03/12/2024
The Rebels Of Anyar 1920s (စ/ဆုံး)
•••••••••••••••••••••••••••••••••••••••••••••
#ခက်ဇော်
"ဗိုလ်စံဖဲ"
အပိုင်း (၁)
https://www.facebook.com/61550256284848/posts/122171315564008542/
အပိုင်း (၂)
https://www.facebook.com/61550256284848/posts/122171489138008542/
အပိုင်း (၃)
https://www.facebook.com/61550256284848/posts/122171560292008542/
အပိုင်း (၄)
https://www.facebook.com/61550256284848/posts/122171696264008542/
အပိုင်း (၅)
https://www.facebook.com/61550256284848/posts/122171785724008542/
အပိုင်း (၆)
https://www.facebook.com/61550256284848/posts/122171882852008542/
အပိုင်း (၇)
https://www.facebook.com/61550256284848/posts/122171909150008542/
အပိုင်း (၈)
https://www.facebook.com/61550256284848/posts/122171992838008542/
အပိုင်း (၉)
https://www.facebook.com/61550256284848/posts/122172089954008542/
အပိုင်း (၁၀)
https://www.facebook.com/61550256284848/posts/122172116564008542/
အပိုင်း (၁၁)
https://www.facebook.com/61550256284848/posts/122172298598008542/
အပိုင်း (၁၂)
https://www.facebook.com/61550256284848/posts/122172321716008542/
အပိုင်း (၁၃)
https://www.facebook.com/61550256284848/posts/122172410996008542/
အပိုင်း (၁၄)
https://www.facebook.com/61550256284848/posts/122172507170008542/
အပိုင်း (၁၅)
https://www.facebook.com/61550256284848/posts/122172564284008542/
အပိုင်း (၁၆)
https://www.facebook.com/61550256284848/posts/122172717026008542/
အပိုင်း (၁၇)
https://www.facebook.com/61550256284848/posts/122172765344008542/
အပိုင်း (၁၈)
https://www.facebook.com/61550256284848/posts/122172794750008542/
အပိုင်း (၁၉)
https://www.facebook.com/61550256284848/posts/122172985250008542/
အပိုင်း (၂၀)
https://www.facebook.com/61550256284848/posts/122173061486008542/
အပိုင်း (၂၁)
https://www.facebook.com/61550256284848/posts/122173085378008542/
အပိုင်း (၂၂)
https://www.facebook.com/61550256284848/posts/122173139768008542/
အပိုင်း (၂၃) ဇာတ်သိမ်း
https://www.facebook.com/61550256284848/posts/122173264964008542/
_______________________________________________
Like & Share လေးနဲ့အားပေးသွားခဲ့ကြပါခင်ဗျ။🤗
#ဆရာခက်ဇော်
မူရင်း Page...
Khet Zaw
#𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳
#အကြိုက်
The Rebels Of Anyar 1920s (1)
••••••••••••••••••••••••••••••••••••••••
အခန်း(၁)...............
#ခက်ဇော်
၁၉၂၄ ခုနှစ်။ ဒီဇင်ဘာလ ၂၄ ရက်။ ညနေ ၃ နာရီအချိန်။
သာစည်မြို့၊ အရှေ့ပိုင်း၊ ရွှေမင်းဝံတောင်ရိုးအစပ်တစ်နေရာ။
လေထဲတွင် ရှေ့ဆင့်နောက်ဆင့် မြောက်တက်သွားသော “အေစကော့”ကုမ္ပဏီတံဆိပ် ဘိလပ်ရည်ပုလင်းလွတ်နှစ်လုံး။
“ဒိုင်း” “ဒိုင်း”
ခြောက်လုံးပြူးသေနတ်သံက နှစ်ချက်။
“ခွမ်း”
ပုလင်းကွဲသံတစ်ချက်။
မြေပြင်ပေါ်သို့ ပြန်ကျလာသောအခါ တစ်လုံးကား ကြေမွ၊ တစ်လုံးကား အကောင်းပကတိ။
