Yawnathan Online

Yawnathan Online Myanmar and World News presented by Yawnathan Friends

ကမ္ဘာ အမြင်များ လွန်ဆွဲပွဲ (၄၅)(Clash of World Views)အယူဝါဒများ၏ တိုက်ပွဲ (၃)အရင်းရှင်စနစ် တွင်လည်း အားနည်းချက်များ ရှိခ...
09/10/2026

ကမ္ဘာ အမြင်များ လွန်ဆွဲပွဲ (၄၅)
(Clash of World Views)

အယူဝါဒများ၏ တိုက်ပွဲ (၃)

အရင်းရှင်စနစ် တွင်လည်း အားနည်းချက်များ ရှိခဲ့သည်ကို သတိပြုရ‌ ပေမည်။ လစ်ဘရယ်အတွေးအခေါ် ပေါ်တွင် အခြေခံထားသည့် လစ်ဘရယ်ဒီမိုကရေစီ၏ စီးပွားရေးအယူအဆသည် အစပိုင်းတွင် “Laissez-faire economy” ဟုခေါ်သည့် စီးပွားရေးမူဝါဒကို လက်ခံကျင့်သုံးခဲ့သည်။

ယင်းစနစ်တွင် ပုဂ္ဂလိက စီးပွားရေးလုပ်ဆောင်သူ တဦးချင်းအား စျေးကွက်အတွင်း လွတ်လပ်စွာ စီးပွားရေးလုပ်ကိုင်ခွင့် အပြည့်အဝပေးထားပြီး၊ အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုကို အနည်းဆုံးအဆင့်သာ ထားရှိသည်။

ဤစနစ်သည် ပုဂ္ဂလိကပိုင်ဆိုင်မှု၊ လွတ်လပ်စွာ ကုန်သွယ်မှု၊ ပြိုင်ဆိုင်မှုမှတဆင့် အမြတ်အစွန်းရှာဖွေခြင်း နှင့် ရောင်းလိုအား နှင့် ဝယ်လိုအား တို့၏ သဘာဝအတိုင်း အတက်အကျဖြစ်ပေါ်ခြင်း တို့အပေါ် အခြေခံသည့် လွတ်လပ်သော စျေးကွက်စီးပွားရေးစနစ် ကို ဖွံ့ဖြိုးလာစေခဲ့သည်။

ဤစနစ်ကို လက်တွေ့အကောင်အထည်ဖော်သည့် အတိုင်းအတာမှာ နေရာဒေသနှင့် အခြေအနေအလိုက် ကွဲပြားခဲ့သော်လည်း၊ လွတ်လပ်သော စျေးကွက်စီးပွားရေးစနစ်သည် နောက်ဆုံးတွင် အရင်းရှင်စနစ် ပေါ်ပေါက်လာရန် မလွဲမသွေ နီးပါး ဦးတည်စေခဲ့သည်။

သို့သော် အစိုးရများက စျေးကွက်အတွင်း ဝင်ရောက်စွက်ဖက်ခြင်းကို ရှောင်ကြဉ်လာသည့်အခါ စျေးကွက်တွင် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အနေအထားကို ရရှိထားသူများက စီးပွားရေးစနစ်နှင့် စျေးကွက်ကိုယ်တိုင်ကိုပါ မူမမှန်အောင် လှည့်ဖြားပုံဖျက်လာကြသည်။

အရင်းရှင်များက အလုပ်သမားများကို အမြတ်ထုတ်လာကြပြီး၊ နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုများသည် အခွင့်ထူးခံ လူနည်းစု၏ လက်ထဲတွင် တဖြည်းဖြည်း ပိုမိုစုစည်းလာခဲ့သဖြင့် ဆိုးရွားပြင်းထန်သော စီးပွားရေးမညီမျှမှုများ ပေါ်ပေါက်လာခဲ့သည်။

လူဦးရေ၏ အများစုဖြစ်သော အလုပ်သမားလူတန်းစားများမှာ အရင်းရှင်အထက်တန်းလွှာ လူနည်းစု၏ အကျိုးအတွက် အလုပ်လုပ်ပေးနေရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ကြသည်။

၁၉ ရာစု ဗြိတိန်နိုင်ငံတွင် Laissez-faire အရင်းရှင်စနစ် အထွတ်အထိပ်ရောက်ရှိနေချိန်၌ စက်မှုလုပ်ငန်းရှင်များသည် ကောင်းပေ့ညွန့်ပေ ဆိုသော ဇိမ်ခံပစ္စည်းများနှင့် အပျော်အပါးများတွင် ငွေကြေးအလွန်အကျွံ သုံးစွဲနေခဲ့ကြသည်။ အချို့သောသူများဆိုလျှင် တန်ဖိုးမြင့် ငွေစက္ကူများကိုပင် ဆေးပြင်းလိပ် မီးညှိရန် အသုံးပြုခဲ့ကြသည်အထိ ဖြစ်လာသည်။

ထိုအချိန်တွင် အလုပ်သမားများမှာမူ အလွန်ပင်ပန်း ဆင်းရဲစွာဖြင့် ခက်ခဲကြမ်းတမ်းသော လုပ်ငန်းခွင်အခြေအနေများအောက်တွင် အလုပ်လုပ်ကိုင်နေခဲ့ကြရသည်။

စက်ရုံအလုပ်သမားအချို့မှာလည်း အလွန်အမင်း ပင်ပန်းနွမ်းနယ်သဖြင့် မတ်တပ်ရပ်နေရန်ပင် မစွမ်းနိုင်တော့ဘဲ နံရံတလျှောက် တန်းထားသော ကြိုးများကို မှီ၍ အနားယူခဲ့ကြရသည်။ ထိုမြင်ကွင်းမှာ အဝတ်များကို လှန်းထားသကဲ့သို့ ဖြစ်နေခဲ့သည်။

ဤမျှ ပြင်းထန်သော စီးပွားရေးမညီမျှမှုများ ရှိနေခဲ့ခြင်းကြောင့် မာ့က်စ် နှင့် အိန်ဂျယ်လ်စ် တို့က အရင်းရှင်စနစ်သည် ၎င်းတို့ ကိုယ်တိုင်၏ အတွင်းပိုင်း ဝိရောဓိ ကွဲလွဲမှုများ၏ ဖိအားအောက်တွင် နောက်ဆုံးတွင် ပြိုလဲသွားမည် ဟု ခန့်မှန်းခဲ့ခြင်းမှာ အံ့ဩစရာ တော့ မဟုတ်ပေ။

သို့သော် ကွန်မြူနစ်များ ကြိုတင်မမြင်နိုင်ခဲ့သည့်အချက်မှာ အရင်းရှင်စနစ်၏ တီထွင်ဆန်းသစ်နိုင်စွမ်းနှင့် အခြေအနေအလိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်းတို့ပင် ဖြစ်သည်။

အထူးသဖြင့် မာ့က်စ် နှင့် အိန်ဂျယ်လ်စ် တို့က အရင်းရှင်စနစ်သည် မူလသဘောသဘာဝအရ အမြတ်ထုတ်နိုင်မှ ကြီးပွားနိုင်မည့် စနစ်ဖြစ်ပြီး စီးပွားရေးမညီမျှမှုများကို မလွဲမသွေ တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာမည် ဟု စောဒကတက်ခဲ့ကြသည်။

သူတို့၏ ဝေဖန်ချက်သည် အစောပိုင်း စက်မှုအရင်းရှင်စနစ်၏ အခြေအနေတွင် အများအားဖြင့် မှန်ကန်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲမှုများ—အထူးသဖြင့် စီးပွားပျက်ကပ်ကြီး နှင့် ကွန်မြူနစ်ဝါဒ ထွန်းကားလာမှု တို့ကို တုံ့ပြန်ဖြေရှင်းရန် ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများ—ကြောင့် အရင်းရှင်စနစ်သည် အခြေအနေအသစ်များနှင့်အညီ လိုက်လျောညီထွေပြုပြင်နိုင်ခဲ့၍ ဆက်လက်ဖွံ့ဖြိုးပြောင်းလဲလာခဲ့သည်။

အစိုးရများက ချမ်းသာကြွယ်ဝမှုကို ပြန်လည်ခွဲဝေပေးရန် နှင့် စီးပွားရေးမညီမျှမှုများကို လျှော့ချရန် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ခြင်းကြောင့် မာ့က်စ် ကြိုတင်ခန့်မှန်းခဲ့သော “အရင်းရှင်စနစ်၏ ထောင်ချောက်” ဟု ခေါ်ဆိုနိုင်သည့် အခြေအနေသို့ မကျရောက်အောင် ရှောင်လွှဲနိုင်ခဲ့သည်။

ဤသို့ အခြေအနေများနှင့်အညီ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲလာသည့် ဖြစ်စဉ်သည် နောက်ဆုံးတွင် နီယိုလစ်ဘရယ်ဝါဒ ပေါ်ပေါက်လာခြင်းနှင့်အတူ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ နီယိုလစ်ဘရယ်ဝါဒသည် အစောပိုင်းအရင်းရှင်စနစ်၏ အခြေခံသဘောတရားအချို့ကို စီးပွားရေးအကျပ်အတည်းများအပြီး ပေါ်ပေါက်လာခဲ့သည့် ပြုပြင်ပြောင်းလဲရေးမူဝါဒများနှင့် ပေါင်းစပ်ထားသည့် အယူအဆတရပ်ဖြစ်ပြီး၊ စျေးကွက်၏ လွတ်လပ်စွာ လည်ပတ်မှုကို အလေးပေးသည့် ချဉ်းကပ်မှုဆီသို့ ပြန်လည်ဦးတည်ခဲ့သည်။

ဤအဓိပ္ပာယ်အရ အရင်းရှင်စနစ်သည် မိမိအတွင်းပိုင်းရှိ ဆန့်ကျင်ကွဲလွဲမှုများ (ဥပမာ—စီးပွားရေးအကျပ်အတည်းများ) နှင့် ပြင်ပမှ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများ (ဥပမာ—ကွန်မြူနစ်ဝါဒနှင့် အယူဝါဒဆိုင်ရာ ပြိုင်ဆိုင်မှု) ကို ဖြေရှင်းတုံ့ပြန်ရင်း အစဉ်မပြတ် ဖွံ့ဖြိုးပြောင်းလဲလာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ အရင်းရှင်စနစ်သည် “ထိန်းညှိထားသော အရင်းရှင်စနစ်” (regulated capitalism) အဖြစ် ပြောင်းလဲလာခဲ့သည်။ ဤစနစ်သည် စျေးကွက်စီးပွားရေးကို ဆက်လက်ထိန်းသိမ်းထားသော်လည်း၊ စျေးကွက်စနစ်၏ လွန်ကဲမှုများကို ပြုပြင်ထိန်းညှိရန် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုကိုလည်း ထည့်သွင်းထားသည့် စနစ် ဖြစ်သည်။

လစ်ဘရယ်စီးပွားရေးအတွေးအခေါ်၏ အခြေခံမူမှာ အစိုးရ၏ ပါဝင်စွက်ဖက်မှုကို ကန့်သတ်ထားသင့်သည် ဟူသော အယူအဆ ဖြစ်နေဆဲပင် ဖြစ်သည်။ သို့သော် အစိုးရ၏ အခန်းကဏ္ဍမှာ လုံးဝနီးပါး မရှိသည့် အလွန်အမင်း Laissez-faire ချဉ်းကပ်မှု သည်မူကား အချိန်ကာလကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

