A Kone Thi

A Kone Thi We represent news and knowledge eyeryday. What happening in Myanmar and what happening in the world.

စုန်းထီးကြီး ဦးဘသာနှင့် ဆင်ကွပ်မကြည်(၁)ဦးဘသာကြီးအကြောင်းပြောရင်းနဲ့ တော်တော်ရောက်လာခဲ့ပြီ၊ ဒီတစ်ခါတော့ ကျုပ်ကိုယ်တွေ့ကြု...
05/09/2025

စုန်းထီးကြီး ဦးဘသာနှင့် ဆင်ကွပ်မကြည်

(၁)

ဦးဘသာကြီးအကြောင်းပြောရင်းနဲ့ တော်တော်ရောက်လာခဲ့ပြီ၊ ဒီတစ်ခါတော့ ကျုပ်ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဦးဘသာနဲ့ ပညာပြိုင်ခဲ့တဲ့ စုန်းမတစ်ယောက်အကြောင်းဗျ၊ ပြောရမယ်ဆိုရင် ကျုပ်အသက် ဆယ့်ငါးနှစ်လောက်ကပေါ့ဗျာ။

ကျုပ်တို့ဆီမှာက အစိုးရကျောင်းမရှိဘူးဗျ၊ ကျောင်းဆိုရင် ကျုပ်တို့ရွာနဲ့ ရှစ်မိုင်ဝေးတဲ့ တန်းမြင့်ကျေးရွာက မူလတန်းကျောင်းကို သွားတက်ရတယ်၊ ဒါပေမယ့် အဲဒီကျောင်းကလည်း ပေတိပေစုတ်ပါ၊ ဆရာလည်း တစ်ယောက်နှစ်ယောက်လားရှိတာဆိုတော့ ကျုပ်တို့လိုဝေးတဲ့သူတွေက ကျောင်းကို တကူးတကသွားမတက်ကြဘူးဗျ။ ကျုပ်တို့မိဘတွေကလည်း မထားပေးဘူး၊ သူတို့လည်း အစိုးရကျောင်းနေခဲ့ရတာမှ မဟုတ်တာ၊ ဒါကြောင့် ရွာက ယောက်ျားလေးတွေဆိုရင် ဆယ်နှစ်လောက်ဆိုတာနဲ့ ထုံးစံအတိုင်း ဘုန်းကြီးကျောင်းကိုပို့တာပေါ့ဗျာ။

ဘုန်းကြီးကျောင်းဆိုလို့ သိပ်လွယ်တယ်မထင်နဲ့ကိုယ့်လူ၊ ဘုန်းကြီးကျောင်းမှာက မြန်မာစာသင်တယ်၊ ပါဠိသင်တယ်၊ နောက်ပြီး ဘုရားစာတွေသင်တယ်၊ ဗေဒင်သင်တယ်၊ ဆေးပညာသင်တယ်ဗျာ၊ ခုခေတ်နဲ့ပြောရရင်တော့ ဘာသာတွဲတွေပေါ့ဗျာ။ ဘုန်းကြီးကျောင်းမှာသင်တဲ့ သဂြိုလ်တို့၊ သဒ္ဒါဆို့ဆိုတာ သိပ်ခက်တာဗျာ၊ ကျုပ်တို့မှာ ဘုန်းကြီးကျောင်းတက်ခဲ့ပေမယ့် မျက်ရည်နဲ့မျက်ခွက် တက်ခဲ့ရတာဗျ။

စာရေးဆရာတို့မမီလိုက်ဘူးထင်လို့ ပြောပြရအုံးမယ်ဗျ၊ ဘုန်းကြီးကျောင်းတက်ရင် မနက်အစောကြီး အိမ်ကနေထပြီး ဘုန်းကြီးကျောင်းသွားရတယ်၊ ကျောင်းမှာလည်း အလုပ်တွေကူလုပ်ပေးရသေးတယ်ဗျ၊ နောက်ပြီး ဘုန်းကြီးတွေဆွမ်းစားပြီးတော့မှ စာစသင်တာ၊ မြန်မာစာ ကကြီးခခွေးသင်တယ်၊ ဘုရားစာဆိုရင်တော့ ပရိတ်ကြီးဆယ့်တစ်သုတ်ပေါ့၊ ကျုပ်တို့တုန်းက စာအုပ်တွေဘာတွေမရှိဘူး၊ ရှိလည်း ကကြီးခခွေးသမားတွေဆိုတော့ ဘယ်ဖတ်တတ်ပါ့မလဲ၊ အရှေ့က ဦးဇင်းတွေတိုင်ပေးတာကိုလိုက်ဆိုရတာ၊ ပြီးရင် ညနေလောက်ကျရင် အဲဒီပရိတ်တွေပြန်မေးတာဗျ၊ သေချာနားထောင်ပြီး လိုက်မှတ်နိုင်မှ၊ မရရင်တော့ သိတဲ့အတိုင်းပေါ့ဗျာ၊ ကြိမ်ကောင်းကောင်းနဲ့ဆော်တာ။ ဘုန်းကြီးကျောင်းသားဘဝက အဲဒီလိုပါဗျာ၊ ပြီးရင် ဗေဒင်တို့၊ ဆေးကျမ်းတို့သင်သေးတာ၊ ကျုပ်တို့မှာ ငယ်ငယ်နဲ့ဥတုတို့ ပညတ်တို့၊ အာဟာရတို့ကျက်ရတာဗျ၊ ဗေဒင်မဟာဘုတ်ထူနည်းတို့အဲဒီတုန်းက ကျုပ်အလွတ်ရတယ်ပေါ့ဗျာ။

ဒီလိုနဲ့တက်ရင်း ပါရမီပါတဲ့သူကျတော့ ဘုန်းကြီးကျောင်းဆက်တက်ပြီး ကိုရင်တွေဘာတွေဝတ်ကြတာပေါ့၊ ဗေဒင်တော်တဲ့သူကျတော့ ဗေဒင်လိုင်း၊ ဆေးပညာတော်တဲ့သူကျတော့ ဆေးဆရာလိုင်းပေါ့၊ ဘုန်းကြီးကျောင်းကနေအဆင့်တဖြည်းဖြည်းတက်သွားကြတာပေါ့ဗျာ၊ မြိုင်သာမှာ နာမည်ကြီးတဲ့ ဗေဒင်ဆရာကြီးက ကျုပ်တို့အောက်က တစ်နှစ်ငယ်တယ်ဗျ၊ ငယ်ငယ်ကဆိုရင် ကျုပ်တို့နဲ့ ငိုဖော်ငိုဖက်တွေပေါ့၊ ခုမြို့မှာ ဝမ်းနှုတ်ဆေးဖော်ရောင်းပြီး နာမည်ကြီးသွားတဲ့ ဆေးဆရာကြီးဆိုရင်လည်း ကျုပ်တို့နဲ့တစ်တန်းထဲတက်ခဲ့တာပေါ့ဗျာ။

အဲ၊ သူတို့က ပါရမီပါခဲ့ပေမယ့် ကျုပ်တို့ကတော့ ပါရမီမပါပါဘူးဗျာ၊ ငိုယိုတက်ပြီး နှစ်နှစ်လောက်ကြာတော့ ဘုန်းကြီးကျောင်းကိုမသွားတော့ဘူး၊ ရွာဓလေ့က ကျောင်းမတတ်ရင် အိမ်အလုပ်ကူရတယ်ဗျ။ နွားတွေရှိတော့ နွားကျောင်း၊ နွားစာရိတ်၊ လယ်တွေယာတွေကူရတယ်ပေါ့၊ မိန်းကလေးတွေကတော့ ကျောင်းတက်လေ့မရှိဘူးဗျ၊ ငယ်ငယ်ကတည်းက အိမ်မှုကိစ္စတွေ သင်ရတာပေါ့ဗျာ။

ဒီလိုနဲ့ ကျုပ်အသက်ဆယ့်သုံးနှစ်လောက်မှာ ကျောင်းထွက်ပြီးတော့ လယ်ထဲဆင်းခဲ့တယ်။ ကျုပ်အဖေတို့လယ်ကလည်း ဦးဘသာကြီးတို့လယ်နဲ့ နှစ်ဘက်ဆက်နေတာဆိုတော့ ဦးဘသာကြီးနဲ့ လယ်ထဲသွားတိုင်း တွေ့နေကျပေါ့ဗျာ။ အဲဒီမှာ ဦးဘသာကြီးနဲ့ ခင်သွားတယ်ဗျ။ အကိုအကြီးက အိမ်ထောင်ကျသွားပြီးတော့ အဖေက အကိုကြီးကိုလယ်တွေခွဲပေးလိုက်တယ်၊ အိမ်ကလယ်တွေကိုတော့ ကျုပ်နဲ့ ကျုပ်ညီရယ်၊ ကျုပ်ဘကြီးတစ်ယောက်ရယ် အတူလုပ်ကြတာပေါ့ဗျာ။

(၂)

ဦးဘသာကြီးက ဘယ်လိုလူလဲဆိုတာသိတော့ ကျုပ်လည်း သူ့ပညာတွေကို စိတ်ဝင်စားတယ်လေ၊ ဒါကြောင့် လယ်ထဲဆင်းပြီး အားပြီဆိုရင် ဦးဘသာကြီးတဲမှာ သွားသွားထိုင်နေတတ်တာပဲ၊ အဖေကတော့ ဘာမှမပြောပေမယ့်၊ အမေကတော့ မကြိုက်ဘူးဗျ။ ကျုပ်လည်းကြုံတိုင်း ဦးဘသာကြီးဆီကပ်ပြီး ပြောရတောပေါ့ဗျာ။

"ဦးဘသာကြီး ကျုပ်ကိုပညာသင်ပေးပါလားဗျ"

"အောင်မယ်၊ မင်းကပညာတတ်ပြီးတော့ ဘာလုပ်ချင်လို့လဲကွ"

သူအဲဒီလိုမေးတိုင်း ကျုပ်ရေရေရာရာမဖြေတတ်ဘူးဗျ၊ ကျုပ်အကြောင်းပြချက်တွေ လျှောက်ပေးတိုင်းလည်း သူက မကောင်းဘူး မလုပ်ပါနဲ့ချည်းပြောနေတာဗျ။ ဒီတစ်ခါတော့ ကျုပ်ကနပ်သွားပြီလေ။

"ကျုပ်ကိုပညာသင်ပေးပါ၊ မဟုတ်ရင်လည်း တုတ်ပြီးဓါးပြီး အဆောင်လေးတွေ၊ ဆေးလေးတွေ ချီးမြှင့်ပေးပါဗျာ"

"အစီအရင်တွေ၊ ဆေးတွေဆိုတာ အလကားရတာမဟုတ်ဘူ့းကွ၊ တစ်ခုခုကိုပေးဆပ်မှ တစ်ခုခုပြန်ရတာကွ၊ နေပါအုံး၊ တုတ်ပြီးဓါးပြီးတော့ မင်းကဘာလုပ်ချင်လို့လည်း၊ ဓါးပြတိုက်စားမလို့လား"

"မဟုတ်ပါဘူးဗျ၊ အကာအကွယ်ဖြစ်တာပေါ့"

"မဟုတ်တာတွေမလုပ်ကောင်းဘူးကွ ငါ့တူရ၊ ငါပြောပြမယ်၊ တုတ်ပြီးဓါးပြီးတဲ့နည်းတွေ အများကြီးရှိပါတယ်ကွ၊ တစ်ပွဲတိုးနည်းဆိုတာ လိုချင်မှ တစ်ခါပဲထုတ်သုံးတဲ့နည်းကွ၊ နောက်ပြီးတော့ တက်တူတို့ထိုးသလိုမျိုး ဆေးတွေထိုးလို့ရတယ်၊ အဲဒီဆေးတွေကတော့ နည်းနည်းအောက်လမ်းနည်းဆန်တယ်ကွ၊၊ နောက်ပြီး အင်းတွေ၊ အစောင်တွေလည်းရှိသေးတယ်"

"တုတ်ပြီးဓါးပြီးဆိုတိုင်း အချိန်ပြည့်ပြီးနေတာမဟုတ်ဘူးကွ၊ သူက ကိုယ်လိုချင်တဲ့အချိန်မှ ပြီးအောင်လို့ မနန်တွေ အုပ်မန်းရတာကွ"

"ဪ၊ ဒီလိုလား မသိပါဘူးဗျာ၊ ကျုပ်က အချိန်ပြည့်ရတယ်ထင်နေတာ"

"တက်တူကြီး ထိုးထားတဲ့ ဘီလူးသားပိုက်ဆေးဆိုရင် တုတ်ဓါးပြီးတာမှန်ပေမယ့် သူက အောက်လမ်းနည်းတစ်မျိုးပဲကွ၊ ဘီလူးဆေးထိုးထားတော့ အဲဒီဆေးကိုစောင့်တဲ့ ဘီလူးက ကိုယ့်ကိုယ်မှာဝင်ဆွဲနေတာပေါ့ကွာ၊ လူကလည်း ဘီလူးစိတ်ပေါက်ပြီး ကြမ်းကြမ်းတမ်းတမ်း ပေပေကမ်းကမ်းနေတာမဟုတ်လား"
(ထိုအချိန်က ဦးတက်တူမသေသေးပါ)

"ဟုတ်တယ်နော်"

"ပြီးတော့ အဲဒီဆေးတွေကလည်း အထူးသဖြင့် အိပ်နေတဲ့အချိန်တို့၊ မိန်းမနဲ့အိပ်တဲ့အချိန်တို့၊ သတိလစ်နေတဲ့အချိန်တွေမှာ ဆေးစောင့်တွေက ခွာနေတတ်တယ်ကွ၊ အဲဒီအချိန်မစွမ်းဘူးပေါ့ကွာ"

