26/09/2026
နိုင်ငံအသီးသီးက ချစ်ရတဲ့ ပရိသတ်တွေက ဖြူ့ရဲ့ "ငါဆက်ရှိနေဦးမှာ" ခွေလေးတွေ မရလိုက်မှာ စိုးရိမ်နေကြတယ်ဆိုပြီး လာလာပြောနေကြလို့…သတင်းလေး ရသလောက် တင်ပေးပါ့မယ်ရှင်😇။
တကယ်က အနုပညာထုတ်ကုန်ဆိုရင် လူတွေက ပိုက်ဆံပေးဝယ်ဖို့ သိပ်ကြီး လက်မဖွာတတ်ကြဘူးဆိုတော့…ဖြူ့ရဲ့ hardcore fans တွေအတွက်ရယ်၊ ဖြူတို့ exile artist တွေရဲ့ အနုပညာကို မြေတောင်မြှောက်ပေးချင်သူတွေအတွက်ရယ်ပဲ exclusive collectible အနေနဲ့ တမင် အရေအတွက် နည်းနည်းပဲ ရည်ရွယ်ထုတ်ထားတာပါ။
ဖြူတို့ဈေးကွက်မှာ အနုပညာထုတ်ကုန်က တခြားလူသုံးကုန်ပစည်းတွေ၊ ဇိမ်ခံပစ္စည်းတွေလို ရောင်းပန်းမလှတတ်လို့ပါ။
ကြိုက်တော့ကြိုက်တယ်၊ တစ်ပုဒ်လုံးလည်း အလွတ်ရတယ်၊ လေထဲမှာ အလကား နားထောင်လို့ ရတာပဲလေ…ဆိုပြီး ဖြစ်တတ်လို့ပါ။
နောက်တစ်ချက်က… ရောင်းပေးရတဲ့ နိုင်ငံတကာက မိတ်ဆွေတွေကိုလည်း အားနာလို့ပါ။ တကယ့် distribution network တွေ မဟုတ်ပဲ၊ ဖြူတို့ကို ချစ်ကြလို့ သူတို့ ကိုယ်ပိုင်အချိန်ထဲကနေ ကူညီ သယ်ယူပို့ဆောင်ပေးကြတာမို့ပါ။
နိုင်ငံတကာက distribution network တွေကို အသုံးပြုရအောင်လည်း ဖြူတို့လို မျက်နှာမွဲနိုင်ငံက exile တွေမှာ သူတို့လိုချင်တဲ့ ဈေးကွက်မျိုး အလုံအလောက် ရှိမနေလို့ပါ။
ဒါလေးကတော့… ဆိုင်ရာနိုင်ငံက ကိုယ်စားလှယ်ကိုကိုမမတွေက သူတို့ဆီမှာ ရောင်းရနိုင်သလောက်လို့ မှန်းပြီး မှာထားလို့ ပို့ထားပြီးသား အရေအတွက်လေးတွေပါ။ မကြာခင် ရောက်လာပါလိမ့်မယ်နော်။
UK - 50
Australia - 50
New York - 50
Maryland - 50
San Francisco - 50
LA - 20
Texas - 10
Canada - 120
EU - 60
Japan - 100
ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ကိုးရီးယား၊ ဒူဘိုင်း အတွက် ရှေ့အပတ်မှာစပြီး ပို့ပေးပါ့မယ်။ ထုပ်ပိုးနေပါပြီ။
