Salween Press

  • Home
  • Salween Press

Salween Press Donate Here: https://www.paypal.com/donate/?hosted_button_id=JSQL9PE43NKXG Salween Press was established by a group of Karen journalists.

Salween Press aims to focus on Solutions Focused Journalism or Impact Journalism. It prioritizes ethnic Karen affairs in Myanmar because fake news, hate speech, personal attacks and biased opinions made by some social media influencers on social media is a challenge for Karen communities in this digital age. And this makes more harm than good to ethnic Karen communities. Salween Press believes tha

t Karen communities need professional and independent media to received news and analysis based on factual information. Salween Press will try its part to tell stories based on accuracy and fairness.

ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို KNU မီးရှို့ဖျက်ဆီး စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၅ ကေအဲန်ယူ-ဗဟိုကေအဲန်ယူ-ကရင...
19/09/2025

ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို KNU မီးရှို့ဖျက်ဆီး

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၅
ကေအဲန်ယူ-ဗဟို

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိသော ကာလတန်ဖိုး ပျမ်းမျှ ထိုင်းဘတ် ၃,၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး (WY) အလုံးရေ ၆,၁၁၇,၉၀၁ လုံးကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှု ပပျောက်ရေးကော်မတီနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)တို့ မှ ယနေ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၉) ရက်နေ့တွင် ဖားအံခရိုင်၊ တပ်မဟာ(၇) ဌာနချုပ်၌ မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများသည် (၁) တနေးချား(နဘူး)မြို့နယ်၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၁၀၁)မှ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး (WY)ဆေးပြား ၁၂၀,၀၀၀ ပြား (၂) သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားသော ဒုတိယဗိုလ်မှူးကြီးစောခင်လေး ဦးဆောင်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ၂၀၂၅ခုနှစ်၊ ဧပြီလ(၂၇) ရက်နေ့၊ နံနက် (၇:၄၅) မိနစ်အချိန်၌ မူယူထာဒေသ တွင် ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး (WY)ဆေးပြား ပေါင်း(၅,၉၉၀,၀၀၀) ပြား နှင့် (၃) ၂၀၂၅ ခုနှစ် မေလအတွင်း တာကရယ်(ပိုင်ကျုံ) မြို့နယ်၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း (၁၉) မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး (WY)ဆေးပြား (၇,၉၀၁) ပြား တို့ဖြစ်ပြီး စုစုပေါင်း မူးယစ်ဆေးဝါး (WY) အလုံးရေ ၆,၁၁၇,၉၀၁ ကို ယနေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး(WY) ဆေးပြားများကို ဖျက်ဆီးခြင်း အခမ်းအနားသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(ဗဟို) စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ပဒိုနော်ဒါးဒါး၊ ကေအဲန်ယူ-ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧ ၊ တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဒိကွယ်ထူး၊ ဖားအံခရိုင် ရဲမှူးကြီး ဒုဗိုလ်မှူးကြီး စောမောင်ကြည်၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်စစ်ဌာနချုပ်-ဒုတိယဗိုလ်မှူးကြီးစောခင်လေး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ(၇)မှ တပ်ရင်းမှူးများနှင့်တပ်ရင်းတာဝန်ရှိသူများ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) မှ တာဝန်ရှိသူများ၊ ဖားအံခရိုင် တာဝန်ရှိသူများ၊ ဖားအံခရိုင် ကရင်လူငယ်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် နှင့် ထိုင်းတာဝန်ရှိသူများတို့ တက်ရောက်ခဲ့ကြသည်။

ကေအဲန်ယူသည် မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်းကို ထိုင်းနိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံတာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ခေါ်၍ မူးယစ်ဆေးဝါးများ စစ်ဆေးအတည်ပြုပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည်။

ကေအဲန်ယူသည် မူးယစ်ဆေးဝါးရောင်းချကုန်ကူးခြင်းနှင့် လုံးဝ ပတ်သက်မှုမရှိပေ။ ထို့ပြင် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိသည့်သူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရမိခဲ့သူများကို အဆင့်ဆင့်အပြစ်ပေးအရေးယူမှုများလုပ်ဆောင်လျက်ရှိကာ ထိန်းသိမ်းဖမ်းဆီး ရရှိခဲ့သော မူးယစ်ဆေးဝါးများကိုလည်း ဖျက်ဆီးမှုများအစဉ်ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ- ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိသော ကာလတန်ဖိုး ထိုင်းဘတ် ၃,၀၅၉ သိန်းတန်ဖိုးရှိ (WY) ဆေးပြားများကို မီးရှို့ဖျက်ဆီးသည့် ပုံရိပ်များ။ Photo: KNU

ဘားအံ-မြဝတီအာရှလမ်းထိန်းချုပ်ရေး စစ်ကောင်စီတပ်အပြင်းအထန်ကြိုးပမ်းနေ၊ စစ်ကောင်စီတပ် အတွက် BGF ကလမ်းလုံခြုံရေး အင်အားဖြည့်...
19/09/2025

ဘားအံ-မြဝတီအာရှလမ်းထိန်းချုပ်ရေး စစ်ကောင်စီတပ်အပြင်းအထန်ကြိုးပမ်းနေ၊ စစ်ကောင်စီတပ် အတွက် BGF ကလမ်းလုံခြုံရေး အင်အားဖြည့်တင်းမှုရှိ

Salween Press
စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၅။

ကရင်ပြည်နယ် ဘားအံ-မြဝတီအာရှလမ်းအား နယ်မြေထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်များ အသည်းအသန်ထိုးစစ်ဆင်ကြိုးပမ်းနေပြီး ထိုးစစ်ဆင်စစ်ကောင်စီတပ်များအတွက် BGF တပ်ဖွဲ့က လမ်းလုံခြုံရေးယူပေးဖို့ အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေသည်ဟု ရှေ့တန်းမှစစ်ရေးသတင်းအရင်း မြစ်ထံမှသိရသည်။

စစ်ကြောင်းထိုးကြိုးစားနေသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နေ့စဉ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတယ်လို့ အဆိုပါစစ်ရေးသတင်းအရင်းမြစ်ကဆိုသည်။

“အာရှလမ်းကို စစ်ကောင်စီဘက်မှထိုးဖောက်နိုင်ပေမဲ့ လမ်းကြောင်းကို မထိန်းချုပ်နိုင်လို့ တိုက်ပွဲဆက်ဖြစ် နေတာပါ။ စစ်ကောင်စီတပ်ဘက်က မြေပြင်နယ်မြေများကိုထိန်းချုပ်နိုင်ဖို့စစ်ကြောင်းထိုးလာတယ်။ မြေပြင်စစ်ကူများနဲ့ လက်နက်ကြီးပစ်ကူများပါ ပစ်ခတ်ပေးနေတယ်” လို့ KNLA သတင်းအရင်းမြစ်ကပြော ပါသည်။

ကျုံဒိုးမြို့အနီး ကျုံဘိုင်း ‌ဗျက္ခသီဟဘုရားကုန်းတွင် ဝင်ရောက်တပ်စွဲရန်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့်KNLAမဟာမိတ်ပူးပေါင်းတပ်တို့အကြား စက်တင်ဘာလ၁၃ရက်နေ့နေ့လယ် ၁နာရီခွဲမှ ညနေ၆နာရီအထိတိုက်ပွဲများဖြစ်ပွားသည်ဟု အဆိုပါKNLAသတင်းရင်းမြစ်မှပြောပါသည်။

စက်တင်ဘာလ ၁၆ရက်နေ့တွင် သာမညမှဒေါ်လမ်းဘက်အထိ စစ်ကောင်စီတပ်နှင့်BGFတပ်တို့ ပူးပေါင်းကာ အင်အားဖြည့်တင်းမှုများလည်းရှိနေသည်ဟု သတင်းအရင်းမြစ်ကဆိုသည်။ ဂျိုင်းဘက်ခြမ်း ဒူရိန်၊ကျားကလေးဘက်အထိ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်များ လမ်းလုံခြုံရေးချထားမှုများလည်း လုပ်ဆောင်လျှက်ရှိသည်။

အာရှလမ်းပိုင်း ဒေါနတောင်ကြောတစ်လျှောက်တွင် စစ်ကောင်စီမှ ကင်းထောက်ဒရုန်းများဖြင့် ကင်းထောက်မှုလုပ်ဆောင်လျှက်ရှိနေပြီး ညပိုင်းတွင်လည်း လူနေကျေးရွာများနှင့် စစ်ကောင်စီတပ်စခန်း ဝေဟင်ပေါ်တွင် ကင်းထောက်ရပ်တန့်ဒရုန်းတစ်စင်း ကင်းထောက်လှမ်းလျှက်ရှိသည်ဟု သတင်းအရင်းမြစ် ကဆိုသည်။

