Burma Media Consortium - BMC

  • Home
  • Burma Media Consortium - BMC

Burma Media Consortium - BMC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burma Media Consortium - BMC, Media/News Company, .

freedom of expression in Myanmar; Independent and unbiased information is innovatively presented to the public in a timely manner for the emergence of a federal democracy that guarantees freedom of the press and freedom of access to information.

စစ်သင်္ဘော ခုနှစ်စင်း ဗန်းမော်သို့ရောက်ရှိစက်တင်ဘာ၊ ၄ ရက်ရွှေကူမြို့ကနေ ဆန်တက်လာတဲ့ စစ်သင်္ဘော ခုနှစ်စင်းဟာ မနေ့က စက်တင်...
04/09/2026

စစ်သင်္ဘော ခုနှစ်စင်း ဗန်းမော်သို့ရောက်ရှိ

စက်တင်ဘာ၊ ၄ ရက်

ရွှေကူမြို့ကနေ ဆန်တက်လာတဲ့ စစ်သင်္ဘော ခုနှစ်စင်းဟာ မနေ့က စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာ ဗန်းမော်မြို့သို့ ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်က ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာနဲ့ ဇင်းဘုံကျေးရွာကြားမှာ ယမန်နေ့က စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် စစ်သင်္ဘော ၁၃ စင်းမှ ငါးစင်းထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ခုနှစ်စင်းဟာ ဗန်းမော်သို့ရောက်ရှိခဲ့တာဖြစ်တယ်လို့ KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောပါတယ်။

“သင်္ဘောက ခုနှစ်စင်း ရောက်သွားပြီ၊ အကြီးကနှစ်စင်း အသေးက ငါးစင်း၊ ဒီမနက် ရောက်သွားပြီလေ ၁၁ နာရီနဲ့ ၁၂ နာရီလောက်မှာ။ ကုန်တင်သင်္ဘောအကြီးနှစ်စင်းနဲ့ တခြားသင်္ဘောငါးစင်းက စစ်သားတွေစီးတာ။ စင်းခန်းတံတားနားမှာ ၃ စင်းက ပစ်လို့ ရပ်သွားတာ၊ နှစ်စင်းကတော့ စင်းခန်းတံတားအောက်နားမှာ ထိလို့ မြုပ်သွားပြီ”လို့ သူက ပြောပါတယ်။

ထိခိုက်ပျက်စီးနစ်မြုပ်သွားခဲ့တဲ့ စစ်သင်္ဘောတွေကနေ ရေစီးနဲ့မျောပါလွတ်မြောက်လာတဲ့ စစ်သားအချို့ကိုလည်း KIA ပူးပေါင်းတပ်က ဖမ်းဆီးရမိခဲ့ပြီး ရိက္ခာတွေလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

စစ်သင်္ဘောတွေ ပစ်ခတ်တိုက်ခိုက်ခံရချိန် စစ်တပ်က ဂျက်ဖိုက်တာ ၈ စီးခန့်ဖြင့် ဧရာဝတီမြစ်ကမ်းတလျှောက် မရပ်မနားဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သံခွန်ငါးစင်းနဲ့ စစ်သင်္ဘောနှစ်စင်းက ဗန်းမော်မြို့ထဲကို ဝင်သွားကြပြီ၊ လေယာဉ်နဲ့လည်း ပစ်တယ်ဆိုတော့ တဖြည်းဖြည်းချင်း ရွေ့ပြီးတော့ (ဗန်းမော်) ရောက်သွားတာပေါ့။ စင်းခန်းဘက်မှာ ကမ်းကပ်ပြီး လက်နက်ချတဲ့သူတွေကိုလည်း လိုက်ရှင်းလင်းနေရတယ်လေ”လို့ သူက ပြောပါတယ်။

ရွှေကူမြို့ကနေ ဗန်းမော်မြို့သို့ ယမန်နေ့က ဆန်တက်လာခဲ့တဲ့ သင်္ဘော ၁၅ စင်းအနက် ရှစ်စင်းကို KIA ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စင်းခန်းတံတားအနီး ကမ်းကပ်ကာ KIA ပူးပေါင်းတပ်ထံ လက်နက်ချအညံ့ခံခဲ့သူတွေထဲမှာ အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၁၉ ဦးနဲ့ ကလေး ၇ ဦးပါဝင်ပြီး စုစုပေါင်း ၁၃၂ ဦးဖြစ်တယ်လို့ သိရပါတယ်။

ပုံ - ဗန်းမော်မြို့သို့ရောက်ရှိသွားသော စစ်သင်္ဘောများကိုတွေ့ရစဉ်

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - The 74 Media


The 74 Media သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

တပခ ထဲကို PDF ၂၄ ဦး ဝင်ရောက်လာတယ်လို့ စစ်တပ်ထုတ်ပြန် သာယာဝတီခရိုင်ထဲက PDF အချို့ပါတယ်လို့ဆိုစက်တင်ဘာ၊ ၄ ရက် တောင်ပိုင်း...
04/09/2026

တပခ ထဲကို PDF ၂၄ ဦး ဝင်ရောက်လာတယ်လို့ စစ်တပ်ထုတ်ပြန် သာယာဝတီခရိုင်ထဲက PDF အချို့ပါတယ်လို့ဆို

