် ။ဒါပေမဲ့ ရွေးချယ်မှုအတွက်နောင်တ တစက်မှမရမိအောင်ထိုက်တန်လွန်းတဲ့အိမ်လေးပါ ။
🏠 ဒီအိမ်လေးရဲ့ architecture ဆွဲတဲ့လူနဲ့ဆောက်တဲ့construction ကိုလည်းတကယ်ချီးကျူးတယ် အိမ်တအိမ်လုံးလှေကား၊ storage အခန်းကအစ သူ့နေရာနဲ့သူအံဝင်ခွင်ကျ ဆောက်ပြီးသုံးထားတဲ့ပစ္စည်းတွေကလည်းစေတနာပါပါနဲ့ တကယ့်အကောင်းတွေသုံးပေးထားတာ။ အိပ်ခန်းတွေဆိုလည်း ကျ နေ ဆိုအရမ်းပူအိုက်နေတာမျိုးမရှိသလို အလင်းရောင်များများရအောင် ပြတင်းတံခါးတွေလုပ်ထားတာကလည်း စနစ်တကျ ။ရာသီဥတုအပြင်မှာအေးနေရင်အိမ်ထဲမှာနွေးပြီး အပြင်မှာနွေးနေရင်အိမ်ထဲမှာအေးနေတာကလည်းဒီအိမ်လေးရဲ့ထူးခြားချက်ပဲ ။ခြံဝန်းလေးကလည်းမကျဉ်းမကျယ်အနေတော်လေးနဲ့တိတ်ဆိတ်အေးချမ်းပြီးအရမ်းနေလို့ကောင်းတာ။ ရောက်ဖူးသူတိုင်းနေရာလေးက ကောင်းလိုက်တာလို့ ပြောကြတာ
❌ မကောင်းတဲ့အချက်ကတော့ နေရာတကာ bossy လုပ်ချင်တဲ့ HOA manager နဲ့ သူ့အိမ်ရှေ့က guest parking တခုလုံးကိုမောင်ပိုင်စီးချင်တဲ့ ဥစ္စရူးမကြီးကြောင့် စိတ်အနှောက်အယှက် ဖြစ်ရမယ်ဆိုတာ အနေကြာမှသိလာရတယ်။
📌 အပေါင်းအသင်းရောင်းရင်းတွေက အိမ်ဝယ်ရင် HOA အိမ်တွေကိုရှောင်လို့သတိပေးခဲ့ပေမဲ့ တဝန်းလုံးမှာမှ အိမ်၁၀ လုံးပဲရှိပြီးကိုယ်တွေအရမ်းကြိုက်လို့ မျက်စ်မှိတ်ပြီးရွေးခဲ့တာ။ single family home is best ဆိုသလိုဖြစ်နိုင်ရင်သီးသန့် single family home ပဲရှာဝယ်ပါ။ ရှေ့အိမ် နောက်အိမ် ၂ အိမ်တွဲလည်း မကောင်းဘူး ကြာရင်ပြသနာကတော့ရှိတာပဲ
🏠ကျွန်တော်တို့ Offer ပေးခဲ့တဲ့ အိမ်ကတော့ အကြီးစား ပြင်ဆင်စရာ မလိုတာမို့ ပြဿနာမရှိဘဲ အဆင်ပြေပြေ ပြီးသွားခဲ့ပါတယ်။

📊 Home Appraisal (အိမ်တန်ဖိုးဖြတ်ခြင်း)
Inspection ပြီးရင်တော့ ဘဏ်နဲ့ ချေးငွေအတွက် Home Appraisal လုပ်ရပါတယ်။ ဒီအတွက်လည်း ဝယ်သူကပဲ Appraisal ကုမ္ပဏီကို ငှားရမ်းခ ပေးရပါတယ်။
🏠အိမ်အကျယ်အဝန်း၊ အခန်းအရေအတွက်၊ ပတ်ဝန်းကျင် အနေအထားနဲ့ အနီးအနားက ရောင်းထွက်သွားတဲ့ အိမ်ဈေးနှုန်းတွေကို နှိုင်းယှဉ်ပြီး အိမ်ရဲ့ တကယ့် ကာလပေါက်ဈေး (Appraised Value) ကို ဆုံးဖြတ်ပေးတာပါ။
😍ကံကောင်းခဲ့တဲ့ ဖြစ်ရပ်ဆန်းလေး -
၂၀၀၉ ခုနှစ် စီးပွားရေးကပ်ဆိုက်ချိန်တုန်းက ကျွန်တော်တို့ဝယ်တဲ့ အိမ် list price က $440,000 ဖြစ်ပေမဲ့ ကျွန်တော်တို့က လိုချင်လို့ $10,000 ပိုပေးပြီး $450 ,000 ပေးခဲ့တာပါ။
ဒါပေမဲ့ Appraisal Report ထွက်လာတော့ အိမ်ရဲ့ တကယ့်တန်ဖိုးက $425,000 ပဲ တန်တယ်လို့ ထွက်လာပါတယ်။ ရောင်းတဲ့ bank က gap ဖြစ်နေတဲ့ $25,000 ကို ကျွန်တော်တို့ဘက်ကပေးနိုင်မလားလို့မေးပါတယ် ။ ကျွန်တော်တို့က မပေးနိုင်ဘူးလ်ု့ငြင်းလ်ုက်တော့ ရောင်းတဲ့သူဘက်က ပဲ စျေးလျော့ပေးပြီး $425,000 နဲ့ ရောင်းဖို့ သဘောတူလိုက်ပါတယ်။
(ဒါဟာ သာမန်အချိန်ဆိုရင် သို့မဟုတ် ဘဏ်ကပိုင်တဲ့အိမ် မဟုတ်ဘဲ အိမ်ရှင်ကိုယ်တိုင်ရောင်းတဲ့အိမ်ဆိုရင် ရမှာမဟုတ်ပါဘူး။ $10,000 မပိုပေးရမယ့်အပြင် $15,000 တောင် ထပ်လျှော့ရလိုက်လို့ LA ဝန်းကျင်မှာ အရမ်းရှားတဲ့ ကံကောင်းမှုမျိုးပါပဲ။)
📑 Underwriting (ချေးငွေ အပြီးသတ် စိစစ်ခြင်း)
အိမ်တန်ဖိုး ထွက်လာပြီဆိုရင် ဘဏ်ဘက်က ချေးငွေ အပြီးသတ် စိစစ်တဲ့ Underwriting အဆင့်ကို သွားပါတယ်။
၁။ Pre-Approval Letter: စတင် လျှောက်ထားစဉ်က အကြမ်းဖျင်း စာရွက်စာတမ်းများကို ကြည့်ပြီး ထုတ်ပေးထားပါတယ်။
၂။ Detailed Verification: ရောင်းသူဘက်က Offer လက်ခံပြီးပါက W-2, 1099, Tax Return, အခြားဝင်ငွေ (Stock, Investments, Business), ရှိသမျှ အကြွေးများနှင့် Child Support ရှိ/မရှိ စသည့် အချက်အလက် အားလုံးကို အသေးစိတ် စစ်ဆေးတာပါ။
၃။ Risk Assessment: ချေးငွေ လျှောက်ထားသူရဲ့အလုပ်အကိုင် တည်ငြိမ်မှု ၊ ငွေပြန်ဆပ်နိုင်စွမ်း (Risk Factor) ကို သေချာ စိစစ်ပြီးမှ ဘဏ်က ချေးငွေ (Final Approval) ထုတ်ပေးတာ ဖြစ်ပါတယ်။
🔑 Closing (အပြီးသတ် စာချုပ်ချုပ်ဆိုခြင်းနှင့် အိမ်သော့ရယူခြင်း)
ချေးငွေကျပြီဆိုရင်တော့ နောက်ဆုံးအဆင့် ဖြစ်တဲ့ Escrow ပိတ်သိမ်းခြင်း (Closing Process) ရောက်ပါပြီ။ Escrow စဖွင့်ချိန်ကနေ ပိတ်ချိန်အထိ စုစုပေါင်း ၃၅ ရက်ဝန်းကျင် ကြာမြင့်ပါတယ်။
1️⃣Final Walkthrough: စာချုပ် မချုပ်မီ ၂၄ နာရီမှ ၄၈ နာရီအလိုတွင် အိမ်အခြေအနေကို နောက်ဆုံးအကြိမ် သွားရောက် စစ်ဆေးရပါတယ်။
2️⃣Signing & Funding:
🔹Signing: Escrow ရုံးမှာ ဝယ်သူရော ရောင်းသူပါ ချေးငွေစာချုပ်များနှင့် ပိုင်ဆိုင်မှုလွှဲပြောင်းလွှာ (Deed) တို့တွင် လက်မှတ်ရေးထိုးရပါတယ်။ လက်ညောင်းမတတ်ထိုးလိုက်ရတဲ့ Sign တွေ ဘယ်နှစ်ရွက်ရှိမှန်းတောင်မ မှတ်မိတော့ဘူး ။
🔹Funding: ဝယ်သူက Down Payment နှင့် Closing Costs ငွေများ လွှဲပေးပြီး၊ ဘဏ်မှလည်း ချေးငွေ (Loan Funds) များကို Escrow ထံ ထည့်သွင်းပေးပါတယ်။
3️⃣Recording & Close of Escrow:
🔹Escrow Officer မှ လက်မှတ်ထိုးထားသော Deed ကို မြို့နယ်/ခရိုင် အစိုးရ မှတ်ပုံတင်ရုံး (County Recorder's Office) တွင် တရားဝင် စာရင်းသွင်း (Record) လုပ်ပေးပါတယ်။
🔹စာရင်းသွင်းပြီးပါက ရောင်းသူထံ အိမ်ဖိုးငွေများ လွှဲပေးပြီး၊ Escrow Account ကို တရားဝင် ပိတ်သိမ်းလိုက်ပါတယ်။

