The Call - ခေါ်သံ

  • Home
  • The Call - ခေါ်သံ

The Call - ခေါ်သံ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Call - ခေါ်သံ, News & Media Website, .

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (PDF) တည်​ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်အ​နေနဲ့ "​နွေဦးတိုက်ပွဲဝင် လက်​ရွေးစင်ကဗျာများ" ...
02/11/2025

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (PDF) တည်​ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်အ​နေနဲ့ "​နွေဦးတိုက်ပွဲဝင် လက်​ရွေးစင်ကဗျာများ" ဆိုတဲ့ ကဗျာစာအုပ်ကို 'The Call - ​ခေါ်သံ' အွန်လိုင်းမဂ္ဂဇင်းမှ စုစည်း ထုတ်​ဝေလိုက်ပါတယ်။

ကဗျာစာအုပ် အသက်ဝင်လာဖို့ ၄ လ​ကျော်ကြာ အချိန်ယူပြင်ဆင်ခဲ့ကြရတဲ့ ဒီကဗျာစာအုပ်ထဲမှာဆိုရင်...
● အယ်ဒီတာအဖွဲ့က သီးခြား​တောင်းယူခဲ့တဲ့ ကဗျာ
● The Call ​​ပေ့ချ်မှာ ဖိတ်​ခေါ်ပြီး လက်ခံရရှိခဲ့တဲ့အထဲက​နေ ​ရွေးချယ်ခဲ့တဲ့ ကဗျာ နဲ့
● The Call ​ပေ့ချ်က​နေ ဖော်ပြပြီးစီးခဲ့​တဲ့အထဲက​ စာအုပ်ရဲ့ ရည်ရွယ်ချက်နဲ့ ​​လျော်ညီ​တဲ့ ကဗျာ​တွေထဲက​နေ ပြန်စိစစ်ပြီး ​ရွေးချယ်ထားတဲ့ ကဗျာ... အစရှိသဖြင့် ​နွေဦးမှာတိုက်ပွဲဝင်​နေကြတဲ့ ကဗျာဆရာ ၈၂ ဦး​ ရေးသီထားတဲ့ ကဗျာ စုစု​ပေါင်း (၈၂) ပုဒ် ပါဝင်ပါတယ်။

ဒီစာအုပ်ထဲ စုစည်းပါဝင်ခဲ့ကြတဲ့ ကဗျာဆရာ၊ ဆရာမတို့အတွက် အမှတ်တရ စာအုပ်လက်​ဆောင်​တွေကို ဆရာ၊ ဆရာမတို့ လက်ဝယ်​ပိုင်ပိုင် ရရှိနိုင်​အောင် အတတ်နိုင်ဆုံး ကြိုးစား ပို့​ဆောင်သွားမှာ ဖြစ်သလို...
အမှတ်ရရ ဖတ်ရှု့သိမ်းဆည်းလိုတဲ့ ​နွေဦးတိုက်ပွဲကို ခုချိန်ထိ လက်မ​လျော့စတမ်း တိုက်ပွဲဝင်​နေကြတဲ့ စာချစ်သူ စာဖတ်ပရိသတ်တို့ ဝယ်ယူနိုင်​​အောင်လည်း စာအုပ်​ရေ အကန့်အသတ်ကို ​ရောင်း​ချ​ပေးသွားမယ့် အစီအစဥ်​တွေလည်း ရှိပါတယ်။ ( စာအုပ်ဝယ်ယူနိုင်မယ့် အ​သေးစိတ်အချက်အလက်​တွေကို The Call ​ပေ့ဂျ်က​နေ ​နောက်တပတ်မှာ ​ဖော်ပြ​ပေးပါ့မယ်။ )

ပြီးပြည့်စုံတဲ့ စာတအုပ်လို့ ယတိပြတ် မ​ပြောနိုင်သည့်တိုင်​အောင် သမိုင်းတကွက်မှာ မှတ်တမ်းမှတ်ရာအ​နေနဲ့ ထင်ကျန်ရစ်​မယ့် ဒီ ကဗျာစာအုပ် ဖြစ်​မြောက်လာဖို့ ကဗျာ​တွေ ​ရေးသား ချီးမြှင့်ခဲ့ကြတဲ့ ကဗျာဆရာများနဲ့ ဝိုင်းဝန်းကူညီ ပံ့ပိုးခဲ့ကြသူ​ တဦးတ​ယောက်ချင်းစီတိုင်းကို The Call ဝိုင်း​တော်သားများက အထူးပဲ ​ကျေးဇူးတင်ပါတယ်။

"နွေဦးတိုက်ပွဲဝင် လက်​ရွေးစင်ကဗျာများ"
(​နွေဦးကဗျာများ)
☆ PDF တည်​ထောင်ခြင်း ( ၄ ) နှစ်ပြည့် အမှတ်တရထုတ်​ဝေသည်။ ☆

■ ကျေး​တော်မျိုး၊ ​ကျော်​ခေါင်လင်း၊ ကို​ပေါ၊ ချမ်းငြိမ်း၊ ချီရွန်၊ ခွန်းနီ၊ ​ခေဇက်၊ ဂနိုက်၊ ဂျက်စမင်ပီတာ၊ ဂျွန်မိုး​ရေ၊ ဂျို၊ ​ဂျော့လင်းညို၊ ငြိမ်းသစ်၊ ငုအိမ်ထက်မြက်၊ စကယ်ပယ်၊ စံပယ်ဖြူနု၊ စိုင်းဘုန်း​အောင်၊ ဆစ်ခ်၊ ဆပ်ရိပ်၊ ဆာရာ၊ ဆူဏီးလ်၊ ဆူးနတ်သန်၊ ဇာတိ၊ ညွန့်လူ၊ ညိမ်း​အေး၊ ညိုသူ၊ ညီZ၊ ညီ​သွေးအိမ်၊ ​ဏေသစ်၊ တက်​ဇေထက်၊ တခ၊ ထက်လူ၊ ထွင်၊ ထူးထက်၊ ဒီလူက​လေး၊ နံပြား၊ နံရိုး၊ နှင်းခါးမိုး၊ ​နေဘုန်းလတ်၊ ပန်း​တော်ဆက်၊ ပိုင်ဥာဏ်၊ ဘဘဝ၊ ဘရိုင်ရန်ရိန်း၊ မင်းမင်းဦး၊ မင်း​သွေးချို၊ မြှားအိမ်၊ မှိုင်း၊ မိုဃ်းဇက်​သော်၊ မိုးမြင့်​ကျော်၊ မိုးအိမ်သစ်၊ မုန်း​အောင်၊ ​မေမြတ်​ဇော်၊ ​မေရီ​သော်၊ ​မောင်​ကျော်၊ ​မောင်ဇို​ဖေ၊ ​မောင်တင်သစ်၊ ​မောင်တိမ်ဘားမား၊ ​မောင်ဖြိုး​ဝေ၊ ​မောင်မြတ်သူ၊ ​မောင်မိုးမြင့်၊ ​မောင်မိုး​အေး၊ M.Y.P၊ ​မောင်​ရေချမ်း၊ ​မောင်လွင်မွန် (ကသာ)၊ ​မောင်လွမ်းဏီ၊ ​ယောနသံ၊ ရွက်စိမ်း၊ ရီ​ဗော်တီ၊ လင်းမြတ် (ပြည်)၊ လ​ရောင်လွှမ်း၊ လူ​ရောင်လွင်၊ လူ​ခေတ်နိုင်၊ သက်ငြိမ်၊ သင့်သူ၊ သရိုင်း​​တေးအိမ်၊ သရဲ၊ သူရိယလင်း၊ အ​ကွေး၊ အမ်​ကေ၊ ​​အေမွန်၊ ​အောင်ကိုထွန်း၊ ​အောင်​နွေ။

■ အကြံ​ပေးအယ်ဒီတာများ
မြင့်ထက်​အောင်၊ ငြိမ်းသစ်၊ မိုက်ကယ်လ်

■ အယ်ဒီတာများ
သရဲ၊ ညီ​ကျော်

■ စာတည်း
မင်း​ချေ

■ အတွင်းဒီဇိုင်း
𝗸𝘂𝗲𝗰𝗼𝗼𝗹

■ မျက်နှာဖုံး
𝗛𝘂𝗴𝗼, 𝗸𝘂𝗲𝗰𝗼𝗼𝗹

■ အတွင်းသရုပ်​ဖော်ပုံ
𝗞𝘆𝗮𝗹 𝗞𝘆𝗮𝗹, 𝗠𝗴 𝗧𝗼𝗱𝗱, 𝗛𝗮𝗿𝗿𝘆, 𝗬𝗡, 𝟰𝟮, 𝗸𝘂𝗲𝗰𝗼𝗼𝗹, 𝗣𝟵, 𝗞𝗚, 𝗟𝘂

📸 - 𝗔𝗯𝘀𝘁𝗿𝗼𝗽𝘂𝘀

#နွေဦးတိုက်ပွဲဝင်လက်ရွေးစင်ကဗျာများ
#ခေါ်သံ

‘လမ်းပေါ်က မင်းသား’◼️ ညီလင်းအိမ်သူတို့ကို ကိုယ်တွေဆီမှာပဲ အမည်သညာပေးကြတဲ့ ပေသီး၊ ခေါကြီး၊ ဂျစ်စုတ် စလို့ အဲသလို နာမည်တွေ...
01/11/2025

‘လမ်းပေါ်က မင်းသား’

◼️ ညီလင်းအိမ်

သူတို့ကို ကိုယ်တွေဆီမှာပဲ အမည်သညာပေးကြတဲ့ ပေသီး၊ ခေါကြီး၊ ဂျစ်စုတ် စလို့ အဲသလို နာမည်တွေ ပေးရမလားတောင် မသိ။ သူရို့ကလေးအုပ်စုတွေထဲမှာ အယ်လီက ပိုမိုတောက်ပြောင်ဆုံးပဲ။ ကာဆာဘလန်စကာရဲ့ မြို့စွန်မြို့ဖျားတွေက သူတို့ရဲ့ အိမ်ယာတွေပေါ့။ အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့ အုပ်ထိန်းသူမဲ့နေကြတဲ့ အယ်လီတို့လို ကလေးငယ်များဟာ မြို့စွန် မြို့ဖျားက အိမ်ပျက်တွေ။ ပင်လယ်ကမ်းစပ်က အဆောက်အဦတွေမှာ ကပ်တွယ်နေထိုင်ကြတယ်။ တချို့ကတော့ ဂိုဏ်းတခုလို ဖြစ်နေကြတယ်။

