TM MEDIA

TM MEDIA စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူမှုစီးပွားနိုင်ငံရေးသုံးသပ်ချက်များ
(452)

08/12/2025

မင်းကင်းက ကျောင်းသားတပ်စခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

ဒီဇင်ဘာ ၈ ရက် ၊ ၂၀၂၅ ခုနှစ်
ခက်လွင်

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်က ကျောင်းသားတပ်စခန်း Student's Revolution Force ရှိတဲ့နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၈ ရက် နေ့လည်ပိုင်းမှာ ချင်းတွင်းမြစ်ရိုးအောက်မှာရှိတဲ့ ထန်းပင်ချောင်ကျေးရွာနဲ့ နနွင်းချောင်းကျေးရွာနားက တပ်စခန်းကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ စက်တပ်လေယာဥ် ၂ စီး ၊ မိတ္ထီလာ နဲ့ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၆ စီး အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၁၀ ဦးကျော်ဒဏ်ရာရပြီး အနီးအနားကစစ်ရှောင်တွေလည်း ထိခိုက်ဒဏ်ရာရပေမယ့် အတိအကျကိုတော့ မသိရသေးပါဘူး။

08/12/2025

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ တကျော့ပြန်တိုက်ပွဲ ဖြစ်နေ

ဒီဇင်ဘာလ ၈၊ ၂၀၂၅ ခုနှစ်
ကိုဇေယျာ / Think Media

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားရာကနေ တစ်ကျော့ပြန် စစ်ပွဲတွေ ပြန်ဖြစ်နေပါတယ်။

ကမ္ဘောဒီးယားက စစ်စခန်းအဖြစ် တည်ဆောက်ထားတဲ့ ကာစီနို တခုကို ထိုင်းလေတပ်က ဒီနေ့ ဒီဇင်ဘာလ ၈ ရက်နေ့၊ မနက် ၈ နာရီမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။

ကမ္ဘောဒီးယားဘက်ကလည်း BM-21 ရုရှားထုတ်ဒုံးကျည်တွေ ထိုင်းနိုင်ငံထဲကို ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။

တိုက်ပွဲဟာ မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့ထဲက စတင်နေတာ ဖြစ်ပါတယ်။ နှစ်ဘက်တိုက်ခိုက်မှုတွေအတွင်း ထိုင်းစစ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယား ဘက်ကတော့ ဖော်ပြထားတာမျိုး မရှိပါဘူး။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တိုက်ပွဲတွေကြောင့် နယ်စပ်တလျောက် ခရိုင် ၅ ခုက စာသင်ကျောင်း ၆၄၁ ကျောင်းကိုလည်း ယာယီပိတ်ထားတယ်လို့ ထိုင်းပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ နယ်မြေအငြင်းပွားမှုတွေကြောင့် ဒီနှစ် မေလကတည်းက ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လမှာတော့ အမေရိကန်ရဲ့ စီစဉ်မှုနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ပရိပက္ခကို အပြီးသတ် မဖြေရှင်းနိုင်တဲ့အတွက် ပစ်ခတ်ရပ်စဲမှု ၅ လကျော် အကြာမှာ တကျော့ပြန်စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားနေရတာပါ။

08/12/2025

ယူကရိန်းကို အရေးပေါ်အကူအညီတွေပေးသွားမယ်လို့ အီတလီဝန်ကြီးချုပ် ကတိပြု

ဒီဇင်ဘာ ၈၊ ၂၀၂၅ ခုနှစ်။
ကျော်ကျော်လွင်/Think Media

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လွန်နီဟာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ဖုန်းပြောခဲ့ကြပြီး ယူကရိန်းကို အရေးပေါ်အကူအညီတွေပေးဖို့ သဘောတူထားကြောင်း အီတလီဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

ဇလန်းစကီးဟာ လန်ဒန်၊ ဘရပ်ဆဲလ်စ်နဲ့ ရောမနိုင်ငံတွေကို သွားရောက်ဖို့ရှိနေတာဖြစ်ပြီး မသွားဖြစ်ခင်မှာ အခုလို ပြောဆိုခဲ့ကြတာပါ။

ဒေါ်နယ်ထရမ့်ရဲ့ ယူကရိန်းဆိုင်ရာ သံတမန်ကလည်း စစ်ပြေငြိမ်းဖို့ အပေးအယူတခုဟာ “အလွန်နီးစပ်” နေတယ်လို့ ပြောပြီး အဓိကပြဿနာ ၂ ခုသာ ပြေလည်ဖို့ကျန်ကြောင်းပြောပါတယ်။

ရုရှားဖက်ကတော့ အမေရိကန်ဖက်က အဆိုပြုချက်တချို့ကို ကြီးကြီးမားမားပြင်ဆင်ဖို့လိုနေတယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ “တရားမျှတပြီး ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး” ရဖို့လိုတယ်လို့လည်း အီတလီဝန်ကြီးချုပ်က ထပ်လောင်းပြောဆိုခဲ့တာပါ။

