မယ်ကျော့

  • Home
  • မယ်ကျော့

မယ်ကျော့ မယ်ကျော့ရဲ့ စာမျက်နှာ

"ကြိုလွမ်းနှင့်နေရတဲ့ မြို့ကလေး"အနားမှာ အတူရှိနေရင်းနဲ့ လွမ်းနေမိတဲ့ ခံစားချက်မျိုး ခံစားဖူးကြလား။ ကျမကတော့ အဲဒီခံစားချက...
10/07/2025

"ကြိုလွမ်းနှင့်နေရတဲ့ မြို့ကလေး"

အနားမှာ အတူရှိနေရင်းနဲ့ လွမ်းနေမိတဲ့ ခံစားချက်မျိုး ခံစားဖူးကြလား။ ကျမကတော့ အဲဒီခံစားချက်ကို ကောင်းကောင်းခံစားဖူးပါတယ်။ ပထမဆုံးအကြိမ်က လူတယောက်။ ခုဒုတိယအကြိမ်ကတော့ မြို့ကလေးတမြို့ပေါ့။ နေရင်းနဲ့ကို ကြိုလွမ်းနှင့်နေမိတဲ့ ဒီမြို့ကလေးလေ။

ဒီမြို့ကလေးကို “တစုံတဦးရဲ့ ချစ်ခြင်းမေတ္တာကနေ ထွက်ပြေးလို့ မလွတ်မြောက်နိုင်တဲ့ မြို့ကလေး”လို့ ကိုယ့်ဘာသာ နာမည်ပေးထားတယ်။ အကြောင်းက ဒီလိုပါ။ ဘယ်ကိုပြေးပြေး မလွတ်မြောက်နိုင်တဲ့ ချစ်မေတ္တာသံယောဇဉ်တွေလိုပဲ… ဒီမြို့ကလေးကလည်း ဘယ်သွားသွား တောင်တွေက ပတ်လည်ဝိုင်းထားတယ်။ တောင်တန်းကြီးတွေကို ဦးတည်သွားရင်း ထူးဆန်းစွာပဲ တောင်တန်းကြီးတွေကို ချန်ထားရစ်ခဲ့ရတဲ့ မြို့ကလေး။ ရှေ့မှာ ဦးတည်နေတဲ့ တောင်တန်းကြီးရယ်၊ နောက်ကြည့်မှန်ထဲက တရွေ့ရွေ့ကျန်ခဲ့တဲ့ မှိုင်းညို့ညို့တောင်တန်းတွေရယ်က ဥပေက္ခာပြုဖို့ခက်တဲ့ တချို့ရည်းစားဟောင်းတွေလိုပါပဲ။

တောင်တွေ ဝန်းရံထားတဲ့ ချိုင့်ဝှမ်းထဲက မြို့ကလေး။ ပန်းတွေ သိပ်ပေါပြီး ကျမချစ်တဲ့ သစ်ပင်တွေ၊ ရောင်စုံ လိပ်ပြာတွေအများကြီးတွေ့ရတဲ့ မြို့ကလေး။ ရေတံခွန်တွေ၊ ကွေ့ကွေ့ကောက်ကောက်နဲ့ ကြည်လင်အေးမြတဲ့ စမ်းချောင်းလေးတွေ ပေါတဲ့ မြို့ကလေး။ စိမ်းလဲ့ကြည်သာနေတဲ့ ရေအိုင်တွေတွေ့ရတဲ့ မြို့ကလေး။ ဂန္ဓဝင်အနုပညာရော၊ မော်ဒန်အနုပညာပါ ခံစားလို့ရတဲ့ မြို့ကလေး။ မြို့ခံတွေက နွေးထွေးပြီး သဘောကောင်းတဲ့ မြို့ကလေး။ ဒီလောက်ဆို… ကျမလွမ်းတယ်ဆိုတာ မလွန်ဘူးမဟုတ်လား။

နေနေရင်းကို လွမ်းနေရတဲ့ မြို့ကလေးလို့ ပြောတဲ့အခါ… ဒီစကားကို လူတယောက်ကိုလည်း ပြောခဲ့ဖူးတယ်ဆိုတာ သတိသွားရတယ်။ အတူထိုင်နေရင်းတောင် လွမ်းနေရပြီလို့ ပြောခဲ့မိတာထင်တယ်။ အဲဒီတုန်းက တဖက်က ပြန်ပြောတဲ့ စကားကြောင့် ကျမ စိတ်မကောင်းဖြစ်မိသေးတယ်။ “ယုံအောင်ပြောပြီး လွမ်းအောင်ချွဲတဲ့သူ” တဲ့။ “ကျမကို ကြောက်တယ်”တဲ့လေ။ အဲဒီစကားထဲမှာ ကျမအပေါ် ထားတဲ့ သံသယတွေကို ပထမဆုံး ခံစားမိလိုက်ရတာပါပဲ။ အဲဒီတုန်းက ကျမ ဝမ်းနည်းမိသေးတယ်ထင်ပါတယ်။ အထူးသဖြင့် လွမ်းတယ်လို့ ချစ်တယ်တို့ဆိုတဲ့ ခံစားချက်တွေက ရော့…ဒီမှာ…ဒီလောက်…ဆိုပြီး အကောင်အထည်လိုက်ကြီး သက်သေပြလို့ရတာမဟုတ်တော့လည်း ကျမမှာ လောက်လောက်လားလား ပြန်လည်ချေပစရာ ထုချေလွှာမရှိနေခဲ့ဘူး။

ဒီမြို့ကလေးကရော ကျမကို “ညာပြန်ပြီ” “စကားပြောကောင်းတဲ့ မသည်းအူ” လို့များ ပြောတတ်၊ ဆိုတတ်ရင် ပြန်ပြီတုံ့ပြန်လေမလားလို့ တွေးရင်း တယောက်ထဲ ပြုံးလိုက်မိသေးတာ။ အချိန်ကာလတခုရောက်တဲ့အခါ သူ့ကိုမေ့သွားမှာပါလို့ မြို့ကလေးသာ စကားပြောတတ်ခဲ့ရင် ပြောများပြောလေမလား။ အဲဒီလိုဆိုရင် “တချို့အရာတွေက အသက်ဓာတ်တည်သရွေ့ အသက်ဗူးလေးတခုလို မမေ့မလျော့နဲ့ ဘဝရဲ့ အစိတ်အပိုင်းတခုအဖြစ် ရှိနေတော့မှာ”လို့ ပြန်လည်ချေပမိမယ်ထင်ပါတယ်။ ဒီမြို့ကလေးက ကျမအတွက်တော့ အဲဒီလိုဘဝအစိတ်အပိုင်းတခုပါပဲ။

အချိန်တိုအတွင်း အသားတကျနဲ့ နွေးထွေးစွာ ပွေ့ဖက်ခဲ့တဲ့ မြို့ကလေး။ ဘဝအမောတွေက ခပ်ဝေးဝေးက တောင်တန်းကြီးတွေကိုမြင်လိုက်တဲ့အခါ ပြေလျော့သွားရသလိုမျိုး။ စိတ်ဖိစီးမှုတွေက ပန်းရောင်စုံတွေနဲ့ လိပ်ပြာရောင်စုံတွေကြားမှာ ပျောက်ကွယ်သွားရသလိုမျိုး၊ မနက်ခင်း တေးသံသာလို ငှက်ကလေးတွေရဲ့ တီတီတျာတျာနဲ့ နိုးထရတဲ့ မနက်ခင်းတွေက တနေ့တာအတွက် ခွန်အားရသလိုမျိုး၊ စိမ်းစိမ်းစိုစို သစ်ပင်ကြီးငယ်တွေတွေ့ရတဲ့အခါ သွေးကြောထဲကို ပျော်ရွှင်မှုဓာတ်ဆားရည် သွင်းလိုက်ရသလို ပျော်ရွှင်ရတဲ့ ခံစားချက်ဖြစ်စေ မြို့ကလေး။ ဒါတွေအားလုံးကို ကျမ ဘယ်လိုမေ့နိုင်ပါ့မလဲ။ ဘယ်လိုများ လွယ်လွယ်မေ့ရက်ပါ့မလဲ။

ဒီမြို့ကလေးကို မကြာခင်နှုတ်ဆက်ရတော့မယ်လို့ တွေးမိတဲ့အခါ ခုနကပြောတဲ့ အလွမ်းက ပိုပိုသည်းလာတယ်။ ဘဝမှာ မွေးရပ်မြေက အိမ်ပြီးရင်… ကျမရဲ့ ဒုတိယအိမ်လို့ သတ်မှတ်ထားတဲ့ နေရာ။ ခဏလေးအတွင်းမှာ အကျွမ်းတဝင်နဲ့ အသားတကျရှိရတဲ့ နေရာ။ သစ်ပင်၊ ပန်းပင်တွေအများကြီးကို တအံ့တဩနဲ့ ပျော်ပျော်ရွှင်ရွှင် လိုက်ငေးရတဲ့ နေရာ။ မမြင်ဖူးတဲ့ လိပ်ပြာအရောင်စုံလေးတွေနဲ့ ငှက်အမျိုးအစားပေါင်းများစွာကို တွေ့ရတဲ့ နေရာ။ ဒီနေရာက ကျမအတွက်တော့ စိတ်ကူးယဉ် အိပ်မက်မြို့ကလေးလိုပါပဲ။

အခုလိုမိုးရွာပြီးစ အချိန်ဆိုရင် တိမ်တွေကြားက အတင်းရုန်းထွက်ဖို့ ပြင်နေတဲ့ နေအလင်းရောင်ရယ်… အဝေးက စိမ်းညို့ညို့တောင်တွေနဲ့ အဖြူရောင် ဇာလွှာအုပ်ထားသလို တိမ်ဖြူဖြူတွေ လွင့်နေတဲ့ မြင်ကွင်းက သိပ်လှတာပါပဲ။ မိုးရွာပြီးစ အချိန်က ဒီမြို့ကလေးရဲ့ အလှဆုံးအချိန်လို့ ကျမကတော့ သတ်မှတ်မိပါရဲ့။

အဝေးက တောင်တန်းကြီးတွေရယ်၊ အစိမ်းရောင် စပါးခင်းတွေရယ်၊ ရောင်စုံသက်တန့်တခုရယ်၊ တိမ်တွေကြားထဲက ထိုးထွက်နေတဲ့ နေအလင်းရောင်ရယ်…သက်ရှိပန်းချီကားတချပ်လို ဒီမြင်ကွင်းက မကြာခင်ဒီမြို့ကလေးကို ခွဲခွာသွားတော့မယ့် သူတယောက်အတွက်တော့ လွမ်းတသသဖြစ်ရမယ့် မြင်ကွင်းပါပဲ။ ဒီအလှဆုံးမြင်ကွင်းကပဲ ဒီမြို့ကလေးရဲ့ နှုတ်ဆက်လက်ဆောင်ဖြစ်မယ်ထင်ပါရဲ့။ ။

မယ်ကျော့

၁၀၊ ဇူလိုင်၊ ၂၀၂၅။

အမှန်တော့ ကျနော်က အားကစားနဲ့ ပတ်သက်ရင် ငပျင်းရယ်။ စစချင်း ကိုယ်ပေါင် ကိုယ်လှန်ထောင်းရတာတော့ သိပ်မနိပ်လှဘူးပေါ့လေ။ ဒါပေမဲ...
24/06/2025