🔑အကုန်လုံး ပြီးစီးလို့ ကိုယ့်နာမည်ပေါက်ပြီဆိုရင်တော့ အိမ်ပွဲစားက အိမ်သော့လာပေးပြီး ကိုယ်တိုင် အိမ်ပိုင်ရှင် စဖြစ်ပါပြီ! 👏💪

💵First time home buyer credit
၂၀၀၈-၂၀၀၉ စီးပွားရေး ကပ်ဆိုက်စဉ်က အမေရိကန် အစိုးရက ပထမဆုံး အိမ်ဝယ်သူတွေကို ဖေးမတဲ့အနေနဲ့ Federal Tax Credit $8,000 ပြန်ပေးခဲ့ပါတယ်။ ဒီ Credit ကို ရဖို့အတွက် ဝယ်ယူတဲ့အိမ်မှာ ကိုယ်တိုင် အနည်းဆုံး ၃ နှစ် ဆက်တိုက် နေထိုင်ရပြီး ပြန်ဆပ်စရာ မလိုပါဘူး။
ဒါ့အပြင် California ပြည်နယ်ကလည်း အိမ်သစ်ဝယ်ယူသူတွေအတွက် $10,000 Tax Credit သီးသန့် ထပ်ပေးခဲ့ပြီး၊ ဒီပမာဏကို ၃ နှစ် (တစ်နှစ်လျှင် $3,333 စီ) ခွဲပြီး Tax Return မှာ သုံးခွင့် ပြုခဲ့ပါတယ်။ (CA Credit အတွက် အိမ်မှာ အနည်းဆုံး ၂ နှစ်နေထိုင်ရပါတယ်)။
ဒါကြောင့် ၂၀၀၉ ခုနှစ်မှာ ကာလီဖိုးနီးယားမှာ အိမ်သစ်ဝယ်ခဲ့သူတွေအနေနဲ့ စုစုပေါင်း $18,000 အထိ Tax Credit ပြန်လည်ရရှိခဲ့ကြပါတယ်။ 😀😀😀

📝 Summary (အဓိက အနှစ်ချုပ်)
🔹ကိုယ်နေချင်/ဝယ်ချင်တဲ့ နေရာကို သေချာ Research လုပ်ပါ။
🔹အိမ်ဈေးကြည့်ပြီး Online ကနေ ဖြစ်နိုင်/မဖြစ်နိုင် ကြိုတင် တွက်ချက်ကြည့်ပါ။
🔹ဗဟုသုတအတွေ့အကြုံများပြီး အလျှော့အတင်း (Negotiate) ကျွမ်းကျင်တဲ့ ပွဲစားမျိုး ရှာပါ။
🔹အိမ်အခြေအနေကို သေချာ စစ်ဆေးပါ။
🔹ပွဲစားတစ်ယောက်တည်းကို မအားကိုးဘဲ ကိုယ်တိုင်လည်း Loan အဆင်ပြေမယ့်နေရာ ရှာကြည့်ပါ၊ နှုန်းထားတွေ ယှဉ်ကြည့်ပါ။
🔹သူများပြောတာတွေကို နားမယောင်ပါနဲ့။ ကျွန်တော်တို့ ဝယ်တုန်းကလည်း "ကျောင်းမကောင်းဘူး၊ ဟိုလူမျိုးများတယ်၊ ဒီလူမျိုးများတယ်" ဆိုပြီး ပြောကြပေမဲ့ အခုဆိုရင် အဲဒီနေရာမှာ ဝယ်လို့တောင် မရတော့ပါဘူး။ ပတ်ဝန်းကျင် တအားမဆိုးဘူး Crime ရာဇဝတ်မှု မများတဲ့ နေရာဆိုရင် အဆင်ပြေပါတယ်။
🔹First time home buyer assistance
ကိုယ်နေထိုင်တဲ့ ပြည်နယ်မှာပထမဆုံးအိမ်ဝယ်တဲ့သူတွေကိုအကူညီပေးတဲ့ program တွေရှိတတ်ပါတယ် ဥပမာ down payment ကိုအတိုးမယူဘဲ ချေးပေးတာမျိုးတို့ အဲဒါတွေကိုမေးမြန်းစုံစမ်းကြည့်ပါ။
Good luck! 🏠✨

💬 နောက်လာမည့် ပို့စ်များမှာတော့ -
"တကယ်ပဲ အိမ်ပိုင်သွားတာလား?" ဆိုတဲ့ မေးခွန်းနဲ့ အိမ်ရပြီးရင် တတ်ထားသင့်တဲ့ "အဠာရသ ၁၈ ရပ်" အကြောင်းကို ဆက်လက် မျှဝေပေးသွားပါမယ်ခင်ဗျာ။ 😀

🤔Costco လား၊ Sam’s Club လား? 🇺🇸အမေရိကားမှာ နေကြတဲ့ အိမ်ထောင်စု တော်တော်များများရဲ့ ပိုက်ဆံအိတ်ထဲမှာ Costco ဒါမှမဟုတ် Sam...
09/30/2026

🤔Costco လား၊ Sam’s Club လား?

🇺🇸အမေရိကားမှာ နေကြတဲ့ အိမ်ထောင်စု တော်တော်များများရဲ့ ပိုက်ဆံအိတ်ထဲမှာ Costco ဒါမှမဟုတ် Sam’s Club Card လေးတစ်ခုစီတော့ ရှိကြတာများပါတယ်။
💵မိသားစုဝင် များတဲ့သူတွေအတွက် Bulks နဲ့ ဝယ်ရတာမို့ စီးပွားရေးအရ တကယ်ကို တွက်ခြေကိုက်တယ်။ တစ်ကိုယ်တော်သမားတွေအတွက် Large Packages တွေက နည်းနည်း ကြီးလွန်းလို့ အစားအသောက် ပုပ်သိုးကုန်တာမျိုး ရှိပေမဲ့၊ ဓာတ်ဆီဖြည့်ရင် စျေးသက်သာတာတစ်ခုနဲ့တင် Membership Card လုပ်ထားရတာ တန်နေပြန်ရော။
🤔 “Costco နဲ့ Sam’s Club ဘယ်ဟာ ပိုကောင်းလဲ?" လို့ မေးရင် မတူညီတဲ့ အကြိုက်တွေ ရှိကြမှာပါ။ Costco က ပစ္စည်း ပိုစုံတယ်လို့ ပြောကြပေမဲ့၊ ကျွန်မကတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်ကတည်းက Costco ကို ချေလွန်းလို့ ဘ်ုင် ဘိုင်နှုတ်ဆက်ပြီး Sam’s Club Membership ဘက်ကို အပြီးအပိုင် ကူးခဲ့တာ... အခုထိ အရွေးမှန်လွန်းလို့ ကိုယ့်ကိုကိုယ် ကျေနပ်နေတုန်းပါပဲ။ 😉
ဘာလို့ Sam’s Club ကို ဒီလောက် တမ်းတမ်းစွဲ ဖြစ်ရတာလဲ?
1️⃣အကန့်အသတ်မရှိတဲ့ Flexibility 💚
Costco လို မလိုလားအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ၊ စည်းကမ်း အရမ်းတင်းကျပ်မှုတွေ မရှိတာကို အရမ်းကြိုက်တယ်။ In-store ပဲဝယ်ဝယ်၊ Online ကပဲမှာမှာ၊ ဘယ် Location မှာပဲဖြစ်ဖြစ် စျေးနှုန်းက အတူတူပဲ။ ဘယ်သူ့ cardနဲ့ပဲဝယ်ဝယ်၊ လူဘယ်နှစ်ယောက်ပဲ ခေါ်သွားသွား၊ ကိုယ်ပေးချင်တဲ့ Card နဲ့ အေးဆေး ပေးရုံပဲ။ စိတ်ရှုပ်စရာ လုံးဝမရှိဘူး။
😔 Costco မှာတော့ membership ကိုင်ထားတဲ့လူရဲ့card နဲ့ပဲပေးလို့ရမယ် လူတွေကိုစစ်လားဆေးလားနဲ့ စိတ်ကုန်ရောပဲ
2️⃣တန်းစီစရာမလိုတဲ့ Scan & Go Technology 📱
အခုဆိုရင် Cash Register မှာ အချိန်ကုန်ခံ တန်းစီနေစရာတောင် မလိုတော့ဘူး။ App ထဲက Scan & Go နည်းပညာနဲ့ ကိုယ်ဝယ်မယ့် ပစ္စည်းတွေကို Scan ဖတ်၊ အလွယ်တကူ ဖုန်းကနေပဲငွေပေးချေပြီး ထွက်ခဲ့ရုံပဲ။ အချိန်ကုန် သက်သာချက်ကတော့ 🫡👍ပါပဲ။
3️⃣အိတ်ထဲ ပြန်ရောက်လာတဲ့ Cash Back ကောင်းမွန်မှု 💰
ကျွန်မကတော့ Sam’s Plus Membership လုပ်ထားတာမို့ 2% Cash Back ပြန်ရတယ်။ သူတို့ရဲ့ Credit Card ပါ တွဲသုံးရင် နောက်ထပ် 3% ထပ်ရတာမို့ စုစုပေါင်း 5% Cash Back တောင် ပြန်ရတာပါ။ တနှစ်ကို $750 cash back limit တော့ရှိပါတယ်။ဓာတ်ဆီဖြည့်ရင်လည်း 5% Cash Back ရတော့ အမြတ်ပါပဲ (Limit ကျော်ရင်တော့ 1% ပေါ့)။ တခြား benefits တွေရှိသေးပေမဲ့ကိုယ်အသုံးများတာကတော့grocery နဲ့ ဆီထည့်တာပဲရှိတာ