စစ်ကောင်စီနယ်မြေချဲ့ထွင်ထိန်းချုပ်လွမ်းမိုးနိုင်ရန် မေတ္တာလင်းမြိုင်မှ အင်ကြင်းမြိုင်၊ မယ်ထော်သလေး၊ မင်းလက်ပံ၊ လေးကေ့ကော်၊ မယ်ဝါးခီးစသည့်နယ်မြေများသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည်ဟု သတင်းရရှိသည်။

ပုံဟောင်းများ

KNU တပ်မဟာ ၅ တွင် စစ်ကောင်စီBGFပူးပေါင်းတပ်တို့ စစ်ကြောင်းထိုး တိုက်ပွဲဖြစ်နေ၊ ဖာပွန်ဗျူဟာအထိ ထိုးဖို့ရည်ရွယ်ထားSalween ...
18/09/2025

KNU တပ်မဟာ ၅ တွင် စစ်ကောင်စီBGFပူးပေါင်းတပ်တို့ စစ်ကြောင်းထိုး တိုက်ပွဲဖြစ်နေ၊ ဖာပွန်ဗျူဟာအထိ ထိုးဖို့ရည်ရွယ်ထား

Salween Press
စက်တင်ဘာလ ၁၈ရက်၊၂၀၂၅။

KNU တက်မဟာ ၅ ဖာပွန်ခရိုင် (မူတြော်ခရိုင်တွင်) ကမမောင်း၊တံတားဦး၊ကျွန်းတော ဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များနှင့် ဗိုလ်‌ မောင်ချစ်ဦးဆောင်BGFအမှတ်၁၀၁၄နှင့်ဗိုလ်ကျော်ဝင်းဦးဆောင် အမှတ် ၁၀၁၃တပ်ရင်းတို့ပူးပေါင်းကာ ယနေ့နံနက်တွင် ဒွဲ့လိုးမြို့နယ် ကတိုင်တိသို့ စစ်ကြောင်းထိုးနေတယ်လို့ KNLAသတင်းအရင်းမြစ်နှင့်ဒေသခံထံမှသိရှိရသည်။

“အဆိုပါ ပူးပေါင်းစစ်ကြောင်းသည် အင်အား‌များများတော့ပါတယ်။ စစ်ကြောင်းထိုးလာတဲ့လမ်းမှာ၂ကြိမ်လောက်တိုက်ခိုက်ခံနေတယ်။ တံတားဦးအထက် ဝါးဒူးဘက်မှာပစ်ခတ်မှုဖြစ်နေတယ်လို့ကြားသိရတယ်” လို့အဆိုပါKNLAသတင်းရင်းမြစ်မှပြောပါသည်။

Salween Press ၏သတင်းအရင်းမြစ်ဒေသခံတစ်ဦးက “တံတားဦးအထက်ဘက် ဝါးဒူး ဘက်မှာ ပစ်ခတ်မှုဖြစ်တယ်။ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းထိုးပြီး နေ့လယ်လောက်မှာ တံတားဦးအထက် ဝါးဒူးဒေသဘက်မှာ လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံကြားနေရတယ်။ တက်သွားတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းနဲ့တော်လှန်ရေးပူးပေါင်းတပ်တို့အကြားနှစ်ဖက်တိုက်ပွဲဖြစ်နေတယ်” လို့အဆိုပါ KNLA သတင်းရင်းမြစ်မှပြောပါသည်။

“စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့များသည် BGFအကူအညီမပေးဘူး လိုက်ပါမှုမရှိရင် စစ်ကောင်စီအနေနဲ့ ဘယ်လိုမှရှေ့တိုးလို့မရနိုင်ဘူး။ ထိုးလာတဲ့စစ်ကြောင်းမှာအင်အားအများအပြားတော့ပါလာတယ်လို့ဆိုရမယ်” လို့အထက်ပါKNLAသတင်းရင်းမြစ်မှပြောပါသည်။

စစ်ကြောင်းထိုးစစ်ကောင်စီစစ်ကြောင်းသည် ပထမဦးတည်ချက်မှာ ကတိုင်တိစစ်ကောင်စီအခြေစိုက်စခန်းမှ ဒုတိယဦးတည်ချက်မှာ ဖာပွန်အခြေစိုက် စစ်ကောင်စီဗျူဟာသို့ စစ်ကြောင်းထိုးရန် စစ်ကောင်စီပူးပေါင်းတပ်မှရည်ရွယ်ထားသည်။

ဖာပွန် စစ်ကောင်စီအခြေစိုက်စခန်းဗျူဟာသို့ အကြမ်းဖက်စစ်ကောင်စီမှ စစ်ဘက်ဆိုင်ရာလက်နက်ခဲယမ်းပစ္စည်းများ၊ရိက္ခါ၊ဆေးဝါးအပါအဝင် ထောက်ပို့ပစ္စည်းများကို လေယာဉ်ဖြင့် နေစဉ်လိုလိုပို့ဆောင်ပေးလျှက်ရှိနေသည်ဟု ဖာပွန်ဒေသတွင် စစ်ရေးလှုပ်ရှားနေသည့်KNLAတပ်မှူးတစ်ဦးမှပြောပါသည်။

KNUအမှတ်၅တပ်မဟာ မူတြော်ခရိုင်တွင် စစ်ကောင်စီလက်လွတ်ခဲ့ရသည့်တပ်စခန်းများနှင့်နယ်မြေများပြန်လည်ထိန်းချုပ်နိုင်ရန် ဆက်တိုက်ထိုးစစ်ဆင်ရန်ကြိုးစားသော်လည်းရှေ့မတိုးနိုင်ဘဲ ဗိုလ်မောင်ချစ်ဦးဆောင်BGFအမှတ်၁၀၁၄စခန်းနှင့်အနီးနားတစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားမှုရပ်တန့်ရာမှာနှစ်နှစ်ခန့်ရှိသည်။

ထိုစစ်ကြောင်းများအကြားတွင် စစ်ကောင်စီတပ်အင်အားတစ်ရာကျော်ခန့်သည် BGF အမှတ် ၁၀၁၄နှင့်၁၀၁၃ နယ်မြေခံ တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်ဖွဲ့ထံမှ အခကြေးငွေ သိန်းတစ်ရာယူကာ အကူအညီပေးပို့ဆောင်တယ်လို့ဒေသခံများထံမှသိရှိရသည်။

ပုံ​ဟောင်း

KNUဒူးသထုခရိုင်အတွင်းအင်အား၁၂၀ခန့် DKBA နှင့် စစ်ကောင်စီတပ်ပူးပေါင်းကာ အရပ်သားဉယျာဉ်ခြံမြေအတွင်း တပ်စခန်းကျူးကျော်ဝင်ဆော...
18/09/2025

KNUဒူးသထုခရိုင်အတွင်းအင်အား၁၂၀ခန့် DKBA နှင့် စစ်ကောင်စီတပ်ပူးပေါင်းကာ အရပ်သားဉယျာဉ်ခြံမြေအတွင်း တပ်စခန်းကျူးကျော်ဝင်ဆောက်

Salween Press
စက်တင်ဘာလ ၁၈ရက်၊၂၀၂၅။

KNUကရင်အမျိုးသားအစည်းအရုံးဒူးသထုခရိုင် အမှတ်၁တပ်မဟာ KNLAတပ်ရင်း၁ထိန်းချုပ်နယ်မြေ ဘားအံမြို့နယ် တံခွန်တိုင်တွင် ဝင်ရောက်တပ်စွဲထားသည့် DKBAပူးပေါင်းစစ်ကောင်စီတပ်ဖွဲ့တို့သည် အရပ်သားဉယျာဉ်ခြံမြေအတွင်း တပ်စခန်းတည်ဆောက်ရန် စက်တင်ဘာလ၁၅ရက်နေ့တွင် စတင်ပြင်ဆင်နေပြီးလို့ Salween Press သတင်းအရင်းမြစ်မှပြောပါသည်။

အဆိုပါတပ်စခန်းတည်ဆောက်ရန်မှာ ဗိုလ်ဘိဦးဆောင်DKBAတပ်ဖွဲ့လက်အောက်ခံ တံတားဦး‌ဒေသခံDKBAတပ်မှူး စောအဲ့ဒို့မှဦးစီးဦးဆောင်နေတယ်လို့ သတင်းအရင်းမြစ်ကဆိုပါသည်။

စခန်းတည်ဆောက်မည့်​နေရာသည် အရပ်သားပြည်သူများ ဉယျဉ်ခြံမြေထဲသို့ကျူးကျော်ဝင်ရောက်တည်​ဆောက်မည်ဖြစ်သည်ဟုဆိုသည်။

အဆိုပါစခန်းတည်ဆောက်သည့်နေရာအနီးတွင် ဒေသခံများအသက်မွေးဝမ်းကြောင်းပြုသည့် ဆီဆိုင်များ ဆက်ဖွင့်ရန်ကြောက်လန့်မှုဖြင့်အခက်ကြုံနေရသည့်အပြင် ထိုနေရာရှိ စပါးကြိတ်စက်တစ်လုံးလည်းတည်ရှိကာ ဒေသခံများ စပါးသွားရောက်ကြိတ်စားရာမှာလည်းစိုးရိမ်မှုများဖြင့် အခက်ကြုံနေရသည်ဟုဆိုပါသည်။

