10/12/2021
စစ်အာဏာရှင်တော်လှန်ရေး အသံတိတ် သပိတ်နေ့ စစ်ကိုင်းးနှင့်မကွေးတွင် အဓိက တိုက်ပွဲဖြစ်၊ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်သား ၃၈ ဦးသေဆုံးနိုင်
By ရန်ကုန်ခေတ်သစ်
ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ စစ်အာဏာရှင်တော်လှန်ရေး အသံတိတ် သပိတ်နေ့ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတွင် အဓိက တိုက်ပွဲများဖြစ်၊ပွားပြီး နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်သား ၃၈ ဦးသေဆုံးနိုင်ကြောင်း ရန်ကုန်ခေတ်သစ်က စာရင်းကောက်ခံရရှိသည်။
ရန်ကုန်တွင် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့
==================================
ဒီဇင်ဘာလ (၉) ရက် ညနေ ၃နာရီ ၃၆ မိနစ်ခန့်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ် ပါရမီလမ်းနှင့်သမိုင်းကောလိပ်လမ်းထောင့်ရှိ စစ်ကောင်စီပိုင် လျှပ်စစ်မီးသီးစက်ရုံနှင့် ၎င်းစက်ရုံအား စောင့်ကြပ်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများအား မိမိတို့ ဗမာ့ဇာမဏီအဖွဲ့မှ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၅နာရီ ၄၀မိနစ်ခန့်တွင် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး အမှတ် (၁) အုတ်ကျင်းစစ်ကြောရေးနှင့် တည်းခိုရေးစခန်းအား မိမိတို့ ဗမာ့ဇာမဏီအဖွဲ့မှ လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်းဖောက်ခွဲခဲ့ရာ တစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု အသေးစိတ်အား အတည်မပြုနိုင်သေးကြောင်း ဗမာ့ဇာမဏီအဖွဲ့ စည်းရုံးရေးနှင့်ပြန်ကြားရေး ကော်မတီ Burma Phoenix Organization - BPO က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန် တောင်ဒဂုံ ၅၆ ရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ဆားလင်းကြီးတွင် စစ်သားများ မိုင်းဆွဲခံရကာ ၂ဝ ဦးသေဆုံး
================================================
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြောက်ယမားတံတား မြောက်ဘက် အောင်ဇေယျ မြို့သစ် (အကျိုးအပဲ့ကုန်း)မှ မုံရွာ-ပုသိမ် လမ်းမအတိုင်း ခြေလျင် ဆင်းလာသည့် စစ်သား ၇ဝဦးပါ စစ်ကြောင်းနှင့် ကား (၂)စီးကို Regional FriendFighter(RFF) ပြောက်ကျားတပ်ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁ဝရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၂ဝဦးသေဆုံးကြောင်း ဒေသသခံပြည်သူများနှင့် RFF အဖွဲ့ထံမှ သိရသည်။
ထို့ပြင် Regional FriendFighter(RFF) ပြောက်ကျားတပ်ဖွဲ့ ပုသိမ်-မုံရွာ လမ်းဘေးရှိ ၂၈ ရဲတပ်ရင်းကိုလည်း မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေးဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း RFF အဖွဲ့က ထုတ်ပြန်ထားသည်။
မြိုင်တွင် စစ်သား ၃ ဦးသေဆုံး
=======================
မြိုင်နယ်မြောက်ပိုင်း/ချောင်းဆုံလမ်းမကြီး/မင်းသားကျရွာတောင်ဘက်ပွိုင့်တွင် ယမန်နေ့စစ်ကားကို Myaing PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း၊ မင်းသားကျရွာမြောက်ဘက်၊ ခင်ပေါ်တောကွေ့တွင် လမ်းလျှောက်လာသောစစ်သားများကို MVRF ၏ တပ်ခွဲ ၃ ဗိုလ်ရေချမ်း ဦးဆောင်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး တချို့ဒဏ်ရာရရှိကြောင်း သိရှိရသည်။
ကံမမြို့ စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံးဖြင့်ပစ်
=====================================
မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၂ နာရီ အချိန် ဒန်းကိုင်း စစ်တပ် စစ်ဆေးရေးဂိတ်ကို ကံမ-သရက် PDF ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ ၁၁ စီးကို PDF က ပူးပေါင်းတိုက်ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများ
===========================================================
