Fate Book Publishing

  • Home
  • Fate Book Publishing

Fate Book Publishing အပြစ်အနာအဆာမရှိတဲ့ စိတ်မှာ ထာဝရ တောက်ပနေမယ့် နေရောင်ခြည်တွေလိုမျိုး

◾️ ငိုကြွေးနေတဲ့ ဘီလူးနီနီ ဘယ်နေရာက တောင်တန်းတွေလဲတော့ ကျွန်တော် သေချာမသိပါဘူး။ အဲဒီတောင်တန်းကြီးပေါ်က တောင်ထွတ်အပေါ်မှာ...
17/08/2025

◾️ ငိုကြွေးနေတဲ့ ဘီလူးနီနီ

ဘယ်နေရာက တောင်တန်းတွေလဲတော့ ကျွန်တော် သေချာမသိပါဘူး။ အဲဒီတောင်တန်းကြီးပေါ်က တောင်ထွတ်အပေါ်မှာ နေအိမ်တစ်လုံး ရှိပါတယ်။

အဲဒီနေအိမ်ထဲမှာ သစ်ခုတ်သမား တစ်ယောက် နေတာလား။

မဟုတ်ပါဘူး။

ဝက်ဝံတစ်ကောင် နေထိုင်တာလား။

မဟုတ်ပါဘူး။ အဲဒီအိမ်ထဲမှာ အသက်အရွယ် ငယ်ရွယ်သေးတဲ့ အနီရောင်ဘီလူးတစ်ကောင် သူ့ဘာသာ တစ်ယောက်တည်း နေထိုင်တာပါ။

ဒီဘီလူးနီနီက ကြင်နာသနားတတ်ပြီး ရိုးသားမှုရှိတဲ့ ဘီလူးတစ်ကောင်ပါ။ အမြဲတမ်းလိုလို လူသားတွေနဲ့ မိတ်ဆွေသူငယ်ချင်း ဖြစ်ချင်ခဲ့ပြီး ချစ်ချစ်ခင်ခင် အတူတူ နေထိုင်ချင်တဲ့သူပေါ့။

ဒီလိုနဲ့ ဘီလူးနီနီက သူ့ရဲ့ အိမ်ရှေ့တံခါးဝမှာ ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားလိုက်ပါတယ်။ ဆိုင်းဘုတ်မှာ ရေးသားထားတဲ့ စာက ဒီလိုပါ။

“ဒီနေရာက ကြင်နာတတ်တဲ့ ဘီလူးတစ်ကောင်ရဲ့ နေအိမ်ပါ။
အားလုံးကို ကြိုဆိုပါ၏။ အိမ်အထဲမှာ အရသာရှိလှတဲ့
စားသောက်ဖွယ်ရာ မုန့်နဲ့ လက်ဖက်ရည်တို့ ရှိပါတယ်။
အသင့်အကြောင်းကို ကျွန်ုပ် သိရှိလိုပါတယ်”

ဒီလိုချိတ်ဆွဲထားပေမယ့်လို့လည်း လူသားတွေက သံသယ ရှိကြလေတော့ ဘီလူးနီနီရဲ့ နေအိမ်ကို လာရောက်လည်ပတ်တဲ့သူ တစ်ယောက်မှ မပေါ်လာခဲ့ပါဘူး။ ဘီလူးနီနီက အလွန်ဝမ်းနည်းကြေကွဲစွာနဲ့ပဲ ငါက ယုံကြည်စိတ်ချရတဲ့သူတစ်ယောက် မဟုတ်လို့လားလို့ သူ့ဘာသာတောင် ဝေခွဲမရ ဖြစ်သွားခဲ့ရပါတယ်တဲ့။ နောက်ဆုံးမှာတော့ ဘီလူးနီနီက ဒေါသတကြီးနဲ့ သူ ကြိုးစားပမ်းစား ရေးသားထားခဲ့တဲ့ ဆိုင်းဘုတ်ကိုလည်း ဖျက်ဆီးပစ်လိုက်ပါတော့တယ်။

ဒီလိုနဲ့ ဘီလူးနီနီက တစ်ယောက်တည်း အထီးကျန်စွာနဲ့ ဝမ်းနည်းတပန်း ဖြစ်နေဆဲမှာပဲ သူ့ရဲ့ မိတ်ဆွေသူငယ်ချင်း အပြာရောင် ဘီလူးပြာပြာက သူ့ဆီ လာရောက်လည်ပတ်ပါတယ်။ ဘီလူးနီနီရဲ့ အကြောင်းကို ကြားသိပြီးတဲ့နောက်မှာတော့ ဘီလူးပြာပြာက အစီအစဉ်တစ်ခုကို ပြောပြပါတယ်။

“လူသားတွေရဲ့ ရွာကို ငါ သွားပြီး အဲဒီရွာကို အကြီးအကျယ် ဖျက်ဆီးပစ်မယ်လေ။ ဒီတော့မှ မင်းက ရောက်ချလာပြီး ငါ့ကို အပြစ်ပေးပေါ့။ ဒါဆိုရင် လူသားတွေက မင်းကို ကြင်နာသနားတတ်တဲ့ ဘီလူးတစ်ကောင်လို့ မြင်လာကြမှာ အသေအချာပဲ” တဲ့။

ဘီလူးနီနီက သူ့မိတ်ဆွေကို ဒီလိုမျိုး မလုပ်စေချင်ပေမယ့် ဘီလူးပြာပြာက အတင်းအကြပ် တိုက်တွန်းပြီး သူ့ကို လူသားတွေ နေထိုင်တဲ့ ရွာဆီ ခေါ်ဆောင်သွားပါတယ်။ ဒီလိုနဲ့ ဒီအစီအစဉ်ကိုလည်း အကောင်အထည်ဖော် လုပ်ဆောင်ဖြစ်သွားကြပါတယ်။

ဘီလူးပြာပြာက ရွာသားတွေကို မထိခိုက်စေရအောင် ခြောက်လှန့်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဘီလူးနီနီက ရောက်ချလာပြီး ကာကွယ်တားဆီးလို့ ရွာသားတွေကို အကူအညီ ပေးလိုက်ပါတယ်။ ဒီအစီအစဉ်က အောင်မြင်သွားတယ်လို့ ပြောရမှာပေါ့။

ဒါကို ကျေးဇူးတင်ရမှာပါပဲ။ ဘီလူးနီနီက လူသားတွေနဲ့ မိတ်ဆွေသူငယ်ချင်း ဖြစ်သွားခဲ့ပြီး ရွာသူရွာသားတွေကလည်း သူ့ရဲ့ အိမ်ကို လာရောက်လည်ပတ်၊ ဆော့ကစားကြလို့ပေါ့။ ဒီလိုနဲ့ ဘီလူးနီနီက တစ်ရက်ပြီး တစ်ရက် သူ ဖြစ်ချင်တဲ့ စိတ်ဆန္ဒအတိုင်း လူသားတွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေပါတော့တယ်။

ဒါပေမဲ့လို့ ဘီလူးနီနီရဲ့ စိတ်ထဲမှာ မတင်မကျ ဖြစ်နေတာ တစ်ခု ရှိပါတယ်။ သူ့ရဲ့ အကောင်းမွန်ဆုံးသော မိတ်ဆွေသူငယ်ချင်း ဘီလူးပြာပြာက အဲဒီအချိန်ကနေ စလို့ သူ့ရဲ့ နေအိမ်ကို တစ်ကြိမ်တခါလေးတောင် လာရောက်မလည်ပတ်တော့တာပါ။ သူ အခုလို လူသားတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အတူတူ နေထိုင်နိုင်တယ်ဆိုတာ ဘီလူးပြာပြာရဲ့ ကျေးဇူးကြောင့်လေ။ သူ့ဘဝက ပြောင်းလဲသွားတယ်ဆိုတဲ့အကြောင်း ဘီလူးပြာပြာကို ပြောပြချင်တဲ့အတွက်ကြောင့် ဘီလူးပြာပြာရဲ့ နေအိမ်ကို သွားလည်ပတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမဲ့ ဘီလူးပြာပြာရဲ့ အိမ်တံခါးကို အလုံပိတ်ဆို့ထားပြီး တံခါးဝမှာ ချန်ရစ်ထားခဲ့တဲ့ မှတ်စု စာရွက်တစ်ရွက်ကိုပဲ သူ တွေ့လိုက်ရပါတယ်။ စာက ဒီလိုပါ။

သို့/ဘီလူးနီနီရေ၊

ကျေးဇူးပြုပြီး လူသားတွေနဲ့ အဆင်ပြေပြေ၊ ပျော်ရွှင်စွာနဲ့ နေထိုင်ပါနော်။ ငါက မင်းနဲ့ ဒီလိုမျိုး ဆက်ပြီး ပတ်သတ်နေခဲ့မယ်ဆိုရင် လူသားတွေက မင်းကိုလည်း ဆိုးဝါးတဲ့ ဘီလူးတစ်ကောင်လို့ ထင်မြင်ကောင်း ထင်မြင်လာကြမှာလေ။ ဒီတော့ ငါ ခရီးတစ်ခု ထွက်သွားဖို့အတွက ဆုံးဖြတ်လိုက်ပါတယ်။ ဒီခရီးက အလွန့်အလွန် ရှည်လျားလှတဲ့ ခရီးတစ်ခုပါ။ ဒါပေမဲ့ မင်းကို ငါ ဘယ်တော့မှ မေ့လျော့သွားမှာ မဟုတ်ပါဘူး။ နှုတ်ဆက်ပါတယ်နော်။ မင်းကိုယ်မင်း ဂရုစိုက်ပါဦး။ ငါက အမြဲတမ်း မင်းရဲ့ မိတ်ဆွေသူငယ်ချင်းအဖြစ် ရှိနေမှာပါ။

မှ/ဘီလူးပြာပြာ

ဘီလူးနီနီက ဒီစာကို နှစ်ကြိမ်တိုင်တိိုင် အသံထွက် ဖတ်ရှုပြီး သုံးကြိမ်မြောက်ကိုတော့ တိတ်တဆိတ် ဖတ်ရှူလိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးအိမ်ထဲမှာလည်း မျက်ရည်များက ဝေ့ဝဲလို့သာပေါ့။

ဟီရိုဆုခဲ ဟာမာဒါ
The Crying Red Demon (Naita akaoni) by Hirosuke Hamada.

