Homeland News Agency

  • Home
  • Homeland News Agency

Homeland News Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Homeland News Agency, News & Media Website, .

ထိုင်းမှာ သျှမ်းလူငယ်တချို့ ဂိုဏ်းဖွဲ့ ရိုက်နှက်ခြင်း RCSS ဆန့်ကျင်Homeland News Agency၊ အောက်တိုဘာ ၂၊ ၂၀၂၅ထိုင်းနိုင်ငံ...
02/10/2025

ထိုင်းမှာ သျှမ်းလူငယ်တချို့ ဂိုဏ်းဖွဲ့ ရိုက်နှက်ခြင်း RCSS ဆန့်ကျင်

Homeland News Agency၊ အောက်တိုဘာ ၂၊ ၂၀၂၅

ထိုင်းနိုင်ငံရဲ့ မြို့ကြီးအချို့မှာ ထိုင်းနိုင်ငံဖွား သျှမ်းလူငယ်အချို့တွေဟာ ဂိုဏ်း၊ အစုအဖွဲ့တည်ထောင်ပြီး အချင်းချင်း ရိုက်နှက်တာ၊ ခိုက်ရန်ဖြစ်ပွားတာ စတဲ့အပြုအမှုတို့ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ပြတ်သားစွာ ဆန့်ကျင်တယ်လို့ ဒီနေ့ အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ပြည်တွင်း နိုင်ငံရေး၊ စစ်ရေး အခြေအနေကြောင့်သော်လည်းကောင်း၊ စားဝတ်နေရေး နဲ့ အသက်မွေးဝမ်းကြောင်းခြင်း အခက်အခဲကြောင့်လည်းကောင်း၊ သျှမ်းလူမျိုး အများအပြားဟာ ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်းဝင်ရောက်ခိုလုံပြီး အသက်မွေးဝမ်းကြောင်းခြင်း လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အသက်မွေးဝမ်းကြောင်းခြင်း လုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့ သျှမ်းလူမျိုးအများစုဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေကို လိုက်နာခဲ့ကြသော်လည်း သျှမ်းလူမျိုး အနည်းစုက ထိုင်းဥပဒေကို ချိုးဖောက်ခဲ့ခြင်းဟာ ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးတို့ရဲ့ နေထိုင်လုပ်ကိုင်စားသောက်မှုတို့အား ထိခိုက်နစ်နာစေသည်သာမက ထိုင်းလူမျိုးတို့ရဲ့ သျှမ်းလူမျိုးတို့အပေါ် အထင်မှားခြင်း၊ အထင်သေးခြင်းတို့ကို ခံခဲ့ရပါတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သျှမ်းလူငယ်အချို့တွေဟာ ဂိုဏ်း၊ အစုအဖွဲ့တည်ထောင်ပြီး အချင်းချင်း ရိုက်နှက်တာ၊ ခိုက်ရန်ဖြစ်ပွားတာ စတဲ့အပြုအမှုတို့ကို ပြတ်သားစွာ ဆန့်ကျင်တယ်လို့ RCSS က ပြောပါတယ်။

ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးတို့ရဲ့ အကျိုးစီးပွားကို ရည်မှန်း၍ ထိုင်းဘုရင်မင်းမြတ်အား ဦးညွတ်ရိုသေလေးစားသမှုပြုခြင်း၊ ထိုင်းလူမျိုးတွေနဲ့ ဟန်ချက်ညီစွာ နေထိုင်တတ်ခြင်း၊ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေ လိုက်နာခြင်းတို့ကို ဆောင်ရွက်ကြဖို့ သျှမ်းလူမျိုးတို့အား RCSS မှ တိုက်တွန်းတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက် ညက ချင်းမိုင်မြို့ ဆန်ကဖန်းရပ်ကွက်မှာ သျှမ်းလူငယ်ဂိုဏ်းအဖွဲ့ဟာ ထိုင်းနိုင်ငံသားလူငယ် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တဦး နဲ့ အမျိုးသားနှစ်ဦးတို့ကို ဓားနဲ့ ခုတ်ကာတိုက်ခိုက်ခဲ့တဲ့အတွက် ထိုင်းလူငယ်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

အလားတူ မတ်လ ၄ ရက်ကလည်း ချင်းမိုင်မြို့မှာ သျှမ်းလူငယ်တွေ ပါဝင်တဲ့ ဂိုဏ်းအဖွဲ့က ထိုင်းနိုင်ငံသားလူငယ်တဦးကို ဓားထိုးသတ်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေထဲမှ ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ပုံအညွှန်း - သျှမ်းဂိုဏ်းအဖွဲ့ဝင်တွေကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးမှု
YouTube - https://www.youtube.com/-7
Telegram - https://t.me/+InLvdXLY8MdmNzE1

ကျောက်မဲကို စစ်တပ်က အလုံးစုံ ပြန်ထိန်းချုပ်ဟု ဆိုသတင်းဓာတ်ပုံHomeland News Agency၊ အောက်တိုဘာ ၁၊ ၂၀၂၅သျှမ်းပြည်မြောက်ပို...
01/10/2025

ကျောက်မဲကို စစ်တပ်က အလုံးစုံ ပြန်ထိန်းချုပ်ဟု ဆို

သတင်းဓာတ်ပုံ
Homeland News Agency၊ အောက်တိုဘာ ၁၊ ၂၀၂၅

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို စစ်တပ်က အလုံးစုံ ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ စစ်တပ်ကို ထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြကြပါတယ်။

တအာင်းတပ်ဖွဲ့ (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အနီး စစ်တပ် နဲ့ TNLA တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဒီနေ့ အောက်တိုဘာ ၁ ရက်နေ့မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တာလို့ ဆိုပါတယ်။

မနေ့က စက်တင်ဘာ ၃၀ ရက်နေ့မှာ ကျောက်မဲမြို့အတွင်းက ဌာနဆိုင်ရာရုံးအချို့ နှစ်ဖက်တိုက်ပွဲအခြေအနေတွေကြောင့် မီးလောင်ပျက်စီးမှုတွေလည်း ရှိိခဲ့ပါတယ်။

TNLA တပ်ဖွဲ့က တစ်နှစ်ကျော်အကြာ ထိန်းချုပ်ခဲ့တဲ့ နောင်ချိုမြို့ကို စစ်တပ်က ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်မှာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကျောက်မဲမြို့ကို လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေနဲ့ မြေပြင်ထိုးစစ်ဆင်မှု လုပ်ဆောင်ခဲ့ပြီးနောက် ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။

YouTube - https://www.youtube.com/-7
Telegram - https://t.me/+InLvdXLY8MdmNzE1

သျှမ်းနီရှေးဟောင်းပုရပိုက်စာပေ ရွက်ဖတ်ပူဇော်ပွဲ ကျင်းပမည်Homeland News Agency၊ အောက်တိုဘာ ၁၊ ၂၀၂၅မန္တလေးမြို့မှာ သျှမ်းန...
01/10/2025

သျှမ်းနီရှေးဟောင်းပုရပိုက်စာပေ ရွက်ဖတ်ပူဇော်ပွဲ ကျင်းပမည်

Homeland News Agency၊ အောက်တိုဘာ ၁၊ ၂၀၂၅

မန္တလေးမြို့မှာ သျှမ်းနီရှေးဟောင်းပုရပိုက်စာပေ ရွတ်ဖတ်ပူဇော်ပွဲ နဲ့ မျိုးဆက်သစ်သျှမ်းနီလူငယ်တွေ သျှမ်းရှေးဟောင်းပုရပိုက်စာပေ သင်ကြားမှုအပြီး သင်တန်းဆင်းပွဲတို့ကို သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

