20/04/2025
သမုဒယအကျဉ်းထောင် ( Short Story)
“မောင်ဟာကျွန်မ အတွက်ဆုလာဘ်တစ်ခုပဲ....” မင်္ဂလာ ခန်းမအလယ် မောင့်လက်ကိုပြီး ဝင်လာခဲ့ရတဲ့ကျွန်မဟာ လောကမှာ ကံအကောင်းဆုံးလူတစ်ယောက်လို့ ကျွန်မထင်တယ်။ ကျွန်မလေ ပျော်လွန်းလို့ မျက်ရည်တွေပါဝဲမိတဲ့အထိပါ။
မောင့်မျက်နှာလေးကို တစ်ချက်ငေးကြည့်ပြီး ကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ အဲ့တာဟာ ကျွန်မဘဝကြီးတစ်ခုလုံး မောင့်ကို ပုံအပ်လိုက်တော့မယ်ဆိုတာပါပဲ။
မိဘမဲ့ဖြစ်တဲ့ကျွန်မက အဒေါ်အပျိုကြီးနဲ့အတူနေခဲ့ရတာ၊ အခုတော့ ကျွန်မရဲ့တွယ်စရာဖြစ်တဲ့ မောင့်ကို လင်ယောင်္ကျားလို မိဘလိုပဲအားကိုးယုံကြည်ပြီး ပုံအပ်လိုက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
မောင့်ကို ကျွန်မက မြတ်မြတ်နိုးနိုးနဲ့ မောင်လို့ ခေါ်တာဆိုပေမယ့် မောင်က ကျွန်မထက် အသက်နှစ်နှစ်နီးပါးကြီးတယ်။
မောင်နဲ့ကျွန်မ စပြီးဆုံတာက ဘဏ်တစ်ခုမှာပါ။ ငွေထုတ်ရင်းနဲ့စဆုံဖြစ်ခဲ့တာ။ ငွေထုတ်ဖို့စောင့်နေရင်း ကျွန်မက အပြင်ခဏထွက်တုန်း ပိုက်ဆံအိတ်လုခံလိုက်ရတယ်။ အဲ့ဒီမှာ မောင်ကကူညီပေးရင်းရင်းနှီးသွားခဲ့ကြတာ။ ဘဏ်ကို ကျောင်းစိမ်းယူနီဖောင်းနဲ့လာတဲ့ ကျွန်မက ကျောင်းဆရာမတစ်ယောက်မှန်း မောင်ကသိပြီး ကျောင်းကို အကြောင်းရှာပြီးအမြဲလာတက်တယ်။ အဲ့ဒီလိုနဲ့ပဲ ကျွန်မနဲ့မောင်တို့ဟာ နှလုံးသားချင်းနီးစပ်သွားခဲ့ကြတယ်။
မောင်နဲ့လက်ထပ်ပြီးတဲ့အချိန်မှာ ဇနီးဝတ္တရားတစ်ယောက်ရဲ့တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ဖို့ကျွန်မ ကြိုးစားခဲ့တယ်။ မောင်မကြိုက်တက်တာတွေကိုရှောင်ပြီး မောင်ကြိုက်တာလေးတွေလုပ်ပေးဖို့ ကျွန်မ စူးစမ်းတယ်။ ကျွန်မဟာ မောင့်စကားတစ်ခွန်းဆိုတစ်ခွန်းဖြစ်အောင်နေဖို့ပဲတွေးထားခဲ့တယ်။ မိဘမေတ္တာငတ်မွတ်ခဲ့တဲ့ကျွန်မကို မေတ္တာတွေပေးပြီးနွေးထွေးစေခဲ့တယ်။
“သီတာ....”
“ရှင်...မောင်...”
“သီတာ အလုပ်ထွက်လိုက်ပါလား..... ကျောင်းဆရာမ အလုပ်က ပင်လည်းပင်ပန်းသေး လစာရတာကလည်းနည်းသေးတယ်....၊ ပြီးတော့ အပြောင်းအရွှေ့တွေဘာတွေကျရင် သီတာက မောင်နဲ့အဝေးသွားနေရတော့မှာ ဘယ်လိုမှ အဆင်မပြေဘူး....” မောင့်ဘက်က ပြောလာတော့ သီတာတွေဝေသွားမိတယ်။
တကယ်တော့ ကျောင်းဆရာမ အလုပ်ဆိုတာ ဝမ်းစာထက် ဝါသနာအရလုပ်ခဲ့တာပါ။ မေတ္တာငတ်ခဲ့တဲ့ သီတာဟာ ကလေးတွေကို စေတနာ မေတ္တာနဲ့စသင်ပေးရင်း သူတို့လေးတွေဆီကမေတ္တာပြန်ရလာတာကြောင့် သီတာသိပ်ပျော်ခဲ့ရတာ။ အခုတော့ မောင်က အဲ့ဒီအလုပ်ကို စွန့်လွှတ်ဖို့ပြောလာပြီ။ သီတာ ဝါသနာပါတဲ့ အလုပ်ကိုလည်း သီတာမစွန့်လွှတ်ချင်၊ မောင့်ရဲ့စကားကို မလွန်ဆန်နိုင်။ သီတာ ရင်မောရပါတယ်။
“မောင်.... သီတာ့ကို စဉ်းစားချိန်လေးပေးပါဦးနော်....”