-------

◾️ မူရင်းစာရေးသူအကြောင်း

ဟီရိုဆုခဲ ဟာမာဒါက (၁၈၉၃ - ၁၉၇၃) က ကလေးစာပေ၊ ပုံပြင်တွေကို ရေးဖွဲ့ခဲ့တဲ့ ဂျပန်စာရေးဆရာတစ်ယောက်ပါ။ သူက ဂျပန်ကလေးစာပေဆိုင်ရာ စာရေးဆရာများအသင်းရဲ့ ပထမဦးဆုံးသော ဥက္ကဌတစ်ယောက်လည်း ဖြစ်ပါတယ်။ ခန်ဂျိမီယာဇာဝါတို့လို ကလေးပုံပြင်တွေကို ရေးသားခဲ့တဲ့ အထင်ကရ စာရေးဆရာတွေအထဲမှာ တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

ဟာမာဒါကို စသိတာက ကိုယ်နဲ့ မွေးနေ့တူတဲ့ မေ ၂၅ ရက်ဖွား ဂျပန်စာရေးဆရာတွေကို လိုက်ရှာကြည့်ရင်း တွေ့မိတာပါ။ သူ့ရဲ့လက်ရာတွေကို အင်္ဂလိပ်ဘာသာ ပြန်ဆိုထားတာ မရှိသလောက်ပါပဲ။ ဂျပန်ဘာသာအနေနဲ့တော့ ပုံပြင်အတွဲတွေခွဲပြီး စာအုပ်ထုတ်ဝေထားတာတွေ ရှိပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တဲ့ ဘီလူးနီနီ ပုံပြင်ကိုလည်း တရားဝင် Official အင်္ဂလိပ်ဘာသာ ပြန်ဆိုထားတာမျိုး မရှိပါဘူး။ အခု ပြန်လည်ရေးသားထားတာက အကျဉ်းချုပ် ရေးသားချက်တွေနဲ့ တချို့ဘလော့တွေမှာ ရေးသားထားတာတွေကို အခြေခံပြီး ဆီလျော်အောင် ပြန်လည်ရေးသားလိုက်တာပါ။

ဒီပုံပြင်က ၁၉၃၃ ခုနှစ်၊ မူလတန်းကျောင်းသားတွေအတွက် ထုတ်ဝေတဲ့ မဂ္ဂဇင်းတစ်စောင်မှာ စတင်ပါဝင်ခဲ့ပြီး ကျောင်းသုံးစာအုပ်တွေမှာပါ ထည့်သွင်းသင်ကြားဖို့အတွက် ရွေးချယ်ခံခဲ့ရပါတယ်။ ဒီပုံပြင်ကို စာမျက်နှာ အနည်းငယ်သာ ပါဝင်တဲ့ ဂျပန်ဘာသာ ရုပ်ပုံစာအုပ် (Picture Book) အဖြစ် ထုတ်ဝေထားတာတွေလည်း ရှိပါတယ်။

ရေးလက်စ စာအုပ်တွေကို ပြီးအောင် ရေးနေပြီး မန်ဂါတွေ၊ anime တွေ ကြားထဲ ရောက်၊ Fate ပေ့မှာ ဘာပို့စ်မှ မတင်ဖြစ်တာ ကြာလို့ရော၊ ဒီပုံပြင်ကို ဖတ်ပြီး သဘောကျတာအတွက်ကြောင့် မြန်မာလို ပြန်လည်ရေးသားပြီး တင်လိုက်တာပါ။

ဖတ်ပေးခဲ့တာ ကျေးဇူးပါနော်။

မိုးရဲ
Aug 2025

◾️ ဆောင်းဒိုင်ယာရီ/ဒီဇင်ဘာ (-) တောင်တန်းတွေနဲ့ ပင်လယ်ပြင် နှစ်ခုစလုံးကို ကျွန်မ မြင်တွေ့ခဲ့တာ အတော်လေးကို ကြာသွားခဲ့ပြီ။...
13/07/2025

◾️ ဆောင်းဒိုင်ယာရီ/ဒီဇင်ဘာ (-)

တောင်တန်းတွေနဲ့ ပင်လယ်ပြင် နှစ်ခုစလုံးကို ကျွန်မ မြင်တွေ့ခဲ့တာ အတော်လေးကို ကြာသွားခဲ့ပြီ။ တောင်တန်းတွေဆီ သွားချင်လိုက်တာ။ လေတိုက်ခတ်လာတဲ့အခါကျရင် အရာအားလုံးကို စွန့်လွှတ်ထားခဲ့ပြီး အိမ်ကို ပြန်ရသလိုမျိုး ခံစားရတာလေ။ ပိန်းပိတ်အောင် မှောင်နေတဲ့ မြောက်ပိုင်းပင်လယ်ပြင်ရဲ့ ဒီရေလှိုင်းသံတွေကို ကြားမိသလိုမျိုးလို့ ထင်မိတယ်။ ဒီလိုမဟုတ်ဘဲ ရထားတွေရဲ့ အသံကိုသာ ကြားနေမိတာလား- မဟုတ်ပါဘူး၊ အဲဒါက ဒီရေလှိုင်းသံ။

အခုတော့ အရင်က ပိုင်ဆိုင်ခဲ့ဖူးတဲ့ ပင်လယ်ခရုခွံလေးတွေကိုလည်း ပြန်လည်တမ်းတမိတယ်။ အလွတ်ဖြစ်နေတဲ့ ဆေးပြင်းလိပ်ဘူးခွံထဲမှာ ကျွန်မ အချိန်အကြာကြီး စုဆောင်းထားခဲ့တဲ့ ခရုခွံလေးတွေလေ။ အနီရောင် အခွံတွေ၊ တောက်ပ​နေတဲ့ အခွံတွေ၊ လုံးလုံး အခွံတွေ၊ ခပ်ချွန်ချွန် အခွံတွေ - အားလုံးကို ပေးပစ်လိုက်ပြီးပြီ ဆိုပေမယ့်လို့ပေါ့။

အချိန် နှစ်ကာလတွေ အတော်များများ နောက်ပြန်ကျော်၊ ပြန်ရောက်သွားမိသလိုမျိုး ပင်လယ်ပြင်အတွက် ကျွန်မ ခံစားရတဲ့၊ ဒီလိုပြင်းထန်လှတဲ့ အိမ်လွမ်းဝေဒနာ (nostalgia) ကို မခံနိုင်ပါဘူး။ ကမ္ဘာမြေကြီးကိုယ်တိုင် မြင့်တက်၊ နိမ့်ကျသွားသလို မြည်ဟီးနေတဲ့ ဒီရေလှိုင်းတွေ။ ရှေ့တိုးပြီး အတင်းထောင်တက်နေတဲ့ အဖြူရောင် လှိုင်းတွေ၊ သူတို့ ပြန်ကျသွားတဲ့အခါ ကြွင်းကျန်ရစ်တဲ့ စိုစွတ်မှု၊ ကြမ်းတမ်းလှပြီး အဆုံးသတ်မရှိတဲ့ တဝုန်းဝုန်း မြည်သံတွေ၊ ကမ်းခြေကို ဖုံးလွှမ်းထားတဲ့၊ ထူထပ်နေတဲ့ မြူနှင်းတွေလို ရုံးစုနေတဲ့ ရေပန်းမွှားတွေ။ မြို့ရဲ့ ထောင့်တစ်နေရာမှာ ဒီလိုပွက်လောဆူညံနေတဲ့ သမုဒ္ဒရာက နှင်းထဲမှာ မြှုပ်နှံခံထားရပြီး အသေကောင်လို မလှုပ်မယှက် ရှိနေလို့။ ကိုယ့်ရဲ့ ပစ္စည်းပစ္စယတွေကို ထုပ်ပိုးပြီး မနက်ဖြန် ရောက်တဲ့အခါ အိမ်ကို ပြန်တော့မလိုမျိုး၊ သမုဒ္ဒရာလို ဆူညံနေတဲ့ နေအိမ်ကို ပြန်တော့မလိုမျိုး - ပင်လယ်ပြင်ကို အဲဒီလို အမှတ်ရမိလို့ မြို့ထဲတလျှောက် လမ်းလျှောက်လာခဲ့မိတယ်။

ဒီလို လူပြည့်ကျပ်နေတဲ့ လမ်းတွေကို လျှောက်နေရတာ တော်ပါပြီ။ သားမွေး ကုတ်အင်္ကျီတွေ၊ အပေါ်ကုတ်အင်္ကျီတွေနဲ့ ပြည့်နေတဲ့ လျှောက်လမ်းတွေ၊ အလှပြထားတဲ့ ပြတင်းပေါက်တွေ၊ ရယ်မောသံတွေ၊ ဒါတွေအားလုံးက ကျွန်မအတွက် အတော်လေးကို စွဲမက်စရာကောင်းလွန်းနေတယ်။ နောက်ဆုံးမှာတော့ Esprit ကိုလည်း စာမူအကြမ်းဖတ်လို့ ပြီးစီးသွားပြီ။ စိတ်ဝင်စားစရာကောင်းတဲ့ ဂျာနယ်တစ်စောင်ပါ။ ရောင်းရပါ့မလားလို့လည်း တွေးမိတယ်။ စက္ကူစတွေနဲ့ အညိုရောင် သစ်ရွက်အသေတွေတို့က လေကြောင့် အကုန်လုံး လွင့်ပျံသွားလို့။ ဟုတ်သားပဲ။ အခုအချိန်က မြို့အတွက် နည်းနည်းလောက် မှောင်ရီသန်းနေဖို့ရာ အဲဒီအချိန်အခါ ရောက်လာပြန်ပြီလေ။

(ဂျပန် အမျိုးသမီး စာရေးဆရာ Chika Sagawa ရဲ့ WINTER DIARY/December [—] စကားပြေထဲကနေ ကောက်နုတ်ဘာသာပြန်ထားတာပါ။ The Collected Poems of Chika Sagawa စာအုပ်ထဲမှာ ပါဝင်ပါတယ်။ ဂျပန်ဘာသာကနေ အင်္ဂလိပ်ဘာသာပြန်ဆိုထားသူက Sawako Nakayasu ပါ။)

မိုးရဲ

Photo by Vlada Karpovich from Pexels.

◾️ နတ်သမီးပုံပြင်တွေလိုအသက်ခပ်ငယ်ငယ်ကတည်းက အိပ်မက်တွေ အမြောက်အမြားကို ကျွန်မ အိပ်မက် မက်လေ့ရှိတယ်။ အိပ်ရာက နိုးလာတာနဲ့ မ...
12/07/2025

◾️ နတ်သမီးပုံပြင်တွေလို

အသက်ခပ်ငယ်ငယ်ကတည်းက အိပ်မက်တွေ အမြောက်အမြားကို ကျွန်မ အိပ်မက် မက်လေ့ရှိတယ်။ အိပ်ရာက နိုးလာတာနဲ့ မျက်နှာသစ်နေရင်း၊ ခေါင်းဖြီးနေရင်း ဒီအိပ်မက်တွေကို ဂရုတစိုက် သေချာရေတွက်ထားပြီး သီးသန့်ဖယ်ထားတတ်တယ်၊ ဒီလိုမှသာ အဲဒီလို ပုံရိပ်ယောင်တွေကို ဖက်တွယ်ထားဖို့ရာအတွက် ကြိုးပမ်းနိုင်မှာလေ။ အဲဒီအချိန်လောက်တုန်းက ကျွန်မ ပြောခဲ့သမျှ ပုံပြင်တွေ အားလုံးက ကျွန်မ အိပ်မက်မက်ခဲ့တဲ့ အရာတွေချည်းပဲ၊ သူငယ်ချင်းတွေကလည်း ရယ်မောပြီး ပြန်ပြောကြလေရဲ့၊ နင်က နင့်အိပ်မက်တွေအကြောင်း ထပ်ပြီး ပြောနေပြန်ပြီလို့ ဆိုပြီးတော့ပေါ့။ စာသင်ကျောင်းကို လမ်းလျှောက်သွားနေစဉ်မှာ ဘာခြေရာတစ်ခုတလေမှ မရှိနေတဲ့၊ နှင်းဖုံးလွှမ်းနေတဲ့ လမ်းတစ်ခုကို မြင်မိတဲ့ အိပ်မက်အသစ်အကြောင်း ပြန်ပြောပြနေတာကို အမှတ်ရမိတယ်။ ညစဉ်ညတိုင်း ကျွန်မှာ အိပ်မက်တွေ အတော်လေးကို အများကြီး ရှိခဲ့တဲ့ပုံပါပဲ။

တကယ့်လက်တွေ့မှာ တအား ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ကျွန်မရဲ့ အမြင်၊ အကြား အာရုံတွေက အိပ်မက်တွေအထဲမှာတော့ အတော်ရှင်းလင်းပြတ်သားတဲ့အဖြစ်ကို ပြောင်းလဲသွားလေ့ ရှိတယ် - အရာအားလုံးက ပေါင်းစုသွားပြီး တခြားအရာတစ်ခုခု ဖြစ်သွားသလိုမျိုး - နည်းလမ်းမျိုးစုံနဲ့ လှည့်ကွက်တွေ ပြလိုက်သလိုမျိုး။ တချို့အိပ်မက်တွေက ဓာတ်ပုံအဟောင်းတွေလို ရေဆေးအညိုရောင်၊ တချို့အိပ်မက်တွေအထဲမှာ သမုဒ္ဒရာကြီးက အစိမ်းရောင်။ တစ်ခါတရံ ညအချိန်မှာ မျက်လုံးတွေကို မှိတ်ထားပြီး ကျွန်မ အိပ်မက်မက်ချင်တဲ့ အရာတွေကို ဆုတောင်းတတ်လေ့ရှိတယ် - မနေ့ညက အိပ်မက်ကို ဆက်မက်ဖို့၊ အဲဒီတေးဂီတကို နောက်တစ်ခါ ပြန်ကြားရဖို့၊ ဒါမှမဟုတ် ဥရောပကို သွားဖို့ ဆိုတာတွေပေါ့။ အိပ်မက်တွေက တအားအရေးကြီးလွန်းလှတဲ့ အဲဒီငယ်ဘဝ နှစ်ကာလတွေမှာ ကျွန်မရဲ့ အမှန်တကယ် ရှင်သန်နေထိုင်ခဲ့ရတဲ့ ဘဝကတော့ ဆုံးရှုံးစရာတွေ၊ ဝမ်းနည်းစရာကောင်းတဲ့ အသေးအဖွဲ့အရာလေးတွေ အပြည့်နဲ့ပါပဲ။ ဒီအတွက်ကြောင့်ပဲ လူအများစုက အိပ်မောကျသွားတဲ့အချိန်မှာ ကျွန်မရဲ့ နှလုံးသားက နိုးနေပြီး အိပ်မက်တွေကို ပြုလုပ်တာ ဖြစ်ရမယ် - သဘာဝအကျဆုံးနည်းလမ်းမျိုးတွေနဲ့ ဒီလိုအိပ်မက်တွေထဲမှာလိုမျိုး ဆော့ကစားချင်၊ ချစ်မြတ်နိုးတာကို ခံခဲ့ချင်လို့ ဖြစ်မယ်။ အဲဒီအိပ်မက်နေရာ၊ နယ်နမိတ်အထဲမှာ ကျွန်မ တစ်ယောက်တည်း ရှင်သန်နေထိုင်နေရင်း၊ ရယ်မောနေရင်း၊ စိတ်ကူးယဉ်နေရင်း အပြင်ကို ခြေတစ်လှမ်းမှ မထွက်သွားရအောင် ကိုယ့်ကိုယ်ကိုယ် တားဆီးထားဖို့ ကြိုးစားနေတတ်တယ်။

နေ့အချိန်တွေမှာတော့ ကျွန်မက ရီဝေဝေနဲ့၊ ဒါပေမဲ့လို့ ညခင်းအချိန်ရောက်လာရင်တော့ အဲဒီလို အံ့အားသင့်စရာကောင်းတဲ့၊ အသေးစိတ်ကျတဲ့ ဝိညာဉ်တို့က ကျွန်မရဲ့ ဗလာဦးခေါင်းထဲမှာ ပြည့်လျှံလာပြီး နေရာအားလုံး အပြည့် ဖြည့်ပစ်လိုက်တော့တာပဲ။ ကျွန်မရဲ့ အိပ်မက်တွေအထဲမှာ သေဆုံးသူတွေက ဘယ်တော့မှ အသက်အရွယ် မကြီးရင့်လာကြ၊ ကျိုးပဲ့နေတဲ့ အရာတွေက ပုံသဏ္ဍာန်တို့ ရှိကြ၊ ပြီးတော့ အချိန်၊ ဒါမှမဟုတ် နေရာတို့ဆီမှာလဲ အကြားအလပ် မရှိကြ။ အရာအားလုံးက ပစ္စုပ္ပန်မှာပဲ အရှေ့ကို ဆက်လက်ရွေ့လျားနေကြတာမျိုးက စိတ်နှလုံး ကြည်နူးဖွယ်ရာ တစ်ခုပါပဲ။

မနက်ခင်းရောက်သွားတော့ ကျွန်မ လက်မလွှတ်သင့်တဲ့ အရာတွေ အများကြီး ရှိနေသလို ခံစားရခဲ့တာမျိုးပါပဲ။

ဒီနေ့အချိန်တွေမှာတော့ ကျွန်မ အိပ်မက်တွေ အများကြီး မမက်တော့ပါဘူး။ မက်ခဲ့တယ်ဆိုရင်တောင်မှ သူတို့ကို အလျှင်အမြန် မေ့လျှော့သွားတော့တာပဲ။ အဲဒါကလည်း ကျွန်မက ငြီးငွေ့ပင်ပန်းလာလို့ မဟုတ်ပါဘူး၊ ကျွန်မရဲ့ အိပ်မက်တွေကို ပြန်ပြောင်းပြောပြစရာ မိတ်ဆွေသူငယ်ချင်းတွေ တစ်ဦးတစ်ယောက်မှ ဆက်လက်မရှိကြတော့လို့လေ။ ဒါတင်မကသေးပါဘူး၊ ကျွန်မရဲ့ တကယ် လက်တွေ့အဖြစ်မှန် အားလုံးကလည်း အခုတော့ အိပ်မက်တွေအဖြစ်ကို ပြောင်းလဲသွားလို့လည်း ပါပါတယ် ။ ။

(Chika Sagawa ရဲ့ LIKE FAIRY TALES စကားပြေကို ဘာသာပြန်ထားတာပါ။ The Collected Poems of Chika Sagawa စာအုပ်ထဲမှာ ပါဝင်ပါတယ်။ ဂျပန်ဘာသာကနေ အင်္ဂလိပ်ဘာသာပြန်ဆိုထားသူက Sawako Nakayasu ပါ။)

မိုးရဲ

Photo@Carlo Obrien from Pexels

Penguin စာအုပ်တိုက်က ဒီနှစ်မှာ နှစ် (၉၀) ပြည့်တော့ သူ ခါတိုင်း လုပ်နေကျလိုမျိုးပဲ စာအုပ်သေးသေးလေးတွေ အုပ် (၉၀) ထုတ်ပါတယ်...
26/06/2025

Penguin စာအုပ်တိုက်က ဒီနှစ်မှာ နှစ် (၉၀) ပြည့်တော့ သူ ခါတိုင်း လုပ်နေကျလိုမျိုးပဲ စာအုပ်သေးသေးလေးတွေ အုပ် (၉၀) ထုတ်ပါတယ်။ ဒီစီးရီးကိုတော့ Penguin Archive လို့ ခေါ်ပါတယ်။

ဒီစာအုပ်လေးတွေက သူတို့ထုတ်ဝေထားတဲ့ စာအုပ်အကြီးကြီးတွေထဲက စာလေးတွေ နည်းနည်းပါးပါးလောက်ကိုပဲ ပြန်ကောက်နုတ်ပြီး ထုတ်ထားတာပါ။ ဥပမာ The Little Black Classics စာအုပ်ပိစိလိုမျိုးပေါ့။ ဒီလို စာအုပ်လေးတွေ အများကြီးကို ဒီဇိုင်းဆင်တူ လုပ်ထားတော့ ကြည့်လို့တော့ တော်တော်လှပါတယ်။

စာအုပ်ပိစိလေးတွေဆိုတော့ မူရင်းစာအုပ်ကြီး တစ်ခုလုံးကို အပြည့်အစုံ မဖတ်ချင်သေးတဲ့သူတွေ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့ရပါတယ်။ စာအုပ်အထူကြီးတွေကို စဖတ်မိဖို့အတွက် ဒီလို စာအုပ်ပိစိလေးတွေနဲ့ မိတ်ဆက်ပေးတဲ့သဘောမျိုးလို့လည်း ပြောလို့ ရပါတယ်။

ဒီအတိုင်းပဲ စာအုပ်ပိစိလေးတွေ တွေ့လို့၊ ဒီဇိုင်းတွေကို သဘောကျလို့ပါ။

အ​မေ စတင်ပြီး ​ရေးသား​နေတဲ့ ​ပေးစာတစ်​စောင်ကို ကျွန်မ သွားဖတ်မိ​သေးတယ်။ ကိုယ်​တော့ အ​မှောင်ထဲမှာ ကျန်ရစ်ခဲ့ပါပြီ တဲ့။
11/06/2025

