Kyaw Thin

Kyaw Thin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Thin, Publisher, .

19/08/2024

ခွေးနက်ကြီး လွှတ်လိုက်မည်
☸️☸️☸️☸️☸️☸️☸️☸️☸️☸️
☸️ညီတော်အာနန္ဒာ အရှင်မြတ်ကြီးသည်
ငါးရာ့ငါးဆယ်၊ ဒွါဒသကနိပါတ်၊
မဟာကဏှ ဇာတ်တော်၌
☸️ဘုရားအလောင်း သိကြားမင်း၏
အမိန့်အရ ခွေးနက်ကြီးအသွင် ဖန်ဆင်း၍
လူ့ပြည်သို့ ဆင်းလာခဲ့ရပေသည်။
☸️ထိုဇာတ်တော်၌ ဘုရားအလောင်းတော်သည် တာဝတိံသာ နတ်ပြည်တွင် သိကြားမင်း ဖြစ်ခဲ့၏။
☸️ညီတော်အာနန္ဒာ၏ အလောင်းအလျာသည် သိကြားမင်းထံ ခစားရသော
မာတလိနတ်သား ဖြစ်ခဲ့၏။

☸️ဘုရားအလောင်းတော်သည် ကဿပမြတ်စွာဘုရား ပွင့်ထွန်းတော်မူစဉ်က
`ဇောတိပါလ”အမည်ရသော ပုဏ္ဏားလုလင် ဖြစ်ခဲ့၍ မျိုးရိုးဇာတိနှင့် ဝေဒကျမ်းဂန် တတ်မြောက်မှုအား အကြောင်းပြုကာ
အလွန်တရာ မာန ကြီးခဲ့၍
ကဿပမြတ်စွာဘုရားကိုပင်
ရိုသေကိုင်းညွှတ်ရမှန်း မသိခဲ့ပေ။

☸️ဤကဲ့သို့ ကဿပ မြတ်စွာ ဘုရားနှင့်
ကင်းကင်းကွာကွာ နေလာခဲ့ရာမှ
ကဿပမြတ်စွာဘုရား၏ တပည့် အနာဂါမ်ပုဂ္ဂိုလ် ဃဋိကာရ အိုးထိန်းသည်၏
ကူညီစောင့်ရှောက်မှုဖြင့်
ကဿပမြတ်စွာဘုရားကို
ကိုးကွယ် ဆည်းကပ်သူ ဖြစ်လာခဲ့၏။
☸️ကဿပမြတ်စွာဘုရား
သာသနာတော်တွင်းသို့ ဝင်ရောက်ကာ
ဇောတိပါလ ရဟန်းအဖြစ်ဖြင့် ဝိနည်းတော်နှင့် အညီ လိုက်နာကျင့်သုံးလာခဲ့၏။

☸️ထိုဘဝမှ ကွယ်လွန်ပြီးနောက်
ယခုသိကြားမင်းဘဝသို့ ရောက်လာချိန်၌ ကဿပဘုရားရှင် ပရိနိဗ္ဗာန်ပြု တော်မူသွားပါပြီ။
☸️ထို့နောက် ကဿပဘုရားရှင် ထားခဲ့သော သာသနာတော်သည် တစ်စထက်တစ်စ ညှိုးမှိန် လာ၏။
☸️ရဟန်း၊ ပုဏ္ဏားတို့နှင့်တကွ
လူတန်းစား အသီးသီးသည်
မိမိတို့ စောင့်ထိန်းရသည့် ကျင့်ဝတ်သီလတို့ကို ဖောက်ဖျက်ကာ မတရားသဖြင့်
စီးပွားရှာဖွေကြရာ လူ့ဘောင်ကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်နေကြလေ၏။

☸️ထိုအချိန်တွင် ဗာရာဏသီမြို့တော်၌
ဥသီနက အမည်ရသော မင်းသည်
ထီးနန်းစိုးစံလျက် ရှိ၏။
☸️သို့ရာတွင် တိုင်းသူပြည်သားတို့၏ အကျင့်စာရိတ္တ ပြည့်ဝဖြူစင်ရေးကို
အားမပေးဘဲ မင်းတို့၏ စည်းစိမ်ချမ်းသာ
ခံစားရေးကိုသာ အလေးထားနေသဖြင့် တိုင်းသူပြည်သားတို့၏ အခြေအနေမှာ
နိမ့်ကျသည်ထက်နိမ့်ကျ၍ နေလေသည်။

☸️သာသနာတော်ထမ်း ရဟန်းများ၊ သာသနာတော်၏ အပြင်က ရသေ့များမှစ၍
လူတန်းစား အသီးသီးသည် ကျင့်ဝတ်သိက္ခာများ ဖောက်ဖျက်ကျူးလွန်နေကြသဖြင့်
သူတို့တစ်တွေ သေဆုံးသော်
အပါယ်လေးပါးသို့ ကျရောက်ကုန်၏။
☸️နတ်ပြည်မှာ ရှိနေသည့် နတ်သမီး၊ နတ်သားများ နတ်သက်ကြွေ၍ စုတေသွားရာတွင်
ယခင်က အသစ်အသစ်သော နတ်သမီး၊
နတ်သားများ ဥပပတ္တိ ပဋိသန္ဓေဖြင့်
ဘွားခနဲ ဘွားခနဲ ပေါ်ပေါက်လာခဲ့ ကြ၏။

☸️ယခု ကဿပမြတ်စွာဘုရား၏
သာသနာတော် နောက်ပိုင်းတွင်ကား
တာဝတိံသာနတ်ပြည်၌ နတ်သက်ကြွေတာနှင့် အသစ်တိုးတာနှင့်က မမျှမတ ဖြစ်လာ၏။
☸️နတ်သက်ကြွေ၍ စုတေသွားသော
နတ်သား၊ နတ်သမီးတို့ နေရာတွင်
အသစ် အသစ်သော နတ်သမီး၊ နတ်သားတို့
ရောက်မလာကြသဖြင့် အလွန်တရာ
သာယာစည်ပင်ခဲ့သော
တာဝတိံသာ နတ်ဘုံကြီးသည်
ခြောက်တိခြောက်သွေ့ ငြီးငွေ့ဖွယ်ရာကဲ့သို့
ဖြစ်လာရ၏

☸️ဤကဲ့သို့သော အခြေအနေကို
ဘုရားအလောင်းတော် သိကြားမင်းက
ရှုမြင်သုံးသပ်ကာ
☸️ကဿပမြတ်စွာဘုရား၏
သာသနာတော်ကို နောက်ထပ် နှစ် ၁ဝဝဝ
တည်တံ့နေနိုင်အောင် မည်သို့များ
ပြုလုပ်ရပါမည်နည်းဟု စဉ်းစား၍နေလေသည်။

☸️ထို့နောက် မကြာမီမှာပင်
ဗာရာဏသီမြို့တော်၏
အပြင်ဘက်က ကျေးရွာများတွင်
အုတ်အုတ်ကျက်ကျက် ဖြစ်လာ၏။
☸️လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ
ဟူသမျှသည် -
☸️“ခွေးနက်ကြီး လာပြီ၊ ခွေးနက်ကြီး လာပြီ” ဟု အော်ဟစ်ကာ ထိတ်လန့်တကြား
ပြေးလွှားနေကြရ၏။

☸️ခွေးနက်ကြီးရန်က လွတ်မြောက်မည့်
နေရာသို့ အတင်းတိုးဝှေ့ ဝင်ရောက်ကာ
တုန်တုန်လှုပ်လှုပ်နှင့် ပုန်းအောင်းနေကြရ၏။
☸️တောသူတောင်သားတွေ ကြောက်မည်
ဆိုလျှင်လည်း ကြောက်လောက်ပါ၏။
☸️အသွင်သဏ္ဌာန်အရ ခွေးနက်ကြီးဟု
ဆိုကြရသော်ငြားလည်း အရွယ်အစားကတော့ ဆင်ပေါက်ကြီးလောက်ပင် ထွားကျိုင်းလှ၏။
☸️သွားစွယ်ကြီး လေးချောင်းက
ငှက်ပျောဖူးလောက် ရှိနေကြ၏။
☸️လင်းကွင်းခြမ်းလောက် ပြူးကျယ်နေသော မျက်လုံးနီနီကြီးများကလည်း
မီးတောက်မီးလျှံတွေ
ထွက်လာတော့မလောက် စူးရှလှ၏။
☸️သွားစွယ်ကြီးများထဲက
တွဲလျားကျနေသော လျှာကြီးမှာလည်း
သွေးစေး သွေးစက်တွေ စီးကျနေသကဲ့သို့ ရှိပါ၏။

☸️ဤမျှလောက် ကြောက်ဖွယ်ရာကောင်းလှသော ခွေးနက်ကြီးနှင့် ခရီးရင်ဆိုင်ဆုံမိလျှင်
အလွတ်အကျွတ် ပြေးနေရင်းကပင်
အကြောက်လွန်ကာ ခြေလှမ်း၍
မရနိုင်အောင် မှင်တက်မိနေကြရ၏။
☸️ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာဆိုလျှင် ကြောက်စိတ် ပြင်းထန်လွန်းလှသဖြင့်
ကိုယ်ဝန်ပျက်ကျသည်အထိ
အဖြစ်ဆိုးနှင့် ကြုံကြရလေသည်။

☸️ယခုအချိန်အထိတော့ ခွေးနက်ကြီး၏
ကိုက်ဝါးစားမျိုခြင်း ခံရသူ ဟူ၍ မရှိခဲ့သေးပါ။
☸️ဤသို့ ဖြစ်ရခြင်းမှာလည်း
ခွေးနက်ကြီးနောက်က ထက်ကြပ်မကွာ
ပါလာခဲ့သော မုဆိုးကြီးကြောင့် ဖြစ်ပေသည်။
☸️ဆင်ပေါက်တမျှ ထွားကျိုင်းလှသော
ခွေးနက်ကြီးအား ထိန်းချုပ်နိုင်လောက်အောင်
မုဆိုးကြီးကလည်း ကာယဗလ ကြီးထွားလှ၏။
☸️ခေါင်းပေါ်က ဆံပင်များကို ငါးစုခွဲ၍
ငါးထုံးထုံးထား၏။
☸️ထိုဆံထုံးများ၏ အောက်ခြေတွင်
ပန်းပွင့်နီနီရဲရဲကြီးများ ထိုးစိုက်ပန်ဆင်ထား၏။