“Bloody Fool”
ခရိုင်ရဲဝန် ဒေါက်တာ ဖော်တီဂါအိုးနေးလ် က တစ်ချက် ဆဲရေးလိုက်သည်။
ထို့နောက် သူ့လက်ထဲမှ သေနတ်ကို နံဘေးမှ အသက်(၁၉)နှစ်အရွယ် လူငယ်အား ကမ်းပေးလိုက်၏။
“မောင်မောင်..မင်းကို ဘုရားသခင်ကောင်းချီးပေးပါစေကွာ”
မောင်မောင်ဆိုသည့် လူငယ်က ပြုံးရယ်လျက် ခြောက်လုံးပြူးကို ယူလိုက်၏။
ကော်စမတ်တစ်ရွှဲနေအောင်လိမ်းထားပြီး နောက်သို့လှန်ဖီးထားသည့် ဘိုကေ။ အသား ခပ်လတ်လတ်၊ နှုတ်ခမ်းထူထူ ၊ သွားဖွေးဖွေးတို့ ပေါ်အောင် ပြုံးတတ်သော ထိုလူငယ်။
လူငယ်က သူ့လက်ထဲရောက်လာသည့် ခြောက်လုံးပြူး၏ ကျည်အနေအထားကို စစ်ဆေးသည်။
နောက်ထပ် ဘိလပ်ရည်ပုလင်းလွတ်နှစ်လုံးကို ကိုင်ကာ အသင့်ဖြစ်နေသော ဗလထွားထွား အိန္ဒိယသား ရုံးလုလင်ကြီးကို ခေါင်းဆတ်ပြလိုက်သည်။
ပုလင်းနှစ်လုံးက လေထဲတွင် လွင့်ခနဲ။
“ဒိုင်း” “ဒိုင်း”
“ခွမ်း” “ခွမ်း”
လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။
သူတို့ပြိုင်ပွဲကို ထိုင်ကြည့်နေကြသော ဖေးဘရစ်ရှပ်သားရေ ကုမ္ပဏီမှ အရာရှိ မစ္စတာ တရေ့စ် ၊ သာစည် အိုင်စီအက်စ် အရေးပိုင် မစ္စတာမာတင် နှင့် နောက်လိုက်ဝန်ထမ်းများထံမှ ထွက်ပေါ်လာခြင်းပင်။
ဒေါက်တာ ဖော်တီဂါက ရှက်ရယ်ရယ်လိုက်သည်။
ထို့နောက် မောင်မောင်ထံသို့ သွားက ပုခုံးကို ဖက်လိုက်၏။
“မင်းကတော့ ဘုရားပေးတဲ့ လက်ပိုင်ရှင်ပဲ..မောင်မောင်..ဂုဏ်ယူပါတယ်ကွာ”
မောင်မောင် က မစ္စတာဖော်တီဂါကို လက်တစ်ဖက်ဖြင့် ဆလုရိုက်ဟန်ပြုကာ အင်္ဂလိပ်ဘာသာစကားဖြင့်ပင် ပြန်ပြောလိုက်သည်။
“ကမ္ဘာစစ်ပြန်ကြီးတစ်ယောက်ကို အနိုင်ယူလိုက်ရတာ..အားနာပါတယ်ဗျာ..ကျွန်တော့်ကို ခွင့်လွှတ်ပါ..ဒေါက်တာ”
ဒေါက်တာဖော်တီဂါနှင့် မောင်မောင်တို့ အနားသို့ မစ္စတာတရေ့စ်နှင့် မစ္စတာမာတင်တို့ ရောက်လာကြသည်။
“ငါ့သား”
မစ္စတာတရေ့စ်က မောင်မောင်ကို ဂုဏ်ယူစွာဖက်လိုက်၏။
“ဟေ့..တရေ့စ်...မင်း သား က အတော်လေးကို လက်ဖြောင့်နေပါလား..ဟိုက်စကူးပြီးရင်တော့ ပုလိပ်အရာရှိကျောင်းပို့ကွာ”
ဆံပင်ဖြူဖြူ၊ ခါးကိုင်းကိုင်း အရေးပိုင်းမစ္စတာမာတင်က ရယ်မောရင်း ဆိုလိုက်သည်။
“တရေ့စ်ရေ...ကျုပ်က အရှုံးသမားဆိုတော့ ဒီက သူရဲကောင်းကို ညစာကျွေးမယ်လို့ ကတိပေးထားသဗျာ..အဲ့ဒါ..ခင်ဗျားတို့ လိုက်ကြဦးမလား”
ဒေါက်တာဖော်တီဂါ စကားကို မစ္စတာတရေ့စ်က ခေါင်းခါလိုက်သည်။
“ဆောရီးပါ..ဒေါက်တာလေး..မနက်ဖြန် ခရစ္စမတ်နေ့ဆိုတော့ ကျုပ် ကုမ္ပဏီလုပ်သားတွေ ပါတီပွဲအတွက် ပြင်ဆင်နေတာကို သွားကြည့်ရဦးမယ်..ကျုပ်သားကို ခင်ဗျားဆီပဲ စိတ်ချစွာ အပ်ခဲ့ရမှာပေါ့”
“မာတင်..ခင်ဗျားရော”
“ကျုပ်က အသက်ကြီးပါပြီဗျာ..ညဆို ဝိုင်လေးတစ်ခွက်လောက်သောက်ပြီး အသားလေးတစ်ဖတ်နှစ်ဖတ်စား၊ စာအုပ်လေးဘာလေးဖတ်ပြီး တန်းအိပ်တော့တော..ကိုယ့်လူတို့ပဲ သွားကြပါ”
“ကဲ..ဒါဆိုလည်း မောင်မောင်နဲ့ ကျုပ်ပဲပေါ့”
ဒေါက်တာဖော်တီဂါ က သူ့ခြောက်လုံးပြူးသေနတ်ကို သေချာစွာ ကျည်ရှင်းပြီး ရှေ့မှ ထွက်သွား၏။
“မောင်မောင်..ခဏ”
မစ္စတာတရေ့စ်က မောင်မောင် ကို ခေါ်လိုက်သည်။
ထို့နောက် အနီးသို့ ကပ်ကာ လေသံတိုးတိုးဖြင့်
“အရမ်းမိုးမချုပ်စေနဲ့..အများကြီးမသောက်နဲ့..ပြီးတော့..ဒီဆရာဝန် က ပြဿနာကောင်နော်..မင်းကိုယ်မင်း ဂရုစိုက်ပါ..ငါ့သား”
“စိတ်ချပါ..ဒယ်ဒီ..ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်”
