05/06/2026
ပလ္လင်ထက်က မျက်ရည် (သို့မဟုတ်) ကိုယ်ချင်းစာတရား၏ အစ
(အင်းဝဘုရင် မင်းခေါင်၏ နှလုံးသားမှတ်တမ်း)
မင်္ဂလာပါ။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် စိတ်မကောင်းဖြစ်မှုနဲ့အတူ၊ အာဏာရှိသူတွေနဲ့ မီးလောင်ရာလေပင့်သူတွေကို သမိုင်းသင်ခန်းစာကတစ်ဆင့် အသိတရားရစေချင်လိုရေးပေးထားတဲ့ဆောင်းပါးလေးပါ အဆင်ပြေမပြေဝေဖန်ပေးပါဦးဗျ။ လူတစ်ယောက်ရဲ့နေရာကနေရေးပေးမှာမို့။
ကျွန်ုပ်သည် အင်းဝ၏ အရှင်သခင်၊ ရွှေနန်းရှင် ဘုရင်မင်းခေါင် ဖြစ်သည်။
ဟံသာဝတီနှင့် အင်းဝ၊ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသော နှစ်လေးဆယ်စစ်ပွဲ ကာလတစ်လျှောက်လုံး ကျွန်ုပ်၏ အမိန့်၊ ကျွန်ုပ်၏ အာဏာစက်အောက်တွင် ကျဆုံးခဲ့ရသော စစ်သည်ရဲမက်များ၊ ပျက်စီးခဲ့ရသော အိမ်ရာများ၊ ကွဲကွာသွားခဲ့ရသော မိသားစုများ မရေမတွက်နိုင်အောင် ရှိခဲ့သည်။ ထိုအချိန်များက တိုင်းပြည်၏ အောင်ပွဲနှင့် အာဏာချဲ့ထွင်ရေးသည်သာ ပထမဖြစ်ခဲ့သဖြင့် သူတစ်ပါး သားသမီးတွေ၊ မိသားစုတွေ ပျက်စီးဆုံးရှုံးနေချိန်တွင် ကျွန်ုပ်၏ နှလုံးသားသည် ကျောက်တုံးတစ်တုံးလို မာကျောခဲ့သည်။ စစ်မြေပြင်မှ သေဆုံးသူစာရင်းများဆိုသည်မှာ ကျွန်ုပ်အတွက်တော့ စစ်တုရင်ခုံပေါ်က အရုပ်တွေ ပျက်စီးသွားသလို၊ အောင်ပွဲအတွက် ပေးဆပ်ရသည့် ကိန်းဂဏန်းများ သက်သက်သာ ဖြစ်ခဲ့သည်။ ကျွန်ုပ် ဘာမှမခံစားခဲ့ရပါ။
သို့သော်... အရာအားလုံးသည် ဒါလစစ်မြေပြင်မှ လာသော သတင်းဆိုးတစ်ခုနှင့်အတူ ပြောင်းလဲသွားခဲ့သည်။
"သားတော် မင်းရဲကျော်စွာ... ကျဆုံးလေပြီ..."
ထိုသတင်းသည် အင်းဝထီးနန်း၏ ခိုင်ခံ့သော တိုင်လုံးကြီးကို ရိုက်ချိုးလိုက်သလို၊ ကျွန်ုပ်၏ မာနနှင့် အတ္တတံတိုင်းကြီးကို ပြိုကျသွားစေခဲ့သည်။ ကျွန်ုပ်၏ အသက်၊ ကျွန်ုပ်၏ အသွေးအသား၊ ကျွန်ုပ်၏ အသည်းနှလုံးဖြစ်သော၊ အင်းဝ၏ အနာဂတ်ဟု ကျွန်ုပ် ယုံကြည်ထားသော ချစ်လှစွာသော သားတော် ဆုံးပါးသွားရပြီဟူသော အသိသည် ကျွန်ုပ်၏ ရင်ကို ဓားနှင့်မွှန်းသလို နာကျင်စေခဲ့သည်။
ထိုနေ့က သားတော်အတွက် ချခဲ့ရသော မျက်ရည်တွေကြားထဲမှာမှ ကျွန်ုပ်သည် "ကိုယ်ချင်းစာတရား" ဆိုသည့် အရာကို စတင်သင်ယူနိုင်ခဲ့သည်။
