17/12/2025
အာဖရိကရဲ့ အကြီးဆုံး နဲ့ အအောင်မြင်ဆုံးလေကြောင်းလိုင်း
လေကြောင်းလိုင်းလုပ်ငန်းလို့ ပြောလိုက်ရင် ကျွန်တော်တို့ဟာ အမေရိကန်၊ ဥရောပ ဒါမှမဟုတ် အရှေ့အလယ်ပိုင်းက ဧရာမလေကြောင်းလိုင်းကြီးတွေကိုပဲ အများဆုံးပြေးမြင်မိကြပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာ့လေကြောင်းလောကမှာ တိတ်တဆိတ်နဲ့ အရှိန်အဟုန်ပြင်းပြင်း တိုးတက်လာပြီး အခုဆိုရင် အာဖရိကတိုက်တစ်ခုလုံးရဲ့ အကြီးဆုံး၊ အအောင်မြင်ဆုံးနဲ့ အမြတ်အစွန်းအများဆုံး လေကြောင်းလိုင်းအဖြစ် ဂုဏ်ယူစွာ ရပ်တည်နေတဲ့ လေကြောင်းလိုင်းကြီး တခု ရှိနေပါတယ်။
အဲဒါကတော့ အီသီယိုးပီးယားနိုင်ငံရဲ့ အမျိုးသားလေကြောင်းလိုင်းဖြစ်တဲ့ Ethiopian Airlines ပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ အီသီယိုးပီးယားလို့ ပြောလိုက်ရင် ကျွန်တော်တို့ အများစု အနေနဲ့ အဆင်းရဲဆုံးနိုင်ငံတနိုင်ငံ အဖြစ်သာ သိထားကြပေမယ့် ဒီကနေ့ အချိန်မှာတော့ အဘက်ဘက်ကနေ အရှိန်အဟုန်နဲ့ တိုးတက်လာနေပါတယ်။ ဒီအထဲမှာ Ethiopian Airlines ကလည်း ထိပ်ပိုင်းကနေ ပါဝင်နေပါတယ်။
Ethiopian Airlines ကို ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီး မကြာခင် ၁၉၄၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီအချိန်က အီသီယိုးပီးယားဘုရင် Haile Selassie ရဲ့ ရည်မှန်းချက်ကတော့ သူ့ရဲ့နိုင်ငံကို ကမ္ဘာကြီးနဲ့ ပြန်လည်ချိတ်ဆက်ပေးဖို့နဲ့ အာဖရိကတိုက်က နိုင်ငံတွေကြားက ပထဝီဝင်ဆိုင်ရာ အထီးကျန်မှုကို ချိုးဖျက်ပေးဖို့ပဲ ဖြစ်ပါတယ်။
အစောပိုင်းကာလတွေမှာ အမေရိကန်ရဲ့ Trans World Airlines ရဲ့ အကူအညီနဲ့ စတင်ခဲ့ပေမယ့် Ethiopian Airlines ဟာ မကြာခင်မှာပဲ သူ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အာဖရိကတိုက်ရဲ့ ထိပ်တန်းလေကြောင်းလိုင်းဖြစ်လာဖို့အတွက် ခရီးရှည်ကြီးကို စတင်ခဲ့ပါတယ်။
ကမ္ဘာ့လေကြောင်းလိုင်းလုပ်ငန်းဟာ အပြိုင်အဆိုင်အလွန်ပြင်းထန်ပြီး အရှုံးပေါ်ဖို့ အလွန်လွယ်ကူတဲ့ လုပ်ငန်းတစ်ခုဖြစ်ပေမယ့်၊ Ethiopian Airlines ကတော့ နှစ်စဉ်နှစ်တိုင်း အောင်မြင်မှုတွေ ရရှိနေပါတယ်။ သူ့ရဲ့အောင်မြင်မှုနောက်ကွယ်မှာ အဓိကသော့ချက်များစွာ ရှိနေပါတယ်။
သူတို့ရဲ့ အဓိကအခြေစိုက်စခန်းဖြစ်တဲ့ Addis Ababa မြို့ဟာ အာဖရိက၊ ဥရောပ၊ အာရှနဲ့ အမေရိကတိုက်တွေကို ချိတ်ဆက်ပေးတဲ့ ပထဝီဝင်အရ အလွန်အချက်အချာကျတဲ့ နေရာမှာ တည်ရှိနေပါတယ်။ ဒါကြောင့် သူတို့ဟာ တိုက်ကြီးအားလုံးကို ချိတ်ဆက်ပေးတဲ့ "Pan-African Hub" ကြီးတစ်ခု ဖြစ်လာပါတယ်။