မောင်မောင်က ခပ်လှမ်းလှမ်းရောက်သွားပြီဖြစ်သည့် ဒေါက်တာဖော်တီဂါထံသို့ ပြေးလိုက်သွားသည်။
သူ့အနားသို့ရောက်လာသော မောင်မောင်ကို ဒေါက်တာဖော်တီဂါက တချက်မျက်လုံးစွေကြည့်လိုက်၏။
“ဘယ်လိုလဲ..အဘိုးကြီးက ထုံးစံအတိုင်းမှာလိုက်ပြန်ပြီလား”
“ဒါပေါ့ဗျာ..ခင်ဗျားနဲ့ကျုပ် ပေါင်းမိမှာ သူကြောက်နေပြီ..ဟားဟား”
“အေး..ငါလည်း မင်းကို ခေါ်ထုတ်လို့ရအောင်..တမင် သေနတ်တချက်ကို လွှဲပစ်လိုက်တာဟ”
“ဟုတ်လို့လားဗျာ..မထိရင် မထိဘူးပေါ့”
“အေး..ဘားရောက်မှ အဲ့ကိစ္စ ထပ်ငြင်းကြတာပေါ့..ခွေးကောင်လေး”
မြင်းနှစ်ကောင်ဆွဲသော ဒေါက်တာဖော်တီဂါ၏ ဒေါက်ကပ်ပေါ်သို့ သူတို့နှစ်ယောက် တက်လိုက်ကြသည်။
“ဒါနဲ့..ဒေါက်တာ ဖော်တီဂါ..ကျွန်တော် သူငယ်ချင်းတစ်ယောက်ကို ခေါ်လို့ရမလား”
“ရတာပေါ့ကွ..နှစ်ယောက်တည်းဆို ပျင်းပျင်းရှိနေတာနဲ့..ခေါ်ခေါ်”
“ဗမာလူမျိုးနော်”
“အေးပါ”
“အညာသားပဲနော်”
“ဟ..မင်းလည်း အညာသားပဲမဟုတ်လား”
“တခြားမဟုတ်ပါဘူး..ခင်ဗျားတို့ အင်္ဂလိပ်တွေက..အညာသားဆို ကြောက်ကြလွန်းလို့..ဟားဟား”
“ဟေ့ကောင်..ငါ အင်္ဂလိပ်မဟုတ်ဘူးကွ..အိုင်းရစ်..အိုင်ယာလန်ပြည်သားကွ”
“ဟုတ်ပါပြီ...ဒါဆိုခေါ်လိုက်မယ်”
မောင်မောင်က ဘာဂီတံခါးကို ဖွင့်၊ လက်နှစ်ဖက်ကိုအုပ်ကာ နှုတ်ခမ်းနားတွင် ကပ်လျက် ချိုးကူသံ ပေးလိုက်၏။
ကွင်းပြင်အစပ်မှ လူငယ်တစ်ယောက်ပြေးထွက်လာသည်။
ထို့နောက် အရှိန်ဖြင့်ထွက်ခါစ ဘာဂီပေါ်သို့ လွှားခနဲ ခိုတက်ကာ ပြတင်းပေါက်မှာ တဆင့် ခုန်ဝင်လိုက်သည်။
သို့သော် ပြတင်းတံခါးတွင် သူ့ခြေတံကြီးက တစ်နေသဖြင့် မောင်မောင်က အထဲသို့ ဆွဲသွင်းယူရ၏။
အရပ်မြင့်မြင့်၊ ခြေတံလက်တံရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ သျှောင်ငုတ်စိကို ထုံးထားသည့် အင်္ကျီဗလာကျင်း၊ ပုဆိုးခါးတောင်းကျိုက်လူငယ်ကို ဒေါက်တာ ဖော်တီဂါက က မျက်လုံးပြူးပြီး ကြည်နေ့သည်။
ဘာဂီမှာ ကျဉ်းသဖြင့် သူတို့အောက်တွင် ဂလန်ဂလားလူငယ်က သူ့ဒူးခေါင်းရှည်နှစ်လုံးကို ထောင်ကာ ထိုင်လိုက်၏။
“ဒေါက်တာ..သူ့နာမည်က မောင်နီတဲ့...Red..Mr.Red ပေါ့...ကျွန်တော်တို့ တစ်ရွာတည်းသားသူငယ်ချင်းပဲ”
ဒေါက်တာဖော်တီဂါက သဘောတကျဖြင့် မောင်နီအား လက်ကမ်းပေးလိုက်သည်။
မောင်နီက သူ့လက်တံရှည်ကြီးကို ထုတ်ကာ ပြန်ကမ်းပေးလိုက်ရင်း ပါးစပ်မှ ပြောလိုက်၏။
“ဘလယ်ဒီဖူး..မာစတာ..ဘလယ်ဒီဖူး”
ဒေါက်တာဖော်တီဂါမှ မအီမလည်မျက်နှာဖြင့် မောင်မောင်အား လှမ်းကြည့်လိုက်သည်။
မောင်မောင်က ရယ်လိုက်၏။
“ဒီလို...ဒေါက်တာရဲ့...ကျုပ်တို့ရွာမှာ အင်္ဂလိပ်ဆိုလို့..ရွာကို လာတဲ့ သစ်ကုမ္ပဏီက အရာရှိတစ်ယောက်ကို ကောင်းကောင်းကြုံဖူးကြတာ..ဟိုလူက သူ့ အစေခံ အိန္ဒိယသားကို စိတ်တိုင်းမကျတိုင်း ဘလယ်ဒီဖူး..ဘလယ်ဒီဖူး ဆိုပြီး အကျယ်ကြီးဆဲတယ်လေ...ဟိုလူကလည်း သူ့ဘယ်လောက်ဆဲဆဲ ရယ်ကျဲကျဲနဲ့ပဲ..အဲ့ဒါနဲ့...တစ်ရွာလုံးက အင်္ဂလိပ်စကား ဘလယ်ဒီဖူး ဆိုတာ ကောင်းတာပြောတယ်ပဲ...အလွတ်မှတ်ထားမိကြတာ..ဒါကြောင့်ပါ..ဟဲဟဲ”
ဒေါက်တာဖော်တီဂါက သဘောကျစွာဖြင့် တဟားဟား အော်ရယ်လိုက်သည်။
ထို့နောက် မောင်နီ၏ လက်ကို ဆွဲကိုင်ရင်း..အားရပါးရအော်လိုက်၏။
“ဘလယ်ဒီဖူး..ဘလယ်ဒီဖူး”
..............................................................................