အ​မေ စတင်ပြီး ​ရေးသား​နေတဲ့ ​ပေးစာတစ်​စောင်ကို ကျွန်မ သွားဖတ်မိ​သေးတယ်။ ကိုယ်​တော့ အ​မှောင်ထဲမှာ ကျန်ရစ်ခဲ့ပါပြီ တဲ့။

◾️ အရိပ်မဲ့ တံတိုင်းမြို့တော်မင်းက ကိုယ့်ကို အဲဒီမြို့အကြောင်း ပြောပြခဲ့တဲ့သူပဲလေ။ အဲဒီနွေရာသီ ညနေခင်းမှာ ကိုယ်တို့တတွေက...
27/05/2025

◾️ အရိပ်မဲ့ တံတိုင်းမြို့တော်

မင်းက ကိုယ့်ကို အဲဒီမြို့အကြောင်း ပြောပြခဲ့တဲ့သူပဲလေ။

အဲဒီနွေရာသီ ညနေခင်းမှာ ကိုယ်တို့တတွေက မြစ်ဆီကို ဦးတည်သွားနေကြတာ။ မြက်တို့ရဲ့ သင်းပျံ့တဲ့ ရနံ့တို့က ကိုယ်တို့အပေါ်ကနေ လေနဲ့အတူတူ ဖြတ်သန်းသွားကြလို့ပေါ့။ စီးဆင်းနေတဲ့ သဲတို့ကို နောက်ပြန်ဆွဲထားတဲ့ ငါးဖမ်းဆည်လေးတွေများစွာကို ကျော်ဖြတ်လာရင်းနဲ့ ဒီရေအိုင်လေးထဲမှာ လူးလွန့်နေလျက်သား နူးညံ့လှတဲ့ ငွေရောင်ငါးလေးတွေကို ငေးကြည့်ဖို့အတွက် ခဏခဏ ရပ်တန့်ခဲ့ကြသေးတယ်လေ။ ကိုယ်တို့မှာ ခြေဗလာနဲ့ ခဏတာလောက်လည်း လမ်းလျှောက်ခဲ့ကြသေးတယ်။ အေးစက်တဲ့ ရေတို့က ကိုယ်တို့ရဲ့ ခြေကျင်းဝတ်ကို ကျော်ဖြတ် ဆေးကြောသွားလို့။ ဒီအချိန်မှာပဲ မြစ်ရဲ့ အောက်ခြေက နုရွနေတဲ့သဲတို့က ကိုယ်တို့ရဲ့ ခြေထောက်တွေအပေါ် ဝေ့ပါတက်လာတာ အိပ်မက်တစ်ခုထဲက နူးညံ့တဲ့ တိမ်တိုက်တွေလိုမျိုးပဲ။ ကိုယ်က ဆယ့်ခုနှစ်နှစ်၊ မင်းက ကိုယ့်အောက် တစ်နှစ်ငယ်တယ်။

မင်းက မင်းရဲ့ အဝါရောင် ပလက်စတစ် ပခုံးကြိုးသိုင်းအိတ်ထဲမှာ အနီရောင်ခြေညှပ်ဖိနပ်ကို ထိုးထည့်ထားပြီး ကိုယ့်အရှေ့လေးတင် သဲကမ်းပါးတစ်ခုဆီကနေ တစ်ခုဆီကို လမ်းလျှောက်နေတာ။

မြက်တို့ရဲ့အသွားတွေက မင်းရဲ့ စိုစွတ်နေတဲ့ ခြေသလုံးသားတွေမှာ ကပ်တွယ်လို့၊ အံ့အားသင့်စရာ အစိမ်းရောင်ဖြတ်ရာ အမှတ်တွေနဲ့ပေါ့။ ကိုယ်က ကိုယ့်ရဲ့ နွမ်းရိနေတဲ့ အဖြူရောင်စနီကာဖိနပ်ကို တစ်ဖက်ချင်းစီ လက်ကကိုင်ပြီး သယ်လာခဲ့တာ။

လမ်းလျှောက်ရတာ မောပန်းနွမ်းနယ်လာလို့ ထင်ပါရဲ့၊ မင်းက နွေရာသီမြက်တို့အပေါ်မှာ ဆတ်ခနဲ ထိုင်ချလိုက်ပြီး ဘာစကားလုံးကိုမှ မဆိုဘဲ ကောင်းကင်ကြီးကို မော့ငေးကြည့်နေလို့ပေါ့။ ကျီကျီကျာကျာ အသံတို့နဲ့ သေးငယ်လှတဲ့ ငှက်တို့ အတွဲလိုက်က ကောင်းကင်ပြင်မှာ လှစ်ခနဲဖြတ် ပျံသန်းသွားကြတယ်။ အနောက်က လိုက်လာတဲ့ တိတ်ဆိတ်မှုထဲမှာ အပြာရောင်သန်းနေတဲ့ ဆည်းဆာရဲ့ အငွေ့အသက်က ကိုယ်တို့ဝန်းကျင်မှာပဲ သူ့ကိုယ်သူ စတင်ပြီး ရစ်ပတ်နေလို့။ ကိုယ်ကလည်း မင်းရဲ့ နံဘေးမှာ ထိုင်ချလိုက်စဉ်မှာပဲ ထူးဆန်းတဲ့ စိတ်ခံစားချက်တစ်ခုကို ခံစားလာရတယ်။ မမြင်တွေ့နိုင်တဲ့ အပ်ချည်ထောင်ပေါင်းများစွာတို့က မင်းရဲ့ ခန္ဓာကိုယ်ကို ကိုယ့်ရဲ့ နှလုံးသားနဲ့ သပ်ရပ်စွာ တွဲချည်ထားဖို့ ကြိုးပမ်းနေကြသလိုမျိုးလေ။ မင်းမျက်ခွံတို့ရဲ့ ညင်သာလှတဲ့ လှုပ်ရှားမှုနဲ့ မင်းနှုတ်ခမ်းတို့ရဲ့ အနည်းငယ်မျှသော လှုပ်ခတ်မှုလေးကလည်း ကိုယ့်နှလုံးသားကို မွှေနှောက်နိုင်ဖို့အတွက် လုံလောက်နေပါပြီ။

အဲဒီအချိန်တုန်းက မင်းရော ကိုယ့်မှာပါ အမည်နာမတွေ မရှိကြသေးဘူး။ နွေရာသီဆည်းဆာအထဲမှာ မြစ်ကမ်းနံဘေး မြက်တို့အပေါ်က ဆယ့်ခုနှစ်အရွယ် ကောင်လေးတစ်ယောက်နဲ့ ဆယ့်ခြောက်နှစ်အရွယ် ကောင်မလေးတစ်ယောက်တို့ရဲ့ ဖြာထွက်နေတဲ့ စိတ်ခံစားချက်တို့ကပဲ အရေးပါကြတဲ့ တစ်ခုတည်းသော အရာတွေပဲလေ။ သိပ်မကြာခင်မှာပဲ ကြယ်တို့က ကိုယ်တို့အပေါ်မှာ မှိတ်တုတ်ဖြစ်လာကြတော့မယ်၊ သူတို့မှာလည်း ဘယ်လိုအမည်နာမမျိုးမှ ရှိကြမှာ မဟုတ်ပါဘူး။ ကိုယ်တို့နှစ်ဦးသားက အမည်နာမမရှိတဲ့ ကမ္ဘာလောကရဲ့ မြစ်ကမ်းပါးပေါ်မှာ ဘေးချင်းယှဉ်ပြီး အဲဒီနေရာမှာ ထိုင်နေကြလို့ပေါ့။

“အဲဒီမှာ​ မြို့တစ်ခုလုံးကို ဝန်းရံထားတဲ့ နံရံအမြင့်ကြီးတစ်ခု ရှိတယ်” လို့ ပုလဲတို့ကို ရှာဖွေဖို့အတွက် ပင်လယ်ပြင်ရဲ့ ကြမ်းပြင်ကို ရှင်းလင်းလိုက်တဲ့ ရေငုပ်သမားတစ်ယောက်လို၊ နက်ရှိုင်းတဲ့ တိတ်ဆိတ်မှုထဲကနေ စကားလုံးတွေကို ဆွဲထုတ်ယူလိုက်သလိုမျိုး မင်းက စပြီးတော့ ပြောတယ်။ “အဲဒါက ဒီလောက်ကြီးတဲ့ မြို့အကြီးကြီးတစ်မြို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့လို့ တစ်ချက်ကြည့်လိုက်ရုံနဲ့ အကုန်လုံးကို မြင်တွေ့နိုင်လောက်တဲ့အထိ သေးငယ်လွန်းလှတဲ့ မြို့လည်း မဟုတ်ဘူးလေ”

ဒါက ဒီမြို့အကြောင်း မင်း ပြောခဲ့တဲ့ ဒုတိယအကြိမ်ပဲ။ ပြီးတော့ အခုတော့ ဒီမြို့မှာ သူ့ရဲ့ ပတ်ပတ်လည်မှာတော့ နံရံအမြင့်ကြီးတစ်ခု ရှိတယ်တဲ့။

***

မင်း ပြောဆိုနေဆဲမှာပဲ ဒီမြို့က ချစ်စဖွယ်ကောင်းတဲ့ တစ်ခုတည်းသော မြစ်တစ်စင်းနဲ့ ကျောက်တုံးတံတားသုံးခု (အရှေ့ဘက်တံတား၊ တံတားဟောင်း၊ နဲ့ အနောက်ဘက်တံတား)၊ စာကြည့်တိုက်တစ်ခု၊ စောင့်ကြည့်မျှော်စင်တစ်ခု၊ စွန့်ပစ်ထားတဲ့ သတ္တုအရည်ကျိုစက်ရုံတစ်ခုနဲ့ စုပေါင်းအိမ်ရာတို့ကို ထုတ်ဖော်ပြသလာတယ်။ ဆည်းဆာက တိုးဝင်နီးကပ်လာတာနဲ့အမျှ ခပ်ပျပျ အလင်းထဲမှာ ကိုယ်တို့က ပခုံးချင်းကပ်ထိုင်နေကြရင်း အဲဒီမြို့ဆီကို လှမ်းငေးမောကြည့်နေကြလို့ပေါ့။ တချို့အချိန်တွေမှာ ကိုယ်တို့က အလှမ်းဝေးလွန်းလှတဲ့ တောင်ကုန်းတစ်ခုအပေါ်ဆီ ရောက်နေပြီး ကိုယ်တို့မျက်လုံးတွေကလည်း ကျဉ်းမြောင်းနေကြလို့၊ တချို့သော အချိန်တွေမှာလည်း ဒီမြို့က တအားကိုမှ နီးကပ်လွန်းနေတော့ ကိုယ်တို့မှာ မျက်လုံးအကျယ်သားနဲ့ လက်လှမ်းပြီး ထိတွေ့နိုင်လောက်အောင်ပါပဲ။