ဇလန်းစကီးဟာ လေးနှစ်ကြာ ပဋိပက္ခကို ဖြေရှင်းဖို့အတွက် ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတိုင်ပင်မှုတွေ လုပ်သွားဖို့ ရှိနေပြီး ဒီကနေ့ တနင်္လာနေ့၊ ဒီဇင်ဘာ ၈ ရက်နေ့မှာပဲ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေတာပါ။

08/12/2025

မလောင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက် မိသားစုဝင် ၃ ဦးသေဆုံး

ဒီဇင်ဘာ ၈ ရက် ၊ ၂၀၂၅ ခုနှစ်
ခက်လွင် / Think Media

ဖားကန့်မြို့နယ် မလောင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် ၃ ဦးသေဆုံးပြီး ၇ လအရွယ်ကလေးငယ်တဦး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့ ၁၁ ဝန်းကျင်မှာ ဖားကန့်မြို့နယ် မလောင်ကျေးရွာကို စစ်ကောင်စီဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ်ကလေးငယ်တဦးနဲ့ လင်မယား ၂ ဦးသေဆုံးခဲ့ပါတယ်။ နေအိမ် ၂ လုံးလည်းပျက်စီးခဲ့ပါတယ်။အဆိုပါမိသားစုထဲက ၇ လအရွယ်ကလေးငယ်တဦး နဲ့ သားအကြီးတယောက်မသေဘဲ ကျန်ရှိခဲ့တာပါ။

08/12/2025

ဗန်းမောက်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

ဒီဇင်ဘာ ၈ ရက် ၊ ၂၀၂၅ ခုနှစ်
ခက်လွင် / Think Media

စစ်ကိုင်းတိုင်း ဗန်း‌မောက်မြို့ကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့ကဒီဇင်ဘာလ ၇ ရက်နေ့ နေ့လည် ၂ နာရီကျော်မှာ ဗန်းမောက်မြို့တောင်ပိုင်းမှာရှိတဲ့ သုံးမြေဆုံရွာကို စစ်ကောင်စီက တိုက်လေယာဥ် ၂ စီးအသုံးပြုပြီး ဗုံး ၈ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေကဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကြောင့် အသက် ၃၃ နှစ်အရွယ် ကိုငြိမ်းမောင်သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် မနေ့က ည ၇ နာရီနဲ့ ၁၀ နာရီခွဲအချိန်မှာ ကသာမြို့နယ်မှာရှိတဲ့ နမ့်စမ်းကျေးရွာက အလယ်တန်းစာသင်ကျောင်းနဲ့ ကျောက်ထုံးကြီးကျေးရွာကို တိုက်လေယာဥ်နဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းရဲ့ KG အဆောင်ပျက်စီးသွားပြီး ကျောက်ထုံးကြီးကျေးရွာက အမျိုးသမီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။နေအိမ် ၃ လုံးလည်းပျက်စီးခဲ့ပါတယ်။

08/12/2025

NUG ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှု ဝေဖန်ခံနေရ

ဒီဇင်ဘာလ ၈၊ ၂၀၂၅ ခုနှစ်
ကိုဇေယျာ / Think Media

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဒီနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။

အဲသလို ပြန်လည်ပြင်ဆင် ဖွဲ့စည်းရာမှာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေက မူဝါဒ အပြောင်းအလဲ၊ လူပုဂ္ဂိုလ်အပြောင်းအလဲတွေကို မျှော်မှန်းထားကြပေမဲ့ ဖြစ်မလာတဲ့အတွက် ဝေဖန်မှုတွေ ရှိနေပါတယ်။

“ဒီတခေါက် ၅ နှစ်အကြာမှာ NUG က ပြန်လည်ပြင်ဆင် ဖွဲ့စည်းမယ်တို့ ဘာတို့ ပြောတဲ့အခါ ERO တွေက ကိုယ်စားလှယ်တွေများ ပါလာမလားလို့ မျှော်လင့်မိတာပေါ့လေ။ နောက်တခါ အစိုးရအဖွဲ့ကလည်း ပိုပြီးတော့ ကျစ်ကျစ်လစ်လစ်နဲ့ နိုင်ငံတကာအတွက် advocacy လုပ်ငန်းတွေရော၊ တော်လှန်ရေး တာဝန်တွေရော ထမ်းဆောင်နိုင်မယ့် အနေအထားမျိုး၊ တကယ့်ထိရောက်တဲ့ ဝန်ကြီးဌာနတွေနဲ့ ထိထိရောက်ရောက်ဖြစ်မယ်လို့ မျှော်လင့်တာပေါ့လေ။ ကျနော့်အယူအဆအရဆိုတော့ ဘာမှ မပြောင်းလဲဘူးပေါ့ဗျာ။ ဝန်ကြီး လေးငါးယောက် မပါတော့ဘူးပေါ့ဗျာ။ တခြားဝန်ကြီးဌာနတွေ ပေါင်းပစ်လိုက်တယ်ပေါ့။ ဘာမှမထူးပါဘူး။ စိတ်မကောင်းစရာ ကောင်းတာကတော့ ၅ နှစ်တာခရီး ဖြတ်သန်းပြီးတဲ့ အချိန်အထိကို ဗမာတော်လှန်ရေး အင်အားစုတွေ အထူးသဖြင့်တော့ NLD ခေါင်းဆောင်တဲ့ ဗမာတော်လှန်ရေး အင်အားစုတွေနဲ့ ERO တွေ ကြားထဲမှာ ရင်ဘတ်ခြင်းဂျက်ပင် မထိုးမိသေးဘူးလို့ပဲ ကျနော်ယူဆပါတယ်။ စစ်ရေးအရ ပူးပေါင်းတာတို့ ဘာတို့တော့ ရှိမှာပေါ့လေ။ နိုင်ငံရေး၊ အစိုးရတရပ် တည်ဆောက်ရေး၊ တိုင်းသစ်ပြည်သစ် တည်ဆောက်ရေးမှာတော့ ထင်သလောက် ခရီးမပေါက်သေးဘူလို့ပဲ ယူဆပါတယ်” လို့ NUCC အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုမိုးထက်နေက TM Media ကို ပြောပါတယ်။