📦🚚 လောလောဆယ် အရေးတကြီး လိုတာလေးတွေရှိရင်လည်း Online က$50 နဲ့အထက် မှာလို့ရှိရင် Free shipping/ delivery လည်းရတာမို့ အချိန်ရော ဆီဖိုးရော သက်သာပြီး အရမ်းအဆင်ပြေပါတယ်။ Delivery တောင်ကိုယ်ကြိုက်တဲ့အချိန်ရွေးလို့ရသေးတာမို့ Sam’s Club ရဲ့ customers service ကတော့ next level ပါပဲ 🫡

❌ တခုတော့ရှိတယ် .., online order တွေထဲ curbside pickup တော့ cash back ပြန်ရပေမဲ့ Shipping နဲ့ delivery ပစ္စည်းတွေအတွက်တော့ cash back ပြန်မရပါဘူး

(မှတ်မိသေးတယ်... အရင်တုန်းက Promotion ခေတ်တုန်းကဆို Membership ကြေး $30 မှာ $25 Credit ပြန်ပေး၊ လက်ဆောင်တွေပါ အပိုရလို့ $5 တည်းနဲ့ ရလိုက်တာ။ အခုတော့ membership က$60 plus $120 ဖြစ်သွားပေမဲ့ ရရှိတဲ့ အကျိုးခံစားခွင့်တွေနဲ့တင် အပြည့်အဝ တန်နေတုန်းပါပဲ!)
📌လူတိုင်းမှာ မတူညီ ကွဲပြားတဲ့အကြိုက်တွေ ရှိကြပေမဲ့၊ ကျွန်မအတွက်တော့ စိတ်အေးချမ်းမှုနဲ့ အဆင်ပြေ သက်တောင့်သက်သာရှိတဲ့ Sam’s Club က ရွေးချယ်စရာ အကောင်းဆုံးပါပဲ။

✈️Europe ခရီးသွားဖို့ စီစဉ်နေသူတွေအတွက် 🦃🎃🎄🎅Holiday season လည်း ရောက်တော့မယ်ဆိုတော့ ခရီးသွားဖို့ စီစဉ်နေကြပြီမလား? တကယ်လ...
09/29/2026

✈️Europe ခရီးသွားဖို့ စီစဉ်နေသူတွေအတွက်

🦃🎃🎄🎅Holiday season လည်း ရောက်တော့မယ်ဆိုတော့ ခရီးသွားဖို့ စီစဉ်နေကြပြီမလား? တကယ်လို့ Europe ဘက်ကို သွားဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ ဒီအချက်အလက်လေးတွေက သေချာပေါက် အသုံးဝင်မှာမို့ Save လုပ်ထားဖို့ မမေ့နဲ့နော်။

✈️🇪🇺 ဥရောပသွားမယ်ဆို ဘယ်ကစ စီစဉ်မလဲ?
ဥရောပသွားမယ်ဆိုတာနဲ့ ပထမဆုံးခေါင်းထဲရောက်လာတာက…

🤔 “ဘယ်နိုင်ငံကို အရင်သွားရမလဲ?” ဆိုတာပဲနော်

🇮🇹 ရာဇဝင်နဲ့ အနုပညာတွေပြည့်နေတဲ့ Italy လား?
🇨🇭 တောင်တန်းတွေနဲ့ သဘာဝအလှတွေပြည့်နေတဲ့ Switzerland လား?
🇫🇷 Romantic vibe အပြည့်ရှိတဲ့ France လား?
🇩🇪 B**r festival တွေနဲ့ Germany လား?
🇪🇸 ဒါမှမဟုတ် Spain မှာ football match သွားကြည့်မလား? ⚽️

အဲဒီလိုနဲ့ မေးခွန်းတွေက များလာတော့… 😂
ဒီတစ်ခါတော့ Europe ကို ပထမဆုံးသွားမယ့်သူတွေအတွက် ကိုယ်တွေ့အတွေ့အကြုံနဲ့ Planning Tips လေးတွေ မျှဝေပေးမယ်နော်။

📆 ပထမဆုံး — ဘယ်နှစ်ရက်သွားမလဲ?

Europe ကို အဝေးကြီးကနေ သွားရတာဆိုတော့ဖြစ်နိုင်ရင် အနည်းဆုံး ၂ ပတ်၊ အများဆုံး ၃ ပတ်လောက် အချိန်ပေးနိုင်ရင် ပိုကောင်းပါတယ်။ မဟုတ်ရင် လေယဉ်လက်မှတ်ဖိုးနဲ့ မကာမိဘူး
🇬🇧🇫🇷🇨🇭 2 Weeks Route (၂ ပတ် ခရီးစဉ်)

📍 London (3-4 days)
⬇️ 🚆 ရထားနဲ့
📍 Paris (3-4days)
⬇️ 🚆
📍 Switzerland — about 1 week

ဒီ Route က Europe ကို ပထမဆုံးသွားမယ့်သူတွေအတွက် London + Paris + Switzerland ဆိုပြီး မတူညီတဲ့ experience တွေကို တစ်ခရီးတည်းမှာ ရနိုင်တဲ့ route တစ်ခုပါ။ London ကိုအရင်သွားပြီး Paris ကို ရထားနဲ့ ပြန်ကူးတာပါ ပြီးမှ Geneva,Switzerland ကို ရထားနဲ့ ပြန်သွားပေါ့
Tips: အဲ့ဒီရထားလက်မှတ်တွေကိုတော့ ၃-၄ လကြိုတင်ဝယ်ထားရပါမယ် seat reservation လုပ်ရမှာဖြစ်တဲ့အတွက်အစောကြီးဝယ်ရမှာဖြစ်ပါတယ်

🇨🇭🇮🇹 3 weeks Route (၃ ပတ်ခရီးစဉ်)
Switzerland မှာ လည်ပြီးရင်
🚆 Bernina Express လို scenic train စီးပြီး Italy ဘက်ကို ဆက်သွားလို့ရပါတယ်။ Milan ကို အရင်ရောက်ပြီး အဲဒီကမှ ကြားထဲကမြို့တွေလည်ပြီး Rome မှာအဆုံးသတ်ပေါ့
🏔️ Switzerland ရဲ့ တောင်တန်းရှုခင်းတွေကနေ
🇮🇹 Italy ရဲ့ အစားအသောက်၊ ရာဇဝင်နဲ့ မြို့ဟောင်းတွေထိ…တစ်ခရီးတည်းမှာ အရသာမျိုးစုံရတာပေါ့။ ❤️

🇮🇹 Italy ကို အဓိကသွားချင်ရင်…

US က သူတွေက Italy ကိုတော်တော်ကြိုက်ကြပါတယ်။ဒါကြောင့်သူတို့တွေ Europe သွားရင် Italy ကို itinerary ထဲထည့်ကြတာလည်း များပါတယ်။

📍 Rome
⬇️
📍 Florence
⬇️
📍 Pisa
⬇️
📍 Venice
⬇️
📍 Milan
⬇️
📍 Tirano
⬇️ 🚆 Bernina Express
⬇️
🇨🇭 Switzerland

ဒီလိုနဲ့ ၂ ပတ်လောက် itinerary ဆွဲလို့ရပါတယ်။

၃ ပတ်လောက် အချိန်ရရင်တော့
🇫🇷 Paris
➡️ 🇬🇧 London
ပြီးတော့ အိမ်ပြန်လို့ရပါတယ်။

😆 တစ်ပတ်ပဲရရင်တော့? ဒါကတော့ရွေးရခက်ပြီ …,

🇮🇹 Italy — ရာဇဝင်နဲ့ အနုပညာကို ပိုစိတ်ဝင်စားလား?

🇨🇭 Switzerland — တောင်တန်းနဲ့ သဘာဝအလှကို ပိုကြိုက်လား?