“တကယ့် ကျွန်မ အစစ်အမှန်က အဲဒီမှာ နေထိုင်တာ၊ တံတိုင်းတစ်ခု ကာရံထားတဲ့ အဲဒီမြို့မှာလေ” လို့ မင်းက ဆိုတယ်။

“ဒီတော့ အခုဒီမှာ ကိုယ့်ရဲ့ နံဘေးမှာ ထိုင်နေတဲ့ မင်းက တကယ့် အစစ်အမှန် မင်း မဟုတ်ဘူးပေါ့လေ” မေးမှ ဖြစ်မယ်ဆိုပြီး ကိုယ်က ပြန်မေးလိုက်မိတယ်။

“ဟုတ်တယ်ရှင့်။ အခု ဒီနေရာမှာ ရှင်နဲ့ ရှိနေတဲ့ ကျွန်မက တကယ့်အစစ်အမှန် ကျွန်မ မဟုတ်ပါဘူး။ ဒါက အစားထိုးဝင်နေသူမျှသာပါပဲ။ လှည့်လည် သွားလာနေတဲ့ အရိပ်တစ်ခုလိုမျိုးပေါ့”

ဒါကို ကိုယ် တွေးကြည့်မိလိုက်တယ်။ လှည့်လည်သွားလာနေတဲ့ အရိပ်တစ်ခုတဲ့လား။ ဒါပေမဲ့ ကိုယ့်အထင်အမြင်တွေကို ကိုယ့်ဘာသာပဲ သိမ်းထားလိုက်ပါတယ်။

“ဟုတ်ပြီလေ၊ ဒီတော့ အဲဒီမြို့မှာ တကယ့်အစစ်အမှန် မင်းက ဘာလုပ်နေတာလဲ”

“စာကြည့်တိုက်မှာ အလုပ်လုပ်နေတာလေ” လို့ မင်းက တိုးညှင်းတဲ့ အသံနဲ့ ပြန်ပြောတယ်။ “ကျွန်မက ညနေခင်း ငါးနာရီဝန်းကျင်ကနေ ညဆယ်နာရီဝန်းကျင်လောက်အထိ အလုပ်လုပ်တယ်လေ”

“ဝန်းကျင် ဟုတ်လား”

“အဲဒီမှာ ရှိတဲ့ အချိန်အားလုံးတို့က ပျှမ်းမျှတွေပဲ။ ရင်ပြင်မှာက မြင့်မားတဲ့ နာရီမျှော်စင်တစ်ခုတော့ ရှိပါတယ်၊ ဒါပေမဲ့ ဒီနာရီမှာက ဘာလက်တံမှ မရှိနေဘူးလေ”

လက်တံတွေမရှိတဲ့ နာရီမျှော်စင်တစ်ခုကို ကိုယ် ပုံဖော်မြင်မိလိုက်တယ်။ “ဒီတော့ လူအားလုံးက အဲဒီစာကြည့်တိုက်ဆီကို ဝင်ရောက်လာနိုင်ကြသလား”

“ဟင့်အင်း၊ လူတိုင်း ဝင်လာလို့ မရပါဘူး။ ဒီလိုလာနိုင်ဖို့အတွက် ရှင့်မှာ အထူးတလည် အရည်အချင်းသတ်မှတ်ချက် လိုတယ်လေ။ ဒါပေမဲ့ ရှင်ကတော့ လာလို့ ရပါတယ်။ ရှင့်မှာက ဒီလိုအရည်အချင်းတွေ ရှိလို့လေ”

“အထူးတလည် အရည်အချင်း ဆိုတာ မင်းက ဘာကို ဆိုလိုချင်တာလဲ”

မင်းက နူးညံ့စွာနဲ့ ပြုံးလိုက်တယ်။ ဒါပေမဲ့ ကိုယ့်မေးခွန်းကိုတော့ ပြန်မဖြေခဲ့ဘူးနော်။

“ဒီတော့ ကိုယ်က အဲဒီကို သွားနေသရွေ့ တကယ့် မင်း အစစ်အမှန်နဲ့ တွေ့နိုင်မှာလား”

“ဒီမြို့ကို ရှင် ရှာဖွေနိုင်နေသရွေ့ပေါ့၊ ပြီးတော့ ရှင် ... နေသရွေ့ ...”

မင်းက တိတ်ဆိတ်သွားပြန်တယ်၊ မင်းရဲ့ ပါးပြင်တို့က အနည်းငယ်လောက် နီမြန်းလို့။ ဒါပေမဲ့ မင်း မပြောခဲ့တဲ့ စကားတို့ကို ကိုယ် နားလည်နိုင်ပါတယ်။

ရှင်က တကယ့်ကို တကယ့်အစစ်အမှန် ကျွန်မကို ရှာဖွေနေသရွေ့ပေါ့။ ဒါတွေက မင်း မပြောဝံ့ခဲ့တဲ့ စကားလုံးတို့လေ။

ကိုယ်က နူးညံ့ညင်သာစွာနဲ့ မင်းကို လက်မောင်းနဲ့ ပွေ့ဖက်ထားတာ။ မင်းက အစိမ်းဖျော့ရောင် လက်ပြတ်အင်္ကျီကို ဝတ်ထားတယ်။ မင်းရဲ့ ပါးပြင်က ကိုယ့်ရဲ့ ပခုံးကို မှီလို့။ ဒါပေမဲ့လို့ အဲဒီ နွေရာသီ ညနေဆည်းဆာထဲမှာ ကိုယ် ထွေးပွေ့ထားတဲ့ မင်းက မင်းအစစ် မဟုတ်ဘူး။ မင်းပြောခဲ့သလိုပဲ အဲဒါက မင်းနေရာမှာ အစားဝင်နေတဲ့ အရိပ်တစ်ခုမျှသာပဲလေ။

တကယ့်မင်းအစစ်က တံတိုင်းအမြင့်ကြီးတွေ ဝန်းရံထားတဲ့ မြို့တစ်မြို့မှာ။ ချစ်စဖွယ်ကောင်းတဲ့ သဲကမ်းပါးတွေမှာ မိုးမခအပင်တွေ ရှိတဲ့ မြို့တစ်ခုမှာ။ ဒီမြို့မှာ သေးငယ်လှတဲ့ တောင်ကုန်းလေးတွေ အနည်းငယ်ရော၊ တစ်ကောင်ချင်းစီတိုင်းမှာ ဦးချိုတစ်ချောင်းစီရှိကြတဲ့၊ တိတ်ဆိတ်ငြိမ်သက်လှတဲ့ သားရဲတိရစ္ဆာန်တွေ ရှိကြတယ်တဲ့။ လူတွေက ဟောင်းနွမ်းနေတဲ့ ဘုံစုပေါင်းအိမ်ရာထဲမှာ နေထိုင်ကြတယ်၊ ရိုးရိုးရှင်းရှင်းပဲ နေထိုင်ကြတာ၊ ဒါပေမဲ့လို့ ပြီးပြည့်စုံမှုရှိတဲ့၊ လုံလောက်ကြွယ်ဝတဲ့ နေထိုင်မှုမျိုးတွေနဲ့ပေါ့။ သားရဲတိရစ္ဆာန်တွေက သစ်ပင်တွေဆီက သစ်ရွက်တွေ၊ သစ်သီးတွေကို စားသောက်ကြတယ်၊ ဒါပေမဲ့လို့ သူတို့အများစုက အေးစက်မှုနဲ့ ငတ်မွတ်မှုတို့ ၎င်းတို့ကို ကျော်လွှားသွားကြတဲ့၊ ရှည်လျားပြီး နှင်းဖုံးလွှမ်းနေတဲ့ ဆောင်းရာသီအချိန်မှာပဲ သေဆုံးပျောက်ကွယ်သွားခဲ့ကြတယ်လေ။

ဒီမြို့ကို သွားရောက်ဖို့အတွက် ကိုယ် ဘယ်လောက်တောင်မှ တမ်းတခဲ့လိုက်ရသလဲ။ တကယ့် မင်းအစစ်ကို ဆုံတွေ့နိုင်ဖို့အတွက် ဘယ်လောက်တောင် တမ်းတခဲ့ရပါသလဲ။

“ဒီမြို့ကို တံတိုင်းအမြင့်ကြီးတစ်ခုနဲ့ ဝန်းရံထားတာ၊ ဒီတော့ ဝင်ရောက်ဖို့က တအားကို ခက်ခဲတယ်” လို့ မင်းက ပြောခဲ့တယ်။ “အပြင်ကိုထွက်ဖို့ဆိုတာက ပိုလို့တောင်မှ ခက်ခဲသေးတယ်” တဲ့။

“ဒီတော့ မင်းရော အထဲကို ဘယ်လိုမျိုး ဝင်သလဲဟင်”

“မြို့ထဲကို ဝင်ရောက်ချင်တဲ့ ရှင့်ရဲ့ စိတ်ဆန္ဒ ရှိဖို့ပဲ လိုတာပါ။ ဒါပေမဲ့ အရာတစ်ခုခုအတွက် အသည်းနှလုံးထဲကနေပြီး တကယ်စစ်မှန်စွာ ဆန္ဒရှိဖို့ဆိုတာက ဒီလောက် မရိုးရှင်းနေဘူးလေ။ အချိန်တော့ ကြာကောင်းကြာမှာပေါ့။ ဒီအချိန်တွေအတွင်းမှာ ရှင်က အရာအားလုံးကို လက်လျှော့အဆုံးပေးလိုက်တာမျိုးလည်း ဖြစ်လာနိုင်တာပဲ။ ရှင် တန်ဖိုးထားရတဲ့ အရာတွေကိုပေါ့။ ဒါပေမဲ့လို့ အချိန်ဘယ်လောက်ပဲကြပါစေ အရေးမကြီးပါဘူး၊ အရှုံးမပေးလိုက်ပါနဲ့နော်။ ဒီမြို့က ဘယ်ကိုမှ ထွက်သွားမှာမှ မဟုတ်တာ”

ဒီမြို့ထဲမှာ ရှိနေတဲ့ တကယ့်မင်းအစစ်အမှန်ကို ကိုယ် စိတ်ကူးကြည့်မိတယ်။ မြို့အပြင်ဘက်က ကျယ်ပျောလှတဲ့၊ လှပတဲ့ ပန်းသီးပင်တွေ၊ မြစ်ကို ဖြတ်တန်းနေတဲ့ ကျောက်တုံးတံတား သုံးစင်း၊ မမြင်နိုင်တဲ့ ညကျေးငှက်တို့ရဲ့ ဟစ်ကြွေးသံတွေ၊ ဒီအရာတွေအားလုံးကို ကိုယ် ပုံဖော်ကြည့်မိခဲ့တယ်။ ပြီးတော့ တကယ့်မင်းအစစ်အမှန် အလုပ်လုပ်နေတဲ့ နေရာ၊ သေးငယ်လှတဲ့ စာကြည့်တိုက်ဟောင်းလေးကိုရောပေါ့။