စက်တင်ဘာ၊ ၄ ရက်

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ကို PDF ၂၄ ဦး အလင်းဝင်လာတယ်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ခဲ့ရာ သာယာဝတီခရိုင်ထဲက PDF တပ်ဖွဲ့ဝင်အချို့ပါတယ်လို့ မြေပြင်အခြေနေကိုသိရှိထားသူ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ စက်တင်ဘာလ (၂) ရက်နေ့ထုတ်ပြန်ချက်အရ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမမှာ PDF အတွင်းရောက်ရှိနေသူတွေ ဥပဒဘောင်အတွင်းပြန်လည်ဝင်ရောက်လာမှု အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း ၂၄ ဦး ပါဝင်ပြီး အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၄ ဦး တို့ဟာ MA-3 တစ်လက်၊ M-4 တစ်လက်၊ ကာဘိုင်တစ်လက်၊ M-79 လက်လုပ်လောင်ချာတစ်လက်၊ BA-63 တစ်လက်၊ လက်လုပ်ပစ္စတိုတစ်လက်နဲ့ လက်လုပ်သေနတ်နှစ်လက်တို့အပြင် ၄၀ မမ ဗုံးသီးတစ်လုံး၊ လက်ပစ်ဗုံး ၁၀ လုံး၊ ကျည်အိမ် ၆ ခုနဲ့ ကျည်မျိုးစုံ ၂၆၁ တောင့်ပါလာတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်တပ်ဘက်ကို ဘက်ပြောင်းသွားသူတွေထဲမှာ သာယာဝတီခရိုင်အတွင်းက ရဲဘော်တွေလည်းပါဝင်ပြီး လက်နက်တွေလည်း ယူဆောင်သွားကြတာ မှန်ကန်တယ်လို့ အခြေနေကိုသိရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

"ကိုယ်တွေဘက်ကာ ပါသွားတာက သေနတ် ၆ လက်ပါသွားတယ်။ သာယာဝတီခရိုင်ထဲက ရဲဘော်တွေလည်းပါတယ်။ ပြည်ခရိုင်ဘက်ကလည်းပြေးကြတယ်။ ဂန်းပါ မပါတော့ မသိဘူး။ သာယာဝတီခရိုင်ဘက်ကပြေးတဲ့အထဲ အဲဒါတွေပါတယ်"လို့ မြေပြင်အခြေနေကိုသိရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

PDF တပ်ဖွဲ့ဝင်တွေထဲက စစ်တပ်ဘက်ကို ဘက်ပြောင်းသွားသူတွေထဲမှာ အရင်ကတည်းက စစ်တပ်နဲပတ်သက်တဲ့သူတွေက PDF တပ်တွေထဲ ထောက်လှမ်းဖို့ရောက်လာသူတွေ၊ PDF ခေါင်းဆောင်ပိုင်းအချို့အားနည်းချက်တွေကြောင့်လည်း ဘက်ပြောင်းသွားသူတွေများလာတယ်လို့ ဆိုပါတယ်။

" ခ--နဲ့ထူးမခြားနား ခ-- တွေလို အုပ်ချုပ်မှုပိုင်းမှာ ဘက်လိုက်မှုတွေဖြစ်လာတဲ့အခါ ဥပမာ ပစ်ဒဏ်ပေးရင် ဝမ်းလျားမှောက်ရိုက်တာ၊ ကြိမ်ဒဏ်ပေးတာ၊ မချိမဆံရိုက်တာ၊ နှိပ်စက်တာ၊ အဲဒီဒဏ်တွေကို မခံနိုင်လို့ပြေးကြတာပါတယ်။ တော်လှန်ရေးလာလုပ်ကြတာ။ ခ---ဘက်နဲ့ထူးမခြားနား ခေါင်းဆောင်တွေရဲ့လုပ်ရပ်ကြောင့်ပါတယ်" လို့ အထက်ပါ ဒေသကာကွယ်ရေးအဖွဲ့ဝင်ကဆက် ပြောပါတယ်။

စစ်တပ်ဘက် ဘက်ပြောင်းသွားသူတွေထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ထွက်ပြေးသွားတဲ့ သာယာဝတီခရိုင်တပ်ရင်း တခုက ရဲဘော် ဂျိမ်း(ခ)ဝေလင်းအောင်၊ ရဲဘော်မောင်းပြန်တို့ ပါဝင်ပြီး သူတို့ ၂ ဦးထွက်​ပြေးချိန် သေနတ်တစ်လက်နဲ့ အီနာဂါနဲ့ မိုင်းတွေ ပါသွားတယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးကနေ စစ်တပ်ကို သတင်းပေးမှုတွေကြောင့် ကြို့ပင်ကောက်နဲ့ နတ်တလင်းအတွင်းက PDF တွေနဲ့ဆက်စပ်သူ အမျိုးသား ၄ ဦးနဲ့အမျိုးသမီး ၁ ဦး တလအတွင်းဖမ်းဆီးခံရပြီး အများအပြားထွက်ပြေးနေကြရသလို PDF စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်ဘက် ဘက်ပြောင်းလိုသူတွေ ထွကိပြေးမှုတွေလည်း ရှိနေလို့ သက်ဆိုင်ရာတပ်ရင်းတွေက လိုက်လံဖမ်းဆီးပြီး ပြန်လည်ထိန်းသိမ်းထားရတဲ့ဖြစ်ရပ်တွေလည်းရှိတယ်လိူ့ သိရပါတယ်။

#သတင်း #သာယာဝတီခရိုင် #တပခ #ပဲခူးတိုင်း #စစ်ရေး

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - မြေလတ်အသံ - Myaelatt Athan


မြေလတ်အသံ - Myaelatt Athan သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

ရေကြီးနေတဲ့ ပဲခူးမှာ ခြံဝန်းထဲ လှေနဲ့ရေသွားခပ်တဲ့အမျိုးသား ရေတိုင်ကီထဲပြုတ်ကျ သေဆုံးစက်တင်ဘာ၊ ၃ ရက် ပဲခူးမြို့ပေါ်မှာ ရေ...
03/09/2026

ရေကြီးနေတဲ့ ပဲခူးမှာ ခြံဝန်းထဲ လှေနဲ့ရေသွားခပ်တဲ့အမျိုးသား ရေတိုင်ကီထဲပြုတ်ကျ သေဆုံး

စက်တင်ဘာ၊ ၃ ရက်

ပဲခူးမြို့ပေါ်မှာ ရေကြီးနေတာကြောင့် မဇင်းရပ်ကွက်၊ မဇင် ၁ လမ်းက အမျိုးသား ၁ ဦး ရေနစ်သေဆုံးသွားတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းဝင်တွေထံက သိရပါတယ်။