အမှန်တော့ ကျနော်က အားကစားနဲ့ ပတ်သက်ရင် ငပျင်းရယ်။ စစချင်း ကိုယ်ပေါင် ကိုယ်လှန်ထောင်းရတာတော့ သိပ်မနိပ်လှဘူးပေါ့လေ။ ဒါပေမဲ့ အမှန်ကိုတော့ပြောရမှာပဲ။ ကိုယ့်အတွက် အားကစားတခုခုလုပ်သင့်မှန်းလည်း သိတယ်...အရေးကြီးတယ်ဆိုတာလည်းသိတယ်... ဒါပေမဲ့ မလုပ်ဖြစ်တာ အခုအသက်အရွယ်ထိပဲဆိုပါတော့။

နောက်ဆုံးကုန်ကုန်ပြောရရင် အစားစားပြီး လမ်းလျှောက်ရမယ်၊ ချက်ခြင်းမထိုင်ရဘူးဆိုတဲ့ ကျန်းမာရေးအခြေခံလေးကိုတောင် သိပေမဲ့ တခါတလေများ ထိုင်တာတောင်မဟုတ်ဘူး(ထိုင်တာလောက်ကို စာရင်းထဲမမှတ်တော့).... အိပ်ယာထဲ ဘုန်းခနဲ ပစ်လှဲချင် လှဲချလိုက်တာ။

အဲဒီလိုနေရာကနေ ကံကောင်းတာက ယောဂကစားဖို့ ဖြစ်လာတာပဲ။ ကျနော့်အတွက်တော့ ယောဂကို အခုမှစဆော့ဖြစ်လို့ ကုန်သွားတဲ့ အချိန်တွေနှမြောလိုက်တာလို့ တွေးမိတဲ့အထိပဲဆိုပါတော့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် "better late than never" ပေါ့လေဆိုပြီး ကိုယ်ကိုယ်ကိုဖြေသိမ့်ရတယ်။

ယောဂ မကစားခင်ကဆိုရင် ညဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တဲ့ပြဿနာ ရှိတယ်။ အဲဒီတော့ ညပိုင်းဆိုရင် Healing song တွေမှ ဖွင့်မအိပ်ရင် ကျနော် အဲဒီညတွေ အိပ်မပျော်တော့ဘူး။ ယောဂကစားပြီးနောက်ပိုင်းမှာတော့ အဲဒီပြဿနာတွေ မကြုံရတော့ဘူး။ ညဘက်တွေမှာ Healing song ဖွင့်စရာမလိုဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာတယ်။ ဒါက ကျနော့်အတွက်တော့ ယောဂ စပြီးကစားဖြစ်တဲ့ သုံးလကျော်အတွင်းမှာ သိသာတဲ့ ရလဒ်တခုလို့ပြောလို့ရတယ်။

နောက်ထပ် သိသာတဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုကတော့ ပုံမှန်ဆိုရင် ကျနော်က အကြောတင်းတဲ့အထဲ ပါတယ်။ ခန္ဓာကိုယ်က ပျော့ပျော့ပြောင်းပြောင်း မရှိနေတာပေါ့။ ပျော့ပြောင်းစရာ အကြောင်းတရားလည်း ရှိမနေဘူးလေ။ အထိုင်များ၊ ကွန်ပျူတာအကြည့်များပေမဲ့ အားကစား မလုပ်ဖြစ်ဘူး။ တခါတလေ အကြိမ်တရာမှ တခါလောက် တောင်တက်တာလေး ဘာလေးပဲရှိတာ။ ဒါကလည်း စာရင်းထဲ ထည့်တွက်ဖို့တောင် လောက်လောက်လားလားရှိမနေဘူး။ အဲဒီတော့ ယောဂမကစားခင်ကဆိုရင် ခန္ဓာကိုယ်ရဲ့ ပြဿနာက တောင့်တောင့်တင်းတင်းနဲ့ နေလို့မကောင်းဘူး။

ဒါပေမဲ့ ယောဂကစားဖြစ်တဲ့အချိန်ကစပြီး အကြောတွေက သိသိသာသာ ပျော့ပြောင်းလာတယ်။ ခန္ဓာကိုယ်က နေရတာ ပေါ့ပါးလာတယ်။ ချွေးထွက်ပြီး ပေါ့ပါးသွားတဲ့ ခံစားချက်ကိုတော့ သဘောအကျဆုံးပဲ။

စပြီး ကစားတဲ့ တလလောက်ကတော့ ဒီတောင်ကို ကျော်နိုင်ပါ့မလားပေါ့။ ယောဂ pose တွေက ကြည့်တော့သာ ပျော့ပျော့ပြောင်းပြောင်း ငြင်ငြင်သာသာနဲ့... တကယ်တမ်းလုပ်ကြည့်တော့မှ လျှာထွက်နေရောလေ။ ဒါပေမဲ့ အဲဒီအစပိုင်းလောက်ပဲ။ နောက်ပိုင်းမှာ တင်းနေတဲ့အကြောတွေကို ပြေလျော့လာတဲ့အခါကျတော့ လူကတက်ကြွပြီး ပျော်လာတယ်။ နေလို့ကောင်းလာတယ်။ စိတ်ဖိစီးမှုလျော့ပြီး ပေါ့ပါးလန်းဆန်းလာတဲ့ ခံစားချက်က သိပ်နေလို့ကောင်းတာပဲ။

ယောဂတက်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ တက်ဖြစ်အောင် တက်ပါလို့ တိုက်တွန်းပါရစေ။ ဘယ်မှာပဲတက်တက် တက်ဖို့က အဓိကပါပဲ။ ဒါပေမဲ့ တီချယ်သဲဆီမှာတက်မယ်ဆိုရင်တော့ ဒီအချက်တွေ အားသာချက်ရှိတာတော့ ကိုယ်တွေ့မို့လို့ အာမခံနိုင်ပါတယ်။ တီချယ်က သင်တန်းသားတွေကို ရစေချင်လွန်းလို့ အိတ်ထဲကို ပညာကုန်သွန်ချပေးတဲ့ ဆရာမျိုးပဲ။ ကိုယ့်ဘက်က ယူနိုင်ဖို့သာလိုတာ။ ဆရာစားမချန် သင်လွန်းလို့ အစပိုင်းတုန်းကတော့ ပြေးချင်စိတ်ပေါက်တာ...ပေါက်တာဆိုတာ။ ပြီးတော့ တီချယ်က သင်တဲ့အခါ သိပ်စိတ်ရှည်ပြီး စေတနာပါတယ်။ ကျနော်ဆိုရင် အစပိုင်းတုန်းက pose တခုကို အကြိမ်နှစ်ဆယ်လုပ်ခိုင်းရင် ဆယ်ကြိမ်လောက်ပဲ လုပ်နိုင်တာရယ်။

"ရတယ်.. ရတယ်... လုပ်နိုင်သလောက် ကြိုးစားပြီးလုပ်ပါ" ဆိုတဲ့ တီချယ့်ဆီက စကားက ....

"မနက်ဖြန်တော့ အတန်းပြေးရင် ကောင်းမလား" ဆိုပြီး စိတ်ဓာတ်ကျပြီး တွေးနေတဲ့အချိန်မှာ အကောင်းဆုံးခွန်အားဖြစ်စေတဲ့ စကားပဲ။

အခုတော့ တီချယ့်ကျေးဇူးနဲ့ ယောဂကစားရတာ ပေါ့ပါးလန်းဆန်းနေရော။ တကယ်တော့ ယောဂကစားတာက ကိုယ့်ကိုယ်ကို ချစ်တဲ့ နည်းလမ်းတမျိုးပဲလို့ ကျနော်ကတော့ ယူဆတယ်။ "ပေါ့ပါးလွတ်လပ်မှုတွေကိုရှူသွင်းဖို့၊ စိတ်ဖိစီးမှုတွေ . . အဆိပ်အတောက်တွေကို ရှူထုတ်ဖို့" အတွက် ယောဂကစားကြည့်ပါလား။

တီချယ့်ဆီမှာ ကျနော် တက်တာက အွန်လိုင်းအတန်းပါ။ တကယ်တော့ ရန်ကုန်မှာသာရှိရင် in class တက်ချင်တာ။

ပေ့ချ်လင့်ခ်က ဒီမှာပါ 👇

https://www.facebook.com/samadhiyoga

MAE KYAWT

"Single Story ကို ယုံနေတုန်းပဲလား"ဇာတ်လမ်းတွေက အများကြီး အရေးပါပါတယ်။ တခါတလေမှာ ကျိုးပဲ့သွားတဲ့ ဂုဏ်သိက္ခာတွေကို ပြန်ဆယ်...
07/06/2025

"Single Story ကို ယုံနေတုန်းပဲလား"

ဇာတ်လမ်းတွေက အများကြီး အရေးပါပါတယ်။ တခါတလေမှာ ကျိုးပဲ့သွားတဲ့ ဂုဏ်သိက္ခာတွေကို ပြန်ဆယ်ဖို့အတွက်ဖြစ်နိုင်သလို၊ တခါတလေမှာလည်း သူများကိုရှင်းထုတ်ဖို့၊ အပုပ်ချဖို့အတွက် ဇာတ်လမ်းတွေက အရေးပါတဲ့ နေရာကနေ အသုံးတော်ခံကြပါတယ်။

အဲဒီဇာတ်လမ်းတွေထဲမှာမှ Single Story လို့ပြောကြတဲ့ တပုဒ်ထဲသော ဇာတ်လမ်းလို့ပဲခေါ်ခေါ်၊ တပုဒ်ထဲသော ပုံပြင်လို့ပဲပြောပြော ပြောကြတဲ့ Single Story ကတော့ လူမှုပတ်ဝန်းကျင်အတွက် များစွာအန္တရာယ်ရှိပါတယ်။ ဒါက လူတယောက်၊ နေရာတခု ဒါမှမဟုတ် အကြောင်းအရာတခုအကြောင်းကို တဖက်သတ်အမြင်၊ ရှုထောင့်တခုတည်းက ကြည့်တဲ့အမြင်ကို ရည်ညွှန်းပါတယ်။

ကျနော်ကိုယ်တိုင်က ၁၉၈၈ ဝန်းကျင်တဝိုက်မှာ မွေးခဲ့တာကြောင့် ဒီ Single Story ရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ကြီးပြင်းခဲ့ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

ငယ်ငယ်ကဆိုရင် အခုခေတ်လိုမျိုး ကြည့်စရာ၊ ဖတ်စရာ သိပ်များများစားစားမရှိပါဘူး။ အကန့်အသတ်တွေနဲ့ ထုတ်ထားတာတွေကိုပဲ ထပ်တလဲလဲနားထောင်ရင်း၊ ကြည့်ရင်း၊ ဖတ်ရင်းနဲ့ ကြီးပြင်းခဲ့တယ်ဆိုပါတော့။

