
22/06/2025
အစ္စရေး-အီရန် စစ်ပွဲ 9 ရက်မြောက်နေ့မှာ စစ်ပွဲထဲ အမေရိကန် တိုက်ရိုက်ပါဝင်လာပြီဖြစ်ပြီး အမေရိကန် ဗုံးကြဲလေယာဉ်များမှ အီရန်ရဲ့ nuclear site သုံးခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်သမ္မတ ထရမ့်က ဆိုရှယ်မီဒီယာကနေတဆင့် သတင်းထုတ်ပြန်လာပါတယ်။
အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အဓိကအရေးကြီးတဲ့ နေရာသုံးခုဖြစ်တဲ့ Fordow, Natanz, Esfahan တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထရမ့်က ပြောထားပါတယ်။ အစ္စရေးလေတပ်က မတိုက်ခိုက်နိုင်ဘူးလို့ နာမည်ကြီးနေတဲ့ Fordow Fuel Enrichment Facility ကိုလည်း အဓိကထားပြီး primary site အဖြစ် တိုက်ခိုက်ခဲ့ကြောင်း ထရမ့်က ပြောထားပါတယ်။ လက်ရှိမှာ ဗုံးကြဲခဲ့တဲ့ လေယာဉ်တွေက အန္တရာယ်ကင်းကင်းနဲ့ ပြန်လည်ထွက်ခွာနေပြီ ဖြစ်ကြောင်းလည်း ပြောထားပါသေးတယ်။
Axios သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန်ကနေ အီရန်ကို တိုက်ရိုက်တိုက်ခိုက်မယ့် အစီအစဉ်အကြောင်း အစ္စရေးကို ကြိုတင်အသိပေးထားတယ်။ တိုက်ခိုက်မှုအတွင်း B-2 Spirit မဟာဗျူဟာမြောက် ကိုယ်ပျောက်ဗုံးကြဲလေယာဉ်တွေလည်း ပါဝင်တယ်လို့ အစ္စရေးအရာရှိတစ်ဦးက Axios သတင်းဌာနကို ပြောထားပါတယ်။
အမေရိကန်က ဗုံးကြဲခဲ့ကြောင်း သတင်းနှင့်အတူ အီရန်အတွင်း ဆိုးဆိုးဝါးဝါး အီလက်ထရောစစ်ဆင်ရေးနှောင့်ယှက်မှုတွေ ကြုံနေရတယ်လို့ ပြောတာတွေရှိတယ်။ ရေဒီယို, GPS, မိုဘိုင်းဖုန်း စနစ်တွေမှာ အပြင်းထန်ဆုံးသော နှောင့်ယှက်မှုတွေ ဖြစ်နေတယ်လို့ တယ်လီဂရမ်ချန်နယ် အချို့မှာ ဖော်ပြထားပါတယ်။ အတည်ပြုဖို့တော့ လိုနေသေးတဲ့ အခြေအနေပါ။
စစ်ပွဲအတွင်း ပထမဦးဆုံး အကြိမ်အဖြစ် အီရန်ဘက်က အစ္စရေးကို ပဲ့ထိန်းဒုံးတွေ မပစ်တာ 24 နာရီ ကျော်သွားပြီ ဖြစ်ပါတယ်။ အစ္စရေးအထိရောက်ဖို့ medium-range ballistic missile တွေ လိုပေမယ့် အမေရိကန်ပါဝင်လာတာကို တုန့်ပြန်ဖို့ဆိုရင်တော့ အီရန်ဘက်ကနေ တာတိုဒုံးပျံတွေ သုံးပြီး ဒေသတွင်းရှိ အမေရိကန်စခန်းတွေကို တိုက်ခိုက်နိုင်စွမ်းရှိနေပါတယ်။
ပေ 200 ကျော် အနက်က Fordow Fuel Enrichment Facility ကို အမေရိကန်ရဲ့ B-2 Spirit ဗုံးကြဲလေယာဉ်တွေ ဖျက်ဆီးနိုင်ခဲ့သလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။
Whiteman လေတပ်စခန်းကနေ B-2 တွေ ပျံတက်သွားပြီး အီရန်ကို ဗုံးကြဲခဲ့တာက ကမ္ဘာ့အရှည်ဆုံး မရပ်မနား ဆက်တိုက်ပျံသန်းတဲ့ ဗုံးကြဲခရီးစဉ်အဖြစ်လည်း မှတ်တမ်းဝင်သွားနိုင်ဖွယ်ရှိနေပါတယ်။
Tactical Raptor
Raptorone