သေဆုံးသူဟာ အသက် ၄၉ နှစ်အရွယ် ဦးသန်းဇော်ဆိုသူဖြစ်ပြီး စက်တင်ဘာလ ၂ ရက်နေ့ညနေ ၃ နာရီကျော်ခန့်မှာ နေအိမ်ခြံဝင်းအတွင်းမှာ ပင် ရေနစ်သေဆုံးတာလို့ ဆိုပါတယ်။

"လှေနဲ့ ရေသွားခပ်ရင်း ရေတိုင်ကီထဲကို ပြုတ်ကျတာ။ သူအိမ်​ခြံထဲမှာပဲ။ ရေလည်းတက်နေတာ။ ရေသွားခပ်ဖို့သွားမှာ ဖြစ်သွားတာလို့ သိရတယ်။ သောက်ထားတာလည်း ပါမယ်"လို့ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး ရေတက်နေတာကြောင့် မြို့အနိမ့်ပိုင်းဖြစ်တဲ့ မဇင်းရပ်ကွက်ထဲမှာ အချို့နေရာက ၃ ပေခန့်နဲ့ အချို့နေရာတွေမှာ ရေ ၄ ပေကျော်လောက်တက်နေတာလို့ သိရပါတယ်။

ရေနစ်သေဆုံးသွားတဲ့ အမျိုးသားအလောင်းကိုတော့ မိသားစုတွေနဲ့မြို့ခံပရဟိတတွေက ပဲခူးဆေးရုံပို့ပေးခဲ့ရပြီးနောက် စစ်ဆေးမှုပြုလုပ်ကာ နေအိမ်ကိုပြန်သယ်လာပြီလို့ သိရပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့မှာ မိုးဇလရဲ့ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာ အထက် ၉၂၃ စင်တီမီတာ အထိရောက်ရှိနေပါတယ်။

ဒါကြောင့် မြို့အနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ ကျောက်ကြီးစု၊ ကလျာဏီ၊ ရွာသစ်၊ ဇိုင်းတောင်၊ မြို့သစ်၊ ကျွန်းသာယာ၊ မဇင်း၊ ရပ်ကွက်ကြီး ၇ ရပ်ကွက်တွေက ရေဘေးသင့်ပြည်သူတွေဟာ ဘေးလွတ်ရာကို ဆက်လက်ပြောင်းရွေ့နေကြရတယ်လို့ သိရပါတယ်။

ပုံစာ - ပဲခူးမြို့၊ ကလျာဏီရပ်ကွက်အတွင်း ရေကြီးနေမှုမြင်ကွင်း



#ပဲခူးမြို့ #ပဲခူးရေကြီး
#မဇင်းရပ်ကွက်
#အမျိုးသား၁ဦးသေဆုံး

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - မြေလတ်အသံ - Myaelatt Athan


မြေလတ်အသံ - Myaelatt Athan သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့တဲ့ ကျောင်းတွေအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မယ်စက်တင်ဘာ၊ ...
03/09/2026

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့တဲ့ ကျောင်းတွေအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မယ်

စက်တင်ဘာ၊ ၃ ရက်

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်ခဲ့တဲ့ သီပေါမြို့နယ်ရှိ ကျောင်းနေရာတွေမအှာ MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။

ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်မှာ ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း ၊ အမက မြို့ဟောင်း၊ အမက နမ့်ပျဉ်၊ အမက ကောင်းလန်း၊ အမက နားညု၊ အလက ပန်ညု ၊ အထက ဆောင်ကြဲ စတဲ့ အခြေခံပညာကျောင်း (၇) ကျောင်းကို ထပ်မံဖွင့်လှစ်မယ်လို့ ဩဂုတ် ၃၁ ရက်က ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

ကိုးကန့်တပ်ဖွဲ့က သီပေါဘက်မှာ ထပ်မံဖွင့်လှစ်မယ်လို့ ကြေညာလာတဲ့ ကျောင်းတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းမှာ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ ပိတ်ပစ်လိုက်တဲ့ ကျောင်း ၁၇ ကျောင်းမှာ ပါဝင်တဲ့ ကျောင်းများဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူများက တောင်းဆိုညှိနှိုင်းခဲ့တာကြောင့် ဩဂုတ်လ ၂၉ ရက်က ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့တဲ့ ကျောင်းတွေ ဖြစ်ပါတယ်။

“အရင်က စစ်တပ်ဖက်က ပိတ်ခိုင်းလိုက်တဲ့ကျောင်းတွေလေ စစ်တပ်ကပိတ်တော့ ကိုးကန့်က ဖွင့်ပေးမယ်လုပ်တဲ့အခါမှာ စစ်ကောင်စီက ပြန်ဖွင့်ပေးလိုက်တဲ့ ကျောင်းတွေပေါ့။ အခု ကိုးကန့်က သူတို့ဆက်ဖွင့်မယ်လို့ ကြေညာတဲ့အထဲမှာ အဲ့ကျောင်းတွေလည်း ပြန်ပါလာနေတော့ စစ်အစိုးရဖက်က ပြန်ထွက်ပေးရမယ်ထင်တယ်။ အဲ့ကျောင်းတွေက ၁၀ ကျောင်းလောက်က ကိုးကန့်ထိန်းချုပ်နယ်မြေထဲမှာ”လို့ သီပေါဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁ ရက်နေ့ကလည်း ကိုးကန့်အရာရှိနဲ့ ကျောင်းဆရာများက စစ်ကောင်စီ ပြန်ဖွင့်ပေးတဲ့ ကျောင်းသို့ ရောက်လာကာ ကျောင်းများကို ကိုးကန့်တပ်ဖွဲ့က ပြန်လည်ဖွင့်လှစ်မယ့်အကြောင်း လာရောက်ပြောဆိုသွားခဲ့တယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