ဒါကြောင့်လည်း ကျနော်က Single Story နဲ့ ကြီးပြင်းလာရတဲ့ မျိုးဆက်လို့ပြောရင်လည်း မမှားပါဘူး။ Single Story ဆိုတာကတော့ နိုင်ငံတနိုင်ငံကဖြစ်စေ၊ အဖွဲ့တခုကဖြစ်စေ၊ တစုံတဦးကဖြစ်စေ အကြောင်းအရာတခုကို ထပ်ခါတလဲလဲ ပြောနေ၊ ပြနေတာမျိုးပါ။ Single Story က အာဘော်တခုခုကို ဝါဒဖြန့်ချိရေးတခုထပ် မပိုခဲ့ပါဘူး။

ကျနော်တို့ငယ်ငယ်က အီသီယိုးပီးယားနဲ့ပတ်သက်ပြီး ကြားဖူးနေတဲ့ Single Story တပုဒ်ရှိပါတယ်။ အီသီးယိုးပီးယားဆိုတာ အငတ်ဘေးဆိုက်နေတာ။ ဆင်းရဲမွဲနေကြတယ်ဆိုတာမျိုးပါ။ ဒါပေမဲ့ အီသီယိုးပီးယားက ကျနော်တို့နိုင်ငံမှာမရှိတဲ့ မိုးပျံရထားတွေရှိတယ်။ သူတို့အငတ်ဘေးဆိုက်နေတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့ကြားခဲ့ဖူးတဲ့ Single story မှာတော့ ဒီလိုမဟုတ်ခဲ့ဘူး။ ဥပမာ သူငယ်ချင်းတယောက်ယောက်ကို အစားအသောက်စားတာနဲ့ပတ်သက်ပြီး နောက်ပြောင်ရင် “အီသီယိုးပီးယားက လာတာလား” ဆိုပြီး အခုထိ တခါတလေပြောကြတုန်းမဟုတ်လား။

အီသီယိုးပီးယားက အရှေ့အာဖရိကနိုင်ငံတခုဖြစ်ပြီး အာဖရိကနဲ့ပတ်သက်တဲ့ ကျနော်တို့ကြားဖူးတဲ့ Single Story ကလည်း ဆင်းရဲမွဲတေပြီးအငတ်ဘေးစိုက်နေတာ၊ ရောဂါတွေထူပြောတဲ့ နိုင်ငံတွေဖြစ်တယ်ဆိုတာပဲ အကြမ်းဖျင်းသိထားကြပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ အာဖရိကရဲ့ တချို့နိုင်ငံတွေက ကျနော်တို့နိုင်ငံထက် ပိုချမ်းသာပြီး ဖွံ့ဖြိုးမှုအဆင့်ပိုမြင့်မားတဲ့ နိုင်ငံတွေအများကြီးရှိပါတယ်။

ဒီနိုင်ငံတွေကတော့ နိုင်ဂျီးရီးယား၊ တောင်အာဖရိက၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ မော်ရိုကို၊ အန်ဂိုလာ၊ ကင်ညာ၊ အီသီယိုးပီးယားစတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။ ဒီနိုင်ငံတွေက သဘာဝသံယံဇာတနဲ့ ဖွံ့ဖြိုးတိုးတက်တာရှိသလို၊ စက်မှုလုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေလည်းရှိပါတယ်။ ဥပမာ နိုင်ဂျီရီးယား၊ အယ်လ်ဂျီးရီးယားနဲ့ အန်ဂိုလာနိုင်ငံတွေကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့အများအပြားထုတ်လုပ်ပါတယ်။ အီဂျစ်၊ မော်ရိုကိုနဲ့ ကင်ညာနိုင်ငံတွေကတော့ ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေးကြောင့် ဖွံ့ဖြိုးတိုးတက်ကြပါတယ်။

ကျနော်တို့အားလုံး အစားအသောက်နဲ့ပတ်သက်ရင် အခုချိန်ထိ တခါတလေ နောက်ပြောင်ပြီးပဲဖြစ်ဖြစ် သုံးနေကြဆဲဖြစ်တဲ့ အီသီယိုးပီးယားနိုင်ငံရဲ့ ၂၀၂၃ခုနှစ် GDP ညွှန်းကိန်းတွေအရ ၁၆၃ ဒသမ ၇၀ဘီလီယံတန်ဖိုးရှိနေချိန်မှာ မြန်မာနိုင်ငံကတော့ ၆၄ဒသမ ၈၂ ဘီလီယံဖြစ်ပါတယ်။ အီသီယိုးပီးယားနိုင်ငံရဲ့ GDP ညွှန်းကိန်းက ၂၀၂၂ ခုနှစ်ထက်စာရင် ၂၉ဒသမ ၁၃ရာခိုင်နှုန်းတိုးတက်လာတာကိုတွေ့နိုင်ပြီး မြန်မာနိုင်ငံကတော့ ၂၀၂၂ခုနှစ် GDP ညွှန်းကိန်းထက်စာရင် ၁ရာခိုင်နှုန်းသာ တိုးတက်လာတယ်ဆိုတာကို ကမ္ဘာ့ဘဏ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။ ဒီကိန်းဂဏန်းတွေက အာဖရိက အပေါ်မှာ ကျနော်တို့မြင်လာ၊ ကြားလာခဲ့တဲ့ Single Story နဲ့တော့ သိသိသာသာကွာခြားနိုင်ပါတယ်။

ပြောရရင် နိုင်ငံတခုအတွက်၊ လူမှုဘဝတခုစီတိုင်းအတွက် Single story က အန္တရာယ်ကြီးပါတယ်။ လူတယောက်အကြောင်း၊ အဖွဲ့အစည်းတခုအကြောင်း အပုပ်ချချင်တဲ့အခါမှာလည်း Single Story ကို ထပ်ခါတလဲလဲသုံးခဲ့ကြ၊ ပြောခဲ့ကြပါတယ်။ ကျနော်အပေါ်မှာပြောခဲ့တဲ့ အီသီယိုးပီးယား single story က ခုနပြောတဲ့ ကိန်းဂဏန်းအချက်အလက်တွေသာမရှိရင် ကျနော်တို့ကို အခုထိ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်နေဦးမှာပါပဲ။

လူတွေက အဖွဲ့အစည်းလိုက်ဖြစ်စေ၊ တသီးပုဂ္ဂလဖြစ်စေ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ချင်တဲ့အခါ Single story တွေကို တွင်တွင်သုံးကြပါတယ်။ တချို့ single story (ဥပမာ-အီသီးယိုးပီယားကိစ္စ)တွေက ကျနော်တို့အတွက် သက်ရောက်မှု မရှိနိုင်ပေမဲ့ တချို့ single story တွေကတော့ ကျနော်တို့နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အရေးကိစ္စတွေလည်း ရှိနေပါတယ်။ Single Story တွေက လူတွေကို ခွဲခြားဆက်ဆံဖို့အားပေးပြီး၊ မှားယွင်းတဲ့ အထင်အမြင်တွေ စံနှုန်းတွေနဲ့ ရှင်သန်စေပါတယ်။

ဒီနေရာမှာ ကိုယ်က Single story တခုကိုပဲ ယုံပြီး အဲဒီယုံကြည်ချက်ကိုပဲ ဆုပ်ကိုင်ထားမလား၊ Single Story မဟုတ်တဲ့ ဇာတ်လမ်းတွေအများကြီးအကြောင်းကို သိအောင်ကြိုးစားမလားဆိုတာတော့ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပါပဲ။

Single story နဲ့တော့ လမ်းမဆုံးစေချင်ပါဘူး။ ။

မယ်ကျော့

အွန်လိုင်းမဂ္ဂဇင်း "The Corner" အတွဲ (၃)မှာ ရေးသားခဲ့တဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။

https://thecornermm.com/single-story/

#မယ်ကျော့

စောင့်ကြည့်သူ (ဇာတ်သိမ်း)မိုးရေစက်တွေနဲ့ ဝေဝေဝါးဝါးဖြစ်နေပေမဲ့ သူ့ပုံပန်းသဏ္ဏာန်ကိုတော့ သူမကောင်းကောင်း မြင်နေရပါတယ်။ တက...
04/06/2025

စောင့်ကြည့်သူ (ဇာတ်သိမ်း)

မိုးရေစက်တွေနဲ့ ဝေဝေဝါးဝါးဖြစ်နေပေမဲ့ သူ့ပုံပန်းသဏ္ဏာန်ကိုတော့ သူမကောင်းကောင်း မြင်နေရပါတယ်။ တကိုယ်လုံး အနက်ရောင်အမွှေးတွေနဲ့ဆိုတော့ သူ့အသွင်သဏ္ဍာန်က နှစ်လိုဖွယ်မရှိဘူးလို့ ထင်ရပေမဲ့ သေသေချာချာပြန်ကြည့်လိုက်တော့မှ အမြီးလေးနဲ့ အတောင်အဖျားလေးမှာ အဖြူရောင်အမွှေးလေးပါတယ်။ တကယ့်ကိုမှ နည်းနည်းလေးရယ်။ ခြေထောက်နဲ့ နှုတ်သီးလေးက လိမ္မော်ရောင် တောက်တောက်လေး။ တကိုယ်လုံးမှာ အထူးခြားဆုံးကတော့ သူ့ခေါင်းမှာရှိတဲ့ အမောက်ထောင်ထောင် အမွှေးလေးပါပဲ။ သူ့ကိုကြည့်ရတာ လူတွေ ဘွဲ့ယူတဲ့အခါ ဘွဲ့ဦးထုပ်စောင်းထားသလိုမျိုးလေး။

ဓာတ်ကြိုးတန်းတွေပေါ်မှာ နားပြီး အမြဲတမ်းလိုလို အခန်းပြတင်းပေါက်တည့်တည့်ကနေ စောင့်ကြည့်နေတဲ့ ကိုယ်တော်ချောက သူမ သူ့ကိုသေချာအကဲခတ်နေမှန်းသိပေမဲ့ အကြည့်မလွှဲသွားပါဘူး။ တနေရာရာကို ထပျံသွာတာမျိုးလည်း မလုပ်ဘဲ နေမြဲအတိုင်း မလှုပ်မယှက်ပါပဲ။ မိုးက တဖြည်းဖြည်းနဲ့ စဲသွားတဲ့အခါ သူ့ကို ပီပီသသကြီး မြင်လာရပါတယ်။ အထူးသဖြင့် သူ့မျက်လုံးတွေကို သူမ သေသေချာချာကြည့်လိုက်မိတယ်။ ဒီမျက်ဝန်းတွေ….. ဒီအကြည့်တွေက. . . တစုံတယောက်နဲ့ တူလိုက်တာလို့ ရုတ်တရက် သူမတွေးမိသွားတယ်။

ပြီးတော့မှ ဘယ်လိုဖြစ်နိုင်မှာတုန်းလို့ သူမ ခေါင်းကိုခါရမ်းလိုက်တယ်။ ဟုတ်တယ်လေ။ လူတယောက်နဲ့ ငှက်တကောင် ဘယ်လိုတူနိုင်မှာတုန်း။ ဒါပေမဲ့ သေချာအောင် ထပ်ကြည့်မိတော့မှ အထူးသဖြင့် သူ့မျက်လုံးတွေကို သတိထားကြည့်လိုက်တော့မှ သူမရင်းရင်းနှီးနှီးသိခဲ့ဖူးတဲ့ လူတယောက်ရဲ့ အကြည့်တွေ၊ မျက်ဝန်းတွေနဲ့ တူနေတာပါပဲ။

