16/07/2023
စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်ကို ခြုံခိုတိုက်ခိုက်၊ ငါးကြင်းမှီးတလက် အပါအဝင် လက်နက်များ သိမ်းဆည်းရမိ
▪️Karenni's Voice
ဖယ်ခုံမြို့နယ် ခေါင်အိစစ်မျက်နှာမှာ ဖယ်ခုံထောက်ပို့တပ်က ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု-KRU ထံက သိရပါတယ်။ ဇူလိုင် ၉ ရက် ည ၈:၀၀ အချိန်ခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပြီး အမှတ် ၁၀၀၈ ခြေမြန်တပ်ရင်း၊ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းပြည်တောင်ဒေသခံတော်လှန်ရေးတပ်ပေါင်းစု-SSLRU၊ နေပြည်တော် ပ.က.ဖနဲ့ KRU တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
"ခေါင်အိတို့ စက်တော်တို့မှာ သူတို့တပ်တွေ ဖြန့်ထားတာ ရှိတော့ အဲဒီတပ်တွေကို ရိက္ခာ၊ လက်နက်တွေလာပို့ရင်း လူလည်းချိန်းတာ ဖြစ်မယ်။ ကားပေါ်မှာ လူ ၇ ယောက်နဲ့ ဆန်တွေ လက်နက်တွေပါတာပေါ့။ မိုင်းကွဲသွားတာနဲ့ ကျတော်တို့ ဝိုင်းပစ်ကြတာ။ ၄ ယောက်သေတယ်၊ နှစ်ယောက်ထိသွားပြီး နောက်တယောက်က ကျတော်တို့ကို ၇၉ နဲ့ ပြန်ပစ်ရင်း ပြေးသွားတယ်။ လက်နက်ကြီးတွေလည်း ကျလာတော့ သူတို့စစ်ကူတွေ မလာခင် ကျတော်တို့ သယ်လို့ရသမျှသယ် ကားကိုမီးရှို့ပြီး ပြန်ဆုတ်ခဲ့တာ" လို့ KRU ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက Karenni's Voice ကို ပြောပြပါတယ်။
တိုက်ပွဲအတွင်း MA1တလက်၊စက်လက်(ငါးကြင်းမြီး)တလက်၊ ၆၀မမ ကျည် ၁၆ လုံး၊မိုင်း ၁ လုံး နဲ့ ရိက္ခာပစ္စည်းများ သိမ်းဆည်းရမိပါတယ်။
မတ် ၁၁ ရက် စပြီး ပင်လောင်းနဲ့ ဖယ်ခုံနယ်စပ်တလျောက် စစ်ကောင်စီက အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ကြောင့် ခေါင်အိ၊ တောင်စလုံး၊ မြောက်စလုံး၊ တောင်မဲသင်း၊ လုံးပျဉ်၊ ပင်ပုံ၊ နမ့်နိန်း စတဲ့ ကျေးရွာများက ဒေသခံ ၄,၀၀၀ ထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ စစ်ကောင်စီတပ်များဟာ ဧပြီလအတွင်း တောင်မဲသင်းကို ဆုတ်ခွာသွားခဲ့ပြီး မေလအတွင်းမှာတော့ စက်တော်ရွာနဲ့ ခေါင်အိတို့မှာ ဆက်လက်တပ်စွဲကာ ဒေသခံကာကွယ်ရေးတပ်များနဲ့ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိပါတယ်။
▪️ဇူလိုင် ၁၆ ရက်၊ ၂၀၂၃။
Photo - KRU