DKBAစစ်ကောင်စီပူးပေါင်းဆောက်လုပ်သည့် တပ်စခန်းဦးဆောင်သူမှာ တံတားဦးကျေးရွာဒေသခံ DKBAတပ်မှူးစောအဲ့ဒို့သည် စခန်းတည်ဆောက်လိုပါက တံတားဦးကျေးရွာ လမ်းမတန်းဘေးရှိမိမိခြံမြေအတွင်းသို့ စခန်းဆောက်စေလိုသည်ဟု ဒေသခံများကဆိုသည်။

DKBAတပ်မှူး စောအဲ့ဒို့အမျိုးသီးကလည်း အခု သူ့အမျိုးသားလုပ်နေတာ အများကောင်းကျိုးအတွက်လုပ်ဆောင်နေတာဟုဆိုကာ သူ့အမျိုးသားနဲ့ပတ်သက်လို့
လူမှုကွန်ယက်ပေါ်မှာ သတင်းထွက်ပေါ်ခဲ့ရင် တစ်ရွာလုံးသိစေရမည်ဟု ဒေသခံရွာသားများကိုကြိမ်းမောင်းထားသည်ဟု သိရှိရသည်။

ဗိုလ်ဘိဦး​ဆောင်DKBA အဖွဲ့သည်ကော့ကရိတ်မြဝတီဘက်တွင် စစ်ကောင်စီဘက်မှ စစ်ဆင်ရေးတွင်ပါဝင်ကူတိုက်ပေးနေပြီး တံတားဦးကျေးရွာနေDKBAတပ်မှူး စောအဲ့ဒို့သည် မိမိနေထိုင်ရာဒေသများတွင် စစ်ရေးတာဝန်ယူဆောင်လုပ်‌ကိုင်နေသူဖြစ်သည်။

DKBAစစ်ကောင်စီပူးပေါင်းတပ်တို့ တံခွန်တိုင်တွင် ဝင်ရောက်တပ်စွဲသည့်အချိန်မှစ၍ဒရုန်းများဖြင့်နေ့စဉ်တိုက်ခိုက်ခံရပြီး DKBAတပ်ဖွဲ့ဘက်မှလည်း လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်နေသည်။ ဒါ့အပြင် KNLA တပ်ရင်း၂ထိန်းချုပ်နယ်မြေ သထုံမြို့နယ်တွင် စစ်ကောင်စီအခြေစိုက်ပိန္နဲတောစခန်းမှလက်နက်ကြီးလှမ်းပစ်ခတ်မှုများကြောင့်ဒေသခံအရပ်သားပြည်သူမွေးမြူထားသည့်နွားထိမှန်သေဆုံးမှုရှိသည်။

DKBAတည်ဆောက်မည့်တပ်စခန်းအားဆောက်လုပ်ပြီးစီးပါက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အားနေထိုင်ရန်လွဲပြောင်းပေးအပ်သွားမည်ဟုလည်းသတင်းထွက်ပေါ်နေသည်။

ပုံ​ဟောင်များ

စစ်ကောင်စီလက်အောက်ခံ KNA အဖြစ်ပြောင်းလဲဖွဲ့စည်းသည့် BGFတပ်သည် အပြောနှင့်လက်တွေ့မကျ Salween Press စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၅။...
15/09/2025

စစ်ကောင်စီလက်အောက်ခံ KNA အဖြစ်ပြောင်းလဲဖွဲ့စည်းသည့် BGFတပ်သည် အပြောနှင့်လက်တွေ့မကျ

Salween Press
စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၅။

ကရင်ပြည်နယ်တွင် စစ်ကောင်စီလက်အောက်ခံ KNA အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်သည့် ဗိုလ်ချစ်သူ ဦးဆောင်BGFတပ်များသည် ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တပ်အင် အားကြီးထွား ခိုင်မာလာစေရန်တပ်သားသစ်များစုဆောင်ကာစစ်သင်တန်းများလေ့ကျင့်ပေးနေတယ်လို့လေ့လာသိရှိရ
သည်။

BGFတပ်ဖွဲများ တပ်သားသစ်စုဆောင်းရာမှာ ဒေသခံလူငယ်များ BGFမှလေ့ကျင့်သင်ကြားပေးသည့် စစ်သင်တန်းတက်ရောက်သင်ယူပြီးနောက် ရပ်ရွာကာကွယ်ရေးအနေဖြင့် မိမိရပ်ရွာသို့ ပြန်လည်နေထိုင်လို့ ရသည်ဟုဆိုသော်လည်းစစ်သင်တန်းတက်ရောက်သင်ယူပြီးနောက် မိမိရပ်ရွာသို့ပြန်လာနေထိုင်ခွင့် မရရှိသည့်အပြင် စစ်မှုမထမ်းတော့သည့် KNU/KNLAတပ်မှူး၊ တပ်သားဟောင်းများကိုလည်း တပ်တွင်းသို့ဝင်ရောက်ရန် BGF မှ စည်းရုံးလုပ်ဆောင်တာရှိသည်ဟု ဒေသခံလူထုကပြောပါသည်။

ဗိုလ်ချစ်သူဦးဆောင် BGFတပ်ဖွဲ့ခေါင်းဆောင်များသည် မိမိတို့တပ်ဖွဲ့အနေဖြင့် ကရင်လူမျိုးအချင်းချင်း မတိုက်လိုကြောင်း KNA တပ်အသွင်ဖြင့်ပြောင်းလဲဖွဲ့စည်းသည်ဟုဆိုသည်။ သို့သော် BGFတပ်ဖွဲ့များသည် အပြောနှင့်အလုပ်လက်တွေ့ကျအကောင်အထည်ဖော်မှသာ တိုင်းပြည်နှင့်မိမိတို့ကရင်လူမျိုးအပေါ် သဘောထားမှန်ကန်မည်ဟုဆိုနိုင်မည်ဟု ဒေသခံကရင်လူထုများကပြောဆိုကြသည်။

သို့သော်လက်ရှိတွင် BGFတပ်ဖွဲ့များ၏ စစ်ရေးသွားလာလှုပ်ရှားမှုအပေါ်ကြည့်ပြီးလေ့လာသုံးသပ် နိုင်ပါသည်။ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများရပ်တန့်မှုမရှိသလို စစ်ကောင်စီဘက်မှ နှောက်ယှက်မှု မရှိသည်ကိုတွေ့ရှိရမှာဖြစ်သည်။ စစ်ကောင်စီခွင့်ပြုချက်ကြောင့် လမ်းကြေးဂိတ်များ ကောက်ခံခွင့်ပြုခြင်း၊ ဘားအံ-မြိုင်ကလေး-ဒူးရင်းဆိပ်ကြားရှိ ၁၀မိုင်ကုန်းတွင် ဗိုလ်မောင်ချစ်ဦးဆောင် BGFအမှတ် ၁၀၁၄ တပ်ရင်းလက်အောက်ခံတပ်ဖွဲ့များမှ အဝေးပြေးလမ်းမပေါ်တွင် ဂိတ်ဖွင့်ကာ ခရီသွားလာသည့်မော်တော် ယာဉ်များ၊ ကုန်တင်ယာဉ်များထံမှငွေကြေးကောက်ခံမှုများလုပ်ဆောင်လျှက်ရှိနေသည်။

ဗိုလ်ချစ်သူဦးဆောင်သည့် BGFတပ်ဖွဲ့ခေါင်းဆောင်များသည် ခွဲထွက်ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သည့် BGF, DKBAနှင့် KNU/KNLA-PC တပ်ဖွဲ့များအား KNA အဖွဲ့အစည်းအဖြစ် တစ်ခုတည်းစုစည်းရပ်တည်ဖွဲ့စည်းရန် ၂၀၂၄ ခုနှစ်မှာ KNU တပ်မဟာ ၇ နယ်မြေတစ်နေရာတွင် ပြုလုပ်သည့်တွေ့ဆုံမှုတစ်ခုမှာ ပြောဆိုထားသည်ဟု KNU နဲ့နီးစပ်သည့်သတင်းအရင်းမြစ် ထံမှကြားသိရသည်။

ဇူလိုင်လအတွင်း မြိုင်ကြီးငူတွင်ပြုလုပ်သည့်တွေ့ဆုံပွဲတစ်ခုမှာ BGF ကို KNA အဖြစ်သို့ပြောင်းလဲဖွဲ့စည်း မည်ဟုတရားဝင်ထုတ်ဖော်ပြောကြားမှုအပြီးတွင် စစ်ကောင်စီထံတင်ပြအတည်ပြုချက်ယူရမည်ဟု ဗိုလ်ချစ်သူကပြောဆိုသည်မှာလွှဲမှားနေသည်ကိုတွေ့ရှိရမည်ဖြစ်သည်။ ဒါ့အပြင် စစ်ကောင်စီထံ အတည်ပြုချက်ရယူခြင်းသည် BGF သည် အကြမ်းဖက်စစ်ကောင်စီဘက်သို့ရပ်တည်နေတာကို ရှင်းလင်းပြတ်သားနေသည်။