☸️သူ ဝတ်ထားသော ခါးဝတ်ပုဆိုးနှင့်
အပေါ်ရုံ ပုဆိုးတို့မှာ ဖန်ရည်ဆိုးထားသည့်
အရောင်အဆင်း ရှိပါသော်လည်း
ကြမ်းတမ်းလွန်းလှသော မုဆိုးကြီး၏
အသွင်သဏ္ဌာန် ကြောင့် ပိုမို၍
ကြောက်စရာ ကောင်းနေဘိ၏။
☸️ထိုအထဲတွင် လူ့အရပ်နှင့် အညီအမျှရှိသော လေးကြီးတွင် မြားနှင့်တကွ လေးညှို့ကို
ဆွဲတင်ထားသဖြင့် သူ့ကို စေ့စေ့
မကြည့်ရဲလောက်အောင် ခက်ထန်လှပါပေသည်
☸️သန်မာ ထွားကျိုင်းသည်နှင့်အမျှ
မျက်နှာထား ဆိုးလွန်းလှသော
မုဆိုးကြီးသည် ခွေးနက်ကြီးကို
ကြိုးငါးချောင်းဖြင့် ချည်တုပ်ထား၏။
☸️လက်နှစ်ဖက်၊ ခြေနှစ်ဖက်နှင့် လည်ပင်းတို့တွင် ကြိုးတုပ်ထားကာ ကြိုးငါးချောင်းလုံးကို
ပူး၍ ကိုင်ထား၏။
☸️ရောက်လေရာ အရပ်တွင် ခွေးနက်ကြီးက တွေ့ကရာ လူများကို
တအားကုန် ထိုးကိုက်ရန် ကြိုးစား၏။
☸️ထိုအခါ နောက်မှ ပါလာသော မုဆိုးကြီးက
ကြိုးငါးချောင်းလုံးကို ပူးကိုင်ကာ
ပိုင်ပိုင်နိုင်နိုင်ကြီး ဆွဲထားလိုက်သဖြင့်
ခွေးနက်ကြီးမှာ လျှာကြီးတန်းလန်းနှင့်
ရပ်တန့်သွားရတော့၏
(ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပေးပါမည်။)
-ဝဏ္ဏသီရိ(ငါးရာ့ငါးဆယ်၊ ဒွါဒသကနိပါတ်၊ မဟာကဏှဇာတ်)
#ပူဇော်သူ-Kyaw Thin (16.8.24 သောကြာနေ့)

ခွေးနက်ကြီး လွှတ်လိုက်မည်အပိုင်း(၂)
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
☸️မုဆိုးကြီးသည် ခွေးနက်ကြီး
သွားလေရာသို့ နောက်ကလိုက်လာရင်း -
“ဒီလောကကြီး ပျက်စီးတော့မယ်၊
ဒီလောကကြီး ပျက်စီးတော့မယ်” ဟု
အော်ဟစ်လာ၏။
☸️သူ့ရုပ်သွင်နှင့် လိုက်ဖက်အောင် သူ၏
ဝမ်းခေါင်းသံကြီးကလည်း ကျောချမ်းလောက်ပါပေ၏။ ခွေးနက်ကြီးရန်ကို အပြင်မထွက်ဝံ့အောင် ကြောက်နေရသည့်အထဲမှာ မုဆိုးကြီး၏
အသံကြောင့် လူအများမှာ နေစရာမရှိအောင်
ချောက်ချား ကြရကုန်၏။

☸️ခွေးနက်ကြီးရန်နှင့် မုဆိုးကြီး၏
အသံကိုကြောက်ရွံ့ကြသဖြင့် လူအများသည် ဗာရာဏသီမြို့တော်ထဲသို့ ပြေးဝင်ကာ
မြို့တံခါးကြီးကို ပိတ်ထားကြ၏။
သို့ရာတွင် မုဆိုးကြီးနှင့် ခွေးနက်ကြီးတို့ကတော့
ဒါလောက် ကလေးနှင့် အမှုမထားကြပါ။
တစ်ဆယ့်ရှစ်တောင်မျှ မြင့်မားလှသော
မြို့ရိုးကြီးကိုပင် အလွယ်တကူ ကျော်လွှား၍
လာခဲ့ကြပေသည်။
☸️ခွေးနက်ကြီးနှင့် မုဆိုးကြီးတို့
မြို့တော်တွင်းသို့ ရောက်လာသောအခါ
တစ်မြို့လုံးပွက်ပွက်ညံသွား တော့သည်။
မြင်မြင်ကရာကို ခွေးနက်ကြီးက အတင်းလိုက်၊
သူ့နောက်က မုဆိုးကြီးကလည်း အတင်းဆွဲ၊
ဤသို့ ဆွဲရင်း ဆွဲရင်းနှင့် လိုက်လာခဲ့ရာ
ဥသီနကမင်း၏ နန်းတော်နားသို့
ရောက်လာလေသည်။

☸️ဥသီနကမင်းသည် ကြောက်လန့်တကြား အော်ဟစ်၍ ပြေးလာကြသော သူတို့ကို လေသာပြတင်းက လှမ်းမျှော်ကြည့်ရာက
ခွေးနက်ကြီးကိုပါ မြင်လိုက်ရသဖြင့်
ထိတ်လန့် တုန်လှုပ်သွားရ၏။
မိမိ၏ တိုင်းသူ ပြည်သားတို့ကို
အကာအကွယ်ပေးရန် မစီစဉ်နိုင်တော့ဘဲ ကိုယ်လွတ်ရုန်းဖို့သာ ကြိုးစားမိတော့၏။
နီးစပ်ရာ၊ လက်လှမ်းမီရာ မိဖုရားနှင့်
မောင်းမများကို အပါခေါ်ပြီးလျှင်
နန်းမြင့်ပြာသာဒ်ဆောင်ထက်သို့
တက်နေလေ တော့သည်။

☸️သို့ပါသော်လည်း ခွေးနက်ကြီး ရန်ကတော့
သူ လွတ်အောင် မပြေးနိုင်ပါ။
အများပြည်သူတို့ကမော့၍ ကြည့်ကြရသော နန်းမြင့်ပြာသာဒ်ဆောင်မှာ ခွေးနက်ကြီး၏
ရှေ့ခြေနှစ်ချောင်း ထောက်လောက်ရုံသာ
ရှိနေပါတော့သည်။
☸️ခွေးနက်ကြီးသည် ထိုလေသာပြတင်း၏ အောက်ခြေက ပြတင်းပေါက်တွင် ရှေ့လက် အစုံထောက်ကာ အားကုန်အင်ကုန် ဟောင်လိုက်၏။ ဤတွင်မှ ဥသီနကမင်းသည် မိမိပြေး၍ မလွတ်နိုင်တော့သည့် ဖြစ်အင်ကို သတိပြုမိကာ ရာဇဣန္ဒြေကို ပြန်၍ ထိန်းပြီးလျှင် ခွေးနက်ကြီးနောက်က လိုက်ပါလာသည့် မုဆိုးကြီးကို လှမ်း၍ နှုတ်ဆက်လိုသဖြင့်
☸️“အသင်မုဆိုးကြီး၊ မုဆိုးကြီးရဲ့ ခွေးနက်ကြီးက ဘာဖြစ်လို့ ဟောင်ရတာပါသလဲ”ဟု မေးလိုက်၏။

☸️ဤတွင် မုဆိုးကြီးက -
“အရှင်မင်းကြီး၊ ခွေးနက်ကြီးက
အစာစားချင်လို့ ဟောင်တာပါ ဘုရား”
ဤသို့ လျှောက်တင်လိုက်လေရာ -
☸️“အသင်မုဆိုးကြီး၊ အစာစားချင်တာ
ဆိုလို့ကတော့ ငါတို့က ကျွေးမှာပါ”
☸️ဤသို့ ပြောဆိုပြီးလျှင် မိမိနှင့်တကွ နန်းတော်သူ၊ နန်းတော်သားအားလုံး စားဖို့ ချက်ထားသော
ထမင်းနှင့် ဟင်းများကို ယူလာစေပြီးလျှင်
ခွေးနက်ကြီးရှေ့မှာ အားလုံးပုံ၍ ကျွေးကြရ၏။
လူ့တစ်ရပ်မက မြင့်မောက်နေသော ထမင်းဟင်းအပုံကြီးကို ခွေးနက်ကြီးက ဟပ်၍
စားလိုက်ရာတွင် တစ်လုတ်တည်းနှင့် ကုန်ပြီး
ဟောင်မြဲ ဟောင်ပြန်၏။

☸️ဤတွင် ဥသီနကမင်းက နန်းတော်ထဲက
ဆင်များ၊ မြင်းများအတွက် ကျိုချက်ထားသော စားဖွယ်တို့ကို သယ်၍ ကျွေးရပြန်၏။
ထိုအစားအစာများကိုလည်း ခွေးနက်ကြီးက
တစ်လုတ်တည်းနှင့် ဟပ်၍ စားလိုက်ပြီး
လျှင် ဟောင်မြဲဟောင်ပြန်၏။
ထို့နောက် ဗာရာဏသီမြို့တော်ကြီး
တစ်ခုလုံးက ချက်ထားလေသမျှ ထမင်း၊
ဟင်းအားလုံးကိုချ၍ ကျွေးပြန်တော့လည်း ရှေးနည်းအတိုင်း ဖြစ်လာရပြန်၏။

☸️ဤတွင်မှ ဥသီနကမင်းသည် ရိုးရိုးခွေးနှင့်
ရိုးရိုးမုဆိုး မဟုတ်ကြောင်းကို သဘောပေါက်ကာ
မုဆိုးကြီး ကို လှမ်း၍ စကားပြော၏။
☸️“အသင် မုဆိုးကြီး၊ သင့်ခွေးကြီးဟာ
အမွေးတွေ နက်မှောင်နေတာနဲ့အမျှ
သွားစွယ်ကြီးတွေက ဖွေးနေပါတယ်။
သူ့ကိုယ်ပေါ်မှာ ကြိုးငါးချောင်းနဲ့ ချည်ထားတဲ့
ကြိုးတွေကများ လွတ်သွားမယ် ဆိုရင်
အင်မတန် ကြောက်စရာ ကောင်းပါလိမ့်မယ်”

