02/08/2026
၁၅ ရက်လုံး ပုလင်းခွံ၊ စက္ကူဟောင်း ကောက်မှ ဘတ် ၆၀၀ သာ ရရှာတဲ့ အသက် ၂၈ နှစ်အရွယ် "နမ်ဖုန်း" ဆိုသူ လူငယ်ဟာ လမ်းဘေးမှာ ဘတ်တစ်သိန်းတန် ပိုက်ဆံထုပ်ကြီး ဝှက်ထားသလို ကျပျောက်နေတာကို ကောက်ရခဲ့ပါတယ်။
ဒီငွေဟာ ရာဘာအဝယ်ဒိုင်က မမမြတ် (Jay Ooh) ဆိုသူ အပေါင်ဆိုင်မှာ ရွှေဆွဲကြိုးသွားပေါင်ပြီး တောင်သူတွေဆီက ရာဘာဝယ်ဖို့ ယူလာတဲ့ စီးပွားရေးငွေစက်ကြိုးထဲက ကျပျောက်သွားခဲ့တာပါ။ မမမြတ် ရဲစခန်းမှာ တိုင်ချက်သွားဖွင့်ချိန်မှာတော့ နမ်ဖုန်းက အဲဒီငွေထုပ်ကြီးကို ရဲစခန်းအထိ လာရောက်အပ်နှံနေတာနဲ့ ကြုံလိုက်ရပါတယ်။
မိသားစု ဆင်းရဲပေမဲ့ "ကိုယ့်ဥစ္စာ မဟုတ်ရင် ဘယ်တော့မှ မယူနဲ့" ဆိုတဲ့ အဘွားဖြစ်သူရဲ့ ဆုံးမစကားကို ငယ်စဉ်ကတည်းက စွဲမြဲနေသူမို့ ဒီငွေတွေကို သိမ်းပိုင်ဖို့ မစဉ်းစားခဲ့ပါဘူး။
နမ်ဖုန်းရဲ့ ရိုးသားမှုကို သဘောကျလွန်းလို့ မမမြတ်က ဆုကြေးငွေ ဘတ် ၃,၀၀၀ အပြင် သူ့ရဲ့ ရာဘာဒိုင်မှာ ဝန်ထမ်းအဖြစ် အလုပ်ခန့်အပ်လိုက်ပါတယ်။
ရိုးသားမှုစကားတစ်ခွန်းကပဲ နမ်ဖုန်းအတွက် ဘဝတံခါးသစ်ကို ဖွင့်လှစ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။