ထိုင်ဝမ်၊ မကာအို၊ နယူးဇီလန် နဲ့ တခြား လူနည်းတဲ့ နိုင်ငံက အမှာလေးတွေကတော့ ထိုင်း သို့မဟုတ် နီးစပ်တဲ့ နိုင်ငံကတဆင့် ပြန်ယူရင် ပိုအဆင်ပြေမယ် ထင်ပါတယ်။ တစ်ခွေချင်းစီမှာရင် နိုင်ငံတကာပို့ခတွေက ခွေထက်တောင် ပိုဈေးကြီးနေလို့ပါ။
တစ်သက်လုံး ဖြူထွက်သမျှအခွေဆို အစစ်ချည်းပဲ ဝယ်ယူအားပေးခဲ့ကြပေမယ့်…ခုအခါ ဝယ်ယူဖို့မလွယ်ကူတဲ့ ပြည်တွင်းက ချစ်ပရိသတ်တွေ အများကြီး ရှိနေတယ်ဆိုတာကိုလည်း ကောင်းကောင်းသဘောပေါက်ပါတယ်👼။ မကြာခင် အွန်လိုင်းပလက်ဖောင်းတွေကနေ တင်ပေးပါ့မယ်။ အားမငယ်ကြနဲ့နော်🩷။ အထဲက အနှစ် ၂၀ ကျော် အားပေးလာတဲ့ ပရိသတ်သန်းပေါင်းများစွာကြောင့် “ဖြူဖြူကျော်သိန်း” ရယ်လို့ ဖြစ်လာခဲ့တာကို ဘယ်တော့မှ မမေ့ပါဘူး။ ဒါကြောင့်လည်း ဒီနေ့ ဒီလိုဘဝမှာ နေဖို့ ရွေးချယ်ထားတာပါ။
ဖြူ့အတွက် ဒီတစ်ကြိမ်ဟာ အရင်လို သီချင်းခွေတစ်ခွေ ထုတ်တာထက် ပိုတဲ့ အဓိပ္ပာယ်တွေ အများကြီးရှိပါတယ်။
🌟ဖြူတို့ ဖြတ်သန်းရတဲ့ခေတ်ကို ထင်ဟပ်တဲ့ အကြောင်းအရာတွေကို ဘယ်သူ့ကိုမှ မကြောက်ရပဲ ရေးသားသီဆိုခွင့်ရတဲ့ "လွတ်မြောက်ခြင်းမှတ်တမ်း"…
🌟အဲ့လိုအခွင့်ရဖို့ ဘဝတစ်ခုလုံး နဲ့ career တစ်ခုလုံးနဲ့ ရင်းပြီး ရွေးချယ်ခဲ့တဲ့ မှတ်တမ်း…
🌟ပထမဆုံးအကြိမ် တစ်ခွေလုံး ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဉ် ဖန်တီးခွင့်ရတယ်ဆိုတဲ့ မှတ်တမ်း…
🌟ငါတို့ ဘယ်နေရာရောက်ရောက် ဆက်ရှင်သန်နေဦးမယ်၊ ဆက်ရှိနေဦးမယ် ဆိုတဲ့ resilience ကိုပြတဲ့ မှတ်တမ်း….
အဲ့လို မှတ်တမ်းတစ်ပုဒ်ကို ဖြူ့ကို တစ်သက်တာ အားပေးလာတဲ့ ချစ်ရတဲ့ပရိသတ်နဲ့ မျှဝေတာပါ။
ဒီသီချင်းတွေကို ငါ ထုတ်ကိုထုတ်လို့ရတဲ့၊ လွတ်လပ်တဲ့ နေရာထိ ငါ သွားမယ်ဆိုတဲ့ စိတ်နဲ့ လမ်းတစ်လျှောက် ဖြတ်သန်းခဲ့တာပါ။ (“အဲ့လိုလုပ်ခဲ့တာ တန်ရဲ့လား မဖြူရယ်” လို့ စဉ်းစားနေတာ မဟုတ်လား😜၊ အဲ့ဒီအပိုင်းကို နောက်မှ ဆက်ရေးမယ်နော်😇။)
အခက်အခဲကြားက မှာယူ အားပေး သိမ်းဆည်းပေးကြမယ့် ပရိသတ်တစ်ယောက်ချင်းစီကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင့်🙏။
ဖြူဖြူ ဆက်ရှိနေဦးမှာ။