🇬🇧🇫🇷 London + Paris — မြို့ကြီးတွေ၊ shopping နဲ့ sightseeing ကို ပိုကြိုက်လား?

တစ်ပတ်ပဲဆိုရင်တော့…

😂 ကိုယ်နဲ့လိုက်မယ့် အဖော်နဲ့ Rock–Paper–Scissors လုပ်ကြတော့ပေါ့! ✊✋✌️

✈️ Europe Trip Planning — ဘယ်ကစမလဲ?

ခရီးသွားဖို့ ဆုံးဖြတ်ပြီးပြီဆိုတာနဲ့…

1️⃣ အလုပ်ကနေ ခွင့်အရင်တင်ပါ

အလုပ်ခွင့်က တစ်နှစ်လောက်ကြိုစီစဉ်ထားနိုင်ရင် ပိုကောင်းပါတယ်။
ကိုယ်သွားချင်တဲ့ရက်တွေကို ကိုယ့်ထက်စောပြီး ခွင့်တင်ထားတဲ့သူရှိရင် ကိုယ်လိုချင်တဲ့ရက် မရနိုင်တာမျိုးလည်း ရှိနိုင်လို့ပါ။
ခွင့်ရပြီဆိုရင် ✈️ လေယာဉ်လက်မှတ်ကို အချိန်မီရှာပြီး booking လုပ်ပါ။ စောစောဝယ်နိုင်လေ
💰 ဈေးနှုန်းရွေးချယ်စရာပိုရှိနိုင်ပြီး
📅 ရက်ရွေးချယ်စရာလည်း ပိုများတာပေါ့

2️⃣ 🏨 Hotel — Attractions ထက် Transportation ကိုလည်းကြည့်ပါ
Hotel ရွေးတဲ့အခါ sightseeing spot နဲ့ အနီးဆုံးနေရာကိုပဲ မရွေးဘဲ…🚆 Train station / transportation နဲ့ သွားလာရလွယ်တဲ့နေရာ ကိုလည်း စဉ်းစားပါ။
အထူးသဖြင့် luggage တွေနဲ့ မြို့တစ်မြို့ကနေ တစ်မြို့ ပြောင်းတဲ့နေ့တွေမှာ အများကြီးအဆင်ပြေပါတယ်။
ပြီးတော့ ဖြစ်နိုင်ရင် ✅ Free cancellation ပါတဲ့ hotel ကိုရွေးထားတာ ပိုအဆင်ပြေပါတယ်။ Europe မြို့တော်တော်များများက မြို့ဟောင်းတွေဆိုတော့ ကိုတည်းမယ့်ဟိုတယ်ကား ဓါတ်လှေကားရှိမရှိ စစ်ကြည့်ရမှာ မဟုတ်ရင် အိတ်တွေနဲ့ အပေါ်ထပ်တက်ရရင် မောရ ချေရဲ့

3️⃣ 👗 Europe မှာ ဘာဝတ်မလဲ?
ဒီတစ်ချက်ကလည်း အရေးကြီးတယ်နော် 😆
🇬🇧 England
🇫🇷 France
တို့ရဲ့ ရာသီဥတုက တစ်နေ့တည်းနဲ့တောင် ခဏ ခဏပြောင်းနေတာ။ ☀️ နေပူနေရာကနေ
🌧️ ခဏနေရင် မိုးရွာလာတာမျိုးလည်း ဖြစ်နိုင်လို့ layering လုပ်လို့ရတဲ့ အဝတ်အစားတွေ ယူသွားတာကောင်းပါတယ်။ အဝတ်အစားတွေဟိုရောက်မှ ဝယ်ဝတ်မယ်လို့စိတ်ကူးရှိရင်တော့ $$$ သာများများယူသွားပါ USထက်စျေးပိုကြီးပါတယ် 🤭😁

🇮🇹 Italy ရောက်ရင်တော့ fashion လေးတွေနဲ့ ဓာတ်ပုံလှလှရိုက်လို့ကောင်းတယ် 📸အလန်းစားလေးတွေသာများများယူသွား 🌞summer သွားမယ်ဆိုရင်တော့ရာသီဥတုကတော့ ပူ မှပူ

🇨🇭 Switzerland ကတော့ တောင်တန်းတွေ၊ ရထားတွေ၊ hiking နဲ့ သဘာဝထဲသွားရတာများတော့…
👟 Fashion ထက် Comfortable ဖြစ်တာကို ဦးစားပေးပါ။ ဂါဝန်ကြီးတဖားဖားနဲ့ ဓာတ်ပုံထဲမှာတော့ အရမ်းလှပေမယ့်…
🚆 ရထားတစ်စီးပြီးတစ်စီးပြောင်း
🏔️ တောင်တက်
🧳 luggage ဆွဲ
🚶‍♀️ လမ်းလျှောက်
ဆိုရင်တော့… 😂
ဂါဝန်က ကိုယ့်ကို ဒုက္ခပေးနိုင်ပါတယ်။ ရာသီဥတုကတော့ အေးတဲ့ဘက် သွားတယ်

4️⃣ 🎫 Attraction Tickets
တချို့ famous attractions တွေက ရက်သတ္တပတ်တွေ၊ လတွေ ကြိုတင် booking လုပ်ရတာမျိုး ရှိပါတယ်။ ဒါကြောင့် itinerary ဆွဲပြီးတာနဲ့
🎫 Ticket လိုမလို၊ ဘယ်လောက်ကြိုဝယ်ရမလဲ ဆိုတာ စစ်ထားပါ။ မဟုတ်ရင် Europe ရောက်မှ…
“ဟာ… SOLD OUT ဖြစ်နေပြီ” 😭 ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။

5️⃣ 🚆 Train Tickets
Scenic train တွေ၊ လူကြိုက်များတဲ့ route တွေဆိုရင်
🎫 Ticket + Seat Reservation ကို ကြိုလုပ်ထားတာ ပိုကောင်းပါတယ်။ အထူးသဖြင့် Bernina Express လို ရှုခင်းကြည့်ရထားမျိုးဆိုရင် ဒီအချက်ကို မမေ့ပါနဲ့။ 🏔️🚆

6️⃣ 🔌 Power Adapter — ဒါကိုတော့ လုံးဝမမေ့နဲ့!
ကိုယ်တွေ့အမှားလေးတစ်ခု 😂
🇬🇧 England နဲ့
🇪🇺 Continental Europe က
Power plug type မတူပါဘူး။
“Europe ဆို Europe ပဲ” ဆိုပြီး London သွားတုန်းက adapter မယူသွားမိတာ… 😆
ဒါကြောင့် itinerary ထဲမှာ country တွေများရင်
🔌 Power adapter ကို ကြိုစစ်ထားပါ။

7️⃣ 🧳 Luggage

Europe သွားရင် luggage ကလည်း အရေးကြီးပါတယ်။
✈️ Airline အလိုက်
⚖️ Weight limit
📏 Size limit
တွေရှိတာကြောင့် မသွားခင် ကြိုစစ်ပါ။
လိုအပ်ရင် baggage ကို ကြိုဝယ်ထားတာ က airport မှာ နောက်ဆုံးမိနစ်အကုန်အကျထက် အဆင်ပြေနိုင်ပါတယ်။ Europe ဘက်သွားရင်ရထားတစီးပြီးတစီးပြောင်းစီးနေရတာမို့ luggage ကြီးငယ် အိမ်ပြောင်းသလိုရှိတာအကုန်သယ်သွားရင်တော့ ဒုက္ခနဲ့လှလှနဲ့တွေ့မှာ အသေချာ ။ တတ်နိုင်ရင် carry-on လောက်ပဲယူသွားတာအဆင်ပြေဆုံးပါ ။

8️⃣ 💳 Currency

Europe မှာ နေရာတော်တော်များများက credit card သုံးလို့ရပါတယ်။
💶 Cash နည်းနည်းတော့ အရေးပေါ်အတွက် ဆောင်ထားလို့ရပါတယ်။ လိုရင် ATM ကနေ ထုတ်လို့ရပေမယ့်
မသွားခင် ကိုယ့် bank ရဲ့ foreign transaction fee / ATM fee ကို စစ်ထားပါ။
Currency exchange counter တွေမှာ rate နဲ့ fee ကွာနိုင်လို့ မလဲခင် အရင်နှိုင်းယှဉ်ကြည့်ပါ။

9️⃣ 🍝 Food

ကိုယ်စားချင်တဲ့ restaurant တွေရှိရင်
🍴 မသွားခင် ကြိုရှာထားတာ အကောင်းဆုံးပါ။
အထူးသဖြင့် လူကြိုက်များတဲ့ restaurant တွေက reservation လိုတာမျိုးရှိနိုင်ပါတယ်။
Italy ရောက်ရင် 🍝🍕
France ရောက်ရင် 🥐🥖
ကိုယ်သွားတဲ့နိုင်ငံရဲ့ local food တွေကို မြည်းစမ်းကြည့်တာကလည်း Europe trip ရဲ့ အရသာတစ်ခုပါပဲ။ ❤️ တချို့ကတော့ ဘိုစာတွေကြာ ကြာမစားနိုင်ပါဘူးဆိုပြီး မြန်မာအစားအသောက်လေးတွေသယ်သွားတတ်ကြတယ်