ပြည်တွင်းစစ်မီးအဆုံးသတ်ရေးနှင့်ကရင်တိုင်းရင်းသားလူမျိုးများတန်းတူအခွင့်အရေးရရှိစေရန် BGFမှKNAသို့ပြောင်းလဲဖွဲ့စည်းမည်ဆိုလျှင် မိခင်KNUအဖွဲ့အစည်းထံတွင် တင်ပြအတည်ပြု ချက်ရယူရမှာဖြစ်သည်။

BGF အနေနဲ့ KNA အဖြစ်ပြောင်းလဲဖွဲ့စည်းမည်ဟု တရားဝင်ထုတ်ပြန်ကြေငြာအသိပေးထားသော်လည်း ယနေ့အထိပင် BGF ဘက်တံဆိပ်ကိုလည်းအသုံးပြုကာလှုပ်ရှားသွားလာနေသည်ဟု ဒေသခံများမှပြော ဆိုပါသည်။

ကရင်အချင်းချင်းမတိုက်ရေးနှင့် စစ်ကောင်စီ၏စစ်ရေးဖော်ဆောင်မှုတွင် ပါဝင်ပတ်သက်မှု လုပ်ဆောင်မည်မဟုတ်ဟုပြောဆိုသော BGFခေါင်းဆောင်စောချစ်သူ၏အပြောစကားသည် လက်တွေ့နှင့်တစ်ထပ်တည်းမကျသလို BGF တပ်သည် စစ်ကောင်စီစစ်ရေးဖော်ဆောင်ရာမှာ လျှို့ဝှက်စွာဖြင့်ပါဝင်ကူညီပေးနေသည်ဟု KNLA မြေပြင်စစ်ရေးသတင်းအရင်းမြစ်ကဆိုသည်။

ပုံဟောင်းများ

KNU တပ်မဟာ ၁ ဘားအံမြို့နယ် တံခွန်တိုင်တွင်လာရောက်တပ်စွဲသည့် DKBAဗိုလ်ဘိတပ်ဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်ခံရSalween Press စက်...
14/09/2025

KNU တပ်မဟာ ၁ ဘားအံမြို့နယ် တံခွန်တိုင်တွင်လာရောက်တပ်စွဲသည့် DKBAဗိုလ်ဘိတပ်ဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်ခံရ

Salween Press
စက်တင်ဘာလ ၁၄ ရက်၊၂၀၂၅။

KNUကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင် အမှတ်၁တပ်မဟာ ဘားအံမြို့နယ် ဝါဘိုးတောလမ်း တံခွန်တိုင်လမ်းဆုံမှာ လာရောက်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ဗိုလ်ဘိဦးဆောင် DKBA တပ်ဖွဲ့များသည် ဒရုန်းဖြင့်တိုက်ခိုက်ခံရသည်ဟုသတင်းရရှိသည်။

စစ်ကောင်စီလက်အောက်ခံ ဗိုလ်ဘိဦးဆောင် DKBA တပ်ဖွဲ့များသည် စက်တင်ဘာလ ၁၃ရက်နေ့နံနက် အစောပိုင်းတွင် လာရောက်တပ်စွဲထားတာြဖစ်သည်ဟု Salween Press သတင်းအရင်းမြစ်ထံမှသိရ သည်။

လာရောက်တပ်စွဲထားသည့်ဗိုလ်ဘိဦး‌ဆောင် DKBAတပ်ဖွဲ့များသည် စက်တင်ဘာလ ၁၃ ရက်နေ့နံနက် ၉နာရီအချိန်တွင် ဒရုန်းများဖြင့် ၃လုံးထက်မနည်းတိုက်ခိုက်ခံရတာပြီး ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုအခြေအနေကိုမသိရသလို မည်သည့်အဖွဲ့မှလာရောက်တိုက်ခိုက်သည်ကိုလည်း မသိရှိရဘူးလို့အဆိုပါသတင်းအရင်းမြစ်မှပြောပါသည်။

ဝါဘိုးတောလမ်း နောဖါဒို့နှင့် တံတားဦးကြားရှိ တံခွန်တိုင်တွင် လာရောက်တပ်စွဲထားသည့် ဗိုလ်ဘိဦး‌ဆောင် DKBAတပ်ဖွဲ့များသည် ဂိတ်အထိုင်အခိုင်အမာလာရောက်တပ်စွဲထားသည်ဟုလေ့လာစုံစမ်းသိရှိရသည်။

အဆိုပါတံခွန်တိုင်လမ်းဆုံမှ ရှောင်ကုန်း-ဒုံသမိကမ်းနားမှတဆင့် ပိန္နဲတောသို့ အရပ်သားသွားလာသည့် လမ်းဖြစ်သလို DKBA ဗိုလ်ဘိမွေးစားသား ကျော်စိုးအပါအဝင် ပတ်သက်ဆက်နွယ်သူများက လိုင်စင်မဲ့ကားများ ကူးသန်းရောင်းဝယ်အသုံးပြုသည့်လမ်းဖြစ်သည်ဟု သတင်းအရင်းမြစ်ကဆိုပါသည်။

အဆိုပါလမ်းသည် တံခွန်တိုင်မှ ဒုံသမိကမ်းနားသို့ အကွာအဝေး ၂မိုင်ခန့်သာရှိပြီး ပိန္နဲတော ဘုန်းကြီးကျောင်း တွင် ရဟန်းဖြင့်သတင်းသုံးနေထိုင်သည့်ဇော်ထူးဆိုသူသည် ဗိုလ်ဘိနဲ့ပတ်သက်ဆက်နွယ်သူ ဖြစ်တယ်လို့ လေ့လာသိရှိရသည်။

ဗိုလ်ဘိ၏မွေးစားသားကျော်စိုးသည်လည်း ကြာအင်းပေါ်တော်မူ ဆရာတော်ထံ ဗိုလ်ဘိ ပြန်ခိုလုံနေထိုင်ပြီးနောက် ထိုဒေသသို့ လာရောက်အခြေချနေထိုင်ပြီး လိုင်စင်မဲ့ကားများ ကူးသန်းရောင်းဝယ်မှုများလုပ်ဆောင်လာတာဖြစ်သည်။

ဗိုလ်ဘိတပ်ဖွဲ့သည် တံခွန်တိုင်လမ်းဆုံသို့လာရောက်တပ်စွဲလျှင် ခရီသွားပြည်သူများသွားလာရာမှာ အနှောက်အယှက်အဟန့်အတားဖြစ်စေသည်ဟုဒေသခံများကဆိုသည်။

စက်တင်ဘာလ ၁၃ရက်နေ့နံနက်တွင် ဗိုလ်ဘိဦးဆောင်DKBAတပ်ဖွဲ့များ ဒရုန်းများဖြင့်တိုက်ခိုက်ခံရပြီး နောက် ၎င်းနေရာတွင် DKBAတပ်များနှင့်စစ်ကောင်စီတပ်ဖွဲ့များက အင်အားအများအပြားထံမံ ဖြည့်တင်းမှုများ လုပ်ဆောင်မယ်လို့ဗိုလ်ဘိမှပြောဆိုသည်ကြောင်း အထက်ပါ Salween Press ၏သတင်းအရင်းမြစ်မှပြောပါသည်။

KNU အမှတ်၁တပ်မဟာ ဘားအံမြို့နယ်သည် KNLA တပ်ရင်း၁စစ်ရေးလှုပ်ရှားရာနယ်မြေဖြစ်သည်။ တပ်မဟာ ၁ နယမြေ ဘားအံမြို့နယ်သည် KNLA တပ်ရင်း ၁ သတ်မှတ်ခေါ်၀ေါ်သည့်အသုံးအနှုန်း ဖြစ်သည်။

ကော့ကရိတ်-မြဝတီအာရှလမ်းအားထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ၆ ဘီးကား၊ ၁၂ ဘီးကား အများအပြားသုံးပြီး တပ်အင်အားနှင့်လက်နက်ခဲယမ...
12/09/2025

ကော့ကရိတ်-မြဝတီအာရှလမ်းအားထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ၆ ဘီးကား၊ ၁၂ ဘီးကား အများအပြားသုံးပြီး တပ်အင်အားနှင့်လက်နက်ခဲယမ်းများ ပို့ဆောင်ဖြည့်တင်းနေ

Salween Press
စက်တင်ဘာလ ၁၂ရက်၊ ၂၀၂၅။

ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းအား စစ်ကောင်စီထိုးဖောက်နိုင်ပြီးနောက် နယ်မြေများ အားလုံးထိန်းချုပ်နိုင်ရန် စစ်ကောင်စီဘက်မှဆက်လက်ကြိုးစားနေပြီး စက်တင်ဘာလ ၁၀ရက်နေ့နံနက် ၉နာရီကျော်အချိန်ခန့်တွင် စစ်ကောင်စီတပ်သားများနှင့်ခဲယမ်းများ တင်ဆောင်သည့် ၆ဘီးကား၂စီးသည် ကျုံဒိုးသို့ရောက်ရှိသည်ဟုသတင်းရရှိသည်။