☸️“အရှင်မင်းကြီး၊ လူ့ဘောင်လောကကြီး
တစ်ခုလုံး ဒီထက်ဒီထက် ပျက်စီးလာမယ်
ဆိုရင်တော့ ခွေးနက်ကြီးကို
လွှတ်လိုက်ရပါလိမ့်မယ်”
☸️“ထိန်းနိုင်သလောက်တော့ ထိန်းပေးထားပါဦး အသင်မုဆိုးကြီးရယ်။
☸️ကဲ... ပြောလက်စနဲ့ ပြောပြစမ်း ပါ။
ဘယ်လို ဘယ်လို အခြေအနေမျိုးတွေ ဖြစ်ပေါ်လာရင် ခွေးနက်ကြီးကို လွှတ်လိုက်မှာလဲ”
(တတိယပိုင်းကို ဆက်လက်ဖော်ပြပေးပါမည်။)
-ဝဏ္ဏသီရိ(ငါးရာ့ငါးဆယ်၊ ဒွါဒသကနိပါတ်၊ မဟာကဏှဇာတ်)
#ပူဇော်သူ-Kyaw Thin (18.8.24 တနင်္ဂနွေနေ့)

ခွေးနက်ကြီး လွှတ်လိုက်မည်အပိုင်း(၃)
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
☸️“အရှင်မင်းကြီး ရွှေနားဆင်တော်မူပါ။ ကဿပဘုရားရှင်ရဲ့ သာသနာတော်မှာ
သံသရာဝဋ်က လွတ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်လာကြတဲ့ ရဟန်းတွေဟာ
အခုသာသနာတော် နောက်ပိုင်းမှာ လူဒါယကာ၊ ဒါယိကာမတွေနဲ့အပြိုင် စီးပွားရှာကုန်ကြပါပြီ။
☸️မကြာခင်မှာ သင်္ကန်းကြီးတွေ ကိုးရိုးကားရားနဲ့
လူတွေနဲ့အပြိုင် ထွန်တုံးပေါ် တက်ပြီး
လယ်ထွန်ကြပါတော့မယ်။
☸️အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို
လွှတ်လိုက် ရပါလိမ့်မယ်။

☸️“နောက်တစ်မျိုး ရှိပါသေးတယ်ဘုရား။ ကဿပဘုရားရှင်ရဲ့ သာသနာတော် နောက်ပိုင်းမှာ သူတို့ဟာ ခေါင်းတုံးတုံးထားပြီး သင်္ကန်းတွေ ဝတ်ထားလို့သာ ရဟန်းလို့ ခေါ်ကြရပါတယ်။
အကျင့်သိက္ခာကတော့ ဘာမှ မထူးကြပါဘူး။
မကြာခင် လူတွေလိုပဲ ကာမဂုဏ်ခံစားပြီး သားတွေ၊ သမီးတွေ မွေးလာကြပါလိမ့်မယ်။
အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို
လွှတ်လိုက်ရပါလိမ့်မယ်”

☸️“နောက်တစ်မျိုး ရှိပါသေးတယ်ဘုရား။ ကဿပဘုရားရှင်ရဲ့ သာသနာတော် အပြင်အပမှာ ရသေ့တွေ ရှိလာခဲ့ပါတယ်။
အဲဒီ ရသေ့တွေဟာလည်း တောထဲမှာ သမထကမ္မဋ္ဌာန်း စီးဖြန်းဖို့ထက် အလှူခံဖို့ကိုသာအလေးထားနေကြပါတော့တယ်။
သူတို့ဟာ အလှူခံလို့ ရလာသမျှကို
ဒကာတွေထံပြန်ပြီး အတိုးနဲ့ချေးငှားထားကြပါတယ်။ သူတို့လိုချင်လာတဲ့ အခါမှာတော့
အဲဒီငွေတွေကို မရရအောင် ဇွတ်အတင်း
တောင်းယူကြပါ လိမ့်မယ်။
အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို
လွှတ်ပေးလိုက်ရပါလိမ့်မယ်။

☸️“နောက်တစ်မျိုး ရှိပါသေးတယ် ဘုရား။ ဗြာဟ္မဏနွယ်ဖွား ပုဏ္ဏားတို့ဟာ ဝေဒကျမ်းတို့ကို သင်ယူကြရပါတယ်၊
သာဝတ္ထိကျမ်းတို့ကို သင်ယူကြရပါတယ်၊ ယဇ်ပူဇော်ပွဲနဲ့ ပတ်သက်တဲ့ ကျမ်းဂန်တို့ကို
သင်ယူကြရပါတယ်။
ဒီကျမ်းစာများ သင်ယူရတာက
အထက်ဗြဟ္မာ့ဘုံက ဗြဟ္မာကြီးများထံ
ချဉ်းကပ်နိုင်ရေးသာ ဖြစ်ပါတယ်။
သို့ဖြစ်ပါလျက် ယဇ်ပူဇော်လိုသူတို့ထံ
အခကြေးငွေယူပြီး ယဇ်ပူဇော်ပေးတဲ့သူတွေ ပေါ်ပေါက်လာလိမ့်မယ်။
အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို
လွှတ်ပေးလိုက်ရပါလိမ့်မယ်။

☸️“နောက်တစ်မျိုး ရှိပါသေးတယ်ဘုရား။
ကိုယ် ငယ်ငယ်ကတည်းက လူလားမြောက်တဲ့အထိ ပြုစုလုပ်ကျွေးလာခဲ့တဲ့ မိဘနှစ်ပါးတို့
အိုမင်းမစွမ်း ဖြစ်လာတဲ့အခါမှာတော့
သားတွေ၊ သမီးတွေက
ကျေးဇူးကန်းကြပါတော့တယ်။
ကျွေးနိုင် မွေးနိုင်တဲ့ အခြေအနေရှိပါလျက်နဲ့
မကျွေးမွေးဘဲ မျက်နှာလွှဲထားသူတွေ
ပေါ်လာပါ လိမ့်မယ်။
အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို
လွှတ်ပေးလိုက်ရပါလိမ့်မယ်။

☸️“နောက်တစ်မျိုး ရှိပါသေးတယ်ဘုရား။
ကိုယ် ငယ်ငယ်တုန်းက ဘယ်လောက်ငိုငို၊ ဘယ်လောက်ဆိုးဆိုး အပြုံးမပျက်ဘဲ
ယုယချီပိုးလာခဲ့ကြတဲ့ မိဘတွေ အိုမင်းမစွမ်း
ရှိတဲ့အခါမှာ သားတွေ၊ သမီးတွေက
ခင်ဗျားကြီး ဘာမှအသုံးမကျဘူး။
ခင်ဗျားကြီး သိပ်မိုက်မဲတာပဲ စသည်ဖြင့်
ဆဲဆို ကြိမ်းမောင်းကြပါလိမ့်မယ်။
အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို
လွှတ်ပေးလိုက်ရပါလိမ့်မယ်။

☸️“နောက်တစ်မျိုး ရှိပါသေးတယ်ဘုရား။ ကဿပဘုရားရှင်ရဲ့ သာသနာတော်
နောက်ပိုင်းမှာ လူတွေဟာ အလွန့်အလွန်
အကျင့်ပျက်လာကြပါလိမ့်မယ်။
ကိုယ့်ဆရာသမားရဲ့ မယားကိုလည်း
လေးစားရမှန်း မသိကြတော့ဘူး။
ကိုယ့်အဆွေခင်ပွန်းရဲ့ မယားကိုလည်း
သစ္စာမစောင့်ကြတော့ပါဘူး။
ဦးရီးတွေ၊ ဘထွေးတွေရဲ့ဇနီးကိုလည်း
အမိအရာ မထားတတ်ကြတော့ပါဘူး။
အဲဒီလို အချိန်ကျလာရင် ခွေးနက်ကြီးကို
လွှတ်ပေး လိုက်ရပါလိမ့်မယ်။

☸️“နောက်တစ်မျိုး ရှိပါသေးတယ်ဘုရား။ ဗြာဟ္မဏနွယ်ဖွား ပုဏ္ဏားတွေဟာ
ဝေဒကျမ်းတို့ကို လေးလေးမြတ်မြတ်
သင်ယူကျက်မှတ်ကြရပါတယ်။
အထက်ဗြဟ္မာ့ဘုံက ဗြဟ္မာကြီးတွေကို
ရည်မှန်းပြီးတော့ ယဇ် ပူဇော်ပွဲတွေ
ကျင်းပကြရပါတယ်။
အဲဒီလို အမွန်အမြတ်ထားရတဲ့ လူတွေ
ကိုယ်တိုင်က ဓား၊ လက်နက်ကိုယ်စီနဲ့
လမ်းပေါ်က စောင့်နေပြီးတော့
ဓားပြတိုက်လာကြပါလိမ့်မယ်။
အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို
လွှတ်လိုက်ရပါ လိမ့်မယ်။

☸️“နောက်တစ်မျိုး ရှိပါသေးတယ်ဘုရား။
သူတို့ဟာ ဘဝပေးအခြေအနေအရ
အသားအရေကတော့ ဖြူစင်ကြပါပေတယ်။
သူတို့ရဲ့ လက်ရုံးကြီးတွေကလည်း ယောက်ျားပီပီ တောင့်တင်းကြပါပေတယ်။
ဒါပေမဲ့ အဲဒီလိုလူစားတွေဟာ ကိုယ်တိုင်ကတော့ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်
စီးပွားမရှာတတ်ကြပါဘူး။
ဒါပေမဲ့ ကွယ်လွန်သွားတဲ့ သူဌေးကြီးတွေရဲ့ ကျန်ရစ်တဲ့မုဆိုးမ အရွယ်ကောင်းကောင်းလေးတွေကိုတော့ တစ်ယောက်နဲ့တစ်ယောက်
အလုအယက် အရယူကြပါလိမ့်မယ်။
အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို
လွှတ်လိုက် ရပါလိမ့်မယ်။