“အဲဒီမြို့မှာ ရှင့်အတွက် နေရာတစ်ခု အဆင်သင့် အမြဲတမ်း ရှိနေပြီးသားရှင့်” လို့ မင်းက ပြောလိုက်တယ်။

“ကိုယ့်အတွက် နေရာ ဟုတ်လား”

“ဟုတ်ပါရဲ့။ ဒီမြို့မှာ တစ်ခုတည်းသော လစ်လပ်နေတဲ့ နေရာတစ်ခုပေါ့။ ရှင်က ဒီနေရာကို ဝင်ဖြည့်ပေးရမှာလေ”

ဒီနေရာက ဘယ်လိုနေရာမျိုးများ ဖြစ်နေပါလိမ့်မလဲ။

“ရှင်က အိပ်မက်ဖတ်သမားတစ်ယောက် ဖြစ်လာလိမ့်မယ်” လို့ မင်းက တိုးညှင်းတဲ့ အသံနဲ့ ဆိုတယ်။ အဓိကကျတဲ့ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်ပြောလိုက်သလို ပုံမျိုးနဲ့လေ။

ကိုယ်ကတော့ ရယ်လိုက်ရုံပဲ တတ်နိုင်တယ်။ “မင်း သိလား၊ ကိုယ်က ကိုယ့်ရဲ့ အိပ်မက်တွေကိုတောင် မှတ်မိနိုင်တာ မဟုတ်ဘူးလေ။ ကိုယ့်လိုလူတစ်ယောက်အတွက်က အိပ်မက်ဖတ်သမား ဖြစ်လာဖို့ဆိုတာ ခက်ခဲလိမ့်မှာပေါ့”

“မဟုတ်ဘူးလေ၊ အိပ်မက်ဖတ်သမားတစ်ယောက်က သူ့ရဲ့ ကိုယ်ပိုင်အိပ်မက်တွေ ရှိနေစရာ မလိုဘူးရှင့်။ ရှင် လုပ်ဆောင်ပေးရမှာက စာကြည့်တိုက်ရဲ့ စာအုပ်စင်တွေအပေါ်မှာ စုဆောင်းထားရှိတဲ့ အိပ်မက်အဟောင်းတွေ အားလုံးကို ဖတ်ရှုဖို့ပါပဲ”

“ကိုယ် ဖတ်ရှုနိုင်မယ်လို့ မင်း ထင်လား”

မင်းက ခေါင်းညိတ်ပြလေရဲ့။ “ထင်တာပေါ့။ ရှင် လုပ်နိုင်ပါတယ်။ ရှင့်မှာ ဒီအတွက် အရည်အချင်းသတ်မှတ်ချက် ရှိတယ်လေ။ ပြီးတော့ အဲဒီမှာ ရှင့်ကို ဒီအလုပ်တွေကို ကူလုပ်ပေးမယ့် ကျွန်မလည်း ရှိနေမှာပါ။ ညစဉ်ညတိုင်း ကျွန်မက ရှင့်နံဘေးမှာ ရှိနေမှာပေါ့”

“ဒီတော့ ကိုယ်က အိပ်မက်ဖတ်သမားတစ်ယောက် ဖြစ်လာမှာပေါ့။ ညစဉ်ညတိုင်းမှာ ကိုယ်က စာကြည့်တိုက်စင်တွေအပေါ်က အိပ်မက်အဟောင်းတွေကို ဖတ်ရှုရမယ်။ ပြီးတော့ မင်းကလည်း ကိုယ်နဲ့ အတူတူ အမြဲတမ်း ရှိနေမယ်ပေါ့လေ။ တကယ့် မင်းအစစ်အမှန်ကလေ” လို့ ကိုယ့်ကို ပြောပြခဲ့တဲ့ အချက်အလက်တွေကို ကျယ်လောင်စွာနဲ့ နောက်တစ်ကြိမ်ထပ်ပြောလိုက်မိတယ်။

အစိမ်းရောင်ဝတ်စုံရဲ့ ကြိုးတို့အောက်က မင်းရဲ့ ရှင်းလင်းနေတဲ့၊ သေးသွယ်လှတဲ့ ပခုံးတို့က ကိုယ့်လက်မောင်းအထဲမှာ သိမ့်သိမ့်တုန်ယင်နေလို့။ ပြီးတော့ တောင့်တင်းသွားပြန်ပါရော။

“ဟုတ်တယ်။ ဒါပေမဲ့ ကျွန်မ ရှင့်ကို အမှတ်ရစေချင်တဲ့ အရာတစ်ခု ရှိတယ်။ တကယ်လို့ အဲဒီမြို့မှာ ကျွန်မက ရှင့်ကို ဆုံတွေ့မိခဲ့မယ်ဆိုရင်တောင်မှ ရှင့်အကြောင်း ဘာတစ်ခုကိုမှ ကျွန်မ မှတ်မိလိမ့်မှာ မဟုတ်ဘူးနော်”

ဘာကြောင့်လဲ။

“ဘာကြောင့်လဲဆိုတာ ရှင် တကယ် မသိဘူးလား”

ကိုယ် သိပါတယ်။ ဟောဒီနေရာမှာ ကိုယ့်လက်မောင်းတို့နဲ့ နူးညံ့ညင်သာစွာနဲ့ ဖက်ထားခဲ့တဲ့ ပခုံးပိုင်ရှင်သူက အစားထိုးမျှသာ သူပဲလေ။ တကယ့် မင်းအစစ်အမှန်က အဲဒီမြို့မှာ။ နံရံအမြင့်ကြီးတစ်ခု ဝန်းရံထားတဲ့ အဲဒီ လျှို့ဝှက်ဆန်းကြယ်၊ အလှမ်းဝေးလှတဲ့ မြို့မှာ။

ကိုယ့်လက်မောင်းထဲက မင်းရဲ့ ပခုံးက တအားကိုမှ နူးညံ့ညင်သာနေပြီး နွေးထွေးနေတော့လည်း ဒါက မင်း အစစ်အမှန်ရဲ့ ပခုံး မဟုတ်ဘူးလို့ တွေးမိနိုင်ဖို့ ဆိုတာလည်း ခဲယဉ်းတာပါပဲလေ။

(Haruki Murakami ရဲ့ The City And Its Uncertain Walls ရဲ့ အခန်းတစ်ကို ဘာသာပြန်ဆိုထားတာပါ။ လောလောဆယ်မှာတော့ ဝတ္ထုတစ်ခုလုံး အစကနေ အဆုံးအထိ ဘာသာပြန်ဆိုသွားဖို့ မရှိပါဘူး။ သူ့ရဲ့ အရင်အရှေ့ပိုင်း ဝတ္ထုတွေထဲက အရေးအသားတွေနဲ့ မတူဘဲ အခုလို ကဗျာဆန်တဲ့ အရေးအသားကို ဖတ်ရတာ ကြိုက်လို့ ကိုယ့်ဘာသာ မြန်မာလို ပြန်လည်ရေးသားမိတာပါ။ လက်ရှိမှာ တခြားသော ဘာသာပြန်စာရေးဆရာတွေလည်း ဒီဝတ္ထုကို ဘာသာပြန်ဆိုနေကြပြီလို့ ထင်ပါတယ်။ သိပ်မကြာခင် အစအဆုံး ဖတ်ကြရမှာပါ။)

မိုးရဲ
မေ၊ ၂၀၂၅။

ရေမွန်ကာဗာကို ပထမဆုံးစဖတ်မိတာက သူ့ရဲ့ Call If You Need Me ဝတ္ထုတိုစာအုပ်ပါ။ ကာဗာ ကွယ်လွန်ပြီးနောက်ပိုင်းမှ သူ့ရဲ့ ဇနီးဖြ...
16/05/2025

ရေမွန်ကာဗာကို ပထမဆုံးစဖတ်မိတာက သူ့ရဲ့ Call If You Need Me ဝတ္ထုတိုစာအုပ်ပါ။ ကာဗာ ကွယ်လွန်ပြီးနောက်ပိုင်းမှ သူ့ရဲ့ ဇနီးဖြစ်သူ တက်(စ်)ဂယ်လဟာက ကာဗာရဲ့ ထုတ်ဝေခဲ့ပြီးသား ဝတ္ထုတိုစာအုပ်တွေထဲမှာ မပါသေးတဲ့ ဝတ္ထုတိုငါးပုဒ်နဲ့ တခြားအရေးအသားတွေကို စုစည်းပြီး ထုတ်ထားတဲ့ စာအုပ်။ ဒီစာအုပ်ထဲက ထင်းခွဲခြမ်းများ (Kindling) လိုမျိုး၊ အိပ်မက်များ (Dreams) လိုမျိုး အပုဒ်တွေကို ဖတ်ပြီး သူ့ရဲ့ တခြားဝတ္ထုတိုတွေကိုလည်း လိုက်ဖတ်ကြည့်ရင်း တော်တော် ကြိုက်သွားတာ။

ဒီလို ကြိုက်တဲ့ ဝတ္ထုတိုအပုဒ်တွေထဲမှာ “ကိုယ် ဖုန်းခေါ်တာ ဘယ်နေရာ” (Where I’m Calling From)လည်း ပါတယ်။ အခုက ဒီဝတ္ထုကို ဘာသာပြန် ရေးတဲ့ သူတစ်ယောက် မဟုတ်ဘဲ ရိုးရိုးစာဖတ်သူနေရာကနေ ပြန်ပြောချင်လာလို့။ အားလုံးလည်း ဖတ်ပြီးလောက်ကြပြီ ထင်လို့ ဇာတ်လမ်းကို ပြန်ပြောချင်လာလို့ပါ။

ဇာတ်လမ်းတစ်ခုလုံးက အရက်ဖြတ်စခန်းကို ရောက်နေတဲ့ လူတစ်ယောက်အကြောင်း။ ဇာတ်လမ်းအစမှာ ဇာတ်ကောင်က အဲဒီအရက်ဖြတ်စခန်းမှာ သူနဲ့ အသိအကျွမ်း ဖြစ်သွားတဲ့ ဂျေပီဆိုတဲ့ လူရဲ့ ဘဝဇာတ်ကြောင်းကို ပြောပြခိုင်းပြီးတော့၊ သူက နားထောင်ပြီးတော့ ထိုင်နေကြတာ။