“ပန်မိန်း နမ့်ပျဉ်စတဲ့ကျောင်းတွေကို ကိုးကန့်အရာရှိတွေ ရောက်လာတယ်။ ဒီကျောင်းတွေကို သူတို့ ဆက်ဖွင့်မယ့်အကြောင်းတွေ လာပြောသွားတယ်"လို့ သီပေါမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် သိန္နီခရိုင်အတွင်းရှိ ကျောင်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ အလက စံလောင်း၊ အလက ကုန်းသာ နဲ့ အလက နမ့်အွန် ကျောင်းများကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကုံးမုံ၊ ကွန်ခိုက်၊ မြို့ဟောင်း၊ ဆွတ်လန်းနဲ့ ပန်ညု ဒေသများရှိ အခြေခံပညာကျောင်းများကို ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့က ဆိုထားပါတယ်။

ကိုးကန့်တပ်ဖွဲ့အနေဖြင့် ဒေသတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နဲ့ မျိုးဆက်သစ်လူငယ်များရဲ့ ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရန်အတွက် ယခုကဲ့သို့ အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် ကျောင်းအချို့ကို စစ်ကောင်စီက ပြန်လည်ဖွင့်ပေးခဲ့သော်လည်း လက်ရှိအချိန်ထိ ကျောင်းသားအများစုမှာ ကျောင်းပြန်တက်ခြင်းမပြုသေးပဲ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့လည်း ဒေသခံသတင်းရင်းတွေက ပြောပါတယ်။

“အရင် ကျောင်းဖွင့်တုန်းက အကုန်ကျောင်းတက်ကြပြီ။ လုံခြုံရေးအကြောင်းပြပြီး စစ်တပ်က ပိတ်လိုက်ပြီးနောက် အခုပြန်ဖွင့်ခွင့်ပေးပြီဆိုပေမယ့် ကိုးကန့်ကလည်း သူတို့ဆက်ဖွင့်ပေးမယ်လို့ပြောထားတဲ့အတိုင်း ကျောင်းဆက်ဖွင့်ဖို့ လုပ်နေတာရှိတော့ အခြေအနေကို သေချာငြိမ်တဲ့အထိ စောင့်ကြည့်နေကြတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့-MNDAA ဟာ တရုတ်ကြားဝင်စွက်ဖက်မှုဖြင့် အပစ်ခတ်ရပ်စဲထားတဲ့အပြင် လားရှိုးမြို့မှာ ပုံမှန်တွေ့ဆုံလေ့ရှိတဲ့ အဖွဲ့ဖြစ်သော်လည်း မြေပြင်စိုးမိုးထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းနိုင်ခြင်းမရှိသေးပါဘူး။

#ရှမ်းမြောက်
#သီပေါ
#စစ်ကောင်စီ
#ကိုးကန့်တပ်


BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - MeKong News - မဲခေါင်သတင်း


MeKong News - မဲခေါင်သတင်း သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

တရုတ်စာသားနဲ့တံဆိပ်ပါ မုန့်တွေကို ရောင်းချမှု MNDAA တားမြစ်ပိတ်ပင်စက်တင်ဘာ၊ ၃ ရက် ကိုးကန့်တပ်မတော်- MNDAA က ကျောင်းမုန့်...
03/09/2026

တရုတ်စာသားနဲ့တံဆိပ်ပါ မုန့်တွေကို ရောင်းချမှု MNDAA တားမြစ်ပိတ်ပင်

စက်တင်ဘာ၊ ၃ ရက်

ကိုးကန့်တပ်မတော်- MNDAA က ကျောင်းမုန့်ဈေးတန်းတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တရုတ်စာသားနဲ့တံဆိပ်ပါ သရေစာမုန့်(Junk Food) ရောင်းချတာကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။

ကိုးကန့်တပ်ရဲ့ ပညာရေးဌာနနဲ့ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး စက်တင်ဘာ ၁ ရက် ရက်စွဲနဲ့ "ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ရှိ သရေစာ (Junk Food)များ ရောင်းချခြင်းကို တားမြစ်ပိတ်ပင်ခြင်း"ဆိုင်ရာ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ကိုးကန့်တပ်ရဲ့ ပြန်ကြားရေးဖြစ်တဲ့ The Kokang သတင်းမှာ ဒီနေ့မနက်က ဖော်ပြလာပါတယ်။

ကလေးငယ်တွေ နေ့စဉ်ဝယ်ယူစားသုံးနေတဲ့ သရေစာမုန့် ၁၀ မျိုးထဲ အသည်းနဲ့ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ Sodium Cyclamate (ဓာတုအချိုတု)၊ အာရုံကြော ထိခိုက်စေတဲ့ TBHQ (တာရှည်ခံဆေး)၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ Amaranth Red (ဆိုးဆေးနီ)၊ အရိုးအဆစ် ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ ဖော့စဖိတ်ဒြပ်ပေါင်း၊ နေ့စဉ်စားသုံးသင့်တဲ့ ပမာဏထက် ပိုမိုလွန်ကဲနေတဲ့ ဆားဓာတ်(Sodium) ပါဝင်နေတယ်လို့ ဆိုပါတယ်။

အမိန့်စာ ထုတ်ပြန်တဲ့ရက်ကစပြီး ၁ လအတွင်း ကြိုတင်သတိပေးကာလ (Provision Period)အဖြစ် သတ်မှတ်ပြီးတော့ ဈေးသည်အနေနဲ့ လက်ကျန်မုန့်ကို အမြန်ဆုံး ရှင်းလင်းဖို့နဲ့ နောက်ထပ်အသစ် ထပ်မံ မှာယူတင်သွင်းခြင်း လုံးဝမပြုလုပ်ဖို့ အသိပေးထားပြီး မလိုက်နာရင် ပြင်းထန်စွာ အရေးယူမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တားမြစ်ပိတ်ပင်တဲ့ သရေစာ ၁၀ မျိုးကတော့ La Mo Fang (အစပ်တုံး)၊ KISS TABLETS (အနမ်းချပ်)၊ Su Niu Du (သက်သတ်လွတ် အမဲအူကြမ်း)၊ ဝက်နားရွက်ကြွပ် (香脆辣耳)၊ Yu Mi Chang (ပြောင်းဖူးအူချောင်း)၊ Su Xia Pa Zi (သက်သတ်လွတ် ပင်လယ်ဖားကောင်တု)၊ Xiāng Là Jīn Zhēn Gū (အစပ်မှိုအပ်တို)၊ Wǎnghóng Bàngbàngtiáo (ဝမ်ဟုန် ပန်းပန်းချောင်း)၊ Měi Rì Hǎi Tāi Wèi-Là Piàn (နေ့စဉ်ရေညှိအရသာ အစပ်ချပ်)နဲ့ Duōxīng Lǜshuǎng (ဒေါ့ရှင်း ရွှမ်း အစပ်ချောင်း)တို့ပဲ ဖြစ်ပါတယ်။