လူကောင်ခပ်ကြီးကြီး စကားမပြောတတ်တဲ့ Dib ဆိုတဲ့ ကောင်လေးက ကလေးငယ်ပေါင်းများစွာကို ဗိုလ်လုပ်နေပြီး အနိုင်ကျင့် အုပ်ချုပ်နေတယ်။ သူ့လက်အောက်မှာ မနေကြတဲ့ အယ်လီတို့အုပ်စုမှာတော့ Dib ရဲ့ အနိုင်ကျင့်တာကို ခံကြရတယ်။ အုပ်ထိန်းစောင့်ရှောက်သူ မရှိကြတော့ စားဖို့နေဖို့အတွက်ကတော့ တချို့ကလေးတွေက ဆေးလိပ်တွေ စီးကရက်တွေ ရောင်းကြရတယ်။ လက်ပွေ့ဈေးသည်ကလေးတွေအဖြစ် မြို့လယ်က ကားတန်းတွေကြားထဲမှာ တိုးကြခွေ့ကြရတယ်။ အဲဒီကနေ ပိုက်ဆံကလေးရလာရင်တော့ စားစရာကလေးဝယ်စား ကမ်းနားဘေးက အိမ်ပျက်တွေပေါ် တက်အိပ်ကြတာပေါ့။ မှောင်ရိပ်ခိုသူတွေကို လိုက်ဖမ်းကြတဲ့ ရဲတွေလာရင်တော့ သူတို့တွေမှာ ‌ထွက်ပြေးကြရတယ်။

တနေ့မှာတော့ အယ်လီက ရုပ်သံက သတင်းထောက်တယောက်နဲ့ အင်တာဗျူး ဖြေရတယ်။ အဲဒီရိုက်ကူးသူတွေကလည်း ကပ်ပါးကောင်များလို ဖြစ်နေကြတဲ့ သူတို့လေးတွေရဲ့ လမ်းပေါ်ကဘဝကို မှတ်တမ်းသဘောမျိုး ရိုက်ကူးရုံ သက်သက်ပဲ ဖြစ်ပါတယ်။ သူရို့ကလေးအုပ်စုများထဲမှာ အယ်လီက ပြောတတ်ဆိုတတ်တော့ အယ်လီကပဲ မေးသမျှကို ဖြေတယ်။ သူ့စကားလုံးတွေမှာ စွန့်ပစ်ခဲ့တဲ့ မိဘတွေကို ဘယ်လောက်တောင် နာကျင်နေသလဲ မသိ။

အယ်လီက မိုက်ကရိုဖုန်းကို စိုက်ကြည့်ရင်း သူ့ရောင်းရင်း ကွီတာရဲ့ လည်ပင်းကို ဖက်ထားတယ်။ ဝက်ကလေးရုပ်ပေါက်နေတဲ့ အပါးတော်မြဲ ဘောက်ကာကတော့ သူ့ဆရာ အယ်လီဖြေသမျှကို ပြုံးဖြဲဖြဲနဲ့ နားထောင်နေတယ်။ အယ်လီရဲ့ နောက်မှာ အရပ်သားအုပ်ကြီးရော။ သူတို့လို့ စွန့်ပစ်ခံ ကလေးတွေရော လူအုပ်လိုက်ကြီးနဲ့ စုဝေးနေကြတာပေါ့။ အယ်လီကတော့ မမှိတ်မသုန်အနေအထားနဲ့ပဲ မေးမြန်းသူကို စကားတွေပြောနေတယ်။ သူ့စကားလုံးတွေက အင်တာဗျုးဖြေတာမျိုးထက် စကားပြေ စာပိုဒ်တခုကို ဖတ်ပြနေသလိုပါပဲ။

ကျ‌နော်လား။ လှေလေးကို တရွေ့ရွေ့နဲ့ လှော်နေတယ်။ လှိုင်းလုံးကြီးတွေကတော့ တရိပ်ရိပ်နဲ့ မြင့်တက်နေတာပေါ့။ လှေကလေးက အဲဒီကြားထဲမှာ လူးလူးလွန့်လွန့်နဲ့လေ။ နေကလည်း သာနေလိုက်တာ။ ကျ​နော့်မှာ ပူလာလို့ ချွေးတွေတောင် ထွက်လာတယ်။ လှေကလေးကို ဆက်မလှော်ဖြစ်တော့ပါဘူး။ အဲဒီအချိန်မှာပဲ ‌မိန်းကလေးတယောက်က လှေနားမှာ ပေါ်လာတာ။ ကျ​နော့်ကို ပြုံးပြတယ်။ ကျနော်ကလည်း သူ့ကို ပြုံးပြမိတယ်။ ပြီးတော့ သူ့လက်ကလေးကို ကမ်းလင့်လိုက်ပြီး လှုပ်ခါနေတဲ့ လှေပေါ်ကို ဆွဲတင်လိုက်တယ်‌။ လှေပေါ်ကိုလည်း ရောက်တော့ လေပြည်ကလေးတွေကလည်း ရုတ်ချည်းပဲ ညင်သာစွာ တိုက်ခတ်လာပါရော ။

အယ်လီစကားတွေကို ကလေးအုပ်ကြီးက ဆိတ်ငြိမ်စွာနဲ့ပဲ နားထောင်နေကြတယ်။ သတင်းထောက်က မင်းက တကယ်ကို အတည်ကြီးပြောနေတာပဲ။ နောက်တော့ရော ဆိုတော့ ကျနော့်အိပ်မက်ကနေ နိုးလာတယ် တဲ့။ နားထောင်နေကြတဲ့ ကလေးတွေက ပြုံးစိစိနဲ့ ဘဝမှာ ပထမဆုံး လူရာသွင်း ခံကြရတဲ့ အသွင်မို့ ပျော်နေကြတာပဲလားမသိ။

အယ်လီ ဖြစ်ချင်တာက သင်္ဘောသား။ သူက ပင်လယ်ကြီးကို ဖြတ်သန်းချင်တာ။ နေနှစ်စင်းထွက်တာ မြင်ရတဲ့ ကျွန်းကလေးကို သွားချင်ခဲ့တာတဲ့။ အခုတော့ ကျနော့်မှာ မြို့တခုလုံးကို စီးမိုးပြီးပဲ ကြည့်နေရတာပဲ။ ဒီမှာ ရှင်သန်လို့ရအောင် ကိုယ့်ကိုယ်ကိုပဲ အားပြုရတာလေ။ ကျ​နော့် မိဘတွေလား။ သူတို့ကို ကြောက်လို့ လမ်းပေါ်ကို ထွက်ပြေးလာခဲ့တာပါ။ ကျ​နော် ခလေးဘဝတုန်းက အမေက ကျ​နော့် မျက်လုံးတွေကို ဖောက်ရောင်းမယ် လုပ်တာလေ။ အဲဒါကြောင့် လမ်းပေါ်ကို ထွက်ပြေးလာခဲ့တာ ခုဆို အသက်ဆယ့်ငါးနှစ် ရှိပြီတဲ့။ စကားအဆုံးမှာ အယ်လီလေသံက ဆွေးဆွေးမြေ့မြေ့။ တိမ်တိမ်ဖျော့ဖျော့။

သူတို့တွေမှာ အဲသလို နာကျင်ဖွယ် အကြောင်းတွေနဲ့လေ။ ဘတ်စ်ကတ်ဘော ဝတ်စုံ ယူနီဖောင်းလို အစိမ်းရောင် အင်္ကျီ ဖို့ရို့ဖားယားကြီးကို ဝတ်ထားတဲ့ ဝက်ပေါက်စကလေး ဘောက်ကာကတော့ သီချင်းတွေ အော်ဆိုလိုဆိုနဲ့ နှာရည်တရွှဲရွှဲဖြစ်နေတဲ့ သူ့ပါ့စပ်ဖျားကနေ ပြောသမျှ အကြောင်းတွေက တဦးးတည်းသော ဦးလေးအကြောင်း။ တနေ့မှာတော့ ချစ်ရတဲ့ ဦးလေးက သူ့ကို လာခေါ်မှာပါတဲ့။ ကွီတာတို့ အုပ်စုတွေမှာ နားရည်ဝနေတော့တဲ့ ဝက်ခေါလေး ဘောက်ကာရဲ့ ပုံပြင်တွေပေါ့။

ကွီတာဟာ အယ်လီရဲ့ စကားတွေကို နားထဲမှာ စွဲသွားတယ်။ အယ်လီက အမြဲအဲလိုပါပဲ ။ သူတို့တွေ အတူထိုင်ဖြစ်တိုင်း သူ့ရဲ့ ဘဝရည်မှန်းချက်တွေကို ပြောပြတတ်တယ် ။ စကားလုံးတွေကလည်း အဆန်းတကြယ်တွေချည်းပဲ။ ကွီတာမှာ နားထောင်ရင်း သူ့စိတ်နှလုံးအိမ်ထဲမှာ အယ်လီစကားဇာတ်ကြောင်းတွေကို စိတ်ကူးနဲ့ ပုံဖော်နေတတ်တာပေါ့။

အဲလိုထိုင်ရင်း စကားပြောနေကြတုန်းမှာပဲ ကစားကွင်းနားကို လူစုတ် င‌အကောင် Dib ဦးဆောင်တဲ့ ကလေးအုပ်ကြီးက ရောက်လာပြီး အယ်လီတို့ လေးယောက်အုပ်စုကလေးကို အနိုင်ကျင့်ကြတယ်။ သူတို့လောကက ဘေးမဲ့ဥယျာဉ်ထဲက မျောက်တွေ အစာလုပွဲလိုပါပဲ။ တွေ့တဲ့နေရာမှာ ရန်ဖြစ်ကြ၊ နိုင်လွန်မင်းကျင့် လုပ်ကြတာက သဘာဝလို ဖြစ်နေပြီ။ ဒီလို အခြေအနေမဲ့ ကလေးတွေကို ဘယ်သူကမှလည်း အရေးစိုက်ဖို့ အကြောင်းမရှိဘူးလေ။ ကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်အတ္တနဲ့ကိုယ် ရှင်သန်နေအောင် ကမ္ဘာကြီးထဲက လူတွေကပဲ သတ်မှတ် စည်းခြားပစ်လိုက်တာမျိုး မဟုတ်ပါလား။