ဂျေပီရဲ့ ဘဝဇာတ်ကြောင်းကို ပြောခိုင်းတာကလည်း ဇာတ်ကောင်က ဒီအကြောင်းတွေကို နားထောင်ချင်လွန်းလို့ မဟုတ်ဘူး။ ဒီအရက်ဖြတ်စခန်းမှာ သူနေနေရတဲ့ ဘဝကို ငြီးငွေ့နေလို့။ ဒီလို တစ်ခုမဟုတ် တစ်ခုကို မလုပ်နေရင် စိတ်က အရက်သောက်ချင်တဲ့ဘက်ကို ပြန်လှည့်သွားမှာ စိုးလို့။ ဒါကို ကာဗာက ဝတ္ထုထဲမှာ သေချာထည့်ရေးတယ်။ သူ့လက်တွေ တုန်ယင်လာတာက ပြန်အစပျိုးလာတယ်တို့၊ ဂျေပီက တခြားအကြောင်းတစ်ခုကို ပြောင်းပြောရင်တောင် သူက ဆက်နားထောင်နေဦးမှာပဲတို့ ဆိုပြီးတော့။ ဘာအလုပ်မှ လုပ်စရာ မရှိတဲ့လူတစ်ယေက် ရဲ့ ပျင်းရိငြီးငွေ့နေပုံပေါ့။

ဒီအရက်ဖြတ်စခန်းမှာ ရောက်နေကြတဲ့ သူတွေကလည်း အကျော်ဇေယျ အသောက်သမားတွေတဲ့။ သောက်ပြီး ခဏခဏ လေသင်တုန်းဖြတ်၊ အရက်သောက်နေတာကိုမှ မဖြတ်ရင် သေတော့မယ်ဆိုတဲ့ လက္ခဏာ ပြနေကြသူတွေ။ ဇာတ်ကောင်ဖြစ်တဲ့သူ ဒီစခန်းကို ရောက်နေတဲ့အချိန်မှာပဲ ဒီလိုလူတစ်ယောက်က လေဖြတ်ပြီး ထိုင်နေရင်း နောက်ပြန်ကြီး လဲကျသွားသေးတယ်တဲ့။

ဒီစခန်းမှာက သူတို့ကို အပြင်ကို မထွက်ရဘူးတို့ ဘာတို့ဆိုပြီး ချုပ်နှောင်ထားတာတော့ မဟုတ်ဘူး။ ကိုယ့်စိတ်နဲ့ ကိုယ် လွတ်လွတ်လပ်လပ်ပဲ။ သူတို့ကိုယ်တိုင်ကိုက ငါတို့တော့ အရက်ဖြတ်မှ ရတော့မယ်လို့ တွေးမိလို့ ကိုယ်စိတ်နဲ့ ကိုယ် ဒီစခန်းကို ရောက်နေကြတာ။ ပြောရမယ်ဆိုရင် ငါတို့ မှားခဲ့သမျှ ပြန်ပြင်ချင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရောက်နေကြတဲ့သူတွေပေါ့။ ဒီလိုလူတွေမှာ မှားခဲ့တဲ့အရာတွေအတွက် နောင်တတွေ တပုံကြီး ရနေမယ်ဆိုတာလည်း ပြောစရာ မလိုပါဘူး။

ဂျေပီရဲ့ ဘဝကလည်း စိတ်ဝင်စားစရာ။ သူ ငယ်ငယ်က ရေမရှိတဲ့ ရေတွင်းထဲကို ပြုတ်ကျဖူးတယ်။ ပြုတ်ကျပြီး အတော်ကြာမှ သူ့အဖေက လာကယ်တာ။ ပုံမှန်လူဆိုရင်တော့ ဒီလို ပြုတ်ကျတဲ့အဖြစ်က ထရော်မာရစရာကြီးမလား။ ငါတော့ ဘယ်အချိန်သေမလဲ၊ လာကယ်မယ့်သူ ရှိပါ့မလားဆိုပြီးလေ။

ဂျေပီအတွက်ကတော့ အဲဒီလို မဟုတ်ဘူး။ သူ ရေတွင်းထဲ ပြုတ်ကျနေတဲ့အချိန်မှာ ရေတွင်းနှုတ်ခမ်းဝဆီက လေတိုက်နေတဲ့အသံတွေ၊ ငှက်တွေ တောင်ပံခတ် ပျံသန်းသွားကြတဲ့အသံတွေကို သူ ကြားနေရတယ်။ ပြောရမယ်ဆိုရင် နိစ္စဓူဝ ရှင်သန်နေရတဲ့ ဘဝမှာ ဘယ်သူမှ အဖက်လုပ်ပြီး ဂရုစိုက်နေကြမှာ မဟုတ်တဲ့ အသေးအဖွဲ အရာလေးတွေကို သူ့အနေနဲ့ သတိထားမိသွားတာလို့ ပြောလို့ ရမလားပဲ။

ဒီနောက်ပိုင်း သူ ရှင်သန်နေရတဲ့ ဘဝမှာ သူ့အနေနဲ့ ဘာကြီးဖြစ်ချင်တယ်၊ ဘာကြီးကို လုပ်ချင်တယ်ဆိုတာမျိုးလည်း မရှိဘူး။ ဒီလိုနဲ့ တစ်ရက်ကျ သူ့သူငယ်ချင်းအိမ်က မီးခိုးခေါင်းတိုင်ကို သန့်ရှင်းရေး လာလုပ်ပေးတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ကြိုက်မိသွားတယ်။ ဒီတော့မှ သူ့ဘဝမှာ သူလုပ်ချင်တဲ့အလုပ်ကလည်း မီးခိုးခေါင်းတိုင် သန့်ရှင်းရေးသမား ဖြစ်ချင်တာ ဆိုပြီး သိသွားတယ်တဲ့။

နောက်တော့ ကောင်မလေးကို သူ ရည်းစားစကားလိုက်ပြော၊ ကောင်မလေးနဲ့ အလုပ်အတူတူ လုပ်ဖြစ်ကြရင်း နှစ်ယောက်သား လက်ထပ်လိုက်ကြတယ်။ ကောင်မလေးရဲ့ အဖေနဲ့ အစ်ကို ဖြစ်သူက သဘောမတူကြဘူး။ ဒီကောင်က ဘယ်ကကောင်လဲပေါ့လေ။ ဒီလိုနဲ့ ကောင်မလေးနဲ့ အိမ်ထောင်ကျပြီး သားသမီးတွေ ရလာတဲ့အချိန်မှာပဲ ဂျေပီက အရက်တွေကို အလွန်အကျွံ စသောက်လာတယ်။

သောက်တာကလည်း ထမင်းမစားဘဲ တစွပ်စွပ်သောက်နေတာ။ ဒီတော့ လင်မယား နှစ်ယောက် သတ်ရရော ဆိုပါတော့။ ကောင်မလေးက ဂျေပီကို စိတ်ကုန်လာတော့ အပြင်မှာ ဖောက်ပြန်တယ်။ နောက်ကောင်လေးတစ်ယောက် ထပ်ထားတယ်။

ဒီအကြောင်းကို ဂျေပီက သိတော့ သူ့ခံစားချက်က အံ့ဩတာ။ သားသမီးတွေနဲ့ အိမ်မှုကိစ္စတွေနဲ့ မအားလပ်ရတဲ့ကြားထဲကနေ ဖောက်ပြန်ဖို့အတွက် သူ့မှာ အချိန်ဘယ်ကရလဲတဲ့။ ဒီနေရာမှာ ဇာတ်ကောင်ဖြစ်သူက ဝင်ပြောတယ်။ လူတွေက ဒီလိုလုပ်ချင်တယ်ဆိုရင် လုပ်ဖို့အတွက် အချိန်ရအောင်ရှာတာပဲတဲ့။ ဂျေပီက တော်တော်စိတ်ဆိုးပြီးတော့ ကောင်မလေးရဲ့ လက်ထပ်လက်စွပ်ကို ပလာယာနဲ့ အပိုင်းပိုင်း ဖြတ်ပစ်လိုက်တယ်တဲ့။ နောက်တော့ ဂျေပီရဲ့ သောက်တဲ့ ပြဿနာက တော်တော်ဆိုးလာပြီး ကားမောင်းလိုင်စင်တွေလည်း အသိမ်းခံရတော့ ကောင်မလေးရဲ့ အဖေနဲ့ အစ်ကို ဖြစ်သူက သူ့ကို အခု အရက်ဖြတ်စခန်းဆီကို လိုက်ပို့လိုက်တာ။

ဒီနေရာမှာ ဇာတ်ကောင်ရဲ့ ဘဝအကြောင်းကိုလည်း ပြောရမယ်။ သူက ပထမအိမ်ထောင်နဲ့ ကွဲနေပြီး ဒုတိယကြိုက်တဲ့ ရည်းစားကောင်မလေးနဲ့ အတူတူ နေနေတာ။ အဲဒီကောင်မလေးက ကလေးတစ်ယောက်နဲ့။ ဒီအရက်ဖြတ်စခန်းကို အရင်ကလည်း သူ တစ်ခါ ရောက်ဖူးသေးတယ်။ အဲဒီတုန်းကတော့ ပထမအိမ်ထောင်က လိုက်ပို့တာပေါ့။ အခုတခေါက်ကတော့ ဒုတိယကောင်မလေးက သူ့ကို လိုက်ပို့တာ။

ကောင်မလေးကလည်း ကျန်းမာရေး အခြေအနေက မကောင်းဘူး။ နေမကောင်းလို့ ဆေးစစ်လိုက်တာ သားအိမ်ခေါင်းကင်ဆာတဲ့။ ဒီသတင်းကို သိလိုက်ရတဲ့နေ့တုန်းက သူတို့နှစ်ယောက်သား သောက်ဖြစ်ဖို့အတွက် လုံလောက်တဲ့အကြောင်းပြချက်ရပြီ ဆိုပြီး နှစ်ယောက်သား အသေအလဲ မူးလိုက်ကြတာ။ ဇာတ်ကောင်ကို အခုအရက်ဖြတ်စခန်းဆီကို လိုက်ပို့တဲ့ နေ့မှာတောင် ကားပေါ်မှာ နှစ်ယောက်သား သောက်လာကြတဲ့အထိ။

ဇာတ်ကောင်က သူ့ရဲ့ ပထမအိမ်ထောင်က ကောင်မလေးကို သတိရတယ်။ အခုအရက်ဖြတ်စခန်းမှာ သူ ပထမဆုံး ဖုန်းခေါ်မိတာက ဒုတိယကောင်မလေးဆီကို မဟုတ်ဘူး။ ပထမတစ်ယောက်ဆီကို အရင်ဖုန်းခေါ်တာ။ ဟိုက ဖုန်းမကိုင်ဘူး။ ဒုတိယကောင်မလေးကိုက စကားပြောချင်စိတ် မရှိလို့ ဖုန်းမဆက်မိဘူးတဲ့။

