26/08/2026
ပလက်ဝကို စစ်တပ်က သုံးရက်ဆက် လေကြောင်းတိုက်ခိုက်၊ အရပ်သားထိခိုက်သေဆုံးမှုများရှိ
26, AUGUST, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်ကို စစ်ကောင်စီတပ်က ဩဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။
ဩဂုတ် ၂၆ ရက် ညနေ ၄ နာရီကျော်တွင် မီးဇာကျေးရွာနှင့် အနီးဝန်းကျင်ကို ဂျက်ဖိုက်တာ ၅ စီးနှင့် Y-12 လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ထိုတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို လက်ရှိတွင် အတည်မပြုနိုင်သေးကြောင်း သိရသည်။
ထို့အပြင် ဩဂုတ် ၂၅ ရက်တွင် ရွှေလိုက်ဝကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်ခဲ့ရာ မရာလဲန်းကာကွယ်ရေးတပ် (MDF) စစ်သင်တန်းကျောင်းမှ ရဲဘော် ၅ ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ဩဂုတ် ၂၄ ရက်တွင်လည်း စိမ့်ညှင်းဝကျေးရွာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲခဲ့ရာ ကလေးများစာသင်နေသည့် ဘုန်းကြီးကျောင်းနှင့် ရွာအတွင်း ဗုံးများကျရောက်ပေါက်ကွဲပြီး ကလေးငယ်များအပါအဝင် ၅ ဦးသေဆုံးကာ ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများကြောင့် အရပ်သား ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
News - SALAI RJ
Photo -