09/10/2026
ကမ္ဘာ အမြင်များ လွန်ဆွဲပွဲ (၄၅)
(Clash of World Views)
အယူဝါဒများ၏ တိုက်ပွဲ (၃)
အရင်းရှင်စနစ် တွင်လည်း အားနည်းချက်များ ရှိခဲ့သည်ကို သတိပြုရ ပေမည်။ လစ်ဘရယ်အတွေးအခေါ် ပေါ်တွင် အခြေခံထားသည့် လစ်ဘရယ်ဒီမိုကရေစီ၏ စီးပွားရေးအယူအဆသည် အစပိုင်းတွင် “Laissez-faire economy” ဟုခေါ်သည့် စီးပွားရေးမူဝါဒကို လက်ခံကျင့်သုံးခဲ့သည်။
ယင်းစနစ်တွင် ပုဂ္ဂလိက စီးပွားရေးလုပ်ဆောင်သူ တဦးချင်းအား စျေးကွက်အတွင်း လွတ်လပ်စွာ စီးပွားရေးလုပ်ကိုင်ခွင့် အပြည့်အဝပေးထားပြီး၊ အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုကို အနည်းဆုံးအဆင့်သာ ထားရှိသည်။
ဤစနစ်သည် ပုဂ္ဂလိကပိုင်ဆိုင်မှု၊ လွတ်လပ်စွာ ကုန်သွယ်မှု၊ ပြိုင်ဆိုင်မှုမှတဆင့် အမြတ်အစွန်းရှာဖွေခြင်း နှင့် ရောင်းလိုအား နှင့် ဝယ်လိုအား တို့၏ သဘာဝအတိုင်း အတက်အကျဖြစ်ပေါ်ခြင်း တို့အပေါ် အခြေခံသည့် လွတ်လပ်သော စျေးကွက်စီးပွားရေးစနစ် ကို ဖွံ့ဖြိုးလာစေခဲ့သည်။
ဤစနစ်ကို လက်တွေ့အကောင်အထည်ဖော်သည့် အတိုင်းအတာမှာ နေရာဒေသနှင့် အခြေအနေအလိုက် ကွဲပြားခဲ့သော်လည်း၊ လွတ်လပ်သော စျေးကွက်စီးပွားရေးစနစ်သည် နောက်ဆုံးတွင် အရင်းရှင်စနစ် ပေါ်ပေါက်လာရန် မလွဲမသွေ နီးပါး ဦးတည်စေခဲ့သည်။
သို့သော် အစိုးရများက စျေးကွက်အတွင်း ဝင်ရောက်စွက်ဖက်ခြင်းကို ရှောင်ကြဉ်လာသည့်အခါ စျေးကွက်တွင် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အနေအထားကို ရရှိထားသူများက စီးပွားရေးစနစ်နှင့် စျေးကွက်ကိုယ်တိုင်ကိုပါ မူမမှန်အောင် လှည့်ဖြားပုံဖျက်လာကြသည်။
အရင်းရှင်များက အလုပ်သမားများကို အမြတ်ထုတ်လာကြပြီး၊ နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုများသည် အခွင့်ထူးခံ လူနည်းစု၏ လက်ထဲတွင် တဖြည်းဖြည်း ပိုမိုစုစည်းလာခဲ့သဖြင့် ဆိုးရွားပြင်းထန်သော စီးပွားရေးမညီမျှမှုများ ပေါ်ပေါက်လာခဲ့သည်။
လူဦးရေ၏ အများစုဖြစ်သော အလုပ်သမားလူတန်းစားများမှာ အရင်းရှင်အထက်တန်းလွှာ လူနည်းစု၏ အကျိုးအတွက် အလုပ်လုပ်ပေးနေရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ကြသည်။
၁၉ ရာစု ဗြိတိန်နိုင်ငံတွင် Laissez-faire အရင်းရှင်စနစ် အထွတ်အထိပ်ရောက်ရှိနေချိန်၌ စက်မှုလုပ်ငန်းရှင်များသည် ကောင်းပေ့ညွန့်ပေ ဆိုသော ဇိမ်ခံပစ္စည်းများနှင့် အပျော်အပါးများတွင် ငွေကြေးအလွန်အကျွံ သုံးစွဲနေခဲ့ကြသည်။ အချို့သောသူများဆိုလျှင် တန်ဖိုးမြင့် ငွေစက္ကူများကိုပင် ဆေးပြင်းလိပ် မီးညှိရန် အသုံးပြုခဲ့ကြသည်အထိ ဖြစ်လာသည်။