အဲဒီမှာပဲ Dib အုပ်စုထဲက ကလေးတယောက်က အယ်လီခေါင်းကို ကျောက်ခဲနဲ့ ထုပစ်လိုက်တာကနေ သွေးထွက်လွန်ပြီး သေသွားတော့တယ်။ ငိုရကောင်းမှန်း မသိကြတော့တဲ့ ကျန်ရစ်ခဲ့ရတဲ့ အဖွဲ့တော်သား သုံးယောက်မှာ အယ်လီအလောင်းကြီးကို ပိုက်ရင်း ဘာလုပ်ရမယ် မသိတော့ဘူး။ အယ်လီရဲ့ စကားတွေက ကွီတာရဲ့ ရင်ထဲမှာ စူးနစ်ကျန်ရစ်ခဲ့တာလေ။

လှေကလေးနဲ့ ကျွန်းတနေရာကို ရွက်လွှင့်သွားချင်တာ သူ့အိပ်မက်။ သေသွားတော့လည်း ဘယ်သူက ပေးထားမှန်းမသိတဲ့ သံလိုက်အိမ်မြှောင်ကလေးကို ကိုင်ဆုပ်ရင်း အသက်ထွက်သွားတာ။ ဒီလိုနားက ကလေးတယောက် သေသွားလို့လည်း ဘယ်သူက အာရုံထားအရေးစိုက်မှာတဲ့လဲ။ နောက်တော့ ကျန်ရစ်ခဲ့ရတဲ့ သူတို့တတွေဟာ အယ်လီရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ ကြိုးစားကြတော့တယ်။

နောက်ပြီး သိလာရတာက အယ်လီရဲ့ ဘဝပြဿနာတွေက သူပြောသလို မဟုတ်။ အယ်လီအမေက ပြည့်တန်ဆာ တယောက်။ အဲဒီလို သက်ရှင်နေတဲ့ ဘဝမှာပဲ အယ်လီက ဘယ်သူအဖေမှန်းမသိဘဲ မွေးလာရပုံ။ ပြည့်တန်ဆာမ အမေက အယ်လီအတွက် နိဗ္ဗာန်ဘုံအသေးကလေး အခန်းကလေး ဖန်ဆင်းပေးခဲ့တာဆိုတာကို ကွီတာတို့ သိလာတယ်။ သူ့မေမေက ခုထက်ထိ သားပြန်လာမယ့် အချိန်ကို စောင့်နေဆဲလေ။ ကွီတာတို့လို လေလွင့်နေတဲ့ ကြောင်ကလေးလို ‌ခွေးကလေးတွေလို ကော်ရှု ဆေးလိပ်သောက် ဖြစ်ချင်သလို ဖြစ်နေကြတဲ့ ကလေး‌တယောက်အဖြစ် မြင်မှ မမြင်ချင်ခဲ့တာ။ ဒါပေမဲ့ ပြည့်တန်ဆာအဖြစ် ရှု့မြင်မိသွားတဲ့ သူ့မိခင်အပေါ်ကို အယ်လီရဲ့ နာကျင်မှုက ဘယ်လောက်အထိ စူးနစ်နေခဲ့သလဲတာမှ မသိတာ။ ဒါတွေကြောင့် သူတို့နဲ့ အယ်လီရဲ့ စကားပြောပုံဆိုပုံတွေက ကွာခြားနေခဲ့တာ။

အခုတော့လည်း ကွီတာတယောက် ယောင်နနနဲ့ မြို့ထဲကို ရောက်ရင်း ပိုက်ဆံရှာနေပြီ။ အဲဒီမှာပဲ သေသွားတဲ့ အယ်လီရဲ့ ပုံပြင်ထဲက ရေအောက်နတ်သမီးလေးတပါးကို သွားတွေ့တယ်။ သူနဲ့ကတော့ မိုးနဲ့မြေ ကွာခြားလှတဲ့ ဘဝထဲက နတ်သမီးစစ်စစ်ကလေးဆိုပါတော့။ ကျောင်းဝတ်စုံ ဖြူဖြူကလေးနဲ့ သိပ်လှတဲ့ ကောင်မလေး။ အသက်ကတော့ ရှိလှ သူနဲ့ မတိမ်းမယိမ်းဘဲ နေမှာပေါ့။ အဲဒီကျောင်းနားကို ရောက်ပြီဆိုရင် သူ့မျက်လုံးတွေက အဲဒီကောင်မလေးဆီက မခွာနိုင်။ လာကြိုတဲ့ ကားပေါ်ကို တက်သွားတာမြင်ရရင်လည်း ဟန်မဆောင်နိုင်တော့ဘဲ ကားနားကိုတောင် အပြေးကလေး ငေးမိတဲ့အထိ ချစ်စရာကောင်းလှတဲ့ ကောင်မလေး။ ဒီလိုဘဝဦးထဲမှာ နှလုံးသားရဲ့ အဓိပ္ပါယ်ကို ပထမဆုံး ဖွင့်ဆိုပြောပြပေးသွားတဲ့ ကောင်မလေးပေါ့။

ကွီတာကလေးမှာ ဆိပ်ကမ်းစပ်က သင်္ဘောပျက်ပေါ်ကို တက်အိပ်တော့လည်း အိပ်မပျော်နိုင်ရှာဘူး။ ကောင်းကင်ကြီးကို ငေးရင်း စိတ်ကူးယဉ်မိသမျှကို ပုံဖော်နေရှာတယ်။ သူ့ရဲ့ဘော်ဒါဘော်ကျွတ် ဝက်ခေါနဲ့ အိုမာကတော့ တယောက်ကိုတယောက် ဖက်တွယ်ရင်း အိပ်နေကြပြီ။ သူ့မှာတော့ အိပ်မပျော်နိုင် လှေဝမ်းအောက်မှာ ဖွက်ထားတဲ့ အယ်လီအလောင်းကို ကျကျနန သင်္ဂြိုလ်ခွင့်ရဖို့ ကြိုးစားရဦးမယ်။ အဲသလို ဖြစ်ဖို့ကလည်း အခက်ခဲတွေက တပုံကြီး။ ဘာသာရေးထုံးတမ်းအရ သူတို့တွေက မြင့်မြတ်စွာ မြှုပ်နှံခွင့်ရဖို့ မထိုက်တန်တဲ့ သူတွေ။ ဘာသာတရားကို ကြည်ညိုကိုးကွယ်ရမှန်း မသိတဲ့ ကလေးတွေ ။ မသေခင်ကတည်းက နံစော်ပုပ်ဟောင်နေတဲ့ လူတွေ ဖြစ်နေတဲ့အတွက် လူလူသူသူ အသုဘတခုဖြစ်ဖို့ မဖြစ်နိုင်ပါဘူးတဲ့။ သူ့မှာ အဲဒီလို သူကိုယ်တိုင်လည်း သေချာနားမလည်တဲ့ စကားတွေနဲ့ အခက်အခဲဖြစ်နေရတယ်။

ပြီးတော့ အဲဒီကောင်မလေးကိုလည်း ထပ်တွေ့ချင်နေသေးတယ်။

ရုပ်ရှင်ရည်ညွှန်း - Prince of the Streets (2000)
#ညီလင်းအိမ်

#ခေါ်သံ

‘တဲအိမ်လေးထဲက စာအုပ်တွေ’◼️တာပလုတဲသာသာအိမ်လေးထဲမှာ အဖေနဲ့ ညီလေးနေကြတယ်။ သူတို့နဲ့အတူ ခွေးမလေးတကောင်လဲရှိတယ်။ ဒီအိမ်လေးထဲမ...
01/11/2025

‘တဲအိမ်လေးထဲက စာအုပ်တွေ’

◼️တာပလု

တဲသာသာအိမ်လေးထဲမှာ အဖေနဲ့ ညီလေးနေကြတယ်။ သူတို့နဲ့အတူ ခွေးမလေးတကောင်လဲရှိတယ်။ ဒီအိမ်လေးထဲမှာ စာအုပ်တွေမြောက်များစွာ‌ရှိနေတာကို ဘယ်သူကမှ မသိကြပါဘူး။

ယိုင်ယိုင်နဲ့နဲ့ အိမ်ကလေး‌ထဲမှာ အဖိုးတန်စာအုပ်တွေရှိနေတယ်။ အဲ့ဒီအကြောင်း ဘယ်သူကမှမသိသလို၊ အဲ့ဒီအိမ်ထဲက သားအဖနှစ်ယောက်လဲ စာအုပ်တွေကို ယူဖတ်ရမယ်ဆိုတာကို သိချင်မှသိမယ်ထင်ပါတယ်။ အဖေကိုပြောပါတယ်။ ဈေးဖိုး သုံးဖို့လိုတဲ့အခါ စာအုပ်တွေကို ထုတ်ရောင်းလို့ရတယ်လို့ပြောတော့ မရောင်းဘူးတဲ့။ တချို့စာအုပ်တွေက ထပ်မထုတ်တော့တာ ရှိနိုင်တယ်။ အဲ့ဒီလိုထပ်မထုတ်တော့တဲ့ စာအုပ်မျိုးဆို သူများရောင်းလိုက်လို့ မဖြစ်ဘူးဆိုပြီး ပြောပါတယ်။

ကျနော့အနေနဲ့လဲ စာအုပ်တွေကို အခုလိုသိမ်းဆည်း သိုလှောင်ထားတာကို သဘောကျပါတယ်။ တနေ့နေ့ အိမ်ပြန်ရောက်ရင် တချိန်ကစုဆောင်းခဲ့သမျှ စာအုပ်တွေကို ပြန်တွေ့ရမှာမို့ အဖေပြောတာကို လက်ခံခဲ့ပါတယ်။ မိတ်ဆွေ အယ်ဒီတာတဦးရဲ့ မှတ်ချက်စကားတခုကြောင့် အဲ့ဒီလိုစာအုပ်တွေကို သိမ်းဆည်းသိုလှောင်ထားတာ စိတ်ထဲမလုံမလဲ ဖြစ်လာတယ်။

"စာအုပ်တွေဆိုတာ စာဖတ်တဲ့သူလက်ထဲရှိနေမှ အသက်ရှိနေတာ၊ စာဖတ်တဲ့သူရဲ့ လက်ထဲမှာ ရှိမနေရင် စာအုပ်တွေ သေသွားတာပဲ။ စာအုပ်တွေအသေမခံနဲ့ဗျာ"တဲ့။

ကျနော်ကိုယ်တိုင် ကျနော့်စာအုပ်တွေကို အသေခံပြီး ထားနေရော့သလားဆိုတာ အတွေးရောက်လာတယ်။ တကယ်တော့ အဖေက စာအုပ်တွေသာ ထိန်းသိမ်းစောင့်ရှောက်ပေးထားတာပါ။ စာအုပ်တွေကို ယူမဖတ်ပါဘူး။