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Shwe Phee Myay News Agency


Shwe Phee Myay News Agency သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

တာချီလိတ်မှာ စစ်သားအယောင်ဆောင်ကာ လူငယ်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့သူ သုံးဦးကို ဖမ်းမိစက်တင်ဘာ၊ ၁ ရက်ရှမ်းပြည်အရှေ့ပိုင်...
01/09/2026

တာချီလိတ်မှာ စစ်သားအယောင်ဆောင်ကာ လူငယ်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့သူ သုံးဦးကို ဖမ်းမိ

စက်တင်ဘာ၊ ၁ ရက်

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ စစ်သားအယောင်ဆောင်ပြီး လူငယ်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ လူသုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဟောင်လိတ်ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးထံက သိရပါတယ်။

ဩဂုတ် ၃၀ ရက်က တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာ အုပ်စု၊ မယ်ဟုတ်ကျေးရွာအနီး မယ်ဟုတ်တံတားမှာ ပူးပေါင်းအဖွဲ့တွေက ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်နေစဉ် အနက်ရောင် Nissan X-Trail ကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကားကို မိုင်းဖြတ်မြို့က ဇွဲညီညီခန့် (၂၅ နှစ်) က မောင်းနှင်လာပြီး ကားပေါ်မှာ သဲအိချို (၂၇ နှစ်) နဲ့ ဉာဏ်လင်းထွန်း (၃၂ နှစ်) တို့ လိုက်ပါလာတယ်လို့ သိရပါတယ်။

ကားနောက်ဖုံးအတွင်းမှာ အသက် ၂၈ နှစ်အရွယ် ညီဦး ဆိုသူနဲ့ အသက် ၃၄ နှစ်အရွယ် တင်ကိုလွင် (ခ) ပြောင်ကြီး တို့ကို လက်ထိပ်ခတ်ထားလျက် စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယင်းသို့ ဖမ်းဆီးခံထားရသူ နှစ်ဦးရဲ့ ထွက်ဆိုချက်အရ တင်ကိုလွင် (ခ) ပြောင်ကြီးမှာ ဩဂုတ် ၂၉ ရက် ည ၁၁ နာရီခွဲခန့်မှာ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် တရုတ်ဘုံကျောင်းရှေ့လမ်းမှာ လမ်းလျှောက်နေစဉ် အနက်ရောင်ကားတစ်စီး ရောက်ရှိလာပြီး အမျိုးသား နှစ်ဦးက တာဝန်ရှိလို့ မေးစရာရှိတယ်လို့ပြောကာ လက်ထိပ်ခတ်ပြီး ကားနောက်ဖုံးထဲထည့်ကာ ခေါ်ဆောင်သွားခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

အလားတူ ညီဦး ကိုလည်း ဩဂုတ် ၃၀ ရက် နံနက် ၁ နာရီခန့်က ပါဆတ်ရပ်ကွက်အတွင်း ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး လမ်းလျှောက်နေစဉ် အမျိုးသားနှစ်ဦးက လက်ထိပ်ခတ်ပြီး ကားနောက်ဖုံးထဲ ထည့်ခေါ်ဆောင်သွားခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

နောက်ဖုံးအတွင်းမှာ လက်ထိပ်ခတ်ထားစဉ် ဖမ်းဆီးခံရသူ နှစ်ဦးကို ဖမ်းဆီးခဲ့သူတွေက ထိုးကြိတ်ခဲ့သလို အသံထွက်ပါက လျှာဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရပါတယ်။

"ဒီအဖွဲ့က အရင်လည်း ခုလိုလုပ်စားနေတယ်ပြောတယ်၊ စစ်တပ်ထဲကပဲ၊ လူဖမ်းပြီး ပစ အနေနဲ့ ရောင်းစားတယ်တဲ့"လို့ ရဲစခန်းနဲ့နီးစပ်သူက ပြောပါတယ်။

အဆိုပါဖြစ်စဉ်အရ စစ်တပ်အယောင်ဆောင်ကာ လူများကို လိုက်လံဖမ်းဆီးမှု၊ ခြိမ်းခြောက်မှု၊ ထိုးကြိတ်မှုများ ပြုလုပ်ခဲ့တဲ့ ဇွဲညီညီခန့်၊ ဉာဏ်လင်းထွန်းနဲ့ သဲအိချိုတို့ သုံးဦးကို ဟောင်လိတ်နယ်မြေရဲစခန်းမှာ ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူရန်လုပ်ဆောင်နေကြောင်း သိရပါတယ်။

#ရှမ်းရှေ့
#စစ်ကောင်စီ
#လူငယ်
#ရောင်းစား

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - MeKong News - မဲခေါင်သတင်း


MeKong News - မဲခေါင်သတင်း သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

RCSS ထံ ရောက်ရှိသွားတဲ့ PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေကို RCSS က စစ်ကောင်စီနဲ့ PNO ဆီ လွှဲပြောင်းပေးစက်တင်ဘာ၊ ၁ ရက်ရှမ...
01/09/2026

RCSS ထံ ရောက်ရှိသွားတဲ့ PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေကို RCSS က စစ်ကောင်စီနဲ့ PNO ဆီ လွှဲပြောင်းပေး