အင်္ဂလိပ်တို့ မန္တလေးနေပြည်တော်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ၂၉ နှစ်အကြာ။
၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားခဲ့သည်။
ဗြိတိသျှအင်ပါယာသည်လည်း ပြင်သစ်၊ရုရှားတို့ဘက်မှ ကမ္ဘာစစ်တွင် ပါဝင်ခဲ့ပြီး ဂျာမနီ၊ တူရကီ၊ သြစတြီးယားနိုင်ငံတို့အား တိုက်ခိုက်ခဲ့ကြ၏။
ထိုစစ်ပွဲအတွင်း မြန်မာနိုင်ငံအပါအဝင် ဗြိတိသျှကိုလိုနီနိုင်ငံမှ စစ်သားအများအပြားပါ ဝင်ရောက်တိုက်ခိုက်ခဲ့ကြရသည်။
ပထမကမ္ဘာစစ်စတင်ဖြစ်ပွားပြီး နှစ်နှစ်အကြာတွင် ဗြိတိသျှအင်ပါယာအတွင်းမှ ကိုလိုနီနိုင်ငံများမှ စီးပွားရေး စတင်ကျဆင်းလာကြ၏။
၁၉၁၈ နိုဝင်ဘာ ၁၀ ရက်နေ့တွင် စစ်ပွဲ၏ အဓိကဇာတ်ကောင် ဂျာမန်ကိုင်ဇာဘုရင် ထီးနန်းစွန့်သွားခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်နေ့ မိုးသောက်ယံအချိန်တွင် ပထမကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့လေသည်။
ပထမကမ္ဘာစစ်တွင် ဗြိတိသျှအင်ပါယာသည် စစ်နိုင်သည့်ဘက်မှ ဖြစ်သော်လည်း ပေးဆပ်မှုများစွာရှိခဲ့၏။
ယင်းမှာ လက်အောက်ခံကိုလိုနီနိုင်ငံမှ စစ်သည်အများအပြားကို ပထမကမ္ဘာစစ်တွင် အသုံးပြုခဲ့ရပြီး စစ်ပွဲအတွေ့အကြုံပေးလိုက်ခြင်းပင်။
ပထမကမ္ဘာစစ်အတွင်း ဆေးတပ် ကပ္ပတိန်အဆင့်ဖြင့် ပါဝင်ခဲ့ရသော ဗြိတိန်လက်အောက်ခံ အိုင်ယာလန်မှ ဆရာဝန် ဒေါက်တာဖော်တီဂါအိုးနေးလ် သည် စစ်ပွဲပြီးသည့်နောက် အရပ်ဘက်ဝန်ထမ်းအဖြစ် ဗြိတိသျှကိုလိုနီ မြန်မာပြည်သို့ ခရိုင်ရဲဝန်နှင့် ဆရာဝန်ကြီးအဖြစ် တာဝန်ကျလာခဲ့သည်။
ဒေါက်တာဖော်တီဂါမှာ အိုင်းရစ်လူမျိုးဖြစ်သည့်အပြင် အသက်(၃၀)အရွယ်ခန့်သာရှိသေးသဖြင့် အခြားလူလတ်ပိုင်း အင်္ဂလိပ်လူမျိုးများနှင့် အစေးမကပ်လှ။
အထူးသဖြင့် သူ၏ လက်အောက်မှ အင်္ဂလိပ်လူမျိုးရာဇဝတ်အုပ်များအတွက် အထက်အရာရှိ မှာ အိုင်းရစ်လူမျိုးဖြစ်နေသည့်အတွက် မခံချိမခံသာဖြစ်နေကြသည်။
ထို့ကြောင့် ဒေါက်တာဖော်တီဂါမှာ အသက်ကြီးပိုင်းဖြစ်သော ဖေးဘရစ်ရှပ်သားရေကုမ္ပဏီအရာရှိ မစ္စတာတရေ့စ်၊ အရေးပိုင်ကြီး မစ္စတာမာတင်တို့နှင့်သာ အတွဲများ၏။
မစ္စတာတရေ့စ်သည် အင်္ဂလန်တွင် အိမ်ထောင်နှင့်သားသမီးများရှိသော်လည်း သာစည်တွင် တစ်ဦးတည်းလာရောက်နေထိုင်သူဖြစ်သည်။