သျှမ်းနီရှေးဟောင်းပုရပိုက်စာပေဟာ သျှမ်းနီတိုင်းရင်းသားတို့ရဲ့ မိခင်စာပေ (Mother Language) ဖြစ်ပြီး မျက်မှောက်ခေတ်ကာလမှာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး အခြေအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သျှမ်းနီရှေးဟောင်းပုရပိုက်စာပေကို လက်ဆင့်ကမ်း သင်ယူတတ်မြောက်မယ့် မျိုးဆက်သစ်သျှမ်းနီလူငယ်တွေ ပေါ်ထွန်းလာရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ရှင်သန်တိုးတက်မြင့်မားရေးအတွက် ၃ လတာ သျှမ်းနီရှေးဟောင်းပုရပိုက်စာပေသင်ကြားရေးကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ မျိုးဆက်သစ်သျှမ်းနီလူငယ် ၈ ဦးကို သျှမ်းရှေးဟောင်းပုရပိုက်စာပေ သင်ကြားပို့ချလျက်ရှိပြီး သျှမ်းနီရေးဟောင်းပုရပိုက် ဗုဒ္ဓစာပေရွတ်ဖတ်ပူဇော်ပွဲမှာ အဆိုပါ သင်တန်းသူ/သင်တန်းသားတို့ ရွတ်ဖတ်ပူဇော်နိုင်ဖို့လည်း စီစဥ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

တိမ်မြုပ်ပျောက်ကွယ်လုနီးပါး အခြေအနေဖြင့် ရင်ဆိုင်ခဲ့ရတဲ့ သျှမ်းနီရှေးဟောင်းပုရပိုက်စာပေကို သျှမ်းနီရှေးဟောင်းစာဆိုရှင် သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေက လက်ဆင့်ကမ်း လေ့လာသင်ယူ၍ ပြန်လည်ဖော်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ရှေးဟောင်းသျှမ်းနီစာဆိုရှင် ဆြာပူစံဖေ (ယခုကွယ်လွန်) ဝိုင်းမော်မြို့နယ်၊ ခတ်ချိုရွာ၊ ဆြာပူလူဖေ (ယခုအသက် ၈၂.နှစ်) ဟုမ္မလင်းမြို့နယ်၊ မန်စော်ဆိုင်းရွာ၊ အရှင်သီလာနန္ဒ မောင်းခမ်းရွာ ဟုမ္မလင်းမြို့နယ် အပါအဝင် မျိုးဆက်သစ်သျှမ်းနီလူငယ် ၄ ဦးအား တစ်ကမ္ဘာလုံးရှိ သျှမ်းတိုင်းရင်းသားများ သျှမ်းပုရပိုက်စာပေ စာတမ်းဖတ်ပွဲတွေသို့ တက်ရောက်၍ စာတမ်းဖတ်နိုင်ဖို့ ဆောင်ရွက်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တိမ်မြှုပ်ပျောက်ကွယ်လုနီးပါး အခြေအနေ နဲ့ ရင်ဆိုင်နေရတဲ့ မိမိတို့ရဲ့ မိခင်စာပေဖြစ်တဲ့ သျှမ်းနီရှေးဟောင်းပုရပိုက်စာပေအဆင့်အတန်းတိုးတက်မြင့်မားလာရေးအတွက် သျှမ်းနီတိုင်းရင်းသားတစ်မျိုးသားလုံးအနေဖြင့် စည်းလုံးညီညွတ်စွာ ပါဝင်ပူးပေါင်းဆောင်ရွက်ကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားကြပါတယ်။

YouTube - https://www.youtube.com/-7
Telegram - https://t.me/+InLvdXLY8MdmNzE1

30/09/2025

ဖက်ဒရယ်အတွက် တော်လှန်ရေးလုပ်တာမှ ဟုတ်ရဲ့လား

သည်လထဲမှာ ဖားကန့်မြို့နယ်ထဲက မှော်နယ်မြေတွေအပါအဝင် ရွာတွေထဲမှာ KIAတပ်ဘက်က အဓမ္မတပ်သားသစ်ကောက်တာတွေ များလာနေတယ်။ ဒေသခံတွေအနေနဲ့ စစ်တပ်ဘက်က မဆင်မခြင်ပစ်လိုက်တဲ့ လက်နက်ကြီးက ဘယ်အချိန် ကိုယ်အိမ်ခေါင်မိုးပေါ် ကျလာမလဲဆိုတာ တွေးပူနေရသလို စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်နေကြရတဲ့ ကိုယ့်လင်၊ ကိုယ့်သားခမျာ ဘယ်အချိန် KIA က ဆွဲခေါ်သွားတာ ခံရမလဲဆိုတာကိုပါ ပူပန်နေကြရတယ်။

ဒေသသတင်းရင်းမြစ်တွေကို အခြေခံပြီး Data ကောက်ကြည့်အခါမှာတော့ ကချင်ပြည်နယ်အတွင်းမှာ KIA တပ်ဖွဲ့ရဲ့ တပ်သားသစ် အဓမ္မကောက်တာက ၂၀၂၂ လောက်က စနေပြီ။ သို့သော် မခံနိုင်လို့ ထပြောတဲ့ နာဂအဖွဲ့အစည်းတွေရဲ့ တရားဝင်ထုတ်ပြန်တဲ့ သတင်းတွေကလွဲလို့ အခြားဘယ်အဖွဲ့အစည်းတွေကမှ မထုတ်ပြန်ကြတာကိုလည်း သတိပြုမိပါတယ်။

၂၀၂၃ ကနေ ၂၀၂၅ အတွင်းမှာတော့ ဗန်းမော်၊ မံစီ၊ မိုးမောက်ကနေ ဝိုင်းမော်မြို့နယ်တွေထဲအထိ KIA တပ်ဖွဲ့ရဲ့ အဓမ္မတပ်သားသစ် ကောက်ယူမှုက တိုးလာနေတာကို ကောက်ယူရရှိတဲ့ Data အရ ထပ်သိရပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ်ထဲမှာတော့ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသနဲ့ ဖားကန့်မြို့နယ်တွင်းအထိ ယောက်ျားလေးတွေအပေါ် အဓမ္မတပ်သားသစ် စုဆောင်းမှု တိုးလာနေတာကိုပဲ တွေ့ရပါတယ်။

မြစ်ကြီးနားမြို့နယ်ခွဲမှာပါတဲ့ ဆင်ဘိုမြို့ဘက်မှာ ဆိုလျှင် အဓမ္မတပ်သားသစ် ကောက်ယူလွန်းတဲ့အတွက် အိမ်မှုကိစ္စလုပ်ဖို့ ယောက်ျားလေးဆိုတာ မကျန်သလောက် ဖြစ်နေတယ်ဆိုတာကို တွေ့ရပါတယ်။ ပိုဆိုးတာက အဓမ္မစစ်သားကောက်ယူမှုတွေအပြင် စားနပ်ရိက္ခာနဲ့ ငွေကြေးကောက်ခံတွေပါ တိုးလာနေတာကိုပါ သိရှိလာရပါတယ်။

ကျောက်မဲမှာ မြေမြှပ်မိုင်းကြောင့် တနေ့ထဲ လူ ၂ ဦးသေဆုံးHomeland News Agency၊ စက်တင်ဘာ ၃၀၊ ၂၀၂၅သျှမ်းပြည်မြောက်ပိုင်း၊ ကျေ...
30/09/2025

ကျောက်မဲမှာ မြေမြှပ်မိုင်းကြောင့် တနေ့ထဲ လူ ၂ ဦးသေဆုံး

Homeland News Agency၊ စက်တင်ဘာ ၃၀၊ ၂၀၂၅

သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ထောင်ထားတဲ့ မြေမြှပ်မိုင်းနင်းမိတာကြောင့် စက်တင်ဘာ ၂၉ ရက်နေ့ တနေ့ထဲ လူ ၂ ဦး သေဆုံးသွားတယ်လို့ နမ့်ခုံးရှမ်းများပရဟိတအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျောက်မဲမြို့ အေးချမ်းသာသုသာန်မှာ နွားကျောင်းလျက်ရှိတဲ့ လူငယ် ၁ ဦးဟာ သုသာန်ကွင်းပြင်မှာ နွားကျောင်းနေစဥ် နေ့လည် (၃) နာရီခွဲ ခန့်မှာ မြေမြှပ်မိုင်းနင်းမိပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