ငှက်တကောင်ရဲ့ မျက်လုံးနဲ့ အကြည့်က လူတယောက်ရဲ့ မျက်လုံးနဲ့ အကြည့် ဘယ်လိုတူနိုင်မှာတုန်းလို့ တွေးမိတယ် မဟုတ်လား။ သူမလည်း အခုလို မျက်စိနဲ့ တပ်အပ်မြင်ရလို့သာ အဲဒါကို ယုံရခက်ခက် ယုံလိုက်ရတာ။ ခြောက်လက်မအရွယ် ငှက်ကလေးကို သေသေချာချာကြည့်ရင်းမှ အဲဒီလူတယောက်ကို သူမ အလိုလိုသတိရလိုက်မိတာ မခက်ပေဘူးလား။ အဲဒီလူသိရင်လည်း သူ့ကို ငှက်နဲ့တူတယ်ပြောရကောင်းမလားဆိုပြီး သူမကို ကြိတ်ပြီး စိတ်တိုနေဦးမှာ။ ဒါပေမဲ့ ဒီအတွက်တော့ စိတ်မပူစရာမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီလူနဲ့လည်း ဘယ်လိုဆက်သွယ်မှုမျိုးမှ မရှိကြတော့လို့ပါပဲ။ ဒီတော့ သူမရဲ့ အတွေးတွေ၊ စကားလုံးတွေကို ဘယ်လိုနည်းနဲ့မှ သူပြန်ကြားသိရတော့မှာ မဟုတ်ပါဘူးလေ။

သူမကို “ကလေးလေး”လို့ ခေါ်တတ်ပြီး ချစ်သူလို၊ ညီမအငယ်ဆုံးလေးလို ဂရုစိုက်တတ်၊ ချစ်ခင်ကြင်နာတတ်တဲ့ အဲဒီလူအကြောင်းက တိမ်တွေလိုပဲ သူမ အတွေးပုံရိပ်မှာ တလိပ်လိပ်တက်လာနေတယ်။

ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလတွေတုန်းကတော့ သူက သူမအတွက် အသည်းအသက်ကို နှင်းအပ်ထားတဲ့ ချစ်ဦးသူတယောက်ပေါ့။ ဒီကမ္ဘာပေါ်မှာ သူကလွဲရင် ဘယ်သူကိုမှ မမြင်တော့တဲ့အထိ သူ့ကိုတွယ်တာ နှောင်ဖွဲ့ခဲ့ဖူးပါတယ်။ အတွေးတွေ၊ ခံစားချက်တွေကို မြူမှုန်လောက်တောင် မထိန်မချန်ဘဲ နှစ်ဦးသား အပြန်အလှန် မျှဝေခဲ့ကြဖူးတယ်။ ဒီခံစားချက်တွေက အခုတော့လည်း အတိတ်တခုအဖြစ်သာ ကျန်ရစ်ခဲ့ပါတော့တယ်။ သူစိမ်းတွေက သူစိမ်းပြန်ဖြစ်ကြတာ မထူးဆန်ပါဘူး။ ထူးဆန်းတာက အမှတ်တရတွေနဲ့ သူစိမ်းတွေအဖြစ် ကျန်ခဲ့တာပါပဲ။

ဝေးသွားကြတော့လည်း အရာအားလုံးက လေထန်ထန်မှာ မျောနေတဲ့ တိမ်တွေလိုပါပဲ။ မျက်စိတမှိတ်အတွင်းမှာ မြင်နေရသမျှအားလုံး ပျောက်ကွယ်ကုန်တာ မဟုတ်လား။ သူမက အဲဒီလူကို မေ့နိုင်ဖို့ ခြောက်ကြိမ်မြောက် မိုးရာသီကို ကျော်ဖြတ်ခဲ့ရဖူးတယ်ဆိုတာ အခုပြန်တွေးကြည့်တော့လည်း ရယ်စရာတော့ ကောင်းသား။ ဒါကြောင့်လည်း အချိန်ဆိုတာ အကောင်းဆုံးသမားတော်လို့ ဆိုကြတာ အလကားမှမဟုတ်တာပဲ။ အခုတော့ အရာအားလုံးက တောင်တန်းတွေလိုပဲ တည်ငြိမ်နေတဲ့ အချိန်မှာမှ အဲဒီငှက်ကလေးကို တွေ့လိုက်ရပြီး သူ့အကြောင်းကို ပထမဆုံး ပြန်တွေးမိတာပဲ။

အချိန်ခြောက်နှစ်ကျော်အတွင်းမှာ တယောက်နဲ့တယောက် ဘယ်လိုဆက်သွယ်မှုမျိုးမှ မရှိခဲ့ကြသူတွေက သူစိမ်းသက်သက်ပဲ မဟုတ်လား။ လူတွေက ရေစက်ကုန်သွားတဲ့အခါ သွားရင်းလာရင်းတောင် အမှတ်မထင်တွေ့ကြဖို့က သိပ်ခက်တာပဲကိုး။ ဖုန်းနံပါတ်တွေလည်း သိတယ်၊ အီးမေးလ်တွေလည်း သိပေမဲ့ မဆက်သွယ်ဖြစ်ကြတော့ဘူး။ တချိန်က သိပ်ရင်းနှီးကြတယ်ဆိုတာက ပုံပြင်တပုဒ်အဖြစ်သာ ဝေဝေဝါးဝါးကျန်ခဲ့ရတယ်။

သူမ သူငယ်ချင်းတွေကတော့ လာပြောကြတယ်။ "ဟိုတယောက်က နင့်ကိုမမေ့သေးဘူးထင်တယ်"တဲ့။ "နင့်မွေးနေ့တိုင်းမှာ သူ့ ဖေ့စ်ဘွတ်ခ်မှာ ပို့စ်တခုကိုပဲ အမြဲတင်တယ်"တဲ့။ အဲဒီပို့စ်က ကဗျာတပုဒ်ဖြစ်ဖြစ်၊ သီချင်းတပုဒ်ဖြစ်ဖြစ်၊ ဘုရားမှာပန်းလှူတဲ့အကြောင်းဖြစ်ဖြစ်၊ နွမ်းပါးတဲ့ သက်ကြီးရွယ်အိုတွေကို အလှူလုပ်တာပဲဖြစ်ဖြစ်… အဲဒီတနေ့လုံးမှာ အဲဒီလိုမျိုး ပို့စ်တခုတည်းပဲ တင်တယ်တဲ့။ သူက ပုံမှန်တော့ တနေ့ကို ပို့စ် သုံးလေး ငါးခုတင်တတ်တဲ့ သူမဟုတ်လား။

သူတို့ဆီက အဲ့ဒီလိုပြန်ကြားရတိုင်း သူမ ခံစားချက်မဲ့ ပြုံးမိသေးတယ်။ တချို့အချစ်တွေများ ဘာကြောင့် အဲ့သလောက် မရိုးရှင်းကြတာလဲလို့လေ။ လွတ်လပ်တဲ့သူအချင်းချင်း၊ တယောက်ကိုတယောက်လည်း သိပ်ချစ်ခဲ့ကြပေမဲ့လည်း မနီးနိုင်ကြတာက ကံကိုပဲ အပြစ်ပုံချရမလား။ ဒါမှမဟုတ် အချစ်က သတ္တိနည်းသူတွေ ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူးထင်ပါရဲ့လို့ ဖြေသိမ့်ရမလားဆိုတာ သူမ ဝေခွဲမရပါဘူး။

လူတွေက ကိုယ်နဲ့ထိုက်တန်တာကိုပဲ ကိုယ်ရကြတာမဟုတ်လား။ အချစ်ရေးမှာ ရှေ့တလှမ်းတိုးမယ့်အစား နောက်ကိုခြေနှစ်လှမ်းဆုတ်တတ်တဲ့ သူမတို့လို သတ္တိနည်းသူတွေနဲ့ အချစ်က မထိုက်တန်ပါဘူး။ စစ်မရောက်ခင်တည်းက ကုန်နေတဲ့ မြှားတွေနဲ့လည်း အချစ်ကို မရယူနိုင်ပါဘူး။

နောက်ဆုံးမှာတော့ အကြောက်တရားကို မကျော်လွန်နိုင်တဲ့ ချစ်ခြင်းမေတ္တာက အဟောသိကံဖြစ်ရတာပါပဲ။

ခြောက်နှစ်ဆိုတဲ့ အချိန်ကာလတွေမှာ သူမကို တည်ငြိမ်တဲ့သူအဖြစ်နဲ့ တဖန်မွေးဖွားလာခဲ့ပါတယ်။ နှလုံးသားအသစ်မဖြစ်ပေမဲ့ ဒဏ်ရာကင်းတဲ့နှလုံးသားအဖြစ် အချိန်ခြောက်နှစ်က ဖန်တီးပေးနိုင်ခဲ့တယ်။ လူတယောက်နဲ့ပတ်သက်ရင် မနာကျင်ရတော့တဲ့ နှလုံးသားတစုံကို သူမပိုင်ဆိုင်လာခဲ့တယ်လို့ ဆိုရမှာပါပဲ။

ဒီငှက်ကလေးကို သေသေချာချာကြည့်ရင်းနဲ့မှ သူ့အကြောင်းတွေက လေအဝှေ့မှာ မျောလာတဲ့ တိမ်တိုက်တွေလို ဦးတည်ရာမဲ့နဲ့ ခေါင်းထဲမှာ ပေါ်လာခဲ့တယ်။ ဒဏ်ရာတွေက အသစ်မဖြစ်တော့ပါဘူး။ အမာရွတ်ကိုမြင်တဲ့အခါ ဒဏ်ရာရှိခဲ့ဖူးပါလားဆိုတဲ့ အသိသက်သက်ထက်တော့ မပိုနိုင်တော့ပါဘူး။

နောက်ရက်တွေမှာလည်း ပုံမှန်အတိုင်းပဲ အပြင်ကိုကြည့်လိုက်မိတိုင်း သူ့ကိုတွေ့နေရတယ်။ ကြာလာတော့လည်း စောင့်ကြည့်ခံရတာကို ဖြစ်ရိုးဖြစ်စဉ် တခုလိုပဲ ခံစားလာရတယ်။ သူ့ကို အမှတ်တရအနေနဲ့ ဓာတ်ပုံလေးတပုံလောက်တော့ ရိုက်ယူထားဦးမှဆိုပြီး ဖုန်းကို လှမ်းယူလိုက်တယ်။ ပြီးတော့ သူ့ကိုသေချာချိန်ပြီး ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူလိုက်တယ်။ သူကတော့ အေးဆေးပါပဲ။ ကြောက်လန့်တာလည်းမရှိ၊ အနေပျက်သွားတာလည်း မရှိဘဲ နေမြဲအတိုင်းပါပဲ။

မိုးကုန်တော့မယ့် အောက်တိုဘာလနောက်ဆုံးပတ်တွေမှာ ကောင်းကင်ကြီးက ကြည်ပြာရောင်လဲ့ပြီး သိပ်လှပါတယ်။