ဖေးဘရစ်ရှပ်သားရေကုမ္ပဏီကို ဒိန်းမတ်လူမျိုး မစ္စတာ အက်ဖ်စီ ဖေးဖရစ်ရှပ် က ၁၈၈၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့၏။
၁၉၁၀ ပြည့်နှစ်တွင် သာစည်မြို့၌ ဖေးဖရစ်ရှပ်ကုမ္ပဏီခွဲကို ဖွင့်လှစ်ခဲ့ပြီး ကျွဲသားရေ၊ နွားသားရေများ ရောင်းဝယ်ရေးကို စတင်ခဲ့သည်။
စကော့တလန်သား မစ္စတာတရေ့စ်မှာ ဖေးဖရစ်ရှပ်ကုမ္ပဏီခွဲ၏ ဒေသဆိုင်ရာမန်နေဂျာအဖြစ် ရောက်ရှိလာခဲ့ပြီးနောက် ပျော်ဘွယ်မြို့မှ သားရေအဝယ်တော်ကိုယ်စားလှယ်ဖြစ်သူ ကိုလုံး နှင့် ခင်မင်ရင်းနှီးခဲ့၏။
ကိုလုံးနှင့် ဇနီးဖြစ်သူ မသင်တို့မှာ သားသမီးမထွန်းကားသဖြင့် သာစည်နယ်၊ ဂုံညင်းနွယ်ဘွဲ့ခြားရွာမှ မသင်၏ မောင်ဖြစ်သူကို မွေးစားခဲ့ကြသည်။
ထိုလူငယ်မှာ ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်၊အင်္ဂလိပ်ကျောင်းတွင် ငါးတန်းအောင်သည်အထိ တတ်မြောက်ခဲ့၏။
ကိုလုံးမှာ အလုပ်ကိစ္စဖြင့် မစ္စတာတရေ့စ်ရှိရာ သာစည်သို့ သွားသည့်အခါ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကျွမ်းကျင်သော မွေးစားသားတဖြစ်လဲ လူငယ်ကို ခေါ်ယူသွားရသည်။
မစ္စတာတရေ့စ်မှာ အင်္ဂလိပ်စာ၊စကားကို ကျွမ်းကျင်စွာပြောတတ်သည့် ထိုလူငယ်လေးကို ခင်မင်ခဲ့၏။
နောက်ဆုံးတွင် သူ၏ အင်္ဂလန်မှ သားဖြစ်သူနှင့်ရွယ်တူဖြစ်သဖြင့် အလွမ်းပြေ မွေးစားခွင့်ပြုရန် ကိုလုံးထံ ခွင့်တောင်းခဲ့သည်။
“မောင်မောင်” ဟု အမည်ပြောင်းပေးပြီးနောက် သာစည်မြို့၊ အေဘီအမ်ကျောင်းအုပ်ဆရာကြီး ဦီးဘိုးလူထံ မစ္စတာတရေ့စ်ကိုယ်တိုင်အပ်နှံကာ ပညာသင်စေခဲ့၏။
ညပိုင်းတွင် မစ္စတာတရေ့စ်က အင်္ဂလိပ်စာအပြင် အခြား အသိပညာများကို သီးသန့်သင်ကြားပေးသည်။
ထို့ပြင် မစ္စတာတရေစ့် တောလိုက်ရာတွင် ခေါ်ယူသွားရာမှာ သေနတ်ပစ်ခြင်းကိုပါ သင်ယူစေခဲ့၏။
မောင်မောင်ကား မစ္စတာတရေ့စ်၏ သားအဖြစ်နှင့် မျက်နှာဖြူအရာရှိအသိုင်းအဝိုင်းတွင် နာမည်ကျော်သည်။
သေနတ်ပစ်လက်ဖြောင့်သလို...မဟုတ်သည့်ကိစ္စမှန်သမျှအရာတွင် မောင်မောင်သည် ကျော်ကြား၏။
သာစည်သို့ရောက်လာသော အိုင်းရစ်သား ဒေါက်တာဖော်တီဂါမှာလည်း မောင်မောင်နှင့် များမကြာမီ အဖွဲ့ကျသွားချေပြီ။
..............................................................................