အေးချမ်းသာသုသာန် သင်္ချိုင်းတာဝန်ခံ ကိုဇော်ထွေး မှ နမ့်ခုံးအသင်းသို့ Dead Body ကို ထုတ်ယူသင်္ဂြိုလ်ပေးနိုင်ဖို့ အကူအညီတောင်းလာ၍ နမ့်ခုံးရှမ်းများပရဟိတအသင်း နဲ့ အတူ မိတ်ဖက်အသင်း တို့မှ သွားရောက်ကူညီ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဖြစ်စဥ် နဲ့ ထပ်တူ မနက် ၁၀ နာရီခန့်မှာလည်း သင်္ချိုင်းမှာ အလောင်းသင်္ဂြိုလ်ပေးလျက်ရှိ ဦးပလောင် ခ ကိုဦး ဟာသင်္ဂြိုဟ်စက် အနောက်ဖက် အရိုးပြာ သွားတွန်ရာမှ မိုင်းနင်းမိပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ကျောက်မဲမြို့အနီးမှာ စစ်တပ် နဲ့ တအာင်းတပ်ဖွဲ့ (TNLA) တို့အကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

ပြည်တွင်း ပဋိပက္ခကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ မြန်မာပြည်မှာ မြေမြှပ်မိုင်းတွေကြောင့် ပြည်သူတို့ အသက်ဆုံးရှုံးရမှုတွေ၊ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိနေပြီး မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ သတိပြုနေထိုင်ကြဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။

ဓာတ်ပုံ - နမ့်ခုံးရှမ်းများပရဟိတအသင်း
YouTube - https://www.youtube.com/-7
Telegram - https://t.me/+InLvdXLY8MdmNzE1

ဖက်ဒရယ်အတွက် တော်လှန်ရေးလုပ်တာမှ ဟုတ်ရဲ့လားသည်လထဲမှာ ဖားကန့်မြို့နယ်ထဲက မှော်နယ်မြေတွေအပါအဝင် ရွာတွေထဲမှာ KIAတပ်ဘက်က အဓမ...
30/09/2025

ဖက်ဒရယ်အတွက် တော်လှန်ရေးလုပ်တာမှ ဟုတ်ရဲ့လား

သည်လထဲမှာ ဖားကန့်မြို့နယ်ထဲက မှော်နယ်မြေတွေအပါအဝင် ရွာတွေထဲမှာ KIAတပ်ဘက်က အဓမ္မတပ်သားသစ်ကောက်တာတွေ များလာနေတယ်။ ဒေသခံတွေအနေနဲ့ စစ်တပ်ဘက်က မဆင်မခြင်ပစ်လိုက်တဲ့ လက်နက်ကြီးက ဘယ်အချိန် ကိုယ်အိမ်ခေါင်မိုးပေါ် ကျလာမလဲဆိုတာ တွေးပူနေရသလို စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်နေကြရတဲ့ ကိုယ့်လင်၊ ကိုယ့်သားခမျာ ဘယ်အချိန် KIA က ဆွဲခေါ်သွားတာ ခံရမလဲဆိုတာကိုပါ ပူပန်နေကြရတယ်။

ဒေသသတင်းရင်းမြစ်တွေကို အခြေခံပြီး Data ကောက်ကြည့်အခါမှာတော့ ကချင်ပြည်နယ်အတွင်းမှာ KIA တပ်ဖွဲ့ရဲ့ တပ်သားသစ် အဓမ္မကောက်တာက ၂၀၂၂ လောက်က စနေပြီ။ သို့သော် မခံနိုင်လို့ ထပြောတဲ့ နာဂအဖွဲ့အစည်းတွေရဲ့ တရားဝင်ထုတ်ပြန်တဲ့ သတင်းတွေကလွဲလို့ အခြားဘယ်အဖွဲ့အစည်းတွေကမှ မထုတ်ပြန်ကြတာကိုလည်း သတိပြုမိပါတယ်။

၂၀၂၃ ကနေ ၂၀၂၅ အတွင်းမှာတော့ ဗန်းမော်၊ မံစီ၊ မိုးမောက်ကနေ ဝိုင်းမော်မြို့နယ်တွေထဲအထိ KIA တပ်ဖွဲ့ရဲ့ အဓမ္မတပ်သားသစ် ကောက်ယူမှုက တိုးလာနေတာကို ကောက်ယူရရှိတဲ့ Data အရ ထပ်သိရပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ်ထဲမှာတော့ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသနဲ့ ဖားကန့်မြို့နယ်တွင်းအထိ ယောက်ျားလေးတွေအပေါ် အဓမ္မတပ်သားသစ် စုဆောင်းမှု တိုးလာနေတာကိုပဲ တွေ့ရပါတယ်။

မြစ်ကြီးနားမြို့နယ်ခွဲမှာပါတဲ့ ဆင်ဘိုမြို့ဘက်မှာ ဆိုလျှင် အဓမ္မတပ်သားသစ် ကောက်ယူလွန်းတဲ့အတွက် အိမ်မှုကိစ္စလုပ်ဖို့ ယောက်ျားလေးဆိုတာ မကျန်သလောက် ဖြစ်နေတယ်ဆိုတာကို တွေ့ရပါတယ်။ ပိုဆိုးတာက အဓမ္မစစ်သားကောက်ယူမှုတွေအပြင် စားနပ်ရိက္ခာနဲ့ ငွေကြေးကောက်ခံတွေပါ တိုးလာနေတာကိုပါ သိရှိလာရပါတယ်။

သည်နေရာမှာ တပ်သားသစ်ကောက်ယူမှုကိစ္စကို အဓမ္မလို့ ဘာကြောင့်ပြောရသလဲဆိုတာကို ရှင်းပြဖို့ လိုပါလိမ့်မယ်။ စစ်အာဏာရှင်ကို တော်လှန်ဖို့ ရွာလုံးကျွတ်စာရင်းပေးတဲ့ အညာမြေက အခြေအနေနဲ့ မတူတဲ့အခါ အဓမ္မဆိုတာကို တော်တော့်လူက နားလည်မယ်မထင်ဘူး။ အဓမ္မဆိုလျှင် စစ်တပ်ကပဲ လုပ်‌နေတာဆိုပြီးသာ သိကြတာဆိုတော့ နားလည်ရခက်နိုင်ပါတယ်။

ရှင်းပြပါ့မယ်။ မတရားတော့ဘူးလို့ လက်တွေ့သိမြင်ရတဲ့ အဖွဲ့အစည်းကို တော်လှန်ဖို့အတွက် ဖိအားပေးခိုင်းစေမှု မပါဘဲ တပ်သားအဖြစ် ကိုယ်တိုင်ကိုယ်ကျ သွားရောက်စာရင်းပေးတာမျိုး မဟုတ်ဘဲ တစ်အိမ်တစ်ယောက်, မလာမနေရဆိုပြီး ဖိအားပေးတာမျိုး၊ ညအချိန်မတော် အိမ်ထဲဝင်ပြီး ဖမ်းခေါ်သွားတာမျိုး၊ လမ်းမပေါ်မြင်လို့ ဖမ်းခေါ်သွားတာမျိုး မှန်သမျှဟာ အဓမ္မတပ်သားသစ် ကောက်တာပါပဲ။

ထပ်ဖြည့်ပြောပါဦးမယ်။ ဘယ်ဆရာတော်ရဲ့ ညှိနှိုင်းပေးမှုအရ၊ ဘယ်အဖွဲ့အစည်းရဲ့ ကူညီမှုအရဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပိုက်ဆံဘယ်လောက်ပေးလျှင် ပြန်လွှတ်ပေးတယ်ဆိုတာမျိုးကလည်း အဓမ္မတပ်သားသစ်ကောက်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ အဓမ္မအမှုပါ။

ထပ်ပြောပါ့မယ်။ တပ်သားသစ်ကောက်လျှင် ပေး၊ ဆက်ကြေးကောက်လျှင် ထည့်၊ အဖွဲ့အစည်းလိုအပ်ချက်အရ ကျောက်စိမ်းတူးဖို့ ရွာ‌မြေနဲ့ စာသင်ကျောင်းကအစ ဖယ်ပါလို့ အမိန့်ထုတ်လျှင် ဖယ်။ "ပြန်မပြောနဲ့၊ မဝေဖန်နဲ့၊ ဝေဖန်လျှင် ငါတို့ပြည်နယ်မှာ မနေနဲ့၊ ဖားကန့်မှာ ကျောက်လာမရှာနဲ့၊ ထမင်းဝအောင်စားထား၊ အသက်အပို ဆောင်ထား" စသဖြင့် ဖိနှိပ်နေတာ မှန်သမျှလည်း အဓမ္မအမှုတွေပါ။