ထိုအချိန်တွင် အလုပ်သမားများမှာမူ အလွန်ပင်ပန်း ဆင်းရဲစွာဖြင့် ခက်ခဲကြမ်းတမ်းသော လုပ်ငန်းခွင်အခြေအနေများအောက်တွင် အလုပ်လုပ်ကိုင်နေခဲ့ကြရသည်။
စက်ရုံအလုပ်သမားအချို့မှာလည်း အလွန်အမင်း ပင်ပန်းနွမ်းနယ်သဖြင့် မတ်တပ်ရပ်နေရန်ပင် မစွမ်းနိုင်တော့ဘဲ နံရံတလျှောက် တန်းထားသော ကြိုးများကို မှီ၍ အနားယူခဲ့ကြရသည်။ ထိုမြင်ကွင်းမှာ အဝတ်များကို လှန်းထားသကဲ့သို့ ဖြစ်နေခဲ့သည်။
ဤမျှ ပြင်းထန်သော စီးပွားရေးမညီမျှမှုများ ရှိနေခဲ့ခြင်းကြောင့် မာ့က်စ် နှင့် အိန်ဂျယ်လ်စ် တို့က အရင်းရှင်စနစ်သည် ၎င်းတို့ ကိုယ်တိုင်၏ အတွင်းပိုင်း ဝိရောဓိ ကွဲလွဲမှုများ၏ ဖိအားအောက်တွင် နောက်ဆုံးတွင် ပြိုလဲသွားမည် ဟု ခန့်မှန်းခဲ့ခြင်းမှာ အံ့ဩစရာ တော့ မဟုတ်ပေ။
သို့သော် ကွန်မြူနစ်များ ကြိုတင်မမြင်နိုင်ခဲ့သည့်အချက်မှာ အရင်းရှင်စနစ်၏ တီထွင်ဆန်းသစ်နိုင်စွမ်းနှင့် အခြေအနေအလိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်းတို့ပင် ဖြစ်သည်။
အထူးသဖြင့် မာ့က်စ် နှင့် အိန်ဂျယ်လ်စ် တို့က အရင်းရှင်စနစ်သည် မူလသဘောသဘာဝအရ အမြတ်ထုတ်နိုင်မှ ကြီးပွားနိုင်မည့် စနစ်ဖြစ်ပြီး စီးပွားရေးမညီမျှမှုများကို မလွဲမသွေ တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာမည် ဟု စောဒကတက်ခဲ့ကြသည်။
သူတို့၏ ဝေဖန်ချက်သည် အစောပိုင်း စက်မှုအရင်းရှင်စနစ်၏ အခြေအနေတွင် အများအားဖြင့် မှန်ကန်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲမှုများ—အထူးသဖြင့် စီးပွားပျက်ကပ်ကြီး နှင့် ကွန်မြူနစ်ဝါဒ ထွန်းကားလာမှု တို့ကို တုံ့ပြန်ဖြေရှင်းရန် ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများ—ကြောင့် အရင်းရှင်စနစ်သည် အခြေအနေအသစ်များနှင့်အညီ လိုက်လျောညီထွေပြုပြင်နိုင်ခဲ့၍ ဆက်လက်ဖွံ့ဖြိုးပြောင်းလဲလာခဲ့သည်။
အစိုးရများက ချမ်းသာကြွယ်ဝမှုကို ပြန်လည်ခွဲဝေပေးရန် နှင့် စီးပွားရေးမညီမျှမှုများကို လျှော့ချရန် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ခြင်းကြောင့် မာ့က်စ် ကြိုတင်ခန့်မှန်းခဲ့သော “အရင်းရှင်စနစ်၏ ထောင်ချောက်” ဟု ခေါ်ဆိုနိုင်သည့် အခြေအနေသို့ မကျရောက်အောင် ရှောင်လွှဲနိုင်ခဲ့သည်။