လူမှုရေးစာချုပ် အမြင်ဖြင့် ကြည့်မည်ဆိုပါက ဆိုဗီယက်ယူနီယံအပါအဝင် စစ်အေးခေတ်ကာလရှိ ကွန်မြူနစ်အစိုးရများသည် ပြည်သူများထံမှ အာဏာရှင်ဆန်သော အုပ်ချုပ်ရေးအာဏာကို ရယူခဲ့ပြီး၊ ထိုအာဏာအတွက် သွယ်ဝိုက်၍ ကတိပြုထားသည့် ကတိနှစ်ရပ်ရှိခဲ့သည်ဟု နားလည်နိုင်သည်။

ပထမအချက်မှာ အလုပ်သမားလူတန်းစားအတွက် ပရဒိသုဘုံ ကို ဖန်တီးပေးမည် ဟု ကတိပြုခဲ့ခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အရင်းရှင်စနစ်အောက်တွင် အလုပ်သမားများ ရရှိခံစားနေရသည့် လူနေမှုအဆင့်အတန်းထက် ပိုမိုမြင့်မားသော လူနေမှုအဆင့်အတန်းကို ပေးစွမ်းမည် ဟု ကတိပြုခဲ့ခြင်း ဖြစ်သည်။

ပထမကတိမှာ လက်တွေ့အကောင်အထည်ဖော်ရန် မဖြစ်နိုင်သည့် အိပ်မက်တရပ် လို ဖြစ်ခဲ့သော်လည်း၊ ဒုတိယကတိကို အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိခဲ့ခြင်းကမူ အထူးသဖြင့် အရေးပါသော နောက်ဆက်တွဲအကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်။

လက်တွေ့တွင် ဆိုဗီယက်ယူနီယံနှင့် အခြားကွန်မြူနစ်နိုင်ငံများ၏ လူနေမှုအဆင့်အတန်းသည် အမေရိကန်ပြည်ထောင်စုနှင့် အနောက်တိုင်း လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းထက် များစွာ နောက်ကျကျန်ရစ်ခဲ့သည်။

ကွန်မြူနစ်အုပ်ချုပ်မှုအောက်ရှိ ပြည်သူများသည် နိုင်ငံရေးလွတ်လပ်ခွင့်များသာမက စီးပွားရေးဆိုင်ရာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်များကိုပါ ဆုံးရှုံးခဲ့ကြသည်။ ၎င်းတို့သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ယုံကြည်တွေးခေါ်ခွင့် နှင့် သတင်းမီဒီယာလွတ်လပ်ခွင့် တို့ကို မရရှိခဲ့ကြသည့်အပြင်၊ လွတ်လပ်စွာ သွားလာခွင့်၊ နေထိုင်ရာရွေးချယ်ပိုင်ခွင့် နှင့် အခြေခံအလုပ်သမားအခွင့်အရေးများထဲမှ အလုပ်သမားများအချင်းချင်း ပေါင်းစည်းဖွဲ့စည်းခွင့် ကဲ့သို့သော အခြေခံအခွင့်အရေးများကိုပင် ဆုံးရှုံးခဲ့ကြသည်။

မကျေနပ်မှုများကို ဖိနှိပ်ရန်နှင့် မိမိတို့၏ အခြေအနေသည် အခြားသူများထက် နိမ့်ကျနေသည်ဟူသော နှိုင်းယှဉ်ခံစားချက် မဖြစ်ပေါ်စေရန် ကွန်မြူနစ်အစိုးရများသည် ၎င်းတို့၏ ပြည်သူများကို ပြင်ပကမ္ဘာနှင့် မဆက်‌ဆံစေဘဲ အထီးကျန် ဖြစ်‌ နေအောင် တင်းကျပ်စွာ ခွဲခြားထားခဲ့ကြသည်။

သို့သော် ထိုစနစ်၏ မူလသဘောသဘာဝအရ ပါရှိနေသည့် ဆန့်ကျင်ကွဲလွဲမှုများနှင့် ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်များသည် အချိန်ကြာလာသည်နှင့်အမျှ မလွဲမသွေ စုစည်းတိုးပွားလာခဲ့သည်။ စီးပွားရေးပြဿနာများကို ဖြေရှင်းရန် ပိုမိုခက်ခဲလာပြီး အခြေခံလိုအပ်သော ကုန်ပစ္စည်းများပင် ရှားပါးလာသောအခါ ပြည်သူများသည် အစိုးရက လူမှုရေးစာချုပ်ကို ဖောက်ဖျက်ခဲ့ပြီ ဟု နားလည်သဘောပေါက်လာကြသည်။

နောက်ဆုံးတွင် ကွန်မြူနစ်စနစ် ပြိုလဲသွားခြင်း၏ အဆုံးအဖြတ်ပေးသည့် အဓိကအကြောင်းရင်းမှာ ၎င်းတို့ ၏ စီးပွားရေးစနစ် ကျရှုံးသွားမှုပင် ဖြစ်သည်။

ဆက်လက်တင်ပြသွားပါမည်။

Hla Soewai

အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)ဂျော့ ဘရုစ် ရေးသား ပြုစုသည်။ရန္တပို စာချုပ် ချုပ်ဆိုပြီတပတ်အကြာတွင် စစ်သည်များကို...
09/09/2026

အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)

ဂျော့ ဘရုစ် ရေးသား ပြုစုသည်။

ရန္တပို စာချုပ် ချုပ်ဆိုပြီ

တပတ်အကြာတွင် စစ်သည်များကို အနားယူစေပြီး ကျေးလက်ဒေသများမှ နွားအကောင်ရေ ရာပေါင်းများစွာကို မောင်းနှင်သိမ်းဆည်းလာပြီးနောက် ကမ်းဘဲလ် သည် ရေနံတွင်းများရှိ ရာ ခြောက်သွေ့သော နယ်မြေများကို ဖြတ်ကျော်ကာ အင်းဝမြို့သို့ ဆက်၍ ချီတက်လာခဲ့ကြသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လွတ်မြောက်လာခဲ့ကြသည့် ဗြိတိသျှအကျဉ်းသား ခြောက်ဦးသည် ကမ်ဘဲလ်၏ တပ်စခန်းဆီသို့ ရောက်လာကြပြီး ၎င်းတို့နှင့်အတူ ကမ်ဘဲလ်မှ အကောင်းဆုံး ဖြစ်မည့် ငြိမ်းချမ်းရေး စည်းကမ်းချက်များ ပေးသနားရန် ကို တောင်းပန်တိုးလျှိုးထားသည့် ကျီးသန်ဝန်ကြီး ထံမှ သဝဏ်လွှာများကို ယူဆောင်လာခဲ့ကြသည်။ ကမ်ဘဲလ်သည် ယခင်က စည်းကမ်းချက်များကို အနည်းငယ်မျှသာ ပြင်ဆင်ခဲ့ပြီး၊ အင်းဝမှ ငွေကြေးများ ရောက်ရှိလာရန် အချိန် ပေးသည့် အနေဖြင့် ၎င်း သတ်မှတ်ထားသည့် မြို့တမြို့ကို ရက်ပေါင်း ၁၂ ရက်အတွင်း ကျော်လွန် ချီတက်ခြင်း မပြုဟု သဘောတူညီလိုက်သည်။

ထို့နောက် ကမ်းဘဲလ် သည် အမြန်ဆုံး ချီတက်ခဲ့ရာ ဖေဖော်ဝါရီလ ၈ ရက်တွင် ပုဂံမြို့မှ တရက်ခရီးအကွာသို့ ရောက်ရှိလာခဲ့ပြီး၊ မြန်မာတို့သည် အသနားခံ တောင်းဆိုနေကြသော်လည်း တချိန်တည်း မှာပင် နောက်ထပ်ခုခံစစ်ပွဲ ဆင်နွှဲရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း သေချာပေါက် သိရှိခဲ့ရသည်။ မြက်စာနှင့် ရိက္ခာရှာဖွေရန် တပ်မဟာနှစ်ခုကို စေလွှတ်ခဲ့ရသဖြင့် သူ၏လက်အောက်တွင် တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် စစ်သည် အယောက် ၁,၃၀၀ မျှသာ ကျန်ရှိတော့သော်လည်း ဤအင်အားဖြင့်ပင် လုံလောက်လိမ့်မည်ဟု တွက်ဆလိုက်သည်။

မြန်မာတပ်များက အဆက်မပြတ် ဝင်ရောက်တိုက်ခိုက်ပြီး ပြန်ဆုတ်သွားသည့် ပုံစံမျိုး ဖြင့် အနှောင့်အယှက်ပေးနေခဲ့သော တောအုပ်ကြီးကို ဖြတ်သန်းချီတက်လာပြီးနောက် အဆိုပါစစ်ကြောင်းသည် ကွင်းပြင်သို့ ထွက်လာနိုင်ခဲ့ပြီး တောက်ပနေသော ရွှေဝါရောင်နှင့် ငွေရောင် တောက်နေသည့် လောကနန္ဒာဘုရားရှေ့တွင် လခြမ်းပုံစံ ဖြန့်ကျက်ချထားသည့် အင်အား ၂၀,၀၀၀ ခန့်ရှိ သော မြန်မာ့တပ်များကို မထင်မှတ်ဘဲ ရင်ဆိုင်တွေ့ရှိလိုက်ရသည်။

မြန်မာတို့သည် ခံတပ်ဖြင့် ခုခံသည့် စနစ်ကို စွန့်လွှတ်ကာ ကွင်းပြင်ထွက်၍ တိုက်ခိုက်ရန် ပြင်ဆင်လာခဲ့ကြခြင်း ဖြစ်ပြီး အမှောင်ထဲက မင်းသား ဟု မိမိကိုယ်ကို ဘွဲ့ခံယူထားသည့် နာဝင်းဖုရိန်း Na-wing Phuring အမည်ရှိ ဗိုလ်ချုပ်အသစ်တဦးက အမိန့်ပေးကွပ်ကဲနေခြင်း ဖြစ်ပေသည်။

ကမ်ဘဲလ် သည် ဗိုလ်ချုပ် ကော်တွန် အား ဘယ်ဘက်ခြမ်းကို တိုက်ခိုက်ရန် ချက်ချင်း ညွှန်ကြားခဲ့ပြီး ၎င်းအား ဗြိတိသျှဘုရင်ခံမင်း၏ အမှတ် ၃၈ နှင့် ၄၁ တပ်ရင်း၊ ၄၃ မဒရပ်စ် ဒေသခံ တပ်ရင်း နှင့် အမြောက်နှစ်လက်တို့ဖြင့် အားဖြည့် ပေးခဲ့သည်။