သူဖတ်တဲ့စာအုပ်က တအုပ်ထဲပဲ။ တအုပ်ထဲသောစာအုပ်မှာ စာမျက်နှာတခုထဲကိုပဲ အဖေက အကြိမ်ကြိမ် ဖတ်နေတဲ့သူပါ။ တခြားစာအုပ်တွေကို ယူဖတ်သလားဆိုတော့လဲ မဖတ်ပါဘူး။

အဖေက စာအုပ်တွေသာ ယူဖတ်နေတယ်ဆိုရင် စာအုပ်တွေ အသက်ဝင်နေမှာပါ။ အခုတော့ ကျနော့စာအုပ်တွေ ပလပ်စတစ်ပုံးထဲမှာ၊ သစ်သားသေတ္တာပုံးထဲမှာ အသံတိတ်နေကြတာ ကြာပါပြီ။ သူတို့နဲ့ကျနော် ဘယ်အချိန်မှာများ ပြန်ဆုံနိုင်မလဲဆိုတာလဲ မသေချာခြင်းတွေနဲ့ ပြည့်နှက်လို့နေပါတယ်။

စာအုပ်တွေကို အသက်သွင်းပေးဖို့ ကျနော် တနည်းမဟုတ်တနည်း ကြိုးစားကြည့်တာလဲ မရပါဘူး။ တယောက်ယောက်က အဖေသိုလှောင်သိမ်းဆည်းထားတဲ့ နေရာကနေယူပြီး တနေရာရာကို ပို့ဆောင်ပေးတာမျိုး လုပ်ပေးစေချင်တာတော့အမှန်ပါ။ ဘယ်သူနဲ့မှတော့ အခွင့်မကြုံကြိုက်သေးပါဘူး။

အဖေက စာအုပ်ပုံးတွေဘေးမှာ အိပ်ပါတယ်။ စာအုပ်တွေက သူနဲ့မဆိုင်သလိုပါပဲ။ ရှေ့နှစ်တွေက အဖေ စာလေးဘာလေး ဖတ်ပါလားလို့ ပြောတော့ ဖတ်တယ်လေ၊ မန်းရှာစာအုပ်ပဲဖတ်တယ် တခြားစာအုပ်တွေ မဖတ်ဘူးတဲ့။

သူဖတ်တဲ့ "မန်းရှာ" စာအုပ်ဆိုတာ ကျနော်ဝယ်လာခဲ့တဲ့စာအုပ်ပဲ။ ခေတ်ကောင်းချိန်လေးတဖြတ်မှာ ရန်ကုန် "တော်ဝင်နှင်းဆီ" ဟိုတယ်မှာ ပဒိုမန်းရှာ ကွယ်လွန်ခြင်း ဘယ်နှနှစ်မြောက်လဲမမှတ်‌မိတော့ပါဘူး။ အဲ့ဒီပွဲမှာ ဝယ်လာခဲ့တာ။ စာအုပ်ကလေးက အခုတော့ ခပ်နွမ်းနွမ်းတောင်ဖြစ်လို့လာပါပြီ။

အဖေက အဲ့ဒီစာအုပ်ကို ဖတ်တယ်ဆိုတော့ ဝမ်းသာတာပေါ့။ တရက်တော့ အိမ်ပြန်ရောက်သွား‌တယ်။ အဖေက စာအုပ်တအုပ်ကိုပဲ အထပ်ထပ်ဖတ်နေတာဆိုတော့ တချို့ကို အလွတ်နီးနီးရရောပေါ့ဆိုတဲ့ စိတ်အထင်နဲ့ အဖေ့ကို စာအုပ်ထဲက အကြောင်းတချို့ ပြောကြည့်လိုက်တာ အဲ့ဒီအကြောင်းကို သူမသိဘူးတဲ့။

အဖေဖတ်နေတဲ့ စာအုပ်ထဲမှာပါတယ်လေ။ အဲ့ဒီ "မန်းရှာ"စာအုပ်ထဲမှာ အဲ့ဒီအကြောင်းပါတယ်။ အဖေက ဒီစာအုပ်ကို ခဏခဏပြန်ဖတ်နေတာဆိုတော့ အဲ့ဒီအခန်းကို မှတ်မိနေမလားမေးကြည့်တာလို့ ပြောတော့။

"ငါစာအုပ်တအုပ်လုံးကို ဖတ်တာမဟုတ်ဘူး"တဲ့။
စာအုပ်တအုပ်လုံးကို ဖတ်တာမဟုတ်ဘူးဆိုတော့ ဘယ်နေရာကို ဖတ်နေတာလဲဆိုတာကို သူ့ကိုထပ်မေးလိုက်တယ်။

"စာအုပ်တအုပ်လုံးကို ဖတ်တာမဟုတ်ဘူး၊ ပဒိုမန်းမန်းရှာရဲ့အကိုအကြောင်းပဲဖတ်တာ"လို့ ပြန်ပြောပါတယ်။

ပြီးတော့ ပဒိုမန်းရှာရဲ့အကိုက သူ့ညီလေး ကျနော့်ဦးလေးကို စာသင်ပေးခဲ့တာတဲ့။ အဖေကဒီအကြောင်းတွေကို ခဏခဏပြောတယ်။ တခါတခါ သူစာအုပ်ကိုင်ချိန် တနေရာကနေ အမှတ်တမဲ့ကလေး လှမ်းကြည့်နေရင် အဖေဟာ အဲ့ဒီစာမျက်နှာကိုပဲ လှန်ပြီးဖတ်နေတာမျိုး တွေ့ရပါတယ်။

စာအုပ်တအုပ်လုံးမှာမှ စာမျက်နှာတခုမှာ အသားသေသလောက်ရှိလာတဲ့ စာရွက်အခေါက်ကလေးရှိပါတယ်။ အဲ့ဒါအဖေဖတ်တဲ့ စာမျက်နှာပါပဲ။ အဖေဟာ အဲ့ဒီစာမျက်နှာကို ဘယ်နှကြိမ်မြောက် ပြန်ဖတ်ဖြစ်နေလဲတော့ မပြောတတ်ပါဘူး။

ကျနော်တို့ညီအကိုတွေ အိမ်ပြန်ရောက်ကြတဲ့အခါမျိုးမှာ သူစာအုပ်ကို လှမ်းကိုင်ပါတယ်။ ပြီးတော့ သူဖတ်နေကြ စာမျက်နှာတခုကိုပဲ အာရုံစူးစိုက်ဖတ်တာကို တွေ့ရပါတယ်။ စာအုပ်ကိုလဲ အကြာကြီးမကိုင်ထားပါဘူး။ သူဖတ်ချင်တဲ့နေရာလေး ဆုံးရင် စာအုပ်ကို အသာလေးပြန်ချထားလိုက်တာပါပဲ။

တကယ်တော့ အဖေဖတ်တဲ့ စာမျက်နှာလေးက စာနှစ်မျက်နှာတောင် မရှိတတ်ပါဘူး။ ပဒိုမန်းရှာအကြောင်းကို အမှတ်တရရေးသားထားကြတာ။ ပဒိုမန်းရှာရေးသားခဲ့တဲ့ ကဗျာတွေနဲ့ တခြားစာမူတွေက အများဆုံးပါ။ အဲ့ဒီထဲကမှ ပဒိုမန်းရှာရဲ့မိသားစုဝင်အကြောင်းလေးတွေကို စပ်ကျဉ်းစပ်ကျဉ်း ပါတာ။ အဲ့ဒီစပ်ကျဉ်းထဲကမှ ပဒိုမန်းရှာရဲ့အကိုအကြောင်းကလေး ပါလာတာဖြစ်ပါတယ်။

အဖေက ဘာလို့ဒီစာမျက်နှာကိုပဲ အကြိမ်ကြိမ်ဖတ်နေရတာလဲ။ ကျနော့်ကိုကျနော် အကြိမ်ကြိမ်ပြန်မေးမိတဲ့ စကားပါပဲ။ အဖေရယ် တခြားစာအုပ်လေးတွေလဲ ဖတ်ကြည့်ပါလားလို့ပြောတော့

"မဖတ်ဘူးကွ၊ ငါဒီစာအုပ်တအုပ်ထဲဖတ်မှာ"တဲ့။ ဘယ်လိုပဲ တခြားစာအုပ်တွေကို ဖတ်ဖို့ပြောပြော အဖေပြန်ပြောတတ်တဲ့စကားပါပဲ။ ဘယ်လိုမှ စည်းရုံးလို့ မရမှန်းသိတော့ အဖေ့ကို တခြားစာအုပ်တွေဖတ်ဖို့ မစည်းရုံးတော့ပါဘူး။

အဖေက ၄ တန်းကျောင်းသားဘဝနဲ့ စာသင်ခန်းထဲကနေ ထွက်လာခဲ့ရတယ်။ Broken Family ကလာတဲ့အဖေ့အတွက် ညီတွေ၊ ညီမတွေ ပညာသင်ဖို့အရေးကိုသာ ဦးစားပေးခဲ့ရသူ ဖြစ်ပါတယ်။ သူပညာတတ်ဖို့ထက် သူ့ညီတွေ၊ ညီမတွေ ပညာတတ်အောင် စာသင်ခန်းကထွက်ပြီး အလုပ်ထွက်လုပ်ခဲ့ရတယ်။ သူ့ညီတွေ၊ ညီမတွေကို ပညာသင်ပေးတဲ့ ဆရာ၊ ဆရာမတွေကိုတော့ သူအခုချိန်ထိ မှတ်မိနေပါသေးတယ်။

သူ အဲ့ဒီဆရာ၊ ဆရာမတွေဆီမှာ ပညာသင်ခွင့်ရဖို့ စိတ်ကူးရင်ခဲ့တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ တခါတခါ ကျနော်တို့ကိုပြောတဲ့ စကားတွေထဲမှာ အဲ့ဒါ ညီလေးကိုသင်ခဲ့တဲ့ ဆရာပေါ့ကွာ။ အဲ့ဒါညီမလေးကို သင်ခဲ့တဲ့ ဆရာမပေါ့လို့ ပြောတတ်ပါတယ်။ သူ့ညီတွေ၊ ညီမတွေကို ဘယ်ဆရာ၊ ဆရာမတွေ ပညာသင်ခဲ့သလဲဆိုတာ အခုအချိန်ထိ မှတ်မိနေသူပါ။

"မန်းရှာ"စာအုပ်လေးထဲက ပဒိုမန်းရှာရဲ့အကိုဟာ သူ့ညီ ကျနော့်ဦးလေးကို စာသင်ပေးခဲ့သူတယောက်ဖြစ်တယ်။ အဲ့ဒီဆရာတယောက်ရဲ့အကြောင်းကို သူခဏခဏဖတ်ပြီး ဘာတွေများစိတ်ကူးယဉ်နေလဲ ကျနော် ဘယ်လိုသိနိုင်ပါ့မလဲ။

