
04/03/2025
သြစတြေးလျားတပ်များ ယူကရိန်းကို စေလွှတ်နိုင်
---------------
သြစတြေးလျားတပ်များ ယူကရိန်းကို ငြိမ်းချမ်းတပ်အသွင်ဖြင့် ပို့ကောင်းပို့မည်ဖြစ်ကြောင်း သြစတြေးလျားဝန်ကြီးချုပ် အန်သနီအဲဘနိစ့်က ပြောဆိုလိုက်သည်။
ယူကရိန်းအားပေးနေသည့် အမေရိကန်အကူအညီများရပ်တန့်လိုက်သည့်အခြေအနေတွင် ဝန်ကြီးချုပ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကူဖို့အသင့်ပဲ” ဟု ၎င်း၏ပြောဆိုချက်ကို ကိုးကား၍ သြစတြေးလျားနိုင်ငံပိုင် ABC သတင်းဌာနက ရေးသားထားသည်။
ဥရောပတိုက်ရှိနိုင်ငံများ ဦးဆောင်၍ညွှန့်ပေါင်း အသွင်ဖြင့် ယူကရိန်းအရေးတိုးမြှင့်လုပ်ရှားမှုတွင် သြစတြေးလျားက တစိတ်တဒေသပါဝင်မည့် အခြေအနေရှိသည်။
သြစတြေးလျားသည် ယူကရိန်းစစ်ပွဲအတွက် ဒေါ်လာသန်းတစ်ထောင်နီးပါး ကူညီထားသည်။
၎င်းကပေးသည့် အကူအညီများတွင် လေကြောင်းရန်ကာကွယ်ရေးဒုံးများ၊ ဝေဟင်မြေပြင် စစ်လက်နက်များ၊ တင့်ကားဖျက်လက်နက်များအပြင် လက်နက်ငယ်များနှင့် တိုက်ခိုက်ရေး ဒရုန်းများလည်းပါဝင်သည်။
( သြစတြေးလျားဝန်ကြီးချုပ် အန်သနီအဲဘနိစ့်နှင့် ယူကရိန်းသမ္မတ ဇလန်းစကီးတို့ ၂၀၂၂ က နေတိုးထိပ်သီးအစည်းအဝေးတစ်ခု၌ တွေ့ဆုံစဥ်။ ပုံ-ယူကရိန်းသမ္မတရုံး)