တချိန်တည်းတွင် ၎င်းက ယာဘက်ခြမ်းကို အမှတ် (၁၃) ခြေလျင်တပ်၊ ဗြိတိသျှဘုရင်ခံမင်း၏ အမှတ် (၈၉) တပ်ရင်း၊ သက်တော်စောင့်တပ်ဖွဲ့ မှ ထုတ်နှုတ်ထားသော တပ်စုတစုနှင့် အမြောက်လေးလက်တို့ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ကမ်ဘဲလ်နှင့် သူ၏ ကိုယ်ရံတော် တပ်ဖွဲ့မှာ ရန်သူ့မြင်းတပ် ၏ အလုံးအရင်း နှင့် ဝိုင်းရံခြင်းကို ချက်ချင်းခံခဲ့ရပြီး အပိုင်းပိုင်းပြတ် ခုတ်ထစ်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။ သက်တော်စောင့်တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ မြင်းများကို ရန်သူ့ဘက်သို့ မောင်းနှင်ထုတ်ခဲ့ကြပြီး၊ အမြောက်များ၏ ပစ်ခတ်နိုင်သည့် အကွာအဝေးအတွင်းသို့ ရောက်သည်အထိ နောက်ဆုတ်ခဲ့ကြကာ၊ ထိုမှတစ်ဆင့် အခြားတပ်များ ရောက်ရှိလာပြီး ရန်သူ့တပ်များကို စစ်မြေပြင်မှ မောင်းထုတ်နိုင်သည်အထိ ထိန်းထား နိုင်ခဲ့ကြသည်။

ထို့နောက် ရန်သူ့ ဘယ်ညာ တောင်ပံများကို ဆက်လက်တိုက်ခိုက်ခဲ့ရာ ရန်သူများမှာ ကတုတ်ကျင်းများ ရှိရာဆီသို့ ဆုတ်ခွာသွားခဲ့ကြ၍ ဗြိတိသျှတို့က လှံစွပ် ထိုး တက်ကာ ထိုနေရာများမှ ထိုးဖောက် မောင်းထုတ်ခဲ့ကြသည်။ ရန်သူသည် ပုဂံမြို့၏ ခံတပ်နံရံများအတွင်းနှင့် ဘုရားပုထိုးများဝန်းကျင်တွင် စုစည်းခုခံရန် ကြိုးစားခဲ့ကြ သော်လည်း ဗြိတိသျှ တို့က ဘကြီးတော်ဘုရား၏ နောက်ဆုံးမျှော်လင့်ချက် လုံးဝပျက်သုဉ်းသွားသည်အထိ ငါးနာရီကြာအောင် အရှုံးမပေးဘဲ ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။

'အမှောင်ထဲက မင်းသား' ဘွဲ့ခံ မှာမူ တောထဲသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ထိုမှတဆင့် အင်းဝသို့ပြန်ကာ သူပုန်မျက်နှာဖြူ များကို တိုက်ခိုက်ရန် အခွင့်အရေး နောက်တကြိမ် ထပ်ပေးဖို့ တိုးလျိုး တောင်းပန်ခဲ့သည်။ သို့သော် သူ့ကို ဘုရင့်ရှေ့တော်မှ ဆွဲထုတ်သွားပြီး ညှဉ်းပန်းနှိပ်စက်ကာ ကွပ်မျက်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် လွတ်မြောက်လာသော ဗြိတိသျှ အကျဉ်းသား ၂ ဦးသည် ကင်းမ်ဘဲလ် ၏ စစ်ဌာနချုပ်သို့ ရောက်ရှိလာကြပြန်ပြီး၊ ဘကြီးတော်မင်းကြီးသည် ငွေကြေး သို့မဟုတ် အတည်ပြုလက်မှတ်ရေးထိုးထားသော စာချုပ်ကို ခေါ်ဆောင်လာခြင်းမရှိ သော်လည်း စည်းကမ်းချက်များကို လက်ခံကာ အရှုံးပေးလိုက်ပြီဖြစ်ကြောင်း သတင်းပေးပို့ခဲ့သည်။

သို့သော် ဘုရင်မင်းမြတ်၏ ကိုယ်စား လျော်ကြေးငွေ၏ တစိတ်တပိုင်းကို ယခုပေးချေပြီး ကျန်ငွေများကို ပြည်မြို့သို့ ထပ်ဆင့်ဆုတ်ခွာသွားချိန်ကျမှ ပေးချေရန် ဗြိတိသျှတို့ဘက်မှ လက်ခံနိုင်မည်လောဟု မေးမြန်းခဲ့သည်။ ကင်းမ်ဘဲလ်က ယင်းကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး အင်းဝမြို့တော်ဆီသို့ ချီတက်မှုကို ထပ်မံစတင်ခဲ့သည်။ ဘကြီးတော်မင်းကြီးက ဤကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ပထမအရစ် ငွေပေါင် ၂၃၀,၀၀၀ ကို ရရှိသွားပြီးနောက် ဗြိတိသျှတို့အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ငြင်းဆန်လိမ့်မည်ဟု ယူဆ နေသောကြောင့်ဟု သိခဲ့ရသည်။

သို့သော် တကယ်တမ်းမှာ သူ၏ အတိုင်ပင်ခံပုဂ္ဂိုလ်များသည် ဘုရင်ကမ်းလှမ်းခဲ့သည့် ပမာဏထက် ထပ်၍ ရှာဖွေစုဆောင်းပေးနိုင်ခြင်း မရှိခဲ့ဘဲ၊ နောက်ဆုံးတွင် မိဖုရားခေါင်ကြီးက သူမ၏ ကိုယ်ပိုင်ဘဏ္ဍာငွေထဲမှ ပေါင် ၂၀၀,၀၀၀ ကို ငွေထုတ်ချေးပေးခဲ့ရခြင်း ဖြစ်ပေသည်။

မြစ်ကမ်းပါးတစ်လျှောက်တွင် ဘုရားပုထိုးများ၊ ကျောင်းကန်များနှင့် ရွာငယ်များ သိပ်သည်းစွာ တည်ရှိနေသည့် သာယာငြိမ်သက်သော မြေမျက်နှာသွင်ပြင်အကြားတွင် စစ်တပ်သည် ဆက်လက်ချီတက်ခဲ့ရာ အင်းဝမြို့မှ ၄၃ မိုင်အကွာရှိ ရန္တပိုရွာသို့ ရောက်ရှိလာပြီးမှ ငွေကြေးများနှင့် အတည်ပြုထားသော စာချုပ်ကို ယူဆောင်လာကြသည့် ဘကြီးတော်၏ ဝန်ကြီးနှစ်ဦးနှင့် ဆုံတွေ့ခဲ့ကြသည်။

နောက်ဆုံးတွင် ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ ရန္တပိုမြို့တွင် နှစ်ဖက်စလုံးက အဆိုပါစာချုပ်ကို ထပ်မံလက်မှတ်ရေးထိုးခဲ့ကြပြီး၊ မြန်မာအစိုးရဘက်မှလည်း စစ်သည်အများစုကို ရန်ကုန်သို့ ပြန်လည်ပို့ဆောင်ရန် လုံလောက်သော လှေများကိုပါ တချိန်တည်းတွင် စီစဉ်ပေးရန် သဘောတူညီခဲ့ကြသည်။

မတ်လ ၇ ရက်နေ့တွင် ဆာ အာချီဘောလ် ကမ်ဘဲလ် နှင့် ရှေ့တန်းတပ်ဖွဲ့ဝင် ပထမအသုတ်တို့သည် ရန်ကုန်မြို့သို့ သွားရောက်ရန် လှေများဖြင့် စတင်ထွက်ခွာခဲ့ကြပြီး အေးအေးလူလူ ခရီးဆက်ခဲ့ရာ နှစ်ပတ်ခန့်အကြာတွင် ရန်ကုန်သို့ ရောက်ရှိခဲ့ကြသည်။ ကျန်ရှိနေသေးသော တပ်သားများကလည်း အရွယ်အစားအမျိုးမျိုးရှိသည့် လှေများဖြင့် လိုက်ပါလာခဲ့ကြပြီး၊ လျော်ကြေးငွေ ဒုတိယအရစ်ကို ပေးချေပြီးသည်အထိ ရန်ကုန်ကို ဆက်လက်ထိန်းသိမ်းထားရန် ချန်ထားခဲ့သော တပ်ဖွဲ့ အနည်းငယ်မှအပ ကျန်တပ်သားအားလုံးသည် မတ်လကုန်ပိုင်းတွင် အိန္ဒိယနိုင်ငံဘက်သို့ သင်္ဘောဖြင့် ထွက်ခွာသွားခဲ့ကြသည်။

သတ်မှတ်ထားသော ရက်ပေါင်းတရာအတွင်း လျော်ကြေးငွေကို ပေးချေခဲ့သော်လည်း ကျန်ရှိနေသေးသော လက်ကျန်ငွေများကို အပြီးအပြတ် ရှင်းလင်းပေးရန်မူ ခြောက်နှစ်ခန့် ကြာမြင့်ခဲ့လေသည်။

ဤသို့ဖြင့် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးဆုံးခဲ့ပေသည်။ ဘုရင်ခံချုပ် လော့ဒ်အမ်ဟတ်စ် နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ စစ်သေနာပတိချုပ် ဗိုလ်ချုပ် ပေဂျက် တို့၏ ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့် သယ်ယူပို့ဆောင်ရေး၊ ရိက္ခာနှင့် ရာသီဥတုတို့နှင့် ပတ်သက်၍ ကြီးမားပြင်းထန်သော အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသော ထိုစစ်ပွဲ သည် ဗြိတိသျှနှင့် အိန္ဒိယ ရေတပ်နှင့် တပ်ဖွဲ့ဝင်များ၊ အရာရှိများနှင့် စစ်သည်များ၏ စွမ်းဆောင်မှုကြောင့်သာလျှင် နောက် ၁၅ နှစ်ခန့်အကြာက ဖြစ်ပွားခဲ့သော ပထမအာဖဂန်စစ်ပွဲကဲ့သို့သော ကြီးမားသည့် ဘေးဥပဒ်ဆိုးကြီး ဆိုက် ရောက်ခဲ့သည် အထိ ဖြစ်မသွား အောင် ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ဘုရင်နှင့် သူ၏ အကြံ ပေး ကောင်စီဝင်တို့သာလျှင် ကျေးလက်ဒေသများကို မြေလှန် ဆုတ်ခွာသည့် မူဝါဒကို ဆက်လက်ကျင့်သုံးခဲ့ကြမည်ဆိုပါက, (ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလကဲ့သို့သော မိုးခေါင်ရေရှားလများတွင် ဧရာဝတီမြစ်အထက်ပိုင်း ရေကျချိန် ဖြစ်၍ သင်္ဘောဖြင့် သွားလာရန်ပင် မလွယ်ကူတော့သဖြင့် ရေကြောင်း အကူအညီလည်း မရနိုင်ဘဲ ရိက္ခာပြတ်လပ်မှုကြောင့်) ဗြိတိလျှတပ်များကို တချိန်မဟုတ် တချိန် ဒူးထောက် အညံ့ခံ လာစေရန် ပြုလုပ်နိုင်ခဲ့ကြပေလိမ့်မည်။

ရောဂါဘယနှင့် အစားအသောက် ညံ့ဖျင်းမှုတို့ကြောင့် ကမ်ဘဲလ် ၏ တပ်ဖွဲ့မှာ တိုက်ပွဲဝငိ၍ မရနိုင်လောက်အောင် သည်အထိ ဖြစ်ခဲ့ရသည်။ ရန်ကုန်သို့ အစပိုင်းက ဆိုက်ရောက်လာခဲ့ကြသော အရာရှိများနှင့် ဂေါ်ရခါး စစ်ဗာရီ များ မပါဝင်ဘဲ ဗြိတိလျှတပ်သား ၃,၅၀၀ ရှိသည့်အနက် ရန်သူ့တိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ ၁၅၀ သာ ရှိခဲ့ပြီး၊ ရောဂါဘယနှင့် ဖျားနာမှုကြောင့် သေဆုံးသူမှာ ၃,၀၀၀ နီးပါး ရှိခဲ့သည်။ အရာရှိ ၁၅၀ ခန့်အနက် ၁၆ ဦးမှာ တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး ၄၅ ဦးမှာ ရောဂါဖြင့် သေဆုံးခဲ့သည်။