သာစည်၊ ဂါတ်ဘား။
သာစည်ဂါတ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသဖြင့် ဂါတ်ဘားဟု အလွယ်ခေါ်လိုက်ကြခြင်း။
အညာမြို့ခံများမှာမူ ထိုဘားဆိုင်ကို သူတို့နှင့် မသက်ဆိုင်သလို ဝေးဝေးကရှောင်ကြ၏။
အင်္ဂလိပ်အရာရှိငယ်အချို့၊ အင်္ဂလိပ်ကပြား၊ အိန္ဒိယ နှင့် ဗမာ ပုလိပ်အရာရှိများ၊ သစ်ကုမ္ပဏီ၊ စပါးကုမ္ပဏီများမှ ဥရောပသားများ၊ ရံဖန်ရံခါ ရှမ်းပြည်မှဆင်းလာတတ်သော အင်္ဂလိပ်စစ်ဗာရီအချို့သာ ကျက်စားရာ။
ဘားဆိုင်ဖွင့်ထားသူမှာ သစ်ကုမ္ပဏီမှ အင်္ဂလိုအင်ဒီယန်းကပြား မစ္စတာဒီလာနေး။
ခရိုင်ရဲဝန်ဒေါက်တာဖော်တီဂါ ဝင်လာသဖြင့် ဆိုင်ရှင် ဒီလာနေးမှာ ပျာယာခတ်သွား၏။
ဘိလက်ခုံမှ ထိုးလက်စ ပုလိပ်သားများပင် ရပ်တန့်သွားသည်။
အခြားမဟုတ်။
ဒေါက်တာဖော်တီဂါ နောက်မှ ပါလာသော ဗမာလူငယ်နှစ်ယောက်ကြောင့်။
မောင်မောင်ကတော့ မစ္စတာတရေ့စ် မွေးစားသားမို့ အားလုံးသိကြသည်။
အင်္ကျီဗလာကျင်း၊ ပုဆိုးခါးတောင်းကျိုက်၊ ခြေတံရှည်ရှည်ဖြင့် မောင်နီကို သူတို့ ကြောင်ကြည့်နေကြခြင်း။
“ဟေ့...ဒီလာနေး...ဒီနံရံက ကုတ်က မင်းဟာလား”
ဒေါက်တာဖော်တီဂါက မေးလိုက်သည်။
“ဟုတ်ကဲ့ပါ..သခင်”
“ဘယ်လောက်ပေးရလဲ”
“လေးကျပ်ခွဲပါ သခင်”
“လေးကျပ်ထားကွာ...ငါ့ကိုအခုရောင်းလိုက်..လကုန်မှယူ”
“ဟုတ်ကဲ့ပါ...သခင်..ဟုတ်ကဲ့”
ဒေါက်တာဖော်တီဂါက ကုတ်အင်္ကျီကို လှမ်းယူကာ မောင်နီထံ ပစ်ပေးလိုက်သည်။
“ဝတ်”
မောင်နီက နားမလည်။ မောင်မောင်ကို လှမ်းကြည့်သည်။
“မင်းကို ဝတ်လိုက်လို့ပြောတာ”
မောင်နီက သွားကို ဖြဲကာ ကုပ်အင်္ကျီကို ပျာပျာသလဲ ကောက်စွပ်လိုက်၏။
ကုတ်အင်္ကျီနှင့် ခါးတောင်ကျိုက်။
လိုက်ဖက်နေလေပြီ။
“ပုဆိုးကို ဖြည်လိုက်ဟ..စောက်တောသားရ”
မောင်မောင်က ဟောက်သည်။
ငနီက ရယ်ကျဲကျဲနှင့် ပုဆိုးကို ဖြည်ချလိုက်၏။
ကြေမွနေသော အကွက်ကြဲပုဆိုးနှင့် မီးပူထိုးဖယောင်းတိုက်ထားသော ကုတ်အင်္ကျီနီညိုရောင်။
လိုက်ဖက်နေသော ပသာဒ ဖြစ်မှုကို ဘားတစ်ခုလုံး ကြောင်ကြည့်နေပြန်သည်။
“ဘရန်ဒီတစ်လုံးချ....ဝက်အူချောင်းကြော်ချ...ဆိုဒါနှစ်လုံး..မန္တလေးရထား ရောက်လား”
“ရောက်ပါတယ်..သခင်”
“အေး..ဒါဆိုရေခဲပါမှာပဲ..ရေခဲချ...ဟေ့..မိုင်ဖရန့်တို့ ချကြမယ်”
ဘားထဲမှ ဥရောပသားအချို့က နှာခေါင်းရှုံ့လျက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။
မန္တလေးမှ ရထားဖြင့် အထူးမှာယူထားရသော ရေခဲတုံးလေးများ၊ ဘုရားသခင်ဖန်ဆင်းသော သစ်သီးတို့အား ပေါင်းစပ်ထားသည့် မွှေးပျံ့သော ဘရန်ဒီ။
“ချီးယား”
သူတို့ သောက်ကြလေပြီ။
...........................................