ရာသီဥတုကြည်သာနေတဲ့ တခုသော တနင်္ဂနွေနေ့လယ်မှာ သူမရဲ့ သူငယ်ချင်းဆီကနေ မက်ဆေ့ချ်တစောင်ဝင်လာတယ်။ ဖွင့်မကြည့်ခင်မှာ ဖုန်းရဲ့မျက်နှာပြင်မှာ သူ့မက်ဆေ့ချ်လေးက လာပေါ်တယ်။

“ဟဲ့ နင်သိလား… ဟိုတယောက်ဆုံးတာ ဒီနေ့ ခြောက်လပြည့်တာတဲ့…ငါလည်း အကောင့် D ထားတော့ မသိလိုက်ဘူး”

တကယ်ဆို ဘယ်တယောက်လဲလို့ သူမ မေးရမှာ။ ဒါပေမဲ့ သူမ မမေးမိ။ မေးစရာမလိုအောင် ဘယ်သူလဲဆိုတာ သူမစိတ်က အလိုလိုသိနေခဲ့ပါတယ်။ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်မိသလား….မတ်တပ်ရပ်နေရာကနေ ထိုင်လိုက်မိသလား တခုခုတော့ သူမ အသိမဲ့စွာ လုပ်ခဲ့မိပါလိမ့်မယ်။

တချိန်က နှလုံးသားတခုလုံး ပေးပြီး နင့်နင့်သည်းသည်းချစ်ခဲ့ဖူးတဲ့ သူတယောက်အတွက် စိတ်မထိခိုက်ဘူးလို့ ပြောရင် သူမ ညာတာပါပဲ။ အရင်လို တထောင့်ငါးရာဆိုတဲ့ ချစ်မေတ္တာမရှိတော့တဲ့တိုင်အောင် ဖြတ်ဖို့ သိပ်ခက်တဲ့ သံယောဇဉ်ကတော့ ကျန်ခဲ့သေးတာ မဟုတ်လား။

ဖုန်းကိုကောက်ယူလိုက်ပြီး ဖေ့စ်ဘွတ်ခ်ဖွင့်လိုက်တော့ သူမလက်က တဆက်ဆက်တုန်နေလို့ထင်ရဲ့ နာမည်လေးတလုံးကို search bar မှာ ရိုက်နေတာကို အမှားမှားအယွင်းယွင်းတွေဖြစ်နေတယ်။ အကြိမ်ကြိမ်ပြန်ရိုက်ရင်း နောက်ဆုံးမှန်သွားမှ ရှာကြည့်လိုက်တဲ့အခါ မတွေ့…။ ဘာလို့မတွေ့တာလဲ။ သူ့အကောင့်က မရှိတော့တာလား၊ ဖျက်လိုက်တာလားလို့ သူမ လိုက်စဉ်းစားနေမိတယ်။ လူတွေက စိတ်မတည်မငြိမ်နဲ့ ထူပူနေတဲ့အချိန်မှာ ဦးနှောက်က မှန်မှန်ကန်ကန် မတွေးခေါ်နိုင်ဘူးဆိုတာ သူမ အခုအချိန်ကျမှ ပိုလက်ခံလာတယ်။ နောက်မှ ဘလော့လုပ်ထားတာပဲဆိုတာ သတိရမိပြီး ဘလော့လုပ်ထားတာကို သွားဖြည်လိုက်တယ်။

မေလ ၂ရက်နေ့၊ ည ၉နာရီမှာ ရုတ်တရက်ကွယ်လွန်တဲ့။ မွေးနေ့လက်ဆောင်ကလည်း ရက်စက်လိုက်တာလို့ သူမတွေးမိသွားတယ်။ အဲဒီနေ့က သူမရဲ့ အသက် ၃၁နှစ်ပြည့်မွေးနေ့လေ။ သူ့မိတ်ဆွေတွေရဲ့ ဝမ်းနည်းကြောင်း ရေးသားထားတဲ့ ပို့စ်တွေ အများကြီးကို သူမ စိမ်ပြေနပြေဖတ်ဖို့ ခွန်အားမရှိတာနဲ့ ကျော်သွားလိုက်တယ်။ သူ့ရဲ့ အကောင့်ထဲကနေ ပြန်ထွက်လိုက်ပြီးမှ သူနောက်ဆုံးတင်ခဲ့တဲ့ ပို့စ်က ဘာပါလိမ့်ဆိုပြီး သိချင်တာနဲ့ ပြန်ဝင်ကြည့်မိတယ်။

“ဪ….” လို့များ သူမ နှုတ်ကနေ ရေရွတ်မိသွားသလား မပြောတတ်ပါဘူး။ မေ ၂ ရက်နေ့ မနက် ၁၀နာရီ ၁၂ မိနစ်မှာ တင်ထားခဲ့တဲ့ သူ့ရဲ့ နောက်ဆုံးပို့စ်လေးက ကဗျာဆရာသန်းတင့်ရဲ့ ကဗျာအပိုင်းအစတခုပါပဲ။

"တမြေ့မြေ့ကျွမ်းလောင်ခြင်းမှတ်တိုင်မှာ ဆင်းဖို့
အားလုံးကို ပြောပေးကွယ်
တချက်ထဲနဲ့
သေအောင်ပစ်စေချင်ပါတယ်
ကျွန်တော်ရပ်လိုက်ပါတော့မယ်
ငှက်လေးတကောင်ဖြစ်ပါရစေလို့
ကျွန်တော်ဆုတောင်းပြီးတဲ့အခါ
အားလုံးရပ်လိုက်ပါတော့မယ်
ရက်စက် ယုယစွာ တချက်ထဲပစ်ပါ
ခင်ဖုန်းသက်ဝေရေ...
နတ်ပြည် ဘယ်နှစ်ထပ်မှာတွေ့တွေ့
ကျွန်တော်တို့ မမေ့ကြကြေးလေနော်”

သန်းတင့် - ❝ ခင်ဖုန်းသက်ဝေဂယ်လာရီ ❞

အဲ့ဒီကဗျာလေးကို အရင်ကလည်း ဖတ်ဖူးပြီးသားပေမဲ့ အခုလည်း ထပ်ခါထပ်ခါ ပြန်ဖတ်မိနေတယ်။ “ငြိမ်းငြိမ်းချမ်းချမ်းသွားရစ်ပါ အစ်ကို” လို့ သူမနှုတ်ကနေ တိုးတိုးဖွဖွပြောလိုက်မိတယ် ထင်တာပါပဲ။

ပူနွေးနွေး မျက်ရည်တွေ ပါးပြင်မှာ ကျလာတော့မှ သူမ အသိဝင်လာတယ်။ မျက်ရည်တွေကြားက ပြတင်းပေါက်အပြင်ကို ကြည့်လိုက်မိတယ်။ သိပ်ချစ်ကြတဲ့ လူတွေ တဦးကို တဦး နှုတ်ဆက်တဲ့အခါ ကြည့်တဲ့အကြည့်မျိုးနဲ့ သူမကို ကြည့်နေတဲ့ စောင့်ကြည့်သူကို မျက်ရည်တွေကြားထဲကနေ တွေ့လိုက်ရတယ်။

သူ့ကို တွေ့ရတာ ဒါနောက်ဆုံးပဲလို့ သူမစိတ်ထဲက အလိုလိုသိနေတယ်။ သူ့ကိုစသိခဲ့တဲ့ မိုးဦးကာလတွေကနေ အခုအထိ သူမကို ကျောခိုင်းပြီး ချန်ထားရစ်ခဲ့တာမျိုး တခါလေးမှတောင် မတွေ့ခဲ့ရဖူးဘူး။ သူ့ကိုတွေ့လိုက်တိုင်း သူမကို စောင့်ကြည့်နေတာက အမြဲမြင်နေကျ မြင်ကွင်းဖြစ်ခဲ့တယ်။ အခုတော့ အချိန်ကျလာပြီ ထင်ပါရဲ့။ ငှက်ကလေးက သူ့အတောင်ပံတွေကို လေးလံလွန်းလှသလို အားယူခတ်ရင်း အရှေ့မြောက်အရပ်ဆီကို တရွေ့ရွေ့ပျံသန်းသွားတယ်။

ဒီတခါတော့ မျက်စိအောက်က ပျောက်သွားတဲ့အထိ စောင့်ကြည့်သူက သူမဖြစ်နေခဲ့ပါတယ်။

ကြည်ပြာရောင် လင်းရှင်းနေတဲ့ ကောင်းကင်က ရုတ်တရက် မီးခိုးရောင်တိမ်တွေ ပေါ်လာတယ်။ တိမ်တွေကိုကြည့်ရတာ အလျင်လိုနေသလို ခပ်မြန်မြန်ခရီးသွားနေတာနဲ့ တူတယ်။ ခဏကြာတော့ သတင်းစကားတခုသယ်ဆောင်ပြီးလို့ တာဝန်ကျေသွားသလို မြင်ကွင်းထဲကနေ ခပ်မြန်မြန်ပဲ ပျောက်ကွယ်သွားကြတယ်။

အဲဒီနေ့ကစပြီး သူမကို တစုံတယောက်က စောင့်ကြည့်နေသလို ခံစားချက်မျိုးလည်း ပျောက်ကွယ်သွားခဲ့တယ်။ အဲဒီငှက်ကလေးကိုလည်း ဘယ်တော့မှ ပြန်မတွေ့တော့ဘူး။

သူ ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာကိုလည်း သူမစိတ်က သေသေချာချာကြီး သိနေခဲ့ပါတယ်။

မယ်ကျော့

နံနက် ၁း၁၄

၄၊ ဇွန်၊ ၂၀၂၅။

"စောင့်ကြည့်သူ"   အပိုင်း (၂)သူက သူမကို သိခဲ့ဖူးသူတယောက်လို စူးစူးစိုက်စိုက် ကြည့်နေခဲ့တာ။ လူတွေမှာ တစုံတယောက်ကို စူးစူး...
02/06/2025

"စောင့်ကြည့်သူ" အပိုင်း (၂)

သူက သူမကို သိခဲ့ဖူးသူတယောက်လို စူးစူးစိုက်စိုက် ကြည့်နေခဲ့တာ။ လူတွေမှာ တစုံတယောက်ကို စူးစူးရဲရဲစိုက်ကြည့်တာက မယဉ်ကျေးတဲ့ အပြုအမူလို့ သတ်မှတ်ထားကြတယ်မဟုတ်လား။ ဒါပေမဲ့ သူကတော့ ဒီအပြုအမူတွေအကြောင်း၊ ကျင့်ဝတ်တွေအကြောင်း သိပါရဲ့လားလို့ သူမ တွေးမိသွားတယ်။

တစုံတယောက်စိုက်ကြည့်နေသလို ခံစားရတာက သူ့ကြောင့်များလားလို့တောင် သူမတွေးလိုက်မိသေးတယ်။ မဖြစ်နိုင်ပါဘူးလို့ အတွေးထဲမှာပဲပြန်ဖြေရင်း ခေါင်းက အလိုလိုရမ်းလိုက်မိသေးသလားတောင် မသိဘူး။

