09/04/2026
ဖြတ်သန်းခ ပေါင်းကောက်ဖို့ ထရမ့် စဉ်းစားချိန် ဟော်မုဇ်ရေလက်ကြား အီရန် ပြန်ပိတ်
VOP Media ၊ ဧပြီ ၉၊ ၂၀၂၆။
ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးရမယ်ဆိုတဲ့ အချက်နဲ့ အီရန်နဲ့ နှစ်ပတ်ကြာ အပစ်ရပ်ဖို့ သဘောတူခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရေလက်ကြား ဘေးကင်းလုံခြုံဖို့အတွက် အီရန်နဲ့ "ဖက်စပ်လုပ်ငန်း" (Joint Venture) အနေနဲ့ လုပ်ဆောင်သွားနိုင်တယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ အပစ်ရပ်စဲရေး ကြေညာပြီးနောက် ခဏတဖြုတ် ပြန်ပွင့်သွားခဲ့တဲ့ ရေလက်ကြားဟာ အစ္စရေးက လက်ဘနွန်ကို တိုက်ခိုက်နေတာကြောင့် အခုတော့ ပြန်ပိတ်သွားခဲ့ပါပြီ။
ပြီးခဲ့တဲ့ ၈ ရက်နေ့က ABC သတင်းဌာနနဲ့ အင်တာဗျူးမှာ သမ္မတထရမ့်ကို "ဟော်မုဇ်ရေလက်ကြားက ဖြတ်သွားတဲ့ သင်္ဘောတွေကို အခကြေးငွေ ကောက်ခံတာမျိုး ခွင့်ပြုမှာလား" လို့ မေးမြန်းခဲ့ရာမှာ သူက "ဒါကို ဖက်စပ်လုပ်ငန်းတခုအနေနဲ့ လုပ်ဖို့ ကျနော်တို့ စဉ်းစားနေပါတယ်" လို့ ဖြေခဲ့ပါတယ်။ ဆက်လက်ပြီး သူက "ဒါဟာ ရေလက်ကြားကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းဖြစ်သလို တခြား အင်အားစုတွေရဲ့ ရန်ကနေလည်း ခုခံပေးနိုင်မယ့် နည်းလမ်းပဲ။ ဒါဟာ တကယ်ကို ကောင်းမွန်တဲ့ အစီအစဉ်ပါ" လို့ ဆိုပါတယ်။
ထရမ့်ဟာ ပြီးခဲ့တဲ့ရက်ကလည်း ရေလက်ကြားနဲ့ ပတ်သက်ပြီး "စီးပွားရေး အကျိုးအမြတ်" ရှိနိုင်တဲ့ အကြောင်းကို အရိပ်အယောင် ပြခဲ့ပါသေးတယ်။ အဲဒီတုန်းက သူက Truth Social ကနေတဆင့် "ဟော်မုဇ်ရေလက်ကြားက သင်္ဘောပိတ်ဆို့မှုတွေကို အမေရိကန်က ကူညီဖြေရှင်းပေးမှာပါ၊ အပြုသဘောဆောင်တဲ့ အစီအစဉ်တွေ အများကြီး လုပ်သွားမယ်၊ ငွေတွေလည်း အများကြီး ရလိမ့်မယ်" လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် "အီရန်အနေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်နိုင်ပြီ၊ အခု အမေရိကန် ကြုံတွေ့နေရသလိုမျိုး အရှေ့အလယ်ပိုင်းအတွက်လည်း ရွှေရောင်လွှမ်းတဲ့ ခေတ်သစ်တခု ဖြစ်လာနိုင်တယ်" လို့လည်း ဆိုပါတယ်။
ဒါကြောင့် ထရမ့်ရဲ့ "ဖက်စပ်လုပ်ငန်း" ဆိုတဲ့ စကားရပ်ဟာ ရေလက်ကြားကနေ ဖြတ်သန်းခကောက်ပြီး ပြန်လည်ထူထောင်ရေးမှာ သုံးမယ်ဆိုတဲ့ အီရန်ရဲ့ အဆိုပြုချက်ကို အမေရိကန်က လက်ခံမယ့်သဘော ဖြစ်နေပါတယ်။ အဲဒီအပြင် အဲဒီငွေကောက်ခံတဲ့ လုပ်ငန်းမှာ အမေရိကန်ကိုယ်တိုင် ပါဝင်ပတ်သက်ချင်တဲ့ သဘောလည်း ဆောင်နေပါတယ်။ ဘယ်လိုပုံစံနဲ့ အမြတ်ခွဲဝေမလဲဆိုတာ တိတိကျကျ မသိရသေးပေမဲ့၊ အမေရိကန်အနေနဲ့ ငွေကောက်ခံတဲ့နေရာမှာ ပါဝင်ပြီး "စီမံခန့်ခွဲမှု အခကြေးငွေ" အနေနဲ့ အကျိုးအမြတ် ရယူဖို့ ကြံစည်နေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အမေရိကန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ရာထူးက ဖယ်ရှားပြီးကတည်းက ဗင်နီဇွဲလားရဲ့ ရေနံတင်ပို့မှုကို ထိန်းချုပ်ပြီး အကျိုးအမြတ်တွေမှာ ပါဝင်ပတ်သက်နေခဲ့တာပါ။
ဒါပေမဲ့ အီရန်ကတော့ ဟော်မုဇ်ရေလက်ကြားကို သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ကန့်သတ်ချက်နဲ့ ဖွင့်ပေးချင်တဲ့ သဘောထား ရှိနေပါတယ်။ ပိုဆိုးတာက အစ္စရေးက အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့ကို နှိမ်နင်းဖို့ လက်ဘနွန်ကို လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတာကြောင့် ရေလက်ကြားဟာ လက်တွေ့မှာ ပြန်ပိတ်သွားခဲ့ပါပြီ။
အမေရိကန်နဲ့ အီရန်ဟာ ရေလက်ကြားကိစ္စတင်မကဘဲ တခြားကိစ္စတွေမှာလည်း သဘောထား ကွဲလွဲနေကြပါတယ်။ ထရမ့်က အီရန်ကို ယူရေနီယံ သန့်စင်တဲ့ လုပ်ငန်းမျိုး လုံးဝ ပေးမလုပ်ဘူးလို့ ပြောထားပေမဲ့၊ အီရန်ကတော့ ဒါဟာ သူတို့ရဲ့ ရပိုင်ခွင့်ဖြစ်လို့ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။ နောက်ပြီး အရှေ့အလယ်ပိုင်းက အမေရိကန်တပ်တွေကို ရုပ်သိမ်းဖို့ အစီအစဉ် မရှိဘူးလို့ ထရမ့်က ပြောပေမဲ့၊ အီရန်ကတော့ အပစ်ရပ်ဆွေးနွေးပွဲမှာ အမေရိကန်က တပ်ရုပ်ဖို့ သဘောတူခဲ့တယ်လို့ ဆိုနေပါတယ်။
ဒီကြားထဲမှာ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်ကလည်း အီရန်ကို သတိပေးလိုက်ပါတယ်။ "အကယ်လို့ သူတို့ဘက်က သဘောတူညီချက်ကို ဖောက်ဖျက်ရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရလိမ့်မယ်" လို့ သူက ပြောပါတယ်။ "သမ္မတ ထရမ့်က ဒါဟာ အပစ်ရပ်စဲရေးနဲ့ ဆွေးနွေးမှုဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။ ကျနော်တို့ဘက်က ဒါကို ပေးထားတာ၊ သူတို့ဘက်ကတော့ ရေလက်ကြားကို ပြန်ဖွင့်ပေးရမှာ။ အကယ်လို့ အီရန်က သတ်မှတ်ချက်တွေကို မလိုက်နာရင် သမ္မတကလည်း ကျနော်တို့ ကတိတွေကို တည်မှာမဟုတ်ဘူး၊ သမ္မတမှာ စစ်ပွဲကို ပြန်စဖို့ ရွေးချယ်စရာ နည်းလမ်းတွေ အများကြီး ရှိတယ်" လို့ ဗန့်စ်က ဆိုပါတယ်။
ကိုးကား။ ။ The Chosun Daily သတင်း Trump Considers Joint Venture With Iran on Hormuz Strait Tolls
ဓာတ်ပုံ - အီရန်နဲ့ "ဖက်စပ်လုပ်ငန်း" (Joint Venture) အနေနဲ့ လုပ်ဆောင်သွားနိုင်တယ်လို့ ထရမ့်က ပြောလိုက်ပါတယ်/AFP