စက်တင်ဘာ၊ ၁ ရက်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSSထံ ရောက်ရှိသွားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့နဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ထံ လွှဲပြောင်းပေးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦး ပြောပြချက်အရ သိရပါတယ်။

ရှမ်းတောင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ လှုပ်ရှားနေတဲ့ PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေကို RCSS က ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး မနေ့ ဩဂုတ် ၃၁ ရက်မှာတော့ စစ်ကောင်စီနဲ့ PNO ဆီ လွှဲပြောင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက " RCSS က တော်လှန်ရေးရဲဘော်ကိုဖမ်းတယ်။ လက်နက်သိမ်းတယ်။မနေ့ နားဟီးကျေးရွာမှာ တော်လှန်ရေးရဲဘော်နဲ့ သူတို့မိသားစုဝင်တွေကို စစ်ကောင်စီနဲ့ PNOဆီ‌ လွှဲပြောင်းပေးတယ်။ လက်နက်တွေက RCSS ပဲ သိမ်းထားပြီး လူတွေကိုပဲ PNO ဆီပြန်လွဲပေးတယ်"

PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေ လွဲပြောင်းပေးတာကြောင့် PNO က RCSS ကို ငွေ သိန်း ၃ ထောင် ပေးခဲ့တယ်လို့ အဆိုပါအမျိုးသားက ပြောပေမယ့် ရွှေဖီမြေက အတည်မပြုနိုင်ပါဘူး။

ကဒူးကြီးဒေသရှိ PNLA တပ်သားအချို့နဲ့ ၎င်းတို့ရဲ့ မိသားစုဝင်စုစုပေါင်း ၇၈ ဦးတို့ဟာ RCSS တပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း RCSS သတင်းနဲ့ ပြန်ကြားရေးက ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - PNO

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Shwe Phee Myay News Agency


Shwe Phee Myay News Agency သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

မလှိုင်မြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင်ပါ ၁၂ ဦး ကျေးရွာအတွင်းမှာ ပစ်သတ်ခံရ◼️(၁) ဦးအရှင်ဖမ်းခံရပြီး (၈) ဦး ထွက်ပြေးစက်တ...
01/09/2026

မလှိုင်မြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင်ပါ ၁၂ ဦး ကျေးရွာအတွင်းမှာ ပစ်သတ်ခံရ

◼️(၁) ဦးအရှင်ဖမ်းခံရပြီး (၈) ဦး ထွက်ပြေး

စက်တင်ဘာ၊ ၁ ရက်

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာက အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သူအပါအဝင် ၁၂ ဦးဟာ ကျေးရွာအတွင်းမှာ ပစ်သတ်ခံရတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့မနက် ၆ နာရီခန့်မှာ PDF တပ်ဖွဲ့ဝင်တွေက ကျေးရွာထဲကို ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၄ နှစ်အရွယ် ဦးစိုးလင်းထိုက်ပါ ၁၂ ဦးကို ရွာလယ်မှာပင် ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။

"ခေါင်းဆောင်ကိုအရင်ဖမ်းတယ်။ ပြီးမှသူလက်အောက်ကအဖွဲ့ဝင်တွေကိုဖမ်းတယ်။ တနေရာစီကနေခေါ်လာပြီး ရွာလယ်ခေါင်မှာ တန်းစီပစ်ခတ်ရှင်းလင်းသွားတာ"လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသွားသူတွေထဲက ဦးစိုးလင်းထိုက်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သလို စစ်တပ်က ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့(ပလကဖ) ခေါ် ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်ပြီး ကျန်သူတွေက သူအဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ထမ္မကြီးကျေးရွာက စိုးလင်းထိုက်ဦးဆောင်တဲ့ ပလကဖ အဖွဲ့ဝင် ၂၀ ဦးရှိပြီး အမျိုးသမီး ၃ ဦးလည်းပါဝင်ကာ မလှိုင်မြို့ပေါ်ကို တပတ်လျှင် ၇ ဦး လုံခြုံရေးကိစ္စတွေအတွက် သွားပေးရသလို မြို့ပေါ်ရောက်ချိန် လက်နက်ကိုင်ရပေမယ့် ကျေးရွာပြန်လာချိန်မှာတော့ လက်နက်တွေထားခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီ ပစ်ခတ်မှုကို ဒေသတွင်း PDF တပ်ဖွဲ့တခုက လာရောက်ပြုလုပ်သွားတာဖြစ်ပြီး ပစ်ခတ်မှုအတွင်း ဦးစိုးလင်းထိုက်အပါအဝင် အသက် ၂၀ ကနေ ၆၃ နှစ်ကြား အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁၀ ဦးသေဆုံးပြီး အဖွဲ့ဝင် အမျိုးသား ၁ ဦးကို အရှင်ဖမ်းသွားတယ်လို့ ဆိုပါတယ်။

ဒေသတွင်း PDF တွေက စိုးလင်းထိုက်ရဲ့အဖွဲ့ကို လာရောက်ဖမ်းဆီးချိန် အဖွဲ့ဝင် အမျိုးသမီး ၁ ဦးနဲ့အမျိုးသား ၇ ဦးကတော့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ PDF တပ်ဖွဲ့ဘက်ကတော့ ယနေ့စက်တင်ဘာလ ၁ ရက်နေ့အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာတော့ အာဏာသိမ်းစစ်တပ်က အင်အား ၁၀၀ ခန့်နဲ့ ကျေးရွာထဲကိုရောက်လာ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။

#သတင်း #မန္တလေးတိုင်း #မလှိုင်မြို့နယ် #ပလကဖ #အုပ်ချုပ်ရေး

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - မြေလတ်အသံ - Myaelatt Athan


မြေလတ်အသံ - Myaelatt Athan သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

မင်းတပ်မှာ စစ်အုပ်စု ဗုံးကြဲလို့ ကလေးငယ်အပါ ရှစ်ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရစက်တင်ဘာ၊ ၁ ရက်ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်...
01/09/2026