ဟုတ်တော့ဟုတ်တယ်ဗျ၊ ကျုပ်ပြန်စဉ်းစားလိုက်တော့ ဦးတက်တူကြီးသေတော့ မခင်မြက အိပ်ရာထဲမှာ ဓါးနဲ့ခုတ်သတ်လိုက်တယ်မဟုတ်လား၊ အဲဒီအချိန်က ဆေးစောင့်ကွာနေတဲ့အချိန်ဖြစ်လိမ့်မယ်ဗျ။

"အဲဒီဆေးတွေက ကောင်းကျိုးထက် ဆိုးကျိုးများတဲ့ဆေးတွေပါကွာ၊ မလုပ်ကောင်းပါဘူး၊ တုတ်ဓါးပြီးလို့ ဆေးကုမရဘဲ သေသွားတဲ့သူတွေတောင်ရှိတယ်မဟုတ်လား"
"ဟင်၊ တုတ်ဓါးပြီးတာ ဆေးကုလို့မရဘူးတဲ့လား"

"အေးကွ၊ မင်းမကြားဖူးရင်ပြောပြမယ်၊ ငါဟိုတစ်လောက မြိုင်သာတက်တော့ ဈေးထဲမှာပြောနေကြတာပါကွာ၊ အဲဒီလူကြီးတစ်ယောက်က တုတ်ဓါးပြီးသတဲ့ကွ၊ တစ်ရက်တော့ အသည်းအသန်နေမကောင်းဖြစ်ပြီး သတိလစ်သွားလို့ ဆေးရုံပို့တာ ဆရာဝန်က အပ်တောင်ထိုးမရဘူးတဲ့ကွ၊ သူ့အသားက အပ်ထိုးရင် ကျောက်တုံးကြီးလိုဖြစ်သွားတာတဲ့ကွာ"

"ဒါနဲ့ ခုနက ဦးဘသာကြီးပြောတော့ သတိလစ်နေရင် ဆေးပြယ်တယ်ဆိုဗျ"

ဦးဘသာကြီးပြုံးတယ်ဗျ။

"အေးကွာ၊ မင်းထောက်တာမှန်ပါတယ်၊ သူသုံးထားတာက ဆေးမဟုတ်ဘဲ အဆောင်တစ်ခုကိုလက်မောင်းမှာပတ်ထားတာကွ၊ အဲဒီအဆောင်အင်းက ဂြိုလ်ချိန်နက္ခတ်နဲ့ ကိုက်နေတာ့ ဆေးအောင်နေတာပေါ့ကွာ၊ သူ့မိသားစုကလည်း အင်းကြောင်းဆိုတာ သိထားပုံမရဘူးကွ၊ အင်းတွေက များသောအားဖြင့် ဂြိုလ်အသွားအလာ၊ နက္ခတ်အသွားအလာကိုကြည့်ပြီး စီရင်ကြတာမဟုတ်လား"

ကျုပ်လည်း သိပ်နားမလည်တော့ သူပြောတာပဲခေါင်းညိတ်လိုက်ရတာပေါ့ဗျာ၊ သူ့ဆီက ပညာလည်း ဘာမှမရခဲ့ပါဘူး၊ သူပြောတဲ့ ဗဟုသုတတော့ ရခဲ့တာပေါ့ဗျာ။

(၃)

ဟိုရက်က ကျုပ်တို့ရွာက ပုံပုံတွေအကြောင်းပြောခဲ့တယ်မဟုတ်လားဗျ၊ အဲဒီလိုနဲ့ ရွာက ခြံတွေရဲ့အနောက်ဘက်မှာ ပုံပုံတွေအများကြီးရှိတာပေါ့ဗျာ၊ ကျုပ်တို့ခြေရင်းခြံမှာက ဒေါ်ဝိုင်းဆိုတဲ့ အဒေါ်ကြီးနေတယ်ဗျ။ တစ်ညကျတော့ အဲဒီဒေါ်ဝိုင်းကြီးက အလေးသွားချင်တာနဲ့ ထုံးစံအတိုင်း အိမ်အောက်ကိုဆင်းခဲ့တာပေါ့ဗျာ၊ လထွက်ညဆိုတော့ လကလည်းသာနေတာမို့လို့ ဆီမီးခွက်မယူတော့ဘဲဒီအတိုင်းပြေးဆင်းခဲ့တယ်ဗျ။ ခြံနောက်ဖေးမှာ ချုံကလေးတွေရှိတာမို့ ခြုံတွေကြားထိုင်လိုက်တာပေါ့ဗျာ၊ လူကတော့ လယ်ကွင်းဘက်ကို မျက်နှာမူထားတာပေါ့၊ အဲဒီအချိန်မှာ ဝါဖန့်ဖန့်မီးလုံးကြီးက လယ်ကွင်းစပ်မှာ အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်နဲ့ တလှုပ်လှုပ်သွားနေသတဲ့ဗျာ၊ ဒေါ်ဝိုင်းကြီးလည်း ကြည့်ပြီးမအော်ရဲဘူးပေါ့၊ ဒါနဲ့ချုံပုတ်ထဲမှာ ဝပ်နေလိုက်တာပေါ့ဗျာ၊ အဲဒီအချိန်မှာ လယ်ကွင်းထဲက ဖြတ်လာပြီးတော့ ခြံနောက်ဖေး ရိုးချောင်းထဲကို ဆင်းလာပါရော၊ ရိုးချောင်းကလေးက နွေနဲ့ဆောင်းဆို ရေမရှိဘဲ ခန်းခြောက်နေတတ်တာ၊ အဲဒီရိုးချောင်းထဲကနေမှ အိမ်နောက်ဖေး ချုံကြားကိုပျံလာတာတဲ့ဗျ၊ ဒေါ်ဝိုင်းကြီးက ထွက်ပြေးရကောင်းမလား၊ ဆက်ပဲပုန်းနေရကောင်းမလားနဲ့ပေါ့ဗျာ၊ အဲဒီမီးလုံးကြီးက နောက်တော့ အရင်နေ့တွေက ပါထားတဲ့ ချေးပုံအခြောက်တွေကို သွားပြီးတော့ နားလိုက်၊ ခွာလိုက် လုပ်နေသတဲ့၊ ချေးပုံ တစ်ပုံပြီးတစ်ပုံသွားရင်း နောက်တော့ ဒေါ်ဝိုင်းကြီးအနားရောက်လာတာပေါ့၊ ဒေါ်ဝိုင်းကြီးလည်း အဲဒီတော့မှ ကြောက်ပြီးတော့ အော်ပြီးတော့ထပြေးပါရော၊ မီးလုံးကြီးကလည်း လန့်သွားတယ်ထင်ပါရဲ့ တစ်ချိုးတည်း ပြေးတော့တာပဲတဲ့ဗျာ။

(၄)

"အဲဒါ ချေးစားစုန်းကွ"

ဒေါ်ဝိုင်းအဖြစ်ကိုကြားတော့ ကာလသားတွေက တစ်ယောက်တစ်မျိုးပြောတယ်။ ဒေါ်ဝိုင်းအဖြစ်ကိုသိကြတော့မှ ရွာကလူတွေကလည်း ဟိုမှာ ဒီမှာ မီးလုံးတွေမြင်ဖူးတယ်လို့ ပြောကြရောဗျ။ အဲဒီမီးလုံးကလည်း အိမ်သာတွေ၊ ပုံပုံတွေနားမှာ ရစ်ဝဲနေတတ်တယ်တဲ့ဗျ။

"တို့ရွာမှာ ချေးစားစုန်းတစ်ယောက်တော့ရှိနေပြီနဲ့တူတယ်"

ရွာက ကာလသားခေါင်းက ကိုမှတ်ဆိုတဲ့လူဗျ၊ ကျုပ်တို့တော့ ကိုမှတ်ကြီးလို့ခေါ်တယ်၊ သူ့မျက်နှာတစ်ခြမ်းမှာ မွေးရာပါ အမှတ်ကြီးပါတယ်ဗျ၊ အသက်ကတော့ သုံးဆယ်ကျော်ပေါ့၊ ဘယ်မိန်းကလေးမှ မယူကြလို့ လူပျိုကြီးဖြစ်နေတာပေါ့ဗျာ၊ ကိုမှတ်ကြီးက မကျေနပ်ဘူးလေ၊ စုန်းကိုပညာပေးမယ်ဆိုပြီးတော့ ကျုပ်တို့ကာလသားတွေကိုခေါ်ပြီးတိုင်ပင်တာပေါ့ဗျာ။

ကျုပ်ကလည်း ဒီအကြောင်းတွေကို လယ်ထဲသွားရင်း ဦးဘသာကြီးကိုပြောမယ်လို့ စိတ်ကူးထားတာပေါ့၊ ဦးဘသာကြီးကိုလည်းတွေ့ရော သူက အရင်ဦးအောင် မေးတာဗျ။

"ဟေ့ ငါ့တူ၊ မင်းတို့ခြေရင်းက ဒေါ်ဝိုင်း စုန်းနဲ့တွေ့လို့ဆိုကွ"

"အောင်မယ်၊ ဒီသတင်းက ဦးဘသာကြီးဆီကို အရင်ရောက်နေပါလား၊ ဟုတ်တယ်ဗျ၊ ဝါဝါအလုံးကြီးက ပုံပုံတွေကိုလိုက်ပြီး နားနေတယ်ဆိုတာပဲဗျာ၊ အဲဒါ ချေးစားစုန်းမဟုတ်လားဟင်"

"အေးလေ၊ ချေးစားစုန်းကတော့ အရပ်အခေါ်ပေါ့ကွာ၊ တကယ်တော့ သူတို့ကို ဆင်ကွပ်လို့ခေါ်တယ်ကွ၊ တစ်ချို့လည်း ကိုယ်စုန်းဆိုပြီးခေါ်ကြတယ်၊ ချေးခြောက်တွေ၊ အနံ့ဆိုးတဲ့ အပုပ်အစပ်တွေကို စားတာပေါ့ကွာ"

"ရွံစရာကြီးဗျာ၊ ဒါနဲ့ ကိုမှတ်ကြီးတို့ကတော့ အဲဒီစုန်းကို ပညာပေးမယ်လို့ပြောနေတယ်ဗျ"

"မဟုတ်တာတွေ လျှောက်မလုပ်ပါနဲ့ကွာ၊ သူ့ဖာသာ ချေးခြောက်စားတာ မင်းတို့ကိုဘာလုပ်နေလို့လဲကွ"

"ဟာ၊ ဦးဘသာကြီးကလည်း ရွာထဲမှာစုန်းတွေရှိနေရင် ရွာနာတယ်ဗျ"

ကျုပ်ပါးစပ်က လွှတ်ခနဲထွက်လိုက်မိတာဗျာ၊ ဦးဘသာကြီးကတော့ မျက်နှာကွက်ခနဲပျက်သွားပြီး သူ့တဲထဲကနေ ထွက်သွားတော့တာပဲ၊ သူစိတ်ဆိုးသွားတာလားတော့မသိဘူးဗျ၊ ကျုပ်လည်း ကိုယ့်ပါးစပ်ကို လက်ဝါးနဲ့ရိုက်လိုက်မိတယ်၊ ဟုတ်တယ်လေဗျာ၊ စုန်းရှေ့မှာမှ ဒီလိုစကားထွက်စရာလား၊ ဦးဘသာမို့ပေါ့ဗျာ၊ တခြားစုန်းဆိုရင် ကျုပ်ကိုဆော်ထည့်မှာဗျ။

ကိုမှတ်ကြီးက ကျုပ်တို့ကို ပုံပုံတွေစုခိုင်းတယ်ဗျ၊ ရွံစရာကြီးဗျာ၊ သူများပါထားတဲ့ ပုံပုံတွေလိုက်စုရမှာမဟုတ်လား၊ ကျုပ်ကမလုပ်ချင်ပေမယ့် သူကခိုင်းတော့လည်း လုပ်ရတာပေါ့ဗျာ၊ ဒါနဲ့ လူတွေမသိအောင်လို့ တောင်းစုတ်ကြီးတစ်ခုယူပြီးတော့ ဂေါ်ပြားတစ်လက်နဲ့ ပုံပုံလိုက်ကျုံးရတာဗျာ၊ တချို့ပုံပုံတွေကျတော့ ပျော့ပြဲပြဲနဲ့၊ တစ်ချို့ပုံပုံကျတော့ ငရုတ်သီးဖတ်တွေတောင်ပါသေးဗျ၊ တစ်ချို့ပုံပုံတွေကျတော့ ဘာရွက်တွေစားထားလို့လဲတော့မသိဘူး အရွက်တွေနဲ့မည်းနေတာဗျာ၊ ရွံစရာကြီးပါ။
ခွေးလေခွေးလွင့်တွေကတော့ ကျုပ်တို့ကိုဝိုင်းဟောင်တယ်ဗျ၊ သူတို့အစားကို လုတယ်လို့ထင်နေတာနေမှာပေါ့ဗျာ၊ ဒီလိုနဲ့ ပုံပုံတွေကိုစုပြီးတော့ လယ်ထဲမှာ ဂုန်နီအိတ်အစုတ်ကြီးခင်းပြီးတော့ သွားပုံထားလိုက်တယ်ဗျာ၊ တစ်နေလောက်လှန်းထားတော့ ပုံပုံတွေခြောက်ကုန်တာပေါ့ဗျ၊ အဲဒီပုံပုံတွေကို ပြန်သယ်ပြီးတော့ ရွာနောက်ဘက်တောတန်းထဲမှာ သွားထားလိုက်တယ်။