“အင်းပါ...သေချာတော့ စဉ်းစားပေါ့သီတာ... မောင်ကမောင်တို့နှစ်ယောက်ရဲ့ ရှေ့ရေးအတွက်ပြောတာ.... မောင်ကလည်း စီးပွားရေးပြေလည်နေတာပဲ.... သီတာ့လစာလောက်လျော့သွားတာက ဘာမှမပြောပလောက်ပါဘူး....” မောင်ပြောလိုက်တဲ့စကားက သီတာ့စိတ်ထဲ စူးခနဲဖြစ်သွားမိတယ်။
ဒါပေမယ့်လည်း သီတာပြန်မပြောခဲ့ ငြိမ်ပြီးနားထောင်နေလိုက်ပါတယ်။
“ပြီးတော့ မောင်တို့မှာ သားသမီးတွေရလာတဲ့ အခါကျရင် သီတာရဲ့ အလုပ်နဲ့ဆိုရင် ဘယ်လိုမှ အဆင်ပြောမှာ မဟုတ်ဘူး...အဲ့တာကြောင့်ပါ....” မောင်ဆက်ပြောတဲ့ စကားတွေကလည်း သီတာတို့ရှေ့ရေးအတွက်မှန်နေသည်။
“သီတာ သေချာစဉ်းစားပါ့မယ်မောင်.... မောင်ပြောတာကို သီတာနားလည်ပါပြီ....”တ
“အင်းပါ... မောင်နေ့လည် ထမင်းပြန်စားမှာနော်.... မောင်က ဝက်သားလုံးဝမစားဘူး....”
မောင်ပြောတော့ သီတာ သေသေချာချာလိုက်မှတ်ရသည်။ ဝက်သားဟာ သီတာ အကြိုက်ဆုံးဟင်းဖြစ်ပေမယ့် မောင်မကြိုက်တဲ့ဟင်းမို့ မချက်ရတော့ဘူးဆိုတာ သီတာမှတ်ထားလိုက်သည်။
“မောင် ဘာဟင်းတွေကြိုက်တက်လဲဟင်... သီတာ့ကိုပြောပြထားပါလား... ဒါမှမောင်ကြိုက်တာလေးတွေ သီတာချက်ပေးလို့ရမှာ....”
“မောင်ကြိုက်တာတွေထက် မကြိုက်တာတွေကိုပြောပြထားမယ်....မောင်က အသန့် အရမ်းကြိုက်တယ်... မီးဖိုထဲမှာထမင်းဟင်းချက်ရင် သတိထားပြီး သန့်သန့်ရှင်းရှင်းချက်ပါ.... ပြီးတော့ မောင်က အချဉ်အစပ်တွေသိပ်မစားဘူးနော်....” မောင်ပြောသွားတာတွေက မနည်းမနော၊ သီတာ မောင်ပြောတာတွေကို မနည်းလိုက်မှတ်ခဲ့ရသည်။ မောင်မကြိုက်တာတွေတော်တော်များများက သီတာကြိုက်တဲ့အရာတွေများသည်။ ဒါပေမယ့်လည်းသီတာ မြိုသိပ်ပြီး မောင်ကြိုက်တာတွေကို လိုက်ပြီး ကြိုက်တက်အောင်ကြိုးစားခဲ့သည်။
မောင့်သဘောမောင့်အလိုကျ ကျောင်းဆရာမ အလုပ်ကို သီတာ စွန့်လွှတ်ခဲ့ပြီး အိမ်ထောင်ရှင်မကောင်း တစ်ယောက်အဖြစ် နေထိုင်ခဲ့ပါတယ်။
“ဟင်.... ဒီ အင်္ကျီလေး လှလိုက်တာ....အဝါရောင်လေး.... မောင်... သီတာ ဒီအင်္ကျီလေးဝယ်မယ်နော်...”