ဖားကန့်တက်ပြီး နှစ်ပေါက်အောင် အဆင်းရဲခံ အငတ်ခံရင်း ‌ရေမဆေးရှာမိတဲ့ ‌ပဲခူးသားခမျာ ကျောက်စိမ်းရှာတွေ့ခါမှ ကံဆိုးပြီး ပစ္စတိုပြ အသိမ်းခံရပါတယ်ဆိုတဲ့ အဖြစ်အပျက်မျိုးတွေကအစ အဓမ္မမှုတွေပါပဲ။ ရှင်းအောင်ပြောရလျှင် "ဗမာပြည်တစ်ဝှမ်းကို ကိုယ့်အိမ်မှတ်ပါ ကိုယ့်ယာမှတ်ပါ"ဆိုတဲ့ တို့ဗမာသီချင်းအတိုင်းတော့ ဖားကန့်မှာ ရမယ်မထင်လေနဲ့။ သိမ်းလျှင် ပေးလိုက်၊ တန်ရာတန်‌ကြေးထဲက အခွန်ဆိုပြီး ခြောက်ဆယ်ရာခိုင်နှုန်းဖြတ်လည်း ခံလိုက်၊ နို့မို့ နုန်းကန်ထဲမှာ ပုပ်မှ ပေါ် လာတဲ့ အလောင်းဟာ ဘယ်သူမဆို ဖြစ်သွားနိုင်တယ် မဟုတ်ပါလား။

သည်နေရာမှာ KIA တပ်နဲ့ အာဏာသိမ်းစစ်တပ်ကြားက အခြေအနေကိုလည်း အလျဉ်းသင့်တုန်း ပြောပါရစေ။ KIA တပ်နဲ့ အာဏာရှင်စစ်တပ်ဆိုတာ ဇီဝဗေဒဘာသာရပ်ပါ သတ္တဝါမျိုးစိပ်တစ်မျိုးနဲ့ ဥပမာပေးရလျှင် ဂေဟစနစ်တွေကို ဖျက်ဆီးတဲ့နေရာမှာ ဗီဇတူတဲ့ အသွင်ကွဲ မျိုးစိပ်‌တွေပါပဲ။

အပြင်ပန်းမှာ ရန်သူလိုဖြစ်ကြပေမယ့် ဖားကန့်ရတနာမြေကို အခြေပြုလိုက်တဲ့အခါ KIA တပ်ဘက်က ဆလန်ကဘာ၊ ဒူကဘာတို့ဆိုတာ အာဏာရှင်စစ်တပ်ဘက်က ဗိုလ်မှူးဆိုတာ ယောက်ဖခေါ်ပြီး KTV မှာ ဖက်ကနိုင်ကြသည်အထိ တွဲသွားနိုင်သည်အထိ ဗီဇတူကြပါတယ်။

သည်ချစ်စွဲအဆက်ကလေးတွေကို အခြေခံလိုက်တဲ့အခါ တစ်တိုင်းပြည်လုံးက စစ်အာဏာရှင်ကို တော်လှန်နေချိန်မှာတောင် နေပြည်တော်ဆီ ငြိမ်းချမ်းရေးကိုယ်စားလှယ်လွှတ်ထားနိုင်သည်အထိ KIA တပ်ဖွဲ့က စွမ်းနေပါတော့တယ်။ KNU ကို မတရားအသင်း ကျေညာတဲ့ အာဏာသိမ်းစစ်တပ်က KIA ကို မကျေညာတာကို ကြည့်လျှင်ပဲ နောက်ကွယ်က ဆက်စပ်မှုသဘောကို မြင်သာနေပြီ မဟုတ်ပါလား။

တကယ်တော့ ဖားကန့်မြို့နယ်က လူထုတွေဟာ KIA တပ်ဖွဲ့နဲ့ အာဏာရှင်စစ်တပ်တို့ရဲ့ ဗိုလ်ကျစိုးမိုး ချယ်လှယ်မှုကို နှစ်ပေါင်းများစွာကတည်းက ခံလာခဲ့ကြရတာဖြစ်ပါတယ်။ သိမီသူတွေ ရှိကြပါလိမ့်မယ်။ စစ်တပ်က အာဏာမသိမ်းခင်ကာလ ၂၀၁၇ခုနှစ်မှာ ဖားကန့်မြို့နယ် နမ့်မဖြစ်ကျေးရွာ အခြေခံပညာကျောင်းက ကျောင်းဆရာ ဦးအောင်ဇင်ထွန်း ပစ်ခတ်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ပါ။ "ကချင်"နဲ့ဆိုင်တဲ့ နေ့တစ်နေ့မှာ ကျောင်းမတက်လို့ဆိုပြီး ကျောင်းသားကလေးအချို့ကို အပြစ်ပေးမိရာကစတဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် ယခု NUG အစိုးရရဲ့ ပညာရေးဒုဝန်ကြီးဖြစ်သူ ဦးစိုင်းခိုင်မျိုးထွန်းဦးဆောင်တဲ့ ဆရာများသမဂ္ဂကတောင် ဆန္ဒပြကန့်ကွက်ခဲ့ဖူးပါတယ်။ အခုတော့လည်း ဒုဝန်ကြီးခမျာ သည်မတရားမှုကို တော်လှန်ရေးကျေးဇူးနဲ့တင် ကျေအေးနေလောက်ပါပြီ။

အခုသည်လောက် ဖြစ်နေတာ ဘယ်သူမှ ထုတ်မပြောကြဘူးလားဆိုတော့ ဘယ်သူမှထုတ်မပြောနိုင်ကြလို့ကို သည်လိုအဓမ္မအနိုင်ကျင့်နေနိုင်တာပါလို့ပဲ ဖြေစရာရှိပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေမှာဆိုလျှင် မြန်မာပြည်လောက် လူ့အခွင့်အရေးတောင်းဆိုတဲ့ အဖွဲ့အစည်းများတာ မြန်မာပြည်ပဲ ရှိမယ်ထင်ပါတယ်။ သို့သော် မြန်မာပြည်က လူ့အခွင့်အရေးသမား (သို့မဟုတ်) အဖွဲ့အစည်းတွေဆိုတာ မကောင်းမှုမှန်သမျှဆိုလျှင် အာဏာရှင်စစ်တပ်ကိုပဲ ပစ်မှတ်ထား စွပ်စွဲဖော်ထုတ်ကြတာကလွဲလို့ ကိုယ်နဲ့ဆက်စပ်ပတ်သက်တဲ့ အဖွဲ့အစည်းရဲ့ အဓမ္မအမှုကျူးလွန်သမျှကိုတော့ ရေငုံနှုတ်ပိတ်နေကြတာက များပါတယ်။

ဆိုတော့ အခုကာလမှာ တော်လှန်နေကြတဲ့ ဘယ်သူ့ကိုမဆို မေးကြည့်ကြည့် ရချင်တာက ဒီမိုကရေစီ၊ နေချင်တာက ဖက်ဒရယ်နိုင်ငံ၊ ထောက်ခံနေတာက စစ်အာဏာရှင် တော်လှန်ရေးလို့တော့ ပြောကြပါလိမ့်မယ်။ သို့သော် ဝေဖန်သုံးသပ်ပြလျှင်တော့ မကြိုက်တော့ဘူး။ ဒေသတစ်ခုရဲ့ အခြေအနေမှန်ကို ထုတ်ပြောလျှင် အသက်ကိုပါ ရန်ရှာဖို့ ကြိုးစားလာကြတာရယ် လူမသိသူမသိ လုပ်ကြံခံကြရတာရယ်ပဲ တိုးလာနေပါတယ်။

ပိုဆိုးတာက ဆင်းရဲတွင်းနစ်လွန်းမကနစ်‌နေတဲ့ အခြေခံလူထုအပေါ် ငါတို့ကို မထောက်ခံလျှင်တော့ အကုန်စစ်တပ်ဘက်က လူ‌တွေပဲဆိုပြီး လူမျိုးအခြေပြု မီဒီယာနဲ့ အဖွဲ့အစည်းအခြေပြု မီဒီယာတွေကနေ မှိုင်းတိုက်ချလိုက်ကြတာပဲ။ သည့်နောက်မှာ ရန်ငါအခွဲမတတ်တော့ဘဲ ငါနဲ့မတူ ငါ့ရန်သူမူနဲ့ ဘုရားပွဲမှာ ပုခုံးချင်းတိုက်မိသူကနေ စီးပွားပြိုင်ဘက်တွေအထိ ဒလံခေါင်းစဉ်အောက်မှာ ရှင်းလင်းခံကြရပါတော့တယ်။

