10/09/2026
#ဝမ်းသာစရာ ကြီးမားတဲ့ အောင်မြင်မှုနဲ့အတူ ကင်ဆာကာကွယ်ဆေးကို တီထွင်နိုင်ခဲ့
ကင်ဆာ လို့ ကြားလိုက်တာနဲ့ လူတိုင်း ကြောက်လန့်တကြား ဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ မကြာခင်မှာ ဒီရောဂါဆိုးကြီးကို နှိမ်နင်းနိုင်တော့မယ့် ကမ္ဘာ့ပထမဆုံး လူနာတစ်ဦးချင်းစီအတွက် သီးသန့်ထုတ်လုပ်မယ့် mRNA ကင်ဆာကာကွယ်ဆေး စမ်းသပ်မှုကြီး အကြောင်းကို မိတ်ဆွေ သိပြီးပြီလား။
ဒီသမိုင်းဝင် သုတေသနကို အောင်မြင်စွာ ဦးဆောင်နေသူကတော့ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က သိပ္ပံပညာရှင် ပါမောက္ခ Georgina Long ပဲ ဖြစ်ပါတယ်။ သူမဟာ ဒီအောင်မြင်မှုအတွက် ဩစတြေးလျသိပ္ပံလောကရဲ့ အော်စကာဆုလို့ တင်စားရတဲ့ အမြင့်ဆုံး Eureka ဆုကြီးကို ဂုဏ်ယူစွာ ဆွတ်ခူးသွားခဲ့ပါတယ်။
သမိုင်းဝင် မှတ်တိုင်သစ် နဲ့ ဒေါ်လာ ဘီလီယံချီတဲ့ မျှော်လင့်ချက်
ဒီကာကွယ်ဆေးအသစ်ကို ကိုဗစ်ကာကွယ်ဆေးထုတ်တဲ့ နာမည်ကြီး Moderna ကုမ္ပဏီနဲ့ Merck ဆေးကုမ္ပဏီတို့က ပူးပေါင်းထုတ်လုပ်နေတာပါ။ ရည်ရွယ်ချက်ကတော့ ကင်ဆာအကျိတ်ကို ခွဲထုတ်ပြီးနောက် လူနာရဲ့ ခန္ဓာကိုယ်ထဲမှာ ရောဂါပြန်မဖြစ်လာအောင် အပြီးတိုင် တားဆီးပေးဖို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကနဦးရလဒ်တွေအရ ဒီဆေးဟာ လူနာတွေအပေါ် အလွန်သိသာတဲ့ တိုးတက်မှုတွေ ပြသနိုင်ခဲ့လို့ ကမ္ဘာ့ဆေးပညာလောက အကြီးအကျယ် လှုပ်ခတ်သွားခဲ့ပါတယ်။ ဒီသတင်းကြောင့် Moderna ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးဟာ ဈေးကွက်ထဲမှာ တရက်တည်းနဲ့ ဒေါ်လာ ၆၂ ဘီလီယံအထိ ခုန်တက်သွားခဲ့တဲ့အထိ လူသားတွေ မျှော်လင့်ချက် ကြီးမားနေခဲ့တာပါ။
ပါမောက္ခလောင်း ကတော့ ဒါဟာ "ကင်ဆာကုသရေးမှာ လမ်းကြောင်းပြောင်းသွားစေမယ့် သမိုင်းဝင် မှတ်တိုင်တစ်ခုပါပဲ" လို့ တင်စားထားပါတယ်။
လူတစ်ဦးချင်းစီအတွက် သီးသန့်ထုတ်မယ့်ဆေး ဘယ်လို အလုပ်လုပ်သလဲ
ဒီဆေးက အားလုံးကို တစ်ပုံစံတည်း ထိုးပေးမယ့် သာမန်ကာကွယ်ဆေး မဟုတ်ပါဘူး။
အလုပ်လုပ်ပုံက ဒီလိုပါ -
လူနာတစ်ဦးချင်းစီရဲ့ ခွဲထုတ်လိုက်တဲ့ ကင်ဆာအကျိတ်တွေကို သုတေသီတွေက ဓာတ်ခွဲခန်းမှာ DNA အသေးစိတ် လေ့လာပါတယ်။