သူ အဲ့ဒီဆရာဆီမှာ ပညာတွေသင်ခဲ့ဖူးချင်တာလား။ ဒီလို ပဒိုမန်းရှာလို အထင်ကရပုဂ္ဂိုလ်တဦးရဲ့ အကိုဆီမှာ ညီဖြစ်သူကို ပညာသင်ခွင့်ရအောင် ကြိုးစားပေးခဲ့တာကို ဂုဏ်ယူနေသလားဆိုတာတော့ မပြောတတ်ပါဘူး။

အခုဆိုရင် "မန်းရှာ"စာအုပ်လေးဟာ စာအုပ်အဖုံးက တွန့်ကြေ နွမ်းဖတ်လို့နေပါပြီ။ စာအုပ်အရှေ့ဖုံးမှာ "မန်းရှာ" ဆိုတဲ့ ကာလာအစိုနဲ့ စာလုံးလေးတောင် မှိန်ဖျော့လို့နေပါပြီ။ အဲ့ဒီစာအုပ်လေးက အဖေအိပ်တဲ့ အိပ်ယာနံဘေးက သစ်သားသေတ္တာလေးပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်ကလေး နေရှာပါတယ်။

အဖေယူဖတ်မယ့်အချိန်ကို သူစောင့်နေရှာတာလဲဖြစ်နိုင်ပါတယ်။ အဖေ စာဖတ်ချင်စိတ်ပေါ်လာတဲ့အခါ အဲ့ဒီစာအုပ်ကို ယူကိုင်မယ်။ ပြီးတော့ သူဖတ်နေကြစာမျက်နှာကို လှန်လိုက်မယ်။ သူဖတ်ချင်တဲ့ အကြောင်းကိုပဲ ဖတ်မယ်။ သူဖတ်ချင်တာလေး စာကြောင်းရေဆုံးသွားတဲ့အခါ စာအုပ်ကို သူ့နေရာမှာပြန်ထားမယ်။

စာအုပ်တွေကို ကွယ်ဝှက်ထားရမယ်ဆိုတဲ့ အသိကို သူဘယ်ကရခဲ့လဲတော့မသိပါဘူး။ ခေတ်ကာလအခြေအနေက စာအုပ်တွေရှိနေတာ လူသိခံလို့မဖြစ်ဘူးဆိုတာကို ဘယ်သူက ပြောလိုက်တာလဲတော့မသိပါဘူး။ အဖေဟာ စာအုပ်တွေကို ကွယ်ဝှက်ထားဖို့ ကြိုးစားပါတော့တယ်။

အဖေ့ကို ပြောပြပါသေးတယ်။ အဖေရေ စာအုပ်တွေက ဝတ္ထုတွေ၊ ကဗျာတွေကများပါတယ်။ နိုင်ငံရေးအကြောင်းရယ်လို့ မရှိသလောက်ပါပဲ။ စာအုပ်တွေရှိနေလို့ စိတ်မပူဖို့ပြောထားပေမယ့် အဖေက စာအုပ်တွေကို ဝှက်ထားဖို့ကိုသာ လုပ်ပါတော့တယ်။

ညတညမှာ စာအုပ်တွေကို ပီနံအိပ်တွေထဲထည့်ပြီး သစ်သား သေတ္တာပုံးထဲတခါထည့်လိုက်ပါတယ်။ တနေရာမှာတော့ ကျင်းနက်နက်တခုကို တူးလိုက်ပါတယ်။ တူးထားတဲ့ကျင်းထဲ စာအုပ်ထုတ်တွေထည့်ထားတဲ့ သေတ္တာကို မြှုပ်ထားလိုက်ပါတယ်။

ဘယ်သူမှမမြင်ချင်လို့ ညအချိန်ကြီး စာအုပ်‌‌တွေ ထားဖို့ ကျင်းတူးနေတုန်းမှာ လူတယောက်က ဘယ်‌ကရောက်လာမှန်းမသိဘဲ သူ့အနားရောက်လာလို့ လန့်သွားတဲ့အကြောင်း ပြောပါသေးတယ်။ အဲ့ဒီလူက အဖေနဲ့ အိမ်တအိမ်မှာ ညီအကိုလိုနေခဲ့ဖူးကြတဲ့ သူတယောက်ဖြစ်လို့ စိတ်မပူရတော့တဲ့အကြောင်းပြောပါတယ်။ သူ့ကိုပါ ကျင်းဝိုင်းတူးခိုင်းလိုက်ပါသေးတယ်။

အဲ့ဒီလူက အံ့ဩတဲ့လေသံနဲ့ပြောသွားဝာာကိုလဲ အဖေက ဖောက်သည်ချပါတယ်။ "အကြီးကောင်ရဲ့စာအုပ်တွေက အဲ့လောက်တောင်များလား"တဲ့။ ဒါတောင်အကုန်မဟုတ်သေးဘူးလို့ အဖေကပြန်ပြောလိုက်ပါတယ်။ အဲ့ဒီညက ခြံရဲ့မလှမ်းမကမ်းနေရာလောက်မှာ စစ်သားတွေ ကင်းလှည့်နေရင်း သေနတ်ကို မိုးပေါ်‌ထောင်ပစ်သွားပါသေးတယ်။

ညတညမှာလည်း အဖေက သူထင်မထားတဲ့ဖြစ်ရပ်တခုနဲ့ ထပ်ပြီးကြုံရပါတယ်။ တောရွာတွေမှာ ည ၁၀ နာရီဆို လူခြေတိတ်နေပါပြီ။ ခေတ်ကာလအခြေအနေအရ တိတ်ဆိတ်ခြင်းကိုပဲ အားပြုနေကြရတယ်ပဲ ပြောရမှာပါ။

လူသုံးလေးယောက်က အိမ်နားရောက်လာတယ်။ သော့ခတ်ထားတဲ့ ခြံစည်းရိုးကိုလဲ ရိုက်ဖွင့်နေတယ်။ အဖေက အိမ်ထဲကနေပဲ အပြင်မထွက်ပါဘူး။ လက်ထဲမှာတော့ သူနှီးဖျာတဲ့နေရာမှာသုံးတဲ့ ဓားတချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်တယ်။

ခြံစည်းရိုးရိုက်ဖွင့်သူကိုတော့ အိမ်ကခွေးမလေးက သဲကြီးမဲကြီးကိုဟောင်နေတော့တာ။ ခွေးဟောင်သံဟာ ဆူညံလို့နေတော့တာပဲ။ ခြံစည်းရိုးရိုက်ဖွင့်တဲ့ လူတယောက်နားက နောက်ထပ်တယောက်က စက်နဲ့လှမ်းပြောတဲ့အသံကို ကြားရတယ်။

"ကျနော်တို့ရောက်ပြီ၊ အဲ့ဒီလမ်းထဲကအိမ်ကို ရောက်နေပြီ"

တခြားတဖက်က‌နေ ပြန်ပြောတဲ့အသံက။

"အဲ့ဒီအိမ်မဟုတ်ဘူး၊ အိမ်မှားနေပြီ၊ သွားရမှာ မြင့်အောင်တို့အိမ်ကိုသွားရမှာ။ အခုရောက်နေတာ အောင်မြင့်တို့အိမ်။ အိမ်မှားနေတယ်" (နာမည်လွှဲရေးသားထားခြင်းဖြစ်သည်)

တဖက်က အိမ်မှားနေတဲ့အကြောင်းကို ပြောတော့ ပြန်ထွက်သွားကြတယ်။ အဖေကခြေသံတွေကိုပဲ အိမ်ထဲကနေ နားစွင့်နေတယ်။ ခြေသံတွေကို နားထောင်ကြည့်တာ လူအယောက်ပေါင်း မနည်းဘူးဆိုတာကို သိရတယ်။ သူတို့တွေက စစ်သားတွေလား။ ရဲတွေလားဆိုတာတော့ အတတ်မပြောနိုင်ခဲ့ပါဘူး။

အဖေကတော့ ပြောပါတယ်။ အိမ်ထဲရောက်တော့လည်း ဘာတွေ့မှာလဲ။ အိမ်ပေါ်မှာ စာအုပ်တွေကလွဲရင် ဘာမှမရှိဘူးလို့ ပြောပါတယ်။

စာအုပ်တွေဆိုတာ တခုခုနဲ့ မလွတ်ကင်းဘူးဆိုတာကို ဘယ်သူကသတ်မှတ်လို့ရနိုင်မှာလဲ။ မလွတ်ကင်းတဲ့အကြောင်းကို ဘယ်လိုပေတံမျိုးနဲ့ သတ်မှတ်လို့ရနိုင်လဲ။ သောက်မြင်ကပ်ပုဒ်မမျိုးနဲ့ တယောက်ယောက်က စာအုပ်တွေဆိုတာ ဥပဒေနဲ့မလွတ်ကင်းဘူးလို့ ပြောလာရင် လက်သင့်ခံနိုင်စရာအကြောင်း မရှိပါဘူး။

ကိုယ့်အိမ်ပေါ်မှာ ကိုယ်ကြိုက်ရာစာအုပ်ကို ထားခွင့်ရှိရမှာ။ ဖတ်ခွင့်ရှိရမှာ။ လွတ်လွတ်လပ်လပ် ကိုင်ဆောင်ထားရှိခွင့်ရှိရမှာပဲ။ စာအုပ်တွေဆိုတာ တယောက်ယောက်ကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေဖို့ တရားခံမဟုတ်ရပါဘူး။ စာအုပ်တွေက သူ့အတိုင်းလေးပဲ ရှိသင့်တဲ့အရာတွေ ဖြစ်ပါတယ်။

စာအုပ်တွေအသက်ဝင်ဖို့ဆိုတာ တယောက်ယောက်က လက်ထဲမှာ ကိုင်ဖတ်နေဖို့ လိုတယ်ဆိုတာကိုတော့ လက်ခံမိပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် စာအုပ်တွေဟာ ချောင်တချောင်မှာ တိတ်ဆိတ်အသက်မဲ့နေကြမှာ ဖြစ်ပါတယ်။

ဓနိမိုး၊ ထရံကာထားတဲ့ တဲအိမ်ကလေးဟာ စာအုပ်တွေကို ထမ်းပိုးထားပါတယ်။ အဲ့ဒီအိမ်ကလေးထဲမှာ အဘိုးအိုအရွယ် လူတယောက်၊ မြေးအရွယ် သားတယောက်နဲ့ ခွေးမလေးတကောင်ရှိပါတယ်။ သူတို့တွေက စာအုပ်ပိုင်ရှင် ပြန်လာမယ့်နေ့ကို စောင့်မျှော်နေကြပါတယ်။ ။
#တာပလု