“ဟာ... အဝါရောင်ကြီး မလှပါဘူး.... အဖြူရောင်အင်္ကျီလေးတွေ့လား.... ဘယ်လောက်လှလိုက်သလဲ.... အဲ့တာလေးယူလိုက်...” မောင်က ပြောတော့ သီတာ စိတ်ဆိုးမိသည်။ အရာရာတိုင်းဟာ မောင့်စိတ် မောင့်သဘောအတိုင်းနေနေရတာဖြစ်တဲ့အတွက် တစ်ခါတစ်လေလေးတော့ သီတာ့ စိတ်တိုင်းကျလုပ်ချင်သည်။ ဘာကြောင့်မှန်းတော့ မသိပေမယ့် မောင်က သီတာ့ကို အဖြူရောင်တွေ အမြဲဆင်သည်။ ဝယ်ပေးသမျှပစ္စည်းတွေတိုင်းကလည်း အဖြူရောင်တွေ ချည်းသာဖြစ်သည်။ နောက်ပြီးတော့ သီတာကို ရွှေလုံးဝမဝတ်ခိုင်းတာ သီတာ တွေးလို့မရဖြစ်မိသည်။ သီတာ့မှာ ပလက်တီနမ်ထည်တွေချည်းဝတ်နေရတာ့ ရွှေထည်လေးလည်း ဝတ်ချင်သည်။ သီတာက ဆံပင်ရှည်ထားရတာကို ကြိုက်နှစ်သက်တဲ့ လူတစ်ယောက်ဖြစ်ပေမယ့် အရမ်းအရှည်ကြီးမထားချင် ။ ကျောလောက်ရောက်လျှင်ပဲ သီတာ အမြဲညှပ်သည်။ ဆံပင် အရမ်း အရှည်ကြီးနဲ့နေရတာဟာ အရမ်း စိတ်အိုက်ဖို့ကောင်းသည်။ တစ်နေ့တစ်နေ့ ဒီဆံပင်ကြီးကို ဆီလိမ်းရခေါင်းလျှော်ရ၊ ခေါင်းလျှော်ပြီးရင်လည်း မနည်းခြောက်အောင်ပြန်လုပ်ရနှင့် သိပ်ကို အလုပ်ရှုပ်သည်။
တစ်နေ့ တွင် သီတာ ဆံပင်သွားညှပ်လိုက်တော့ မောင်နဲ့ စကားများရတော့သည်။
“သီတာ.... မင်းဘာလို့ ဆံပင်ညှပ်ပစ်လိုက်တာလဲ....မင်း...မင်းကွာ...” ပြောနေတဲ့ မောင်မျက်နှာက တော်တော်လေးဒေါသထွက်နေတဲ့ပုံစံ။
“နေရတာ အရမ်းအိုက်လို့ပါမောင်ရယ်....” သီတာ့ ဆံပင်က အခုလည်း အရမ်းတိုမနေပါဘူးမောင်ရဲ့ ကျောလောက်ရှိသေးတာပဲ....”
“မလိုချင်ဘူး သီတာ.... မင်းဆံပင်ကို ဒီ့ထက် အရှည်ထားရမယ်.... အနည်းဆုံး တင်ပါးဖုံးလောက်တဲ့အထိထားရမယ်.... မပြောမဆိုနဲ့ ဆံပင်ကို ညှပ်ပစ်လိုက်တာကွာ.... မောင် အရမ်းစိတ်ဆိုးတယ် သီတာ....” မောင်က ဒေါသနဲ့ပြောတော့ သီတာငိုမိသည်။ သီတာ့ ဘဝက ကိုယ့် ခန္ဓာကိုယ် ကိုကိုတောင် မပိုင်ဆိုင်ရတော့ပါလား။ ဆံပင် ညှပ်မိလိုက်တာ အဲ့သည်လောက်အထိ အပြစ်ကကြီးသွားပြီတဲ့လား။ သီတာက မောင့်အလိုကျ ထဆိုထ ထိုင်ဆိုထိုင်နေနေခဲ့ရတာကို မောင်က အခုလိုမျိုးပြောလာတော့ ဝမ်းနည်းပြီးငိုမိသည်။
သီတာငိုနေတော့မှ မောင်က စိတ်လျှော့ပြီး သီတာ့ကို လာချော့သည်။
“မငိုပါနဲ့ သီတာရယ်.... မောင်က သီတာ့ကို ချစ်လို့အခုလိုပြောတာပါ.... မိန်းမတို့ဘုန်းဆံထုံးတဲ့....သီတာ့ကို ဘုန်းကံမြင့်မားပြီး တခြားသူတွေ အားကျရတဲ့ မိန်းမကောင်းလေးတစ်ဦးဖြစ်စေချင်လို့ပါ.... မငိုနဲ့တော့နော်....” မောင်ကပြောပြီး သီတာ့ကို မျက်ရည်သုတ်ပေးသည်။ မောင်ကချော့တော့လည်း သီတာပျော့သွားခဲ့ရသည်။
“မောင့်မိန်းမကလည်း ကလေးလေးကျနေတာပဲ... တိတ်တိတ်....” မောင်က သီတာ့ကို အရမ်းလွှမ်းမိုးနိုင်လွန်းသည်။ သီတာကလည်း ဘာကြောင့်မှန်းမသိ မောင့်အလိုကျနေချင်နေမိခဲ့သည်။
မောင်က အချဉ်အစပ်တွေမစားသူဆိုပေမယ့် သီတာက အချဉ်အစပ်အစပ် သိပ်ကြိုက်သည်။ တစ်နေ့ မောင်မသိအောင် သရက်သီးသုပ်စပ်စပ်ကလေး သီတာ ခိုးစားသည်။ ကံဆိုးချင်တော့ နောက်နေ့မနက်တွင် သီတာ ဝမ်းတွေသွားတော့သည်။
သီတာ ဝမ်းသွားတာ အခြေအနေတော်တော်ဆိုးလို့ဆရာဝန်ပါခေါ်ရသည့် အခြေအနေဖြစ်လာခဲ့သည်။
ကုတင်ပေါ်မှာလှဲနေရင်း မောင့်ကို မရဲတရဲကြည့်ရသည်။ မောင်က အချဉ်အစပ်တွေ မစားဖို့မှာထားပါလျက် သီတာခိုးစားခဲ့တာကို မောင်သိသွားပြီ။
“သီတာ....ဘာလို့မောင့် စကားကိုနားမထောင်ရတာလဲ.... မောင်ပြောတယ်ဆိုတာ သီတာ အခုလိုတွေဖြစ်မှာဆိုးလို့ပြောတာပါ...အခုဆို မောင့်မှာ ဘယ်လောက်စိတ်ပူနေရလဲသိလား...” မောင်က လေပြေကလေးနဲ့ သီတာ့ကိုပြောတော့ သီတာ ရင်အေးသွားရသလို မောင့်ကိုလည်းပို မြတ်နိုးမိလာပါတယ်။
“ဟုတ်ကဲ့ပါမောင်.... သီတာနောက်ဆို မောင့်စကားကို နားထောင်ပါ့မယ်....”