ချင်းတွင်းမြစ်တလျှောက် စုန်ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ၁၁ စီးပါ ရေယာဉ်အုပ်စုကို စစ်ကိုင်းတိုင်းကနီမြို့နယ်၊ ကင်းရွာနှင့် ပဲခင်းမရွာကြားတွင် ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်လုံးကြီး)နှင့် မဟာမိတ် PDF များ ပူးပေါင်းပြီး ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၉ နာရီခန့်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ ရေယာဉ် ၁ စီး မီးစွဲလောင်ပြီး ပဲခင်းမရွာအနီး ရပ်နားနေကြောင်း ကနီ PDF (KLG) အဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်သဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ၁၁ စီး ရေယာဉ်အုပ်စုမှ ၁ စီး မီးလောင်သွားပြီး အဆိုပါ ရေယာဉ်သည် ကမ်းကပ်ဖို့ ကြိုးစားခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် ဆယ်ရွာချောင်နှင့် တောင်တွင်းချောင်ကြားတွင်လည်း တိုက်ပွဲများပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်အကျအဆုံးများနေကြောင်း ကနီ PDF (ကျောက်လုံးကြီး) အဖွဲ့က ဆိုသည်။
ကောလင်းတွင် စစ်ယာဉ်တန်း မိုင်းခွဲခံရ
=================================
စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် ယနေ့ နံနက် ၉ နာရီ ကင်းလှည့်နေသော စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း၊ ကောလင်း - ဥက္ကံလမ်းမပေါ်ရှိ ကမ္ဘောဇဘဏ်(၁)အနီးတွင် ယနေ့နံနက် (၉)နာရီခန့်အချိန် စစ်ယာဉ်တန်းကို Secret Warrior အဖွဲ့က မိုင်း (၃) လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Kawlin Revolution က ပြောသည်။
အရာတော်တွင် စစ်သား ၁၀ ဦးသေဆုံးနိုင်
==============================
စစ်ကိုင်းတိုင်းအတွင်း စစ်ယာဉ်တန်းတစ်ခုကို မုံရွာ - ရွှေဘိုလမ်းပေါ် ဖြတ်သန်းချိန် အရာတော်ဒေသကာကွယ်ရေးတပ်က တော်လှန်ရေးအဖွဲ့များက ခြုံခိုတိုက်ခိုက်သဖြင့် ၁၀ ဦးထက်မနည်း ဒဏ်ရာရကာ သေဆုံးသူများလည်း ရှိနိုင်ကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) က ထုတ်ပြန်သည်။
စစ်ကောင်စီယာဉ်တန်းသည် ကားနှစ်စီး မိုင်းထိပြီးနောက် ထိုးရပ်သွားကာ အရာရှိနှင့် စစ်သားများ ပါလာသည့် FAW ကားမှာ လက်နက်ကြီးနှင့် မိုင်းထိမှန်ကာ (၁၀)ဦးထက်မနည်း ဒဏ်ရာရရှိပြီး သေဆုံးနိုင်သည်ဟု ထုတ်ပြန်ထားသည်။
ရေဦးမြို့နယ်တွင် စစ်သား များ သေဆုံးနိုင်
====================================
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တောင်ကိုးလုံးတွင် ယနေ့ ဒီဇင်ဘာ (၁၀) ရက် နံနက်ပိုင်းက စကစတပ်စစ်ကြောင်းအဖွဲ့ကို ရေဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကခ) အပါအဝင် မဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။
တိုက်ပွဲတွင် စကစတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျ မသိရသေးကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦးသာ ဗုံးစအသေးထိမှန်ခဲ့ကြောင်း ရေဦးပကဖက ထုတ်ပြန်သည်။
စိုင်ပြင် မြို့နယ်ရဲစခန်းနှင့် လုံခြုံရေး ရဲကင်းစခန်းကို PDF က တိုက်ခိုက်ရာ ရဲ ၅ ဦးသေဆုံး
=================================================================
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်းပြင်မြို့ မြို့နယ် ရဲစခန်းနှင့် ရဲကင်းစခန်းကို ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၅နာရီ ၅ဝမိနစ်က ဂဠုန် တပ်တော် PDF တပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးမှု ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယင်းတိုက်ခိုက်မှု ဖြစ်စဉ်တွက် လမ်းမဘေးရှိ ကင်းစောင့် ရဲသား ၄ဦးကို လက်ပစ်ဗုံး ၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲတပ်သား ၂ဦးသာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပြီး စခန်းအတွင်းက ထွက်လာသည့် ရဲတပ်သား ၆ဦး ရဲကင်းသို့ ထပ်မံရောက်ရှိလာကာ ပြန်လည်ခုခံ ပစ်ခတ်နေစဉ် လက်ပစ်ဗုံး ၂လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး ရဲတပ်သား ၁ဦးသား ပြန်လည် ပစ်ခတ်နိုင်တော့ကြောင်း ဂဠုန် တပ်တော် PDF တပ်ဖွဲ့ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ဂဠုန် တပ်တော် PDF တပ်ဖွဲ့က စစ်ကဲမှူး ဆရာအောက်ချင်း ဦးဆောင်သော တပ်ဖွဲ့ဝင် ၅ဦးတို့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။