သားတော်၏ လွတ်နေသော နေရာကို ကြည့်ရင်း၊ အတိတ်ကာလက ကျွန်ုပ်၏ စစ်သည်တို့၏ ဓားချက်အောက်တွင် မိမိတို့၏ သားများကို ဆုံးရှုံးခဲ့ရသော မိခင်များ၏ ငိုကြွေးသံများကို ကျွန်ုပ် ပြန်လည်ကြားယောင်လာမိသည်။ လင်ယောက်ျားကို ဆုံးရှုံးခဲ့ရသော မိန်းမငယ်များ၏ ယူကြုံးမရဖြစ်မှုများ၊ ဖခင်မဲ့ဖြစ်ခဲ့ရသော ကလေးငယ်များ၏ အထီးကျန်မှုများကို ကျွန်ုပ်ကိုယ်တိုင် ထိတွေ့ခံစားလာရသည်။
သူတို့လည်း ကျွန်ုပ်လိုပင် ရင်ကွဲနာကျခဲ့ရမှာပဲ။
သူတို့လည်း ကျွန်ုပ်လိုပင် ညဉ့်နက်ယံတွေမှာ မျက်ရည်ကျခဲ့ရမှာပဲ။
သူတို့ရဲ့ ကမ္ဘာကြီးလည်း ကျွန်ုပ်လိုပင် ပြိုလဲသွားခဲ့မှာပဲ။
ဤအသိတရားက ကျွန်ုပ်ကို ညစဉ်ညတိုင်း ခြောက်လှန့်ခဲ့သည်။ အောင်ပွဲအတွက် တိုက်ခိုက်ခဲ့သော စစ်ပွဲများသည် အမှန်တကယ်တော့ အခြားသော ဖခင်များ၊ မိခင်များ၏ ရင်ခွင်ကို ဗလာကျင်းစေခဲ့သော ရက်စက်မှုများသာ ဖြစ်သည်ကို သားတော်မရှိတော့သည့် အချိန်မှသာ ကျွန်ုပ် အသေအချာ နားလည်ခဲ့ရသည်။
လူဆိုသည်မှာ ကိုယ်တိုင် ဒဏ်ရာမရမချင်း၊ ကိုယ်တိုင် သွေးမထွက်မချင်း သူတစ်ပါး၏ နာကျင်မှုကို မစာနာတတ်ကြပေ။ ထီးနန်းစည်းစိမ်နှင့် အာဏာသည် လူတစ်ယောက်၏ နှလုံးသားကို ထုံအသွားစေနိုင်သော်လည်း၊ ကြီးမားလှသော ဆုံးရှုံးမှုကြီးကတော့ ထိုထုံအနေသော နှလုံးသားကို ရက်ရက်စက်စက် ပြန်လည်နိုးထလာစေခဲ့သည်။
ယခုတော့ အင်းဝ၏ ဘုရင်မင်းခေါင်သည် အောင်ပွဲများကို မမက်မောတော့ပါ။ သားတော်မင်းရဲကျော်စွာ၏ ကျဆုံးမှုမှတစ်ဆင့် ကျွန်ုပ် ရရှိလိုက်သော အကြီးမားဆုံး သင်ခန်းစာမှာ "မိမိ၏ အဖိုးတန်ဆုံးအရာကို ဆုံးရှုံးလိုက်ရချိန်တွင်မှစ၍ သူတစ်ပါး၏ ဆုံးရှုံးမှုကို နက်နက်ရှိုင်းရှိုင်း ကိုယ်ချင်းစာတတ်လာခြင်း" ပင် ဖြစ်တော့သတည်း။
သို့သော်... ခေတ်အဆက်ဆက် သမိုင်းက ဤမျှ ကြီးမားသော သင်ခန်းစာကို ပေးခဲ့သော်ငြားလည်း၊ ယနေ့ခေတ်၏ အာဏာစစ်တုရင် ကစားပွဲများတွင်မူ မည်သူ့သားတော်များ၊ မည်သည့် မိသားစုများ ထပ်မံ၍ အသက်သွေးချွေးများ ရင်းနှီးပေးဆပ်ကြရဦးမည်နည်း။ မီးလောင်ရာ လေပင့်နေကြသူများနှင့် အာဏာမက်မောသူများအနေဖြင့် ကိုယ်တိုင် သွေးမထွက်၊ ဒဏ်ရာမရခင် အချိန်မီ ကိုယ်ချင်းစာတရား ရှင်သန်နိုင်ကြပါစေဟုသာ...။
အားလုံးပဲကျန်းမာချမ်းသာကြပါစေဗျာ။
Pyaw Mal ( Thet Paing Oo)
#ဘုရင်မင်းခေါင် #မင်းရဲကျော်စွာ #အင်းဝသမိုင်း #မြန်မာ