“ဒီမှာ သီတာကြိုက်တဲ့ နှင်းဆီဖြူလေးတွေမောင်ဝယ်လာတယ်....” မောင်ကပြောပြီး နှင်းဆီဖြူပန်းစည်းလေးပေးလာတော့ သီတာ တွေသွားမိတယ်။
သီတာက နှင်းဆီဖြူကြိုက်ပါတယ်လို့ မောင့်ကို ဘယ်တုန်းကမှမပြောခဲ့ဖူးဘူး။ သီတာက နှင်းဆီဖြူကိုလည်းမကြိုက်၊ သီတာက နှင်းဆီဖြူမှမဟုတ် ဘယ်အရောင်နဲ့ နှင်းဆီကိုမှမကြိုက်။ နှင်းဆင်းရနံ့ဟာ သင်းထုံထုံနဲ့မို့ လူတွေကြိုက်ကြပေမယ့် သီတာအတွက်က ခေါင်းကိုမူးနောက်စေတဲ့ အနံ့ဖြစ်သည်။ သီတာကြိုက်တာ ခရေ။ ခရေလို စိမ့်နေအောင်မွှေးတဲ့ပန်းမျိုးကို သီတာကြိုက်သည်။
ဒါပေမယ့် ကို့ယ်ယောင်္ကျားက ကို့အတွက် ဝယ်လာပေးတဲ့ ပန်းမို့ သီတာ မကြိုက်ပေမယ့် ပန်းလေးတွေကို နမ်းရှုံ့လိုက်ပါတယ်။
နောက်ပိုင်းမှာလည်း မောင်က သီတာ့အတွက် အမြဲလိုလို နှင်းဆီဖြူလေးတွေ ဝယ်လာပေးတက်သည်။ မောင်ဝယ်လာပေးတိုင်း မောင့်ရှေ့မှာ ကျေနပ်စွာနဲ့ နှင်းဆီဖြူလေးတွေကို နမ်းရှုံ့ပြမှ မောင်ကကျေနပ်သည်။
သီတာ မကြိုက်ပေမယ့် မောင့်ကို စိတ်ချမ်းသာအောင် ဟန်ဆောင်နေခဲ့ရသည်။
“သီတာ...နင်လည်း အလုပ်ကထွက်ပြီးကတည်းက ငါ့ကိုအဆက်အသွယ် ဖြတ်သွားလိုက်တာများ ပြောကို မပြောချင်ဘူး....”
“မဟုတ်ပါဘူးသူငယ်ချင်းရယ်... ငါလည်း အိမ်အလုပ်တွေနဲ့ တစ်နေ့တစ်နေ့ အလုပ်ရှုပ်နေလို့ပါဟာ.... ကျောင်းမှာ ကလေးတွေကော လိမ်လိမ်မာနေကြရဲ့လား”
“နေပါတယ်...သူတို့လေးတွေက နင့်ကိုတမေးတည်းမေးနေတာ....၊ နင့်ကိုကြည့်ရတာလည်း တော်တော်လေးပိန်သွားတယ်... အိမ်အလုပ်တွေ ကူလုပ်ဖို့ အိမ်ဖော်လေး ဘာလေးငှားလေဟာ.... နင့်ယောင်္ကျားက အခြေအနေကောင်းတာပဲကို”
“မငှားချင်ပါဘူး သူငယ်ချင်းရယ်.... ဒီအလုပ်တွေငါလုပ်နိုင်ပါတယ်... အိမ်မှာ လူပိုတွေလည်းမထားချင်ဘူး....ပြီးတော့မောင်ကလည်း ငါလုပ်ပေးတာကိုပဲ သဘောကျတာ....”