မင်းတပ်မှာ စစ်အုပ်စု ဗုံးကြဲလို့ ကလေးငယ်အပါ ရှစ်ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ

စက်တင်ဘာ၊ ၁ ရက်

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် ၊ ဝုမ်းခုမ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အပါအဝင် ရှစ်ဦးသေဆုံးပြီး (၁၅) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော်က သြဂုတ် (၃၁)ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်အုပ်စုတပ်တွေက သြဂုတ် (၃၀)ရက် ညနေငါးနာရီခွဲဝန်းကျင်မှာ ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နယ် ၊မရှိန်းလှော်အုပ်စု၊ ဝုမ်းခုမ်ကျေးရွာကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး မူလတန်းကျောင်းသားနှစ်ဦး ၊ကိုးတန်းကျောင်းသူတစ်ဦး၊ သက်ကြီးရွယ်အို အဘိုးအဘွားတွေ အပါအဝင် ဒေသခံပြည်သူ (၈)ဦး သေဆုံးခဲ့ပြီး စုစုပေါင်း ပြည်သူ (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ဒီလိုသေဆုံးဒဏ်ရာရတာတွေအပြင် နေအိမ်တွေအများအပြားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ချင်းပြည်သူ့အစည်းအရုံး CPU ထိန်းချုပ်နယ်မြေဖြစ်တဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ပြီးခဲ့တဲ့ မေလလယ်ကစပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတော်လှန်နေခဲ့ရာ မြေပြင်စစ်ဆင်ရေးမှာ အခြေအနေမကောင်းတဲ့ စစ်အုပ်စုဟာ အရပ်သားပြည်သူတွေနေထိုင်တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦတွေနဲ့ ဆေးခန်းတွေ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ အကြိမ်ရေများစွာ လုပ်ဆောင်နေခဲ့တယ်လို့လည်း ဆိုပါတယ်။

ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်အနေနဲ့ မိမိတို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ဆက်လက်ကာကွယ်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

“ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်အနေဖြင့် မိမိတို့ပြည်သူ၊ အသက်အိုးအိမ် နှင့် ဘိုးဘွားပိုင် ရေမြေတောတောင်များကို အစွမ်းကုန် ကာကွယ်သွားမည်ဖြစ်ပြီး မြေပြင်တွင် အထိနာနေသော စစ်ကော်မရှင်တပ်သည် ရှုံးမဲမဲသောအနေဖြင့် အပြစ်မဲ့အရပ်သား ပြည်သူလူထု အပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်လာနေသောကြောင့် ချင်းပြည်သူ့အစည်းအရုံး ထိန်းချုပ်နယ်မြေ အတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်းရန်ကို အထူးဂရုစိုက်ကြရန် ထပ်မံတိုက်တွန်း အပ်ပါသည်။” လို့ဖော်ပြထားပါတယ်။

အခုလေကြောင်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မင်းတပ်မြို့နယ် ပညာရေးဘုတ်အဖွဲ့ကလည်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်ကြရင်း သေဆုံးသွားကြတဲ့ မူလတန်းကျောင်းသား နှစ်ဦး ၊ကိုးတန်းကျောင်းသူ တစ်ဦး၊ သက်ကြီးရွယ်အို အဘိုးအဘွားတွေ အပါအဝင် ဒေသခံပြည်သူ (၈)ဦး ကို ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ မင်းတပ်နဲ့ ကန်ပက်လက်မှာ တိုက်ပွဲတွေငြိမ်သက်နေပြီး ချင်းပြည်နဲ့ မကွေးအစပ် ထီးလင်းမြို့နယ် ရွှေအောင်သာရွာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"လောလောဆယ်က ငြိမ်နေတယ် ။ရွှေအောင်သာဘက်မှာပဲတိုက်ပွဲဖြစ်နေတယ် "

ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ မင်းတပ်မြို့နယ်အတွင်း စစ်အုပ်စုဗုံးကြဲလို့ ရှိမ်းရွာက ၁၀နှစ်အောက် မိန်းကလေးငယ်သုံးဦး၊ကျောက်တောင်ရွာက (၂)နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူတစ်ဦး၊ ကျင်‌ဒွေးမြို့ကအမျိုးသားသုံးဦးနဲ့ အမျိုးသမီးနှစ်ဦး စုစုပေါင်း (၁၀)ဦးသေဆုံးခဲ့ပါသေးတယ်။

ဒီလိုဗုံးကြဲသတ်ဖြတ်တာအပြင် ပြီးခဲ့တဲ့ ဇွန်လဆန်းမှာပဲ စစ်အုပ်စုရဲ့ မြေပြင်စစ်ကြောင်းတွေကလည်း မင်းတပ်မြို့နယ် ထင်ချောင်းရွာက စစ်ရှောင်အဘိုးအိုတစ်ဦးနဲ့ ဆယ်တန်းကျောင်းသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

မင်းတပ်မြို့နယ်အတွင်းမှာ ၂၀၂၁ ဇန်နဝါရီလကနေ ၂၀၂၄ ဒီဇင်ဘာလအထိ လေးနှစ်တာအတွင်း အာဟာရချို့တဲ့သူတွေ၊ ဆေးကုသခွင့် ပြည့်ပြည့်ဝဝမရရှိခဲ့တဲ့ ကလေးငယ်တွေနဲ့ နာတာရှည်ရောဂါသည်တွေနဲ့ လေကြောင်း၊လက်နက်ကြီးစ ထိမှန်သူတွေအပါအဝင် စုစုပေါင်းသေဆုံးသူ ၈၀၀ နီးပါးရှိခဲ့တယ်လို့ စစ်ရှောင်တွေအရေး ကူညီပေးနေတဲ့ Mindat Township IDPs Camp Management Committee က ဇွန် (၂) ရက် ထုတ်ပြန်ထားပါတယ်။

ပုံစာ - ပြီးခဲ့တဲ့ သြဂုတ်၃၀ရက်ညနေပိုင်းက ချင်ပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ဝုမ်းခုမ်ကျေးရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားစဉ်/
ဓာတ်ပုံ - ဒေသခံ