ဤသို့ အခြေအနေများနှင့်အညီ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲလာသည့် ဖြစ်စဉ်သည် နောက်ဆုံးတွင် နီယိုလစ်ဘရယ်ဝါဒ ပေါ်ပေါက်လာခြင်းနှင့်အတူ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ နီယိုလစ်ဘရယ်ဝါဒသည် အစောပိုင်းအရင်းရှင်စနစ်၏ အခြေခံသဘောတရားအချို့ကို စီးပွားရေးအကျပ်အတည်းများအပြီး ပေါ်ပေါက်လာခဲ့သည့် ပြုပြင်ပြောင်းလဲရေးမူဝါဒများနှင့် ပေါင်းစပ်ထားသည့် အယူအဆတရပ်ဖြစ်ပြီး၊ စျေးကွက်၏ လွတ်လပ်စွာ လည်ပတ်မှုကို အလေးပေးသည့် ချဉ်းကပ်မှုဆီသို့ ပြန်လည်ဦးတည်ခဲ့သည်။
ဤအဓိပ္ပာယ်အရ အရင်းရှင်စနစ်သည် မိမိအတွင်းပိုင်းရှိ ဆန့်ကျင်ကွဲလွဲမှုများ (ဥပမာ—စီးပွားရေးအကျပ်အတည်းများ) နှင့် ပြင်ပမှ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများ (ဥပမာ—ကွန်မြူနစ်ဝါဒနှင့် အယူဝါဒဆိုင်ရာ ပြိုင်ဆိုင်မှု) ကို ဖြေရှင်းတုံ့ပြန်ရင်း အစဉ်မပြတ် ဖွံ့ဖြိုးပြောင်းလဲလာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ အရင်းရှင်စနစ်သည် “ထိန်းညှိထားသော အရင်းရှင်စနစ်” (regulated capitalism) အဖြစ် ပြောင်းလဲလာခဲ့သည်။ ဤစနစ်သည် စျေးကွက်စီးပွားရေးကို ဆက်လက်ထိန်းသိမ်းထားသော်လည်း၊ စျေးကွက်စနစ်၏ လွန်ကဲမှုများကို ပြုပြင်ထိန်းညှိရန် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုကိုလည်း ထည့်သွင်းထားသည့် စနစ် ဖြစ်သည်။
လစ်ဘရယ်စီးပွားရေးအတွေးအခေါ်၏ အခြေခံမူမှာ အစိုးရ၏ ပါဝင်စွက်ဖက်မှုကို ကန့်သတ်ထားသင့်သည် ဟူသော အယူအဆ ဖြစ်နေဆဲပင် ဖြစ်သည်။ သို့သော် အစိုးရ၏ အခန်းကဏ္ဍမှာ လုံးဝနီးပါး မရှိသည့် အလွန်အမင်း Laissez-faire ချဉ်းကပ်မှု သည်မူကား အချိန်ကာလကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လူမှုရေးစာချုပ် အမြင်ဖြင့် ကြည့်မည်ဆိုပါက ဆိုဗီယက်ယူနီယံအပါအဝင် စစ်အေးခေတ်ကာလရှိ ကွန်မြူနစ်အစိုးရများသည် ပြည်သူများထံမှ အာဏာရှင်ဆန်သော အုပ်ချုပ်ရေးအာဏာကို ရယူခဲ့ပြီး၊ ထိုအာဏာအတွက် သွယ်ဝိုက်၍ ကတိပြုထားသည့် ကတိနှစ်ရပ်ရှိခဲ့သည်ဟု နားလည်နိုင်သည်။
ပထမအချက်မှာ အလုပ်သမားလူတန်းစားအတွက် ပရဒိသုဘုံ ကို ဖန်တီးပေးမည် ဟု ကတိပြုခဲ့ခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အရင်းရှင်စနစ်အောက်တွင် အလုပ်သမားများ ရရှိခံစားနေရသည့် လူနေမှုအဆင့်အတန်းထက် ပိုမိုမြင့်မားသော လူနေမှုအဆင့်အတန်းကို ပေးစွမ်းမည် ဟု ကတိပြုခဲ့ခြင်း ဖြစ်သည်။