ရခိုင်ရှိ ဗြိတိလျှတပ်သား ၁,၀ဝ၄ ဦးအနက် ၅၉၅ ဦးမှာ ကာလဝမ်း၊ ငှက်ဖျားနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါတို့ဖြင့် ထိုနေရာတွင်ပင် သေဆုံးခဲ့ကြပြီး၊ ထွက်ခွာသွားကြသူများအနက် တနှစ်ကြာပြီးနောက်တွင် အသက်ရှင်ကျန်ရစ်သူမှာ တဝက်ထက်မပိုပေ။

ဤစစ်ပွဲသည် ဗြိတိလျှအင်ပါယာကို တည်ထောင်ခဲ့ကြသည့် ယခုအချိန်အထိ စစ်ပွဲများအားလုံးတွင် စစ်တပ်အတွက် အငြင်းပွားဖွယ်မရှိလောက်အောင် အဆိုးဝါးဆုံး၊ အသနားစရာအကောင်းဆုံးနှင့် စီမံခန့်ခွဲမှု အညံ့ဖျင်းဆုံး စစ်ပွဲတပွဲ ဖြစ်ခဲ့သည်။ ဤစစ်ပွဲအတွက် ကုန်ကျစရိတ်မှာ ပေါင် ၅ သန်း ရှိခဲ့သည်။

တဖက်တွင်လည်း ဗြိတိလျှတို့သည် ကိပ်ကိုမိုရင် (Cape Comorin) မှ တနင်္သာရီအထိ ဘင်္ဂလားပင်လယ်အော်ကို ထိန်းချုပ် နိုင်ခဲ့ကြပြီး၊ နယ်မြေတိုးချဲ့ရရှိမှုနှင့်အတူ မြန်မာနိုင်ငံအတွက် အသုံးစရိတ်/ဆုံးရှုံးမှုများဖြင့် ရင်းနှီးထားခဲ့ရ၍ ထိုထက် ပိုမို ကြီးမားသော နယ်မြေများ တိုးချဲ့ နိုင်ရန်အတွက် အခြေခံအုတ်မြစ် ချမှတ်နိုင်ခဲ့ကြသည်။ အကြောင်းမှာ နှစ်ဖက်စလုံး၏ မာန်မာနနှင့် ရည်မှန်းချက်များကို ထည့်သွင်းစဉ်းစားလျှင် နောက်ထပ် အင်္ဂလိပ်-မြန်မာစစ်ပွဲတခု ဖြစ်လာရန်မှာ အချိန်တခုသာ လိုတော့သည့် အကြောင်းတရပ်သာ ဖြစ်လာခဲ့ပေတော့သည်။

ကမ္ဘာ အမြင်များ လွန်ဆွဲပွဲ (၄၄)(Clash of World Views)အယူဝါဒများ၏ တိုက်ပွဲ (၂)အစဉ် အဆက် ရှိခဲ့ပြီး သော နိုင်ငံရေးအယူဝါဒ အ...
09/08/2026

ကမ္ဘာ အမြင်များ လွန်ဆွဲပွဲ (၄၄)
(Clash of World Views)

အယူဝါဒများ၏ တိုက်ပွဲ (၂)

အစဉ် အဆက် ရှိခဲ့ပြီး သော နိုင်ငံရေးအယူဝါဒ အများစုကဲ့သို့ပင် ကွန်မြူနစ်ဝါဒသည်လည်း အချိန်ကြာလာသည်နှင့်အမျှ အယူဝါဒကွဲပြားသည့် အုပ်စုအသီးသီးအဖြစ် ထွက်ပေါ် လာခဲ့သည်။ သို့သော် ကွဲပြားမှုများ မည်မျှပင်ရှိစေကာမူ ကွန်မြူနစ်လှုပ်ရှားမှု အားလုံးနီးပါးတွင် အခြေခံယုံကြည်ချက်တွင်မူ အတူတူပင် ဖြစ်သည်။ ယင်းမှာ လူ့အဖွဲ့အစည်းသည် အဓိကလူတန်းစားကြီး နှစ်ရပ်ဖြစ်သည့် အရင်းရှင်များ နှင့် အလုပ်သမားများ အဖြစ် ပိုင်းခြားနေပြီး၊ အလုပ်သမားများကို အရင်းရှင်များက အမြတ်ထုတ်နိုင်ရန် ခွင့်ပြုထားသည့် လက်ရှိလူမှုဖွဲ့စည်းပုံကို တော်လှန်ရေးဖြင့် ဖြုတ်ချဖျက်သိမ်းရမည် ဟူသော အယူအဆဖြစ်သည်။

ကွန်မြူနစ်ဝါဒ၏ အဆုံးစွန်ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းလမ်းများအားလုံး ကို နိုင်ငံတော်က သာ ထိန်းချုပ်ထားရမည် ဟု ယူဆကြသည်။ ထိုသို့ထိန်းချုပ်ခြင်းဖြင့် အလုပ်သမားများ၏ လုပ်အားမှ ထွက်ပေါ်လာသော အကျိုးအမြတ်များကို အားလုံးကို မျှတစွာ ခွဲဝေပေးနိုင်မည် ဟု ယုံကြည်ခဲ့ကြသည်။

ခေတ်သစ်လူ့အဖွဲ့အစည်းတွင် လူတန်းစားကွဲပြားမှုများသည် ပဒေသရာဇ်ခေတ်ကဲ့သို့ မင်းမျိုး မင်းနွယ် များ ကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်တော့ဘဲ ကြွယ်ဝချမ်းသာမှုနှင့် အရင်းအနှီး စုဆောင်းပိုင်ဆိုင်မှု ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ကွန်မြူနစ်များက ထောက်ပြခဲ့ကြသည်။

ထို့ကြောင့် ထုတ်လုပ်မှုလုပ်ငန်းများကို နိုင်ငံတော်က ထိန်းချုပ်လိုက်ပါက လူတန်းစားကွာခြားမှုများ ပျောက်ကွယ်သွားမည် ဖြစ်ပြီး၊ လူတိုင်း လုံးဝတန်းတူညီမျှစွာ နေထိုင်နိုင်မည့် အကောင်းဆုံး လူ့အဖွဲ့အစည်း—ယူတိုပီးယား ခေတ်တခေတ် ပေါ်ပေါက်လာမည်ဟု ၎င်းတို့က ယူဆခဲ့ကြသည်။

ဤအယူအဆဖြင့် ဆိုဗီယက်ယူနီယံနှင့် ၎င်း၏ လက်အောက်ခံ ကွန်မြူနစ်နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ သုံးပုံတပုံနီးပါးကို ရာစုနှစ်တဝက်နီးပါးကြာအောင် အုပ်ချုပ်ခဲ့ကြသည်။ ထိုကွန်မြူနစ်အစိုးရများအောက်တွင် လုပ်ခလစာနှင့် ကုန်ဈေးနှုန်းများကို နိုင်ငံတော်က သတ်မှတ်ပေးခဲ့ပြီး၊ အရင်းအမြစ်များကိုလည်း ဗဟိုချုပ်ကိုင်သည့် စီးပွားရေးစီမံကိန်းများမှတဆင့် ခွဲဝေသုံးစွဲခဲ့ကြသည်။

သို့သော် မာ့က်စ်၊ အင်ဂျဲလ်စ်နှင့် လီနင်တို့ မျှော်မှန်းခဲ့သည့် “အလုပ်သမားလူတန်းစား၏ ပရဒိသုဘုံ” သည် အမှန်တကယ် ပေါ်ပေါက်လာခြင်း မရှိခဲ့ပေ။ ထိုအစား ကွန်မြူနစ်လူ့အဖွဲ့အစည်းများသည် အာဏာရှင်ဆန်သော အုပ်ချုပ်ရေးစနစ်နှင့် ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်မှုများ ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့ကြသည်။ အချို့သော ကွန်မြူနစ်အစိုးရများ၏ ဖိနှိပ်အုပ်ချုပ်မှုသည် သမိုင်းတလျှောက် အာဏာရှင်ဆန်ဆုံး ဘုရင်စနစ်များထက်ပင် ပိုမိုပြင်းထန်ခဲ့သည်။

“အလုပ်သမားတို့အတွက် ပရဒိသုဘုံ” ကို ဖန်တီးပေးမည့်အစား ကွန်မြူနစ်အစိုးရများသည် ကွန်မြူနစ်ပါတီ၏ အထက်တန်းအာဏာပိုင်အသိုင်းအဝိုင်းအတွက်သာ ပရဒိသုဘုံကို တည်ဆောက်ပေးခဲ့ကြသည်။ ထို့အပြင် အလုပ်သမားများသည် အရင်းရှင်စနစ်အောက်တွင်ပင် ရရှိနိုင်မည့် အခြေခံအကျဆုံး အလုပ်သမားအခွင့်အရေးများကိုပင် ဆုံးရှုံးခဲ့ကြရသည်။

အမေရိကန်ပြည်ထောင်စုနှင့် ပထဝီနိုင်ငံရေးအရ ယှဉ်ပြိုင်မှုကဲ့သို့သော ပြင်ပအကြောင်းအချက်များ သည် ကွန်မြူနစ်ဝါဒ ကျဆုံးသွားရာတွင် အထောက်အကူပြုခဲ့သော်လည်း၊ ၎င်း၏ နောက်ဆုံးတွင် ကျရှုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ ကွန်မြူနစ်အယူဝါဒကိုယ်တိုင်၌ ပင်ကိုယ်အားဖြင့် ရှိနေသော အားနည်းချက်များနှင့် အတွင်းပိုင်းဆန့်ကျင်ကွဲလွဲမှုများ ကြောင့် ဖြစ်သည်။

ကွန်မြူနစ်ဝါဒ၏ စံနှုန်းများနှင့် ရည်မှန်းချက်များ အကောင်အထည်ပေါ်လာစေရန်အတွက် ပထမဦးစွာ တော်လှန်ရေးဖြင့် လက်ရှိတည်ရှိနေသော လူတန်းစားဖွဲ့စည်းပုံကို ဖျက်သိမ်းပစ်ရမည်။ ထိုသို့လုပ်ဆောင်ရာတွင် အာဏာရလူတန်းစားကို ဖြုတ်ချရုံသာမက တော်လှန်ရေးကို ဆန့်ကျင်သူ သို့မဟုတ် ခုခံသူများဖြစ်သည့် “တန်ပြန်တော်လှန်ရေးသမားများ” ဟု သတ်မှတ်ခံရသူများကိုပါ ဖယ်ရှားပစ်ရန် လိုအပ်သည်။

ထိုသို့ လူများကို အစုလိုက်အပြုံလိုက် ဖယ်ရှားခြင်း သို့မဟုတ် နှိမ်နင်းခြင်းများကို အကြောင်းပြရန်အတွက် ကွန်မြူနစ်ဝါဒသည် “ရည်မှန်းချက်အောင်မြင်ရန် မည်သည့်နည်းလမ်းမဆို အသုံးပြုနိုင်သည်” ဟူသော မက်ခီယာဗယ်လီ နှင့် ဆက်စပ်သည့် အယူအဆကို အားထားခဲ့သည်။