အာရှလမ်းပိုင်းတစ်လျှောက်နှင့်နယ်မြေများထိန်းချုပ်နိုင်ရန် စစ်ကောင်စီဘက်မှ တပ်သားသစ်များ အပါအဝင်၊လက်နက်ခဲယမ်းများပါ ပို့ဆောင်ဖြည့်တင်းမှုများဆက်လက်လုပ်ဆောင်လျှက်ရှိနေသည်ဟု နယ်မြေခံသတင်းအရင်းမြစ်မှဆိုသည်။

ဒါ့အပြင် စက်တင်ဘာလ ၉ရက်နေ့မနက်၁၀နာရီခန့်တွင် စစ်ကောင်စီ ၆ဘီးကား၃စီးသည် တပ်သားများ၂၀၀ခန့်တင်ဆောင်ကာ ထို့ကော်ကိုးလမ်းမှ ညီနောင်-မြဝတီဘက်သို့တက်သွားသည်ဟု သတင်းအရင်းမြစ်ကဆိုသည်။

နေ့လယ် ပိုင်းအချိန်တွင်လည်း စစ်ကောင်စီ၆ဘီးကားအလုံပိတ်၄စီးတက်သွားပြီး မွန်းလွဲပိုင် ၃နာရီအချိန် တွင် ၆ဘီးကား၂စီးနှင့်၁၂ဘီးကား၂စီးသည် အရပ်ဝတ်များဖြင့် စစ်ကောင်စီတပ်သား သစ်များအပါအဝင် အင်အား၁၅၀ခန့်နှင့် လက်နက်ခဲယမ်းများပါ တင်ဆောင်ကာ ကျုံဒို့သို့ထပ်မံပို့ဆောင်ဖြည့်တင်းမှုများ လုပ်ဆောင်နေသည်ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ထံမှသိရှိရသည်။

ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းအား စစ်ကောင်စီဘက်မှလမ်းကြောင်းတစ်လျှောက် ပြန်လည်ထိန်း ချုပ်နိုင်ပြီးဟု စစ်လော်ဘီများမှ လူမူကွန်ယက်တွင် ရေးသားဖော်ပြထားသော်လည်း မြေပြင်တွေအားလုံး ထိန်းချုပ်နိုင်မှုမရှိသေးသလို နှစ်ဖက်ထိတွေ့တိုက်ပွဲများဆက်ရှိနေသည်ဟုသတင်းရရှိသည်။

တော်လှန်ရေးပူပေါင်းတပ်များနှင့်အကြမ်းဖက်စစ်ကောင်စီတို့အကြား နှစ်ဖက်အပြန်အလှန်ဒရုန်းတိုက်ခိုက် မှုများလည်းရှိနေပြီး စစ်ကောင်စီဘက်မှ ပြောဆိုထားသည့် ထိန်းချုပ်နိုင်သည့်အာရှလမ်းကြောင်းအား လက်နက်ကြီး၊ဟော်ဝေဇာများပစ်ခတ်မှုများနေ့ရောညပါပစ်ခတ်မှုများဆက်လက်လုပ်ဆောင်နေသည်ဟုဆိုပါသည်။

ပုံဟောင်းများ

KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ မူတြော်ခရိုင် ဘူးသိုမြို့နယ် ထော်ထီးပယ်ဒေသတွင် စက်တင်ဘာလ ၇ ရက်နေ့နံနက်တွင် စစ်ကောင်...
12/09/2025

KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ မူတြော်ခရိုင် ဘူးသိုမြို့နယ် ထော်ထီးပယ်ဒေသတွင် စက်တင်ဘာလ ၇ ရက်နေ့နံနက်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပျက်စီးခဲ့သည့် မြင်ကွင်းတချို့ (Photos: Supplied)

Great Firewall အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်အကြောင်း အစီရင်ခံစာJustice For Myanmar စတင်ဘာလ ၁၀ ရက်၊၂၀၂၅။တရုတ်နိုင်ငံရဲ့ အင်...
10/09/2025

Great Firewall အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်အကြောင်း အစီရင်ခံစာ

Justice For Myanmar
စတင်ဘာလ ၁၀ ရက်၊၂၀၂၅။

တရုတ်နိုင်ငံရဲ့ အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ် “Great Firewall" စီးပွားဖြစ်စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ တရားမဝင်မြန်မာစစ်အုပ်စုနဲ့ တရုတ်နိုင်ငံ Geedge Network တို့အကြား သိသာထင်ရှားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း အစီရင်ခံစာတစ်စောင်ကို Justice For Myanmar ကထုတ်ပြန်လိုက်ပါတယ်။

အစီရင်ခံစာဟာ မြန်မာအပါအဝင် ကမ္ဘာတစ်ဝှမ်းက Geedge ရဲ့ လုပ်ငန်းတွေအကြောင်း မီးမောင်းထိုးပြ ထားတာဖြစ်ပြီး ပေါက်ကြားလာတဲ့အချက်အလက်အစုံကို အခြေခံကာ Great Firewall စီမံကိန်းအပေါ် မီဒီယာတွေနဲ့ အစိုးရမဟုတ်တဲ့/ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပေါင်းစပ်အဖွဲ့ကနေ ပြန်လည်သုံးသပ်ထားချက် ဖြစ်ပါတယ်။

InterSecLab ၏ ပြင်ပသတင်းထုတ်ပြန်ချက် -

တရုတ်နိုင်ငံ၏ အင်တာနက်ထိန်းချုပ်ရေးမဟာရံစနစ် (Great Firewall) နှင့် အလားသဏ္ဍန်တူသည့် အသင့်သုံး ဘက်စုံစောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာစနစ်ကို တရုတ်ကုမ္ပဏီ Geedge Networks က ကမ္ဘာတဝန်းမှ အာဏာရှင်အစိုးရများထံ ရောင်းချနေမှုအကြောင်းကို ဖော်ထုတ်ထားသည့် အစီရင်ခံစာတစ်စောင် ကို InterSecLab အဖွဲ့က စက်တင်ဘာ လ ၉ ရက်နေ့တွင် ထုတ်ပြန်ပါသည်။

ယင်းအစီရင်ခံစာဖြစ်သည့် “အင်တာနက်အာဏာသိမ်းမှု - တရုတ်ကုမ္ပဏီတစ်ခုက အင်တာနက်ထိန်းချုပ်ရေး မဟာရံစနစ်အား အာဏာရှင်အစိုးရများထံ ရောင်းချနေမှုအကြောင်း ပညာရပ်ဆိုင်ရာသုံးသပ်ချက်” တွင် Geedge Networks ကုမ္ပဏီသည် ကမ္ဘာတဝန်းမှ ဝယ်ယူသူအစိုးရများထံ နောက်ဆုံးထွက် ဒစ်ဂျစ်တယ် ဖိနှိပ်ရေးပစ္စည်း အမြောက်အများကို ရောင်းချနေမှုနှင့်ပတ်သက်သည့် တွေ့ရှိချက်အသစ်များကို ထုတ်ဖော် ထားသည်။

ကုမ္ပဏီ၏ စာရွက်စာတမ်း ၁၀၀,၀၀၀ ကျော်အပါအဝင် လျှို့ဝှက်ပေါက်ကြားလာသည့် အချက်အလက် အများအပြားအား သုံးသပ်လေ့လာမှုအပေါ် အခြေခံ၍ အစီရင်ခံစာတွင် အီသီယိုပီးယား၊ ပါကစ္စတန်၊ ကာဇတ်စတန်၊ မြန်မာတို့အပြင် တရုတ်နိုင်ငံ၏ ပြည်နယ်များ အပါအဝင် နိုင်ငံများစွာတို့တွင် ကြောက်ခမန်းလိလိ စွမ်းဆောင်ရည်အပြည့်ရှိသည့် ထောက်လှမ်းရေးနည်းပညာများကို Geedge Network ၏ တပ်ဆင်ပေးထားမှုများအကြောင်း ဖော်ထုတ်ထားသည်။

အစီရင်ခံစာတွင် Geedge Network ၏ ထုတ်ကုန်ပစ္စည်းအစုစုတို့က ပေးအပ်သည့် ဘက်စုံစွမ်းဆောင်ရည်များ အကြောင်းကိုလည်း ဖော်ပြထားပါသည်။ ယင်းတို့တွင်

• အင်တာနက်အသုံးပြုသူများ၏ လှုပ်ရှားမှုများအား ကြားဖြတ်ကြည့်ရှုခြင်းနှင့် ကြိုးကိုင်ခြယ်လှယ်ခြင်းများ အတွက် အသေးစိတ်အထုပ်ဖြေစစ်ဆေးခြင်း