#ခေါ်သံ

‘နှုတ်ဆက်အနမ်းကိုတောင် မရလိုက်တော့တဲ့ရဲဘော်တယောက်ဟာ တော်လှန်ရေးကနေ ဝေးသွားမှာမဟုတ်ဘူးအနီ’ ◼️လွန်းညီသွားတွေ ညီတယ်အသွား အပ...
31/10/2025

‘နှုတ်ဆက်အနမ်းကိုတောင် မရလိုက်တော့တဲ့ရဲဘော်တယောက်ဟာ တော်လှန်ရေးကနေ ဝေးသွားမှာမဟုတ်ဘူးအနီ’

◼️လွန်းညီ

သွားတွေ ညီတယ်
အသွား အပြန် မတူတော့ဘူး။

အတူလာခဲ့ကြတဲ့လူတွေ
ညနေ နေမညိုခင်
အိမ်ပြန်နှင့်ကြပြီ။

တချို့က အိမ်ပြန်လို့မရတော့တာ
တချို့က အိမ်က ပြန်မလာကြတော့တာ။
တချို့က အိမ်ပြန်သွားကြတာ။

မီးလောင်ပြီးစ သွပ်ပြားစတွေ ဆွေးမြေ့နေချိန်ရောက်တော့
မနေ့က ညနေခင်းဟာ
ဒီကနေ့ ညနေခင်းနဲ့ မတူတော့ဘူး။

လမ်းတလျှောက်မှာ အလွမ်းခြေရာဟောင်းတွေ အလေ့ကျပေါက်နေခဲ့ပြီ။

ဖူးပွင့်ယစ်မူးခဲ့တဲ့ မျက်ရည်စတွေက
ပိုမိုရှင်သန်စေမယ့် ပန်းခင်းတခုပါ။

လေးနက်မှုနဲ့တန်ဖိုးထားမှုဆိုတာ အသေးအဖွဲလေးတွေကနေ စတင်သိရှိစေရဲ့
ပန်းပွင့်ပန်းစည်းလေးတွေကိုင်ဆောင်သွားရင်း အုတ်ဂူနီနီဆီ ချီတက်လမ်းလျှောက်ကြ။

မိုးရေလေး တပေါက်ချင်းကအစ
စဉ့်အိုးကို ပြည့်လျှံသွားစေပါတယ်။

မိုးရေလေးတပေါက်ချင်းကအစ
လမ်းတချို့ကို သွားမရအောင် ပျက်စီးစေတယ်။

တဖြည်းဖြည်းနဲ့ နီးကပ်လာပြီမို့
စိတ်နှစ်ခွနဲ့
အိပ်မရတဲ့ညတွေ များပြီ အနီ။

ဘာပဲဖြစ်ဖြစ် အနီရယ်
တော်လှန်ရေးဆိုတာ
ဝင်ပေါက်ထွက်ပေါက်ရှိတဲ့ တခါးတချပ်မှမဟုတ်ဘဲ။

နွေးထွေးတဲ့အနမ်းကိုရဖို့ ခါးသီး ခက်ခဲ ဝမ်းနည်းဖွယ်တွေ ကြုံရမယ်ဆိုတာကိုလည်း
ဇိမ်ခံကားပေါ်က တွေးမိတာမှ မဟုတ်ဘဲ။

ရောက်မလာသေးပေမယ့်
ရောက်အောင်သွားမယ်ဆိုတဲ့စိတ်နဲ့ သန်မာတဲ့ယုံကြည်ချက်၊ အာလုံးဟာ တဖျက်ဖျက် လူးလွန့်နေဆဲပါပဲအနီ။

တဖြည်းဖြည်းဝေးကွာသွားလို့မရတဲ့အရာတွေက
ရာသီဥတု၊ အစိုးရစိတ်၊ ပိုင်ဆိုင်ရခြင်း၊ တော်လှန်ရေးနဲ့ ချစ်ခြင်းမေတ္တာ။

အနီ သိလား
လူတယောက်ရဲ့ နှုတ်ဆက်အနမ်းကိုတောင် မရလိုက်တော့တဲ့ရဲဘော်တယောက်ဟာ တော်လှန်ရေးကနေ ဝေးသွားမှာမဟုတ်ဘူး။ ။

-စက်တင်ဘာ(၂၀ /၂၀၂၅)
-စနေနေ့
#လွန်းညီ

#ခေါ်သံ

‘သူတို့ညီအကို’◼️ထွင်သူတို့ ညီအကိုနှစ်ယောက်ကို မြင်နေရသည့်အခါ ကျွန်ုပ် အတွေးပွားမိပေသည်။ သူတို့ညီအကိုနှစ်ယောက် ဘယ်လိုစိတ်...
30/10/2025

‘သူတို့ညီအကို’

◼️ထွင်

သူတို့ ညီအကိုနှစ်ယောက်ကို မြင်နေရသည့်အခါ ကျွန်ုပ် အတွေးပွားမိပေသည်။ သူတို့ညီအကိုနှစ်ယောက် ဘယ်လိုစိတ်နှင့်များ တော်လှန်ရေးလောကထဲ ဝင်ကြပါလိမ့်လို့ပေါ့။

သူတို့ ညီအကိုနှစ်ယောက်ဟုသာ ပြောရသည် ညီအကိုအရင်းတွေတော့ မဟုတ်ပေ။ မောင်နှမအရင်းက မွေးသည့် တဝမ်းကွဲ ညီအကိုတွေ။

သူတို့ ညီအကိုရဲ့ အဖွားမှာ သားသမီးလေး နှစ်ယောက်သာ ရှိ၏။ သားက အကြီး၊ သမီးက အငယ်။

ကျွန်ုပ်တို့ဒေသမှာ ဓလေ့ထုံးစံတခု ရှိသည်။ အိမ်တအိမ်တွင် မိဘများ ဆုံးပါးသွားလျှင် အမွေများ ခွဲဝေကြရာ၌ အငယ်ဆုံး သား/သမီးသည် မိဘ၏အိမ်နှင့် ထိုအိမ်၏ ခြံဝိုင်းကို အပိုရရုံမက ကျန်သည့် ပိုင်ဆိုင်မှုများကိုပါ ခွဲဝေရရှိနိုင်သည်။ ကြီးသော သား/သမီးများက အိမ်နှင့် ထိုအိမ်၏ ခြံဝိုင်းကို လုံးဝ ရပိုင်ခွင့်မရှိ။ ကျန်သည့် ပိုင်ဆိုင်မှုများကိုသာ ခွဲဝေရရှိ၏။

သူတို့ညီအကို၏ အဖွားသည် အလွန်ဆင်းရဲ၏။ အိမ်နှင့် ထိုအိမ်၏ ခြံဝိုင်းကလွဲလို့ ဘာပိုင်ဆိုင်မှုမျှ မရှိ။ ယာမရှိ။ လှည်းမရှိ။ နွားမရှိ။ တောင်သူ မလုပ်နိုင်။ ကြုံရာကျပန်းသာ လုပ်ကြရသည်။ သားသမီးနှစ်ယောက်ကလည်း အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ကိုယ်စီ ကျကုန်ကြလို့ ကလေးတွေကိုယ်စီ မွေးဖွားလာကြသော်လည်း ဆင်းရဲနွမ်းပါးမြဲပင်။ သည့်ကြောင့် သားကြီးဖြစ်သူမှာ အိမ်ခွဲနေချင်ပါသော်လည်း ​​နေစရာမြေမရှိသဖြင့် မိခင်မကွယ်လွန်ခင်မှာကတည်းက မိခင့်အိမ်၏ နောက်ဖေးလေးမှာ ကျဥ်းကျဥ်းကျပ်ကျပ် အိမ်ဆောက်နေရပါသည်။ မိခင်၏ အိမ်ကိုတော့ ရိုးရာအရ အကြီးပီပီ ယူခွင့်မရသောကြောင့် ညီမဖြစ်သူသာ ယူပါစေ နားလည်မှုဖြင့် နောက်ဖေးလေးမှာသာ ကပ်နေရသည်။ ထိုနောက်ဖေးကိုပင် ညီမဖြစ်သူ ပိုင်ဆိုင်ပါသေးသည်။ သို့သော်လည်း ညီမဖြစ်သူက လောဘမတက်။ အစ်ကိုဖြစ်သူအပေါ် နားလည်မှုရှိစွာ ခွဲဝေပေးသည်။ သည်တော့ အိမ်ဝိုင်းတဝိုင်းထဲမှာ အိမ်ကလေးနှစ်လုံးနှင့် မိသားစုနှစ်စု နေထိုင်ကြသည်။ သင့်သင့်မြတ်မြတ်၊ ချစ်ချစ်ခင်ခင် ရှိကြသည်။ တီဗီတလုံးတည်းကို နှစ်အိမ်လုံးကြည့်။ ထမင်းတအိုးတည်း စားသည်တော့မဟုတ်ပေမယ့် ကိုယ့်အိမ်က စားပွဲမှာ ဟင်းမကောင်းလျှင် သူ့အိမ်က စားပွဲမှာ ဝင်စား။ အိမ်သာ တလုံးထဲကို နှစ်အိမ်လုံးတက် စသည်ဖြင့်။

ထို မောင်နှမနှစ်ဦးကနေ ပွားစီးလာသည့် သားသမီးတွေထဲမှာ သူတို့ညီအကိုလည်း ပါ၏။ အကို၏သားက ထွန်းထိန်။ ညီမ၏ သားက ထိန်တောက်။ အသက်ကလေးများက တယောက်နှင့်တယောက် မတိမ်းမယိမ်း။ ဆယ့်ခြောက် ဆယ့်ခုနှစ်နှစ်သာ ရှိကြသေးသည်။

အဲ့သည်လို အိမ်တဝိုင်းထဲမှာ မိသားစု နှစ်စု စုစုစည်းစည်း ရှိနေရာကနေ တနေ့တွင် ကံကြမ္မာမုန်တိုင်း ထန်လာခဲ့သဖြင့် တကွဲတပြားစီ ဖြစ်ခဲ့ကြရသည်။ အဲဒါကတော့ စစ်အာဏာရှင်က တိုင်းပြည်အပေါ် အာဏာသိမ်းလိုက်သောကြောင့်ပါ။