အဲဒီလူနာရဲ့ ကင်ဆာဆဲလ်တွေမှာပဲ သီးသန့်ရှိနေတဲ့ ထူးခြားတဲ့ ပရိုတင်း (Neoantigens) တွေကို ရှာဖွေပြီး အဲဒီအချက်အလက်တွေနဲ့ mRNA ကာကွယ်ဆေးကို အချိန် (၈) ပတ် ယူပြီး သီးသန့် ဖန်တီးရပါတယ်။ ဒီဆေးက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို "မင်းကို ဒုက္ခပေးမယ့် ရန်သူက ဘယ်လိုပုံစံလဲ" ဆိုတာ တိတိကျကျ သင်ပေးလိုက်တာပါ။
ပုံမှန်အားဖြင့် ကိုယ်ခံအားစနစ်က ကိုယ့်ခန္ဓာကိုယ်က ဆဲလ်ကောင်းတွေကို မတိုက်ခိုက်ပါဘူး။ ကင်ဆာဆဲလ်တွေက အဲဒီအချက်ကို အခွင့်ကောင်းယူပြီး ဆဲလ်ကောင်းယောင်ဆောင်ကာ ပုန်းအောင်းနေတတ်ပါတယ်။
ဒါကြောင့် လူနာကို Keytruda ဆိုတဲ့ ကင်ဆာဆေး အရင်တိုက်ပါတယ်။ အဲဒီဆေးက ကင်ဆာဆဲလ်တွေရဲ့ ကိုယ်ပျောက်ဝတ်ရုံကို ဆွဲခွာပေးလိုက်ပါတယ်။
အဲဒီအချိန်မှာ mRNA ကာကွယ်ဆေးက ရန်သူကို မှတ်မိအောင် လုပ်ပေးထားပြီးဖြစ်လို့ ကိုယ်ခံအားစနစ်က ကင်ဆာဆဲလ်တွေကို ချက်ချင်း တိုက်ခိုက်ပါတော့တယ်။ (Merck ဥက္ကဋ္ဌ ပြောသလိုဆိုရင် ကာကွယ်ဆေးက ရန်သူ့အနံ့ကို ပေးလိုက်ပြီး၊ Keytruda ဆေးက စစ်ခွေးတွေကို လွှတ်ပေးလိုက်တဲ့ သဘောပါပဲ။)
ဒီဆေးနှစ်မျိုး တွဲသုံးတဲ့ Phase-2b စမ်းသပ်မှုမှာ အဆင့်မြင့် အရေပြားကင်ဆာ လူနာ ၁၅၇ ဦးကို စမ်းသပ်ခဲ့ရာမှာ ကင်ဆာပြန်ဖြစ်ဖို့ (သို့) သေဆုံးနိုင်ခြေကို ၄၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။
အခုဆိုရင် လူနာပေါင်း ၁,၀၈၉ ဦး ပါဝင်မယ့် ဧရာမ Phase-3 စမ်းသပ်မှုကြီးကို ဆက်လက် လုပ်ဆောင်နေပါပြီ။ ဒါဟာ "လကမ္ဘာပေါ် ခြေချနိုင်ခဲ့သလို ကြီးမားတဲ့ အောင်မြင်မှုပါပဲ" လို့ ပါမောက္ခလောင်းက ဆိုပါတယ်။
ကိုယ်တိုင် စမ်းသပ်ခံခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် သူရဲကောင်း
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကဆိုရင် အရေပြားကင်ဆာ ဟာ အဆိုးဆုံး ကင်ဆာဖြစ်ပြီး လူနာအများစုဟာ ၁၂ လအတွင်း သေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ပါမောက္ခလောင်းနဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက် ပါမောက္ခ Richard Scolyer တို့ရဲ့ ကိုယ်ခံအားမြှင့်တင်တဲ့ (Immunotherapy) တွေ့ရှိချက်ကြောင့် အသက်ရှင်နိုင်ခြေ ၅ ရာခိုင်နှုန်းပဲရှိတဲ့ လူနာတွေကို ၅၀ ရာခိုင်နှုန်းအထိ အသက်ရှင်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၃ ခုနှစ်မှာ ပါမောက္ခ ရစ်ချက် ကိုယ်တိုင် အဆိုးရွားဆုံး ဦးနှောက်ကင်ဆာ (Glioblastoma) ဖြစ်နေမှန်း သိလိုက်ရပါတယ်။ အဲဒီအခါ သူတို့အဖွဲ့ဟာ အရေပြားကင်ဆာမှာ အောင်မြင်ခဲ့တဲ့ သူတို့ရဲ့ ကုထုံးသစ်ကို ရဲရဲဝံ့ဝံ့ အသုံးပြုပြီး ပါမောက္ခ ရစ်ချက်ကို ကမ္ဘာပေါ်မှာ ဒီဆေးစမ်းသပ်ခံတဲ့ ပထမဆုံး ဦးနှောက်ကင်ဆာ လူနာ (Patient Zero) အဖြစ် ကုသပေးခဲ့ပါတယ်။
ဒီကုထုံးကြောင့် လပိုင်းသာ အသက်ရှင်ရတော့မယ့် သူ့ရဲ့သက်တမ်းဟာ အံ့သြဖွယ်ကောင်းလောက်အောင် (၂ နှစ်နီးပါး) ရှည်ကြာခဲ့ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းစွာနဲ့ပဲ ၂၀၂၅ ခုနှစ် မတ်လမှာ ကင်ဆာ ပြန်လည် ပွားများလာခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် ဇွန်လ ၇ ရက်နေ့၊ အသက် ၅၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ရှာပါတယ်။
သူတို့ရဲ့ ဒီလို ကြီးမားတဲ့ ကိုယ်ကျိုးစွန့် ကြိုးပမ်းမှုတွေကြောင့် သူတို့နှစ်ဦးဟာ ၂၀၂၄ ခုနှစ်အတွက် ဩစတြေးလျရဲ့ တစ်နှစ်တာ အကောင်းဆုံးပုဂ္ဂိုလ် (Australians of the Year) ဆုကို ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါတယ်။
ရှေ့ဆက်မယ့် ခရီး
အရေးအကြီးဆုံးကတော့ အရေပြားကင်ဆာကနေ စတင်ခဲ့တဲ့ ဒီကုထုံးတွေဟာ အခုဆိုရင် အဆုတ်၊ ကျောက်ကပ်၊ လည်ပင်း၊ ဆီးအိမ်နဲ့ ပြန်ရည်ကျိတ် ကင်ဆာတွေအထိ အကြီးအကျယ် အကျိုးပြုဖို့ လမ်းစ ပွင့်နေပြီ ဖြစ်ပါတယ်။
ပါမောက္ခလောင်းရဲ့ နောက်ထပ် ပစ်မှတ်ကတော့ လက်ရှိကုထုံးတွေနဲ့ အလုပ်မဖြစ်သေးဘဲ သေဆုံးနေရဆဲဖြစ်တဲ့ ကျန်နေတဲ့ ၅၀ ရာခိုင်နှုန်းသော လူနာတွေအတွက် နည်းလမ်းသစ်တွေ ရှာဖွေဖို့ပါ။ သူမက ဒါကို Third Space (တတိယနယ်ပယ်) လို့ ခေါ်ဝေါ်ပါတယ်။
"ဒီစကြာဝဠာကြီးထဲမှာ ကျွန်မတို့ဟာ မြူမှုန်လေးတစ်မှုန်စာတောင် မရှိပါဘူး။ အသက်ရှင်နေတဲ့ အချိန်တိုတိုလေးအတွင်းမှာ ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံး အပြောင်းအလဲလေးတွေ လုပ်သွားဖို့ကသာ အရေးအကြီးဆုံးပါ" လို့ သူမက ကမ္ဘာကြီးအတွက် ခိုင်မာတဲ့ ခံယူချက်ကို ပြောကြားခဲ့ပါတယ်။
Ref:
Sydney Morning Hearald - Sydney scientist behind ‘moon landing’ cancer vaccine wins top science prize
#ဝမ်းသာစရာပါ