ခဏနေတော့ နေရောင်စူးစူးနဲ့အတူ အပူချိန်ကလည်း မြင့်တက်လာတော့ လိုက်ကာတွေရော အခန်းတံခါးကိုရော သူမ ပြန်ပိတ်လိုက်တယ်။ တံခါးမပိတ်ခင်အထိ သူက အဲဒီနေရာကနေ တုတ်တုတ်မျှ မလှုပ်ဘဲ သူမကိုကြည့်နေတာကို သတိထားလိုက်မိတယ်။

အခန်းတံခါးတွေပိတ်လိုက်တော့ အနည်းငယ်မှောင်သွားတဲ့အတွက် သူမ မီးခလုတ်ဖွင့်လိုက်တယ်။ ပြီးတော့ လေအေးပေးစက်ခလုတ်ကို နှိပ်လိုက်ပြီးတော့ ကျောင်းကပေးထားတဲ့ assignment ကို လုပ်နေလိုက်တယ်။ စာထဲမှာ အာရုံစိုက်နေမိတော့ အချိန်ကိုတောင် သူမသတိမပြုမိတော့ဘူး။ နာရီကိုကြည့်လိုက်တော့မှ သုံးနာရီလောက် ကြာသွားမှန်းသိလိုက်တယ်။

အဲဒီခံစားချက်လေ သိတယ်မဟုတ်လား။ တစုံတယောက်က ကိုယ့်ကို စိုက်ကြည့်နေတဲ့ ခံစားချက်ကြီးက ဘာကိုမှ အာရုံမစိုက်ထားတဲ့အချိန်မှာ စိတ်ထဲကို ပြန်ဝင်လာပြန်တယ်။ သူမ အခန်းထဲတချက်ဝေ့ကြည့်အပြီး စိတ်ထဲ တခုခုကိုသတိရလိုက်ဟန်နဲ့ လိုက်ကာစလေး အသာလေးလှပ်ကြည့်လိုက်တယ်။ သူမ လက်က လိုက်ကာစက ယောင်ရမ်းပြီး ပြန်လွှတ်ချလိုက်မိတယ်။

ခုနနေရာမှာ သူရှိနေတုန်းပဲ။ ခုနကလိုပဲ သူမကို တွေတွေကြီး စိုက်ကြည့်နေတုန်းပဲ။

သူမနေတဲ့ မြို့ကလေးက မေလ ၁၅ရက်နေ့မှာ မိုးရာသီရောက်ပြီလို့ တရားဝင်ကြေညာလာတယ်။ ရာသီဥတုအေးလာတဲ့အခါ သူမရဲ့ အခန်းတံခါးကို အလုံပိတ်ထားစရာမလိုတော့ဘူး။ လိုက်ကာတွေလှပ်လိုက်ဖို့နဲ့ ပြတင်းပေါက်ကိုဖွင့်ဖို့ အချိန်ရောက်လာခဲ့ပြီ။ အခန်းထဲကို အပြင်လေအေးအေးလေးမစို့မပို့လေး ဝင်နေတယ်။ ဒီအချိန်မှာ ကောင်းကင်က တိမ်တွေကိုကြည့်ရတဲ့အရသာကို သူမအကြိုက်ဆုံးပဲ။
တိမ်တွေက သက်ရှိပန်းချီကားလို့ သူမ ငယ်စဉ်ကတည်းက ခဏခဏတွေးဖူးတယ်။

တိမ်တွက ဝက်ဝံကြီးဖြစ်နေရာကနေ ခဏနေတော့ ငှက်ကြီးတကောင်ဖြစ်ချင်လည်း ဖြစ်နေတာပဲ။ တိမ်တွေကို ကိုယ့်စိတ်ကူးနဲ့ကိုယ် ပုံဖော်ခံစားရတဲ့အရသာကို သူမ သိပ်ကြိုက်တယ်။ ငယ်တုန်းကတော့ ကိုယ့်အမြင်ကို သူများတွေထုတ်ပြောပြီး ငြင်းခုံခဲ့ဖူးတာပေါ့။ ဟိုတိမ်က နဂါးကြီးလိုမျိုးဆိုပြီး ပြောတဲ့အခါ တယောက်က နဂါးနဲ့မတူပါဘူး… ဓားကိုင်ထားတဲ့ မြင်းစီးသမားနဲ့ တူတယ်လို့ ပြောတဲ့အခါ ငြင်းကြရတော့တာပေါ့။

ကလေးပီပီ ကိုယ်သာအမှန်ဆိုတဲ့ စိတ်ကလေးကလည်း ကြီးစိုးနေသေးတော့ တိမ်တွေပျောက်ကွယ်သွားတဲ့အထိ တခါတလေမှာ ငြင်းနေမိတဲ့ ငယ်ဘဝအဖြစ်အပျက်ကို တွေးမိတော့ သူမ ပြုံးချင်ချင်ဖြစ်ရတယ်။ အခုတော့ ကိုယ်နဲ့အမြင်မတူတဲ့သူတွေကိုလည်း လက်ခံတတ်လာတယ်။ မတူညီတဲ့အမြင်တွေကိုလည်း သိသင့်တာပေါ့ဆိုတဲ့ အတွေးမျိုးနဲ့ အေးအေးလူလူရှိလာတယ်။ ခပ်တည်တည်ပြောနေတဲ့ အလိမ်အညာတွေကိုလည်း မှင်သေသေနဲ့ နားထောင်ပေးတတ်လာတယ်။ ဘာကိုပဲဖြစ်ဖြစ် ငယ်ငယ်ကလို ပြိုင်ပြီးငြင်းဖို့ ပျင်းလာတယ်။ တခါတလေ အားနာပြီးတော့တောင် လိမ်ညာပြောမှန်းသိရက်နဲ့ ယုံကြည်သလိုမျိုး အလိုက်သင့်နေလိုက်မိသေးတယ်။ ဒါက အသက်ကြီးလာလို့ ရလာတာတဲ့ ရင့်ကျက်မှုမျိုးလား ဒါမှမဟုတ် အရာရာကို လက်မြှောက်အရှုံးပေးထားတဲ့ သူရဲဘောကြောင်မှုမျိုးလားဆိုတာတော့ သူမသေချာ မသိပါဘူး။ စဉ်းလည်း မစဉ်းစားချင်ပါဘူး။

ပြတင်းပေါက်ကတဆင့် သူမ အပြင်ကိုကြည့်လိုက်မိတယ်။ ကိုယ်တော်ချောက အဲဒီနေရာကနေတုတ်တုတ်မလှုပ်။ သူနဲ့ မျက်လုံးချင်းမဆုံမိအောင် သူမ ကြိုးစားရှောင်တိမ်းလိုက်တယ်။ ဘာလို့အဲ့လိုလုပ်မိမှန်း သူမကိုယ်တိုင်လည်း သေချာမသိပါဘူး။ ဒီလိုလုပ်ဖို့ လိုလို့လား။ သူမက သူ့ကိုကြောက်နေတာလား ဒါမှမဟုတ် မြီးကောင်ပေါက်အရွယ် အပျိုမလေးလို ပိုးပန်းသူတွေ အိမ်ရှေ့ရောက်နေသလိုမျိုး ရှက်ရွံ့မှုမျိုးလား။ နှစ်ခုစလုံးလည်း ဟုတ်ချင်မှဟုတ်လိမ့်မယ်။ အာရုံစိုက်စေချင်လို့ တကူးတကကြိုးစားမှုတွေကို အသိအမှတ်ပြုပေးဖို့က သူမရဲ့ အကျင့်စရိုက်အရ လက်မခံချင်တာကြောင့် တွန့်တိုတာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။

ဒီလိုနေ့ နေ့စဉ် နေတိုင်း အမှုမဲ့အမှတ်မဲ့ဖြစ်ဖြစ်၊ သတိရတရနဲ့ဖြစ်ဖြစ် အပြင်ကိုကြည့်လိုက်တာနဲ့ သူက အဲဒီနေရာကနေ သူမကို အမြဲတမ်းစောင့်ကြည့်နေတာပါပဲ။ ကြာတော့ သူမအနေနဲ့ စောင့်ကြည့်ခံနေရတဲ့ ခံစားချက်ကိုတောင် ရိုးသွားသလို ခံစားမိလာတယ်။ အပြင်သွားချိန်၊ ခြံထဲက အပင်လေးတွေ ဂရုစိုက်ချိန်၊ ရေချိုးချိန်နဲ့ ထမင်းစားချိန်တွေကလွဲရင် သူမ ဒီအခန်းထဲမှာ အမြဲလိုလိုရှိနေတတ်ပါတယ်။ အဲဒီအချိန်တိုင်းလည်း သူ့ကို အမြဲတမ်းတွေ့ရတတ်ပါတယ်။

တိမ်တွေက အရေးကြီး သတင်းစကားတခုကို တနေရာရာကို သယ်ဆောင်သွားလို့ တာဝန်ရှိနေသလိုမျိုး ခပ်မြန်မြန်ပဲ ရွေ့လျားနေတယ်။ မျက်စိတမှိတ်အတွင်းမှာ ခုနမြင်နေရတဲ့ တိမ်တွေက မြင်ကွင်းထဲကနေ ပျောက်ခြင်းမလှ ပျောက်သွားတယ်။ ဘဝထဲမှာ တိမ်လိုလူတွေ၊ တိမ်လို ကတိစကားတွေ၊ တိမ်လိုမျိုး ငြိတွယ်မှုတွေက လေတချက်အဝှေ့မှာ ပျောက်ကွယ်သွားရတာပဲလို့ သူမတွေးနေမိတယ်။

မိုးရာသီကုန်လို့ ဆောင်းရာသီတောင် ရောက်တော့မယ်။ သူမ အပြင်ဘက်ကို လှမ်းကြည့်လိုက်တိုင်း သူ့ကို အဲဒီနေရာမှာပဲ တွေ့နေရတုန်း။ သူက အဲဒီနေရာကနေ သူမကို စောင့်ကြည့်နေကတည်းက အရင်လို တိမ်တွေကိုတောင် သူမ သိပ်မကြည့်ဖြစ်တော့ဘူး။ တိမ်မကြည့်လိုက်ရဘဲ မိုးရာသီ ကုန်သွားတာက သိပ်ကိုနှမြောစရာကောင်းတာပဲ။ ဘယ်လောက် ဥပေက္ခာပြုတယ်ပဲဆိုဆို သူမစာကြည့်စားပွဲနဲ့ တည့်တည့်နေရာကနေ အခန်းထဲကို လှမ်းကြည့်နေတတ်တာကို မသိသလို၊ မမြင်သလိုနေဖို့ သိပ်ကိုခက်ပါတယ်။ ဒီတော့လည်း သူ့ကိုကျော်ပြီးမှ အရသာခံပြီး ကြည့်ရမယ့် တိမ်တွေကို ဘယ်လိုများစိတ်ခံစားချက် ပေါ့ပေါ့ပါးပါးထားပြီး ခံစားနိုင်ပါတော့မလဲ။