ဒီစခန်းကို ဦးစီးတာက ဖရန့်မာတင်ဆိုတဲ့ ထောင်ထောင်မောင်းမောင်းနဲ့ လူ။ ကြေးစားလက်ဝှေ့သမားလို ဆိုဒ်မျိုးနဲ့လူ။ တကယ်ဆိုးပေ့ဆိုတဲ့ အရက်သမားတွေကို ကိုင်တွယ်ရတာဆိုတော့လည်း ဒီလိုလူမှ ဖြစ်မှာပေါ့လို့ ပြောရမလားပဲ။ သူက ဂျေပီနဲ့ ဇာတ်ကောင်တို့ကို နာမည်ကြီး စာရေးဆရာ ဂျက်လန်ဒန်အကြောင်း ပြောပြတယ်။ ဂျက်လန်ဒန်ကလည်း တကယ်အသောက်ကြမ်းတယ်လို့ ပြောရမှာပဲ။ အရက်ကြောင့်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတာ။ မာတင်က ဒါကို ပြောပြပြီးတော့ ဂျက်လန်ဒန်လို အထင်ကရလူမျိုးတောင် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ အရက်ကြောင့် ဆုံးသွားရတာဆိုရင် မင်းတို့ငါတို့လို သာမန်လူတွေဆို ပိုဆိုးမှာပေါ့လို့ တရားချတာ။

နောက်နှစ်သစ်ကူးနေ့ရက်ကျတော့ ဂျေပီရဲ့ ဇနီးသည်က ဂျေပီကို ဒီအရက်ဖြတ်စခန်းမှာ လာတွေ့တယ်။ ဇာတ်ကောင်ကလည်း ဂျေပီရဲ့ ဇာတ်လမ်းကို သိပြီးသားဆိုတော့ လိုက်ကြည့်နေမိတာပေါ့။ ဂျေပီက သူ့ဇနီးနဲ့ မိတ်ဆက်ပေးတယ်။ ဒီအချိန်မှာ ဇာတ်ကောင်က သူ့စိတ်ထဲမှာ ဂျေပီ ပလာယာနဲ့ ဖြတ်ပစ်လိုက်တဲ့ ကောင်မလေးရဲ့ လက်ထပ်လက်စွပ်အကြောင်း သတိရနေမိတယ်တဲ့။ သူ့ဇနီးသည်၊ ပထမကောင်မလေးနဲ့ အတူတူ အိပ်ခန်းထဲမှာ အိပ်နေတုန်းက အဖြစ်အပျက်တစ်ခုကိုလည်း သူ ပြန်သတိရမိသွားသေးတယ်။ ဒီအကြောင်းကတော့ ထားပါတော့။

နောက်တော့ သူဖတ်ဖူးတဲ့ ဂျက်လန်ဒန်ရဲ့ ဝတ္ထုတိုတစ်ပုဒ်ကိုလည်း သူ ပြန်တွေးမိသွားတယ်။ ဒီဝတ္ထုက ရေခဲလုမတတ် တအားချမ်းအေးလွန်းတဲ့၊ နှင်းခဲတွေ ပြည့်နှက်နေတဲ့ ဒေသတစ်ခုကို ရောက်သွားတဲ့ လူတစ်ယောက်အကြောင်း။ အဲဒီလူက ခရီးထွက်ရင်း တနေရာအရောက်မှာ အေးလွန်းမက အေးလာတော့ သစ်ပင်တစ်ပင်အောက်မှာ နားရင်း မီးဖိုဖို့အတွက် ကြိုးစားတယ်။ ရာသီဥတု အခြေအနေကလည်း သွေးခဲလုမတတ် အခြေအနေ။ မီးဖိုကနေ အနွေးဓာတ်ကလေးသာ မရတော့ရင် အေးခဲပြီး သေရတော့မယ့် အခြေအနေ။ အဲဒီလိုမို့လည်း သေရေးရှင်ရေးလို သဘောထားပြီး သူ့မှာ မရမက မီးဖိုဖို့အတွက် ကြိုးစားနေတာ။

ဒီလိုနဲ့ နောက်ဆုံးမှာ မီးဖိုလို့ ရသွားတယ်။ မီးတောက်ကလေး တောက်လာပြီး မီးဖိုကနေ အနွေးဓာတ်ကလေး ရမယ်ပဲ ကြံပါသေးတယ်၊ ဖြစ်ချင်တော့ သူ နားနေတဲ့ သစ်ပင် အကိုင်းတွေအပေါ်ကနေ နှင်းခဲကြီးတစ်ခဲက မီးဖိုအပေါ်ကို ပြုတ်ကျလာတာ။ သွားရောပေါ့လေ။ ဘာမှမှ လုပ်မရတော့တာ။

ဇာတ်ကောင်က ဒီဝတ္ထုအကြောင်းကို ပြန်တွေးမိတယ်လို့ပဲ ရေမွန်ကာဗာက ရေးထားတာ။ ဘာလို့ တွေးမိသွားတယ် ဆိုတာကို ထည့်မရေးထားဘူး။ ဂျက်လန်ဒန် ဝတ္ထုထဲက လူက သေရေးရှင်ရေးလို သဘောထားပြိး မီးကို မရမက ဖိုနေသလို သူလည်း အခုအကြိမ် အရက်ဖြတ်စခန်းမှာ အရက် ပြတ်ကို ပြတ်သွားမှ ဖြစ်မှာလားဆိုပြီး တွေးမိတာမျိုးလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါက စာဖတ်သူက တွေးကြည့်ဖို့ပါ။

ဒီလိုနဲ့ ဝတ္ထုအဆုံးသတ်နားမှာတော့ ဇာတ်ကောင်က သူ့ပထမကောင်မလေးဆီ ဖုန်းခေါ်ဖို့ ထပ်ကြိုးစားကြည့်တယ်။ ဖုန်းကိုင်တဲ့အခါကျရင် ရှင် ဘယ်နေရာကနေ ဖုန်းခေါ်နေတာလဲ ဆိုပြီး မေးလိမ့်မယ်တဲ့။ ဒီတော့ ကျနော်လည်း သူ့ကို ပြောပြရတော့မှာပဲတဲ့။ ဆိုလိုချင်တာက ပထမအကြိမ် ဒီအရက်ဖြတ်စခန်းကို ဒီကောင်မလေးနဲ့ အတူတူ သူ ရောက်လာခဲ့ပြီးပြီ၊ ဒါပေမဲ့ ဒီအကြိမ်တုန်းက အရက်ဖြတ်တာ မအောင်မြင်ခဲ့လို့ သူတို့နှစ်ယောက်လည်း လမ်းခွဲခဲ့ကြရတာကိုး။ သူ့ဆီ ဖုန်းခေါ်လို့ ပြီးသွားရင်တော့ ဒုတိယကောင်မလေးဆီကို ဖုန်းခေါ်ကြည့်မယ်တဲ့။ ဟိုက ဖုန်းလာကိုင်ရင်တော့ “ဟယ်လို အချစ်ကလေးရေ၊ အခု ဖုန်းခေါ်တာ ကိုယ်ပါ” လို့ ပြောလိုက်မယ်လေတဲ့။

ရေမွန်ကာဗာရဲ့ ဝတ္ထုတစ်ပုဒ်လုံးက ဝတ္ထုတစ်ပုဒ်ထဲမှာတင် ဇာတ်ကောင်ရဲ့ ဇာတ်ကြောင်း၊ ဂျေပီရဲ့ ဇာတ်ကြောင်း၊ ဂျက်လန်ဒန် ဝတ္ထုထဲက လူရဲ့ ဇာတ်ကြောင်းတို့နဲ့ ရောယှက်ထားတာလို့ ပြောလို့ ရတယ်။ ဒီဇာတ်ကြောင်းသုံးခုစလုံးကလည်း လားရာအရပ်တစ်ခုတည်းဆီကိုပဲ ဦးတည်နေတာ။

ကိုယ်တွေဘဝမှာ ဘယ်သူမဆို အမှားအယွင်းတွေကို ပြုလုပ်ခဲ့ဖူးကြတဲ့သူတွေချည်းပဲမလား။ ဒီအချိန်မှာ လုပ်နိုင်တာက ဆက်ပြီးတော့ပဲ ဆက်မှားနေမလား၊ ဒီအမှားတွေကို လက်သင့်ခံပြီး အချိန်မှီ ပြန်ပြင်ဆင်နိုင်အောင် ကြိုးစားမလား ဆိုတာပဲ ရှိတာလေ။ ရေမွန်ကာဗာရဲ့ ဝတ္ထုထဲက ဇာတ်ကောင်ကလည်း ဒီလို သူ မှားယွင်းခဲ့တဲ့ အဖြစ်တွေဆီကနေ မှန်ကန်တဲ့ဘက်ကို သွားနိုင်အောင် ကြိုးစားနေတာ။

ကြိုးစားတိုင်း ဖြစ်လာမလား၊ ဖြစ်လာမလား ဆိုတာကလည်း ဘယ်သူမှ ပြောမရဘူးလေ။ ကိုယ်က ပင်ပန်းတကြီးနဲ့ အနွေးဓာတ်ရအောင် မီးဖိုကလေး ဖိုခဲ့ပြီးမှ နှင်းခဲထုကြီးက ကိုယ့်မီးဖိုလေးအပေါ် ပြုတ်ကျလာပြီး မီးငြိမ်းသွားတာမျိုးလည်း ဖြစ်လာနိုင်တာပဲ။ ကိုယ်လည်း အအေးထုထဲမှာပဲ အသက်ဆုံးရှုံးသွားတာမျိုးလည်း ဖြစ်သွားနိုင်တာပဲ။

ဒါပေမဲ့ ကိုယ်တွေမှာ အနည်းဆုံး ရွေးချယ်ခွင့်လေးတော့ ကျန်သေးတယ်မလား။ ရှေ့ဆက် ကိုယ်က ဘယ်လမ်းကို ဆက်ရွေးမှာလဲပေါ့။ မှားခဲ့ပြီးတဲ့အရာတွေအတွက်တော့ ဒီအမှားတွေကို ရင်ထဲမှာ ထားပြီးတော့သာ တသက်လုံး ရှင်သန်သွားကြရုံပေါ့။

- မိုးရဲ -

Address


Website

Alerts

Be the first to know and let us send you an email when Fate Book Publishing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fate Book Publishing:

  • Want your business to be the top-listed Media Company?

Share