NUG မှာ အရင်ရှိခဲ့တဲ့ ဝန်ကြီးဌာနက ၁၇ ခုကနေ ဝန်ကြီးဌာနက ၅ ခုကို ဖျက်သိမ်းခဲ့ပါတယ်။ ဖျက်သိမ်းခဲ့တဲ့ ဝန်ကြီးဌာနတွေကတော့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန​တို့ ဖြစ်ပါတယ်။

ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရအဖွဲ့မှာ ဒေါက်တာဆာဆာ၊ ဦးထင်လင်းအောင်၊ ဒေါ်ခင်မမမျိုး၊ နိုင်ထွန်းဖေ ၊ နော်စူဇန်နာလှလှစိုး ၊ ဦးမိုးဇော်ဦး၊ မအိသဉ္ဓာမောင်၊ ဦးချစ်ထွန်း အပါအဝင် ဝန်ကြီးနဲ့ ဒုဝန်ကြီး ၈ ဦးကတော့ ပြန်လည်ပါဝင်လာခြင်း မရှိတော့ပါဘူး။

လက်ရှိ ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရ အနေနဲ့ ဝန်ကြီးဌာန တချို့ကို ဖျက်သိမ်းတာ၊ ဝန်ကြီးနေရာတချို့ကို အစားထိုး တာဝန် ပေးတာကလွဲပြီး တခြား သိသာထင်ရှားတဲ့ အပြောင်းအလဲမျိုး မရှိခဲ့ပါဘူး။

“လူအရေအတွက်အချို့လျော့ချ၊ တချို့လူတွေ ထွက်သွားပြီးတော့ လူဟောင်းတွေ ကျန်ရစ်ခဲ့တယ်။ ဒုဝန်ကြီးကနေ ဝန်ကြီးဖြစ်လာတာတွေ ရှိတယ်။ ဌာနတွေပြောင်းတယ်။ အချိန်းအပြောင်းလုပ်တယ်။ ဒီလောက်ပဲပေါ့။ ဒါကပြောမယ်ဆိုရင် အသွင်သဏ္ဍန် ပြောင်းလဲရေးလား၊ အနှစ်သာရပြောင်းလဲရေးလားဆိုတဲ့ ကျနော်တို့ ထုတ်ထားတဲ့ မေးခွန်းနဲ့ သိပ်မကိုက်ညီတဲ့ ကိစ္စလို့ မြင်ပါတယ်။ ကျနော်တို့က အသွင်သဏ္ဍန်ကိစ္စရော၊ အနှစ်သာရ ကိစ္စရော နှစ်ခုလုံးကို စိတ်ဝင်စားတယ်။ အခုအချိန်မှာ မြင်တွေ့ရတာကတော့ သိပ်ထူးခြားတဲ့ ပြောင်းလဲမှု မဟုတ်ဘူးလို့ မှတ်ချက်ချချင်ပါတယ်” လို့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SDP) ရဲ့ အထွေထွေ အတွင်းရေးမှူး ကိုကျော်ကိုကိုက ဝေဖန်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH က ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်တဲ့ အာဏာ ကို ကျင့်သုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ “အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့” ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီ ထုတ်ပြန်ကြေညာချက် အောက်မှာလည်း NUG အစိုးရရဲ့ မူဝါဒ မပြောင်းလဲတာ၊ အရေးမကြီးတဲ့ ဝန်ကြီးဌာနတွေ ပါဝင်နေသေးတာ၊ စာရင်းစစ် မရှိတာ အပြင် ဟန်ပြ ပြန်လည်ပြင်ဆင်ဖွဲ့စည်းကြတာလို့ ဝန်ဖန်နေကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရမှာ နိုင်ငံတော်သမ္မတ အဖြစ် ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့က ဆက်လက်ပါဝင်နေပြီး ယာယီသမ္မတအဖြစ် ဒူဝါလရှီးလက တာဝန်ယူထားပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့မှာတော့ ဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်းက တာဝန်ယူထားပြီး ဒေါက်တာ ဇော်ဝေစိုးကိုတော့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီးဖြစ် ခန့်အပ်ထားပါတယ်။

Address

London

Website

Alerts

Be the first to know and let us send you an email when TM MEDIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TM MEDIA:

Share