သို့သော် ထိုအယူအဆကို အာဏာရှိသူများက အလွယ်တကူ အလွဲသုံးစားပြုနိုင်ပြီး၊ ထိုမှတဆင့် ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနိုင်သည်။

အမှန်တကယ်အားဖြင့် ကွန်မြူနစ်ဝါဒသည် တော်လှန်ရေးမှတဆင့် လူမှုအသိုင်းအဝိုင်းကို ပြောင်းလဲရန်အတွက် အာဏာကို ပြင်းထန်စွာ ချုပ်ကိုင်သည့် ယာယီအကူးအပြောင်းကာလတရပ် လိုအပ်သည်ဟု ယူဆထားသည်။

လူမှုအဖွဲ့အစည်းအတွင်း မတူကွဲပြားမှုများကို—အထူးသဖြင့် အယူဝါဒတသွေတည်း တသားတည်း ဖြစ်မှုကို ခြိမ်းခြောက်နိုင်သည့် မည်သည့်အရာကိုမဆို—လက်မခံနိုင်သောကြောင့် စနစ်အတွင်း စည်းကမ်းနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် အာဏာရှင်ဆန်သော အုပ်ချုပ်ရေးစနစ် တရပ် မရှိမဖြစ် လိုအပ်လာသည်။

အကယ်၍ လူတန်းစားဟောင်းနှင့် စနစ်ဟောင်းကို ဖျက်သိမ်းပြီး စနစ်သစ်ကို တည်ထောင်ရန်အတွက် လူများကို သုတ်သင်ရှင်းလင်းခြင်းကို တရားမျှတသည်ဟု အကြောင်းပြနိုင်ပါက၊ ထိုစနစ်ကို ဆက်လက်တည်တံ့စေရန်အတွက်လည်း အလားတူ သုတ်သင်ရှင်းလင်းမှုများကို တရားမျှတသည်ဟု အကြောင်းပြနိုင်ခဲ့သည်။

နောက်ဆုံးတွင် မည်သူ့ကို ဖယ်ရှားရမည်၊ မည်သည့်အပြုအမူကို အန္တရာယ်ရှိသည်ဟု သတ်မှတ်ရမည်ဆိုသည့် စံနှုန်းများကို အာဏာရ အာဏာရှင်ကိုယ်တိုင်က ဆုံးဖြတ်လာသည်။ ထို့ကြောင့် ထိုစနစ်သည် ဖွဲ့စည်းပုံအရပင် မတည်ငြိမ်နိုင်ဘဲ အာဏာရှင်စနစ်အဖြစ်သို့ အလွယ်တကူ ကူးပြောင်းကာ ဆုတ်ယုတ်သွားနိုင်သည်။

ကွန်မြူနစ်ဝါဒသည် လူတန်းစားကွဲပြားမှုများကို ဖျက်သိမ်းရန် ရည်ရွယ်ထားသော်လည်း လက်တွေ့တွင် လူတန်းစားအဆင့်အတန်းသစ် တရပ်ကို မလွဲမသွေ ဖန်တီးပေးသည်။ ထိုအဆင့်အတန်း၏ ထိပ်ဆုံးတွင် အခွင့်ထူးများ ရရှိထားသည့် ကွန်မြူနစ်ပါတီအထက်တန်းလွှာများ ရှိလာပြီး၊ အောက်ခြေတွင်မူ အာဏာနှင့် သြဇာမရှိသော သာမန်ပြည်သူလူထု ရှိလာသည်။

ဆိုရိုးစကားတစ်ခုအတိုင်း “အာဏာသည် အကြွင်းမဲ့ဖြစ်လာလေလေ၊ အကျင့်ပျက်ခြစားမှုလည်း အကြွင်းမဲ့ဖြစ်လာလေလေ” ဟု ဆိုနိုင်သည်။

ထို့ကြောင့် ကွန်မြူနစ်ဝါဒသည် ၎င်း၏ တည် ဆောက် ဖွဲ့စည်း လာခဲ့မှု ကပင် အာဏာအပြည့်အဝ ချုပ်ကိုင်သည့် တပါတီအာဏာရှင်စနစ် အဖြစ်သို့ ကျရောက်သွားတတ်သည်။ ထိုအခါ ၎င်း၏ ကြီးမားကျယ်ပြန့်သော အယူဝါဒဆိုင်ရာ ရည်မှန်းချက်များကို အကောင်အထည် ဖော်ရန် ကြိုးပမ်းလာမှု များ တွင် လူတဦးချင်းလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများအတွက် နေရာမကျန်တော့ပေ။

လူ တဦးချင်းစီ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်ထက် အယူဝါဒ တ‌ ပြေးညီ ဖြစ်မှုကို ဦးစားပေးသည့် လူ့အဖွဲ့အစည်း တရပ်တွင် တစ်ဦးချင်း၏ လွတ်လပ်ခွင့်များသည် မလွဲမသွေ အတင်းအကျပ် ကန့်သတ်ခံရမည်သာဖြစ်သည်။

ကွန်မြူနစ်အစိုးရများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို အသာထားဘိဦး ၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်များ မရှိခြင်း ကပင် ၎င်းတို့ကို ဆန့်ကျင်ခုခံရန် အလွန်ခက်ခဲသွား‌ စေခဲ့သည်။

ကွန်မြူနစ်ဝါဒသည် ပုဂ္ဂလိကပိုင်ဆိုင်မှု ကို အတိအလင်း ပယ်ချထားခြင်း မဟုတ်သော်လည်း၊ ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများကို အဓိပ္ပါယ်ရှိရှိနှင့် ထိရောက်စွာ ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည်။

စီးပွားရေးအရ ကိုယ်ပိုင်ရပ်တည်နိုင်မှုကို ဆုံးရှုံးထားရသောကြောင့် လူတဦးချင်းစီတွင် ထိုစနစ်ကို စိန်ခေါ်ဆန့်ကျင်ရန် လိုအပ်သော အင်အားနှင့် အရင်းအမြစ်များ မရှိတော့ပေ။ လစ်ဘရယ်အတွေးအခေါ်ရှင်များက ပုဂ္ဂလိကပိုင်ဆိုင်မှုကို ကာကွယ်ပေးခြင်းသည် တဦးချင်းလွတ်လပ်ခွင့်အတွက် အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်သည်ဟု ကာလရှည်ကြာ ယူဆလာခဲ့ကြခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။ နောက်ကြောင်းပြန်ကြည့်လျှင် ဤအချက်သည် ရိုးရှင်းလွန်းသော်လည်း တချိန်တည်းမှာပင် အလွန်အရေးကြီးလှသည်။

အခြေခံပိုင်ဆိုင်ခွင့်များကိုပင် အာမခံပေးထားခြင်း သို့မဟုတ် ကာကွယ်ပေးထားခြင်း မရှိသည့် လူ့အဖွဲ့အစည်းတရပ်တွင် အာဏာရအစိုးရကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခြင်းသည် သာမန်လူတဦးအတွက် အလွန်ထူးကဲသော သတ္တိရှိဖို့ လိုအပ်သည့် လုပ်ရပ်ဖြစ်လာသည်။ ထိုသို့ ဆန့်ကျင်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်နှင့် ဆုံးရှုံးမှုများကို လူအနည်းငယ်သာ ခံနိုင်ရည်ရှိကြသည်။

ထို့ကြောင့် “အရင်းရှင်ဝါဒသည်သာ ကွန်မြူနစ်ဝါဒကို တစ်ခုတည်းသော အစစ်အမှန် ဆန့်ကျင် တွန်းလှန်သည့် စနစ်ဖြစ်သည်” နှင့် “ကွန်မြူနစ်ဝါဒနှင့် လစ်ဘရယ်ဒီမိုကရေစီတို့သည် မူလသဘောသဘာဝအရ တခုနှင့်တခု ဆန့်ကျင်ကွဲလွဲနေခြင်း မရှိ” ဟူသော အလွန်ရိုးရှင်းအောင် ချုံ့ပြောထားသည့် အယူအဆသည် မှားယွင်း နေသည်။

သမိုင်းတလျှောက်တွင် အာဏာရှင်အစိုးရများစွာသည် မိမိတို့ကိုယ်ကို ဒီမိုကရေစီအစိုးရများဟု ဆိုခဲ့ကြသော်လည်း၊ တဦးချင်းစီ၏ လွတ်လပ်ခွင့်များကို အာမခံပေးပြီး ကာကွယ်ပေးခြင်း မရှိသည့် မည်သည့်နိုင်ငံကိုမျှ စစ်မှန်သော ဒီမိုကရေစီနိုင်ငံဟု မခေါ်ဆိုနိုင်ပေ။

သို့သော် ကွန်မြူနစ်နိုင်ငံများသည် ဒီမိုကရေစီ၏ အပြောအဆိုနှင့် ဝေါဟာရများကို မကြာခဏ အသုံးပြုခဲ့ကြသည်။ အချို့နိုင်ငံများဆိုလျှင် ၎င်းတို့၏ တရားဝင်နိုင်ငံအမည်များထဲတွင်ပင် “ဒီမိုကရက်တစ်” (Democratic) ဟူသော စကားလုံးကို ထည့်သွင်းအသုံးပြုခဲ့ကြသည်။

သို့သော် လက်တွေ့တွင် နိုင်ငံသားများအား စစ်မှန်သော နိုင်ငံရေးလွတ်လပ်ခွင့်နှင့် မဲပေးရွေးချယ်ခွင့်များကို အမှန်တကယ်ပေးအပ်ထားသည့် ကွန်မြူနစ်အစိုးရတရပ် ဆိုသည်မှာ အဓိပ္ပါယ်အရပင် ဆန့်ကျင်ကွဲလွဲနေသော အယူအဆတစ်ရပ် ဖြစ်သည်။

သမိုင်းတစ်လျှောက်တွင် နိုင်ငံသားများအား စစ်မှန်သော ဒီမိုကရေစီနိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့်ကို ပေးအပ်ခဲ့သည့် ကွန်မြူနစ်အစိုးရ ဟူ၍ တခုတလေမျှပင် မရှိခဲ့ဖူးပေ။ ထို့အပြင် ကွန်မြူနစ်စနစ်၏ ဖွဲ့စည်းပုံနှင့် အခြေခံသဘောတရားများအရလည်း ထိုကဲ့သို့သော စနစ်မျိုးသည် အနာဂတ်တွင် ပေါ်ပေါက်လာနိုင်ရန် အလားအလာနည်းပါးသည်ဟု ဆိုနိုင်သည်။

ဆက်လက်တင်ပြသွားပါမည်။

Hla Soewai

ကမ္ဘာ အမြင်များ လွန်ဆွဲပွဲ (၄၃)(Clash of World Views)အယူဝါဒများ၏ တိုက်ပွဲ ပထဝီနိုင်ငံရေးအရ အပြိုင်အဆိုင် စီမံလှုပ်ရှားမှ...
09/06/2026

ကမ္ဘာ အမြင်များ လွန်ဆွဲပွဲ (၄၃)
(Clash of World Views)