“အေးပါ...ငါကနင်ပင်ပန်းနေတာမကြည့်ရက်လို့ပါ...အရင်လိုပြင်ပြင်ဆင်ဆင် လေးလည်း နေဦးနော်.... အိမ်ထဲမှာပဲနေပြီး အိမ်တွင်းပုန်းလုပ်မနေနဲ့ အပြင်လေးဘာလေးထွက်.... ကျောင်းကိုလည်းလာလည်ပေါ့ဟာ....”
“ကျေးဇူးတင်ပါတယ် သူငယ်ချင်းရယ်... ငါလာပါ့မယ်....”သီတာ့သူငယ်ချင်းမိုးမိုးက သီတာ့ကို အတော်လေးသနားနေဟန်ရသည်။ သူ့ပါးစပ်က ထုတ်မပြောပေမယ့် မျက်လုံးတွေကိုကြည့်ပြီး သီတာသိသည်။
“လင်ကို ဘုရားလို ကိုးကွယ်နေတဲ့ နင့်အတွက်တော့ ရင်မောလိုက်တာသီတာရယ်....” သီတာ သူငယ်ချင်း ရင်တွင်းကစကားကို သီတာ မကြားခဲ့ပါ။ သီတာ့ဘဝဟာလည်း အိမ်ထောင်ကျပါပြီဆိုကတည်းက အကျဉ်းကျသလို ပိတ်လှောင်နေခဲ့တာကြာခဲ့ပါပြီ။
******************************************************
ဒီနေ့ မောင်ကြိုက်တဲ့ ငါးခူစဉ်းကောလေးချက်ရမယ်။ ငါးကို သေသေချာချာပြောင်စင်အောင်ဆေးဦးမှ၊ မောင်က အသန့်သိပ်ကြိုက်တာ၊ ။
သီတာ့မှာ မီးဖိုချောင်ဝင်ပြီဆိုရင်လည်း အမြဲသတိထားရတယ်၊ ရှုပ်ပေပွနေအောင်မလုပ်ဖို့၊ သုံးတဲ့ ပစ္စည်တွေကို သူ့နေရာသူ စနစ်တကျပြန်ထားဖို့၊ အဓိကကတော့ ဆံပင်ပဲ။ ထမင်းဟင်းချက်ရင် ဟင်းတွေထဲကို ဆံပင်ချည်ပါသွားမှာကြောက်လို့ ဒီဆံပင်ရှည်ကြီးကို သီတာ့မှ ထိန်းရသိမ်းရတာလည်း အလုပ်တစ်လုပ်ပဲ၊ မောင်က သီတာ့ ဆံပင်ရှည်တွေကိုသာ သဘောကျတာ ဟင်းထဲ ဆံပင်ချည်များပါလာလို့ကတော့ ချကက်ထားတဲ့ ဟင်းတွေမစားတော့ဘူး။ အဲ့လို ဆိုရင် သီတာ့မှာ ယူကျုံးမရဖြစ်ပြီး ငိုရတာလည်း အမော။
အဝတ်အစားတွေ လျှော်ရင်လည်း သေသေချာချာလျှော်ဖွတ်ပြီး မီးပူကို ကျော့ကော့နေအောင်တိုက်ရတယ်။ပြီးရင် ဗီရိုထဲမှာ စီရီနေအောင်ထားရတယ်။
မနက်ဆို သီတာ မနက်ငါးနာရီထရတယ်။ မနက်ခင်းထတာနဲ့ မျက်နှာသစ်ပြီး ထမင်းအိုးတည်၊ ဘုရားရှခိုး၊ မနက်စာပြင်ပြီးမှ မောင့်ကိုနှိုး၊ မောင်နဲ့ အတူ မနက်စား၊ မောင်အလုပ်သွားဖို့ပြင်ပေး။ တစ်နေ့လုံးအိမ်အလုပ်တွေလုပ်၊ ညနေ မောင်ပြန်လာတာကိုကြို၊ ညနေစာပြင်၊ ဒီလိုနဲ့ပြ တစ်နေ့တစ်နေ့ သီတာ့ဘဝဟာကုန်ဆုံးခဲ့တာ အခုဆို နှစ်နှစ်ပြည့်တော့မယ်။
သားသမီးယူဖို့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကပြောပေမယ့် သီတာတို့ကတော့ မယူဖြစ်ကြသေး ။ သီတာ့ဘဝကို ဘေးလူတစ်ယောက်က ကြည့်ရင် သိပ်ကို မွန်းကြပ်စရာကောင်းမှာပဲ။သနားစရာကောင်းတဲ့မိန်းမတစ်ယောက်ပေါ့၊ ဒါပေမယ့် သီတာဟာမောင့်အတွက် ဇနီးမယားကောင်းတစ်ယောက်ဖြစ်ရတာနဲ့တင် ပျော်နေရပါပြီ။
တကယ်တော့ မောင့်အလိုကျအရာရာတိုင်းမှာ လိုက်နေပြီး သီတာ့ရဲ့ဆန္ဒတွေကို မြိုသိပ်နေရတာဟာ တစ်ခါတစ်ရံတော့ သိပ်ကိုမွန်းကြပ်စရာကောင်းလွန်းလှပါတယ်။