☸️“နောက်ဆုံးပိတ် တစ်မျိုး ရှိပါသေးတယ် ဘုရား။ ဒီလောကကြီးထဲမှာ နည်းမျိုးစုံနဲ့
လိမ်စားနေတဲ့ သူတွေ ရှိလာပါလိမ့်မယ်။
တချို့ ဗြောင်လိမ်ကြလိမ့်မယ်။
တချို့ကတော့ အတုပစ္စည်းတွေကို အစစ်အမှန်
ဆိုပြီး လိမ်ရောင်းကြလိမ့်မယ်။
အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို
လွှတ်လိုက်ရပါလိမ့်မယ်”
ဤကဲ့သို့ လျှောက်တင်ပြီးလျှင်
မတော်မတရားသည့် အမှုတွေ ပြုကျင့်
နေသူတို့ကို ရွေးချယ်ကာ ခွေးနက်ကြီးက
ကိုက်မည် ခဲမည် တဟဲဟဲ အသံပေး၍
ခြိမ်းခြောက်သဖြင့် မင်းရင်ပြင်နှင့်
အပြည့်ရှိနေသော လူအုပ်ကြီးမှာ
ထိတ်လန့် တုန်လှုပ်နေကြရ၏။

☸️ထိုအချိန်မှာပင် ခွေးနက်ကြီးနှင့်တကွ မုဆိုးကြီးပါ ရုတ်တရက် ကွယ်ပျောက်သွားကြ၏။
ချက်ချင်းလိုပင် အထက်ကောင်းကင်၌
သိကြားမင်းနှင့် မာတလိနတ်သားတို့
ပေါ်လာကြပေသည်။
☸️ဤတွင်မှ ဥသီနက မင်းကြီးသည် စောစောတစ်ခဏတုန်းက မိမိအား လေးလေးစားစား ဘုရားထူးလာ ခဲ့သူမှာ တာဝတိံသာကို ပိုင်စိုးသည့် သိကြားမင်းကြီးကိုယ်တိုင် ဖြစ်နေ၍
ထိပ်လန့်တုန်လှုပ်သွားရ၏။
သို့ရာတွင် သိကြားမင်းက ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိစေရန် အားပေးနှစ်သိမ့်ပြီးလျှင် –

☸️“ဥသီနက မင်းကြီး၊ ကဿပ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော် နှစ်ထောင်ကျော်သွားပါပြီ။ သာသနာတော်နောက်ပိုင်း ရောက်လာတဲ့အခါမှာ
လူတွေရော၊ ရှင်ရဟန်းတွေပါ အကျင့်ပျက်လာကြတယ်။
ဒါကြောင့် သူတို့ကို သတိပေးဖို့ လာခဲ့ပါတယ်။ မဟုတ်မတရား ပြုကျင့်တဲ့ အမှုတွေကို တားမြစ်ရအောင်လို့ နတ်ပြည်က ဆင်းလာခဲ့ကြပါတယ်။ နောက်နောင်ခါမှာ မတော်မတရားတဲ့ အမှုတွေ
ပြုလာကြမယ် ဆိုရင်တော့ အဲဒီလူတွေဆီကို
ခွေးနက်ကြီး လွှတ်ပေးရပါလိမ့်မယ်"

☸️ဤသို့ သတိပေး ခြိမ်းခြောက်ပြီးလျှင် ကဿပမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော အသပြာတစ်ရာ ထိုက်တန်သည့် ဓမ္မဒေသနာ ဂါထာလေးပုဒ်တို့ကို အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များနှင့်တကွ အကျယ်တဝင့် ဖွင့်ဆိုဟောကြား၏။
☸️ဤသို့ လူပြည်သို့ သိကြားမင်းကြီးကိုယ်တိုင် ဆင်းလာ၍ သာသနာ ပြုခဲ့သဖြင့် ကဿပမြတ်စွာဘုရား သာသနာတော်သည် ထိုအချိန်မှ နောက်နှစ်ပေါင်း တစ်ထောင်တိုင်တိုင် တည်နေနိုင်ခဲ့ပါပေသည်။

☸️ဤဇာတ်တော်ထဲက ခွေးနက်ကြီး၏
ဟောင်သံနှင့်အတူ ဝိဓူရဇာတ်တော်ထဲက
ပုဏ္ဏက ဘီလူး၏ကြုံးဝါးသံ၊ ကုသဇာတ်တော်ထဲက ကုသမင်းကြီး၏အသံ၊ ဘူရိဒတ္တ ဇာတ်တော်ထဲက သုဒဿန နဂါးမင်း၏ အသံ၊ ဤအသံလေးမျိုးတို့သည် ဇမ္ဗူဒီပါ တစ်ကျွန်းလုံးကို ရိုက်ခတ်သွားသော အသံဟူ၍ ဇာတကအဋ္ဌကထာ ဆရာကြီးက စကားချပ် ထည့်သွင်းထားပေသည်။
-ဝဏ္ဏသီရိ(ငါးရာ့ငါးဆယ်၊ ဒွါဒသကနိပါတ်၊ မဟာကဏှဇာတ်)
#ပူဇော်သူ-Kyaw Thin (19.8.24 တနင်္လာနေ့ )

17/08/2024

ချုံပုတ်ထဲက တရားသံ
☸️☸️☸️☸️☸️☸️☸️☸️
☸️ညီတော်အာနန္ဒာ အရှင်မြတ်ကြီးသည်
ငါးရာ့ငါးဆယ်၊ ဆက္ကနိပါတ်၊ ခရပုတ္တဝဂ်၊
တုဏ္ဍိလ ဇာတ်တော်တွင် ဗြဟ္မဒတ်မင်း အဖြစ်ဖြင့်
☸️ဘုရားအလောင်းတော် တုဏ္ဍိလ
ဝက်မင်း၏တရားစကားကို ကြားနာပြီးလျှင် ကြီးကျယ်ခမ်းနားစွာ ချီးပင့်မြှောက်စားခဲ့ပေသည်။

☸️ထိုဇာတ်တော်၌ ဘုရားအလောင်းတော်သည် တစ်စုံတစ်ခုသော အကုသိုလ်ကံ၏ အကျိုးပေး အလှည့် နှင့် ကြုံသဖြင့် တောအုပ်တစ်ခုအတွင်း၌ ဝက်ဘဝဖြင့် ဖွားမြင်လာခဲ့၏။
☸️သူနှင့်အတူ ဝက်ငယ်တစ်ကောင်လည်းရှိနေ၏။
☸️တစ်နေ့သောအခါ သူတို့၏ မိခင်ဝက်မကြီးသည် ဝက်ကလေးများ ဖွားမြင်ရာအရပ်တွင်
ဘေးရန်တစ်ခု ကျရောက်လာမည့်အရေးကို တွေးတောစိုးရိမ်မိသဖြင့် သားငယ်နှစ်ကောင်ကို ခေါ်ယူပြီးလျှင် ဘေးလွတ်မည်ဟု
မှန်းဆရသည့်အရပ်သို့ ထွက်လာခဲ့၏။

☸️ဝက်ငယ်ကလေးများနှင့်အတူ
ခရီးပြင်းနှင်လာခဲ့၍
ခရီးအတန်ငယ်ပေါက်သောအခါ အပန်းပြေစေရန် ကျင်းတစ်ခုထဲတွင် ဝက်ငယ်နှစ်ကောင်ကို
သိပ်ထားကာ အပေါ်မှ ဝပ်ထား၏။
☸️ထိုစဉ် မိမိတို့ သားအမိရှိရာသို့
အဘွားကြီးတစ်ယောက် လျှောက်လာနေသည်ကို တွေ့လိုက်ရသဖြင့် ဝက်မကြီးမှာ
ထိတ်ထိတ်ပျာပျာ ဖြစ်သွားရ၏။
☸️ထို့ထက်ပို၍ ကြောက်ဖွယ်ကောင်းသည်မှာ အဘွားအိုလက်ထဲက ဝါးတောင်ဝှေးပင်
ဖြစ်ပေသည်။

☸️တကယ်တော့ဖြင့် အဘွားအိုသည်
ဇရာဒဏ်ကြောင့် ခြေလှမ်းများမမှန်ချင်တော့၍ တောင်ဝှေးထောက်ပြီး သွားနေရခြင်းဖြစ်၏။
☸️သူ၏ ခေါင်းပေါ်တွင် ဝါပေါက်များကို
တောင်းနှင့်အပြည့် ရွက်လာ၏။
ဝါခင်းရှင်များက ဝါသီးများကိုဆွတ်သိမ်းပြီး၍
ချန်ထားခဲ့သောဝါသီးများ၌ ကြွင်းကျန်ရစ်သည့် ဝါပေါက်အသေးအဖွဲ လေးများကို
ကောက်သင်း ကောက်လာခဲ့ခြင်းဖြစ်ပေသည်။

☸️ဝက်မကြီးသည်ကား အဘွားကပါလာသော
ဝါးတောင်ဝှေးနှင့် အသေအကျေ
ရိုက်သတ်ပေတော့မည်ဟု တွေးတောကာ ဆောက်တည်ရာမရအောင်
ကြောက်ရွံ့တုန်လှုပ်မိသဖြင့်
လက်လွတ်ထွက်ပြေးသွားလေသည်။

☸️ဤတွင် မိခင်၏ရင်ငွေ့နှင့်
ကင်းလွတ်သွားကြရသော
ဝက်ပေါက်စလေးနှစ်ကောင်တို့သည်
ထိတ်လန့် တကြား တွင်းပေါ်သို့
တက်လာကြပြီးလျှင် လွတ်ရာသို့
ပြေးရန် ကြိုးစားကြ၏။
☸️နုနယ် သေးကွေးလှသောအရွယ်ဖြစ်၍
သူတို့၏ ကြိုးစားမှုက အရာမရောက်ပါချေ။
☸️ဤတွင် အဘွားအိုသည်
ဝက်ပေါက်စကလေး နှစ်ကောင်ကို
အလွယ်တကူဖမ်းယူကာ
ဝါပေါက်များထည့်လာသည့်
တောင်းထဲမှာထည့်၍ ယူလာခဲ့ပေသည်။