ကိုမှတ်ကြီးက ကာလသား ဆယ်ယောက်လောက်ကိုခေါ်ပြီး တိုင်ပင်တယ်ဗျ။

"ဒီမှာ၊ ငါတို့ ဒီပုံပုံတွေကို ဒီမြေကွက်လပ်မှာ ချထားလိုက်မယ်၊ ငါတို့ကျတော့ ဒီဘေးနားက ချုံတွေနဲ့ သစ်ပင်တွေကြားမှာ ပုန်းနေကြမယ်၊ အဲဒီချေးစားစုန်းလာရင် ဖမ်းပြီးတော့ ဝိုင်းရိုက်ကြမယ်ကွာ"

"ဟာ၊ ကိုမှတ်ကြီးကလည်း စုန်းကိုဖမ်းလို့ရပါ့မလား"

"ရတယ်ကွ၊ ဟောဒီခြင်းကြားကြီးနဲ့အုပ်ထားမယ်ကွာ၊ မင်းတို့က ဇီးကိုင်းတွေရှာထားကွ၊ ဇီးကိုင်း၊ ထနောင်းကိုင်းတွေကို စုန်းတွေက သိပ်ကြောက်ကြတာမဟုတ်လား"

ကျုပ်တို့လည်း ကိုမှတ်ကြီးပြောသလို ဇီးကိုင်းတွေ၊ ထနောင်းကိုင်းတွေခုတ်လိုက်ကြတယ်၊ ညနေလောက်ရောက်တော့ အားလုံးအချက်ပေးပြီးတော့ အိမ်ကနေမသိမသာလေးထွက်ခဲ့တယ်၊ ကာလသားတွေဆိုတော့လည်း ထွက်ရလွယ်ပါတယ်။ နောက်တော့ တောတန်းကလေးထဲကိုလာခဲ့တယ်၊ အဲဒီနေ့က လပြည့်ညဆိုတော့ လကလည်း ထိန်ထိန်သာနေတာပေါ့ဗျာ။

တောတန်းထဲမှာ ကိုမှတ်ကြီးတို့က အရက်ဝိုင်းဖွဲ့ပြီး ရဲဆေးတင်နေတယ်၊ ချေးခြောက်ပုံကြီးကလည်း လေတိုက်တိုင်း အနံ့သင်းနေတာပေါ့ဗျာ၊ ဟဲ ဟဲ၊ ကျုပ်လည်း ရဲဆေးဝင်တယ်တယ်ဗျ၊ နည်းနည်းညည့်နက်လာတော့ အရက်ဝိုင်းဖျက်ပြီးတော့ ကိုယ့်နေရာကိုယ်ယူထားလိုက်ကြတယ်။

အရက်ကလည်း မူးမူး၊ လေကလည်း တဖြူးဖြူးဆိုတော့ အိပ်တောင်အိပ်ချင်တယ်ဗျာ၊ တစ်နေ့လုံးလည်း လယ်ထဲဆင်းထားရတာမဟုတ်လား၊ အဲဒီအချိန်မှာ ကျုပ်ကိုဘေးနားက လူက လှုပ်နှိုးတယ်ဗျ။ ပြီးတော့ ကွင်းထဲကို လက်ညှိုးထိုးပြတယ်၊ ကျုပ်လည်းကြည့်ပြီး အံ့ဩသွားတယ်ဗျာ၊ ကွင်းထဲကိုဖြတ်လာတဲ့ မီးလုံးတစ်လုံးကိုတွေ့လိုက်ရတာကိုးဗျ။ လရောင်အောက်မှာ မီးလုံးကြီးကို အတိုင်းသားမြင်နေရတယ်၊ ကျုပ်တို့ခေတ်က သင်္ဘောမီးသီးခေါ်တဲ့ မီးလုံးဝါဝါကြီးထွန်းထားတဲ့အတိုင်းပဲဗျာ၊ အဲဒီမီးလုံးကြီးက ရွာထဲကနေဖြတ်လာပြီး ကွင်းကိုဖြတ်လာတယ်၊ နောက်တော့ တောတန်းအပေါ်မှာ ပျံဝဲနေတယ်ဗျ၊ မီးလုံးပျံတာက သိပ်အမြင့်ကြီးမဟုတ်ဘူး၊ လူတစ်ရပ်စာလောက်ပဲရှိမှာ။ ကျုပ်တို့လည်း ပုဆိုးတွေနဲ့ မျက်နှာတွေကိုစည်းလိုက်ကြတယ်၊ တော်ကြာ စုန်းက ဘယ်သူလုပ်တယ်ဆိုတာ မြင်သွားမှ ရန်ပြုခံနေရမယ်မဟုတ်လား။

နောက်တော့ ချေးခြောက်ပုံကြီးနားမှာ ရပ်သွားပြီးတော့ အပုံပေါ်ကိုနိမ့်ဆင်းသွားတယ်၊ ကျုပ်တို့လည်းစောင့်မနေတော့ဘူးပေါ့ဗျာ၊ ကိုမှတ်ကြီးက ခြင်းကြားကြီးကိုဆွဲပြီး ကျားခနဲအော်ကာ ပြေးခုန်ထွက်သွားတယ်၊ နောက်တော့ စုန်းကိုခြင်းကြားနဲ့ဖမ်းအုပ်လိုက်တာပေါ့ဗျာ၊ သူ့ခြေထောက်တောင် ချေးခြောက်ပုံကြီးကို နင်းမိသွားသေးတယ်ဗျ။
သူထွက်ပြီး အုပ်လိုက်တော့ စုန်းက မပျံတော့ဘူးဗျာ၊ ခြင်းတောင်းထဲမှာ အတင်းရုန်းကန်နေတာပေါ့၊ ကျုပ်တို့လည်း ချုံထဲကနေထွက်လိုက်ပြီးတော့ ဇီးခက်တွေ၊ ထနောင်းခက်တွေကို ခြင်းကြားအပေါက်ထဲထည့်ပြီး ရိုက်နှက်တာပေါ့ဗျာ၊ စုန်းကလည်း အတော်အော်တာဗျ၊ အော်သံကတော့ မိန်းမအသံပဲ။

"ကြောက်ပါပြီ၊ ငါ့ကိုလွှတ်ပေးပါ"

"အေးစုန်းမ၊ နင်နောက်တစ်ခါ တို့ရွာမှာ ချေးလာမစားနဲ့၊ စားရင် နင်ဒီထက်နာမည်မှတ်"

စိတ်ကြိုက်ရိုက်နှက်ပြီးတော့မှ ခြင်းတောင်းကိုပြန်လွှတ်ပေးလိုက်တာဗျ၊ စုန်းမက ဝှီးခနဲပျံထွက်သွားတာ မြန်လိုက်တာဗျာ၊ ကွင်းကိုဖြတ်ပြီး ရွာနားအရောက်မှာ အလင်းရောင်တွေပျောက်သွားတယ်။

ကျုပ်တို့လည်း အောင်ပွဲခံပြီး ရယ်မောလိုက်ကြတာပေါ့ဗျာ။

"တွေ့လား၊ ငါတို့ကိုစုန်းတောင်ကြောက်တယ်ကွ"

"ဟား၊ ဟား၊ ဟား"

တောတန်းလေးထဲမှာ ရယ်သံတွေလွှမ်းသွားတာပေါ့ဗျာ၊ ကျုပ်အိမ်ကိုပြန်ရောက်တော့ မနက်နှစ်နာရီထိုးတော့မယ်ဗျ၊ လူကလည်းဒေါင်ချာစိုင်းနေတာနဲ့ အိမ်ထဲတောင်မရောက်တော့ဘူး အိမ်ရှေ့ကွပ်ပျစ်မှာပဲ လှဲအိပ်လိုက်တော့တယ်ဗျာ။

(၅)

နောက်တစ်နေ့အထိ ကျုပ်တို့က မြောက်ကြွမြောက်ကြွဖြစ်နေကြတယ်ဗျ၊ စုန်းနိုင်ထားတာမဟုတ်လားဗျာ၊ ဘယ်သူမှမပြောနဲ့ဆိုလို့ ဘာမှတော့မပြောပေမယ့် ကျုပ်တို့တစ်ဖွဲ့လုံး ကျေနပ်နေကြတာအမှန်ပဲဗျ။ အဲဒီနေ့ ညနေ လယ်ထဲကပြန်လာတော့ ရွာထိပ်ညောင်ပင်အောက်မှာ ကိုမှတ်ကြီးတို့တွေ ဝိုင်းဖွဲ့နေကြသေးတယ်ဗျ၊ ကျုပ်လည်း သူတို့ဝိုင်းထဲကို ဝင်လိုက်တာပေါ့ဗျာ၊ ကိုမှတ်ကြီးတို့က ပဲကြီးလှော်စားလိုက်၊ ချက်အရက်သောက်လိုက်နဲ့ သောက်ပြီးရယ်မောနေရင်းကနေ ကိုမှတ်ကြီးမျက်နှာကြီးတစ်မျိုးဖြစ်သွားတယ်ဗျ။

"ကိုမှတ်ကြီး ဘာဖြစ်လို့လဲ"

"ဟေ၊ တစ်မျိုးပဲကွ၊ ငါ့ဗိုက်က နာသလိုလိုပဲ"

ပြောနေရင်းနဲ့ ကိုမှတ်ကြီးဗိုက်ကိုပွတ်လာတယ်ဗျ၊ သူ့ဗိုက်က ခပ်ရွှဲရွှဲပါ၊ နောက်တော့ မအီမသာဖြစ်လာတယ်ဗျ၊ ပါးစပ်ကလည်း ညည်းညူလို့ဗျာ၊ ဗိုက်ကလည်းတဖြည်းဖြည်းပူထွက်လာတာ အားလုံးမျက်မြင်ပါ။

"ကိုမှတ်ကြီး ဗိုက်ကြီးပူလာပြီဟေ့"

ကျုပ်တို့လည်း ကြံရာမရဘူးပေါ့ဗျာ၊

"အဲဒါ စုန်းကလုပ်တာနေမှာကွ၊ သူ့ကိုငါတို့လုပ်လိုက်တာကို မကျေနပ်လို့နေမှာ"

ကြည့်နေရင်း ဗိုက်က မွေးခါနီးဖွားခါနီး ဗိုက်ကြီးလို ပူလာတယ်ဗျ၊ ဗိုက်မှာလည်း သွေးကြောကြီးတွေ ဖောင်းတက်လာတယ်၊ အကြောကြီးတွေနဲ့ ဗိုက်ပူကြီးဆိုတော့ ကြည့်ရအတော်ဆိုးတာဗျ။

"ဒါဆိုရင် ဆေးဆရာကြီးကို သွားခေါ်ရအောင်"

"မလုပ်နဲ့ကွာ၊ သူ့ကိုသွားခေါ်လိုက်ရင် ငါတို့လုပ်ထားတာတွေ ပေါ်သွားမှာပေါ့"

ဒါနဲ့ကျုပ်လည်း

"ဒါဆို ဦးဘသာကြီးကိုသွားခေါ်ကြည့်မယ်ဗျာ၊ သူက တော်တော်စွမ်းတာဆိုတော့ ဒီလောက်တော့ လုပ်ပေးတတ်မှာဗျ"

ကိုမှတ်ကြီးလည်း ခေါင်းညိတ်တယ်ဗျ၊ ဦးဘသာကြီးက ကာလသားတွေနဲ့ခင်တယ်မဟုတ်လား၊ ဒါနဲ့ ရွာထိပ်ညောင်ပင်အောက်နေပြီး ကိုမှတ်ကြီးကိုဝိုင်းတွဲထူပြီးတော့ ရွာအပြင်ဇရပ်ကလေးဆီကို သွားထားလိုက်ရတယ်၊ ကျုပ်လည်း လယ်ထဲပြန်ပြီး ဦးဘသာကြီးကို ပြေးခေါ်တာပေါ့ဗျာ၊ ဦးဘသာကြီးက ခမောက်ကြီးလွယ်ပြီး ရွာထဲပြန်လာနေတယ်၊ ကျုပ်အကျိုးအကြောင်းပြောတော့ သူလည်းလိုက်လာတာပေါ့ဗျာ။

"ဟာ၊ စောက်ကျိုးနည်း၊ မှတ်ကြီး မင်းဘယ်လိုဖြစ်တာလဲ"

"မြင်တဲ့အတိုင်းပါပဲဗျာ"

ဦးဘသာကြီးက သူ့ဗိုက်ကိုလက်နဲ့ပွတ်ကြည့်တယ်။

"စုန်းလုပ်ထားတာပဲကွ၊ ငါ့ကိုမှန်မှန်ပြောစမ်း၊ မင်းတို့ဘာတွေလုပ်ထားသလဲ"

"ကျုပ်တို့ ညက ချေးစားစုန်းကိုဖမ်းပြီးတော့ ဇီးကိုင်းတွေနဲ့ရိုက်လိုက်တယ် ဦးဘသာကြီး"

"ဟာ၊ မင်းတို့ကွာ၊ ဘာလို့အဲဒီလိုသွားလုပ်တာလဲကွ၊ အခုမင်းတို့ကို မကျေနပ်တော့ မင်းကိုလုပ်ပြီထင်တယ်"

"မဖြစ်နိုင်ဘူး ဦးဘသာကြီးရာ၊ကျုပ်တို့မျက်နှာတွေ ဖုံးထားတာဗျ၊ ကျုပ်တို့ဘယ်သူမှန်း စုန်းကဘယ်လိုလုပ်သိမလဲ"