🔟 💊 Medicine + Personal Items

💊 ကိုယ်ပုံမှန်သောက်နေတဲ့ဆေး
🧴 Personal items
🪥 Toothpaste
🧴 Shampoo
စတာတွေကို မမေ့ပါနဲ့။
တချို့ပစ္စည်းတွေက local market / pharmacy တွေမှာ ဝယ်လို့ရတာကြောင့် အားလုံးကို အများကြီးသယ်သွားစရာမလိုပါဘူး။
Luggage weight မပိုအောင်လည်း စဉ်းစားပါနော် 😆

1️⃣1️⃣ 📱 Internet / Data Plan

ဒါကတော့ မရှိမဖြစ် ပါ။
🗺️ Google Maps
🚆 Train schedule
🎫 Ticket
🏨 Hotel
📞 Communication
အားလုံးအတွက် internet လိုပါတယ်။
ကိုယ့် US carrier မှာ international roaming ပါမပါ ကြိုစစ်ပြီး၊ မလုံလောက်ရင် eSIM / local SIM ကို ကြိုစီစဉ်ထားလို့ရပါတယ်။ ဖြစ်နိုင်ရင် ဝယ်လိုက်တာကောင်းပါတယ်။ roaming အရမ်းနေးပါတယ်

❤️ ကဲ… Planning ပြီးပြီဆိုရင်
📆 Leave approved ✔️
✈️ Flight booked ✔️
🏨 Hotel booked ✔️
🎫 Attractions booked ✔️
🚆 Train tickets ✔️
🔌 Adapter ✔️
🧳 Luggage ✔️
💳 Card + Cash ✔️
📱 Data plan ✔️
👟 Comfortable shoes ✔️

ပြီးရင်…

🧳 အိတ်ဆွဲပြီး ထွက်ရုံပဲနော်! 😂✈️🇪🇺

Europe က နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ
🏛️ ရာဇဝင်
🏔️ သဘာဝ
🍝 အစားအသောက်
👗 Fashion
🚆 Transportation
အားလုံးက မတူကြတော့…

ကိုယ်နဲ့အလိုက်ဖက်ဆုံးနိုင်ငံကို ရွေးပြီး ကိုယ့်ရဲ့ Europe story လေးကို စလိုက်ကြရအောင်။ ❤️

Have a wonderful trip & Happy Planning! ✈️🇮🇹🇨🇭🇫🇷🇬🇧

နေကြာစေ့ စားကြပါအုံးမြန်မာပြည်က နေကြာစေ့နဲ့တူတယ် တစ်ထုတ် နှစ်ထုတ် ဝယ်စားရတာ ရှုပ်လို့ ပုံးလိုက်မ လာလိုက်တယ် 😀
09/27/2026

နေကြာစေ့ စားကြပါအုံး
မြန်မာပြည်က နေကြာစေ့နဲ့တူတယ် တစ်ထုတ် နှစ်ထုတ် ဝယ်စားရတာ ရှုပ်လို့ ပုံးလိုက်မ လာလိုက်တယ် 😀

🇺🇸 US မှာ အနည်းဆုံး တစ်ခါတော့ သွားလည်သင့်တဲ့ နေရာများ(Part 10)⛰️🧗🚵‍♂️Zion National Park, Utah LA အနီးတဝှိုက် road trip ထ...
09/26/2026

🇺🇸 US မှာ အနည်းဆုံး တစ်ခါတော့ သွားလည်သင့်တဲ့ နေရာများ(Part 10)
⛰️🧗🚵‍♂️Zion National Park, Utah