ရွှေဘိုနယ်ဘက်နဲ့ ဆားလင်းကြီးနယ်ဘက်မှာဆိုလျှင် ဒေသခံလူထုတွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာကို ဆိုးဆိုးဝါးဝါး တွေ့မြင်လာနေရပါတယ်။ အသက်မပြည့်သေးတဲ့ မိန်းကလေးကို အဓမ္မကျင့်တဲ့အမှုမျိုးတွေကနေ မသင်္ကာလျှင် ကိုယ်ဝန်ဆောင်အမျိုးသမီးတောင်မချန်ဘဲ သုတ်သင်ရှင်းလင်းတဲ့ အမှု‌မျိုးတွေအထိ ပေါ်ပေါက်နေပါတယ်။

ဘာသာရေးဘက်ဆိုလျှင်လည်း စစ်တပ်နဲ့ ဆက်စပ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရွာဦးကျောင်းဘုန်းကြီးကအစ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးအထိ ရက်ရက်စက်စက် သုတ်သင်ပစ်ကြတာမျိုးကို တွေ့ကြုံနေခဲ့ရပြီ ဖြစ်ပါတယ်။

သို့သော် သည်လိုလူမဆန်တဲ့ ပြစ်မှုတွေကို ဖော်ထုတ်တင်ပြတိုင်း ကြုံတွေ့ရတာကတော့ "စစ်တပ်က လုပ်တာတွေကို အရင်ပြောဦး၊ အာဏာသိမ်းစစ်တပ်ကသာလျှင် တရားခံ၊ စစ်တပ် အာဏာမသိမ်းလျှင် ဒါတွေမဖြစ်ဘူး" ဆိုပြီး အဓမ္မမှုချင်း ခြေရာတိုင်းပြကြတာပါ။ သည်လိုနဲ့ KIA တပ်ဖွဲ့ဦးဆောင်ထားတဲ့ NUG အစိုးရရဲ့ အမှတ်(၁) စစ်နယ်မြေက အဓမ္မအမှုပေါင်းများစွာဟာ တာဝန်ယူမှု တာဝန်ခံမှု ခေါင်းပါးသလောက် အရေးယူခြင်းမခံရဘဲ လေလိုပြာလို လွင့်ကုန်တာများပါတယ်။ အဆိုးဆုံးကတော့ ရာဇဝတ်မှုများစွာ ကျူးလွန်နေသူကို ခရိုင်ကွပ်ကဲရေးမှူးအဆင့် တိုးပေးလိုက်တာမျိုးပါပဲ။

သည်တော်လှန်ရေးကြီးမှာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအခွင့်အရေးတွေထဲက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်မှုပေါင်းများစွာနဲ့ ပိတ်ထားလိုက်ကတည်းက နောင်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက် မကဲတောင် တန်းတူလိုက်နေမှန်း သိလာရပြီ ဖြစ်ပါတယ်။

ပြစ်မှုပေါင်းများစွာ ကျူးလွန်းလိုက် စစ်တပ်စခန်းတွေ သိမ်းပြလိုက်၊ ပြဿနာများစွာ ရှာလိုက် မြို့သိမ်းတိုက်ပွဲ ဖန်တီးလိုက်နဲ့ လုပ်နေကြတာကလည်း ရှေးတုန်းက ရှင်ဘုရင်တွေ လူထုအပေါ် တစ်ဘက်က ဖိနှိပ်ရင်း တစ်ဘက်မှာ ဘုရားတည်ပြတာထက်တော့ မပိုပါဘူး။ သည့်ထက်ဆိုးတာက မြို့တွေ၊ နယ်တွေ အသိမ်းပြပြီး လက်တွေ့မထိန်းနိုင်တဲ့အခါ အာဏာသိမ်းစစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် နှစ်ဘက်တိုက်ပွဲတွေကြားမှာ လူထုအသက်အိုးအိမ်တွေဟာ အကြိမ်ကြိမ် သေကျေပျက်စီးကြရတာပါပဲ။

သည်နေရာမှာ ဒုတိယကမ္ဘာစစ်အတွင်းမှာ BIA တပ်ဖွဲ့ ပေါ်ပေါက်လာမှု အနေအထားနဲ့ အနီးစပ်ဆုံး ဥပမာပေးကြည့်ချင်ပါတယ်။ မဝေးသေးတဲ့ အတိတ်သမိုင်းကို ပြန်ကြည့်တဲ့အခါ ဗြိတိသျှကိုလိုနီလက်အောက်က‌နေ ရုန်းထွက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ BIA တပ်ကို ဖက်ဆစ်ဂျပန်ဆီက အကူအညီယူပြီးစဖွဲ့ခဲ့တာကို တွေ့ရပါလိမ့်မယ်။ သည်လိုဖွဲ့ပြီးနောက် တော်လှန်ရေးခရီးကို BIA တပ် စလျှောက်ရတဲ့အချိန်ကစပြီး နိုင်ငံရေးခေတ်ကာလတလျှောက်လုံးမှာ သန္ဓေမမှန်ဘဲ ဖွားတော်မူလာတဲ့ မိမနိုင်ဘမနိုင်စစ်တပ်အဖြစ် ဝေဖန်လာကြပါတယ်။ မဟုတ်ဘူးလားလို့ မေးကြည့်၊ ဟုတ်တာထက်တောင် ပိုနေပါသေးတယ်။

ဒါဆိုလျှင် လက်ရှိအခြေအနေအရ စစ်အာဏာရှင်လက်အောက်ကနေ ရုန်းထွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို အမည်အမျိုးမျိုးနဲ့ ဖွဲ့စည်းကြတဲ့အပေါ်မှာ BIA တပ်ဖွဲ့တုန်းကလို သ‌န္ဓေမှန်၏ မမှန်၏ကို သုံးသပ်ကြည့်ဖို့ မလိုပေဘူးလား။

ဥပမာ- သူ့စိုးမိုးနယ်မြေမှာ အဓမ္မဆက်ကြေးကောက်၊ အဓမ္မတပ်သားသစ်ကောက်၊ မတူညီတဲ့ လူမျိုးစုတွေအပေါ်မှာ ဖိနှိပ်နေပြီး ဖက်ဒရယ်ဒီမိုကရေစီ‌ ရချင်လွန်းပါတယ်ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ဖွဲ့ကို ဆရာတင်လိုက်မိတာမျိုးပေါ့လေ။

လောကမှာ ဆရာ့ထက် တပည့်လက်စောင်းထက်တယ်လို့ ပြောကြပါတယ်။ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဖက်ဆစ်ဂျပန်ဆီက တပည့်ခံလာတဲ့ BIA တပ်ဖွဲ့ကတော့ ကရင်နယ်တွေမှာ လက်စောင်းထက်လိုက်ပုံများ ဆရာဖြစ်သူ ဂျပန်တွေတောင် ပြန်အံ့ဩယူရပါသတဲ့။ ဒါဆို သည်ဘက်ခေတ်မှာရော လက်စောင်းတွေ အပြိုင်အဆိုင် ထက်နေကြသလားဆိုတာကို သက်ဆိုင်ရာ လူ့အခွင့်အရေး တောင်းဆိုသူများ၊ ဖက်ဒရယ်အရေး ဒီမိုကရေစီအရေး လှုပ်ရှားသူများအနေနဲ့ သုံးသပ်ကြတန်ကောင်းရဲ့။

အန္တရာယ် မကင်းတော့လည်း ငြိမ်ပြီး ကြည့်နေကြရုံပေါ့လေ။ အဂတိလေးပါးမှာ ဘယာကတိဆိုတာလည်း ပါသကိုး။ ဆိုတော့ ဆရာမငြိုငြင်အောင် ဘယ်လို မတရားမှုတွေ တွေ့တွေ့ တိတ်တိတ်နေနိုင်‌အောင်နေ၊ မနေနိုင်လည်း အားလုံးကောင်းပါသည်ခင်ဗျားလို့သာ အော်ပြချင်လည်း ပြကြရှာ‌‌ပေမပေါ့။ ဖက်ဒရယ်ဒီမိုကရေစီကလည်း လိုချင်ကြသေးတာကိုး...နော့။ ။