သူတို့ မူးကြလေပြီ။
“မောင်မောင်..ဟိုမှာ ကျူတံကိုင်ထားတဲ့ အင်္ဂလိပ်ကောင်ကို မင်းသိလား”
ဒေါက်တာဖော်တီဂါ ဇာတ်လမ်းစချေပြီ။
“သိတယ်လေ.ဌာနအုပ် စမစ် ပဲ”
“အေး..ဒီကောင့်ယောက္ခမ က ရွှေဘိုကော်မရှင်နာမင်းကြီး မစ္စတာဘိုရေး တဲ့...ဒီကောင် စောက်ချိုးမပြေဘူး”
“ဗျာ”
“ငါက သူ့အထက်အရာရှိကွ..အဲ့ဒါ..ငါ့ကို နောက်ကွယ်မှာ.. အိုင်းရစ်ကျွန်ကောင် က ဆရာလုပ်တာခံနေရတယ်ဆိုပြီး အမြဲပြောတယ်..ပြီးတော့..ငါ့အလုပ်တွေကိုလည်း သူ့ယောက္ခမအားကိုးနဲ့ အမြဲတမ်း ကန့်လန့်တိုက်နေတာ..ဒီကောင်လုပ်တာနဲ့ ဗမာရာဇဝတ်အုပ်တွေကပါ ငါ့ကို မလေးစားကြတော့ဘူး”
“အဲ့ဒီတော့ ခင်ဗျားက ဘာလုပ်ချင်တာလဲ”
“ဒီည ဒီကောင့်ကို ငါတွယ်မယ်..မောင်မောင်”
“ဟ”
“ဟုတ်တယ်..ဒီ ယောက္ခမအားကိုး အင်္ဂလိပ်ကောင်ကို လုပ်ငန်းခွင်ထဲမှာတော့ မလုပ်ဘူး..ဒီညပဲ..အိုင်းရစ်သွေးပြရမယ်”
“ဟေ့..ဒေါက်တာ..ခင်ဗျားက သူ့အရာရှိလေ”
“ဘာဖြစ်တုန်း”
“ခင်ဗျားလုပ်လိုက်ရင် ခင်ဗျားက ရာထူးရာခံနဲ့..ထိခိုက်လိမ့်မယ်.. ..အိုင်းရစ်သွေးလည်း ပြမနေနဲ့..ဒီလောက်လူပါးဝနေတာ..ကျုပ်တို့ အညာသားသွေးပြမယ်”
“ဟေ”
“သွား..ခင်ဗျားပြန်တော့..ကျုပ်နဲ့ မောင်နီချမယ်”
“ဟာ..မလုပ်နဲ့...မင်း မလုပ်နဲ့ မောင်မောင်..မင်းအဖေနဲ့ငါ စကားများရမယ်”
ဘေးနားမှ မောင်နီကတော့ သူတို့ပြောသမျှ ဘာမှ နားမလည်။
ဘရန်ဒီကိုကျိုက်သည်။ ဝက်အူချောင်းကို ကိုက်သည်။
“ဒီဘက်ကို ကြည့်နေပါလား..ရုပ်က သရော်တော်တော်နဲ့..ကျုပ်သွားလုပ်မယ်..ဒေါက်တာ”
“ဟေ့..တော်ပြီ..မောင်မောင်.မင်းလည်း ပြန်မယ်..ငါလည်း ပြန်မယ်..မလုပ်နဲ့တော့..ထဟေ့”
ဒေါက်တာဖော်တီဂါ က မောင်မောင့် ပခုံးကို ဖိကာ ထလိုက်၏။
“လာ..ကောင်လေးတို့..ငါရော မင်းတို့ပါ မူးနေပြီ..ပြန်ကြစို့..ဟေ့...မနက်မှ ကျသလောက် ငါရှင်းမယ်..ဒီလာနေး”
အော်သံကြောင့် ဘိလိယက်ထိုးလက်စ သာစည်ဌာနအုပ် စမစ်နှင့် ရာဇဝတ်အုပ်ကိုညီမောင်တို့ က သူတို့ကို တစ်ချက်ကြည့်လိုက်သည်။
ဘိလိယက်ခုံရှေ့မှ ထွက်စဉ် မောင်မောင်က စမစ်ကို တစ်ချက်ပြန်ကြည့်လိုက်၏။
စမစ်က “ထွီ”ခနဲ တံတွေးထွေးဟန်လုပ်ပြသည်။
မောင်မောင်က မသိဟန်ဆောင်လိုက်၏။
အပြင်ဘက် ဘာဂီပေါ်တွင် ဘာဂီမောင်းသူက အနောက်တွင် အိပ်နေရာမှ လူးလဲထလာသည်။
မစ္စတာဖော်တီဂါကို သူတို့ ဘာဂီပေါ် တင်ပေးလိုက်၏။
“ဂျောင်း”
ဘာဂီက ငြိမ့်ခနဲထွက်သွားသည်။
“ဒီမယ်..မောင်မောင်ရ”
မစ္စတာဖော်တီဂါက စကားပြောလိုက်သော်လည်း မောင်မောင် ပါမလာ။ မောင်နီလည်း ပါမလာ။
............................................................................