မောင်ကလည်း သီတာ ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်သလဲဆိုတာကို တစ်ခါမှ မမေးခဲ့ဘူး။ ဒီအတိုင်းလုပ်ဆိုတဲ့ စကားပဲအမြဲပြောခဲ့တယ်။ သီတာကလည်း တစ်သွေမတိမ်းလိုက်လုပ်ခဲ့ပါတယ်။ မောင်ပြောတဲ့စကားအတိုင်း လိုက်လုပ်နေရတာက သီတာ့ အတွက်ပျော်စရာဖြစ်ခဲ့တာပါ။ သို့သော်......။
******************************************************
“သီတာ... မနက်ဖြန် မောင့်ရဲ့ငယ်သူငယ်ချင်းမင်္ဂလာဆောင်ရှိတယ်.... အဲ့တာ သီတာပါလိုက်ခဲ့ရမယ်....၊ သီတာ အဖြူရောင်ချိတ်ဝတ်ပါ....” မောင်ကပြောလာတော့ သီတာ ခေါင်းကလေးညိတ်ပြီး
“ဟုတ်ကဲ့ပါမောင်”လို့ပြောခဲ့တယ်။
မင်္ဂလာဆောင်က အတော်လေးစည်ကားပါတယ်။ မောင်က သူ့သူငယ်ချင်းတွေကို သီတာ့ကို မိတ်ဆက်ပေးပြီး ကြွားလုံးတွေထုတ်တယ်။သီတာက မောင့်ရဲ့ဇနီးကောင်းလေးအဖြစ်ကြွားခံရတော့ ပျော်မိတာပေါ့။
အဲ့ဒီမှာ မောင့်သူငယ်ချင်းတစ်ယောက်က
“ထွန်းနောင်.... မင်းမိန်းမက မဒီနဲ့တော်တော်လေးကိုတူတာပဲလို့ပြောတော့ မောင့်ရဲ့မျက်နှာဟာ သိသိသာသာပျက်ပြီးနီရဲတက်လာပါတယ်။
မောင့်သူငယ်ချင်းက ချက်ချင်းစကားမှားသွားမှန်းသိပြီး
“ငါက ရုပ်ရှင်မင်းသမီး မဒီရွှေစင်နဲ့ တူတယ်ပြောတာပါကွာ....” မဟုတ်ဘူးလားဆိုပြီး လျော့ချသွားပါတယ်။
ဘာကြောင့် မောင်ဒီလောက်မျက်နှာ ပျက်သွားရသလဲဆိုတာ သီတာ အရမ်းသိချင်သွားတယ်။ သူပြောတဲ့ မဒီရွှေစင်နဲ့ သီတာက မတူမှန်းလည်းသီတာသိတယ်။ နောက်တော့ မောင့် အလစ်မှာ မောင့်သူငယ်ချင်းကို သီတာမေးလိုက်မိတော့တယ်။
“ကိုမင်းအောင်... ခုဏကပြောတဲ့ မဒီဆိုတာ ဘယ်သူလဲဟင်... ရုပ်ရှင်မင်းသမီး မဒီရွှေစင်ကိုပြောတာမဟုတ်မှန်းသီတာသိတယ်.... သီတာ့ကိုပြောပြပါ....” ကိုမင်းအောင်ကမပြောချင်လို့ နည်းအမျိုးမျိုးနဲ့ ရှောင်ပြောပေမယ့် သီတာ မရမကမေးလို့ နောက်ဆုံးတော့ပြောပြခဲ့ပါတယ်။
သီတာသိလိုက်ရတာက မဒီဆိုတာ မောင့်ရဲ့ရည်းစားဟောင်း။ သူနဲ့ မောင်ဟာ တစ်နှစ်လောက်တွဲပြီးပြတ်သွားခဲ့ကြတာ၊ တစ်နှစ်လုံး မောင့်ကို သည်းခံပြီး ချစ်ပေးခဲ့ပေမယ့် မောင့်ရဲ့ ဇီဇာကြောင်တဲ့ အကျင့်တွေ၊ သဝန်တိုတက်တာတွေကြောင့် မောင့်ကိုထားခဲ့တာလို့သိခဲ့ရတယ်။ မောင်ကလည်းသူ့ကို ရူးရူးမူးမူးနဲ့ကို ချစ်ခဲ့တာတဲ့။ သူနဲ့ပြတ်တုန်းကလည်း အရက်တွေသောက်ပြီး သေလူလိုတောင်ဖြစ်ခဲ့ရတယ်လို့ ပြောပြတယ်။
အိမ်အပြန်လမ်းတစ်လျှောက်လုံးသီတာ မှိုင်တွေနေမိတယ်။ စိတ်ထဲမှာလည်းလေးပြီး အရမ်း မွန်းကြပ်လာတယ်။
“သီတာ....ဘာဖြစ်လို့လဲ နေမကောင်းဘူးလား....”