☸️အဘွားအိုသည် ဝက်ပေါက်စလေးနှစ်ကောင်ကို အိမ်မှာအသိုက်အမြုံလုပ်ပေးကာ
ကျွေးမွေးထား၏။
ဝက်ပေါက်စကလေးများ တစ်နေ့တခြား
ကြီးထွားလာသကဲ့သို့ အဘွားအို၏
ချစ်ခြင်းမေတ္တာသည်လည်း တိုးပွားလာ၏။
ဝက်မကြီးက မွေးထားခဲ့သည့် ဝက်ကလေးများကို မိမိမွေးထားသည့် သားငယ်လေးများဟု သဘောထားလာ၏။
☸️သို့ရာတွင် သူ့ခမျာ သားထောက်သမီးခံမရှိ။ ဆင်းရဲစွာသော တစ်ကောင်ကြွက်
အဘွားအိုဖြစ်နေ၍ ဝက်စာကိုအနည်းငယ်မျှသာ ကျိုချက်နိုင်၏။
ကျဲတောက်တောက် ဝက်စာထဲတွင်
မိမိ၏စားကြွင်းစားကျန် ထမင်းအနည်းငယ်၊
ဟင်း အနည်းငယ်မျှသာ ထည့်နိုင်၏။

☸️သို့ဖြစ်၍ အဘွားအို၏ ဝက်စာခွက်သည်
ပြည့်နေသည်ဟူ၍ မရှိပါချေ။
နေ့စဉ်နေ့တိုင်း ဟောက်တိဟောက်ပက်
တစ်ဝက်လောက်နှင့်သာ ဖြစ်သလို
ကျွေးမွေး၍ ထားခဲ့ရပေသည်။
☸️ဝက်ပေါက်စကလေးများကတော့
စားခွင့်ရသမျှ တစ်စေ့မျှမကျန်အောင်
ခွက်ကို လျက်၍ စားကြ၏။
စားရသမျှဖြင့် အသားဖြစ်ကာ
ဝက်ပေါက်ကလေးများ ဖြစ်လာကြ၏။

☸️မကြာမီပင် ဝက်ပေါက်ကလေးမှတစ်ဆင့်
ဝက်ပျိုများ ဖြစ်လာကြ၏။
ဤတွင် ဝက်ညီနောင် နှစ်ကောင်လုံး၏
နှုတ်သီးများသည် ဝက်တို့၏သဘာဝအတိုင်း နှုတ်သီးကြီးတွေ ကော့ကော့လန်လန်နှင့်
ကြီးထွားလာခဲ့ရာ အဘွားအိုထံ
အရောက်အပေါက်ရှိသူများက
တုဏ္ဍိလဟုခေါ်ကြ၏။
နာမည်တူ တုဏ္ဍိလနှစ်ကောင် ဖြစ်နေ၍
အကြီးကို မဟာကုဏ္ဍလဟုခေါ်ပြီးလျှင်
အငယ်ကောင်ကိုကား စူဠတုဏ္ဍိလဟူ၍
ခေါ်ဝေါ်ကြလေ သည်။

☸️အဘွားအိုသည် ဝက်ညီနောင် နှစ်ကောင်လုံးကို သားဟူ၍ သတ်မှတ်ထားသော်လည်း
မဟာတုဏ္ဍိလကို အချစ်ပိုနေ၏။
ထို့ကြောင့် မဟာတုဏ္ဍိလကိုသာဦးစွာ
ခေါ်ကျွေးတတ်၏။
မဟာတုဏ္ဍိလ စားပြီးသွားခါမှ
စူဠတုဏ္ဍိလကို ကျွေးတတ်၏။
☸️မဟာတုဏ္ဍိလကမူ မိမိဘာသာ
အစ်ကိုကြီးပါလားဟူ၍ အသိဓာတ်ကိန်းဝပ်နေသည်ဖြစ်၍ တစ်ဝက်လောက်သာရှိသော
အစာကို တစ်ဝက်လောက်ချန်၍ ထားခဲ့ပါပေသည်။

☸️တစ်နေ့တခြား အသားအရေ ပြည့်လာ၍ ဝက်သိုးကြီးများ ဖြစ်လာသည်တွင်
ဝယ်လိုသူတွေ ဝင်လာမစဲ ဖြစ်လာကြ၏။
ဝယ်လိုသူများက –
☸️“အမေကြီးရေ၊ ဝက်ကြီးတွေက ရောင်းချိန်ရောက်လာပြီနော်။
အခုလို အချိန်မျိုးမှာ ထိပ်ထုပြီး
အသားပေါ် လိုက်ရင်
ငါးဆယ်ထွက်ထက်နည်းမှာ မဟုတ်ဘူး”
☸️ဆိုကြလျှင် အဘွားအိုက
ကက်ကက်လန်အောင် ရန်ထောင်တော့၏။

☸️“ဟဲ့… ဒါက အသားပေါ်ရောင်းတဲ့
ဝက်မဟုတ်ဘူးဟဲ့။
ငါ့သားတွေဟဲ့၊ ငါ့သားတွေ။
ဘယ့်နှယ်တော်၊ ငါ့သားတွေကိုများ
ရောင်းမလား ဘာလားနဲ့ ရာရာစစ”
☸️ဤသို့ စသည်ဖြင့် ငြင်း၍ငြင်း၍
လွှတ်ခဲ့သည်သာဖြစ်၏။
☸️ဤသို့ဖြင့် တုဏ္ဍိလ ညီနောင်တို့သည်
ဝမြဲဝ၍ လာကြရာ သူတို့ကိုကြည့်၍
သွားရည်ယိုသူတွေ များသည်ထက်များလာကြ၏။ သို့ရာတွင် အဘွားအို၏ ရန်ထောင်ခံရမှာ
ကြောက်ကြရသဖြင့် ဝယ်ချင်ပါလျက်နှင့်
စကားစဖို့ အခက်တွေ့နေကြပါပေသည်။

☸️တစ်နေ့တွင်ကား ဗာရာဏသီ မြို့တော်တွင် ရိုးရာအစဉ်အလာအရ ပွဲတော်တစ်ခု ရှိလာ၏။ အပျော် အပါး ပွဲတော်နေ့မျိုး ဖြစ်၍ အသောက်အစား ဝါသနာပါသူများက အရက်သေစာများ သောက်စားကြ၏။
အရက်သောက်ရာတွင် အသားကလည်း
တွဲဖက်ဖြစ်နေ၍ ထိုနေ့တွင်
ဗာရာဏသီမြို့တော်က အသားပေါ် ရောင်းသူများအဖို့ လက်ကျန်မရှိအောင်ရောင်း၍
ကောင်းခဲ့ပေသည်။

☸️ပွဲတော်တွင် နွှဲပျော်နေကြသူထဲတွင် လူရွယ်လူလတ် သုံးဆယ်တို့သည်
အသောက်သန်သူများ ဖြစ်ကြ၏။
အသောက်သန်သည်နှင့်အမျှ အစားကကြမ်းသဖြင့် ဝယ်ယူ ချက်ပြုတ်ထားသောအသားများ
တစ်ခဏ ချင်းဖြင့် ကုန်သွားကြတော့၏။
☸️စားပွဲသောက်ပွဲ အရှိန်ကောင်းနေတုန်းမှာမှ အသားက ပြတ်သွားသဖြင့်
အမူးသမားသုံးဆယ်တို့မှာ
နေမထိထိုင်မသာ ဖြစ်ကုန်ကြရ၏။
ဗာရာဏသီ တစ်မြို့လုံးမှာ သူတို့လို
အသောက်သန်သန် အစားကြူးသူတွေ
မင်းမူနေသဖြင့် အသားက ဘယ်မှာမှ ရှာမရပါချေ။

☸️နောက်ဆုံးမှာတော့ အမူးသမားသုံးဆယ်တို့သည် တုဏ္ဍိလတို့၏မိခင်ထံ ရောက်လာကြ၏။
ဝက် နှစ်ကောင်ထဲက တစ်ကောင်ကိုရောင်းရန် စကားစလိုက်သည်နှင့်ပင် အဘွားအိုက
ထုံးစံအတိုင်း ခါးခါးသီးသီး ငြင်းပါတော့သည်။
☸️ဤတွင် အမူးသမားတို့သည် အဖြစ်မှန်ကို သဘောပေါက်သွားကာ ဝက်ဝယ်ယူရေးကို တစ်စွန်းတစ်စမျှ မပြောတော့ဘဲ အဘွားအို နှစ်သက်တတ်သော စကားဖြင့် ချော့မော့ကြ၏။ အဘွားအိုကို အကျွမ်းဝင်အောင်
စည်းရုံးကြပြီးလျှင် ကျီစယ်သကဲ့သို့
ပြုမူကာ အဘွားအိုအား အရက်တိုက်ကြ၏။ အဘွားအိုက အစတော့ ငြင်းပါသေး၏။
သို့ရာတွင် အမူးသမားတို့က ချော့မော့ပြောဆိုရင်း နည်းနည်းချင်း နည်းနည်းချင်း တိုက်ကြလေရာ
မကြာမီမှာပင် ရေချိန်ကိုက်၍ သွားပါတော့သည်။
(ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပေးပါမည်။)
-ဝဏ္ဏသီရိ(ငါးရာ့ငါးဆယ်၊ ဆက္ကနိပါတ်၊ ခရပုတ္တဝဂ်၊ တုဏ္ဍိလဇာတ်)
#ပူဇော်သူ-Kyaw Thin (15.8.24 ကြာသပတေး‌နေ့)

ချုံပုတ်ထဲက တရားသံအပိုင်း(၂)
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
☸️အရက်တန်ခိုးဖြင့် သားစိတ် ပျောက်သွားသည်ကို အခွင့်ကောင်းယူ၍ အမူးသမားများက အရောင်း အဝယ်ကိစ္စ စကားပြန်စကြသောအခါ အဘွားအိုက အငယ်ကောင်ကို ရောင်းဖို့ အလွယ်တကူ သဘောတူလိုက် လေသည်။
☸️မိမိတို့၏ ကျွေးမိခင် ကျေးဇူးရှင်ကြီး အမူးသမားများနှင့် အဖွဲ့ကျနေကတည်းက ဝက်ညီနောင်တို့သည် လွတ်ရာကျွတ်ရာ ရှောင်ကြပြီးလျှင် ချုံကောင်းကောင်းထဲမှာ အသာလေး ငြိမ်ကုပ်၍ ပုန်းနေရာမှ အိမ်ဆီသို့ နားစွင့်ထားကြ၏။