ဘိလိယက်ခုံပေါ်သို့ လွှားခနဲ တက်လာသည့် တစ်စုံတစ်ယောက်ကြောင့် ဌာနအုပ်စမစ်မှာ အလန့်တကြားမော့ကြည့်လိုက်သည်။
“မင်းမေလိုးလား..ဟေ့ကောင်”
မောင်မောင် က စမစ်၏ မျက်နှာကို အရှိန်ဖြင့် ဖြတ်ကန်ချလိုက်၏။
ရုတ်တရတ်မို့ စမစ်မှာ ဘေးသို့ ယိုင်ကျသွား၏။
မောင်မောင်၏ ဘေးတိုက်အနေအထားတွင် ရှိနေသော ရာဇဝတ်အုပ် ကိုညီမောင်က သတိဝင်လာသည်။
မောင်မောင်ကို ကျူတံဖြင့် လွှဲရိုက်သည်။
“ဖြောင်း”
မောင်မောင်၏ တင်ပါးတည့်တည့်သို့။
အနောက်မှ မောင်နီက ပုဆိုးကို ခါးတောင်မြှောင်နေအောင် ကျိုက်လိုက်သည်။
နောက်တချက် လွှဲရိုက်ရန် ပြင်နေသော ကိုညီမောင် ကို လက်ဝှေ့ထိုးနေကျ သူ့လက်ဖျံကြီးဖြင့် ယမ်းထည့်လိုက်၏။
ကိုညီမောင်မှာ ဖင်ထိုင်လျက် ကျသွားသည်။
စမစ် ပြန်ထလာ၏။
နောက်ထပ် ပုလိပ်အရာရှိတချို့က ကျူတံများဖြင့်။
တဖြောင်းဖြောင်း။
မောင်မောင်က စမစ်ထံသို့သာ ဦီးတည်ဝင်လုံးသည်။ မောင်နီက သူ့လက်တံ ခြေတံရှည်ကြီးဖြင့် သူတက်မြောက်ထားသော ဗန်ဒိုအကွက်များသုံးကာ ရသလောက် ရမ်းသည်။
ပထန်လူမျိုး စစ်ဗာရီကြီးသုံးဦးက ရန်ပွဲကို ဖြန်ဖြေ၏။
ထောင်ထောင်မောင်းမောင်းသန်သန်မာမာ စမစ်နှင့် မောင်မောင်မှာ မြေပြင်တွင် နပန်းသတ်နေဆဲ။
ကိုညီမောင် ထုတ်ပေးသော လက်ထိပ်ဖြင့် စစ်ဗာရီများက မောင်မောင်ကို ချုပ်ပြီး ခတ်သည်။
မောင်နီကတော့ ပုလိပ်သားသုံးယောက်နှင့် လုံးထွေးဆဲ။
စစ်ဗာရီကြီးများက လက်ထိပ်နောက်ပြန်ခတ်ပြီးသော မောင်မောင်ကို ကုတ် မှ ဆွဲဖယ်သည်။ ပါမလာ။
“အား..မဆွဲနဲ့..မဆွဲနဲ့..ခွေးသားတွေ..ဒီကောင့်ကို သွားမဆွဲနဲ့”
အောက်မှ စမစ်က ကုန်းအော်သည်။
မောင်မောင်က စမစ်၏ ပါးတခြမ်းကို ကိုက်ထားသဖြင့် ဆွဲလေနာလေဖြစ်နေခြင်း။
စစ်ဗာရီကြီးများက မောင်မောင်ကို အတင်းထုနှက်ကာ ဆွဲခွာရသည်။
မောင့်မောင့်ကို လက်ထိပ်နောက်ပြန်ခတ် ကာ ဆွဲထူလိုက်ကြ၏။
ရာဇဝတ်အုပ်ညီမောင်က ကျူတံဖြင့် မောင်မောင့်ကို ပြေးရိုက်ရန်ပြင်သည်။
“ဒေါင်”
မောင်မောင့်အနားပင် မရောက်လိုက်။
ဘိလိယက်အနီရောင်အသီးက ညီမောင်၏ မျက်လုံးတစ်ဖက်ကို မှန်ကာ အားခနဲ လဲသွား၏။
ဒဏ်ရာဗရပွနှင့် လံဘားကြီး မောင်နီ။ ကုပ်အင်္ကျီဝတ်ထားသော်လည်း ခါးတွင် ပုဆိုးက မရှိတော့။
သူ့လက်ဖဝါးကြီးထဲတွင် ဘိလိယက်သီး နှစ်လုံးကို အသင့်ကိုင်ထားသေးသည်။
“လာစမ်း...မအေဘေးတွေ..လာစမ်း”
“ဒုတ်”
ပုလိပ်တစ်ဦးက နောက်စေ့ကို ကျူတံဖြင့် ရိုက်လိုက်မှ မောင်နီ ခွေလဲကျသွားတော့၏။
..................................................................................
သာစည်ဂါတ်။
ဌာနအုပ်ရော၊ ရာဇဝတ်အုပ်ပါ ပန်ချာပီဆရာဝန်ကြီးအိမ်ရောက်သွားကြလေပြီ။
အသစ်ပြောင်းလာခါစ ကရင်လူမျိုး ဆာဂျင်ကြီး စောဘလက်စ် မှာ ခေါင်းကို သာ နာနာကုတ်လျက်။
“မင်းအဖေ နာမည်”
“ဖေးဖရစ်ရှပ်ကုမ္ပဏီ မန်နေဂျာ မစ္စတာတရေ့စ်”
“ဟမ်”
“မင်းအမေက ဗမာလား”
“ဟုတ်တယ်..အမေရော..အဖေပါ ဗမာ”
ကရင်ကြီး ခေါင်းကို ထပ်ကုတ်သည်။
“မစ္စတာတရေ့စ် ဆို”
“မွေးစားအဖေပါ”
“မင်းနာမည်ပြော”
“မောင်မောင်”
“မင်းသူငယ်ချင်း ဟိုကောင်က ပြောတော့ မင်းနာမည်က တစ်မျိုးပါ”
“ဟုတ်တယ်..မောင်မောင် ဆိုတာ မွေးစားအဖေက ပေးထားတဲ့နာမည်..အဖေအမေအရင်းက ပေးထားတဲ့နာမည်ရှိတယ်”
“အေး..အဲ့ဒီနာမည်ပြော”
“စံဖဲ”
____________________________________
Khet Zaw 🙏
#မူရင်းရေးသားသူ-ဆရာခက်ဇော်
လေးစားလျက်မေတ္တာဖြင့်မျှဝေပါသည်။🙏
အခန်း(၂) ဆက်ရန်.....
#𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