ဦးဘသာက ဘာမှမပြောဘဲ ဗိုက်ကိုပွတ်နေတယ်၊ နောက်ပြီးတော့ သူ့ကွမ်းအစ်ကိုဖွင့်ပြီး ကွမ်းရွက်ကလေးတွေကို ထုတ်လိုက်တယ်။ ကွမ်းရွက်သုံးရွက်ကို မန်းမှုတ်ပြီးတော့ ချက်ရဲ့ဘေးနားမှာ ဖိုခုံလောက်ဆိုင် ကပ်ထားလိုက်တယ်ဗျာ၊ အဲဒီအချိန်မှာပဲ ကိုမှတ်ကြီးက လှုပ်စိ၊ လှုပ်စိဖြစ်လာတယ်။

"ဟဲ့၊ နင်ဘယ်သူလည်း၊ ဘာကြောင့်သူတို့ကိုလုပ်တာလဲ"

ကိုမှတ်ကြီးအကြည့်တွေက ပြောင်းသွားတယ်ဗျ။

"သူက ကျုပ်ကိုအရင်လုပ်တာ၊ သူတို့နှိပ်စက်လို့ ကျုပ်မှာတော်တော်ခံလိုက်ရတယ်ဆိုတာ ရှင်သိလား၊ ရှင်ဘာမှဝင်ပါစရာမလိုဘူး၊ သူ့ကိုသေအောင်မလုပ်ဘူး၊ မှတ်သွားအောင်လို့ ငါးရက်လောက် ဒီအတိုင်းထားမှာ"

"ဟဲ့၊ ငါးရက်တော့လွန်တာပေါ့ဟ၊ နင့်ပညာတွေကိုပြန်ထုတ်လိုက်၊ သူတို့ကို ငါတောင်းပန်ခိုင်းလိုက်မယ်၊ နင်ကျေနပ်တော့"

"ဟား၊ ဟား မကျေနပ်နိုင်ဘူး၊ ဒင်းတို့ ငါ့ကိုဒီလိုလုပ်တုန်းက ဒီအခွက်တွေမဟုတ်ဘူး"

ကျုပ်တို့အားလုံးကို လက်ညှိုးထိုးပြီးတော့ပြောနေလိုက်တာဗျာ။ ကျုပ်တို့လည်း ကြောက်နေကြတာပေါ့။

"ဟဲ့ တော်စမ်း၊ နင်ထွက်သွားတော့၊ မဟုတ်ရင် နင့်ကိုငါကန်ထုတ်လိုက်မယ်"

ကိုမှတ်ကြီးက ဦးဘသာကြီးကို စိမ်းစိမ်းကြီးကြည့်နေတာဗျာ၊ တော်fတော်ကြောက်ဖို့ကောင်းတယ်၊ ဦးဘသာကြီးကလည်း ပြောမရတော့ ကိုမှတ်ကြီးမျက်နှာကို ခြေထောက်နဲ့ကန်ထည့်လိုက်တာဗျာ၊ ကိုမှတ်ကြီးပက်လက်လန်ပြီးလဲကျသွားတယ်၊ နောက်တော့ ကိုမှတ်ကြီးသေးပေါက်ချပါရောဗျာ၊ သေးတွေဆိုတာ မနည်းဘူးဗျာ၊ အဲ၊ ထူးခြားတာကတော့ သေးတွေက ပုံမှန်တွေ့နေသလို၊ ရေရောင်၊ အဝါရောင်မဟုတ်ဘဲ အစိမ်းရောင်၊ အနီရောင်တွေဗျာ၊ အံ့ဩဖို့ကောင်းတယ်f၊ သေးပေါက်ပြီးတော့ ဗိုက်ကြီးက ချပ်ကျသွားတယ်၊ အကြောကြီးတွေကတော့ ထောင်နေဆဲပဲဗျာ။

"ကဲ၊ မင်းတို့အားလုံး စုန်းမကိုတောင်းပန်လိုက်ကြ"

"စုန်းမက ဘယ်သူမှန်းမှမသိတာဗျာ၊ ကျုပ်တို့ဘယ်လိုတောင်းပန်မလဲ"

"ရတယ်၊ စုန်းမက မင်းတို့ကိုသိနေတယ်ကွ၊ ဒီအတိုင်းထိုင်ပြီးတောင်းပန်လိုက်ကြ"

ကျုပ်တို့လည်း ဇရပ်ထဲ တန်းစီဒူးထောက်ထိုင်ပြီး လက်အုပ်ချီပြီးတော့ တောင်းပန်လိုက်တာပေါ့ဗျာ၊ ကိုမှတ်ကြီးဆိုရင် တော်တော်ကိုထိတ်လန့်နေတာဗျ၊

"ဦးဘသာကြီး ဒီအဖြစ်ကို ဘယ်သူ့ကိုမှမပြောပါနဲ့ဗျာ၊ ရွာကလူတွေသိသွားမှာစိုးလို့ပါ"

"အေးပါကွာ၊ နောက်သွားမလုပ်နဲ့ကွ၊ ဒီစုန်းက ဆင်ကွပ်ကွ၊ ဆင်ကွပ်ဆိုတာ လူမျက်နှာမြင်ရမှမဟုတ်ဘူး၊ အရိပ်တို့၊ ခြေရာတို့ကိုသိရင်လည်း ဖမ်းစားလို့ရတယ်ကွ"

အဲဒီတော့မှ ကျုပ်တို့လည်း ပြန်တွေးမိတော့ ကိုမှတ်ကြီးက ညက ချေးခြောက်ပုံကြီးကို တက်နင်းခဲ့တာလေဗျာ၊ ချေးခြောက်ပုံထဲမှာ ခြေရာကျန်နေခဲ့နိုင်တယ်လေ။

(၆)

နောက်ရက်တော့ ကျုပ်တို့ထုံးစံအတိုင်း လယ်ထဲမှာပေါ့၊ ဦးဘသာကြီးတဲထဲမှာကျုပ်ရောက်နေပြီး စကားတွေပြောနေကြတာပေါ့ဗျာ၊ စပါးတွေက ရိတ်ရတော့မယ်ဆိုတော့ စပါးအကြောင်းတွေပြောနေကြတာပေါ့၊ ဒီအချိန်မှာ မကြည်က ဦးဘသာကြီးတို့လယ်ထဲကို ရောက်လာတယ်ဗျ။ လက်ထဲမှာလည်း တံစဉ်ကြီးကိုင်လို့။ မကြည်ဆိုတာ သိတယ်မဟုတ်လား၊ ဦးလေးဖိုးထွန်းရဲ့ မိန်းမလေ၊ တံစဉ်ကိုင်ထားပုံထောက်တော့ လယ်အငှားလိုက်ရိတ်ပုံရတယ်ဗျ၊ ကျုပ်လဲ ရိုးရိုးတန်းတန်းထင်လို့ ဒီအတိုင်းကြည့်နေတာပေါ့။

မကြည်က တဲအနားကိုလျှောက်လာပြီးတော့ တဲထဲကိုမဝင်ဘဲနဲ့ အပြင်ကနေပြီး ဦးဘသာကြီးကို တံစဉ်နဲ့ချိန်ပြီးစကားပြောတာဗျ။

"ဦးဘသာကြီး ရှင်လူကြီးဖြစ်ပြီး လူကြီးလိုနေနော်၊ ကျုပ်ကိုလာမနှောင့်ယှက်နဲ့"

ဦးဘသာကြီးကတော့ ခပ်ပြုံးပြုံးပဲဗျ။

"ဟဲ့မကြည်၊ ကလေးတွေက ငါ့ကိုအားကိုးလို့ ငါလုပ်ပေးလိုက်ရတာ၊ တကယ်ဆိုရင် နင်ငါ့ကိုတောင်ကျေးဇူးတင်သင့်သေးတာ၊ အထက်လမ်းဆရာနဲ့တွေ့ရင် နင်အနှိပ်စက်ခံရမှာဟဲ့"

"သေချင်းဆိုးကြီးနော်၊ ရှင်ကြပ်ကြပ်သတိထား၊ ရှင်လုပ်တာ သုံးလေးခါရှိနေပြီနော်"

"မကြည်၊ ငါနင်နဲ့ ရန်ဖက်မဖြစ်ချင်ဘူးဟာ၊ နင့်အဆင့်နင်သိ၊ သွားပြန်တော့"

မကြည်က မပြန်ဘူးဗျာ၊ လက်ထဲက တံစဉ်နဲ့ ဦးဘသာကြီးကိုလှမ်းပေါက်တာ၊ လှမ်းပေါက်တယ်ဆိုပေမာ့် တစ်မျိုးကြီးဗျ၊ တံစဉ်က ပျံလာသလိုမျိုးအရှိန်နဲ့ပြေးလာတာဗျာ၊ ကျုပ်ဖြင့်တစ်ခါမှ မမြင်ဖူးဘူး၊ ဦးဘသာကြီးက ဘာမှမလုပ်ဘူးဗျ၊ အဲဒီတံစဉ်ကိုတစ်ချက်ပဲကြည့်လိုက်တာ တံစဉ်က ဖုတ်ခနဲမြေကြီးပေါ်ကိုကျသွားတော့တာပဲ။

"ဟဲ့မကြည်၊ ညည်းကိုငါပြန်တော့လို့ ပြောနေတယ်နော်"

မကြည်က မတ်တပ်ရပ်နေရင်းနဲ့ နောက်ပြန်ကြီးလမ်းလျှောက်ပြီး လက်ထဲကနေပြန်ထွက်သွားတယ်၊ ရုပ်ကတော့ ဦးဘသာကြီးကို မကျေနပ်တဲ့အကြည့်နဲ့ ကြည့်နေတာပေါ့ဗျာ၊ သူမပြန်ချင်တာကို ဦးဘသာကြီးက ပညာနဲ့ပြန်အောင်လုပ်လိုက်တဲ့ပုံပါပဲ၊ နောက်ပြန်လျှောက်နေပေမယ့် ခြေထောက်က ခလုပ်မတိုက်ဘူးဗျာ။
ဦးဘသာက မြေကြီးမှာကျနေတဲ့ တံစဉ်ကိုကြည့်လိုက်ပြီးတော့

"ဟဲ့၊ မကြည် နင့်တံစဉ်အစုတ်ကို ငါမယူဘူးဟဲ့"

အဲဒီလိုပြောလိုက်တာနဲ့ တံစဉ်က မိုးပေါ်ကိုခုန်တက်ပြီး တဲထဲကနေ ပျံထွက်သွားတာဗျာ၊ ကျုပ်ဖြင့်အံ့ဩတယ်၊ နောက်တော့ မကြည်ဆီကိုရောက်သွားတယ်၊ မကြည်က တံစဉ်ကိုလက်ဝါးနဲ့လှမ်းတားပေမယ့် တံစဉ်က သူ့လက်ဝါးကိုရှသွားသေးတယ်ဗျ။ ဦးဘသာကြီးလယ်အပြင်ဘက် ကန်သင်းရိုးကိုရောက်တော့မှ မကြည်လဲ လမ်းလျှောက်တာရပ်သွားတယ်၊ အဲဒီမှာဘာလုပ်တယ်ထင်သလဲဗျ၊ ထဘီကြီးလှန်ပြီးတော့ ဦးဘသာကြီးကိုဆဲတော့တာဗျာ၊ ပက်ပက်စက်စက်ပဲ၊ ကျုပ်တို့ဆီမှာ ကအတွင်းခံဆိုတာ ဝတ်လေ့ဝတ်ထသိပ်မရှိတော့ သူ့ပစည်းကြီးက အထင်းသားပေါ့ဗျာ။

ဦးဘသာကြီးက မတ်တပ်ရပ်လိုက်ပြီးတော့ ဟိုဘက်ကိုလှည့်လိုက်တယ်ဗျ၊ ကျုပ်ကိုလည်း

"ဟေ့ကောင်၊ သွားကြည့်မနေနဲ့၊ သူမရှက်ပေမယ့် ငါရှက်တယ်ကွ"

ကျုပ်ဖြင့်အံ့ဩလို့မဆုံးဘူး၊

"ဦးဘသာကြီးကလည်းဗျာ၊ ဟိုမှာကလော်ဆဲနေတာ၊ တစ်ခုခုပြန်လုပ်ပေါ့ဗျာ"

"နေပါစေကွာ၊ သူအာညောင်းရင် ပြန်သွားလိမ့်မယ်"

ဦးဘသာက အေးဆေးပဲဗျ၊ ကွမ်းအစ်ဖွင့်ပြီး ကွမ်းယာနေတာ၊ ကျုပ်က မကြည်ကိုဆက်ကြည့်နေတာပေါ့ဗျာ၊ ဟီးဟီး၊ ဦးဘသာကြီးပြောတာမှန်တယ်ဗျ၊ မကြည်က မိနစ်နှစ်ဆယ်လောက်ဆဲပြီးတော့ အသံမထွက်တော့ဘူး၊ အသံကြီးဩနေတာ၊ နောက်တော့ မကျေမနပ်နဲ့ပြန်သွားပါလေရောဗျာ။

ဦးဘသာကြီး ဘယ်လောက်သွေးအေးသလဲဆိုတာကိုသာ ကြည့်ပါတော့ဗျာ၊ အဲဒီနောက်ပိုင်းကစပြီးတော့ မကြည်က ကျုပ်ကိုတွေ့ရင်မခေါ်ဘူးဗျ၊ ကျုပ်လည်း မကြည်ဘာလဲဆိုတာ သိသွားတော့ သိပ်မခေါ်တော့ဘူး၊ အဖေ့ကိုတော့ ပြောလိုက်တယ်၊