တကယ်တော့ တိုင်းပြည်ကြီး အာဏာသိမ်းခံလိုက်ရရုံနှင့်တော့ သူတို့ညီအကို၏ မိသားစုကလေး မကွဲပြားနိုင်သေးပေ။ မိသားစုထဲတွင် စုန်းပြူးတယောက် ပေါ်ပေါက်လာခဲ့သောကြောင့်သာ တကွဲတပြား ဖြစ်ကြရသည်။

ထို စုန်းပြူးကား ထိုမိသားစု၏ သားအကြီးဆုံးဖြစ်သူ၊ ထွန်းထိန်၏ အဖေ၊ ထိန်တောက်၏ ဦးလေးသည် စစ်အာဏာရှင်ကို ထောက်ခံအားပေးသူ ဖြစ်နေခဲ့သောကြောင့်ပင်။

ထွန်းထိန်၏ အဖေ သူလျှိုလုပ်သည်ကို ပေါ်ပေါက်ခဲ့သည်။ မှတ်မှတ်ရရ ပြောရလျှင် ထွန်းထိန်၏ အဖေကြောင့် တရွာလုံး စစ်ရှောင်ပြေးရပေါင်း များခဲ့သည်။ ထွန်းထိန်၏ အဖေက စစ်အာဏာရှင်ထံ ဖုန်းနှင့် ဆက်သွယ်ပြီး ရွာ့အခြေအနေကို တင်ပြသတဲ့။ ရွာထဲသို့ ခေါ်သည်တဲ့။ သည့်ကြောင့် စစ်အာဏာရှင်၏ ဘက်တော်သားများသည် ရွာထဲသို့ အလုံးအရင်းနှင့် ဝင်လာခဲ့သည်။ မပြေးနိုင်သူများ ဖမ်းဆီးခေါ်ဆောင်သွားခံရသည်။ ခေါ်ဆောင်သွားသည့် နေရာတွင် သတ်ပစ်ခံရသည်။ အသတ်မခံရသူကိုတော့ မသေရုံတမယ် ရိုက်နှက်ပြီး ပြန်လွှတ်ခဲ့သည်။ တော်လှန်ရေးတပ် ဖွဲ့စည်းနေသော နေရာအား ဝင်စီးနိုင်ခဲ့သဖြင့် ကောင်လေးငါးဦး ဖမ်းဆီးထောင်ချခံရသည်။ စီဒီအမ်ဝမ်ထမ်းများ နယ်အဝေးသို့ ပြေးရှောင်ရသည်။ (ကျွန်ုပ်အပါအဝင်)

ရန်သူကို ဘယ်တော့မှ လျှော့တွက်လို့ မရပေ။ နှစ်ဘက်စလုံး(သူ့ဘက် ကိုယ့်ဘက်)တွင် သူလျှိုများရှိသည်။ ကိုယ်က ရန်သူ့ကြားမှာ သူလျှိုအဖြစ် နေထိုင်ပြီး ရန်သူ၏ လှုပ်ရှားမှုကို ကိုယ့်ဘက်ဖြစ်သော အခြားဆီသို့ သတင်းပို့နိုင်တိုင်း ကိုယ့်ဘက်က အသာစီး မရနိုင်သေး။ ကိုယ် ပို့လိုက်သည့် အခြားနေရာမှ ကိုယ့်သတင်းကို လက်ခံသူသည် လက်ရှိ ကိုယ်ရောက်ရှိနေသည့် ရန်သူ့ဘက်က သူလျှို (မိမိလိုလူစား) ဖြစ်နေတတ်သည်။

ထွန်းထိန်၏ အဖေသည် ထိုအဖြစ်မျိုး ကြုံခဲ့ရသည်။ မိမိ ယုံကြည်စွာနှင့် သတင်းပို့လိုက်သူသည်လည်း ရန်သူကြားမှာ နေထိုင်သော သူလျှို ဖြစ်နေခဲ့သည်။ ထို သူလျှိုကြောင့် ထွန်းထိန်အဖေ၏ လုပ်ရပ်များ ပေါ်ပေါက်ခဲ့သည်။

သတင်းပေါ်သည့်အခါ ထွန်းထိန်၏ အဖေသည် မိသားစုကို ခေါ်ဆောင်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထွန်းထိန်ကလေးကိုလည်း ခေါ်သွား၏။

ရာဇဝတ်ဘေး ပြေးမလွတ် ဆိုသော စကားရှိပါသည်။ ထွန်းထိန်အဖေ၏ ရောက်ရာအရပ်ကို စုံစမ်းနိုင်သည့်အခါ ထိုအရပ်ဆီက တော်လှန်ရေးသမားများထံ တာဝန်လွှဲအပ်ပေးလိုက်ကြသည်။ သူကလွဲလို့ မိသားစုဝင်တွေကတော့ ဘာမျှ မဆိုင်ဘူးဟု ရောပေါ့။

ထိုစဥ်က အာဏာသိမ်းစအချိန်။ ထွန်းထိန်ကလေးသည် မိသားစုသွားရာနောက် ပါသွားခဲ့ရသည်။ အသက်ကလေးကတော့ ဆယ့်နှစ်နှစ်ခန့်မျှသာ ရှိသေးသည်။

ကျွန်ုပ်တို့ရွာမှ တော်လှန်ရေးတပ်သားများသည် ထွန်းထိန့်အဖေကဲ့သို့ သူလျှိုရန် ကြောက်ရသောကြောင့် ရွာနှင့် ဆယ့်ငါးမိုင်ခန့်မျှ ဝေးလံသော တောတွင်းတနေရာတွင် Camp ချကြရသည်။ ကျွန်ုပ်ကတော့ စားဖိုမှူးတာဝန် ယူပါသည်။

တော်လှန်ရေးသက်တမ်း ငါးနှစ်နီးပါး ကြာလာသည့်အခါ ကျွန်ုပ်တို့ရွာနားက ပျူစောထီးရွာများ သိမ်းပိုက်ပြီးသောအခါ၊ ရွာထဲက စစ်တပ်နှင့် နှီးနွယ်သောပါတီအား ထောက်ခံအားပေးသူများကို သူလျှိုမလုပ်လို့ ဖိအားပေးပြီးသည့်အခါ၊ နယ်မြေလည်း အတော်အသင့် စိုမိုးနိုင်သွားသည့်အခါ ကျွန်ုပ်တို့ရွာမှ တော်လှန်ရေး တပ်သားများသည် Camp ကို ရွာအနားတွင် ပြောင်းရွှေ့ကြတော့သည်။

ထိုသို့ နယ်မြေစိုးမိုးနိုင်သည့်အခါ ရွာတွင် NUG ၏ အစီအမံဖြင့် စာသင်ကျောင်းကလေး ဖွင့်ခဲ့သည်။ ထို ကျောင်းတွင် ထွန်းတောက်ကလေး ကျောင်းတက်နေပါ၏။ ထွန်းတောက်၏ တဝမ်းကွဲညီအစ်ကိုဖြစ်သူ ထွန်းထိန်ကလေးတော့ ဘယ်ရောက်နေသည်မသိ။

ထွန်းတောက်ကလေးသည် ကျောင်းစာကို လုံးဝ စိတ်မဝင်စားဟု ကြားသိရသည်။ ထွန်းတောက်က တော်လှန်ရေးသမား ဖြစ်ချင်သည်တဲ့။ ကျောင်းထွက်ပြီး တော်လှန်ရေးထဲ ဝင်ဖို့က ထွန်းတောက်၏ ရည်မှန်းချက်တဲ့။ သို့သော် ထွန်းတောက်၏ အသက်က ငယ်ရွယ်သေးသည်။ တော်လှန်သမားဖြစ်ဖို့ အသက်မပြည့်မီသေး။ သည့်ကြောင့် တော်လှန်ရေးခေါင်းဆောင်များက ထွန်းတောက်အား လက်မခံ။ သည့်မတိုင်ခင် ကျွန်ုပ်တို့ Camp ရွာသို့ မပြောင်းရွှေ့ခင်က ထွန်းတောက်ကလေးသည် ကမ့်ပ်သို့ လာနေခဲ့ဖူးသည်။ တော်လှန်ရေးသမားဖြစ်ချင်သောကြောင့် ပေကပ်နေခြင်း ဖြစ်သည်။ ခေါင်းဆောင်များက အသက်ပြည့်ရင် လက်ခံပါ့မယ်၊ အခုတော့ ငယ်လွန်းသေးလို့ အိမ်မှာနေပါ ဟုဆိုကာ ပြန်လွှတ်လိုက်သည်။

ထွန်းတောက်ရင်ထဲ ဘယ်လောက်တော်လှန်ရေးစိတ်ဓာတ် ကိန်းအောင်းနေသလဲဆို တော်လှန်ရေးထဲဝင်ဖို့ အသက်ပြည့်မီသည့်နေ့မှာပဲ ပညာတပိုင်းတစနှင့် ကျောင်းထွက်ပစ်လိုက်ပြီး တော်လှန်ရေးသင်တန်းဆီသို့ ပြေးတက်ခဲ့ပါသည်။

ထွန်းတောက် တော်လှန်ရေးသင်တန်း တက်ပြီးလို့ ရွာခဏ အလည်ပြန်လာသည့်အခါ ယူနီဖောင်းအပြည့်အစုံနှင့် ရောက်လာခဲ့ပါသည်။ သင်တန်းဖော်တယောက်လည်း ပါ၏။ နှစ်ယောက်သား၏ ပုံစံက မြောက်မြောက်ကြွကြွနှင့်။ တော်လှန်ရေးသမားဖြစ်ရသည်ကို ဂုဏ်ယူနေကြသည့်ပုံ။

ထွန်းတောက်နှင့် အဖော်ပါလာသည့် ကောင်လေးက ကျွန်ုပ်အား နှစ်လိုဖွယ်နှင့် ပြုံးပြနေသဖြင့် ကျွန်ုပ် အံ့သြနေမိသည်။ သည်ကောင်လေး၏ အပြုံးက ကျွန်ုပ်ကို သိကျွမ်းလို့ ပြုံးပြနေသည့်အပြုံးပါ။ သည့်ကြောင့် ကျွန်ုပ်သည် ပြန်လည်မပြုံးပြမိဘဲ အံ့သြမင်သက်စွာ ကြည့်နေမိသည်။