#ချင်း #မင်းတပ် #လေကြောင်းတိုက်

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Mandalay Free Press - MFP


Mandalay Free Press - MFP သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

ငါးနှစ်ကြာပိတ်ထားတဲ့ ကလေး-တမူး လမ်းပိုင်း ပြန်လည်ဖွင့်လှစ်စက်တင်ဘာ၊ ၁ ရက်၅နှစ်ကြာပိတ်ထားတဲ့ အိန္ဒိယ-မြန်နှစ်နိုင်ငံ ကုန်...
01/09/2026

ငါးနှစ်ကြာပိတ်ထားတဲ့ ကလေး-တမူး လမ်းပိုင်း ပြန်လည်ဖွင့်လှစ်

စက်တင်ဘာ၊ ၁ ရက်

၅နှစ်ကြာပိတ်ထားတဲ့ အိန္ဒိယ-မြန်နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အရေးပါလှတဲ့ ကလေး-တမူးလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သတင်းရရှိပါတယ်။

အဆိုပါ ကလေး-တမူးလမ်းပိုင်းကို ဩဂုတ်လ ၃၁ရက်နေ့ညနေပိုင်းမှာ စတင်သွားလာလို့ရပြီလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်ဆွေက သူရဲ့ Facebook လူမှုစာမျက်နှာပေါ်တွင် ယမန်နေ့ ဩဂုတ်လ ၃၁ရက်နေ့မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

” ကလေး-တမူးလမ်းပြန်ဖွင့်ရင် တအားဝမ်းသာမှာဘဲ။ ကုန်စည်တွေတမူးကိုအလွယ်တကူ ရောက်ရှိတော့မယ်။ အရေးပေါ်ကျန်းမာရေး ဆေးသွားကုလို့ရပြီ။ ပြီးတော့ ကုန်ဈေးနှုန်းလည်းကျဆင်းလာမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မက နိုင်ငံရေးတွေတော့သိပ်နားမလည်ဘူး ကျွန်မအမြင်ပြောတာပါ။ ပြည်သူအားလုံးလည်း အဆင်ပြေမယ်လို့မျှော်လင့်တာပေါ့” လို့ တမူးဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

အဲဒီ ကလေး-တမူးလမ်းပိုင်းကို ပြန်ဖွင့်လှစ်လိုက်ပြီး ခရီးသွားလာရေး၊ အရေးပေါ် ဆေးဝါးကုသခွင့်၊ ကုန်စည်စီးဆင်းမှုနဲ့ ကုန်ဈေးနှုန်းကျဆင်းလာမှာကို ဒေသခံများမျှော်လင့်နေကြတာဖြစ်ပြီး လက်တွေ့မှာ ဘယ်လို အခြေအနေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရအုံးမယ်လို့ ဒေသခံအချို့ကပြောဆိုနေကြပါတယ်။

ကလေး-တမူးလမ်းပိုင်းက တိုက်ပွဲအတွင်းမှာ ပျက်စီးသွားတဲ့ တံတားများကို ပြန်လည်ပြုပြင် ပြီးစီးလို့ မကြာမှီ သွားလာလို့ရတော့မှာဖြစ်တယ်လို့ ဩဂုတ်လ ၃၀ ရက်နေ့က စစ်တပ်လှော်ဘီလူမှုမီဒီယာပေါ်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

ကလေး-တမူးလမ်းပိုင်းကို ၂၀၂၂ ခုနှစ်က စစ်ရေးအခြေအနေကြောင့် စတင်သွားလာလို့မရခဲ့တာဖြစ်ပြီး ယခု ၂၀၂၆ ခုနှစ်ထိ ၅ နှစ်ခန့်ကြာမြင့်လာခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုများက ကလေး-တမူးလမ်းပိုင်း စတင်ထိန်းချုပ်စိုးမိုးခဲ့ပြီးနောက် ပြည်သူများ သွားလာရေးအဆင်ပြေစေဖို့ အဆိုပါ လမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် စစ်ကောင်စီတပ်က တမူးမြို့အနီး ၄မိုင်ဂတ်နဲ့ စစ်ကောင်စီတပ်အထိုင်ချထားတဲ့ ပန်းသာကျေးရွာဂိတ်တွေကို မဖွင့်ပေးခဲ့တဲ့အတွက် ခရီးသွားပြည်သူများနဲ့ ကုန်စည်ပို့ဆောင်နေ့တဲ့ယာဉ်များ အိန္ဒိယနယ်စပ်လမ်းကို အသုံးပြုပြီး ခက်ခက်ခဲခဲနဲ့ ကွင်းသွားနေကြရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က အိန္ဒိယ-မြန်မာနယ်စပ် ကလေး-တမူးလမ်းပိုင်းကို ပြန်လည် ထိန်းချုပ် ဖွင့်လှစ်နိုင်ဖို့ ဇွန်လ ၇ရက်နေ့မှာစတင်ပြီး မြေပြင်၊ ဝေဟင်နဲ့ စစ်အင်အားထောင်ချီအသုံးပြုပြီး ၂လခန့်ကြာ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဇူလိုင်လ ၃၁ ရက်နေ့မှာ အပြီးသတ်ထိန်းချုပ်ခဲ့ပြီးနောက် ဩဂုတ်လ ၃၁နေ့ညနေမှာ ကလေး-တမူးလမ်းပိုင်းကို ၅နှစ်ခန့်ကြာမှ ပထမအကြိမ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံအညွန်း - ကလေး-တမူးလမ်းမပေါ်ရှိ ပြန်လည်ပြုပြင်ထားတဲ့တံတားအားတွေ့ရစဉ်။

ဓာတ်ပုံ – လူမှုကွန်ယက်

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Zalen


Zalen သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Burma Media Consortium - BMC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma Media Consortium - BMC:

Shortcuts

  • Want your business to be the top-listed Media Company?

Share