"အဖေ၊ မကြည်က ဆင်ကွပ်လို့ခေါ်တဲ့ ချေးစားစုန်းဗျ"

အဖေကတော့ ထုံးစံအတိုင်းပါပဲ၊ နားထောင်ပြီးတော့

"သူ့ဖာသူ ဘာစုန်းဖြစ်ဖြစ်၊ မင်းတို့မဟုတ်တာတွေတော့မလုပ်နဲ့နော်"

အဖေက ကျုပ်တို့တစ်ခုခုလုပ်ခဲ့တာ သိနေတဲ့ပုံပဲဗျ၊ အင်းလေ၊ သူကြီးဆိုတော့ ကိုယ့်ရွာထဲဘာဖြစ်တယ်ဆိုတာတော့ သိနေမှာပေါ့ဗျ။
ပြောရတာတော်တော်ရှည်နေပြီ စာရေးဆရာရေ၊ အဲဒီမကြည်က တော်တော်ဆိုးဆိုးဗျ၊ စုန်းပူးခွေးနဲ့ပူးပြီး မတရုတ်မကို ကိုက်လိုက်တာ မကြည်ဆိုတာကို စာရေးဆရာခန့်မှန်းမိလောက်ရောပေါ့ဗျာ၊ ဒီနေ့တော့ တော်ပြီ၊ နောက်နေ့မှ အဲဒီမကြည်ဘယ်လောက်ဆိုးသလဲဆိုတာ ထက်ပြောပြမယ်ဗျာ။

ပြီးပါပြီ။
#ဦးဘသာ #စုန်း #ကဝေ
Credit to ဆရာအဂ္ဂဇော်

စုန်းထီးကြီး ဦးဘသာနှင့် လူမိုက်ကြီးတက်တူ(၁) ဦးဘသာအကြောင်းပြောလာတာ တော်တော်ရောက်လာပြီဗျ၊ အခုဆိုရင် ဦးဘသာကြီးနဲ့သိပ်ပြီး မ...
05/09/2025

စုန်းထီးကြီး ဦးဘသာနှင့် လူမိုက်ကြီးတက်တူ

(၁)

ဦးဘသာအကြောင်းပြောလာတာ တော်တော်ရောက်လာပြီဗျ၊ အခုဆိုရင် ဦးဘသာကြီးနဲ့သိပ်ပြီး မိတ်ဆက်ပေးစရာ မလိုတော့ဘူးထင်တယ်ဗျနော်။ ဒီတစ်ခါပြောမယ့်အကြောင်းက ဦးတက်တူဆိုတဲ့လူကြီးအကြောင်းဗျ။ သူက လူမိုက်ကြီးဗျ။ အနေအထိုင်အတော်ကြမ်းကြမ်းတမ်းတမ်းနေတဲ့လူကြီး၊ တစ်နည်းအားဖြင့်ပြောရင်တော့ လူပေလူတေကြီးပေါ့ဗျာ။

ကျုပ်တို့ငယ်ငယ်တုန်းက ကျုပ်တို့တွေငိုနေပြီဆိုရင် အမေက ဦးတက်တူကြီးလာပြီဟေ့ လို့ပြောလိုက်တာနဲ့ ကျုပ်တို့မှာ အငိုတိတ်သွားရတယ်။ ဦးတက်တူဆိုရင် ကျုပ်တို့ကလေးတွေက နာမည်ကြားရင်ကို ကြောက်နေရတာ၊ ဆော့နေရင်းလည်း ဦးတက်တူကြီးလာနေတာကိုမြင်လို့ကတော့ ကျွန်တော်တို့ကလေးတစ်သိုက် နီးရာအိမ်တက်ပြေးပြီး ပုန်းတော့တာပဲဗျို့။

ဦးတက်တူဆိုတာက အသက်တော့သိပ်မကြီးသေးပါဘူးဗျာ၊ လူပုံက ခပ်ကြမ်းကြမ်း၊ ဆံပင်က ဖွာလန်ကျဲနေတာပဲဗျာ၊ ပါးနှစ်ဖက်မှာလည်း ကျောက်ပေါက်မာတွေနဲ့၊ နှာခေါင်းက တိုတိုလန်လန်ပွပွကြီး၊ လူပုံကလည်း ပုပုကွကွ၊ လူကောင်ထွားထွားနဲ့၊ လမ်းလျှောက်ရင်လည်း ဘောက်ဆတ်ဘောက်ဆတ်နဲ့ဆိုတော့ သူ့ရုပ်ကြီးမြင်ရင် ကျုပ်တို့ကလေးတွေဆိုတာ သရဲ၊ ဘီလူးတစ်ကောင်မြင်သလို ကြောက်နေရတာဗျ။

အဲဒီဦးတက်တူကြီးက ကျုပ်တို့ရွာကတော့မဟုတ်ဘူးဗျ၊ ရွာနီးချင်း ပေတောရွာကလူကြီး၊ ရုပ်ရည်က ကြမ်းတယ်ဆိုပေမယ့် ကျုပ်တို့ရွာက အပျိုကြီးမခင်မြနဲ့ အိမ်ထောင်ကျသွားပါလေရောဗျာ၊ ရွာထဲကလူတွေကတော့ မခင်မြက ဦးတက်တူကြီးကို မျက်လုံးမှိတ်ပြီး ယူလိုက်တယ်လို့တောင် စောင်းမြောင်းပြောဆိုကြတယ်၊ ပြောလည်းပြောချင်စရာပါ၊ မခင်မြက အပျိုကြီးဆိုပေမယ့် တောင့်တောင့်ဖြောင့်ဖြောင့်ကြီးဗျ၊ သူ့အမေအိုကြီးကို ငဲ့နေရလို့သာ အိမ်ထောင်မပြုဖြစ်တာ၊ ဒါနဲ့ အမေအိုကြီးသေပြီးတော့ သုံးလလောက်ပဲကြာတယ် ဦးတက်တူကြီးနဲ့ညားပါရောဗျာ၊ မခင်မြကိုမှန်းနေတဲ့ ရွာက လူပျိုကြီးတွေဆိုရင် ကြိတ်မနိုင်ခဲမရဖြစ်ကုန်တာပေါ့ဗျာ။
ဦးတက်တူဆိုတဲ့သူက ပေတောရွာမှာနေတယ်ဆိုပေမယ့် အိမ်မရှိ၊ ယာမရှိ၊ လယ်မရှိဘဲ ရွာပြင်ရင်ကွဲဇရပ်မှာနေတဲ့သူဗျ၊ အခြေအနေဘာမှမရှိတဲ့သူပေါ့၊ ရွာထဲက ခိုင်းတာလုပ်ပြီး ရသလောက်စား၊ အရက်တို့ ထန်းရည်တို့ အကြွေးသောက်ပြီး ဇရပ်မှာအိပ်နေတတ်တဲ့သူကြီးဗျ၊ ရွာကလူတွေ နာရင်လည်း နာစရာပေါ့ဗျာ။
ဒီလိုနဲ့ မခင်မြနဲ့ညားပြီးတော့ ဦးတက်တူကြီးက ရွာရောက်လာပါရောဗျာ၊ မခင်မြက လယ်နဲ့ယာနဲ့၊ အိုးနဲ့အိမ်နဲ့ဆိုတော့ ဦးတက်တူကြီးက ရေမီးအစုံနဲ့ အသင့်တက်နေရုံပေါ့ဗျာ။ အိမ်ထောင်ကျပြီးတော့လည်း ဦးတက်တူကြီးက အိမ်အလုပ်တွေ၊ လယ်အလုပ်တွေ ဝိုင်းကူလုပ်မယ်မထင်နဲ့ဗျ၊ အချိန်ပြည့်နီးပါး ရွာထိပ်နားက ဦးတရုတ်ကြီးအရက်ဆိုင်မှာဘဲ လူတွေနဲ့ဝိုင်းဖွဲ့စားသောက်နေတာ၊ မခင်မြကလည်း သူ့ယောက်ျားကြီးကို တော်တော်ချစ်ရှာပါတယ်၊ ဦးတက်တူကြီး နေ့လည်စာထမင်းအိမ်ပြန်မစားဘူးဆို ခံတောင်းလေးထဲကို ထမင်းနဲ့ဟင်းပန်းကန်တွေထည့်ပြီး တောင်းကိုရွက်ပြီးတော့ ဦးတရုတ်ကြီးအရက်ဆိုင်အရောက် လိုက်ပို့ပေးရှာတယ်။ သူတို့အချစ်က ရှားရှားပါးပါးဗျ။

မခင်မြကတော့ သူ့မိဘတွေဆီက ကျန်ခဲ့တဲ့ လယ်တွေ၊ ယာတွေကို အငှားချထားတယ်၊ သူကတော့ အိမ်မှာ အိမ်အလုပ်တွေလုပ်တာပေါ့ဗျာ၊ ဒါတောင်မှာ ဦးတက်တူကြီးက မခင်မြကို လုံးဝအမြင်မကြည်ဘူးဗျာ၊ အမြဲလိုလိုပြသနာပဲရှာနေတတ်တာ။

"ဟေ့၊ တက်တူတဲ့ကွ၊ စနေသား နေတက်ရေတက်မှာမွေးတာ ဘယ်ကောင်မှ လူမထင်ဘူး"

ဦးတက်တူကြီး ရန်ဖြစ်တော့မယ်ဆိုရင် အဲဒီလိုကြိမ်းဝါးနေကျဗျ၊ တရုတ်ကြီးဆိုင်မှာထိုင်ပြီး အမြဲတမ်းရန်ဖြစ်နေတတ်တယ်၊ ဆိုင်မှာအရက်လာသောက်တဲ့ လူတွေနဲ့ စကားစမြည်ပြောနေရင်း နောက်တော့ သူ့ကိုစောင်းပြောတာလား၊ ရန်စောင်တာလားဆိုပြီး ပြသနာရှာတယ်၊ နောက်တော့ အတင်းထိုးကြကြိတ်ကြပေါ့ဗျာ။
ကျုပ်တို့က ဦးတက်တူကိုကြောက်ပေမယ့် ဦးတက်တူက ကျုပ်တို့အိမ်ကို မခေါ်ဘဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာနေကျမဟုတ်လား၊ ရန်ဖြစ်ပြီးရင် ကာလသားတွေဖမ်းပြီးတော့ ဦးတက်တူကြီးကို သူကြီးလက်ကို လာအပ်နေကျပေါ့၊ ပြီးရင် သူထိုးလွှတ်လိုက်တဲ့လူတွေလည်း ပါလာကြတယ်၊ ထူးဆန်းတာက ဦးတက်တူကြီးက တစ်ခါမှ ကြီးကြီးမားမားဒဏ်ရာရတယ်မရှိဘဲ သူနဲ့ရန်ဖြစ်တဲ့သူတွေသာ မျက်နှာတွေဖူးယောင်၊ မျက်ခုံးတွေကွဲ၊ သွားတွေကျိုးပြီးတော့ ရောက်လာတဲ့သူတွေများတယ်။

ဦးတက်တူကြီးကို အဖေတို့က ဆူတန်ရင်ဆူရတယ်၊ အရမ်းဆိုးလာရင်တော့ ထိပ်တုံးပေါ်ဗျာ၊ ထိပ်တုံးကြီးက ကျုပ်တို့အိမ်ရှေ့ကွက်လပ် မြေပြောင်ပြောင်မှာထားထားတာဗျ၊ ထိပ်တုံးခတ်ပြီး နေပူအောက်မှာ နေ့တစ်ပိုင်းလောက်ထားလိုက်ရင်ကိုပဲ တော်ရုံမာတဲ့သူဆို ပျော့ကျသွားတာ၊ နေကလည်းပူ ခြေထောက်ကလည်းချုပ်ထားသေးဆိုတော့ စဉ်းစားသာကြည့်တော့ဗျာ၊ ဒါကြောင့်လည်း အဖေ့ထိပ်တုံးကို ကြောက်ကြတာနေမှာပေါ့။

ဒါပေမယ့် အဖေ့ထိပ်တုံးကို လုံးဝမကြောက်တဲ့သူကတော့ အဲဒီဦးတက်တူကြီးပဲဗျ။ နေပူပူကြီးထဲ လက်ကြီးပိုက်ပြီး ပေကပ်ကပ်နဲ့ငုတ်တုတ်ထိုင်နေတာ၊ သူ့အသားကလည်း ပုန်းရည်ကြီးရောင်နဲ့ဆိုတော့ အသားတော့မမည်းဘူးပေါ့ဗျာ၊ အဖေ့ကိုတော့ ဦးတက်တူကြီးက ပြန်မပြောပါဘူး၊ အဖေလုပ်သမျှတော့ ခံရှာတယ်။ အဖေကလည်း ဦးတက်တူကို ဂါတ်တဲပို့မယ်၊ ရဲလက်အပ်မယ်လို့ ပြောပေမယ့်၊ တကယ်တမ်းတော့ တစ်ရွာတည်းသားထဲဆိုတော့လည်း အဲဒီလောက်အထိ မလုပ်ရက်ဘူးထင်ပါတယ်ဗျာ၊ မခင်မြမျက်နှာကို ထောက်နေရတာလဲ ပါတာပေါ့။

ဘာလို့လည်းဆိုတော့ ဦးတက်တူကြီးကိုချုပ်ထားပြီဆို ငိုယိုပြီးရောက်လာတတ်တာက မခင်မြဗျ။ အဖေ့ခြေသလုံးဖက်ပြီးတော့ကို သူ့ယောက်ျားကိုလွှတ်ပေးဖို့ တောင်းပန်တာဗျာ၊ အဖေကလည်း တစ်ခါတစ်လေတော့ သနားလို့လွှတ်ပေးလိုက်တာပေါ့၊ တစ်ခါတစ်လေကျတော့လည်း အဖေက