LA အနီးတဝှိုက် road trip ထွက်ရတာ ကြိုက်တဲ့သူတွေအတွက် Utah နဲ့ Arizona နယ်မြေဟာ မသွားဘဲ မနေနိုင်အောင် ဆွဲဆောင်လွန်းတဲ့ paradise တွေပါ။ အဲဒီထဲမှာမှ Arizona ဒါမှမဟုတ် Utah ဘက် ခရီးသွားတိုင်း လမ်းကြုံရင် အမြဲဝင်ဖြစ် သလို၊ ဧည့်သည်လာရင်လည်း မဖြစ်မနေ လိုက်ပို့ဖြစ်တဲ့ Utah ရဲ့နာမည်အကြီးဆုံး park တခုဖြစ်ပြီး ရာသီမရွေးပန်းချီကားတစ်ချပ်လို လှပတဲ့ Zion National Park အကြောင်းကို ဒီနေ့ မျှဝေပေးချင်ပါတယ်။
📍ဘယ်မှာရှိလဲ?
Zion National Park က Utah ပြည်နယ် အနောက်တောင်ပိုင်းမှာတည်ရှိပြီးသဘာဝတရားအတိုင်းနှစ်သန်းပေါင်းများစွာဖြစ်တည်နေတဲ့နီရဲမတ်စောက်တဲ့ သဲကျောက်ကမ္ဘာပါးကြီးတွေ (Sandstone Cliffs)၊ နက်ရှိုင်းဆန်းကြယ်တဲ့ လျှိုမြောင်ကြီးတွေ (Canyons) နဲ့ မြင်လိုက်တာနဲ့ ရင်သပ်ရှုမောသွားစေမယ့် ရှုခင်းတွေကြောင့် ကမ္ဘာကျော်တဲ့ နေရာတစ်ခုပါ။
Virgin မြစ်ကြောင်းရဲ့ နှစ်ပေါင်းများစွာ တိုက်စားမှုကြောင့် ပေ ၂,၀၀၀ အထိ အမြင့်ရှိတဲ့ ကျောက်နံရံကြီးတွေက Zion national parkရဲ့ထူးခြားချက်ပေါ့ ။Utah မှာ ရှိတယ်ဆိုပေမဲ့ Las Vegas ကနေ ကားမောင်းရင် ၂ နာရီနီးပါးပဲ ကြာတာမို့ ရောက်အောင်သွားဖို့ အရမ်းကို လွယ်ကူပါတယ်။
🥾 Zion မှာ ဘာတွေလုပ်ကြမလဲ? (Things to Do)
🔹 The Narrows ( Hiking The Narrows)
Zion ရောက်ရင် The Narrows ကတော့မသွားမဖြစ်သွားသင့်တဲ့နေရာတစ်ခုပါ။ Virgin မြစ်ရဲ့ ရေစီးကြောင်းအတိုင်း မတ်စောက်လှတဲ့ ကမ်းပါးမြင့်ကြီးနှစ်ခုကြား ရေထဲစိမ်ပြီး လမ်းလျှောက်ရတဲ့ အတွေ့အကြုံက တခြား park တွေလည်ရတာနဲ့မတူပဲ စိတ်လှုပ်ရှားပျော်ရွှင်စရာ ခရီးတစ်ခုပေါ့။
နွေရာသီဆို အစပိုင်းမှာရေအနက်က ဒူးလောက်ပဲရှိပြီး ဝေး ဝေးသွားလေ ရေပိုနက်တော့ ပေါင်လောက်အထိ ရောက်ပါတယ်။ ရေတွေကအဆက်မပြတ်စီးနေတာမို့ ရေစီးနဲ့မမျောအောင် ချော်မကျအောင်တော့သတိထားလျှောက်ရတယ် ။မြစ်ကြောင်းအတိုင်း အဝေးကို ပိုလျှောက်နိုင်လေ ကျောက်ကမ်းပါးနှစ်ခုကြားက ရှုခင်းက ပိုမိုဆန်းကြယ် လှပလေပါပဲ။ ကျွန်တော်တို့တုန်းကတော့ ကလေးတွေပါလို့ အဝေးကြီး မလျှောက်နိုင်ခဲ့ဒါတောင်မှ မြင်ရတဲ့ရှုခင်းတွေက တကယ်ကို စိတ်နှလုံးအေးချမ်းမှုတွေရခဲ့ပါတယ်။
📌Personal Tips & Warnings:
👟The Narrows ကိုသွားမယ်ဆိုရင်ရေစိုခံ closed-toe shoe နဲ့ walking stick ကတော့မဖြစ်မနေ ယူသွားပါ (အဝင်မှာ ငှားလို့လည်း ရပါတယ်)။ ခြေညှပ်ဖိနပ်တော့လုံးဝ မစီးပါနဲ့ ။ ရေထဲမှာကျောက်တုံးတွေလည်းရှိရေစီးလည်းသန်တော့ ခြေညှပ်ဖိနပ်နဲ့သွားရင် ဖိနပ်ကျွတ်ပြီးရေစီးထဲမျောပါမှာကြောက်ရတာကတမျိုး ခြေချော်ကျမှာကြောက်ရတာနဲ့အဆင်မပြေပါဘူး။ကျွန်တော်တို့တုန်းက ရေစိုခံ shoe တွေမပါသွားလို့ ခြေဗလာနဲ့ လျှောက်ခဲ့ရလို့ သတိပေးပါရစေ။
👕👚နည်းနည်းဝေးဝေး The Narrows ရေနက်ပိုင်းထိသွားမယ်ဆိုရင်တော့အပို အဝတ်တစုံ၊ ခြေအိတ်တစုံနဲ့ဖိနပ်တရံဆောင်သွားပါ
🚨နောက်ပြီး တောင်ကျရေ (Flash Floods) သတိထားဖို့ လိုပါတယ်။ အထက်ပိုင်းမှာမိုးအုံ့နေရင် safety ဖြစ်အောင်The Narrows သွားတဲ့လမ်းတွေအားလုံးပိတ်ထားတတ်မှာမို့ Park က သတိပေးချက်တွေကို အမြဲစောင့်ကြည့်ပါနော်။
🔹 Angels Landing
🧗Adventure ကြိုက်တဲ့ hiking အတွေ့အကြုံရှိတဲ့ Professional Hikers တွေအတွက်ပဲသင့်တော်ပါတယ်။ မတ်စောက်လှတဲ့ ကျောက်ကမ်းပါးစွန်းတွေပေါ်မှာ သံကြိုးကိုင်ပြီး တက်ရတာမို့ အမြင့်ကြောက်တဲ့သူတွေအတွက်တော့ကြည့်ရတာသဲထိတ်ရင်ဖိုပါ(သွားရောက်ဖို့အတွက် Permit ကြိုတင်လျှောက်ထားရန် လိုအပ်ပါတယ်)။
🔹 Emerald Pools Trail
Hiking trail က အလွယ်တကူသွားလို့ရတာမို့ မိသားစုလိုက်ဖြစ်စေ၊ အေးအေးဆေးဆေး လမ်းလျှောက်ချင်သူတွေအတွက်သင့်တော်တဲ့နေရာလေးပါ။ ရေတံခွန်တွေနဲ့ စိမ်းမြနေတဲ့ ရေကန်လေးတွေ ရှိပြီး Lower, Middle, Upper ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။ အဲဒီမှာရေကူး/ ရေဆော့လို့တော့မရပါဘူး။ ကျွန်တော်တို့သွားတုန်းကတော့ Lower ထိပဲတက်ပြီးပြန်ဆင်းလာခဲ့တယ် ။
🔹 Riverside Walk
ဒီ hiking trail ကတော့Temple of Sinawava ကနေ စတင်ပြီး The Narrows အစပိုင်းမှာလမ်းဆုံးပါတယ်။အသွားအပြန် ၂ မ်ုင်လောက်လျှောက်ရပြီးလမ်းသေချာ ခင်းထားတာမို့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် အရမ်း အဆင်ပြေပါတယ်။ လမ်းလေးလျှောက်ရင်းဘေးတဖက်တချက်ကရှုခင်းတွေငေးမော ရေစီးသံလေးတွေနားထောင်ရတာလည်းstress relief zone ရောက်နေသလိုပါပဲ။ ဒါကြောင့်မို့လည်း အရမ်းနွမ်းနယ်ပင်ပန်းလာရင်သဘာဝတရားနဲ့ထိတွေ့ပါလို့ အကြံပေးခဲ့ကြတာကိုး
🔹 Zion-Mount Carmel Highway
🚘Zion ကို ခဏခဏ ပြန်ရောက်ဖြစ်အောင် ဆွဲဆောင်နေတဲ့ အဓိက အချက်ကတော့ ၂၅ မိုင်ရှည်လျားပြီး park ရဲ့အရှေ့ပေါက်ကနေ main canyon နေရာတွေထိဆက်သွယ်ထားတဲ့ဒီ Scenic Drive ပါပဲ။ ဓာတ်ပုံထဲမှာ မြင်ရတာထက် အပြင်မှာ အနီရောင်၊ ပန်းရောင် သန်းနေတဲ့ ကျောက်ဖြာကြီးတွေက တကယ့်ကို အသက်ဝင်လွန်းပါတယ်။
❄️ ☃️ဆောင်းရာသီ ရောက်လို့ နှင်းတွေကျချိန်ဆိုရင်လည်း ဖြူဖွေးနေတဲ့ နှင်းတွေနဲ့ အနီ၊ ပန်းရောင် ကျောက်တန်းကြီးတွေ ပေါင်းစပ်သွားတာဟာ စိတ်ကူးယဉ် အိပ်မက်တစ်ခုလို လှပလွန်းပါတယ်။ ကားမောင်းရင်း ရှုခင်းကြည့်၊ လှတဲ့နေရာတွေတွေ့ရင်ဓာတ်ပုံဆင်းရိုက်ကြတာ လည်း Zion ရောက်တိုင်း မရိုးအီသွားတဲ့ လုပ်နေကျ routine တခုပါပဲ။
🔹 Canyon Overlook Trail
လမ်းအများကြီးလျှောက်စရာမလ်ု ခရီးအသွားအပြန်ကို မှ ၁မ်ုင် ၊ ၁ နာရီလောက်ပဲ အချိန်ပေးရပေမဲ့ Zion Canyon ရဲ့ လှပတဲ့ Panoramic ရှုခင်းကျယ်ကြီးကို မြင်တွေ့နိုင်တာမို့နာမည်ကြီးတာပါ။ ဒီနေရာက်ု shuttle တော့မရောက်ပါဘူး။ကိုယ့်ကားနဲ့က်ုယ်မောင်းလာမယ်ဆ်ုလည်း parking ရှာရခက်လို့ မနက် ၈ နာရီမတိုင်မီနဲ့ညနေ ၅ နာရီနောက်ပ်ုင်းမှလာဖို့ recommend ပေးပါတယ်
🚴‍♀️E-Bike / Biking
Shuttle bus စောင့်ဆိုင်းစရာမလိုဘဲ စက်ဘီး သို့မဟုတ် E-bike လေးတွေ ငှားပြီး Zion Canyon Scenic Drive တစ်လျှောက် လေညှင်းခံရင်း လွတ်လပ်စွာ စီးနင်းနိုင်ပါတယ်။
🚌 Park ထဲမှာဘယ်နေရာတွေမောင်းလို့ရမလဲ?
Zion-Mount Carmel Scenic Drive ကို ကိုယ်ပိုင်ကားနဲ့ မောင်းလို့ရပေမဲ့၊ Zion Canyon အဓိကထဲကို ဝင်မယ်ဆိုရင်တော့ Visitor Center မှာ ကားရပ်ထားခဲ့ပြီး Park ရဲ့ Shuttle Bus ကိုပဲ စီးရပါတယ်။ နွေရာသီဆို အရမ်းလူများတာကြောင့် အဝင်ဂိတ်နဲ့ Shuttle Bus စောင့်ဆိုင်းချိန် ၁ နာရီမှ ၂ နာရီနီးပါးအထိ ရှိတတ်ပါတယ်။
🏨 ညအိပ်သင့်သလား?
ကျွန်တော်တို့ ပထမဆုံးတစ်ခေါက်တုန်းကတော့ Park ထဲမှာ တစ်ရက်လုံး လည်ပတ်ပြီးမှ အနီးအနား မြို့မှာပဲ သွားအိပ်ခဲ့ပါတယ်။ Park ထဲမှာရော အနီးအနားမှာပါ ဟိုတယ်တွေ ရှိပေမဲ့ စျေးနည်းနည်း မြင့်ပါတယ်။
🚴‍♀️🚶🏻‍♀️အေးအေးဆေးဆေး သဘာဝတရားနဲ့ အနားယူချင်သူတွေအတွက်တော့ Park ထဲကhotel မှာ တည်းပြီး ၂ ရက်၊ ၃ ရက်လောက် လမ်းလျှောက်၊ တောင်တက်၊ စက်ဘီးစီးရင်း အနားယူတာက အကောင်းဆုံးပါပဲ။
🚘Las Vegas ကနေ ၂ နာရီနီးပါးပဲ မောင်းရတာမို့လို့ နောက်တစ်ခါ Vegas ဘက် ခရီးထွက်ဖြစ်ရင်တော့ သဘာဝတရားရဲ့ အလှပန်းချီ Zion ကိုပါ Plan ထဲ ထည့်ဖြစ်အောင် ထည့်လိုက်ကြပါဦးနော်! 🚗💨✨

🇺🇸 US ရောက်စ အတွေ့အကြုံများ (၃၉)🏠ပထမ အိမ်ဝယ်ခြင်း (Part 3) 📮Offer နဲ့ Mortgage Loan (ဘဏ်ကြွေး)အကြောင်းဒီလိုနဲ့ ကိုယ်ကြို...
09/24/2026

🇺🇸 US ရောက်စ အတွေ့အကြုံများ (၃၉)
🏠ပထမ အိမ်ဝယ်ခြင်း (Part 3)
📮Offer နဲ့ Mortgage Loan (ဘဏ်ကြွေး)အကြောင်း