☸️အတန်ငယ်ကြာသောအခါတွင်
မူးသံကြီးနှင့် ခေါ်သံ ထွက်ပေါ်လာ၏။
☸️“သားလေး စူဠတုဏ္ဍိလရေ၊ လာဟေ့၊ လာဟေ့။ ဟောဒီမှာ အစာတွေ အပြည့်ကွဲ့၊ အမောက်ကွဲ့။
အမေ့သားလေး တဝကြီး စားလှည့်စမ်း၊
စားလှည့်စမ်း”
☸️အရက်တန်ခိုးဖြင့် အဘွားအို၏ ခေါ်သံက
ခါတိုင်းထက် ဝေဝေဆာဆာ ရှိနေ၏။
အစာစားဖို့ ခေါ်သံကြားလိုက်လျှင် လေးဖက်ခြေစုံပစ်၍ လုံးနေအောင် ပြေးလာနေကျဖြစ်၍
စူဠတုဏ္ဍိလသည် တအားကုန်
ပြေးရန်ဟန်ပြင်လိုက်လေရာ –

☸️“ဟေ့…. နေဦးကွ ညီလေးရ။
ချက်ချင်းကြီး ပြေးမသွားလိုက်နဲ့ဦး။
တို့အမေရဲ့ အသံက မူမမှန်ဘူးကွ။
ခါတိုင်းနေ့များတုန်းက ငါ့ကို အရင် ခေါ်နေကျ။ အခုမှ မင့်တစ်ကောင်တည်းကိုအရင်ခေါ်တာ
ဆန်းနေတယ်။
ဒီတော့ သူ့နားကိုမင်းက
ရုတ်တရက် ပြေးမသွားလိုက်နဲ့ဦး။
လွတ်လောက်တဲ့ နေရာက
အသာလေးချောင်းကြည့်လိုက်စမ်း။
မင်း မြင်သမျှ ငါ့ကို ပြော ဟုတ်ပြီလား”
☸️“ဟုတ်ကဲ့ အစ်ကို၊ ဟုတ်ကဲ့”

☸️စူဠတုဏ္ဍိလ ရိုသေစွာ တုံ့ပြန်ပြီးလျှင်
လွတ်လောက်သည့်နေရာက
အသာလေး ချောင်းကြည့်ပြီးလျှင်
အစ်ကိုကြီးဖြစ်သူထံ ပြန်လာခဲ့၏။
သို့ရာတွင် သူ့ခမျာ အနားရောက်အောင်မလာပေ။ ဟိုရှေ့မှာ တွေ့လိုက်ရသောမြင်ကွင်းကြောင့် ဆတ်ဆတ်တုန်နေရှာ၏။
ခြေလေးဘက်ဖြင့်ရပ်တည်၍
မရနိုင်တော့ဘဲ တုံးလုံးလဲကာ
ချာချာလည်နေတော့၏။
သူ့မျက်လုံးများကလည်း
ပုန်းကွယ်မည့်နေရာကို ရှာဖွေရင်း ပြူးတူးကြောင်တောင် ဖြစ်နေရှာပေသည်။

☸️ဤတွင် အစ်ကိုဖြစ်သူ
မဟာတုဏ္ဍိလသည် ညီငယ်ထံ
အပြေးအလွှား သွား၍ နှစ်သိမ့်အားပေးကာ -
☸️“ညီလေးရာ၊ မင်းမှာ
ကြောက်အားပိုလှချည်လားကွာ။
တို့အမေနားမှာ ဘာတွေများ
အထူးအဆန်း မြင်ရလို့လဲကွာ။
အစ်ကိုကြီးကို ပြောပြစမ်းပါ”

☸️ဤသို့ အသံတည်တည်ငြိမ်ငြိမ်ဖြင့်
မဟာတုဏ္ဍိလကမေးလိုက်မှ
စုဠတုဏ္ဍိလသည် တုန်တုန်လှုပ်လှုပ်
☸️“အစ်ကိုရာ၊ ဒီကနေ့ ကျွန်တော်မြင်လိုက်ရတာက ထူးမှထူးပါပဲဗျာ၊ ခါတိုင်း ကျွန်တော်တို့ အစာခွက်ထဲ ကြည့်လိုက်ရင် ဆန်ကွဲအကျိုးအကြေတွေကို ကျိုထားတာ တွေ့ရမယ်။
☸️ထမင်းဆိုရင်လည်း ဖြူဖြူဖွေးဖွေးရယ်လို့
ပါရိုး မရှိဘူး။
အိုးဖင်မှာ ကပ်နေတဲ့ ထမင်းချိုးတွေ
မရမက ခူးပြီး ထည့်ထားတာတွေချည်းပဲ။
☸️နောက်ပြီးတော့လည်းခွက်က
ဘယ်တော့မှ မပြည့်ဘူး။
တစ်ဝက်လောက် ပြည့်လာရင် ကံကောင်းပဲ”

☸️“ဒါကတော့ ညီလေးရာ၊ သူ့ခမျာ တတ်နိုင်သလောက်ပဲ ကျွေးရတာကွာ။
ဒီအစာတွေနဲ့ပဲ ငါတို့ ညီအစ်ကို အခုအရွယ်ထိ ရောက်လာကြရတာ မဟုတ်လားကွ”
☸️“ဟုတ်ပါတယ် အစ်ကိုရာ။
ကျွန်တော်တို့ကို ကျွေးမွေးခဲ့တဲ့
ကျေးဇူးကို ကျွန်တော် မပစ်ပယ်ပါဘူး။
☸️ဒါပေမဲ့ သိပ်ပြီး ထူးဆန်းတာပဲ အစ်ကိုရာ။
ခါတိုင်း တစ်ဝက်လောက်သာရှိခဲ့တဲ့ အစာခွက်ထဲမှာ အစာတွေက အပြည့်အမောက်ကြီး။
☸️ကျွန်တော်ဖြင့် မြင်မြင်ချင်း သွားရည်တွေ
ကျမိပါရဲ့။ ခါတိုင်းက စားမကုန်တဲ့ အကြွင်းအကျန်တွေ၊ အခုတော့ အငွေ့တထောင်းထောင်းနဲ့
အိုးထဲက ခူးပြီးလာခါစ ဖြစ်လိမ့်မယ်”

☸️“ဒါလောက်နဲ့ပဲ ငါ့ညီက ဒူးတုန်အောင် ကြောက်ရလားကွ။ သွေးကလည်း နည်းမှနည်းဟေ့”
☸️“မဟုတ်သေးဘူး အစ်ကိုရ။
ဆုံးအောင်လည်း နားထောင်ပါဦး။
အစာခွက်နားမှာ ကျွန်တော်တို့ရဲ့အမေ ရပ်နေတယ်။
☸️သူ့အနားမှာလည်း အမူးသမားတွေက တစ်ပြုံကြီး။ သူတို့လက်ထဲမှာလည်း ကျွန်တော်တို့ ကို ဖမ်းချည်ဖို့ ကြိုးက အသင့်"

☸️"ဪ... ငါ့ညီရေ၊ ဟုတ်ပြီ ဟုတ်ပြီ။
ဒီနေ့တော့ ငါတို့ညီအစ်ကို သေဘေးနဲ့ တွေ့ကြပြီ။ လက်စသတ်တော့ ငါတို့ရဲ့အမေက ငါတို့ကို
အသားပေါ်ပြီး ရောင်းစားဖို့
ကျွေးမွေးလာခဲ့တာကိုးကွ။
မကြောက်စမ်းပါနဲ့ ငါ့ညီရာ။
မွေးတစ်နေ့ သေတစ်နေ့ပေါ့ကွာ”

☸️အစ်ကိုဖြစ်သူ မဟာတုဏ္ဍိလက
ညီငယ်ကို တရားပြ နားချ၏။
ဘဝပေါင်း အသင်္ချေက ဆည်းပူးလေ့လာခဲ့သော ပါရမီဓာတ်ခံသည် ဘုရားအလောင်းတော်တို့၏ သန္တာန်၌ အစဉ်လိုက်ပါလာခဲ့သည်သာ ဖြစ်၏။
☸️ကံကြမ္မာပစ်ချ၍ ယခုဘဝ၌ ဝက်ဘဝသို့ ကျရောက်နေသော်ငြားလည်း တရားသဘောနှင့် ယှဉ်စပ်သော အသိအမြင်ကတော့ ကြည်လင်မြဲ ကြည်လင်နေသည်သာ ဖြစ်၏။
(တတိယပိုင်းကို ဆက်လက်ဖော်ပြပေးပါမည်။)
-ဝဏ္ဏသီရိ(ငါးရာ့ငါးဆယ်၊ ဆက္ကနိပါတ်၊ ခရပုတ္တဝဂ်၊ တုဏ္ဍိလဇာတ်)
#ပူဇော်သူ-Kyaw Thin (16.8.24 သောကြာနေ့)

☸️ထို့ကြောင့် အလောင်းတော်မဟာတုဏ္ဍိလက သည် ညီငယ် စူဠတုဏ္ဍိလကို ဆက်လက်၍
တရားဟောလို သဖြင့် -

ဩဂဟ ရဟဒံ အကဒ္ဒမံ ၊
သဗ္ဗ သေဒမလံ ပဝါဟယ။
ဂဏှာဟိ နဝံ ဝိလေပနံ၊
ယဿ ဂန္ဓော နကဒါစိ ဆိဇ္ဇတိ။

☸️လေးပါဒရှိသော ဤဂါထာတော်ကို စတင်၍ ဟောကြားလိုက်လေသည်။
ဤဂါထာ၏ အနက်အဓိပ္ပာယ်မှာ
☸️“ငါ့ညီ စူဠတုဏ္ဍိလ၊ ရွှံ့ညွန်တွေမရှိ
ပကတိ စင်ကြယ်လှစွာသော
ရေကန်သို့ ဆင်းလိုက်စမ်းပါ။
☸️ငါ့ညီရဲ့ ကိုယ်ပေါ်မှာ ကပ်ငြိနေတဲ့ ချွေးတွေ၊ အညစ်အကြေးတွေကို ဆေးကြောပစ်လိုက်စမ်းပါ။
☸️တစ်ကြိမ် တစ်ခါ လိမ်းထားလိုက်လျှင်
ဘယ်အခါမှ မွှေးရနံ့မပြယ်တော့တဲ့
နံ့သာအသစ်စက်စက်ကို လိမ်းထားလိုက်စမ်း "
ဟူ၍ ဖြစ်၏။