"ညည်းယောက်ျား၊ ဒီလောက်တော့ ခံပါလေ့စေ၊ ဒါမှ ဒီကောင်မှတ်မှာ"

ဆိုပြီး ထိပ်တုံးကြီးနဲ့ တစ်ရက်လောက်ခတ်ထားလိုက်တာ၊ အဲဒီမခင်မြက ဘာလုပ်တယ်မှတ်သလဲ သူ့ယောက်ျားဘေးနားမှာထိုင်ပြီး ရေတိုက်ရတာနဲ့၊ ထမင်းခွံ့ရတာနဲ့၊ တော်တော်ချစ်တတ်တဲ့ မိန်းမကြီးဗျာ။ အဲ၊ အဖေက ဦးတက်တူကြီးကိုလွှတ်ပေးလိုက်ပြီဆိုရင်လည်း ဦးတက်တူကြီးက အဖေ့ရှေ့တင် မခင်မြကို ပါးတွေနားတွေရိုက်တာဗျာ၊ လာတာနောက်ကျလို့တဲ့ဗျာ၊ ကဲ၊ ဒီလူကြီး ဘယ်လောက်လွန်သလဲဗျ။

(၂)

ကျုပ်တို့ရွာမှာတော့ ရိုမီယိုတို့ ဂျူးလိယက်တို့၊ ရွှေဟင်္သာမောင်နှံတို့လို ချစ်ခြင်းအကြောင်းတွေကို စာမဖွဲ့ကြပါဘူး၊ မခင်မြလောက်ချစ်တတ်ရဲ့လားဆိုပြီးတော့ပဲ စနောက်ကြတယ်။ ဒါပေမယ့်လည်း အဲဒီမခင်မြနဲ့ ဦးတက်တူကြီးတို့ ပေါင်းသင်းလာတာ ဆယ်နှစ်ပြည့်တော့မယ်ဆိုပေမယ့် ကလေးတစ်ယောက်မှ မထွန်းကားဘူးဗျ။
ဦးတက်တူရောက်လာတော့ ကျုပ်တို့ရဲ့တိတ်ဆိတ်အေးချမ်းတဲ့ရွာကလေးက ဆူညံနေရတယ်။ ရွာထဲမှာ မိုက်ပြီ၊ တိုက်ပြီ၊ ရိုက်ပြီဟေ့ဆိုရင် ဦးတက်တူကြီးထိပ်ဆုံးကပဲ၊ ဒီတော့ အဖေလည်း အလုပ်များတာပေါ့ဗျာ၊ အဖေဆိုရင် သူ့ကိုဆုံးမရတာ၊ အရေးယူရတာတောင်မှ မလုပ်ချင်တော့ဘူးတဲ့ဗျ၊ ကျုပ်တို့ငယ်ငယ်ကတည်းက ဆိုးလာတဲ့ဦးတက်တူကြီးဟာ ကျုပ်တို့လူပျိုပေါက်ဖြစ်တဲ့အထိ မလိမ်မာသေးဘူးဗျ၊ ဒီအတိုင်းပဲ။

တစ်ခါပေါ့ဗျာ၊ ကျုပ်အကိုကြီးနဲ့ကျုပ်နဲ့ ကြက်သွားတိုက်ကြတယ်၊ ကြက်တိုက်တယ်ဆိုတာက တရားမဝင်ဘူးပေါ့ဗျာ၊ ကျုပ်တို့ရွာရယ်၊ တန်းမြင့်ရွာရယ် အလယ်နားမှာ တောတန်းကလေးတစ်ခုရှိတယ်၊ အဲဒီထဲမှာ ကြက်ဝိုင်းခိုးထောင်ကြတာပေါ့ဗျာ၊ ကြက်ဝိုင်းဘယ်နေ့လုပ်မယ်ဆိုတာကို ကြက်တိုက်မယ့်သူတွေကိုပဲ အသိပေးထားတာပေါ့၊ ပုံမှန်အချိန်သွားလိုက်ရင် လူမရှိတဲ့တောအုပ်ကြီးပေါ့ဗျာ၊ ကြက်ဝိုင်းထောင်တဲ့နေ့ဆိုရင် စည်ကားနေတာပေါ့။

ကျုပ်အကိုအကြီးဆုံးက ကြက်တော့ဝါသနာပါတယ်ဗျ၊ ဒါပေမယ့် အဖေ့ရှေ့မှာတော့ ကြက်အကြောင်းမဟရဲဘူး၊ သူ့သူငယ်ချင်း ချစ်ကောင်းဆိုတာ ကြက်တိုက်ဝါသနာအိုးပေါ့၊ သူလည်း ချစ်ကောင်းနဲ့ပေါင်းပြီး ကြက်တစ်ကောင်မွေးထားတယ်၊ ချစ်ကောင်းဆီမှာ ခိုးမွေးတာပေါ့ဗျာ၊ ကျုပ်ကလည်း စပ်စပ်စုစုဆိုတော့ သိသွားတာပေါ့၊ ဒါနဲ့သူက ကျုပ်ကိုနှုတ်ပိတ်ခ နှစ်ဆယ်ပေးပြီးတော့ နှုတ်ပိတ်ခိုင်းထားတာပေါ့၊ ကျုပ်လည်း သူတို့နဲ့ ကြက်ဝိုင်းသုံးလေးဝိုင်းလိုက်သွားရင်း ကြက်ဝါသနာပါသွားတာပေါ့ဗျာ၊ သူတို့နိုင်ရင် မုန့်ဖိုးလည်းရသေးတာကိုး။

တစ်ရက်တော့ ကြက်ဝိုင်းမှာ ဦးတက်တူကြီးပါလာတယ်ဗျ။ ကျုပ်တို့က ငယ်ငယ်ကတည်းကကြောက်ပေမယ့် ကြီးလာတော့ သိပ်မကြောက်တော့ဘူးလေ၊ အိမ်ကိုခဏခဏလာနေရလို့လည်းမျက်မှန်းတန်းမိနေပြီပေါ့။

"ဟေ့၊ သူကြီးမင်းသားတွေ ကြက်လာတိုက်တယ်ဟေ့"

ဦးတက်တူအော်လိုက်တော့ အနားမှာရှိတဲ့သူတွေ ရယ်သွားကြတယ်ဗျ။

"မင်းတို့အဖေမိနေမှ မင်းတို့ကိုယ့်အိမ်ရှေ့မှာကိုယ်၊ ထိပ်တုံးစာမိနေပါအုံးမယ်ကွာ"

အကိုကတော့ ဘာမှဂရုမစိုက်ဖို့ပြောတယ်၊ ဒီလိုနဲ့ ကြက်တိုက်ကြတာပေါ့ဗျာ၊ တစ်ချီတော့ ဦးတက်တူနဲ့ အကို့ရဲ့ကြက်ဖ တိုက်ရမယ့်အလှည့်ဗျ၊ ဦးတက်တူကြက်ကလည်း ကြက်ကောင်းဗျ၊ ကျုပ်အကိုကြက်နဲ့ အပြန်အလှန်တိုက်ကြတာပေါ့ဗျာ၊ ပွဲကလည်း တော်တော်ကောင်းတာဗျ၊ လောင်းကြေးတွေတင် နှစ်ရာကျော်၊ သုံးရာရှိနေပြီ၊ ဒီလိုနဲ့တိုက်ရင်း ဦးတက်တူကြက်က အခြေအနေမကောင်းတော့ဘူး၊ ကြက်သမားချစ်ကောင်း လက်သပ်ပြီးမွေးပေးထားတဲ့ အကို့ကြက်ကို မယှဉ်နိုင်တော့ဘူးဗျ၊ ဒီအချိန်မှာ ဦးတက်တူက ဘာလုပ်သလဲဆိုတော့ ကြက်ဝိုင်းထဲဝင်ပြီး သူ့ကြက်ကို ဝင်ဆွဲတယ်ဗျာ၊ ကျုပ်တို့ညစ်တယ်ဆိုပြီးတော့ ပြသနာရှာတာပေါ့။
လူတွေကတော့ ဖြန်ဖြေပါတယ်၊ ဒါပေမယ့် ဦးတက်တူကြီးက မရဘူးဗျ၊ သူ့ကိုယ်သူလူမိုက်ဆိုပြီးတော့ ဖြဲချောက်နေတော့တာ၊

"ဟေ့ကောင်တွေ၊ မင်းတို့က သူကြီးသားတွေဆိုပြီးတော့ ညစ်ချင်တာလား"

ကျုပ်တို့ကတော့ ပြန်မတုံ့ပြန်ဘူးပေါ့ဗျာ၊ ချစ်ကောင်းကလည်း ကြက်နှစ်ကောင်ပိုက်လို့၊ ကျုပ်တို့ပြန်ကြမယ်ဆိုပြီး လုပ်တာပေါ့ဗျာ။

"ဟေ့ကောင်တွေ၊ မဟုတ်တာလုပ်ပြီး ဒီတိုင်းသွားလို့ရမလားကွ"

အကိုကြီးကလည်း လူငယ်ဆိုတော့ ပြန်ပြောတာပေါ့။

"ဒီမှာ ဦးတက်တူကြီး၊ ခင်ဗျားကြက်ချင်းမနိုင်လို့ လူကိုရန်ရှာမနေနဲ့ဗျ၊ ခင်ဗျားကြက်မဟန်တာ အားလုံးအသိ၊ ခင်ဗျားမကျေနပ်ရင် နောက်တစ်ပွဲဆက်တိုက်လို့ရတယ်ဗျ"

"အောင်မာ မင်းတို့က ညစ်ချင်တိုင်းညစ်ပြီးတော့ ဒီလိုလုပ်လို့ရမလားကွ"

ဦးတက်တူကြီးက အကို့အင်္ကျီစကိုဆွဲလိုက်တယ်၊ အကိုကလည်း လူငယ်ဆိုတော့ ဦးတက်တူကြီးရဲ့ မျက်နှာကိုအရင်ထိုးထည့်လိုက်တယ်၊ ဦးတက်တူကြီးက ဖြုံတောင်မဖြုံပါဘူးဗျာ၊ အကို့ကိုသူကပြန်ပြီးတော့ နားရင်းကိုပိတ်ရိုက်ထည့်လိုက်တာဗျာ၊ အုန်းခနဲမြည်သွားပြီးတော့ ကျုပ်အကိုကြီးမှာ တစ်ပတ်လည်ထွက်ပြီးတော့မှ မြေပေါ်ကိုဖင်ထိုင်လဲကျသွားသည်။ အကိုကြီးက ခေါင်းမူးသွားပုံရတယ်ဗျ၊ ချက်ချင်းတောင်ပြန်မထနိုင်ဘူး။

အကို့သူငယ်ချင်း ချစ်ကောင်းကလည်း ဝင်ထိုးတာပေါ့ဗျာ။ ဒါပေမယ့် လူမိုက်ကြီးနဲ့ဖိုက်ရတာဆိုတော့ ဘယ်နိုင်မှာလဲဗျ၊ ချစ်ကောင်းကိုလည်း ဦးတက်တူကြီးက လက်သီးနဲ့တစ်ချက်ထိုးထည့်လိုက်တယ်၊ ချစ်ကောင်းလည်း ယိုင်လဲကျသွားတယ်ဗျ၊ ကျုပ်လည်းအကိုထိတော့ဘယ်ရမလဲဗျာ၊ ဒါပေမယ့် ကျုပ်လိုငချွတ်ကလေးလောက်က ဦးတက်တူကြီးကို မနိုင်ဘူးဆိုတာသိတယ်၊ ဒါနဲ့ အနားကိုရှာကြည့်တော့ သစ်ကိုင်းတစ်ခုတွေ့တယ်ဗျ၊ သစ်ကိုင်းက တစ်လံလောက်ရှည်ပြီး လုံးပတ်ကလည်း လက်ကောက်ဝတ်လောက်ရှည်မယ်ဗျ၊ ကျုပ်လဲကောက်ကိုင်လိုက်တော့ သစ်ကိုင်းက တော်တော်မာမာပဲဗျာ၊ အဲဒါနဲ့ ဦးတက်တူကြီးဆီကိုပြေးပြီး ခေါင်းကိုတအားလွှဲရိုက်ချလိုက်တာပေါ့ဗျာ၊ ဦးတက်တူကြီးက ကျုပ်ကိုကျောပေးထားတာဆိုတော့ သူဘယ်သိမှာလဲ။

သစ်ကိုင်းက ဦးတက်တူရဲ့ နောက်စေ့တည့်တည့်ကို ရိုက်မိသွားတယ်။ ပြီးတော့ အဲဒီသစ်ကိုင်းက ဖြောင်းခနဲ ကျိုးကျသွားတယ်ဗျာ၊ ကျုပ်ရိုက်တဲ့အားကို ကျုပ်သိတယ်ဗျ၊ ဦးတက်တူကြီး သေရင်သေ၊ မသေရင်တော့ ရူးမှာပဲလို့တောင်မှ စိတ်ထဲတွေးလိုက်မိတယ်၊ ဒါပေမယ့်ဗျာ ဦးတက်တူကြီးက ကျုပ်ကိုလှည့်ကြည့်တယ်၊ သူ့မျက်လုံးကြီးကလည်း နီနေလို့ဗျ။ ကျုပ်ကိုစိုက်ကြည့်နေတာများ ကြောက်စရာကြီးဗျာ၊ နောက်တော့ ကျုပ်ခေါင်းကဆံပင်ကိုကိုင်ပြီးတော့ သူ့လက်သီးကြီးနဲ့ဆွဲပြီးထိုးလိုက်တာဗျာ၊ ကျုပ်လည်း သတိလစ်သွားတော့တာပေါ့။