• မိုဘိုင်းဖုန်းအသုံးပြုသူများ၏တည်နေရာအား အချိန်နှင့်အမျှခြေရာခံခြင်း

• ဆန္ဒပြပွဲများနှင့် အခမ်းအနားများ လုပ်ဆောင်နေသည့်အချိန်အတွင်း အင်တာနက်ကွန်ရက်သုံးစွဲမှုများအား ဆန်းစစ်ခြင်း

• သုံးစွဲသူများ၏ လှုပ်ရှားမှုပုံစံများတွင် “သံသယဖြစ်ဖွယ်” တွေ့ရှိပါက အလိုအလျောက် အချက်ပြခြင်း

• ဝဘ်ဆိုဒ်များနှင့် အပ်ပလီကေးရှင်းများအား စိတ်ကြိုက်လိုသလို ပိတ်ပင်ခြင်း

• ပိတ်ပင်လိုသည့် ဝန်ဆောင်မှုများအား သုံးစွဲမှုထိန်းချုပ်ပိတ်ပင်ခြင်း

• ကိုယ်ပိုင်ကွန်ရက်တု (ဗွီပီအန်) သုံးစွဲသူများအပါအဝင် သုံးစွဲသူတစ်ဦးချင်စီအား ဖော်ထုတ်ခြင်းနှင့် ခြေရာခံခြင်း

• အွန်လိုင်းသုံးစွဲမှုအမူအကျင့်များအပေါ် အခြေခံ၍ ဂုဏ်သိက္ခာအဆင့်အတန်း အမှတ်ပေးစနစ်များ

• အန္တရာယ်ပြုဆော့ဝဲလ်များ ထိုးဖောက်ထည့်သွင်းနိုင်စွမ်းများ
ပါဝင်သည်။

ထို့အပြင် လျှို့ဝှက်ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်မှာ ဝယ်ယူသူအစိုးရများသည် အသစ် အသစ်သော မွန်းမံပြောင်းလဲမှုများနှင့် လိုအပ်သည့် စွမ်းဆောင်ရည်များကို တောင်းဆိုနိုင်မည်ဖြစ်ပြီး၊ Geedge Networks က ထောက်လှမ်းရေးဆော့ဝဲလ် ဗားရှင်းသစ်များကို ဝယ်ယူသူများ အသုံးပြုနိုင်အောင် ပြုလုပ်ပေးသည်။ ယင်းအချက်ကြောင့် အင်တာနက်ထိန်းချုပ်ရေးနှင့် ဖိနှိပ်ရေးဆိုင်ရာ နည်းပညာများကို အာဏာရှင်အစိုးရများအကြား မျှဝေအသုံးပြုမှု နည်းပညာဂေဟစနစ် ကျယ်ပြန့်လာမည်ဖြစ်သည်။

Geedge Networks သည် ၎င်းတို့၏ ထုတ်ကုန်များကို ဟာ့ဝဲလ်ရောင်းချသူလုပ်ငန်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် မည်သို့ဒီဇိုင်းရေးဆွဲထားကြောင်း၊ ယင်းကြောင့် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများအတွက် ပိုမိုစိန်ခေါ်မှုများ ဖြစ်စေကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

ထို့ပြင် Geedge Networks သည် ဆင်ဆာဖြတ်တောက်မှု ရှောင်ရှားရေးနည်းပညာများအား စုံစမ်းထောက်လှမ်း ရေးနှင့် ပိတ်ဆို့ရေးတို့ လုပ်ဆောင်ရန် သုတေသနပြု လေ့လာရေးအတွက် အချက်အလက်များကို တရုတ်သိပ္ပံ အကယ်ဒမီရှိ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် Mesalab မှ မျှဝေပေးခဲ့ကြောင်းကိုလည်း အစီရင်ခံစာတွင် ထုတ်ဖော်ထားသည်။

အဆိုပါတွေ့ရှိချက်များ၏ ဂယက်သည် ကြီးကြီးမားမား ရိုက်ခတ်လာပါသည်။
စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာများအား သုံးကုန်ပစ္စည်းတစ်ရပ်ကဲ့သို့ ဖန်တီးလိုက်ခြင်းသည် ကမ္ဘာတဝန်းရှိ ဒီမိုကရေစီ လူ့အသိုင်းအဝိုင်းများအတွက် အကြီးအကျယ်ခြိမ်းခြောက်မှု ဖြစ်လာပါသည်။ အာဏာရှင်အစိုးရများသည် ခေတ်အဆက်ဆက်တွင် အမည်မဖော်သော ရောင်းချသူအမျိုးမျိုးထံမှ စောင့်ကြည်ထောက်လှမ်း ရေး နည်းပညာ များကို ပေါင်းစပ်အသုံးပြုလာခဲ့ရသော်လည်း Geedge Networks ကဲ့သို့ ကုမ္ပဏီများသည် ယခုအခါ စွမ်းရည်မြင့် ဘက်စုံသုံး အကြီးစားအဆင့် ထုတ်ကုန်အစုံလိုက်ကို ပေါ်ပေါ်ထင်ထင်ပင် ကြော်ငြာ ရောင်းချ လာကြသည်။

ယင်းထုတ်ကုန်များသည် သုံးစွဲသူအစိုးရများအတွက် စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေး လုပ်ငန်းများကို ထုနှင့်ထည်နှင့် တိတိကျကျ လုပ်ဆောင်ရန် လွယ်လင့်တကူ အသုံးပြုနိုင်မည်ဖြစ်ရာ နိုင်ငံတော်များအနေဖြင့် ဒီဂျစ်တယ် ဆက်သွယ်ပြောဆိုမှုများကို လွယ်ကူမြန်ဆန်စွာဖြင့် ထိန်းချုပ်လာနိုင်စေမည် ဖြစ်သည်။

InterSecLab သည် ဒီဂျစ်တယ်မှုခင်းပညာရပ်နှင့် ဘေးအန္တရာယ်စောင့်ကြည့်ထောက်လှမ်းခြင်းတို့တွင် အဆင့်မြင့်စွမ်းဆောင်ရည်များ ပိုင်ဆိုင်ထားသည့် ဒီဂျစ်တယ်လုံခြုံမှုအထူးပြုအဖွဲ့အစည်း ဖြစ်ပါသည်။ နည်းပညာဆိုင်ရာ လေ့လာဆန်းစစ်မှုများနှင့် ဆန်းသစ်သည့်သုတေသနများမှတဆင့် အဖွဲ့အစည်းများအတွက် ဒစ်ဂျစ်တယ်အန္တရာယ်များ ဆန်းစစ်ဖော်ထုတ်ခြင်း၊ အင်တာနက်ထိုးဖောက်ဝင်ရောက်ခြင်းနှင့် ထိန်းချုပ်ခြင်း ဆိုင်ရာ ပြောင်းလဲနေသော နည်းလမ်းများနှင့် ကျယ်ပြန့်သော ဦးတည်အလားအလာများကို စောင့်ကြည့်ခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်းများ လုပ်ဆောင်ပေးသည်။

InterSecLab ရဲ့ သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို အောက်တွင် ဖော်ပြထားပြီး အစီရင်ခံစာ အပြည့်အစုံကို ယခုလင့်မှာ ရယူနိုင်ပါတယ်။

https://interseclab.org/research/the-internet-coup/. Great Firewall အကြောင်းထုတ်ပြန်ချက်နှင့် ဆက်စပ်နေသည့် အခြားအစီရင်ခံစာများကို ယခု အဖွဲ့အစည်းများ လင့်တွင် ဖတ်ရှုနိုင်ပါတယ်။ Amnesty International၊ the Globe and Mail၊ DER STANDARD၊ Follow The Money နှင့် Wired။

ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်း စစ်ကောင်စီထိုးဖောက်နိုင်သော်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေ၊စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် BGFယ...
09/09/2025

ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်း စစ်ကောင်စီထိုးဖောက်နိုင်သော်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေ၊
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် BGFယူနီဖောင်းများဝတ်ဆင်သွားလာမှုရှိ

Salween Press
စတင်ဘာလ ၉ ရက်၊၂၀၂၅။

ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်းတွင် စစ်ကောင်စီထိုးစစ်ဆင် ထိုးဖောက်နိုင်သော်လည် နေ့စဉ်တိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့စစ်မြေပြင်မှ KNLA တပ်ဖွဲ့ဝင်ထံမှသိရှိရသည်။

“တိုက်ပွဲတော့ ရပ်တန့်တာမရှိပါဘူး။ အာရှလမ်းတစ်ကြောလုံး တိုက်ပွဲဆက်လက်ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။ နေ့တိုင်းဘဲတိုက်ပွဲဖြစ်နေတယ်။ မနေ့ကလည်း တစ်နေကုန်တိုက်ပွဲပြင်းထန် နေတယ်။ စစ်ကောင်စီဘက်မှာ သူတို့အထိုင်နေရာကနေ လက်နက်ကြီး၊ဟော်ဝေဇာနှင့်ဒရုန်းများပါ တိုက်ခိုက်လျှက်ရှိ နေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဆက်လက်ပြင်းထန်ဖြစ်ပွားနေတယ်”လို့ စစ်မြေပြင်မှ KNLA တပ်ဖွဲ့၀င်တစ်ဦးကဆိုပါသည်။