☸️အလောင်းတော် မဟာတုဏ္ဍိလသည်
ဤဂါထာကို ဟောကြားရန် ကြံစည်မိသည်နှင့် တစ်ပြိုင်နက် ဘဝဘဝက လေ့လာဆည်းပူးလာခဲ့သည့် ပါရမီတို့ကို ပြန်လည်၍ အောက်မေ့လိုက်၏။
☸️ထို့ပြင် တစ်ယူဇနာမျှ အကျယ်အဝန်းရှိသော
ဤဗာရာဏသီမြို့တော်၏
သက်ရှိသတ္တဝါအားလုံးအပေါ်မှာ အာရုံဖြန့်ကြက်၍ မေတ္တာဘာဝနာကို ပွားများလိုက်၏။
☸️ထို့ကြောင့် အလောင်းတော် မဟာတုဏ္ဍိလ၏ အထက်ပါ ဂါထာရွတ်သံသည်
ဗာရာဏသီမြို့တော်ကြီး တစ်ခုလုံးအပေါ်မှာ လွှမ်းခြုံသွားလေတော့သည်။

☸️မြို့တော်ရှိ သူဌေးသူကြွယ်တို့မှစ၍
အိမ်ရှေ့မင်းအထိ ကြီးကျယ်ထင်ရှားသူများနှင့်တကွ ကြားကြသမျှ ပရိသတ်အပေါင်းသည် သာယာနာပျော်ဖွယ် ကောင်းလှစွာသော
တရားစကားကို ဆက်လက်၍
နာကြားလိုကြသဖြင့် တရားသံထွက်ပေါ်လာသည့် နေရာသို့ စုဝေးလာကြ၏။
☸️မလာနိုင်သော သူတို့ကလည်း
မိမိတို့နေရာကပင် ဆက်လက်၍ ကြားနာရအောင်
အသင့်အနေအထားဖြင့် နားစွင့်၍
ထားကြလေသည်။

☸️လာလာသမျှသော ပရိသတ်ကြီးသည် အလောင်းတော် ညီအစ်ကိုတို့ ရှိနေသည့်
ချုံပုတ်၏ ပတ်ပတ် လည် ဝန်းရံလိုက်ကြ၏။
☸️အိမ်ရှေ့မင်းနှင့်အတူ လိုက်ပါလာကြသော အမှုထမ်းများက တရားနာပရိသတ်တို့အတွက် အနှောင့်အယှက်ဖြစ်နေသည့်
ချုံပုတ်ကို ခုတ်ထွင်ရှင်းလင်းပြီးလျှင်
မြေပြင်ကို သန့်စင်အောင်၊
ညီညီညွတ်ညွတ်ဖြစ်နေအောင် ပြုပြင်ကြ၏။ စည်မျက်နှာကဲ့သို့ ညီညာလှသော မြေအပြင်တွင် သဲဖြူဖြူများ ကြဲဖြန့်ပေးကြ၏။

☸️စောစောတုန်းက အမူးသမားတို့ကို
ဒူးတုန်အောင် ကြောက်ခဲ့ရသော စူဠတုဏ္ဍိလသည်
ဤတစ်ကြိမ်မှာတော့
ကြောက်စိတ်ပေါ်မလာတော့ပါ။
☸️မိမိအစ်ကိုဖြစ်သူ၏ တရားသံကို
နှစ်သက်မြတ်နိုးစွာ နာခံရအောင်
ရောက်လာကြသည်ကို သဘောပေါက်ထား၏။
☸️ဤသို့ ပရိသတ်များနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း သဘောပေါက်ထားသော
စူဠတုဏ္ဍိလသည်
☸️အစ်ကိုဖြစ်သူ ရွတ်ဆို ဟောကြားလိုက်သည့် တရားဒေသနာ ဂါထာတစ်ပုဒ်၏
ဆိုလိုရင်း အနက်အဓိပ္ပာယ်ကိုတော့
သဘောမပေါက်နိုင်ပါချေ။

☸️အစ်ကိုကြီးဖြစ်သူက မိမိကို ရွှံ့ညွန်မရှိ
ပကတိကြည်လင်နေသော ရေကန်တွင်းသို့ ဆင်းသက်ပါဟု ဆိုခဲ့၏။
☸️မိမိတို့ ဝက်အမျိုးအနွယ်များမှာ
ရေကြည်ကြည်ရှိနေသော ရေကန်ထက်
ရွှံ့တွေ၊ ညွန်တွေနှင့် အပြည့်ရှိနေသော
ရေအိုင်မျိုးကိုမှ သဘောကျကြ၏။
☸️ထို့ပြင် အစ်ကိုကြီးက မိမိကိုယ်ပေါ်က
ချွေးတွေ၊ အညစ်အကြေးတွေကို
ဆေးကြောပစ်လိုက်စမ်းပါဦး တဲ့။
☸️ဝက်အမျိုးအနွယ်မှန်လျှင် အညစ်အကြေးတွေ တစ်ကိုယ် လုံး ပေကျံနေမှသာ နေသာထိုင်သာရှိသည် မဟုတ်ပါလား။

☸️နောက်တစ်မျိုးကလည်း ဘဝတစ်သက်တာမှာ တစ်ကြိမ်တစ်ခါ လိမ်းထားလိုက်လျှင်
ဘယ်သောအခါ မှ ရနံ့မပြယ်တော့တဲ့ နံ့သာမွှေး အသစ်စက်စက်ကို လိမ်းထားလိုက်ပါဦး တဲ့။
☸️အစ်ကိုရယ်၊ ဘယ်လိုများ ပြောလိုက်ပါလိမ့်။ ဘယ်လိုများ ဟောလိုက်ပါလိမ့်။
နံ့သာလိမ်းပြီး ပန်းပန်ထားဖို့
ဆက်မပြောတာက တော်လှပါပြီ။

☸️ထို့ကြောင့် တရားနာပရိသတ်၏
အလယ်ဗဟိုတွင် တရားဟော ဓမ္မကထိကနှင့်
အတူရှိနေသော စူဠတုဏ္ဍိလက အစ်ကိုဖြစ်သူ၏ ဟောကြားချက် သဘောအဓိပ္ပာယ်မှန်ကို
သိလိုလှသဖြင့် –
☸️“အို…. အစ်ကိုကြီး မဟာတုဏ္ဍိလ၊ အစ်ကိုကြီး ဟောကြားထားတဲ့ တရားဒေသနာတော်ထဲက
ရွှံ့ညွန်မရှိ
☸️ပကတိကြည်လင်နေတဲ့ ရေကန်ဆိုတာက ဘယ်လိုပါလဲ။
☸️ချွေးတို့၊ အညစ်အကြေးတို့ ဆိုတာကကော ဘယ်လို ပါလဲ။
☸️တစ်သက်တာမှာ တစ်ကြိမ်တစ်ခါ
လိမ်းထားလိုက်လျှင် ဘယ်တော့မှ
မွှေးရနံ့မပြယ်တဲ့ နံ့သာအသစ်စက်စက်
ဆိုတာကကော ဘယ်လိုပါလဲ အစ်ကိုကြီး။
☸️အစ်ကိုကြီး ဟောကြားလိုတဲ့
သဘောအဓိပ္ပာယ် ဘယ်လိုပါလဲ”

☸️ဤသို့ တရားထောက်သဘောဖြင့်
မေးမြန်းလိုက်လေရာ အလောင်းတော်
ဓမ္မကထိက မဟာတုဏ္ဍိလက ရှေးဦးစွာ
ဂါထာတစ်ပုဒ်ဖြင့် ရှင်းလင်း
ဟောကြားလိုက်လေသည်။

ဓမ္မော ရဟဒေါ အကဒ္ဒမော၊
ပါပံ သေဒမလန္တိ ပဝုစ္စတိ။
သီလဉ္စ နဝံ ဝိလေပနံ၊
တဿ ဂန္ဓော န ကဒါစိ ဆိဇ္ဇတိ။

☸️ထိုဂါထာ၏ သဘောအဓိပ္ပာယ်မှာ –
“ညီလေးနဲ့တကွ ညီညာဖြဖြ ရောက်လာကြတဲ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့။
ရွှံ့ညွန် မရှိ ပကတိကြည်လင်နေတဲ့
ရေကန်ဆိုတာက ဒီမြေပြင်ပေါ်မှာရှိနေကြတဲ့ ပကတိရေကန် မဟုတ်ပါဘူး။
သူတော်ကောင်းတို့ရဲ့ စိတ်အစဉ်ကို
ကြည်လင်စေတတ်သော သဘောအားဖြင့် အသင်္ခတဓာတ် မြင့်မြတ်လှစွာသော
နိဗ္ဗာန်တရားတော်ကြီး ဖြစ်ပါတယ်။
နောက်ပြီးတော့ ချွေးတို့၊ အညစ်အကြေးတို့
ဆိုတာကလည်း ကိုယ်ခန္ဓာပေါ်မှာ ကပ်ငြိနေတဲ့ ပစ္စည်းတွေကို တိုက်ရိုက်အားဖြင့်
မဟောကြားလိုပါဘူး။

☸️သူတော်ကောင်းတို့ရဲ့
စိတ်သန္တာန်ကို မတင့်မတယ် ရွံရှာဖွယ်
ဖြစ်စေတတ်တဲ့ ကိလေသာများကိုသာ
ဆိုလိုပါတယ်။
ဘဝတစ်သက်တာမှာ တစ်ကြိမ်တစ်ခါလေး
လိမ်းထားလိုက်ရုံနဲ့ တစ်သက်တာလုံး
မွှေးရနံ့မပြယ်တဲ့ နံ့သာကတော့
ကိုယ်ကျင့်သီလသာ ဖြစ်ပါတယ်။