နေပါဦး၊ သည်ကောင်လေးကို တနေရာရာမှာ မြင်ဖူးပါတယ်၊ ဘယ်မှာ မြင်ဖူးတာပါလိမ့်၊ စဥ်းစားစမ်း။ ကျွန်ုပ် ဘယ်လိုမှ စဥ်းစားလို့ မရ။ သည့်ကြောင့် တနေ့တွင်မှ ထွန်းတောက်နှင့် ဆုံတုန်း အတူ ပါလာသည့်ကောင်လေးကို ဘယ်ကကောင်လေးလဲ ဟု မေးလိုက်မိသည်။ ထွန်းတောက်က အံ့သြစွာနှင့် ဖြေပါသည်။ ဟင် အစ်ကိုကြီး အဲဒါ ထွန်းထိန်လေ၊ မမှတ်မိတော့ဘူးလား။ သည်တော့မှ ကျွန်ုပ်လည်း ပါးစပ်အဟောင်းသားနှင့် ပြန်ပြောလိုက်ရသည်။ ဟင် ဘယ်လို အဲဒါ ထွန်းထိန်လား၊ ထင်မထားဘူး၊ အဲ့ကောင် ဘယ်တုန်းက အဲ့လောက်ကြီး ကြီးသွားတာဟင်။ ကျွန်ုပ်ပြောတော့ ထွန်းတောက်က ဟက်ဟက်ပက်ပက် ရယ်လေသည်။

ကျွန်ုပ် တကယ် အံ့သြရပါသည်။ အာဏာသိမ်းစက ထွန်းထိန်ကလေးသည် တကယ် ပိစိညှောက်တောက်ကလေးဖြစ်သည်။ ငါးနှစ်နီးပါးအကြာ၌ မျက်စိတမှိတ်အတွင်းမှာ ချက်ချင်းကြီး ပြောင်းလဲသွားသလို အရွယ်ရောက်သွားသဖြင့် အံ့သြဖွယ်ကောင်းလှသည်။

နောင် ထွန်းတောက် အပြောကြောင့် သိရသည်မှာ သူတို့ညီအစ်ကိုနှစ်ယောက် တော်လှန်ရေးသင်တန်း အတူတက်ကြသည်တဲ့။ သည်ရွာမှာတော့ တာဝန်မကျဘူးတဲ့။ တာဝန်ကျသည့် နေရာက ကိုယ့်ရွာနှင့် သိပ်အဝေးကြီးတော့ မဟုတ်ဘူးတဲ့။ သူ့ကို သူ့အမေက ထည့်ရဲ့လား ဟု မေးတော့ မထည့်ဘူးတဲ့။ ဇွတ်ဝင်ခဲ့တာတဲ့။ သူ့အမေကတော့ နင့်အဖေ့မျက်နှာ မထောက်တော့ဘူးလားဆိုပြီး စိတ်နာနေမလားမသိ။

ဒါဖြင့်ရင် ထွန်းထိန်သည်လည်း ထွန်းတောက်ကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နှင့် တော်လှန်ရေးစိတ်ဓာတ် ပြင်းထန်ပေမပေါ့။ ထွန်းတောက်ကဲ့သို့ အရွယ်ရောက်ရောက်ချင်း တော်လှန်ရေးထဲ ပြေးဝင်လိုက်သည်ပေါ့။

သည့်နောက်ပိုင်း သူတို့ညီအကိုသည် ရွာသို့ တလလျှင် နှစ်ကြိမ်ခန့် လာလည်ကြသည်။ ယူနီဖောင်းကိုယ်စီနှင့်။ မျက်နှာကလေးများက ပြုံးပြုံး။ ကျွန်ုပ်ကိုတွေ့တိုင်း တိုက်ပွဲအခြေအနေများကို ပြောပြကြသည်။ ရွာရောက်တုန်း ရွာက သူငယ်ချင်းတွေနှင့် ပျော်ကြပါးကြသည်။ ဆိုင်ကယ်လေးနှင့် ဟိုရွာ သည်ရွာဝင်ပြီး ဘောလုံးကန်ကြသည်။

သည်လို သူတို့ ညီအစ်ကိုနှစ်ယောက်ကို မြင်နေရသည့်အခါ ကျွန်ုပ် အတွေးပွားမိပေသည်။ သူတို့ညီအကိုနှစ်ယောက် ဘယ်လိုစိတ်နှင့်များ တော်လှန်ရေးလောကထဲ ဝင်ကြပါလိမ့်လို့ပေါ့။

တော်လှန်ရေးကြီးကြောင့် သူတို့ညီအစ်ကိုရဲ့ မိသားစုဝင်တဦးကို ဆုံးရှုံးခဲ့ရပြီးပြီ။ အဲ့သည်မိသားစုဝင် ဆုံးရှုံးရခြင်းဟာ ရန်သူ့ဘက်ကြောင့် မဟုတ်။ သူတိုညီအကို ဝင်လိုက်သည့် ဘက်ကြောင့်။

ဆိုတော့ဖြင့် သူတို့ညီအစ်ကိုရဲ့ မိသားစုဝင်ကို ဆုံးရှုံးစေခဲ့သည့် ဘက်ဆီသို့ ဝင်ရောက်နေသည့်အတွက် သူတို့ညီအကိုနှစ်ယောက်ကိုမြင်တိုင်း ကျွန်ုပ် အံ့သြနေမိတာ မဆန်းကြယ်ပါပေ။

နေစိမ့်လွန်းလှချေလား၊ ခံပြင်းစိတ်လေးများ မရှိကြတော့ဘူးလား၊ သွားလေသူ အဖေရဲ့၊ ဦး​​လေးရဲ့ မျက်နှာကိုပင် မထောက်ထားတော့ဘူးလား၊ လက်စားချေချင်စိတ်လေးများ မရှိကြတော့ဘူးလား ဟု ကျွန်ုပ် အမျိုးမျိုး တွေးနေမိသည်။

အထူးသဖြင့် ကျွန်ုပ်သည် ထွန်းထိန်၏ နေရာမှာ ပိုပြီး ဝင်ခံစားကြည့်မိသည်။ သွားလေသူဟာ ထွန်းထိန်၏ ဖခင်အရင်းလေ။ သူ့အသက် ငယ်ငယ်ရွယ်ရွယ်နှင့် ဖခင်ကို ဆုံးရှုံးခဲ့ရသည်။ ဘဝတသက်တာလုံး ဖခင်မရှိဘဲ ဖြတ်သန်းရတော့မည်။ ဖခင်ဖြစ်သူကို သူ့ဘက်သားတွေကပဲ သူလျှိုဆိုပြီး သုတ်သင်ခဲ့ပြီးပြီ။ အဲ့သည်အတွက် ဖခင်အပေါ် လက်စားချေချင်စိတ်ကလေးပင် မဝင်တော့ဘူးလား။ နာကျည်းစိတ်ကလေးပင် မဝင်တော့ဘူးလား။ စိတ်ဒဏ်ရာကလေးများ မရတော့ဘူးလား။ ရဲဘော်ရဲဘက်တွေနှင့် မိသားစုဝင်တွေအကြောင်း ပြောကြလျှင် ထွန်းထိန့်မျက်နှာ ဘယ်လိုများ ထားရှာပါသည်လဲ။ မိသားစုဝင်အကြောင်း စကားစ,လိုက်တိုင်း အနာကို ဆွသလိုဖြစ်ပြီး ဝမ်းနည်း နာကျည်း ခံပြင်းစိတ်တွေ ဒလ​​ဟော ဝင်မလာကြတော့ဘူးလား။

ထွန်းထိန့်မျက်ဝန်းထဲမှာ ဖခင်အတွက် အခဲမကျေစိတ်ကလေးများ ကွယ်ဝှက်ထားသည်လားဆိုပြီး ကျွန်ုပ် အကဲခတ်ကြည့်မိသည်။ လုံးဝ မတွေ့ရ။ ထွန်းထိန့်ကို မြင်တိုင်း မျက်နှာကလေးက ကြည်စင်လျှက်ရှိသည်ကို တွေ့ရသည်။ ပကတိအဖြူထည်လေး။

သည်လို တွေ့ရသည့်အခါမှာတော့ ကျွန်ုပ်သည် ရှေ့ရှေ့က ဘက်မတူ မိသားစုဝင်တွေ၊ ညီအစ်ကိုတွေ၊ မောင်နှမတွေ၊ သားအဖတွေအကြောင်း ပြေးပြေးမြင်မိသည်။ အိန္ဒိယနှင့် ပါကစ္စတန်ဆိုပြီး နှစ်ပိုင်း ကွဲသွားတော့ ကိုယ်ယုံကြည်ရာဘက်ဆီ သွားနေကြသည့် လီကွတ်ခန် နှင့် ယူနစ်ခန် တို့ ညီအစ်ကိုနှစ်ယောက်ဟာ တိုက်ပွဲမှာ သေကွဲနှင့် ဆုံတွေ့ရသည်တဲ့။ ဗီယက်နမ်နိုင်ငံအပေါ် အုပ်ချုပ်နေသည်ကို ပျော်မြူးနေသည့် ဗြိတိသျှလူမျိုး ဖခင် နှင့် သူတပါးနိုင်ငံအား အုပ်ချုပ်သည်ကို မလိုလားသော သားဖြစ်သူ ဂျိုးဇက်ရှားမင်းတို့ သားအဖ(ဆိုင်ဂုံဝတ္ထုကြီးတွင်ရှုစားနိုင်)။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ထဲမှာလည်း စစ်ရှုံးသည့် စစ်ကော်မရှင်တပ်မှ အစ်ကိုနှင့် ဓနုပြည်သူ့လွတ်မြောက်ရေး တော်လှန်ရေးသမားညီအရင်းတို့ တိုက်ပွဲမှာ ဆုံတွေ့ခဲ့ကြရသည်ဟု ဖတ်လိုက်ခဲ့ရဖူးသည်။ ယုတ်စွအဆုံး ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏အစ်ကိုရင်းဖြစ်သူ အောင်ဆန်းဦးတို့သည်လည်း ဘက်မတူကြဘူး မဟုတ်လား။ သည်တော့ ထွန်းထိန်ကလေးသည်လည်း သူ့ဖခင်နှင့် ဘက်မတူတာ မဆန်းကြယ်ပေတော့ဘူးဟု ကျွန်ုပ် တွေးလိုက်ပါသည်။ အမှန်တရားအတွက် မိသားစုဝင်နှင့်ပင် အတိုက်အခံ လုပ်နိုင်သည့်သူများကို ကျွန်ုပ် လေးစားစိတ်များ တဖွားဖွား ဝင်လာခဲ့တော့သည်။

ကိုးကား။ ။ရွယ်မိုး ၏ ဘက်မတူညီအစ်ကိုများ။
#ထွင်

#ခေါ်သံ

Address


Alerts

Be the first to know and let us send you an email when The Call - ခေါ်သံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share