Ethiopian Airlines ဟာ အာဖရိကတိုက်မှာ Boeing 787 Dreamliner နဲ့ Airbus A350 တို့လို ကမ္ဘာ့နောက်ဆုံးပေါ် လေယာဉ်တွေကို ပထမဆုံး ဝယ်ယူအသုံးပြုခဲ့သူ ဖြစ်ပါတယ်။ ပျမ်းမျှလေယာဉ်သက်တမ်း ၅ နှစ်မှ ၇ နှစ်သာရှိတဲ့အတွက် ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး(ခေတ်အမီဆုံး) လေယာဉ်အုပ်စုကို ပိုင်ဆိုင်ထားပါတယ်။
ဒီလေကြောင်းလိုင်းဟာ အစိုးရပိုင်လုပ်ငန်းဖြစ်ပေမယ့် အစိုးရမှ ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကဲ့သို့ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ပေးထားခြင်းက သူတို့ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်တစ်ခု ဖြစ်ပါတယ်။
တခြားကမ္ဘာ့လေကြောင်းလိုင်းကြီးတွေဟာ အာဖရိကတိုက်က အဓိကမြို့ကြီးအနည်းငယ်ကိုသာ ပျံသန်းကြပေမယ့်၊ Ethiopian Airlines ကတော့ အာဖရိကတိုက်အတွင်းက မြို့ငယ်လေးတွေအထိ ကွန်ရက်ဖြန့်ကျက်ပြီး ပျံသန်းပေးပါတယ်။
သူတို့ဟာ လေယာဉ်ဝယ်ယူရုံ သက်သက်မဟုတ်ဘဲ လူ့စွမ်းအားအရင်းအမြစ်ကိုပါ တည်ဆောက်ခဲ့ပါတယ်။ ကိုယ်ပိုင်လေယာဉ်မှူးတွေ၊ အင်ဂျင်နီယာတွေနဲ့ လေယာဉ်ဝန်ထမ်းတွေကို မွေးထုတ်ပေးနိုင်တဲ့ ကမ္ဘာ့အဆင့်မီ Ethiopian Aviation Academy ကြီးတစ်ခုကို ပိုင်ဆိုင်ထားပြီး တခြားအာဖရိကနိုင်ငံတွေက လေကြောင်းဝန်ထမ်းတွေကိုပါ လေ့ကျင့်ပေးနေပါတယ်။
Ethiopian Airlines ဟာ ကမ္ဘာ့အကြီးဆုံး လေကြောင်းလိုင်းမဟာမိတ်အဖွဲ့ကြီးဖြစ်တဲ့ Star Alliance ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Lufthansa, Singapore Airlines, United Airlines တို့လို ဧရာမလေကြောင်းလိုင်းကြီးတွေနဲ့ တန်းတူ ရပ်တည်နေပါတယ်။
ကိုဗစ်ကာလ အကျပ်အတည်းတွေကြားမှာတောင် သူတို့ရဲ့ ကုန်စည်ပို့ဆောင်ရေး (Cargo) ကဏ္ဍကို အားဖြည့်ပြီး အမြတ်ငွေရအောင် ရှာဖွေနိုင်ခဲ့တာက သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ လေယာဉ်စီးရေ ၁၆၇စီး အထိပိုင်ဆိုင်ထားပြီး ၂၀၂၅ ခုနှစ်မှာဆိုရင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၇.၆ ဘီလျံအထိ ရရှိခဲ့ပါတယ်။
တချိန်က အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ပေမယ့်လည်း စီမံခန့်ခွဲမှုကောင်းမွန်မှု၊ အမြော်အမြင်ကြီးမားမှုနဲ့ ကြိုးစားအားထုတ်မှုတွေရှိရင် ထိပ်တန်းနေရာကို ရောက်လာနိုင်တယ် ဆိုတာကို အီသီယိုးပီးယားလေကြောင်းလိုင်းက သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။