သူ့ကို စသတိထားမိခဲ့တဲ့ နွေအကုန် မိုးအကူးနေ့ရက်တွေကနေ ဒီကနေ့အထိ သူမ အခန်းအပြင်ကို ကြည့်လိုက်တာနဲ့ သူက သူမကို သိကျွမ်းခဲ့ဖူးတဲ့ တစုံတယောက်လိုမျိုး ငေးကြည့်နေခဲ့တာပါပဲ။ အရှေ့မြောက်လေတိုက်ပြီး မိုးရွာရင် အခန်းထဲကို မိုးပက်လို့ အခန်းတံခါးတွေပိတ်ရတယ်။ မှန်တံခါးဆိုတော့ မိုးရေတွေ ပက်ဖြန်းထားလို့ မှုန်ဝါးနေတဲ့ အဲဒီမြင်ကွင်းကပဲ ကြည့်လို့ကောင်းနေသေးတော့တာ။

ဒီရက်တွေက မိုးရာသီရဲ့ နောက်ဆုံးရက်များလို့တောင် သူမထင်မိတယ်။ ဘာလို့လဲဆိုရင် မိုးက ရှိသမျှ မိုးရေတွေကို ဒါနောက်ဆုံးပဲဆိုပြီး အားကုန်သွန်ချနေသလိုပါပဲ။ ဒါမှမဟုတ်ရင်တော့ ဝမ်းနည်းနေတဲ့ တစုံတယောက်က မိုးနဲ့ရောပြီး ငိုချလိုက်တဲ့ မျက်ရည်တွေပါရောပြီးများ ပါနေသလားပဲ။ သူမ ဝမ်းနည်းတဲ့အခါမျိုးမှာလည်း မိုးရွာထဲကိုသွားပြီး မိုးရေနဲ့ရောပြီး ငိုပစ်လိုက်တာမျိုး ရှိခဲ့ဖူးတာကိုး။ မိုးက ရှိသမျှ မိုးရေတွေအကုန် သွန်ချသလိုမျိုးကို ရွာနေခဲ့တာပါ။ သူက မိုးရေထဲကနေ သူမအခန်းဆီကို မမှိတ်မသုန် ကြည့်နေပါတယ်။

ဒီတခါတော့ သူမ အကြည့်မလွှဲတော့ပါဘူး။ မှန်တံခါးကို အသာအယာဆွဲလှပ်လိုက်တယ်။ သူ့ကိုရင်ဆိုင်ဖို့ သူမ အဆင်သင့်ဖြစ်နေပါပြီ။

ပြီးတော့ သူ့ကို မျက်လုံးချင်းဆုံပြီး သေသေချာချာ ကြည့်လိုက်မိပါတယ်။

ဆက်ရန်.....

မယ်ကျော့

#စောင့်ကြည့်သူ #မယ်ကျော့

"စောင့်ကြည့်သူ"အနားမှာ တစုံတယောက်ရှိနေသလို ခံစားနေရတာ ရက်တော်တော်ကြာပြီ။ ဒါက စိတ်ထင်တာသာ ဖြစ်မှာပါလေဆိုပြီး မသိသလိုနေခဲ့...
01/06/2025

"စောင့်ကြည့်သူ"

အနားမှာ တစုံတယောက်ရှိနေသလို ခံစားနေရတာ ရက်တော်တော်ကြာပြီ။ ဒါက စိတ်ထင်တာသာ ဖြစ်မှာပါလေဆိုပြီး မသိသလိုနေခဲ့ပေမဲ့ ရှေ့ဆက်ပြီး ဒါကို ဥပေက္ခာပြုပြီးနေဖို့ ခက်ခဲလာတယ်။ သိတယ် မဟုတ်လား။ လူတွေမှာ ဆဋ္ဌမအာရုံရှိတယ်ဆိုတာ။ သူမမှာလည်း အဲဒါနဲ့ပတ်သက်ပြီး နည်းနည်းပါရမီပါတယ်လို့ ပြောရမယ်ထင်တယ်။

ခရီးတွေဘာတွေသွားရင် တချို့ ဟိုတယ်ခန်းထဲမှာ မမြင်ရတဲ့ တစုံတရာ ရှိနေတယ်လို့ စိတ်ထဲ မသိုးမသန့်ခံစားရတာမျိုးဆိုရင် သေချာတယ်။ အဲဒီတစုံတရာက သူရှိနေကြောင်း၊ သူ့ဖြစ်တည်မှုကို အသိအမှတ်ပြုဖို့ တနည်းနည်းနဲ့တော့ အချက်ပြတာပဲ။ အဲဒီ ဆဋ္ဌမအာရုံက ပြောရခက်တယ်။ စိတ်ထဲ ဖြတ်ခနဲ ခံစားလိုက်ရတာ။ ပုံမှန်အခြေအနေမဟုတ်ဘဲ စိတ်ထဲ လေးလံသွားတာ။ တခုခုကို မသိုးမသန့်ခံစားလိုက်ရတာ။ အနံ့လိုလို ရလိုက်တာမျိုး။ ဒါကစိတ်အတွင်းထဲကနေ အလိုလိုခံစားမိလာတာ။ ဒီနေရာမှာ ကိုယ်တွေပဲ မဟုတ်ဘူးဆိုတာမျိုး ခံစားရစေတာပေါ့။

တချို့အလိုလိုသိစိတ်တွေကျတော့ အကြောင်းအရာအပေါ်မှာ၊ လူအပေါ်မှာ ဖြစ်တာမျိုးလည်းရှိသေးတယ်။ ဒီလူနဲ့ပတ်သက်ပြီး၊ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စိတ်ထဲမှာ ခံစားချက်မကောင်းဘူးဆိုတာမျိုးပေါ့။ ဒါမျိုးက ကိုယ်ပြောတာ အမှန်လို့…သက်သေပြဖို့လည်း ခက်တယ်။ အချိန်တခုရောက်တော့မှ သူ့ဘာသာသူပေါ်လာတာမျိုး၊ သိလာရတာမျိုးပေါ့။

အခုလည်း အခန်းထဲမှာ ရှိတဲ့အချိန်တိုင်း သူမကို တစုံတယောက်က စူးစူးစိုက်စိုက်ကြည့်နေသလိုမျိုး ခံစားနေရတာကို မသိကျိုးကျွံပြုပြီးနေဖို့က သိပ်ကို ခက်ခဲလာတယ်။ ဒီလိုနဲ့ ဟုတ်ပြီ… အသိအမှတ်ပြုလိုက်မယ်ဆိုတဲ့ တချိန်တည်းမှာပဲ အခန်းထဲကို စေ့စေ့စပ်စပ်ဝေ့ဝဲကြည့်လိုက်မိတယ်။ အခန်းရဲ့ ညာဘက်ထောင့်မှာ စာကြည့်စားပွဲနဲ့ စာအုပ်စင်သေးသေးလေးတခု၊ ဘယ်ဘက်မှာက အဝတ်ဘီဒိုတခုနဲ့ မှန်တင်ခုံရယ်၊ ကုတင်ကတော့ အခန်းထဲဝင်ဝင်ချင်းညာဘက်ခြမ်းနေရာ၊ စာကြည့်စာပွဲနဲ့ ကပ်ရပ်မှာ။ အားလုံးက နေရာနဲ့သူ အစီအစဉ်တကျပဲ။ အဝတ်ဘီဒိုဘေးနားက ခရီးဆောင်အိတ်နှစ်လုံးက ခရီးသွားဖို့ အမြဲအဆင်သင့်ဖြစ်နေသလိုမျိုး အသင့်အနေအထားနဲ့။

ခရီးဆောင်အိတ်တလုံးနဲ့ အိမ်ကနေထွက်လာခဲ့တဲ့ သူတယောက်က ခရီးဆောင်အိတ် နှစ်လုံးဖြစ်တဲ့အထိ အိမ်ပြန်ဖို့ အကြောင်းအရင်းမတွေ့သေးတဲ့ သူမ။ အိမ်နဲ့ ဝေးရာကိုသာ တနေရာပြီး တနေရာ ဆက်သွားနေမိတယ်။ အခုလည်း ဒီအခန်းထောင့်မှာရှိတဲ့ ခရီးဆောင်အိတ်နှစ်လုံးက အိမ်နဲ့အဝေးကြီးကို သွားဖို့ အဆင်သင့်ဖြစ်နေသလိုမျိုး။

ဒီမြို့လေးရဲ့ အပူချိန်က အခုရက်တွေမှာ တဖြည်းဖြည်းကျလာတာကို သတိပြုမိလာတယ်။ နွေက နွေပီသကြောင်း ပြဖို့ ပူပြင်းပြခဲ့ပြီးပြီမို့ အခုတော့ နောက်ဆုံးနှုတ်ဆက်စကားဆိုရမယ့် အချိန်ရောက်လာခဲ့ပြီ။ အရင်ကဆို သိပ်ပူလွန်းတာကြောင့် အခန်းတံခါးတွေလည်း ပိတ်၊ လိုက်ကာတွေလည်း ပိတ်ပြီး လေအေးပေးစက်ကို နေ့ရော ညပါဖွင့်နေမိတာ။ အဲဒီလိုနေမိတာ သုံးလလောက်တောင် ရှိသွားပြီထင်တယ်။

အခုမှသတိထားမိတယ်။ အခန်းထဲက အပင်လေးတွေ နေရောင်ခြည်မရလို့ အရွက်လေးတွေတောင် မစိမ်းနိုင်တော့ဘူး။ အရင်က အစိမ်းရင့်ရင့် အပင်လေးတွေက စိမ်းဝါရောင်ဖျော့ဖျော့လေးတွေ ဖြစ်နေတယ်။

ဒီလိုနဲ့ အပူလျော့သွားတဲ့ တခုသော မနက်ခင်းမှာ လိုက်ကာကိုဖွင့်လိုက်တယ်။ နေရောင်ခြည်နုနုလေးက အခန်းထဲ ဝင်လာတယ်။ သစ်ပင်က နေရောင်ခြည်ရမှ ရှင်သန်ကျန်းမာနိုင်သလိုပဲ လူကလည်း နေရောင်လေးမြင်လိုက်ရတော့ စိတ်ကလေးက အလိုလိုကြည်သွားတယ်။ ဒီလိုနဲ့ ပြတင်းတံခါးကို ဆက်ဖွင့်လိုက်တယ်။ လေအေးအေးက သိသိသာသာ အခန်းထဲမဝင်လာပေမဲ့ လေရှူရတာ ပိုသန့်စင်တယ်လို့ ခံစားလိုက်ရတယ်။ လေကို တဝကြီးရှူပြီး ပြတင်းပေါက်ကနေ မြင်ရသလောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်မိတယ်။

အဲဒီမှာ သူ့ကို စတွေ့တာပါပဲ....။

ဆက်ရန်......