သတိပြန်ရလာတော့ အိမ်ပြန်ရောက်နေပြီဗျ၊ နေလည်းအတော်စောင်းနေပြီ၊ အဖေက ဦးတက်တူကြီးတို့ကို ထိပ်တုံးခတ်ထားတယ်၊ "ဒီကောင်တွေကို ဒီညတော့ ခြင်စာကျွေးပစ်ရမယ်တဲ့" အကိုကြီးကလည်း အဖေ့နားမှာရပ်နေတယ်၊ ဒါနဲ့အဖေက အကိုကြီးမျက်နှာကို လက်သီးနဲ့ထိုးထည့်လိုက်တယ်ဗျ၊ အကိုကြီးနှာခေါင်းသွေးတွေပါ လျှံထွက်သွားတယ်၊ အဲဒီနောက်ပိုင်းကစပြီး အကိုကြီး ကြက်ဆိုတဲ့ ဝါသနာပျောက်သွားတာ သေသွားတဲ့အထိပဲဗျ၊ အဲဒီတုန်းက ကျုပ်မျက်လုံးကြီးကွင်းနေပြီးတော့ ဖူးယောင်ပြီးညိုမည်းနေတာဗျ၊ မသိရင် မျက်လုံးကြီးက ပေါက်ထွက်တော့မယ့်အတိုင်းပဲဗျာ။

အဖေက ကိုယ့်သားပေမယ့်လည်း အကိုကြီးကို ထိပ်တုံးခတ်လိုက်တယ်၊ ကျုပ်ကိုလည်း ကြံရာပါဆိုပြီး ထိပ်တုံးခတ်တယ်၊ ကျုပ်ဘေးမှာက ချစ်ကောင်းကိုခတ်ထားတယ်၊ ထိပ်တုံးက လေးယောက်လောက်တော့ အေးဆေးခတ်လို့ရတဲ့ ထိပ်တုံးဗျာ၊ ကျုပ်အဘိုးတို့ အင်္ဂလိပ်လက်ထပ်ကတည်းက သုံးလာတဲ့ဟာကြီးပေါ့။ တစ်ညလုံးခြင်တွေက တဝီဝီကိုက်နေတယ်၊ ကျုပ်တို့လည်း ငုတ်တုတ်ဆိုတော့ အိပ်လို့ဘယ်ရမလဲဗျာ၊ ဒါ့အပြင် ကျုပ်တို့ဒဏ်ရာတွေက ယောင်ကိုင်းပြီးတော့ နာကျင်လိုက်တာမပြောပါနဲ့၊ အကိုကြီးကတော့ ဦးတက်တူကြီးကို မကျေနပ်လို့ ပေစောင်စောင်နဲ့ကြည့်တယ်၊ ဦးတက်တူကြီးကတော့ ကျုပ်တို့ကိုကြည့်ပြီးတော့ မချိုမချဉ်မျက်နှာပေးနဲ့ဗျ၊ အဖေ့ကိုကြောက်ရလို့သာပေါ့၊ မဟုတ်ရင်တော့ အိမ်မှာတစ်ပွဲလောက် ထပ်ဖြစ်ကြအုံးမှာ၊ ထုံးစံအတိုင်းပါပဲ၊ မခင်မြမီးခွက်တစ်ခုနဲ့ရောက်လာတယ်။ သူ့ယောက်ျားကို ထမင်းခွံ့တယ်၊ ကြက်ကြော်တွေဘာတွေကျွေးတယ်၊ ခြင်ကိုင်မှာစိုးလို့ ပုဆိုးတစ်ပိုင်းနဲ့လဲ ယပ်ခပ်ပေးနေတာဗျာ၊ ကျုပ်တို့ကတော့ သူတို့ကိုကြည့်ပြီး သွားရည်ကျနေတာပေါ့၊ ဗိုက်ကလည်းဆာနေတာကိုး။

အမေကတော့ မနေတတ်ပါဘူး၊ ထမင်းဆင်းကျွေးချင်တယ်၊ ဆေးထည့်ပေးချင်တယ်၊ ဒါပေမယ့် အဖေ့ကိုကြောက်ရတယ်မဟုတ်လား၊ အဖေက "ဒီကောင်တွေ မှတ်လောက်အောင် လွှတ်ထားကွာ၊ ထမင်းတစ်နပ်ငတ်လို့ မသေပါဘူး" တဲ့၊ ကျုပ်တို့ကတော့ ခံပြင်းတာပေါ့ဗျာ၊ ထမင်းက တစ်နပ်မှမဟုတ်တာ၊ နေ့လည်စာလည်း မစားရသေးဘူးမဟုတ်လား။

နောက်တော့ အဖေက အောက်ဆင်းလာတယ်၊ မခင်မြအနားကိုလာပြီး

"မခင်မြ၊ ညည်းဒီလိုလုပ်နေတော့ နင့်လင်က ထိပ်တုံးခတ်ခံရတာကို ဟော်တယ်ရောက်နေတယ်လို့ ထင်နေတာပေါ့ဟ၊ ညည်းပြန်တော့"

"မပြန်နိုင်ဘူးသူကြီး၊ သူကြီးမကျေနပ်ရင် ကျုပ်ကိုပါ ထိတ်တုံးခတ်လိုက်"

အဲဒါသာကြည့်တော့ဗျာ၊ ဘယ်လောက်လင်ချစ်သလဲဆိုတာ၊ အဖေကလည်း စိတ်ပေါက်ပေါက်နဲ့ မခင်မြကိုပါ ထိပ်တုံးခတ်လိုက်တယ်ဗျာ၊ ဒါပေမယ့် မခင်မြကတော့ အပြုံးမပျက်ပါဘူးဗျ၊ အေးအေးဆေးဆေးပဲ သူ့ယောက်ျားဘေးနားမှာ အတူတူထိပ်တုံးခတ်ခံရတာတောင်မှ ပျော်နေသလားမသိပါဘူးဗျာ၊ နောက်ဆုံး မနက်မိုးလင်းတော့မှ ထိပ်တုံးကိုဖွင့်လိုက်တယ်၊ ကျုပ်တို့အားလုံးလည်းညောင်းနေတာ ကိုယ်တစ်ပိုင်းသေတော့မယ်၊ မခင်မြကတော့ ဦးတက်တူကြီး ကိုဖက်ပြီး လင်မယားနှစ်ယောက်ပြန်သွားတာများဗျာ၊ မပြောချင်တော့ပါဘူး။

(၃)

ကျွန်တော်လူပျိုပေါက်ဆိုတော့ ဦးဘသာကြီးနဲ့ ကျွန်တော်နဲ့အတော်ကလေးခင်နေကြပြီဗျ၊ ဦးဘသာလယ်က ကျွန်တော်တို့လယ်ရဲ့ အနောက်ဘက်ကပ်လျှက်ဆိုတော့ လယ်ထဲဆင်းရင်း ဦးဘသာရဲ့ လယ်စောင့်တဲကလေးဆီ သွားနေကျပေါ့၊ ဦးဘသာက နေ့လည်နေ့ခင်းဆို အဲဒီလယ်စောင့်တဲကလေးထဲမှ အနေများတယ်၊ တဲဆိုပေမယ့်ဗျာ၊ အမိုးကလည်း မလုံတလုံပါ၊ အကာကလည်း တစ်ဖက်ပဲရှိတယ်၊ ကျန်တာဟာလာဟင်းလင်းကြီး အထဲမှာတော့ ဝါးကွပ်ပျစ်ကလေးတစ်လုံးရှိတယ်။ ကျုပ်လည်း မခံချင်တာနဲ့ ဦးဘသာကြီးဆီကိုလာခဲ့တာပေါ့ဗျာ။

"မင်းတို့ မနေ့က တက်တူနဲ့ရန်ဖြစ်ကြတယ်ဆိုကွ"

ဦးဘသာက ရယ်ကျဲကျဲနဲ့ ကျုပ်ကိုလှမ်းမေးလိုက်တော့ ကျုပ်လည်းစိတ်ထဲမခံချင်ဖြစ်သွားတယ်။

"ဟုတ်တာပေါ့ဗျာ၊ ဒီလူကြီးက လူညစ်ကြီးူဗျ"

"ညစ်ရုံတင်ဘယ်ကမလဲကွ၊ တကယ်တော့ ဒီကောင်က တော်တော်ယုတ်မာတဲ့ကောင်"

ဦးဘသာကြီးက တော်ရုံလူကို မကောင်းမပြောတတ်ပေမယ့် ဦးတက်တူကို အဲဒီလိုပြောလိုက်တော့ ကျုပ်လဲထူးဆန်းသွားတာပေါ့ဗျာ၊ ဒါနဲ့ ဘာလို့လည်းဆိုပြီး မေးကြည့်ရတာပေါ့။

"သူက ဆေးစောင့်ကောင်းကောင်းရထားတာကွ၊ ဆေးဆိုပေမယ့်လည်း ကောင်းတဲ့ဆေးမဟုတ်ပါဘူးကွာ၊ သူ့ကျောကုန်းမှာ ဘီလူးခေါင်းကြီးတစ်ခု၊ သူ့ရင်ဘတ်မှာ ဘယ်ညာ ဘီလူးခေါင်းအသေးလေးနှစ်ခု ထိုးထားတယ်မဟုတ်လား"

ကျုပ်လည်းခေါင်းညိတ်လိုက်သည်။ ဦးတက်တူက အင်္ကျီကျွတ်နှင့်နေတာများသူမို့ ဘီလူးခေါင်းကို လူတိုင်းမြင်ဖူးသည်။

"အဲဒါ ဘီလူးသားပိုက်လို့ခေါ်တယ်ကွ၊ ကျောမှာဘီလူးအမေ၊ ရင်ဘတ်မှာ ဘီလူးကလေးတွေပေါ့၊ မကောင်းတဲ့အစီအရင်တစ်ခုပဲကွ၊ လူမိုက်တွေ၊ လူဆိုးတွေထိုးကြတဲ့ဆေးပေါ့ကွာ၊ အဲဒါထိုးထားရင် တုတ်ပြီးဓါးပြီးတယ်လို့ ပြောကြတာကွ"

ကျုပ်လည်း ဒီတော့မှ သဘောပေါက်သွားတယ်။

"ဘီလူးဆေးထိုးထားတော့ လူကလည်း ကြမ်းကြမ်းတမ်းတမ်းကြီးနဲ့ စိတ်ကလည်းကြမ်းနေတာပေါ့ကွာ၊ နောက်ပြီး တစ်ခုခုဆိုရန်ထောင်လာတာ ဘီလူးရဲ့သဘာဝကွ၊ မင်းမှတ်ထား၊ နောက်သူနဲ့သွားပြီးမဖြစ်နဲ့"

ကျုပ် တောက်တစ်ချက်ခေါက်လိုက်မိတယ်၊

"တော်တော်ယုတ်မာတဲ့လူဗျာ"

"ဒါတင်မကသေးဘူးကွ၊ သူ မခင်မြနဲ့ညားတာ ဘာကြောင့်လို့မင်းထင်သလဲ"

"မခင်မြက သူ့ကိုသိပ်ချစ်တာကိုးဗျ"

ဦးဘသာကြီးက ရယ်မောလိုက်တယ်ဗျ။

"မှတ်ထားကွ၊ အဲဒါ အိမ်မြှောင်ပီယဆေးလို့ခေါ်တယ်ကွ၊ အိမ်မြှောင်နဲ့ပီယမှော်သွင်းထားတာကွ၊ ဒါကြောင့်မို့ မခင်မြသူ့ကို မခွဲနိုင်ဖြစ်နေတာကွ"

အိမ်မြှောင်ပီယဆေးဆိုတော့ ကျုပ်လည်း သိချင်သွားတာပေါ့ဗျာ၊ ဒါနဲ့ဦးဘသာကြီးကို မေးကြည့်ရတယ်။

"အိမ်မြှောင်တစ်ကောင်ကိုဖမ်းပြီးတော့ ကိုယ်လိုချင်တဲ့သူရဲ့ နာမည်ကို မှိုင်းကိုင်စက္ကူမှာ ရေးရတယ်ကွ၊ ပြီးရင် အိမ်မြှောင်ရဲ့ ဝမ်းဗိုက်ထဲက ကလီစာတွေကိုအကုန်ထုတ်ပြီး ခုနက ရေးထားတဲ့စာရွက်ကိုထည့်ရတယ် ပြီးတော့ "ဥုံ ဥဘတု သွာဟ" ဆိုတဲ့ မန္တန်ကို (၃၇) ခေါက်ရွတ်ထားရတယ်၊ ပြီးရင် နေမပြဘဲ အခြောက်ခံထားရတယ်ကွ၊ လိုအပ်လာရင်တော့ကိုယ့်ရဲ့ လက်ဝဲဘက်ရင်အုံက သွေးကိုဖောက်ထုတ်ပြီး အဲဒီသွေးနဲ့ အိမ်မြှောင်ကောင်ကို သွေးရတယ်၊ သွေးပြီးသားရေကို ကိုယ်လိုတဲ့သူကိုတိုက်ကွ၊ တစ်သက်လုံးချစ်တယ်၊ မျက်နှာမမြင်ရရင်မနေနိုင်ဘူးကွ"