စစ်ကောင်စီဘက်မှာအာရှလမ်းကိုထိုးဖောက်ထိန်းချုပ်နိုင်ပြီးဟုပြောဆိုသော်လည်း အာရှလမ်း တစ်ကြောလုံးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟုသူကဆိုပါသည်။

ဒါ့အပြင် စက်တင်ဘာလ ၇ရက်နေ့လယ်၁၂နာရီကျော်အချိန်တွင် ကျုံဒိုး၊ နွားခြံကုန်း၊ အင်းကြီး၊ ဗျက္ခသီလဘက်သို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တို့အကြားထိတွေ့တိုက်ပွဲပြင်းထန်ခဲ့သည်ဟုသတင်းရရှိသည်။ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ဂျိုင်းတံတားသို့ ဒရုန်းဖြင့်တိုက်ခိုက်မှုများလုပ်ဆောင်လျှက်ရှိနေသည်။

သင်္ဃန်းညီနောင်အနီး ကွင်းကလေး၊နို့ဖိုးဒေသဘက်တွင်တော်လှန်ရေးပူးပေါင်းတပ်များနှင့်စစ်ကောင်စီ ပူးပေါင်းတပ်တို့နှစ်ဖက်တိုက်ပွဲ တစ်နေကုန်ဆက်လက်ပြင်းထန်နေခဲ့သည်ဟုသိရသည်။

ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်းတွင် စစ်ရေးလှုပ်ရှားသွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည်BGFယူနီဖောင်းများဝတ်ဆင်အသုံးပြုသွားလာမှုများရှိနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်ထံမှသိရှိရသည်။

တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများ တရားမဝင်စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးကို အားပေးက...
09/09/2025

တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများ တရားမဝင်စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီ

Justice For Myanmar
စက်တင်ဘာလ ၉ ရက်၊၂၀၂၅။

ယနေ့ထုတ်ပြန်လိုက်သည့် အစီရင်ခံစာသည် “တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်” ပုံစံအား မြန်မာနိုင်ငံသို့ ရောင်းချ တပ်ဆင် အကောင်အထည်ဖော်ဆောင်ရာတွင် တရုတ်အစိုးရနှင့် ဆက်နွှယ်သည့် တရုတ်ကုမ္ပဏီ Geedge Networks နှင့် တရားမဝင်မြန်မာစစ်အုပ်စုတို့အကြား အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ထုတ်ထားသည်။

ယင်းစနစ်သည် အရပ်သားပြည်သူများအား ခြေရာခံ၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ရန် စစ်အုပ်စုအတွက် မရှိစဖူးသော လုပ်နိုင်စွမ်းများကို ပေးအပ်လျက်ရှိသည်။

Geedge Networks သည် တရုတ်ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်အစိုးရနှင့် ချိတ်ဆက်နေသည်။

Justice For Myanmar ၏ အစီရင်ခံစာဖြစ်သော ထောက်လှမ်းရေးပိုးလမ်းမ - စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးတွင် တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာ့ဆက်သွယ်ရေး နည်းပညာလုပ်ငန်းများ၏ အခန်းကဏ္ဍ တွင် Geedge ကုမ္ပဏီ၏ ခေတ်မီ ဆန်းပြားသော စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေးနည်းပညာအား ဆက်လက် လည်ပတ်အသုံးပြုနေမှုတွင် တရားမဝင်စစ်အုပ်စုကိုယ်စား အခရာကျသည့် အခန်းကဏ္ဍမှ ပါဝင်နေကြသည့် မြန်မာနိုင်ငံတွင်းရှိ ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ ၁၃ ခုကိုလည်း ဖော်ထုတ်ထားသည်။

ယင်းကုမ္ပဏီများမှာ ATOM (ယခင်နာမည် တယ်လီနောမြန်မာ)၊ မိုင်တဲလ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နှင့် China Unicom တို့ ဖြစ်ကြသည်။

တရုတ် “အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်” ပုံစံအား Geedge က ရောင်းချတပ်ဆင်ပေးမှုသည် စစ်အုပ်စုအတွက် မြန်မာနိုင်ငံတွင်း အင်တာနက်သုံးစွဲသူ ၃၃.၄ သန်း၏ အွန်လိုင်းအသုံးပြုမှုများကို အကန့်အသတ်မဲ့ ရရှိနိုင်စေသည်။

ဥပမာအားဖြင့် Geedge ၏ စနစ်များသည် အင်တာနက်ကွန်ရက်သုံးစွဲမှုများကို လူတစ်ဦးချင်းအဆင့် ခြေရာခံနိုင်စေပြီး၊ သက်ဆိုင်ရာတာဝါတိုင်များ (Cell IDs) အလိုက် ချိတ်ဆက်အသုံးပြုမှုများကို အခြေခံ၍ မိုဘိုင်းဖုန်းသုံးစွဲသူများ၏ တည်နေရာများကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်စေမည် ဖြစ်သည်။

တရားမဝင်မြန်မာစစ်အုပ်စုထံ ဟာ့ဝဲလ်နှင့် ဆော့ဝဲလ်များ ရောင်းချပေးအပ်ခြင်းဖြင့် Geedge Networks ကုမ္ပဏီသည် အရပ်သားပြည်သူများအပေါ် အကြီးအကျယ် သို့မဟုတ် စနစ်တကျ ဦးတည်တိုက်ခိုက်မှုများအတွင်း စစ်အုပ်စုအဖွဲ့ဝင်များ ကျူးလွန်သည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများ အပါအဝင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများတွင် အားပေး ကူညီရာ ရောက်နိုင်ပေသည်။

ယခုအစီရင်ခံစာကို လျှို့ဝှက်ပေါက်ကြားလာသည့် အချက်အလက်စုများအပေါ် အခြေခံ၍ ရေးသား ထားပြီး၊ ယင်းအချက်အလက်စုများက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း Geedge ၏ စီးပွားရေး လုပ်ငန်းများအကြောင်း ဖော်ထုတ်ပေးနိုင်ခဲ့သည်။ ယင်းအချက်အလက်စုများကို မီဒီယာ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်း/အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ညွန့်ပေါင်းလုပ်အားတစ်ရပ်ဖြင့် ဆန်းစစ်သုံးသပ်ထားပြီး၊ ယင်းညွန့်ပေါင်းလုပ်အားအဖွဲ့ကို အင်တာနက်ပိတ်ပင်ရေးမဟာရံ နည်းပညာတင်ပို့ရောင်းချမှု အားလေ့လာရေးစီမံကိန်းအတွက် Amnesty International၊ InterSecLab၊ the Globe and Mail၊ Paper Trail Media၊ Tor Project၊ DER STANDARD နှင့် Follow The Money အဖွဲ့တို့ ပါဝင်ဖွဲ့စည်းခဲ့သည်။

Geedge Networks ကုမ္ပဏီနှင့် ၎င်း၏ ခေါင်းဆောင်မှုတာဝန်ရှိသူ များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊ နိုင်ငံတကာရာဇဝတ်မှုများတွင် အားပေးကူညီမှုအတွက် Geedge ၏ ကြီးကြပ် ကွပ်ကဲမှုနှင့် ခေါင်းဆောင်မှုတွင် ပါဝင်သူလူပုဂ္ဂိုလ်များအား နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် Justice For Myanmar က တောင်းဆိုထားသည်။