မယ်ကျော့

#မယ်ကျော့ #စောင့်ကြည့်သူ

"သီချင်းတွေထဲက မှတ်ဉာဏ်အပိုင်းအစများ"ကျနော်တို့ နားထောင်ခဲ့တဲ့ သီချင်းတွေက သီချင်းတွေသက်သက်မဟုတ်ဘဲ ကျနော်တို့ရဲ့ မှတ်ဉာဏ...
04/05/2025

"သီချင်းတွေထဲက မှတ်ဉာဏ်အပိုင်းအစများ"

ကျနော်တို့ နားထောင်ခဲ့တဲ့ သီချင်းတွေက သီချင်းတွေသက်သက်မဟုတ်ဘဲ ကျနော်တို့ရဲ့ မှတ်ဉာဏ်တွေကိုပါ သိမ်းဆည်းပေးထားတယ်လို့ ကျနော်ကတော့ယုံကြည်ပါတယ်။ အသက်အရွယ်အလိုက်၊ အချိန်အခါအလိုက်၊ နာကျင်မွန်းကျပ်မှုနဲ့ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်ကြည်နူးမှုအလိုက် နားထောင်ခဲ့တဲ့ သီချင်းတွေထဲမှာ ပျောက်ဆုံးသွားတဲ့၊ မေ့လျော့လုနီးနီးဖြစ်နေတဲ့ မှတ်ဉာဏ်တွေကို ကျနော်တို့ရှာတွေ့နိုင်ပါတယ်။

တခါတလေမှာ ကျနော်တို့ ပြန်မရောက်နိုင်တော့တဲ့နေရာ၊ ပြန်မရနိုင်တော့တဲ့ ခံစားမှုတွေကို သီချင်းတွေကတဆင့် ရှာဖွေကြတယ် မဟုတ်လား။ လူတယောက်ချင်းစီမှာ သီချင်းတပုဒ်ချင်းစီအလိုက် အဓိပ္ပာယ်နဲ့ လေးနက်မှုတွေ၊ ခံစားချက်တွေကိုယ်စီရှိကြမှာပါ။ ကျနော့်မှာလည်း အများနည်းတူရှိတာပေါ့။

ဘယ်သီချင်းကတော့ ငယ်ဘဝရဲ့ နုနယ်ပျိုမြစ်ပြီး ဒဏ်ရာကင်းတဲ့ အချိန်တွေကို အမှတ်ရစေမိတယ်ဆိုတာမျိုး၊ ဘယ်သီချင်းကတော့ အားငယ်စိတ်ဓာတ်ကျတိုင်း ခွန်အားအဖြစ် ပြန်နိုးထလာရတာကို အမှတ်ရမိတယ်ဆိုတာမျိုး၊ ဘယ်သီချင်းကတော့ အိမ်ကိုလွမ်းတိုင်း နားထောင်မိတယ်ဆိုတာမျိုး၊ ဘယ်သီချင်းကတော့ ပျော်ရွှင်ခဲ့တဲ့ အခိုက်အတန့်တွေကိုသတိရမိစေတယ်ဆိုတာမျိုး၊ ဘယ်သီချင်းကတော့ ချစ်ရတဲ့ တစုံတယောက်ကို သတိရမိစေတယ်ဆိုတာမျိုး၊ ဘယ်သီချင်းကတော့ အသည်းကွဲခဲ့တဲ့(ဒီနေရာမှာ အသည်းကွဲတယ်ဆိုတာ ချစ်သူရည်းစားကြောင့် အသည်းကွဲတာတခုထဲကို မဆိုလိုပါဘူး။ ကျနော်တို့ယုံကြည်ထားတဲ့အရာ၊ မျှော်လင့်ထားတဲ့အရာ၊ တန်ဖိုးထားရတဲ့အရာတွေ ပျက်ဆီးသွားရင်လည်း အသည်းကွဲရတာပဲ မဟုတ်လား။ ကျနော်ဆို ၂၀၂၁၊ ဖေဖော်ဝါရီမှာ အသည်းကွဲရတာက ကွဲဖူးသမျှထဲမှာ အဆိုးဆုံးနဲ့ စိတ်ကိုအထိခိုက်ဆုံးလို့ပြောလို့ရတယ်) အချိန်တွေကို ပြန်သတိရစေတယ်ဆိုတာမျိုးတွေ ရှိကြမှာပေါ့။ ကျနော့်မှာလည်း သီချင်းတပုဒ်ချင်းစီနဲ့အတူ အလားတူ မှတ်ဉာဏ်အားလုံး ရှိနေပါတယ်။

တခါတလေမှာ အဲဒီမှတ်ဉာဏ်တွေကို တကူးတကပြန်အမှတ်ရဖို့အတွက် သီချင်းတွေကို နားထောင်ရတဲ့ အခိုက်အတန့်မျိုးတွေရှိပါတယ်။ ကျနော်တို့အတွက် ပြန်မရနိုင်တော့တဲ့ ခံစားချက်တွေ၊ ပြန်မရနိုင်တော့တဲ့ ဖြစ်ရပ်တွေကို လွမ်းမိတဲ့အခါမျိုးတွေမှာ အဲဒီသီချင်းတွေကို နားထောင်လေ့ရှိပါတယ်။ သီချင်းတပုဒ်က အဲဒီအချိန်၊ အဲဒီအခိုက်အတန့်၊ အဲဒီတုန်းကခံစားမှုတွေကို Illusion(အာရုံခံစားမှုရဲ့ လှည့်စားမှုအဖြစ်)လိုမျိုး ခဏဖြစ်ဖြစ်တော့ အတိတ်ဖြစ်ရပ်တွေဆီကို ကျနော်တို့ကို ခေါ်သွားနိုင်ပါတယ်။

ပျော်စရာဆိုတာ ဘာမှန်းမသိတော့တဲ့ မှောင်မိုက်တဲ့အချိန်တွေထဲမှာ အရင်က ပျော်ခဲ့ဖူးပါလား၊ အလင်းရောင်ရှိခဲ့ဖူးပါလားဆိုတာကို သီချင်းတွေရဲ့ မှတ်ဉာဏ်ကတဆင့်၊ ဓာတ်ပုံမှတ်တမ်းတွေကတဆင့် ပြန်ရှာဖွေနေရတဲ့ အချိန်ပါပဲ။ ဒါက အခိုက်အတန့်တခုထိတော့ လက်ရှိအချိန်ကိုမေ့ပြီး အတိတ်က ပျော်ခဲ့ရတဲ့ အချိန်တွေထဲမှာ ခဏတာ ပျော်ဝင်နားခိုနိုင်တာဖြစ်လို့ အခုလိုအချိန်အတွက် အကောင်းဆုံးလက်ဆောင်လို့ ယူဆရမှာပါပဲ။

အဲဒီပျော်စရာမှတ်ဉာဏ်တွေထဲမှာ ထွက်ပေါက်မရှိဘဲ ပိတ်မိနေရင်ကောင်းမှာလို့ ကျနော် မကြာခဏ တွေးမိပါသေးတယ်။ အမှန်တော့ အဲဒါနဲ့ လက်တွေ့ဘဝနဲ့ ပြောင်းပြန်ဖြစ်နေခဲ့တယ်ဆိုတာကို ကျနော် တမင်မေ့ထားခဲ့တာပါ။

တကယ်တမ်းတော့ ကျနော်တို့က မှောင်မိုက်တဲ့ တွင်းနက်ကြီးထဲမှာ ထွက်ပေါက်ပိတ်နေကြတာ ကြာပြီ မဟုတ်လား။ ဒါက ယာယီပါပဲလို့ ကိုယ့်ကိုယ်ကို သတိပေးနေပေမဲ့ တဖက်မှာလည်း ဒါကတကယ်ပဲထွက်ပေါက်ရောရှိပါရဲ့လားလို့ ယုံကြည်ချက်တွေး ပါးလျလာတဲ့ အချိန်တွေပါပဲ။

“အစစအရာရာ ဂရုစိုက်နော်….တနေ့ကျရင် အားလုံးပြန်ဆုံကြမယ်” လို့ ချစ်ရတဲ့သူတွေ၊ မိတ်ဆွေတွေကို အခုကာလမှာ ကျနော်တို့ ပြောဖြစ်ကြပါတယ်။ ကိုယ်ပြောတဲ့ စကားကို ကိုယ်တိုင်သံသယဖြစ်တာ ဒီတချိန်က ပထမဆုံးအကြိမ်ပါပဲ။ ကိုယ်ပြောတဲ့ စကားကို ကိုယ်တိုင်မယုံကြည်တာ ဒီတကြိမ်ပထမဆုံးပါပဲ။ တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ ဒီစကားကိုပြောလိုက်တိုင်း ယုံကြည်ချက်တွေ လုံးပါး ပါးလာရတာပါပဲ။ အားပျော့တိတ်ဆိတ်ရတာပဲ။ နွမ်းလျတိုးတိတ်ရတာပါပဲ။

ရှားပါးလွန်းတဲ့ ပစ္စည်းတခု၊ တန်ဖိုးကြီးလွန်းတဲ့ ပစ္စည်းတခုကို ဥပမာပေးချင်တဲ့အခါ ပြတိုက်မှာသွားကြည့်ရမယ်လို့ ကျနော်တို့ပြောလေ့ရှိကြတယ် မဟုတ်လား။ ပျော်ရွှင်မှုဆိုတာကိုလည်း ကျနော်တို့တွေက သီချင်းတွေရဲ့ မှတ်ဉာဏ်ပြတိုက်ထဲမှာ၊ ဓာတ်ပုံပြတိုက်တွေထဲမှာ ပြန်ရှာဖွေနေရပြီ မဟုတ်ပါလား။

အမှောင်ထုက သိပ်နက်လာတဲ့အခါမှာ အနားမှာ ချစ်ခင်ရတဲ့ မိသားစုတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ မှတ်ဉာဏ်အပိုင်းအစတွေနဲ့ သီချင်းတွေရှိလို့သာပဲလို့ ဖြေသိမ့်ရတယ်။ ဒီအမှောင်ထုမှာ ဒီလို အလင်းရောင်ကလေးသာမရှိရင် မနက်ဖြန်ဆိုတာတွေကို ကျနော်တို့ တောင့်ခံနိုင်မှာမဟုတ်ပါဘူး။ ကံဆိုးလို့ အမှောင်ထုထဲရောက်နေရပေမဲ့ ကံကောင်းချင်တော့ ချစ်ရသူတွေအနားမှာရှိသေးရဲ့ မဟုတ်လား။ ဒီလိုအားတင်းဖြတ်သန်းရင်းပဲ နေဝင်ညတွေကို အကြိမ်ကြိမ်ကျော်ဖြတ်ခဲ့ပြီးပြီ။ မနက်ဖြန်မှာ ရောင်နီကို တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကတော့ မမှေးမှိန်သေးပါဘူး။

ရောင်နီသာတဲ့ မနက်ဖြန်က အရောက်နောက်ကျပေမဲ့ ရောက်ကို ရောက်လာဦးမှာပါ။

မနက်ဖြန်တိုင်းက မျှော်လင့်ချက်ဖြစ်သလို၊ မနက်ဖြန်တိုင်းက အတိတ်က မှတ်ဉာဏ်အပိုင်းအစတွေကို လိုက်ကောက်စရာမလိုတော့တဲ့ နေ့ရက်တရက်ဖြစ်လာမယ်လို့ ယုံကြည်ရင်း.......။ ။

မယ်ကျော့

၄၊ မေ၊ ၂၀၂၅၊

Address


Alerts

Be the first to know and let us send you an email when မယ်ကျော့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မယ်ကျော့:

  • Want your business to be the top-listed Media Company?

Share