ဒီလိုနဲ့ ကိုယ်ကြိုက်တဲ့ အိမ် ၃ အိမ်လောက်ကို Offer ပေးတာ မရခဲ့ပါဘူး။ ကိုယ့်ထက် ဈေးပိုပေးတဲ့သူ၊ Down Payment ပိုပေးနိုင်တဲ့သူတွေနဲ့ တိုးနေတာရယ် က်ုယ်နေရမဲ့အိမ်လေးနဲ့လည်းကံမစပ်သေးလို့ပေါ့နော် ဒါတောင် 2008/2009 ကမ္ဘာ့စီးပွားပျက်ကပ် ကာလ၊ Market မှာ အိမ်တွေ အများကြီး ရှိနေတဲ့ အချိန်နော်။ စိတ်ဓာတ်တော့ နည်းနည်း ကျတာပေါ့။ ဒါပေမဲ့ အိမ်ရှာနေတဲ့ ကာလမှာ ငွေပိုစုမိသွားတာတစ်ခုတော့ အမြတ် ပေါ့။ အိမ်ရှာတာကြာလေငွေပိုစုလာနိုင်သလိုကိုယ့်အကြိုက်တွေ အမြင်တွေလည်းပြောင်းလာတယ် ပထမစိတ်ကူးကတော့ နေရာကောင်းမှာသာမန်တထပ်အိမ်လေးဝယ်မဲ့စိတ်ကူးကနေ နေရာသိပ်မကောင်းလည်းရပါတယ် ceiling မြင့်မြင့် ၂ ထပ်အိမ် နဲ့ခြံလေးပါတာဝယ်မယ်ဆ်ုပြီးပြောင်းသွားရော ကလေးရှိတဲ့မိဘတချို့ကတော့ ကိုယ့်ကလေးကိုကျောင်းကောင်းမှာထားချင်တာကြောင့် ကျောင်းကောင်းရှိတဲ့နေရာတွေမှာအိမ်ရှာဝယ်တတ်ကြတယ် တကယ်ထူးချွန်ထက်မြတ်တဲ့ကလေးအတွက်တော့ ဘယ်ကျောင်းနေ နေ ပါ ကျောင်းကောင်းထားပြီးကိုယ့်ကလေးက မလိုက်နိုင်ပြန်ရင်လည်း stress ပိမှာဆိုးတာကြောင့် ကျွန်တော်တို့ကတော့ကျောင်းကောင်း ရှိတဲ့နေရာတွေကိုတော့အစကတည်းက first priority အနေနဲ့ထည့်မစဉ်းစားခဲ့ပါဘူး အရမ်းကြီးဆိုးတဲ့ကျောင်းမဟုတ်ရင်ရပါပြီ ကျောင်းကောင်းတဲ့နေရာမှာဝယ်ရင်တော့ဝယ်တုန်းကစျေးပိုပေးရသလိုကိုယ်မနေလို့ပြန်ရောင်းရင်လဲစျေးကောင်းရတာပေါ့နော်

👰ပွဲစား ပြောင်းခြင်း
အိမ်ရှာတာ ၆ လလောက် ကြာလာတော့ လက်ရှိ ပွဲစားကို သိပ်အားမရတာနဲ့ မြန်မာပွဲစား နောက်တစ်ယောက်ဆီ ပြောင်းလိုက်ပါတယ်။ နည်းနည်း အလုပ်ရှုပ်တာကတော့ ကိုယ့်ရဲ့ Information တွေ၊ စာရွက်စာတမ်းတွေကို အစကနေ ထပ်ပေးရတာပါပဲ။

🏦Mortgage Loan အကြောင်း သိကောင်းစရာ
အမေရိကမှာ အိမ်ဝယ်ဖို့ ငွေချေးတဲ့အခါ အဓိကအားဖြင့် Government-Backed Loans (အစိုးရ အာမခံပါသော ချေးငွေများ) နဲ့ Conventional Loans (ပုဂ္ဂလိက ဘဏ်ချေးငွေများ) ဆိုပြီး ၂ မျိုး ရှိပါတယ်။
1️⃣Government-Backed Loans (အစိုးရ အာမခံပါသော ချေးငွေများ)
အဓိက ၃ မျိုး ရှိပါတယ် -
🔹FHA Loan (Federal Housing Administration): ပထမဆုံး အိမ်ဝယ်သူများ (First-time Homebuyers)၊ Credit Score သိပ်မမြင့်သူများနှင့် Down Payment 10% အောက်ပဲ ပေးနိုင်သူများအတွက် သင့်တော်ပါတယ်။
🔹VA Loan (U.S. Department of Veterans Affairs): စစ်မှုထမ်းဟောင်းများ၊ လက်ရှိ စစ်မှုထမ်းနေသူများနှင့် ၎င်းတို့၏ အိမ်ထောင်ဘက်များအတွက် ဖြစ်ပြီး Down Payment 0% နဲ့ ဝယ်ယူနိုင်သလို PMI (Mortgage အာမခံကြေး) ပေးရန်လည်း မလိုပါ။
🔹USDA Loan (U.S. Department of Agriculture): မြို့ပြင် သို့မဟုတ် ကျေးလက်ဒေသများတွင် အိမ်ဝယ်ယူမည့် ဝင်ငွေအသင့်အတင့်ရှိသူများအတွက် ဖြစ်ပြီး Down Payment 0% ဖြင့် လျှောက်ထားနိုင်ပါတယ်။

2️⃣Conventional Loans (ပုဂ္ဂလိက ဘဏ်ချေးငွေများ)
🔹Conforming Conventional Loan: Fannie Mae နှင့် Freddie Mac က သတ်မှတ်ထားသော ချေးငွေပမာဏ ကန့်သတ်ချက်အတွင်း ရှိသည့် ချေးငွေဖြစ်ပါတယ်။ Credit Score ကောင်းဖို့ လိုအပ်ပြီး Down Payment 10% နှင့်အထက် ပေးရလေ့ ရှိပါတယ်။
🔹Jumbo Loan (Non-Conforming): အိမ်ဈေးကြီးသော ဒေသများတွင် Conforming Limit ထက် ကျော်လွန်သည့် ပမာဏကို ချေးယူခြင်းဖြစ်ပါတယ်။ စည်းကမ်းချက်များ ပိုမိုတင်းကျပ်ပြီး Credit Score ကောင်းမွန်ရန်နှင့် Down Payment 20% နှင့်အထက် ပေးရန် လိုအပ်ပါတယ် (County / ခရိုင်အပေါ် မူတည်၍ သတ်မှတ်ချက် ကွဲပြားပါတယ်)

❌FHA Loan ဆို လက်မခံချင်ကြသည့် အကြောင်း
ကျွန်တော်အရင်က ပြောခဲ့သလိုပဲ ပထမ Offer ပေးတုန်းက FHA Loan Qualify ဖြစ်တာနဲ့ အဲ့ဒါနဲ့ပဲ Offer ပေးခဲ့တာပါ။ ဒါပေမဲ့ ဘယ်အိမ်ရောင်းသူမှ လက်မခံချင်ကြပါဘူး။ ဒါကြောင့် စဉ်းစားခံရတဲ့ အထဲတောင် မပါခဲ့တာပါ။
FHA Loan မကောင်းလို့လားဆိုတော့ မဟုတ်ပါဘူး။ များသောအားဖြင့် FHA Loan ယူတဲ့သူတွေက Credit Score သိပ်မမြင့်သူ၊ Down Payment နည်းနည်းပဲ ပေးနိုင်သူများ ဖြစ်နေတတ်လို့ပါ။ ဝယ်လိုအားအပြိုင်အဆိုင် များတဲ့နေရာတွေက ရောင်းသူတွေကတော့ Credit ကောင်းပြီး Down Payment များများပေးနိုင်သူကိုပဲ ပထမဦးစားပေး လက်ခံလေ့ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း အပြိုင်အဆိုင်များတဲ့ LA တဝိုက်မှာ FHA နဲ့ ဝယ်လို့ မရခဲ့တာပါ။
(လုံးလုံး မရဘူးလို့တော့ မဆိုလိုပါဘူး။ တခါတလေအိမ်နဲ့ အရမ်းကံစပ်လို့ပဲဖြစ်ဖြစ်၊ Offer ပေးတဲ့သူနည်းပြီး လူစိတ်ဝင်စားမှု နည်းတဲ့အိမ်သို့မဟုတ် တခြား State တွေမှာတော့ FHA နဲ့ ဝယ်လို့ရနိုင်ပါသေးတယ်။ ကိုယ့်ပွဲစားနဲ့သေချာတိုင်ပင်ကြည့်ဖို့ လိုပါတယ်)။

💵Conventional Loan သို့ ပြောင်းလဲ လျှောက်ထားခြင်း
ဒါနဲ့ပဲ ကျွန်တော်တို့လည်း FHA ကို မယူတော့ဘဲ Online ကနေ ရိုးရိုး Conventional Loan ပြောင်းလျှောက်လိုက်ပါတယ်။ အရင် Post မှာ ရှင်းပြခဲ့သလိုပဲ ရလာတဲ့ Approval Letter နဲ့ပဲ Offer တွေ ထပ်ပေးခဲ့ပါတယ်။

