07/11/2024
ထန်တလန်ကို စစ်ကူရောက်လာတဲ့ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်မှူးကြီး စနိုက်ပါလက်ချက်နဲ့ သေဆုံး
VOC/ 07 November 2024
ချင်းပြည် ဟားခါးမြို့ကနေ ထန်တလန်မြို့ကို စစ်ကူရောက်လာကြတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းမှူး ဒုတိယ ဗိုလ်မှူးကြီး တစ်ဦးဟာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စနိုက်ပါလက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ ဒုတိယ ဗိုလ်မှူးကြီးဟာ မကြာသေးခင်ကပဲ ဟားခါးမြို့ကနေ ထန်တလန်မြို့ထဲကို စစ်ကူရောက်လာတာဖြစ်ပြီး သူ့တပ်ဖွဲ့တွေနဲ့အတူ ထန်တလန်မြို့စွန် NLD ရုံးမှာ ခြေကုတ်ယူတပ်စွဲနေရာယူထားကြတာဖြစ်ပါတယ်။
ချင်းပြည်အစိုးရကာကွယ်ရေးတပ်ဖွဲ့ လက်ဖြောင့်တပ်သားတွေရဲ့ စနိုက်ပါလက်ချက် နဲ့ နိုဝင်ဘာလ ၄ ရက်နေ့က သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ထန်တလန်ရှေ့တန်းက စစ်ရေးသတင်းရင်းမြစ်တွေထံကနေသိရပါတယ်။
ဟားခါးမြို့က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထန်တလန်မြို့ထဲကို အောက်တိုဘာလကုန်ပိုင်းက စတင်ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး NLD ရုံး၊ ခလရ ၂၆၉ တပ်ကုန်း နဲ့ ရဲစခန်းတွေမှာ နေရာယူတပ်စွဲထားကြပြီး အင်အား ၁၀၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
ချင်းပြည်အစိုးရကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်နဲ့အမျှ ပစ်ခတ်မှုတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီကတော့ ဟားခါးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ် နေတယ်လို့သိရပါတယ်။