‌ထွန်းအောင်ကျော် (ဇေယျာမြေ)

ရွေးကောက်ပွဲမှာ မဲပေးလိုတဲ့ ပြည်သူကို ထိခိုက်မှု မရှိစေဖို့ ကာကွယ်သွားမယ်လို့ ကရင်လက်နက်ကိုင် ၃ ဖွဲ့ ပြောHomeland News A...
30/09/2025

ရွေးကောက်ပွဲမှာ မဲပေးလိုတဲ့ ပြည်သူကို ထိခိုက်မှု မရှိစေဖို့ ကာကွယ်သွားမယ်လို့ ကရင်လက်နက်ကိုင် ၃ ဖွဲ့ ပြော

Homeland News Agency၊ စက်တင်ဘာ ၃၀၊ ၂၀၂၅

လာမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပြုလိုသူ ဒေသခံပြည်သူလူထုတွေ ထိခိုက်နစ်နာမှုမရှိစေဖို့ အဖွဲ့စုံပူးပေါင်းမှုဖြင့် ကာကွယ်စောင့်ရှောက်သွားမယ်လို့ ကရင်လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့မှ ပူးပေါင်းထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့က ကရင်လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ နယ်ခြားစောင့်တပ် (BGF/KNA) နဲ့ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့မှ တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဟာ နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေတဲ့ ပဋိပက္ခပေါင်းစုံကိုဖြေရှင်းနိုင်မယ့် ဒီမိုကရေစီနည်းလမ်းကျတဲ့ ပြည်သူ့ရွေးကောက်ခံ အစိုးရတစ်ရပ် ပေါ်ထွက်လာမှာဖြစ်ပြီး ကရင်ပြည်နယ် နဲ့ ပြည်သူလူထုတွေရဲ့ ဘဝကိုပါ အေးချမ်းတည်ငြိမ်အောင် ဖန်တီးပေးနိုင်မယ်လို့ ကရင်လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့မှ ယူဆကြောင်း ဆိုပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပြုမယ့် ကရင်ပြည်နယ်မှ ဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒကို အလေးထားအသိအမှတ်ပြု၍ မိမိတို့ ကရင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့အနေဖြင့် အပြည့်အဝပူးပေါင်းဆောင်ရွက်၍ ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဥပဒေကြောင်းအရ တရားမဝင်ခြင်း၊ ပြည်သူအားလုံး ပါဝင်နိုင်တဲ့ အခြေအနေမှာ မရှိခြင်း နဲ့ လိုသလိုအဖြေထုတ်နိုင်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တို့ကြောင့် ကရင်အမျိုသားအစည်းအရုံး (KNU) က လုံးဝ လက်မခံကြောင်း ဩဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

YouTube - https://www.youtube.com/-7
Telegram - https://t.me/+InLvdXLY8MdmNzE1

ဗန်းမောက်မှာ အငြိမ်းစားဝန်ထမ်းအပါအဝင် လူ ၆၀ ကျော်ကို KIA/PDF ဖမ်းဆီး၊ ဆေးရုံရှိ ပစ္စည်းတွေကို ဖြုတ်ယူHomeland News Agenc...
29/09/2025

ဗန်းမောက်မှာ အငြိမ်းစားဝန်ထမ်းအပါအဝင် လူ ၆၀ ကျော်ကို KIA/PDF ဖမ်းဆီး၊ ဆေးရုံရှိ ပစ္စည်းတွေကို ဖြုတ်ယူ

Homeland News Agency၊ စက်တင်ဘာ ၂၉၊ ၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့မှာ အငြိမ်းစား ပညာရေးဝန်ထမ်းပါအဝင် လူ ၆၀ ကျော်ကို ကချင်လက်နက်ကိုင်တပ်ဖွဲ့ (KIA) နဲ့ PDF တို့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဗန်းမောက်မြို့မှာ ကျန်ရှိနေတဲ့ ပညာရေးဝန်ထမ်းတွေ၊ အငြိမ်းစားတွေပါ KIA/PDF တို့က ဖမ်းဆီးပြီး ဗန်းမောက် တောင်ပိုင်း နားလိမ်ကား ကျေးရွာဖက်ကို ပို့ဆောင်လိုက်တယ်လို့ ပြောပါတယ်။

ဒေသခံတစ်ဦးက "ဟုတ်တယ်၊ ပင်စင်စားတွေလည်း ပါတယ်၊ အယောက် ၆၀ ကျော်တယ်၊ ပညာရေးမှူးရုံးမှာ စာရေး လုပ်တဲ့သူတွေရော ပါသွားတယ်၊ ပင်စင်စား ဆရာမကြီးတွေလည်း ပါသွားတယ်၊ ပညာရေးမှူး အငြိမ်းစားတွေပါ့၊ မြန်မာ့စီးပွားရေးဘဏ်မှာ လုပ်ခဲ့တဲ့ ပင်စင်စားတွေရော ဖမ်းသွားတယ်၊ ပိုက်ဆန် သွားထုတ်တဲ လူတွေပေါ့" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ KIA နဲ့ လက်အောက်ခံတပ်ဖွဲ့တွေဟာ ရှမ်းနီအမျိုးသားများ တပ်မတော် - SNA ထိိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ ဗန်းမောက်မြို့ကို KIA/PDF တို့က ထိန်းချုပ်လိုက်ပါတယ်။

အဲဒီနောက် ဗန်းမောက်မြို့ ပြည်သူ့ဆေးရုံရှိ ဓာတ်မှန်စက်၊ မီးစက်၊ အင်ဗာတာ၊ ဘက်ထရီ၊ ခွဲစိတ်ခန်းသုံး ပစ္စည်း‌ နဲ့ ဆေးဝါး တို့ကို KIA/PDF တို့က ဖြုတ်ယူသွားကြောင်း၊ အလားတူ ပြည်သူတချို့ရဲ့ နေအိမ်တွေကိုလည်း အဖောက်ခံရကြောင်း ဗန်းမောက်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဆေးရုံက ပစ္စည်းတွေ အကုန်လုံးနီးပါးပဲ သူတို့ ယူကုန်ပြီ။ ဆေးရုံက ကုတင်တွေပါ မကျန်တော့ဘူး။ ကားတွေ နဲ့ သယ်သွားကုန်ပြီ။ ပန်းသတင်းအရက်ဘီယာ ရောင်းဝယ်ရေးဆိုင် နဲ့ မိုင်ဆုန်ခ အီလက်ထရောနစ်ဆိုင် အဖေါက်ခံရတယ်" လို့ ပြောပါတယ်။

ဗန်းမောက်မြို့မှာ တိုက်ပွဲစတင်ဖြစ်ပွားကတည်းက ဌာနဆိုင်ရာ ဝန်ထမ်းအများစုဟာ SNA ထိန်းချုပ်ရာ အနောက်ခြမ်းသို့ ကြိုတင်တိမ်းရှောင်မှုတွေ ရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေတဲ့ ဝန်ထမ်း နဲ့ အငြိမ်းစားတွေကို KIA/PDF တို့က ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

ထို့အတူ ဗန်းမောက်မြို့ခံ ပြည်သူလူထုအများစုကလည်း SNA ထိန်းချုပ်ထားတဲ့ အနောက်ခြမ်းဖက်တို့ တိုက်ပွဲရှောင်နေကြရတယ်လို့ သိရပါတယ်။

YouTube - https://www.youtube.com/-7
Telegram - https://t.me/+InLvdXLY8MdmNzE1

ကျောက်မဲမြို့အနီးရှိ စခန်းသာရွာကို စစ်တပ် ပြန်သိမ်းသတင်းဓာတ်ပုံHomeland News Agency၊ စက်တင်ဘာ ၂၇၊ ၂၀၂၅သျှမ်းပြည်မြောက်ပိ...
27/09/2025