☸️ဒါကြောင့် ညီလေးနဲ့တကွ
ရောက်လာကြတဲ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့သည်လည်း
နိဗ္ဗာန်တည်းဟူသောရေကန်မှာ
ဆင်းသက်ရေချိုး၍
စိတ်နှလုံးသန့်ရှင်းကြည်လင်ကြပါစေ။
ကိလေသာတည်းဟူသော ချွေးတွေ၊ အညစ်အကြေးတွေကို ဆေးကြောပြီးတော့ စိတ်နှလုံး အေးချမ်းကြပါစေ၊
သီလတည်းဟူသော နံ့သာမွှေးသစ်ကို
လိမ်းကျံပြီးတော့ တစ်သက်တာလုံး
ဂုဏ်သတင်း မွှေးပျံ့သူတို့ ဖြစ်ကြပါစေသတည်း”

☸️ဤသို့ အလောင်းတော် ဓမ္မကထိက မဟာတုဏ္ဍလက ဂါထာတစ်ပုဒ် ဟောကြားလိုက်၏။
အဆုံး၌ ဗာရာဏသီမြို့တော်ကြီးတစ်ခုလုံး သာဓုခေါ်သံများ ဖုံးလွှမ်းသွားလေသည်။
☸️အားပါးတရ ထပ်ကာထပ်ကာ
ထွက်ပေါ်နေကြသည့် သာဓုခေါ်သံများ
အားပျော့သွားသောအခါ အလောင်းတော်
မဟာတုဏ္ဍိလက နောက်ထပ် ဂါထာတော်တစ်ပုဒ်ကို ထပ်မံ၍ ဟောကြားပြန်လေသည်။

☸️နန္ဒန္တိ သရီရ ဃာတိနော၊
န စ နန္ဒန္တိ သရီရဓာရိနော။
ပုဏ္ဏာယစ ပုဏ္ဏမာသိယာ၊
ရမမာနာဝ ဇဟန္တိ ဇီဝိတံ။

ဤဂါထာ၏ သဘောအဓိပ္ပာယ်မှာ ဤသို့ ဖြစ်၏။

☸️“ညီလေးနဲ့တကွ ညီညာဖြဖြရောက်လာကြတဲ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့။
မညှာရက်စက် သူ့အသက်ကိုသတ်ပြီး
သူ့အသားကိုစားတဲ့အမှုကို
သူ့အသက်ကို သတ်လေ့ရှိသူတို့ကသာ
နှစ်သက်ကြပါတယ်။
☸️သူ့အသက်ကို သတ်လေ့မရှိသူတို့ကတော့
အဲဒီလိုအမှုမျိုးကို မနှစ်သက်ကြပါ။
ယခုလို တစ်ဆယ့်ငါးရက် ပြည့်ဝတဲ့လပြည့်နေ့မှာ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ သူတွေကတော့
ကိုယ့်သီလနဲ့ ကိုယ် ပျော်ပျော်ကြီး
နေပြီးတော့ အသက်ကို စွန့်နိုင်ကြပါတယ်”

☸️ဤဂါထာဖြင့် ဘုရားအလောင်းတော် ဓမ္မကထိက မဟာတုဏ္ဍိလက ညီလေးကို
ဖမ်းသတ်ရန် ပြင်ဆင် နေခဲ့ကြသည့်
အမူးသမားသုံးကျိပ်တို့ကို ဖိတ်ခေါ်လိုက်၏။
☸️သို့ရာတွင် အမူးသမားသုံးကျိပ်တို့မှာ
တရားနာ ပရိသတ်ကြီးနှင့်အတူ
အလောင်းတော်၏တရားစကားကို
ကြားနာရသဖြင့် အမူးပြေသွားကြ၏။
☸️သတ်ချင် ဖြတ်ချင်စိတ်များ
ကင်းပျောက်သွားကြ၏။
သူတို့နည်းတူပင် အရက်တန်ခိုးဖြင့်
သားအငယ်ကို ဝက်သတ်သမားများထံထိုး၍
အပ်နှံမိခဲ့သောအမေအိုလည်း
အမူးပြေသွားပြီ ဖြစ်၏။
☸️မိမိပြုခဲ့မိသော ပြစ်မှုကြီးအတွက်
နောင်တကြီးစွာရရှိကာ
စူဠတုဏ္ဍိလကို တုန်တုန်ခိုက်ခိုက်နှင့်
ပွေ့ပိုက်၍ ထားလေသည်။

☸️ဤတရားဂါထာအဆုံး၌လည်း
တရားနာပရိသတ်တို့၏ သာဓုခေါ်သံသည် ကောင်းကင်ယံတစ်ခုလုံး၌
ပြည့်လျှံသွားပေသည်။

☸️ထိုအချိန်၌ ညီတော်အာနန္ဒာ
အလောင်းအလျာသည် မင်းစဉ်မင်းဆက်
ခံယူလေ့ရှိသော ဗြဟ္မဒတ်မင်းဟူသော
ဘွဲ့အမည်ဖြင့် ဗာရာဏသီ မြို့တော်၌
ထီးနန်းစိုးစံလျက်ရှိ၏။

☸️ဗြဟ္မဒတ်မင်းသည်လည်း မြို့တော်သူ၊
မြို့တော်သားတို့နှင့် အတူတကွ
တရားပွဲသို့ လာရောက်၍တရားနာ၏။
☸️အလောင်းတော် မဟာတုဏ္ဍိလ၏
တရားစကားကို အားရကျေနပ်လှသဖြင့်
သူတို့ညီနောင် နှစ်ကောင်လုံးကို နန်းတော်သို့
ခေါ်ယူစေပြီးလျှင် နံ့သာရည်တို့ဖြင့်
ဆေးကြော သန့်စင်စေ၏။
အမျိုးအစားကောင်သောနံ့သာနှစ်တို့ဖြင့်
တစ်ကိုယ်လုံး လိမ်းကျံစေ၏။
လည်ပင်း၌ ပတ္တမြားလည်ဆွဲကို ဆွဲပေးပြီးလျှင် သားအမှတ်ဖြင့် မွေးမြူထားလေသည်။
ဝက်ညီနောင်တို့အား ကျွေးမွေးထားခဲ့သည့်
အဘွားအိုကိုလည်း သီးခြားအိမ် တစ်လုံးဖြင့် ချီးမြှောက်ထားပေသည်။

☸️ညီတော်အာနန္ဒာ
အလောင်းတော်ဖြစ်သည့်အားလျော်စွာ ဗြဟ္မဒတ်မင်းသည် ဘဝပေါင်းများစွာက
ဘုရားအလောင်းတော်၏ ဆုံးမသွန်သင်မှုများကို လေးစားစွာ လိုက်နာကျင့်သုံးခဲ့ရသော
အလေ့အထကြောင့် ထိုဘဝ၌လည်း
သားအဖြစ် မွေးစားထားသည့်
မဟာတုဏ္ဍိလကို ဆရာသမားအရာ၌ထား၍ လေးလေးစားစား ဆက်ဆံခဲ့ရပေသည်။

☸️ဗြဟ္မဒတ်မင်းသည် အလောင်းတော်
မဟာတုဏ္ဍိလ၏ အဆုံးအမကိုခံယူပြီးလျှင် ငါးပါးသီလကိုလည်း ဆောက်တည်၏။
ပြည့်ရှင်မင်းကိုယ်တိုင်က ငါးပါးသီလ ဆောက်တည်ထားသဖြင့် ဗာရာဏသီတစ်မြို့လုံး ငါးပါးသီလ စောင့်ထိန်းသူတွေ ဖြစ်လာကြ၏။
☸️ထို့ပြင် အလောင်းတော် မဟာတုဏ္ဍိလသည် လပြည့်၊ လကွယ်နေ့တို့၌ တရားဟော၏။
တရားရုံးတော် ၌ တရားတပေါင် ဆုံးဖြတ်ရန် အခက်အခဲရှိလျှင် အလောင်းတော်က
တရားသူကြီးနေရာသို့ တက်၍
အဆုံးအဖြတ်ပေးရ၏။
☸️အလောင်းတော်ကိုယ်တိုင် တရားဥပဒေနှင့်အညီ အမှန်အကန် ဆုံးဖြတ်ပေးထားသဖြင့်
တရားဥပဒေကို လက်တစ်လုံးခြားပြု၍
အမှုဆင်လိုသူတို့လည်း အလိုအလျောက်
ကင်းပျောက်သွားကြရသည်။

☸️ဤသို့ အချိန်ကာလကြာမြင့်စွာ နေခဲ့ပြီးနောက် ဗြဟ္မဒတ်မင်း နတ်ရွာလားသည်တွင်
ဈာပနကိစ္စအဝဝကို
အလောင်းတော်မဟာတုဏ္ဍိလကပင်
ရွှေနန်းတော်၏ ထုံးတမ်းစဉ်လာနှင့်အညီ
စီမံခန့်ခွဲ၍ ပေးရလေသည်။
☸️ထို့နောက် မဟာတုဏ္ဍိလသည်
တရားရေးရာ ဆုံးဖြတ်ဖွယ် စီရင်ဖွယ်ရှိသမျှ
ရွှေပြားပေါ်၌ ရေးသား၍ပေးခဲ့ပြီးလျှင်
ညီတော် စူဠတုဏ္ဍိလကို အပါခေါ်၍
တောထဲသို့ ဝင်သွားလေသည်။
☸️နောက်ထပ် တက်လာသည့် မင်းနှင့်တကွ
တက်လာလေသမျှ မင်းအပေါင်းတို့သည် အလောင်းတော် မဟာတုဏ္ဍိလ၏
ရွှေပေလွှာတွင် ပါရှိသည့် အတိုင်းသာ
စီရင်ဆုံးဖြတ်ကြသဖြင့် ရွှေပေလွှာ၏
အဆုံးအမသည် နှစ်ပေါင်းခြောက်သောင်းတိုင်တိုင် တည်တံ့ခဲ့ပါပေသည်။
-ဝဏ္ဏသီရိ(ငါးရာ့ငါးဆယ်၊ ဆက္ကနိပါတ်၊ ခရပုတ္တဝဂ်၊ တုဏ္ဍိလဇာတ်)
#ပူဇော်သူ-Kyaw Thin (17.8.24 စနေနေ့)

Address

CT

Telephone

+19595017118

Website

Alerts

Be the first to know and let us send you an email when Kyaw Thin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share