📌Offer ထပ်ပေးပြီ
🏠အိမ်ရှာရင်းရှာရင်းနဲ့တကယ်လူကြိုက်များတဲ့အိမ်ကောင်းတွေဆို market မှာတပတ်တောင်မကြာဘူး sale pending ဖြစ်သွားတာတွေ့လာတယ် အဲဒီတော့ကိုယ်ကြိုက်တဲ့အိမ် online ကတွေ့ပြီဆိုတာနဲ့ အလုပ်ပိတ်ရက် weekend တောင်မစောင့်နိုင်ပဲ အလုပ်ပြန်ညဘက်တွေပါ သွားကြည့် ကြတယ် ပွဲစားအသစ်နဲ့ကံစပ်တယ်ပြောရမလားပဲ သူနဲ့စပြီးဆက်သွယ်မိတဲ့ အချိန်မှာ ပဲ El Monte ဘက်မှာအကြိုက်တွေ့တဲ့အိမ်တစ်လုံး တွေ့တာနဲ့သူ့ကို သွားကြည့်ချင်တယ်လို့ ပြောပြီးကိုယ်တွေလည်းညနေ အလုပ်ပြီးချိန် မှောင်ရီပျိုးစအချိန်မှာပဲ သွားကြည့်ဖြစ်ခဲ့ပါတယ်။

🏠အိမ်ကို အပြင်က မြင်လိုက်တာနဲ့တင် လင်မယား နှစ်ယောက်စလုံး အရမ်းကြိုက်သွားကြတယ်။ တချို့အိမ်ဆို ယောကျာ်းကြိုက်ပေမယ့် မိန်းမက မကြိုက်တာမျိုး ရှိတတ်ပေမဲ့ ဒီအိမ်ကတော့ အပြင်က မြင်တာနဲ့ "Fell in love" ပေါ့။ Bank -Owned ( ဘဏ်ကသိမ်းထားတဲ့အိမ်)ဆိုတော့ကျွန်တော်တို့သွားကြည့်တဲ့အချိန်နေတဲ့သူမရှိသလိုမီးလည်းမရှိဘူး ထူးဆန်းတာကအိမ်ထဲဝင်ကြည့်တော့မှောင်မည်းနေတာတောင် စိတ်ထဲမှာ ဒီအိမ်ကအသစ်လိုကောင်းနေတယ်ဆိုတာ အလို လိုသိနေတယ် ဘာမှ သေချာ မမြင်ရဘူး အသေးစိတ်လည်းမကြည့်တော့ဘဲ ပွဲစားကို Offer ပေးမယ်လို့ ချက်ချင်း ပြောလိုက်တယ်။

💵Down Payment
ပွဲစားကတော့ "Down Payment 10% ဆိုရင် နည်းနေမလားမသိဘူး၊ တခြားသူတွေနဲ့ ယှဉ်ရမှာဆိုတော့ပိုပေးနိုင်ရင်ပေးလို့ “ပြောပါတယ်။ ကိုယ်တွေကလည်း အိမ်ရှာရင်း ငွေပိုစုမိထားတာရှိတော့ 12% လောက်တော့ ပေးနိုင်မယ်ပေါ့။
ပုံမှန်အားဖြင့် တော့အိမ်တန်ဖိုးရဲ့20% ကို Down Payment ပေးပြီး Offer ပေးတာ များပါတယ်။ ဒါပေမဲ့ 10% သို့မဟုတ် ရှားရှားပါးပါး 5% ပေးရုံနဲ့ ရတာမျိုးလည်း ရှိတတ်ပါတယ်။
California လိုနေရာမျိုးမှာ အိမ်ဝယ်တဲ့သူတွေများလွန်းတော့ Down Payment 20% ပေးမှ စိတ်ချရပါတယ်။ တခြား State တွေ ဝယ်လိုအားအပြိုင်အဆိုင် သိပ်မရှိတဲ့ နေရာဆိုရင်တော့ 10% နဲ့လည်း ရနိုင်ပါတယ်။

📌လူစိတ်ဝင်စားမှု နည်းတဲ့ အိမ်ပုံစံ မလှတာ၊ ပြင်စရာ များတာ၊ သို့မဟုတ် လမ်းဦးတိုက် အိမ်လို လူအများ အယူရှိပြီး စိတ်မဝင်စားတဲ့အိမ်မျိုးတွေဆို စီးပွားရေး ကပ်ဆိုက်အချိန်မှာဘဏ်တွေက Toxic Assets (သူတို့အတွက် အရှုံးပေါ်နေသော ပိုင်ဆိုင်မှုများ) ကို မြန်မြန် ထုတ်ရောင်းချင်တဲ့ အချိန်တွေမှာ တော့ Down Payment 10%နဲ့ ရတတ်ပါတယ်။

😔Offer လက်မခံဘူးတဲ့...
Offer ပေးပြီး ၃ ရက်မြောက်နေ့မှာတော့ ပွဲစားဆီက သတင်းကြားရပါတယ်။ Offer လက်မခံဘူးတဲ့ဗျာ... အရမ်း စိတ်မကောင်း ဖြစ်သွားရပါတယ်။ နှစ်ယောက်စလုံး အရမ်းကြိုက်ခဲ့တဲ့ အိမ်၊ အသစ်မဟုတ်ပေမဲ့ အသစ်အတိုင်း သန့်ရှင်းပြီး San Gabriel တဝှိုက်က အိမ်တွေနဲ့ ယှဉ်ရင်တော်တော်လေး ကောင်းတဲ့ အိမ်ပါ။
😔လက်မခံဘူးဆိုတော့လည်း ကိုယ့်ကံပဲပေါ့နော်၊ ဒီအိမ်နဲ့ ကံမစပ်သေးဘူးလို့ပဲ သဘောထားလိုက်ပါတယ်။ ပွဲစားကတော့ "ကျွန်တော်တို့က ဒုတိယ ဦးစားပေး ပါ၊ ဒါပေမဲ့ ဘဏ်က Cash သီးသန့် ပေးချေမယ့်သူ (All-Cash Buyer) ကို ရွေးလိုက်တယ်" လို့ ပြောပြပါတယ်။

🏠အဲ့ဒီအိမ်ကို အရမ်းကြိုက်ပြီး မရလိုက်တော့ စိတ်ဓာတ်တွေပါ ကျသွားပြီး ၁ ပတ်၊ ၂ ပတ်လောက် အိမ်ထပ်မရှာဘဲ နားလိုက်ပါတယ်။ အနီးဝန်းကျင်မှာ ပြန်ကြည့်တော့လည်း အဲ့ဒီအိမ်ကို Standard ထားမိသွားတော့ တခြားအိမ်တွေကို စိတ်မဝင်စားတော့ဘူး။ အတွေးထဲအဲဒီအိမ်လေးကတဝဲလည်လည်ပေါ့ ညဘက်သွားကြည့် ဘာမှသေချာမမြင်ရဘဲနဲ့ offer ချက်ချင်းပေးပြီးတခါမှနောက်ထပ်သွားမကြည့်ဖြစ်ပဲ အဲဒီအိမ်ကိုပဲ စွဲလန်းနေတဲ့ရေစက်ကတော့ ထူးဆန်းတယ် အဲဒီနောက် တချို့ ကောင်းတဲ့ အိမ်တွေ တွေ့ပေမဲ့လည်း လက်လှမ်းမမီလို့ လက်လျှော့ခဲ့ရတာတွေလည်းရှိတယ်
❤️ဒီအိမ်နဲ့ ကံစပ်ပြီ
ကံအကြောင်း ပြောရင် ယုံတဲ့သူရှိသလို မယုံတဲ့သူလည်း ရှိမှာပါ။ ကျွန်တော်တို့ကတော့ ယုံကြည်တဲ့သူတွေ ပေါ့။ အိမ်ဆိုတာလည်း ကိုယ်နဲ့ ထိုက်တဲ့အိမ်၊ ရေစက်ပါတဲ့အိမ်ကိုပဲ ရတာပါ။
🏠ဘာဖြစ်လဲဆိုတော့ ကိုယ်တွေလည်းအရမ်းကြိုက်ပြီးလိုချင်တဲ့အိမ်လေးမရလို့စိတ်ဓါတ်ကျနေချိန် ပွဲစားဆီက သတင်းကောင်း ကြားရပါတယ်။ Cash ပေးမယ်ဆိုတဲ့သူက တရုတ်ပြည်ကဖြစ်လို့ ငွေလွှဲရတာ အခက်အခဲရှိသွားပြီး မယူဖြစ်တော့ဘူးတဲ့။ "စိတ်ဝင်စားသေးလား" လို့ မေးလာတော့ ဝမ်းသာအားရ ချက်ချင်းပဲ "ယူမယ်၊ စာချုပ်နဲ့ စာရွက်စာတမ်းတွေ ချက်ချင်း ပြင်ဆင်ပေးပါ" လို့ ပွဲစားကို ပြောလိုက်ပါတယ်။ အရမ်းလည်း ပျော်သွားတာပေါ့... ကိုယ် အရမ်းကြိုက်ခဲ့တဲ့ အိမ်ကို ပြန်ရတော့မှာကိုး။
စာရှည်သွားပြီမို့ လာမည့် Post မှာတော့ Appraisal, Inspection နဲ့ Closing အကြောင်းတွေ ပြောပြရင်း ဒီ Series လေးကို နိဂုံးချုပ်ကြတာပေါ့။

Address

Los Angeles, CA

Website

Alerts

Be the first to know and let us send you an email when Sai & Yadanar Journeys posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share