ကျောက်မဲမြို့အနီးရှိ စခန်းသာရွာကို စစ်တပ် ပြန်သိမ်း

သတင်းဓာတ်ပုံ
Homeland News Agency၊ စက်တင်ဘာ ၂၇၊ ၂၀၂၅

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နဲ ၅ မိုင်ခန့်သာဝေးတဲ့ စခန်းသာကျေးရွာကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ မနေ့က စက်တင်ဘာ ၂၆ ရက်မှာ စစ်တပ်ထောက်ခံတဲ့ တယ်ရီဂရမ်ချန်နယ်တွေက ရေးသားထားပါတယ်။

နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး နေ့လယ်ပိုင်းမှာ စခန်းသာကျေးရွာကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး TNLA တပ်ဖွဲ့ဝင် အလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ခဲ့တယ်လို့ စစ်တပ်ထောက်ခံ တယ်ရီဂရမ်ချန်နယ်က ဓါတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

TNLA စခန်းချထားတဲ့ စခန်းသာကျေးရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေအပြင် မြေပြင်ထိုးစစ်တွေ လုပ်ဆောင်ခဲ့ပြီး ပြန်လည်သိမ်းပိုက်လိုက်တာလို့ သိရပါတယ်။

နောင်ချိုမြို့နယ်ဘက်ကနေ ကျောက်မဲမြို့နယ်ထဲကို ထိုးစစ်ဆင်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ကျောက်မဲမြို့အနီးကို ရောက်ရှိလာပြီဖြစ်တာကြောင့် ဒေသခံအများစုလည်း ဘေးကင်းရာသို့ တိမ်းရှောင်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

YouTube - https://www.youtube.com/-7
Telegram - https://t.me/+InLvdXLY8MdmNzE1

တန်ဆောင်တိုင်အတွက် တောင်ကြီးနဲ့ ကလော ဟိုတယ်ဘိုကင် ၈၀ ရာခိုင်နှုန်းခန့် ပြည့်နေHomeland News Agency၊ စက်တင်ဘာ ၂၆၊ ၂၀၂၅ရှမ...
26/09/2025

တန်ဆောင်တိုင်အတွက် တောင်ကြီးနဲ့ ကလော ဟိုတယ်ဘိုကင် ၈၀ ရာခိုင်နှုန်းခန့် ပြည့်နေ

Homeland News Agency၊ စက်တင်ဘာ ၂၆၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ နှစ်စဥ် ကျင်းပနေကျဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လုံခြုံရေးအစီအမံတွေနဲ့ အဝေရာမီးပုံးပျံကွင်းမှာ ၈ ရက်ကြာ ကျင်းပသွားမှာ ဖြစ်တာကြောင့် လက်ရှိမှာ တောင်ကြီးနဲ့ ကလောက ဟိုတယ်တွေ ၈၀ ရာခိုင်နှုန်းခန့် ကြိုတင်ဘိုကင်တွေ ပြည့်နေပြီလို့ သိရပါတယ်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို ကျပ်သိန်းပေါင်း ၅ ထောင်ကျော် အကုန်ကျခံပြီး လာမယ့် အောက်တိုဘာလ ၂၉ ရက်ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ကိုဗစ် ၁၉ ကပ်ရောဂါ​အပါအဝင် ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲဖြစ်ချိန်ကနေစပြီး နယ်မြေအခြေအနေနဲ့ ဘတ်ဂျက်အခြေအနေတွေကြောင့် တောင်ကြီးတန်တောင်တိုင် မီးပုံးပျံပွဲတော်ကို ၃ နှစ်တာ မကျင်းပနိုင်ခဲ့တာရှိခဲ့သလို အကျဥ်းချုံံ့ပြီး ကျင်းပခဲ့ရတဲ့ နှစ်တွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ စည်စည်ကားကား ပြန်လည်ကျင်းပနိုင်ခဲ့ပြီး ဒီနှစ်မှာဆိုရင်လည်း ပွဲတော်အတွင်း နေ့လွှတ် အရုပ်ပြိုင်ပွဲ အရုပ်ခြေ နှစ်ချောင်း၊ အရုပ်ခြေ လေးချောင်း အရုပ်အုပ်စုတွေအပြင် ညလွှတ်ပြိုင်ပွဲမှာ ညမီးကြီးမီးပုံးပျံ စိန်နားပန်မီးပုံးပျံတို့ကို အရင်နှစ်ထက်ပိုပြီး ပါဝင်တယ်လို့ သိရပါတယ်။

အဲဒါအပြင် ဒီနှစ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်မှာ ထူးခြားမှုအနေနဲ့ မီးပုံးပျံအလှ စိန်ခေါ်ပွဲကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပဖို့ ၁ လခန့် လိုသေးပေမယ့်လည်း ပွဲတော်ကို လာရောက်ဖို့အတွက် ဟိုတယ်ဘိုကင် တင်ထားတဲ့ နှုန်းဟာဆိုရင် ၈၀ ရာခိုင်နှုန်းခန့် ပြည့်နေပြီဖြစ်တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဇော်စိုးက ပြောပါတယ်။

"ဟိုတယ်ဘိုကင်ကတော့ ကျနော်တို့ အကြမ်းဖျင်းမေးကြည့်တာတော့ ၈၀ ရာခိုင်နှုန်းလောက်က ပြည့်နေပြီဗျ။ ကျန်တဲ့ဟာဆိုလည်း ငွေမချေတာပဲ ရှိတဲ့သူတွေ။ ၂၀ ရာခိုင်နှုန်းလောက်တော့ ကျန်မယ်ထင်တယ်။ ကလောတို့ဆိုလည်း တော်တော်များများ ပြည့်နေပြီ။ တချို့ဆိုလည်း အိမ်အလုံးလိုက်ပေါ့ အလုံးလိုက် ငှားပြီး လာကြတာပေါ့။ တချို့ကလည်း အုပ်စုလိုက်လာတယ်။ မနှစ်ကဆို ဟိုတယ်မရတော့ ကားပေါ်မှာ အိပ်ကြတယ် အဲဒီလိုမျိုး ဖြစ်တယ်" လို့ ပြောပါတယ်။

အရင်နှစ်က တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်မှာ အရုပ်အုပ်စုမီးပုံပျံ ၆ လုံးလောက်နဲ့ ညမီးကျည် အပါအဝင် စိန်နားပန်မီးပုံးပျံအလုံးရေ ၄၉ လုံးသာ လွှတ်တင်နိုင်ခဲ့ပေမယ့် အခုနှစ်မှာတော့ တစ်နေ့ကို အရုပ်အုပ်စုမီးပုံပျံ ၁၀ လုံးနဲ့ ညမီးကျည်အပါအဝင် စိန်နားပန်မီးပုံးပျံအလုံးရေ ၇၀ ကျော်အထိ လွှတ်တင်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဒီနှစ် တောင်ကြီးတန်တောင်တိုင်ပွဲမှာ ခရီးသွားပြည်သူ လာရောက်တဲ့နှုန်းဟာ များမှာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဇော်စိုးက ပြောပါတယ်။

"ခရီးသွားတော့ များတယ်ဗျ။ အခုတောင် တော်တော်များများ ဟိုတယ်ဆိုရင် မရှိတော့ဘူး။ အခုချိန်မှာ ဘိုကင်တွေပေါ့နော် တော်တော်များများ ပြည့်နေပြီ။ မနှစ်ကဆိုရင် အနီးစပ်ဆုံး မနှစ်က ၂၀၂၄ ဆိုရင် ကျနော်တို့တောင်ကြီးမှာ ဟိုတယ်တွေ အကုန်လုံး ပြည့်သွားတယ်။ အောက်က ညောင်ရွှေတို့ ရွှေညောင်တို့နဲ့ အင်းလေးက ဟိုတယ်တွေပါ တစ်ခါ ထပ်ပြီး ပြည့်။ နောက်ဆုံး အိမ်တွေပါ ငှားနေရတဲ့အထိ ဖြစ်သွားတယ်။ ဒီနှစ်လည်း ဒီထက်များမယ်ထင်တယ်။ ဘာလို့ဆိုရင် ကျနော်တို့ မီးပုံးပျံအရေအတွက်လည်း များတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ အဆိုပါ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်အဖြစ် ကမ္ဘာ့အမွေအနှစ် ယူနက်စကို (UNESCO) စားရင်းဝင် တင်သွင်းနိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်အစိုးရဟာ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကျင်းပဖို့ ပြင်ဆင်နေတာအပြင် အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကိုလည်း စက်တင်ဘာ ၂၂ ရက်နေ့မှာ စတင်ကျင်းပနေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - Heinn Htet Kyaw (H2KTGI)
YouTube - https://www.youtube.com/-7
Telegram - https://t.me/+InLvdXLY8MdmNzE1