ယင်းဖော်ထုတ်ချက်များသည် တရုတ်အစိုးရက မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ ဆက်လက် ရောင်းချခြင်း၊ မှားယွင်းသည့်နိုင်ငံရေးတရားဝင်မှုများ ပေးအပ်ခြင်း၊ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအတွက် ပံ့ပိုးကူညီခြင်းတို့ဖြင့် မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများတွင် အားပေးကူညီမှုများကို တိုးမြှင့်လုပ်ဆောင်လာသည့် အချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် Geedge Networks က ရောင်းချပေးအပ်သည့် ဆော့ဝဲလ်၊ ဟာ့ဝဲလ်နှင့် နည်းပညာအကူအညီများ အပါအဝင် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာနှင့် ဆက်စပ်လေ့ကျင့်သင်တန်းနှင့် အကူအညီများ လွှဲပြောင်းပေးအပ်မှုကို ချက်ချင်း ရပ်တန့်ရန်၊ စစ်အုပ်စုကျင်းပရန်စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲအတွက် အကူအညီများ အပါအဝင် စစ်အုပ်စုနှင့် လက်အောက်ခံအဖွဲ့အစည်းအားလုံးအတွက် နိုင်ငံရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာပံ့ပိုးမှုများအား ချက်ချင်းရပ်တန့်ရန်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို မြန်မာနိုင်ငံ၏ အမြင့်ဆုံး အတိုင်ပင်ခံအဖွဲ့အစည်းအဖြစ် လည်းကောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တရားဝင်အစိုးရအဖြစ်လည်းကောင်း၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဖက်ဒရယ်ယူနစ်များကို ပေါ်ထွန်းလာမည့် ဖက်ဒရယ်ပြည်ထောင်စုတွင် အရေးပါသည့် သက်ဆိုင်သူများအဖြစ် အသိအမှတ်ပြု၊ ပံ့ပိုးကူညီရန် Justice For Myanamr က တောင်းဆိုထားသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Geedge Networks က ရောင်းချ တပ်ဆင်ပေးထားပြီး၊ မြန်မာနိုင်ငံတွင်း အင်တာနက်ဝန်ဆောင်မှုပေးနေသူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာက မြန်မာနိုင်ငံအတွင်း စစ်အုပ်စုကို ဝေဖန်သူ၊ အမှန်တရားအတွက် ထွက်ဆိုသူမှန်သမျှအတွက် ဖြစ်ဖြစ်၊ လွတ်လပ်တဲ့သတင်းရင်းမြစ်တွေကို လက်လှမ်းမီကြည့်ရှုနိုင်ဖို့အတွက်ဖြစ်ဖြစ် ဆိုးရွားတဲ့ အန္တရာယ်တွေ ပေးနေတာပါ။
Geedge ကုမ္ပဏီက တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့ မြန်မာစစ်အုပ်စုအတွက် စွမ်းရည်မြှင့်တင်ရာမှာ ကူညီပေးနေပါတယ်။

Geedge ကုမ္ပဏီရဲ့ လျှို့ဝှက်ပေါက်ကြားလာတဲ့ အချက်အလက်စုမှာ လက်ရှိ ကြီးကြပ် လုပ်ကိုင် နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေအပါအဝင် အင်တာနက်ဝန်ဆောင်မှုပေးသူတွေ၊ အင်တာနက် ကြားခံပေးသူတွေ၊ ဖိုက်ဘာကြိုးလိုင်းလုပ်ကိုင်သူတွေက မြန်မာနိုင်ငံအတွင်း အင်တာနက်ကို စစ်အုပ်စုက လက်နက်သဖွယ်အသုံးပြုနေမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း အတည်ပြု ထားပါတယ်။

“တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်”ကို တရားမဝင်စစ်အုပ်စုရဲ့ တင်သွင်းသုံးစွဲနေမှုဟာ မြန်မာနိုင်ငံတွင်း နိုင်ငံတကာရာဇဝတ်မှုတွေမှာ တရုတ်နိုင်ငံရဲ့ အားပေးကူညီနေမှု တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။ ဒါကို အခု အဆုံးသတ်ရမှာဖြစ်ပြီး၊ တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

KNU တပ်မဟာ ၅ တွင် တစ်ရက်တည်းမှာ စစ်ကောင်စီဂျက်ဖိုက်တာဖြင့် ၂ နေရာ ဗုံးကြဲ၊ ဖာပွန်စစ်ကောင်စီဗျူဟာမှာလည်း လေယာဉ်ဖြင့်ထောက်...
09/09/2025

KNU တပ်မဟာ ၅ တွင် တစ်ရက်တည်းမှာ စစ်ကောင်စီဂျက်ဖိုက်တာဖြင့် ၂ နေရာ ဗုံးကြဲ၊ ဖာပွန်စစ်ကောင်စီဗျူဟာမှာလည်း လေယာဉ်ဖြင့်ထောက်ပို့ပစ္စည်းများပို့ဆောင်

Salween Press
စက်တင်ဘာလ ၉ ရက်၊၂၀၂၅။

KNU ကရင်အမျိုးသားအစည်းအရုံး အမှတ်၅တပ်မဟာ မူတြော်ခရိုင် ဘူးသိုမြို့နယ်တွင် စတင်ဘာလ ၇ရက်နေ့တွင် စစ်ကောင်စီမှဂျက်ဖိုက်တာဖြင့် တစ်ရက်တည်းတွင် ၂နေရာ ဗုံးသီးများလာရောက် ကြဲချခဲ့တယ်လို့ KNUအမှတ်၅တပ်မဟာ KNLAတပ်မှူးတစ်ဦးထံမှသိရှိရသည်။

အဆိုပါဂျက်ဖိုက်တာ လာရောက်ဗုံးကြဲသည့် နေရာ၂နေရာသည် ဘူးသိုမြို့နယ် လေးပူဒဲကျေးရွာ ထော်ထီးပယ်ဒေသတွင် စက်တင်ဘာလ ၇ရက်နေ့နံနက်၉နာရီကျော်အချိန်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်ဗုံးသီး၂လုံးလာရောက်ကြဲချခဲ့တယ်လို့ KNUအမှတ်၅တပ်မဟာပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒို့မှအတည်ပြုပြောပါသည်။ ထော်ထီးပယ်ဗုံးကြဲမှုအတွင်း မီးဖိုဆောင် တစ်ဆောင်လုံးဝထိမှန်ပျက်စီးကာ ဂိုဒေါင်တစ်လုံးလည်း ထိမှန်ပျက်စီးပြီး လူထိခိုက်မှုတစ်ဦး တစ်ယောက်မှမရှိဘူးလို့ သူကပြောပါသည်။

ဒါ့အပြင် စက်တင်ဘာလ ၇ရက်နေ့ နံနက်၈နာရီကျော်အချိန်တွင်လည်း စစ်ကောင်စီမှ ‌ဖာပွန်အနောက်ဖက် ကမ်းသို့ဂျက်ဖိုက်တာဖြင့်ဗုံးသီး၂လုံးလာရောက်ကြဲချမှုလည်းရှိနေတယ်လို့ KNLA စစ်ရေးသတင်း အရင်းမြစ်မှပြောပါသည်။ ဖာပွန်အနောက်ဖက်ကမ်းစစ်ကောင်စီဂျက်ဖိုက်ဗုံးသီးလာရောက်ကြဲချမှုတွင် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိဘူးဟုဆိုပါသည်။

စက်တင်ဘာလ ၇ရက်နေ့တွင် စစ်ကောင်စီမှ ဖာပွန်ဗျူဟာတွင်လည်း လေယာဉ်ဖြင့် ထောက်ပို့ပစ္စည်းများ တစ်နေကုန်လာရောက်ပို့ဆောင်ကြဲချပေးခဲ့တယ်လို့အဆိုပါKNLAသတင်းအရင်းမြစ်မှပြောပါသည်။

ကမမောင်း၊ဝါကော်ကျေးရွာ၊တံတားဦးကျွန်းတော(သဂေါ်ပလေ)နှင့်‌ဝါးဒူးစသည့်နေရာများတွင်လည်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကတိုင်တိသို့ စစ်ကြောင်းထိုးရန် ပြင်ဆင်မှုများရှိနေတယ်သည့်အပြင် ကတိုင်တိသို့ရောက်ရှိသွားသည့် စစ်ကောင်စီတပ်ဖွဲ့များအား BGFအမှတ် ၁၀၁၄တပ်ရင်းဗိုလ်မောင်ချစ်ဦးဆောင်လက်အောက်ခံတပ်ဖွဲ့များနှင့်အမှတ် ၁၀၁၃ ဗိုလ်ကျော်ဝင်းဦးဆောင်လက်အောက်ခံတပ်ဖွဲ့များက ကူညီပို့ဆောင်ပေးနေတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်မှပြောပါသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအားကူညီပို့ဆောင်ပေးနေသည့် BGF တပ်ဖွဲ့ဝင်များသည် ဒေသခံ BGFတပ်ဖွဲ့ဝင် များဖြစ်ကြပြီး စစ်ကောင်စီတပ်ဖွဲ့များပို့ဆောင်ရာမှာ ကျပ်ငွေသိန်း ၁၀၀ဖြင့်ငွေကြေးယူကာ ပို့ဆောင်ပေးခဲ့ တယ်လို့လည်း သတင်းအရင်းမြစ်ကပြောပါသည်။

ကမမောင်းတွင် စစ်ကောင်စီအခြေစိုက်စခန်းမှ လက်နက်ကြီးအား အထက်ဘက်သို့ မကြာခဏပစ်ခတ်မှု များလုပ်ဆောင်လျှက်ရှိနေပြီး စက်တင်ဘာလ ၇ ရက်နေ့ညနေ ၄နာရီကျော်အချိန်တွင်လည်း ကမမောင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ဝါကော်ကျေးရွာထဲသို့ ကျရောက်ခဲ့ပေမဲ့ အဆိုပါကျည်သည် ပေါက်ကွဲမှုမရှိခဲ့ဘူးဟုဆိုပါသည်။

ပုံဟောင်းများ

Address

UT

Alerts

Be the first to know and let us send you an email when Salween Press posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Salween Press:

  • Want your business to be the top-listed Media Company?

Share