အယူဝါဒများ၏ တိုက်ပွဲ

ပထဝီနိုင်ငံရေးအရ အပြိုင်အဆိုင် စီမံလှုပ်ရှားမှုများသည် အဆင့်ဆင့် ဖြစ်ပေါ်နေသော်လည်း စစ်အေးတိုက်ပွဲ ၏ အဓိကအနှစ်သာရမှာ နိုင်ငံရေးနှင့် စီးပွားရေးစနစ်နှစ်ရပ်အကြား ယှဉ်ပြိုင်မှုပင် ဖြစ်သည်။ တစ်ဖက်တွင် အမေရိကန်ပြည်ထောင်စုက ကိုယ်စားပြုသော လစ်ဘရယ်ဒီမိုကရေစီနှင့် အရင်းရှင်စနစ် ရှိပြီး၊ အခြားတစ်ဖက်တွင် ဆိုဗီယက်ယူနီယံက ဦးဆောင်အားပေးခဲ့သော ကွန်မြူနစ်စနစ် ရှိသည်။

Rimland ဒေသ၏ နေရာအများစုသည်ပင် အဆိုပါ အယူအဆနှစ်ရပ်အကြား တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်များ ဖြစ်လာခဲ့သည်။ ခေတ်သစ်ကမ္ဘာကို မည်သည့်နိုင်ငံရေး၊ စီးပွားရေးအမြင်ဖြင့် ပုံဖော်သင့်သည်ဆိုသည့် အယူအဆနှစ်ရပ်သည် ထိုဒေသများတွင် အပြင်းအထန် ထိပ်တိုက်တွေ့ဆုံလာခဲ့ကြသည်။

ထို့ကြောင့် စစ်အေးတိုက်ပွဲသည် ပထဝီနိုင်ငံရေးအရ အာဏာလွှမ်းမိုးရေးအတွက် ယှဉ်ပြိုင်မှုတခုသာ မဟုတ်ဘဲ၊ အယူဝါဒများအကြား ဖြစ်ပွားခဲ့သော စစ်ပွဲတစ်ရပ်လည်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ၎င်းသည် ကွန်မြူနစ်ဝါဒနှင့် လစ်ဘရယ်ဒီမိုကရေစီဝါဒ—သို့မဟုတ် ပိုမိုကျယ်ပြန့်စွာဆိုလျှင် ကွန်မြူနစ်ဝါဒနှင့် အရင်းရှင်ဝါဒ—တို့ အပြိုင်အဆိုင် တိုက်ခိုက်ခဲ့ကြသည့် စစ်ပွဲဖြစ်သည်။

ဤအယူဝါဒရေးရာ ပဋိပက္ခတွင် အနှစ်သာရအားဖြင့် ခေတ်မီတိုးတက်မှုကို အဓိပ္ပာယ်ဖွင့်ဆိုပုံ မတူညီသော အမြင်နှစ်ရပ် ယှဉ်ပြိုင်နေခဲ့ခြင်း ဖြစ်သည်။ ထိုအမြင်နှစ်ရပ်စလုံးသည် ဉာဏ်အလင်းပွင့်ခေတ် အတွေးအခေါ် များမှ အမြစ်တွယ်ပေါက်ဖွားလာခြင်း ဖြစ်သည်။

အံ့ဩဖွယ်ကောင်းသည်မှာ လစ်ဘရယ်ဝါဒ၏ အဓိကထုတ်ကုန်များထဲမှ တစ်ခုဖြစ်သော အရင်းရှင်စနစ် သည်ပင် ကွန်မြူနစ်ဝါဒ ပေါ်ပေါက်လာရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ဆင်ခြင်တုံတရားဝါဒ (Rationalism)၊ သိပ္ပံပညာ တိုးတက်ထွန်းကားမှု၊ ကုန်သွယ်ရေး နှင့် ဈေးကွက်စီးပွားရေးစနစ် တို့၏ လွှမ်းမိုးမှုဖြင့် ပုံဖော်လာသော ခေတ်သစ်ဥရောပသည် နိုင်ငံရေးဒဿန အတွေးအခေါ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးသည့် အသိလိမ္မာ တရား ဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်ရာ မြေသြဇာကောင်းသော ပတ်ဝန်းကျင် တရပ် ဖြစ်လာခဲ့သည်။

ထိုခေတ်က ဥရောပအတွေးအခေါ်များ၏ အဓိကအာရုံစိုက်မှု မှာ အာဏာနှင့် နိုင်ငံသားတို့အကြား ဆက်နွှယ်မှု၊ ထို့အပြင် လူပုဂ္ဂိုလ် တဦးချင်း နှင့် လူ့အဖွဲ့အစည်းအကြား ဆက်နွှယ်မှု တို့ပင် ဖြစ်သည်။

ဤသို့သော ဉာဏ်ရည်ဆိုင်ရာ အတွေးအခေါ်ပတ်ဝန်းကျင်မှ ပေါ်ထွက်လာသော လစ်ဘရယ်ဝါဒ သည် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းရရှိလာသည့် အခွင့်ထူးခံအဆင့်အတန်းများ hereditary privilege ကို စိန်ခေါ်ခဲ့ပြီး လူတဦးချင်းစီ၏ လွတ်လပ်ခွင့် ကို အလေးအနက် ထောက်ခံခဲ့သည်။

လစ်ဘရယ်ဝါဒ၏ အခြေခံအယူအဆများထဲမှ အရေးကြီးသည့် တချက်မှာ လူ့အဖွဲ့အစည်းအနေဖြင့် လူပုဂ္ဂိုလ်တဦးချင်း စီ၏ လွတ်လပ်ခွင့်အပေါ် ကန့်သတ်ချက်များကို အနည်းဆုံးသာ ချမှတ်သင့်သည် ဟူသော အယူအဆဖြစ်သည်။ ထိုသို့ လွတ်လပ်စွာ ရွေးချယ်လုပ်ဆောင်ခွင့်ရရှိခြင်းဖြင့် လူတဦးစီသည် မိမိ၏ အရည်အချင်းနှင့် အလားအလာကို အပြည့်အဝ ဖော်ထုတ်နိုင်မည် ဖြစ်သလို၊ မိမိ၏ လုပ်ရပ်များအတွက်လည်း ကိုယ်တိုင်တာဝန်ယူရမည် ဖြစ်သည်။

သမိုင်းကြောင်းတွင် ဖြစ်ပေါ်တိုးတက်မှု အများစုကဲ့သို့ပင် လစ်ဘရယ်ဝါဒ ပေါ်ပေါက်လာခြင်း၏ နောက်ကွယ်တွင်လည်း စီးပွားရေးအခြေခံ အကြောင်းတစ်ရပ် ရှိခဲ့သည်။ လစ်ဘရယ်အတွေးအခေါ်များ စတင်ပေါ်ပေါက်လာချိန်တွင် ဥရောပသည် ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းများ လျင်မြန်စွာ ချဲ့ထွင်တိုးတက်နေသည့် ကာလ ဖြစ်သည်။

ထိုသို့သော စီးပွားရေးအသွင်ပြောင်းလဲမှုကြောင့် အရင်းရှင်လူတန်းစား ဟူသည့် လူမှုအလွှာသစ်တရပ် ပေါ်ပေါက်လာခဲ့သည်။ ထိုလူတန်းစားသည် ရှေးယခင်ကတည်းက အာဏာကို လက်ဝယ်ထားခဲ့ကြသော ဘုရင်များနှင့် မင်းမျိုးမင်းနွယ် အထက်တန်းလွှာများ နှင့် မတူညီသည့် လူမှုအင်အားစုသစ် ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများကို အစိုးရက တင်းကျပ်စွာ ထိန်းချုပ်ခြင်းမရှိဘဲ လွတ်လပ်သော ပြိုင်ဆိုင်မှုများ အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာသည့်ခေတ် ရောက်ရှိလာသည်နှင့်အမျှ၊ ထိုအရင်းရှင်လူတန်းစားသည် စီးပွားရေးအင်အားကို တဖြည်းဖြည်း စုစည်းရရှိလာပြီး နောက်ဆုံးတွင် လူ့အဖွဲ့အစည်းအတွင်း အာဏာအရှိဆုံး လူတန်းစား အဖြစ် ပေါ်ထွက်လာခဲ့သည်။

အကန့်အသတ်မရှိ ကိုယ်ကျိုးစီးပွားရှာဖွေလာနိုင် မှု သည် အမြဲတစေ ဆန်းသစ်တီထွင်မှုများကို တွန်းအားပေးလာနိုင်၍ စီးပွားရေး ရပ်တန့်ကျဆင်းမှု မဖြစ်စေရန် တားဆီးပေးမည်ဟူသော ယူဆချက်သည် လက်တွေ့တွင် မှားယွင်းကြောင်း ပေါ်လွင်လာခဲ့သည်။ အကြောင်းမှာ အင်အားကြီးသော အရင်းရှင်များက ကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်များကို တဖြည်းဖြည်း လက်ဝါးကြီးအုပ် ထိန်းချုပ်လာခဲ့ကြခြင်းကြောင့်ပင် ဖြစ်သည်။

လက်ဝါးကြီးအုပ်မှု နှင့် ကုမ္ပဏီကြီးများ၏ လွှမ်းမိုးချုပ်ကိုင်မှုတို့ကြောင့် ဈေးကွက်အတွင်းရှိ ပြိုင်ဆိုင်မှုများ အားနည်းလာခဲ့သည်။ ထိုအခြေအနေတွင် အစောပိုင်း လစ်ဘရယ်ဝါဒီများ မျှော်မှန်းထားခဲ့သည့် ပြင်ပ မှ ထိန်းချုပ်ရန်မလိုဘဲ မိမိဘာသာ ချိန်ညှိလုပ်ဆောင်နိုင်သော ဈေးကွက်စနစ် သည် မျှော်မှန်းထားသကဲ့သို့ ထိရောက်စွာ အလုပ်မလုပ်နိုင်တော့ပေ။

လူ့အဖွဲ့အစည်းသည် မင်းမျိုးမင်းနွယ်များ၏ အုပ်ချုပ်မှုမှ အရင်းရှင်လူတန်းစားများ၏ လွှမ်းမိုးမှုသို့ ကူးပြောင်းလာသည်နှင့်အမျှ၊ လူ့အဖွဲ့အစည်းအတွင်း အဓိကဖိနှိပ်ခံအုပ်စု ဖြစ်လာသော အလုပ်သမားလူတန်းစားအကြား မကျေနပ်မှုများ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

ပဒေသရာဇ်စနစ်အောက်တွင် လူတန်းစားများအကြား တင်းကျပ်သော ခွဲခြားမှုများ ရှိနေခြင်းကို လူအများက ဖြစ်ရိုး ဖြစ်စဉ်ဆိုကာ လက်ခံထားခဲ့ကြသည်။ ထို့ကြောင့် လူမှုအသိုင်းအဝိုင်းအတွင်းရှိ မညီမျှမှုများကိုလည်း သဘာဝကျသော လူမှုစနစ်၏ အစိတ်အပိုင်းတရပ်အဖြစ် အများအားဖြင့် လက်ခံခဲ့ကြသည်။

သို့သော် အုပ်ချုပ်သူ နှင့် အုပ်ချုပ်ခံအကြား သဘောတူထားသည့် လူမှုစာချုပ် social contract တွင် တရားမျှတမှုနှင့် တန်းတူ ညီမျှမှုဆိုင်ရာ အခြေခံမူများ လိုက်နာသွားမည်ဟု ကြွေးကြော်ထားသော ကမ္ဘာတွင် ပုံသဏ္ဍန် ပိုင်းဆိုင်ရာ မမျှတမှုများ ရှိလာနေခြင်း ကြောင့် လူထုအတွင်း မကျေနပ်မှုနှင့် မငြိမ်မသက်မှုများကို ပိုမိုနက်ရှိုင်းလာစေခဲ့သည်။

ထိုအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် အယူဝါဒသစ်တရပ် ပေါ်ပေါက်လာခဲ့သည်။ ထိုအယူဝါဒသည် အရင်းရှင်စနစ်ကို ဝေဖန်စိန်ခေါ်ရုံမျှဖြင့် မရပ်တန့်ဘဲ တော်လှန်ရေးနည်းလမ်းဖြင့် အရင်းရှင်စနစ်ကို လုံးဝဖြုတ်ချရန် ရည်ရွယ်လာခဲ့သည်။

ထိုအယူဝါဒမှာ ကွန်မြူနစ်ဝါဒ ပင် ဖြစ်သည်။ ကွန်မြူနစ်ဝါဒက စီးပွားရေးအာဏာနှင့် ကုန်ထုတ်လုပ်မှုအရင်းအမြစ်များကို စုပေါင်းပိုင်ဆိုင်ပြီး လူတန်းစားခွဲခြားမှုများကိုလည်း ဖျက်သိမ်းထားသော လူ့အဖွဲ့အစည်းသစ်တရပ် ကို ပြောင်းလဲဖန်တီးရန် မျှော်မှန်းခဲ့သည်။

ကွန်မြူနစ်ဝါဒ၏ အယူဝါဒဆိုင်ရာ အခြေခံအုတ်မြစ်ကို ၁၉ ရာစု၏ သြဇာအရှိဆုံး နိုင်ငံရေးအတွေးအခေါ်ရှင်များထဲမှ နှစ်ဦးဖြစ်သော ကားလ် မာ့က်စ် နှင့် ဖရီးဒရစ် အိန်ဂျဲလ်တို့က ချမှတ်ပေးခဲ့ကြသည်။¹

ကွန်မြူနစ်ဝါဒသည် သမိုင်းကို လူတန်းစားများအကြား ဖြစ်ပွားသည့် ပဋိပက္ခများ၏ စစ်မြေပြင်တစ်ခုအဖြစ် ရှုမြင်သည်။ ထိုအယူအဆအရ ဘူဇွာလူတန်းစား သည် ပဒေသရာဇ် မင်းမျိုးမင်းနွယ်အုပ်ချုပ်မှုကို ဖြုတ်ချပြီးနောက်ပိုင်း တွင် လူ့အဖွဲ့အစည်း၏ အဓိကပဋိပက္ခသည် အရင်းရှင်လူတန်းစားနှင့် အလုပ်သမားလူတန်းစားတို့အကြား ဖြစ်ပွားသည့် လူတန်းစားတိုက်ပွဲ ဖြစ်လာခဲ့သည်ဟု ဆိုသည်။

မာ့က်စ်နှင့် အိန်ဂျဲလ်တို့သည် အရင်းရှင်လူတန်းစား ဆိုသည်ကို အပြီးအပိုင် ဖယ်ရှားပစ်ရန် ပစ္စည်းမဲ့ အလုပ်သမားလူတန်းစား၏ တော်လှန်ရေး ကို ထောက်ခံအားပေးခဲ့ကြသည်။

၎င်းတို့၏ အယူအဆများသည် စက်မှုတော်လှန်ရေးခေတ်အတွင်း ဘူဇွာအရင်းရှင်လူတန်းစား၏ ဖိနှိပ်မှုကို ခံနေရသော အလုပ်သမားများ အကြားတွင်သာမက ၁၉ ရာစု အနောက်တိုင်းလူ့အဖွဲ့အစည်းများရှိ တိုးတက်ပြောင်းလဲရေးကို လိုလားသော ဉာဏ်ပညာရှင်များ အကြားတွင်လည်း အလွန်နက်ရှိုင်းစွာ ပဲ့တင်ထပ်လာခဲ့သည်။

နောက်ပိုင်းတွင် မာ့က်စ်နှင့် အိန်ဂျဲလ်တို့ ချန်ထားရစ်ခဲ့သော အယူဝါဒဆိုင်ရာ အမွေအနှစ် ကို ဗလာဒီမာ လီနင် နှင့် ဂျိုးဇက် စတာလင် ကဲ့သို့သော နိုင်ငံရေးခေါင်းဆောင်များက ဆက်လက် လက်ဆင့်ကမ်း ဖော်ဆောင်ခဲ့ကြသည်။

ဆက်လက်တင်ပြသွားပါမည်။

Hla Soewai

နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ (၁၁)───O J Simpson Trial ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ ပစိဖိတ်စံတော်ချိန်...
09/05/2026

နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ (၁၁)
───

O J Simpson Trial

၁၉၉၅ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ ပစိဖိတ်စံတော်ချိန် နံနက် ၁၀ နာရီတွင် ရုပ်မြင်သံကြား သတင်း ဖွင့်ထားကြသော အမေရိကန်နိုင်ငံသားအားလုံး၏ ၉၁ ရာခိုင်နှုန်းသည် တခုတည်းသော သတင်း တပုဒ် ကိုသာ စူး စိုက်ကြည့်နေကြသည်။ ဤသည်ကား လော့စ်အိန်ဂျလိစ် တရားခွင်တခုအတွင်း ဖြစ်ပျက်နေသော မြင်ကွင်းကို ထုတ်လွှင့်နေသော သတင်းကို အာရုံစိုက် နေကြခြင်း ဖြစ်သည်။

နယူးယောက် စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ပမာဏ ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်။ လူတို့သည် အိမ်သာသွားရန်ပင် ဝန်လေးနေကြသဖြင့် ရေသုံးစွဲမှုပမာဏလည်း သိသိသာသာ ကျဆင်းသွားခဲ့သည်။ သမ္မတ ကလင်တန်သည်လည်း အိုဗယ်ရုံးခန်းမှ ထွက်လာကာ သူ၏ ဝန်ထမ်းများနှင့်အတူ ရုပ်မြင်သံကြားရှေ့တွင် အတူ ကြည့်ရှုခဲ့ကြသည်။ ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သည့် သက်သေထွက်ဆိုချက်ရက်ပေါင်း ၁၃၃ ရက် ကြာမြင့်ပြီးနောက် တရားရုံးက O.J. Simpson ၏ လူသတ်မှုစွဲချက် အတွက် အမိန့်ကို ချမှတ်ခဲ့ပြီ ဖြစ်သည်။

တရားသူကြီး လန့်စ် အီတို ၏ ရှေ့ဖတ် စာရေးက “ပြစ်မှုထင်ရှားခြင်း မရှိ” ဟူသော အမိန့်ချမှတ်ချက်ကို ကြေညာလိုက်သည့်အခါ အမေရိကန်နိုင်ငံသား အချို့မှာ အံ့အားသင့်ကာ ထိတ်လန့်သွားကြပြီး အချို့ကမူ ဝမ်းသာအားရအော်ဟစ် ခဲ့ကြသည်။ ဤအမိန့်ချမှတ်ချက်အပေါ် တုံ့ပြန်မှုများကို ကြည့်မည်ဆိုက လူမျိုးရေးအရ မည်မျှအထိ ကွဲပြားခြားနားနေကြသည် ဆိုသည်ကို တွေ့မြင် နိုင်ခြင်းပင် ဖြစ်သည်။

အမိန့်ချမှတ်ပြီးနောက် ပြုလုပ်ခဲ့သော လူထုစစ်တမ်းများအရ အမေရိကန် လူဖြူ နိုင်ငံသား အများစုက အဆိုပါ ဆုံးဖြတ်ချက်မှာ မှားယွင်းသည်ဟု ဆိုကြသည်။ အာဖရိကန်-အမေရိကန် လူမျိုး အများစုကမူ တရားသူကြီးအဖွဲ့သည် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်ဟု စစ်တမ်းကောက်ယူသူများကို ဖြေကြားခဲ့ကြသည်။

အို ဂျေ ၏ တရားခွင်သည် ဤမျှအထိ လူအများ၏ အာရုံစိုက်မှုကို မည်သို့ရရှိလာခဲ့သနည်း။ ဤအမှုပါ သက်သေအထောက်အထားများတွင် မည်သည့်အရာများ ပါဝင်နေသဖြင့် မတူညီသော လူမျိုးစုများအကြား ထိုမျှလောက် ကွဲပြားခြားနားစွာ ရှုမြင်လာခဲ့ကြရသနည်း။ ထို တရားခွင်သည် နောက်ပိုင်း တွင် ထင်ရှား ကျော်ကြားသူများ၏ တရားခွင်များကို ကိုင်တွယ်ဖြေရှင်းပုံ စနစ်အပေါ် မည်သို့မည်ပုံ ပြောင်းလဲသွားစေခဲ့သနည်း။

ဤမေးခွန်းများသည် ဗန်နီတီဖဲယား မဂ္ဂဇင်း စာရေးဆရာ ဒိုမိနစ် ဒန်းက “လူမျိုးပေါင်းစုံ လက်ထပ်ထိမ်းမြားမှု၊ အချစ်၊ ရမ္မက်၊ လိမ်ညာမှု၊ အမုန်းတရား၊ ကျော်ဇောမှု၊ ချမ်းသာကြွယ်ဝမှု၊ အလှအပ၊ စွဲလမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ ခြိမ်းခြောက် စောင့်ကြည့်မှု၊ နှလုံးကွဲကြေနေသော ကလေးငယ်များ၊ သွေးများ ရွှဲနစ် နေသည့် လူသတ်မှုများနှင့် ငွေကြေးဖြင့် ဝယ်ယူနိုင်သမျှသော တရားမျှတမှုတို့ ပေါင်းစပ်ပါဝင်နေသည့် လက်တွေ့ဘဝထဲက ကြီးကျယ်ခမ်းနားစွာ မွမ်းမံထားသော အပေါစား ဝတ္ထုတပုဒ်၊ ကြီးမားလှသည့် လူမျိုးစုံပါ မီးရှူးမီးပန်းပွဲတော်ကြီးတခု” ဟု ခေါ်ဆိုခဲ့သည့် ဤတရားခွင်ကို လေ့လာသုံးသပ်ရာတွင် ကျွန်ုပ်တို့ ဖြေရှင်းဆွေးနွေးမည့် မေးခွန်းအချို့ပင် ဖြစ်ပေသည်။

၁၉၉၄ ခုနှစ် ဇွန်လ ၁၂ ရက် သန်းခေါင်ယံကျော် ကျော် လေးတွင် လော့စ်အိန်ဂျလိစ်မြို့ ဘရန့်ဝုဒ် ရပ်ကွက် နေ လူများသည် အာကီတာ ခေါ် ခွေးဖြူ တကောင်၏ အူသံကို ကြားလာခဲ့သည်။ ထိုဆူညံသံကြောင့် လမ်းလျှောက်ထွက်လာကြသည့် စုံတွဲတတွဲ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ထိုခွေးက ၎င်းတို့အား ကွန်ဒိုမီနီယံတခု၏ ရှေ့တံခါးပေါက်နားသို့ ခေါ်ဆောင်သွားခဲ့ရာ ထိုစုံတွဲသည် လူသေ အလောင်းနှစ်လောင်းကို တွေ့ရှိလိုက်ကြသည်။