ကျောက်မဲမှာ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးငယ်အပါ ပြည်သူ ၄ ဦးကို စစ်တပ်က သတ်ဖြတ်Homeland News Agency၊ စက်တင်ဘာ ၂၆၊ ၂၀၂၅သျှ...
26/09/2025

ကျောက်မဲမှာ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးငယ်အပါ ပြည်သူ ၄ ဦးကို စစ်တပ်က သတ်ဖြတ်

Homeland News Agency၊ စက်တင်ဘာ ၂၆၊ ၂၀၂၅

သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာမှာ စက်တင်ဘာ ၂၄ ရက်နေ့က စစ်အုပ်စုရဲ့ တပ်ဖွဲ့ဝင်တွေဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တယ်လို့ သျှမ်းကျောင်းသားသမဂ္ဂမှ မနေ့က စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့ နေ့ခင်းပိုင်းမှာ စစ်အုပ်စုရဲ့ တပ်ဖွဲ့ဝင်တွေဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ဦးကို အဓမ္မကျင့်သတ်ဖြတ်ခဲ့ပြီး သူမရဲ့ မိသားစုဝင် ၂ ဦး နဲ့ သံဃာတော်တစ်ပါးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်မဲမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ်နီးပါး တိုက်ပွဲရှောင်သွားပြီဖြစ်တဲ့ နားအိုက်ခန့်ကျေးရွာသို့ စစ်အုပ်စုရဲ့ တပ်ဖွဲ့ဝင်အချို့ ရောက်လာပြီး ကျေးရွာမှာ ကျန်းမာရေးမကောင်းသည့် ဆရာတော်ကို ပြုစုဖို့ ကျန်ရစ်ခဲ့သူ သံဃာတော်တစ်ပါးကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အနီးအနားရှိ လယ်တဲတွေမှာ တိမ်းရှောင်နေတဲ့ မိသားစု ၃ ဦးမှာ မိခင်ဖြစ်သူ နဲ့ သားငယ်ကို နေရာမှာပဲ ပစ်သတ်ကာ အသက်မပြည့်သေးတဲ့ သမီးဖြစ်သူ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ မိသားစု ၃ ဦးနေထိုင်တဲ့ လယ်တဲထဲမှာ မြန်မာစစ်တပ်ရဲ့ ယူနီဖောင်းကျန်ရစ်ခဲ့တာကိုလဲ တွေ့ရတယ်လို့ သျှမ်းကျောင်းသားသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူဟာ အသက် ၁၆ နှစ်အရွယ်ဖြစ်ပြီး သူမနဲ့အတူ သတ်ဖြတ်ခံခဲ့ရတဲ့ မိခင်မှာ ၄၈ နှစ်၊ မောင်လေးဖြစ်သူမှာ ၁၂ နှစ်အရွယ် ဖြစ်ကြတယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်ရဲ့ တပ်သား နှစ်ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ပြီးနောက် ဖုန်း နဲ့ ပိုက်ဆန်တွေကို ယူဆောင်သွားကြောင်း၊ ၎င်းတို့ရဲ့ စစ်ဝတ်စုံတွေကို ချွတ်ထားခဲ့ပြီး အရပ်ဝတ်ဖြင့် ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခုလို အပြစ်မဲ့ပြည်သူတွေကို စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်တပ် နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲ အရေးယူပေးဖို့ ကမ္ဘာ့နိုင်ငံအသီးသီး နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို သျှမ်းကျောင်းသားသမဂ္ဂမှ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်ကောင်တွေကို ရရာနည်းဖြင့် အပြစ်ပေးအရေးယူသွားနိုင်ဖို့ မိမိတို့အနေဖြင့်လည်း ကူညီပေးသွားမှာဖြစ်တယ်လို့ သျှမ်းကျောင်းသားသမဂ္ဂမှ ထုတ်ပြန်ကြေညာထားပါတယ်။

YouTube - https://www.youtube.com/-7
Telegram - https://t.me/+InLvdXLY8MdmNzE1

ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်တွေကို ကာကွယ်သွားမယ်လို့ လဝါယန် ကချင်ပြည်သူ့စစ် ပြောHomeland News Agency၊ စက်တင်ဘ...
25/09/2025

ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်တွေကို ကာကွယ်သွားမယ်လို့ လဝါယန် ကချင်ပြည်သူ့စစ် ပြော

Homeland News Agency၊ စက်တင်ဘာ ၂၅၊ ၂၀၂၅

စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေကို မိမိတို့အနေဖြင့် ကူညီကာကွယ်စောင့်ရှောက်သွားမယ်လို့ ဂွေထု/လဝါယန်(ဌာနေ) ကချင်ပြည်သူ့စစ်အဖွဲ့က ကြေညာပါတယ်။

ဒါ့အပြင် အဆိုပါ ရွေးကောက်ပွဲကို မိမိတို့ ကချင်ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ ဦးလဆန်နော်လီ ဦးဆောင်တဲ့ ဂွေထု/လဝါယန်(ဌာနေ) ကချင်ပြည်သူ့စစ်အဖွဲ့မှ အထူးအလေးအနက်ထား ကြိုဆိုထောက်ခံတယ်လို့ ဆိုပါတယ်။

မိမိိတို့ အနေဖြင့် ပြည်တွင်းမတည်မငြိမ်မှု ပဋိပက္ခတွေမှာ ပါဝင်လျက်ရှိတဲ့ အဖွဲ့အစည်းအသီးသီးမှ တိုက်ပွဲဖော်ဆောင်မှုတွေ ရပ်တန့်ပြီး စစ်အစိုးရ နဲ့ တွေ့ဆုံဆွေးနွေးခြင်းဖြစ် နိုင်ငံတစ်ဝှမ်း တည်ငြိမ် ငြိမ်းချမ်းမှုကို ရရှိစေမှာလို့ ဆိုပါတယ်။

ဒါကြောင့် တည်ငြိမ် ငြိမ်းချမ်းမှုမှ ရွေးကောက်ပွဲ ကျင်းပ၍ အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိမယ့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်း လဝါယန် ကချင်ပြည်သူ့စစ်အဖွဲ့က ပြောပါတယ်။

ဂွေထု/လဝါယန်(ဌာနေ) ကချင်ပြည်သူ့စစ်အဖွဲ့အနေဖြင့် အခက်အခဲ အကြပ်အတည်းတွေကို ရင်ဆိုင်ခဲ့ပြီး စစ်အစိုးရဘက်မှ အစဉ်တစိုက် ခိုင်မြဲစွာ ရပ်တည်ခဲ့ပြီး လာမယ့် ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံကြောင်း ဆိုပါတယ်။

အဆိုပါ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် လူ၊ ပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီတွေကို လွတ်လပ်၍ တရားမျှတစွာ ဝင်ရောက်နိုင်ရေး တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေကို မိမိတို့ ကချင်ပြည်သူ့စစ်အဖွဲ့က ကူညီကာကွယ်စောင့်ရှောက် ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်အထူးဒေသ ၁ မှ ကချင်ပြည်သူ့စစ်အဖွဲ့ကလည်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို စစ်တပ် နဲ့အတူ လက်တွဲဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမပိုင်း ရွေးကောက်ပွဲကို ကျင်းပသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ထုတ်ပြန်ကြေညာထားပါတယ်။

ပုံ - ဂွေထုပြည်သူ့စစ်ခေါင်းဆောင် (ပုံဟောင်း)
YouTube - https://www.youtube.com/-7
Telegram - https://t.me/+InLvdXLY8MdmNzE1

Address


Alerts

Be the first to know and let us send you an email when Homeland News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Homeland News Agency:

  • Want your business to be the top-listed Media Company?

Share