“သီတာ ခေါင်းနည်းနည်းကိုက်နေလို့မောင်,...” သီတာပြန်ဖြေခဲ့ပါတယ်။ မောင်ကတော့ သီတာ့ကို စိတ်ပူစွာဆေးခန်းလိုက်ပို့ပေးရှာတယ်။ အဲ့ဒီအချိန်မှာ မှ သီတာ သိလိုက်ရတာက သီတာ့မှာ ကိုယ်ဝန်နှစ်လရှိနေခဲ့ပြီ။
မောင်ကတော့ပျော်နေတာများ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားပဲ။ သီတာလည်း အမှန်ဆို ပျော်ရွှင်နေရမှာပါ၊ ဒါပေမယ့် သီတာ မပျော်ဘူးဖြစ်နေခဲ့တယ်။ သီတာ့ကို ကိုယ်ဝန်ရှိနေပြီမို့ နေရထိုင်ရမယ့် ပုံစံတွေပြောနေတဲ့ မောင့်စကားတွေကို သီတာ မကြားနိုင်ခဲ့။
ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ခြောက်လလောက်ကတုန်းက မောင့်ဖုန်းမှာ မြင်ခဲ့ရတဲ့ “I miss you” ဆိုတဲ့ messageတစ်စောင်ကြောင့်။
ဒါဟာ သီတာ တမင်ရည်ရွယ်ပြီးကြည့်ခဲ့တာမဟုတ်၊ မတော်တဆတွေ့ရှိခဲ့ခြင်းပါ။
သီတာ က အိမ်ထဲမှာနေပြီး အပြင်လောကကြီးနဲ့ အဆက်သွယ်ပြတ်နေနေခဲ့တာ။ အခုတော့ မောင့်အကြောင်းတွေ သိရအောင် သီတာ စုံစမ်းတော့မည်။
သီတာ စုံစမ်းကြည့်တော့ မောင်ဟာအခုချိန်ထိ သူ့ရည်းစားဟောင်းနဲ့ တွေ့နေဆဲဖြစ်သည်။ ဒီအကြောင်းတွေ သိရတော့ သီတာ အသည်း တဆစ်ဆစ်ကိုက်အောင်နာရသည်။ သီတာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တာက မဒီ ဆိုတဲ့ အမျိုးသမီးနဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့ဖြစ်သည်။
*******************************
‘သီတာ့အရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီးဟာ သီတာနဲ့ အမြွှာနီးပါးထင်ရအောင်တူသည်။ ဝတ်ထားတဲ့ အရောင်က အဖြူရောင်။ ပလက်တီနမ်စိန်လက်စွပ်လေးကလည်း တဖျတ်ဖျတ်လက်နေသည်။။ စားပွဲပေါ်က ပန်းအိုးထဲရှိ နှင်းဆီဖြူလေးကို နမ်းရှုံ့လိုက်သေးသည်။ သီတာ ရင်တွေကွဲလုမတတ်ခံစားနေရပြီ။ သူမရဲ့ ဆံပင်တွေကလည်း အရှည်ကြီးဖြစ်သည်။
“ တစ်နေ့တို့ကိုမင်း ဒီလိုလာတွေ့မယ်ဆိုတာ တို့သိပြီးသားပါ....”
“ရှင်....” သီတာ အံ့ဩမိသည်။
“မောင်....အဲ... ကိုထွန်းနောင်က တို့နေရာမှာမင်းကို အစားထိုးခဲ့တာဆိုတာ တို့ အများကြီးပြောပြနေဖို့ မလိုလောက်ဘူး.... တို့က အဖြူရောင်သိပ်ကြိုက်တယ်...၊ နှင်းဆီဖြူဆိုတာ တို့ သိပ်ကြိုက်လို့ ကိုထွန်းနောင်ပေးနေကြ၊ ပြီးတော့ တို့ကရွှေ ဝတ်ရတာ သိပ်မုန်းတယ်၊ သူက တို့နဲ့ ဝေးကွာတဲ့အချိန်မှာ မင်းကို တို့လိုပုံစံဖန်တီးပြီး အနားမှာထားထားတာ.... သူက အခု တို့ပြန်ရောက်လာတော့ မင်းကို မလိုချင်တော့ဘူးလို့လည်း တို့ကိုပြောတယ်... မင်း အတွက် တို့ စိတ်မကောင်းပါဘူး....” မဒီပြောနေတဲ့ စကားတွေကို ကြားပြီး သီတာဟာ လေဟာနယ်ထဲမှာ မျောလွင့်သွားပြီလားဟုတွေးနေမိပါတယ်။ သူပြောတဲ့ စကားတွေ က တကယ့် အမှန်တွေဖြစ်နိုင်နေသည်။ သီတာ ဟာတကယ်ပဲ အစားထိုးခံခဲ့ရတာလား။ သီတာ ဘာစကားမှ ဆက်မပြောတော့ စားပွဲဝိုင်ကနေ ထထွက်လာခဲ့သည်။
