14/01/2026
ICEအဖွဲ့အဖမ်းခံရမှာကြောက်ပြီး မြန်မာကျောင်းသူတစ်ဦး ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ကြိုးစား
အေတီ/BVJ_ ဇန်နဝါရီ ၁၄၊ ၂၀၂၆
အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့မှာနေထိုင်နေတဲ့ အသက်၂၃နှစ်အရွယ် မြန်မာကျောင်းသူတစ်ဦးဖြစ်တဲ့ မသူဇာဟာ(နာမည်လွှဲ) အမေရိကန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ-ICEအဖွဲ့ရဲ့ ဖမ်းဆီးတာကိုခံရမှာကြောက်ပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ကြိုးစားမှုဖြစ်ပွားခဲ့ပါတယ်။
မသူဇာကြုံတွေ့လိုက်ရတဲ့အခြေအနေကို သူ့ရဲ့အခန်းဖော်ဖြစ်သူကိုကျော်စိုး(နာမည်လွှဲ)က Burma VJကို အခုလိုပြောပြပါတယ်။
“အခုတလောကျွန်တော်တို့ဘက်မှာ ICE အဖွဲ့ ရဲ့ဖမ်းဆီးမှုကအရမ်းစိပ်လာတယ်။ ၂၀၂၃ခုနှစ်က Visitဗီဇာနဲ့ရောက်လာပြီးခိုလှုံခွင့်တင်ထားတဲ့ မြန်မာပြည်ကသူငယ်ချင်းတယောက် တနေ့ကအဖမ်းခံလိုက်ရပြီး Texasအပို့ခံလိုက်ရတယ်။ သူ့သူငယ်ချင်းဖမ်းခံရလို့စိတ်မကောင်းဖြစ်ကြောက်နေတဲ့အချိန် အဲ့ဒီညကလည်း အိမ်နားကမျက်စောင်းထိုးတိုက်ကို ICEအဖွဲ့ကကားနဲ့လာကြည့်တယ်။အဲ့ဒါတွေပေါင်းသွားတော့ ဒီနေ့မနက်၉နာရီခွဲလောက်မှာ သူ့လက်ကိုသူ...နဲ့ပြန်...တယ်။ ပြီးတော့သူသောက်နေကျ ... ဆေးငါးရက်စာလောက်ကိုလည်း တခါထဲသောက်ပလိုက်တယ်။ အဲ့ဒါနဲ့ 911အမြန်ခေါ်ပြီးဆေးရုံပို့လိုက်ရတယ်“
မသူဇာရဲ့လက်ရှိအခြေအနေဟာ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပေမယ့် အခုအချိန်ထိတော့ဆေးရုံမှာကုသမှုခံနေရဆဲပါ။
ICEအဖွဲ့ရဲ့ အဖမ်းအဆီးကိစ္စတွေစမဖြစ်ခင်ထဲက မသူဇာက therapistတွေနဲ့ပုံမှန်တွေ့နေရပြီး၊ စိတ်ကျရောဂါနဲ့ပတ်သက်တဲ့ ဆေးတွေသောက်နေရတဲ့သူဖြစ်ကြောင်းကိုလည်း အခန်းဖော်ကိုကျော်စိုးကပြောပါတယ်။
မသူဇာနဲ့ကိုကျော်စိုးတို့နှစ်ယောက်ဟာ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ စာသင်တန်းကိုတက်ရောက်ဖို့အတွက် ၂၀၂၃၊ဒီဇင်ဘာလက အမေရိကန်နိုင်ငံ၊မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့ကိုရောက်လာတဲ့သူတွေဖြစ်ပါတယ်။ ထရမ့်အစိုးရမတက်ခင် ICEအဖွဲ့ရဲ့ ဖမ်းဆီးမှုတွေမဖြစ်ခင်က Special Student Relief (SSR) အရ work Permit နဲ့အလုပ်လုပ်ခွင့်ရနေတဲ့သူတွေဖြစ်ပြီး ခိုလှုံခွင့် Asylumလည်း တင်ထားတယ်လို့သိရပါတယ်။
"F1 Student status နဲ့ စာရွက်စာတမ်းအစုံရှိပေမဲ့ ဒီမှာကအကုန်ဖမ်းနေတော့ အပြင်တောင်မထွက်ရဲတာ။ အဖမ်းခံရရင် ရှေ့နေခနဲ့တင် ဒေါ်လာ ၃၀၀၀/၄၀၀၀ ကုန်တာဆိုတော့ မြန်မာကမိဘတွေနေတဲ့နေရာကလည်းစစ်ဖြစ်နေတော့ ပိုက်ဆံလည်းမပို့နိုင်ဘူး ။အဲ့လိုတွေအခြေအနေဆုံသွားလို့ပါဗျာ" လို့ ကိုကျော်စိုးက ထပ်ဖြည့်ပြောပါတယ်။
ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက မြန်မာ နိုင်ငံသားတွေကို ယာယီကာကွယ်ပေးထားတဲ့အခြေအနေ (Temporary Protected Status)ကိုဒေါ်နယ်ထရမ့် အစိုးရက ရုတ်သိမ်းဖို့ဆုံးဖြတ်လိုက်တာကြောင့် သူတို့အပါအဝင် ခိုလှုံခွင်းတောင်းခံထားတဲ့သူအများစုရဲ့ အခြေအနေကစိုးရိမ်စရာအခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်။
မင်နီဆိုးတားပြည်နယ်တဝိုက်မှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ (ICE)အဖွဲ့ ကဖမ်းဆီးမှုတွေဆက်တိုက်ပြုလုပ်နေပြီး ဇန်နဝါရီ၁၀ရက်နေ့ကလည်း ကရင်အမျိုးသမီးတစ်ဦးဟာ နေအိမ်မှာဖမ်းဆီးခံလိုက်ရပြီး အခုထိပြန်မလွတ်သေးဘူးလို့ သိရပါတယ်။
ဇန်နဝါရီ ၇ရက်နေ့ကလည်း မင်နီဆိုးတားပြည်နယ်၊မင်နီယာပိုလစ်မြို့မှာ အသက် ၃၇ နှစ်အရွယ် ရီနီးနီကိုးလ်ဂွတ်ဒ်ဆိုတဲ့အမျိုးသမီးတစ်ဦးကို ICEအဖွဲ့ဝင်တစ်ဦးကသေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် အမေရိကန်နိုင်ငံတဝှမ်းဆန္ဒပြပွဲတွေဆက်တိုက်ဖြစ်နေပါတယ်။
ပုံစာ- မင်နီဆိုးတားပြည်နယ်၊စိန့်ပေါလ်မြို့ဆေးရုံအရေးပေါ်ဌာနမှာ မသူဇာ ဆေးကုသမှုခံယူနေစဥ်