ကျုပ်လည်း ဦးဘသာကြီးပြောသည့် အစီအရင်များကို ခေါင်းထဲရိုက်သွင်းထည့်နေသည်။

"ဒါပေမယ့် တစ်ခုတော့ရှိတယ်ကွ၊ အိမ်မြှောင်ပီယဆေးသုံးရင် သစ္စာရှိရတယ်၊ တစ်ယောက်ဆိုတစ်ယောက်ပဲ သုံးလို့ရတယ်ကွ"

ကျုပ်လည်း နောက်တော့ လယ်ထဲကပြန်လာခဲ့တယ်၊ အပြေးတစ်ပိုင်းနဲ့ကို ပြန်လာခဲ့တာဗျ၊ အိမ်ရောက်တော့ ခေါင်းထဲမှတ်မိတာတွေကို ဗလာစာအုပ်ထဲ ခဲတံတစ်ချောင်းနဲ့ ရေးမှတ်ထားလိုက်တယ်လေဗျာ၊ နောက်လိုရင် သုံးဖို့ဆိုပြီးတော့ ပေါ့၊ ဟား၊ ဟား။

ဒါပေမယ့် ဦးဘသာကြီးကတော့ ဦးတက်တူကြီးကို ဆုံးမပေးဖို့ပြောတော့ သူမလုပ်ချင်ဘူးတဲ့ဗျ၊ သူနဲ့ထိပ်တိုက်မတွေ့သရွေ့တော့ သူရန်မလုပ်ချင်ဘူးလို့ပြောတယ်။ ဦးတက်တူကြီးကလည်း လူလည်ဗျ၊ ဦးဘသာကြီးကိုတော့ သူက ရှောင်တယ်လေ။

(၄)

ဒါပေမယ့် တစ်နေ့တော့ သူတို့ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါရောဗျာ၊ အဲဒီနေ့က မိုးတွင်းကြီးဗျ၊ မိုးက တဖွဲဖွဲရွာနေတာ၊ ဦးတက်တူကြီးက နွားကြီးဆွဲသွားတယ်၊ ကျုပ်အထင်တော့ သတ်စားဖို့လား၊ ဘာလားပဲပေါ့။ ရွာပြင်ရောက်တော့ နွားကြီးကိုလွှတ်လိုက်ရောဗျ၊ နွားကြီးက ပြေးပြီး စိမ်းစိမ်းစိုစိုနဲ့ ပျိုးကြဲထားတဲ့ ဦးဘသာလယ်ထဲက စပါးတွေကို ဝင်ပြီးတော့ စားနေတာပေါ့၊ ဦးတက်တူကြီးကလည်း နွားကြီးစားနေတာကို မဟန့်ဘဲ သစ်ပင်အောက်မှာ အရက်ထိုင်သောက်နေသတဲ့ဗျာ။

ဦးဘသာကြီးက နွားကိုမြင်တော့ လယ်စောင့်တဲကနေပြေးလာတာပေါ့၊ သူလည်းအလုပ်များနေတော့ နွားကိုမမြင်လိုက်ဘူးတဲ့ဗျ။ နွားကြီးက စပါးပင်တွေ အတော်စားထားတာပေါ့ဗျာ၊ ဦးဘသာကြီးက လုံးဝမကျေနပ်ဘဲ ဦးတက်တူကြီးကို စပါးခင်းကိစ္စပြောတော့တာပေါ့။ အဲဒီနေ့က ကျုပ်လည်း လယ်ထဲရောက်နေတဲ့အချိန်ဗျ၊ လယ်ထဲမှာ ကျုပ်ရယ်၊ ကျုပ်ဘကြီးရယ်၊ ကျုပ်ညီတစ်ယောက်ရယ် ရှိနေတဲ့အချိန်ပေါ့၊ ဦးဘသာတို့ စကားများနေတာတွေ့တော့ ကျုပ်တို့လည်း သွားစပ်စုတာပေါ့ဗျာ။

"ဟေ့ကောင်တက်တူ မင်းနဲ့ငါ ရန်မဖြစ်ချင်ဘူး၊ မင်းနွားကိုပြန်ခေါ်သွား၊ ငါ့စပါးတွေကို မင်းလျော်ပေးရမယ်"

ဦးတက်တူက လက်ထဲ အရက်ပုလင်းကြီးကိုင်ထားသေးတယ်။

"ဘာဖြစ်လဲဗျာ၊ နွားပဲ လယ်ထဲကမြက်စားတာ ဆန်းသလားဗျ"

"ဟေ့ကောင်တက်တူ၊ လယ်ထဲမှာပေါက်နေတာ မြက်မဟုတ်ဘူးကွ၊ ငါ့စပါးပင်တွေကွ"

"ဟား၊ ဟား၊ စပါးဆိုတာလည်း မြက်ပါပဲဗျာ"

ဦးဘသာကြီး တော်တော်ဒေါသထွက်နေတယ်ဗျ၊ ဦးတက်တူကတော့ အရယ်မပျက်ဘူးဗျ။

"ဟေ့ကောင်တက်တူ၊ မင်းလူပါးမဝနဲ့နော်"

"ဘာလည်း ခင်ဗျားကြီးက မကျေနပ်ဘူးလား၊ မကျေနပ်ရင် ကျုပ်နဲ့ထိုးမလား"

ဦးတက်တူက လက်ထဲက အရက်ပုလင်းကိုပစ်ချလိုက်ပြီးတော့ ဦးဘသာရှေ့မှာ လက်သီးတပြင်ပြင်နဲ့ဟန်ရေးပြနေတာပေါ့ဗျာ၊ ဦးဘသာကတော့ ခါးထောက်ပြီးကြည့်နေတယ်။

"ဟေ့ကောင်တက်တူ၊ မင်းကိုငါကိုယ်တိုင်မထိုးဘူးဟေ့၊ မင်းကိုယ့်ဖာသာကိုယ် ပြန်ထိုးစမ်းကွာ"

အဲဒီလိုပြောပြီးတော့ ဦးတက်တူရဲ့ရင်ဘတ်ကို လက်ညှိုးထိုးလိုက်တာ ဦးတက်တူက သူ့မျက်နှာကိုသူ ဘယ်ဘက်လက်သီးနဲ့ထိုးလိုက်၊ ညာဘက်လက်သီးနဲ့ထိုးလိုက်နဲ့ ထိုးတော့တာပဲဗျို့၊ တခွပ်ခွပ်နဲ့ ခပ်လှမ်းလှမ်းကကျုပ်တို့တောင် အသံအကျယ်ကြီးကြားရတယ်ဗျ၊ သူ့မျက်နှာကြီးလည်း ယောင်ယမ်းလာပြီးတော့ မျက်ခုံးတွေလည်းကွဲပြီး သွေးတွေထွက်ကုန်ပါရော၊ ဒီတော့မှ ဦးဘသာက လက်ကိုပြန်ချလိုက်တယ်။

ဒီတော့မှ ဦးတက်တူလည်းရပ်သွားတယ်ဗျ၊

"ဟေ့ကောင်တက်တူ၊ ဒါတောင် ငါမင်းကိုဘာမှလုပ်ရသေးတာမဟုတ်ဘူးကွ၊ မင်းရဲ့ထိုးထားတဲ့ ဆေးစောင့်ကို မင်းကိုပြန်ထိုးအောင်ခိုင်းထားတာပဲရှိသေးတာကွ"

ဦးတက်တူတစ်ယောက် တော်တော်နာနေပုံရတယ်ဗျ၊ ချက်ချင်းနွားကြီးကိုဆွဲပြီးတော့ ရွာထဲပြန်သွားတော့တာပါပဲ၊ အဲဒီနေ့ကစပြီး ဦးတက်တူက ဦးဘသာကြီးကို သွားမထိရဲတော့ဘူးဗျ။

နောက်ပိုင်း ဦးဘသာကြီးပြန်ပြောတော့ ဘီလူးသားပိုက်အစီအရင်က တော်တော်ကြောက်ဖို့ကောင်းတာပဲဗျ၊ သူက အမေနဲ့သားကို ခွဲထားတဲ့ပုံစံမျိုးပေါ့ဗျာ၊ ဘီလူးတွေကလည်း တော်တော်ကြမ်းကြမ်းပဲ၊ ကောင်းကျိုးထက် ဆိုးကျိုးများတာပေ့ါဗျာ၊ ဦးတက်တူ အဲဒီဆေးတွေကို ဘယ်ကထိုးလာမှန်းမသိဘူးတဲ့၊ အဲဒီဆေးတွေထိုးပြီးတော့ သူ့အမေနဲ့အဖေ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ပြီးတော့ သူတို့ပစ္စည်းတွေကိုလည်း သူများက အပိုင်သိမ်းသွားလို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားရတယ်လို့တော့ ပေတောရွာကလူတွေပြောတာ ကြားရတယ်ဗျ။

(၅)

အခုတော့ ဦးတက်တူကြီးမရှိတော့ပါဘူးဗျာ၊ ကျုပ်လည်း ကျုပ်မိန်းမနဲ့အိမ်ထောင်ကျသွားပြီးတော့ သိပ်မကြာပါဘူးသူလည်းသေသွားတာပဲ၊ အဲ၊ သူသေသွားတာကလည်း ထူးဆန်းတယ်ဗျ၊ ဘာလို့လဲဆိုတော့ သူ့မိန်းမ မခင်မြက သူ့ကိုပြန်ပြီးဓါးနဲ့ခုတ်သတ်လိုက်တာတဲ့၊ စာရေးဆရာသိချင်တယ်ဆိုရင်ပြောပြပါ့မယ်။

ဦးတက်တူက မခင်မြအသက်ကြီးလာလို့လားမသိဘူး၊ နောက်ထပ်မိန်းကလေးတစ်ယောက် ရှာတယ်တဲ့၊ သူကလည်း ရွာမှာ အချောဆုံးအလှဆုံးဆိုတဲ့ ကွမ်းတောင်ကိုင် မိမိုးကို မှန်းတာဗျာ၊ ဒါနဲ့ သူလုပ်နေကျ အိမ်မြှောင်ပီယဆေးနဲ့ လုပ်တာပေါ့၊ ဒါပေမယ့် မရတော့ဘူးဗျ၊ မိမိုးကိုကျတော့ ပီယဆေးက မစွမ်းတော့ဘူး၊ အဲဒီအချိန်မှာ မခင်မြရဲ့ ဆေးအစွမ်းကလည်း ပျယ်သွားတယ်ထင်ပါတယ်၊

တစ်ရက်တော့ မခင်မြက အိပ်ရာနိုးတော့ ဦးတက်တူကြီးကိုမြင်ပြီး လန့်သွားတယ်တဲ့၊ ဒီလိုရုပ်ဆိုးအကျည်းတန်တဲ့ လူ့ဘီလူးကြီးကို ငါပေါင်းနေတာပါလားဆိုပြီး အသိတရားဝင်ပြီးတော့ ထရံမှာထိုးထားတဲ့ ဓါးမကိုဆွဲဖြုတ်ပြီး ခုတ်လိုက်တာ ဦးတက်တူကြီး ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားတယ်ပေါ့ဗျာ။ မခင်မြကို ရွာကလူတွေက သနားကြတာပေါ့၊ ဒါပေမယ့် လူသတ်မှုဆိုတော့လည်း နောက်ဆုံး မခင်မြကို ရဲတွေဖမ်းသွားပြီး အချုပ်ထောင်ကျသွားပါလေရော၊ သူတို့အဖြစ်က သနားစရာလဲကောင်းပါတယ်ဗျာ၊ သနားစရာအကောင်းဆုံးကတော့ မခင်မြပေါ့ဗျာ၊ ဘုမသိဘမသိနဲ့ ဆေးအခပ်ခံရပြီး နောက်ဆုံး ဆေးပြယ်သွားတော့လည်း သူပဲထောင်နန်းစံသွားရတယ်မဟုတ်လားဗျာ၊ အခုထိ ကျုပ်တို့ရွာမှာ အပျိုလေးတွေဆိုရင် သူများကျွေးစာ၊ ပေးစာ မစားဖို့ တားမြစ်နေကြတုန်းဗျ။ "မခင်မြလိုဖြစ်မယ်နော်" ဆိုပြီးတော့ စကားတောင်တွင်နေပါတယ်ဗျာ။

ကဲ ဦးတက်တူအကြောင်းတော့ အဆုံးသတ်သွားပြီဗျာ၊ ဒီလူကြီးသေသွားတော့မှ ကျုပ်တို့အိမ်က ထိပ်တုံးကြီးလည်း အနားရသွားတော့တယ်ဗျာ၊ အင်းဗျာ၊ လူတစ်ယောက်သေတာ စိတ်မကောင်းစရာဆိုပေမယ့် ဦးတက်တူကြီးသေတော့ ကျုပ်တို့တွေပျော်လိုက်ကြတာဗျာ၊ စိတ်ထဲကြိတ်ပြီး ဝမ်းသာလိုက်ကြတာ၊ ဦးဘသာပြောတဲ့ အိမ်မြှောင်ပီယဆေးကိုတော့ ကျုပ်အဲဒီကတည်းက မစမ်းဝံ့တော့တာပဲဗျို့။

ဒီနေ့တော့ တော်လောက်ပြီစာရေးဆရာရေ၊ နောက်နေ့ကျရင်တော့ ကျုပ်ဦးဘသာကြီးဆီကနေ ပညာသင်ခဲ့တဲ့အကြောင်းလေးတွေ ပြောပြချင်သေးတယ်ဗျာ။

ပြီးပါပြီ။

#ဦးဘသာ #စုန်း #ကဝေ
Credit to ဆရာအဂ္ဂဇော်

Address

New Egypt, NJ

Alerts

Be the first to know and let us send you an email when A Kone Thi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share