သီတာ အသိစိတ်မကပ်တော့အောင် အိမ်ကို ပြန်ရောက်လာခဲ့သည်။ ဧည့်ခန်းကဆိုဖာပေါ်မှာ ပစ်ထိုင်ချရင်း မျက်ရည်ပူတွေက ပါးပေါ်ကို တလိမ့်လိမ့်ဆင်းလာသည်။
“ရက်စက်လိုက်တာမောင်ရယ်....” သီတာ ဝမ်းနည်းပူဆွေးစွာငိုမိသည်။ ရင်ထဲမှာ လည်း ဆူးနစ်လို့ ပေါက်ကြွထွက်တော့မည့်အလား...။
အိမ်က ပန်းအိုးတွေမှာ ထိုးထားတဲ့ နှင်းဆီဖြူတွေကြည့်ပြီး သီတာ သွေးတွေ ဆူပွက်လာသည်။ မကြိုက်ဘဲ အောင့်ကာ နမ်းခဲ့ရတဲ့ပန်းတွေ။ သီတာ အော်ဟစ်ပြီး ပန်းအိုးတွေကို ပေါက်ခွဲပစ်သည်။ ပန်းအိုးထဲက နှင်းဆီဖြူတွေကို စိတ်ရှိလက်ရှိ နင်းချေပစ်လိုက်သည်။
ငါ့မှာတော့ တစ်ဘဝလုံးပုံအပ်ပြီး သူ့ရဲ့ ပိတ်လှောင်မှုတွေ အောက်မှာနေခဲ့ရတာ, သူကတော့ ငါ့ကို အစားထိုးခဲ့တာတဲ့လား....”
နှင်းဆီပန်းကဆူးတွေက သီတာ့ခြေထောက်ကို ဆူးသည်။ သီတာမမှု ။ ဒီနာကျင်မှု ဆိုတဲ့ ဒဏ်က ရင်ထဲက နာကျင်မှာနဲ့ယှဉ်ရင်မပြောပလောက်။ အဖြူရောင် ခန်းစည်း လိုက်ကာတွေ ၊ စားပွဲခင်းတွေတွေ့တော့ သီတာစိတ်ရူးပေါက်လာပြန်သည်။ အိမ်အဝက အိမ်သုတ်ဆေး အနီတွေ ယူပြီး သီတာ အကုန် လိုက်လောင်းသည်။
ပြီးတော့ မီးဖို ခန်းထဲ ဝင်လိုက်သည်။ အသန့်သိပ်ကြိုက်တယ်ဟုတ်လား...။ သီတာပြောရင်း အကုန်ပေါက်ခွဲပြီး ရှုပ်ဖွပစ်သည်။
“ဟားဟားဟားဟား....ဟားဟား....” ဘယ်လောက်တောင် လွတ်လပ်လိုက်သလဲ။ ငါမွန်းကြပ်ပြီးနေနေခဲ့ရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။
ဘေးနားက ကတ်ကြေးကိုတွေ့တော့ သီတာ ဆွဲကိုင်လိုက်သည်။ ထို့နောက်ခေါင်းက ဆံပင်ရှည်ကြီး ကို အရင်းနားကလေ ဖြတ်ချပစ်သည်။ ရှင်သိပ်ချစ်တဲ့ ဆိုတဲ့ ဆံပင်က ဒီမိန်းမနဲ့တူအောင်ထားခိုင်းထားတာလား။ ကျွန်မကို ဒီမိန်းမလိုဖြစ်အောင်ရှင် ဖန်တီးခဲ့တာလား။ ကျွန်မ အော်ဟစ်မိသည်။
တစ်အိမ်လုံးဟာလည်း သူပုန်ဝင်သွားသလားထင်ရအောင် ရှုပ်ပွနေသည်။
မောင့်ကို ကျွန်မ ဘဝကြီးတစ်ခုလုံးပုံပြီး ကမ္ဘာတစ်ခုလို့ သတ်မှတ်ခဲ့တာ။ အခုတော့ ကျွန်မ ကမ္ဘာပြိုသွားပါပြီ။
သီတာ စိတ်ထဲမှာ ဘာမှ မရှိတော့ ၊ လဲကျသွားသည်။ ခြေသလုံးမှာလည်းသွေးတွေစီကျလာသည်။ ကျွန်မဘာကိုမှ မသိနိုင်တော့ အသိစိတ်တွေ အားလုံးပျောက်သွားခဲ့ပြီ။
ကျွန်မသိနေတာက
“နှင်းဆီဖြူတွေကို မုန်းတယ်....
အဖြူရောင်ကို မုန်းတယ်....
တဖျတ်ဖျတ်လက်နေတဲ့ စိန်တွေမုန်းတယ်....
အမုန်းဆုံးကတော့ သီတာ့ ဘဝကိုပိတ်လှောင့်ခဲ့တဲ့ မောင့် ကိုပါပဲ....”
Story by ကညာ