တလောင်းမှာ အကြိမ် ပေါင်းများစွာ ဓားနှင့် ထိုးခံထားရသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦး၏ ရုပ်အလောင်း ဖြစ်သည်။ ထို အမျိုးသားသည် ရော်နယ် ဂိုးလ်ဒ်မန်း ဖြစ်ကြောင်း နောင်တွင် သိလာခဲ့သည်။ ၎င်းသည် ၎င်း အလုပ်လုပ်သော စားသောက်ဆိုင်တွင် ကျန်ခဲ့သည့် နေကာမျက်မှန်ကို ပြန်လာပေးရန် ထို ကွန်ဒိုမီနီယံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ကျန်တခုမှာ အမျိုးသမီးတဦး၏ ရုပ်အလောင်း ဖြစ်သည်။ ထိုရုပ်အလောင်းမှာ ရက်စက်စွာ လည်ပင်း လှီးခံထားရသဖြင့် ဦးခေါင်းသည် ကိုယ်နှင့်ပြတ်ထွက်မတတ် ဖြစ်နေခဲ့သည်။ သေဆုံးသွားသော အမျိုးသမီးမှာ အမေရိကန် လက်ပစ် ဘောလုံးလောက၏ ထင်ရှားကျော်ကြားခဲ့သူ နှင့် မီဒီယာပုဂ္ဂိုလ်ဖြစ်သော အို ဂျေ ဆင်ပဆန် ၏ ဇနီးဟောင်း နီကိုးလ် ဘရောင်း-ဆင်ပဆန် ပင် ဖြစ်သည်။

ဤသို့ဖြင့် နီကိုးလ် ဘရောင်း-ဆင်ပဆန်နှင့် ရော်နယ် ဂိုးလ်ဒ်မန်းတို့ နှစ်လောင်းပြိုင် အသတ်ခံရမှုအပေါ် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ပေတော့သည်။ လူသတ်မှုဖြစ်ပွားပြီး နောက်တနေ့ မနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ချီကာဂို မြို့ရှိ ဟိုတယ်တခုတွင် ရောက်ရှိနေသော ဆင်ပဆန်ထံသို့ ဖုန်းဆက်သွယ်ခဲ့သည်။ ဆင်ပဆန်သည် ဟာ့ဇ် အငှားကားကုမ္ပဏီ ၏ ညီလာခံတခုတွင် မိန့်ခွန်းပြောရန် စီစဉ်ထားခဲ့ပြီး ချီကာဂို မြို့သို့ ထိုမနက်ကမှ ရောက်ရှိလာခြင်း ဖြစ်သည်။

သူ၏ဇနီး သတ်ဖြတ်ခံခဲ့ရကြောင်း အကြောင်းကြားသည့်အခါ ဆင်ပဆန်က မည်သို့ မည်ပုံ၊ မည်သည့်အချိန်တွင် သို့မဟုတ် မည်သူက ကျူးလွန်ခဲ့သည်ကို မေးမြန်းခြင်း မရှိခဲ့ပေ။

ဆင်ပဆန် သည် လော့စ်အိန်ဂျလိစ်သို့ မှီရာ လေယာဉ်ဖြင့် ပြန်လာခဲ့သည်။ သူသည် မိမိ၏အိမ်သို့ ရောက်ရှိလာချိန်တွင် အသေးစိတ် စုံစမ်းစစ်ဆေး နေကြသည့် မှုခင်း ရဲအရာရှိများ ကို တွေ့ရှိခဲ့ရသည်။ အိမ်ရှေ့ဂိတ်တံခါးတွင် ရဲတပ်ဖွဲ့၏ တိပ် ကြိုးများ ကာရံ ထားပြီး အိမ်အဝင် ကားလမ်းမပေါ် တွင် သွေးကွက်လမ်းကြောင်းများကို ဖော်ပြသည့် အညွှန်းကပ်ပြားများကို ချထားသည်။

လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့သည် ထိုနေ့တွင် ဆင်ပဆန်ကို နာရီဝက်ခန့်ကြာ မေးမြန်းစစ်ဆေးခဲ့သည်။ ၎င်းတို့က ဆင်ပဆန်အား သူ၏ ညာဘက်လက်ပေါ်ရှိ နက်ရှိုင်းသော ဒဏ်ရာနှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းခဲ့ကြသည်။ အစပိုင်းတွင် ဆင်ပဆန်က ထိုဒဏ်ရာ မည်သည့်နေရာမှ ရလာသည်ကို မသိကြောင်း ပြောဆိုခဲ့သည်။ သို့သော် စစ်ဆေးမေးမြန်းမှု နောက်ပိုင်းတွင် နီကိုလ်း သတ်ဖြတ်ခံရကြောင်း သတင်းကြားရပြီးနောက် ချီကာဂို ဟိုတယ်ခန်းရှိ ဖန်ခွက်တခုကို ပေါက် ခွဲမိစဉ်က ယခင်က ရခဲ့သည့် ဒဏ်ရာဟောင်းပြန်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်။

ထိုစစ်ဆေးမေးမြန်းမှု တခုလုံးမှာ အလွန်တရာမှ တာဝန်မဲ့လှသည် - တာဝန်ရှိသူများက သဘာဝကျကျ ဖြစ်သင့်သည့် နောက်ဆက်တွဲ မေးခွန်းများကို မမေးခဲ့ကြဘဲ အကျိုးရှိနိုင်ခြေရှိသော မေးခွန်း များစွာကိုပါ လျစ်လျူရှုခဲ့ကြသည်။ ဤစစ်ဆေးမေးမြန်းမှုမှ တခုတလေမျှပင် တရားခွင်တွင်သက်သေအဖြစ် တင်သွင်းနိုင်ခဲ့ခြင်း မရှိပေ။

နောက်ဆုံးတွင် ရဲအဖွဲ့သည် နီကိုးလ် သတ်ဖြတ်ခံရမှုနှင့် ဆင်ပဆန် တို့ အဆက်အစပ်ရှိကြောင်း သက်သေအထောက်အထားများကို လုံလုံလောက်လောက် စုဆောင်းနိုင်ခဲ့ပြီးနောက် ၎င်းကို ဖမ်းဝရမ်းထုတ်ပေးရန် တောင်းခံရယူနိုင်ခဲ့သည်။ ဆင်ပဆန် ၏ ရှေ့နေ ရောဘတ် ရှာပီရို နှင့် ညှိနှိုင်းသဘောတူညီချက်အရ ဆင်ပဆန်သည်။ နီကိုးလ်၏ ဈာပနပြီး တရက်အကြာတွင် ရဲဌာနချုပ်သို့ ကိုယ်တိုင် သွားရောက်အဖမ်းခံရန် ဖြစ်သည်။

သို့သော် သဘောတူထားသည့် အချိန်ရောက်လာသော်လည်း ဆင်ပဆန် ရောက်မလာဘဲဖြစ်နေသဖြင့် ရဲအရာရှိများသည် ၎င်းကို သွားရောက်ခေါ်ဆောင်ရန် နေအိမ်သို့ မောင်းနှင်သွားခဲ့ကြသော်လည်း အိမ်တွင် မတွေ့ရတော့ပေ။

၁၇၇၅ ခုနှစ် အမေရိကန် လွတ်လပ်ရေးစစ်ပွဲ မစတင်မီကာလက အမေရိကန် ကိုလိုနီနယ်မြေများကို သိမ်းပိုက်ရန် ချီတက်လာကြမည့် ဗြိတိသျှစစ်တပ်၏ အကြောင်းကို သတိပေးရန် ပေါလ် ရီဗီး ဆိုသူသည် မြင်းတစ်စီးဖြင့် ညဉ့်နက်သန်းခေါင်ယံအချိန်တွင် မိုင်ပေါင်းများစွာကို အပြေးနှင်ကာ ဒေသခံ ကိုလိုနီနယ်သားများကို လိုက်လံနှိုးဆော် သတိပေးခဲ့သည့် နောက်ပိုင်းတွင် ဆင်ပဆန် ထွက်‌ ပြေး သွားခဲ့မှုသည် အမေရိကန်သမိုင်းတွင် အကျော်ကြားဆုံး ခရီးစဉ်တခုဖြစ်လာခဲ့ပြီ ဖြစ်သည်။

ရဲအရာရှိများသည် ဆင်ပဆန် ထားခဲ့သည့် စာတစောင်ကိုမူ တွေ့ရှိခဲ့ကြသည်။ "သက်ဆိုင်ရာ မည်သူမဆို" ဟု လိပ်မူထားသော ထိုစာတွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မည့် လက္ခဏာများများ အားလုံးပါရှိနေသည်။ စာအဆုံးသတ်တွင် အောက်ပါအတိုင်း ရေးသားထားသည် -

"ကျွန် တော့် အတွက် ဘယ်လိုမှ စိတ်မကောင်းမဖြစ်ကြပါနဲ့။ ကျွန်တော်မှာ မိတ်ဆွေ သူငယ်ချင်း ကောင်းကောင်းတွေနဲ့ ကြီးကျယ်ခမ်းနားတဲ့ ဘဝတခုကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ပျောက်ဆုံးနေတဲ့ လူတယောက်အဖြစ်နဲ့မဟုတ်ဘဲ စစ်မှန်တဲ့ O.J. ကိုပဲ အမှတ်ရပေးကြပါ။ ကျွန်တော် ဘဝကို အထူးခြားဆုံး ဖြစ်အောင် ဖန်တီးပေးကြလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် လည်း ခင်ဗျားတို့ရဲ့ဘဝတွေကို အထောက်အကူ ပြုခဲ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားများစွာနဲ့ - O.J."

နာရီအနည်းငယ်အကြာတွင် ဆင်မဆန် အား သူ၏ သူငယ်ချင်း အေ စီ ကောလင်းစ် မောင်းနှင်သည့် အဖြူရောင် ဘရွန်ကို ကားကို စီးလျက် လိုက်ပါသွားသည်ကို တွေ့ရှိခဲ့သည်ဟု အော်ရိန်း ကောင်တီ မှ မော်တော်ယာဉ်မောင်း တဦးက ရဲအဖွဲ့ထံ အကြောင်းကြားခဲ့သည်။ မကြာမီပင် ရဲကား တဒါဇင်ကျော်၊ သတင်းဌာနများ၏ ရဟတ်ယာဉ်များနှင့် စပ်စုလိုသည့် လူအချို့က ထိုဘရွန်ကိုကားနောက်သို့ လိုက်လံ ပိတ်ဆို့ကြတော့သည်။ (ပုံတွင် ရှု့)

စလိုး မိုးရှင်းအလား ဖြစ်နေသည့် ထိုကား အား လိုက်လံဖမ်းဆီးမှုကို လူဦးရေ ၉၅ သန်းခန့်က ရုပ်မြင်သံကြားမှတဆင့် တိုက်ရိုက် ကြည့်ရှုခဲ့ကြသည်။ နောက်ဆုံးတွင် ဆင်ပဆန် အား သူ၏ အိမ် ရှေ့ဝင်းအတွင်း၌ပင် ဖမ်းဆီးရမိခြင်းဖြင့် ပြီးဆုံးသွားခဲ့သည်။

ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့က ဘရွန်ကိုကားကို ရှာဖွေစစ်ဆေးခဲ့ရာ ငွေသား အမေရိကန်ဒေါ်လာ ၈,၇၅၀၊ အတုပြုလုပ်ထားသော မုတ်ဆိတ်နှင့် နှုတ်ခမ်းမွှေး၊ ကျည်အပြည့်ပါသော သေနတ်တစ်လက်နှင့် နိုင်ငံကူးလက်မှတ် - passport တခု တို့ကို တွေ့ရှိခဲ့ကြသည်။

Address

Calgary, AB

Alerts

Be the first to know and let us send you an email when Yawnathan Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share