ပထမကတိမှာ လက်တွေ့အကောင်အထည်ဖော်ရန် မဖြစ်နိုင်သည့် အိပ်မက်တရပ် လို ဖြစ်ခဲ့သော်လည်း၊ ဒုတိယကတိကို အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိခဲ့ခြင်းကမူ အထူးသဖြင့် အရေးပါသော နောက်ဆက်တွဲအကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်။
လက်တွေ့တွင် ဆိုဗီယက်ယူနီယံနှင့် အခြားကွန်မြူနစ်နိုင်ငံများ၏ လူနေမှုအဆင့်အတန်းသည် အမေရိကန်ပြည်ထောင်စုနှင့် အနောက်တိုင်း လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းထက် များစွာ နောက်ကျကျန်ရစ်ခဲ့သည်။
ကွန်မြူနစ်အုပ်ချုပ်မှုအောက်ရှိ ပြည်သူများသည် နိုင်ငံရေးလွတ်လပ်ခွင့်များသာမက စီးပွားရေးဆိုင်ရာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်များကိုပါ ဆုံးရှုံးခဲ့ကြသည်။ ၎င်းတို့သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ယုံကြည်တွေးခေါ်ခွင့် နှင့် သတင်းမီဒီယာလွတ်လပ်ခွင့် တို့ကို မရရှိခဲ့ကြသည့်အပြင်၊ လွတ်လပ်စွာ သွားလာခွင့်၊ နေထိုင်ရာရွေးချယ်ပိုင်ခွင့် နှင့် အခြေခံအလုပ်သမားအခွင့်အရေးများထဲမှ အလုပ်သမားများအချင်းချင်း ပေါင်းစည်းဖွဲ့စည်းခွင့် ကဲ့သို့သော အခြေခံအခွင့်အရေးများကိုပင် ဆုံးရှုံးခဲ့ကြသည်။
မကျေနပ်မှုများကို ဖိနှိပ်ရန်နှင့် မိမိတို့၏ အခြေအနေသည် အခြားသူများထက် နိမ့်ကျနေသည်ဟူသော နှိုင်းယှဉ်ခံစားချက် မဖြစ်ပေါ်စေရန် ကွန်မြူနစ်အစိုးရများသည် ၎င်းတို့၏ ပြည်သူများကို ပြင်ပကမ္ဘာနှင့် မဆက်ဆံစေဘဲ အထီးကျန် ဖြစ် နေအောင် တင်းကျပ်စွာ ခွဲခြားထားခဲ့ကြသည်။
သို့သော် ထိုစနစ်၏ မူလသဘောသဘာဝအရ ပါရှိနေသည့် ဆန့်ကျင်ကွဲလွဲမှုများနှင့် ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်များသည် အချိန်ကြာလာသည်နှင့်အမျှ မလွဲမသွေ စုစည်းတိုးပွားလာခဲ့သည်။ စီးပွားရေးပြဿနာများကို ဖြေရှင်းရန် ပိုမိုခက်ခဲလာပြီး အခြေခံလိုအပ်သော ကုန်ပစ္စည်းများပင် ရှားပါးလာသောအခါ ပြည်သူများသည် အစိုးရက လူမှုရေးစာချုပ်ကို ဖောက်ဖျက်ခဲ့ပြီ ဟု နားလည်သဘောပေါက်လာကြသည်။
နောက်ဆုံးတွင် ကွန်မြူနစ်စနစ် ပြိုလဲသွားခြင်း၏ အဆုံးအဖြတ်ပေးသည့် အဓိကအကြောင်းရင်းမှာ ၎င်းတို့ ၏ စီးပွားရေးစနစ် ကျရှုံးသွားမှုပင် ဖြစ်သည်။
ဆက်လက်တင်ပြသွားပါမည်။
Hla Soewai