10/29/2025
TNLA က မိုးကုတ်မြို့ကို စစ်အုပ်စု လက်ထဲ ပြန်အပ်ပေမယ့် PDF တွေက မဆုတ်ဘဲ တိုက်ခိုက်မယ်၊
မိုးကုတ်ဗျူဟာနဲ့ မိုးကုတ်အခြေပြု တော်လှန်ရေးတပ်တွေက ဆက်လက် တိုက်ပွဲဝင်မယ်လို့ ကတိပြု၊
ထင်လင်း/MFP၊ အောက်တိုဘာ - ၂၉
မန္တလေးတိုင်း မိုးကုတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တအာင်းတပ်မတော် - TNLA က မြို့ကို အာဏာသိမ်း စစ်အုပ်စုလက်ထဲ ပြန်လည် ထိုးအပ်လိုက်ပေမယ့် ဒေသခံ တော်လှန်ရေးတပ်တွေက မြို့ကနေ မဆုတ်ဘဲ ဆက်လက် တိုက်ပွဲဝင်မယ်လို့ တော်လှန်ရေးတပ်တွေက သတင်း ထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့ကနေ အခြေပြု ပေါက်ဖွားလာတဲ့ မိုးကုတ်ဗျူဟာ (ပြည်သူ့ကာကွယ်ရေးတပ်မတော်) အနေနဲ့ တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်ပါမယ်လို့ ကတိသစ္စာပြုကြောင်း မိုးကုတ်ဗျူဟာက အောက်တိုဘာ ၂၉ရက် ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY – PDF ကလည်း မိုးကုတ်နဲ့ စဉ့်ကူး အပါအဝင် မန္တလေးတိုင်းအတွင်းက သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို လက်လွှတ်မှာမဟုတ်ဘဲ အစွမ်းကုန် ဆက်လက် တိုက်ခိုက်မယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
မိုးကုတ်ဗျူဟာနဲ့ MDY-PDF တွေဟာ အမျိုးသား ညီညွတ်ရေးအစိုးရ - NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ ဖြစ်ပြီး TNLA အပါအဝင် မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီ စစ်ဆင်ရေးအဖြစ် ရှမ်း-မန်း စစ်ဆင်ရေးကို ဆင်နွှဲကာ မိုးကုတ်၊ မိုးမိတ်၊ စဉ့်ကုး၊ သပိတ်ကျင်း စတဲ့ မြို့၊ရွာတွေကို သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA နဲ့အတူ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ မဟာမိတ်တွေက ပူးပေါင်းတိုင်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး TNLA က မြို့စီမံအုပ်ချုပ်ရေး အဖွဲ့ဖွဲ့ကာ မြို့ကို စီမံအုပ်ချုပ်နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုနဲ့ အပစ်အခတ် ရပ်ဆဲပြီး မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို လက်လွှတ်ပေးမယ်လို့ TNLA က ထုတ်ဖော်ပြောကြားလိုက်ပြီးတဲ့နောက် မိုးကုတ်မြို့ခံတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
“မိုးကုတ်ဗျူဟာနဲ့ မန်းတိုင်းက တိုက်မလားလို့ မျှော်လင့်နေကြတယ်၊ ရှောင်နိုင်တဲ့ လူတွေအားလုံးတော့ ထွက်သွားကြပြီ၊ ကျနော့် ပတ်ဝန်းကျင်ကလူတွေက ရှောင်ဖို့ ခက်ခဲတဲ့ လူတွေချည်း များတာမို့ နေလို့ရသလောက် ဆက်နေမယ့် လူတွေများနေတယ်”လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။
TNLA ဆုတ်ခွါပေးချိန်မှာ စစ်အုပ်စု ပြန်လည်ဝင်ရောက်လာမှာနဲ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွါးနိုင်တဲ့ အခြေအနေကို စိုးရိမ်နေကြတာလို့လည်း မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်မြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့သလို မိုးကုတ်မြို့ခံ အများစုကတော့ ပြီးခဲ့တဲ့လတွေအတွင်းမှာ အများအပြား ရွှေ့ပြောင်းသွားကြတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
လတ်တလောမှာ ရွှေ့ပြောင်းဖို့ အခက်အခဲရှိသူတွေသာ ကျန်ရစ်တယ်လို့လည်း ၎င်းတို့က ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မိုးကုတ်မြို့ကို လေကြောင်းဗုံးကြဲနေပြီး မြေပြင်စစ်ကြောင်းကလည်း နှစ်ဖက်ညှပ် ထိုးစစ်ဆင်နေတယ်လို့ ယူဆရကာ မေမြို့ကတဆင့် ကျောက်မဲမြို့နယ်ကနေ စစ်ကြောင်း တစ်ကြောင်း၊ မန္တလေး - သပိတ်ကျင်း - မိုးကုတ်လမ်း သပိတ်ကျင်းနယ်၊ ဖော့တောလမ်းဆုံကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ မိုးကုတ်မြို့ဆီ ဦးတည် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
TNLA အပါအဝင် မြောက်ပိုင်းညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်ဒေသ လားရှိုးမြို့ကို တရုတ် အကူအညီနဲ့ ပြန်ရပြီးနောက် တော်လှန်ရေး တပ်တွေ သိမ်းပိုက်ထားတဲ့ မြို့၊ရွာတွေ ပြန်ရရေး စစ်အုပ်စုက တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။