17/10/2025
"Los Angeles မြို့ကနေ New York မြို့အထိ ငါ Tour ထွက်ခဲ့တုန်းက ပရိတ်သတ်တွေရဲ့ အိမ်တွေကို သွားပြီး ထမင်းအတူစားရင်း စကားပြောခဲ့တဲ့ Fan Tour အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့တယ်။ အဲ့ဒီမှာ တချို့ပရိတ်သတ်တွေဆီကနေ "မင်းဂီတက ငါ့ကိုကယ်တင်ပေးခဲ့တယ်" ဆိုတဲ့ စကားတွေ ကြားခဲ့ရတယ်။ ငါ့အနေနဲ့ ဘယ်သူ့ကိုမှ ကယ်တင်ဖို့အထိ မရည်ရွယ်ခဲ့ပေမယ့် သူတို့က အရေပြားပေါ်မှာ ရေးထိုးထားတဲ့ ငါ့သီချင်းစာသားတွေကို ပြပြီး အတည်ကြီး ပြောနေခဲ့တာဆိုတော့ ငါလည်း အံ့ဩနေခဲ့မိတယ်။ အဲ့ဒီအချိန်မှာပဲ အနုပညာရှင်တစ်ယောက်ရဲ့ အသံစွမ်းအားကို ငါသဘောပေါက်သွားခဲ့တယ်။ ငါကယ်တင်ဖို့ မလုပ်ခဲ့တာတောင် ပရိတ်သတ်တွေဆီက ဒီလိုစကားတွေ ကြားခဲ့ရရင် ငါကိုယ်တိုင် ကယ်တင်ဖို့ လုပ်တဲ့အခါ ဘယ်လိုအကျိုးဖြစ်ထွန်းမလဲဆိုတာ ငါသိချင်လာခဲ့တယ်"
အထက်ပါ စကားတွေဟာ Logic တစ်ယောက် သူ့ရဲ့ 1-800-273-8255 အမည်ရှိ သီချင်းအကြောင်းကို မေးမြန်းခဲ့တဲ့အချိန်မှာ ပြောပြခဲ့တာတွေပဲ ဖြစ်ပါတယ်။ သီချင်းနာမည်ဖြစ်တဲ့ 1-800-273-8255 ဆိုတာ အကြောင်းအရင်းတစ်ခုခုကြောင့် စိတ်ဓာတ်ကျနေသူတွေအနေနဲ့ စိတ်ဓာတ်ကျတဲ့အကြောင်းကို ရင်ဖွင့်ချင်တဲ့အခါ ဆက်သွယ်ဆွေးနွေးနိုင်တဲ့ National Su***de Prevention Lifeline ရဲ့ ဖုန်းနံပါတ် ဖြစ်ပါတယ်။ Logic ဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသူတွေအကြောင်း ရေးသားသီဆိုထားတဲ့ သူ့ရဲ့သီချင်းအတွက် National Su***de Prevention Lifeline နဲ့ ပူးပေါင်းဖန်တီးခဲ့ပြီး သီချင်းနာမည်ကို အခုလိုပေးခဲ့တာ ဖြစ်ပါတယ်။ Logic ပြောထားသလို သူ့မှာရှိတဲ့ ခွန်အားနဲ့ တခြားသူတွေကို ဆွဲထူဖေးမဖို့ ဖန်တီးထားတဲ့ ဒီသီချင်းထဲမှာ ဘယ်လိုအယူအဆတွေပါလဲ၊ ဘယ်လိုရည်ရွယ်ချက်တွေရှိနေလဲ၊ အကျိုးဆက်ကရောကောင်းရဲ့လား။ စာရေးသူနဲ့အတူ နစ်ဝင်စီးမျောလိုက်ရအောင်။
- Pre Chorus -
"I've been on the low, I been taking my time.
I feel like I'm out of my mind.
It feel like my life ain't mine
Who can relate?"
"စိတ်အခြေအနေက အောက်ဆုံးထိ ထိုးကျနေလို့ အချိန်ယူနေခဲ့ရတယ်။ ငါ့စိတ်တွေ လွတ်သွားပြီလို့တောင် ခံစားရတယ်။ ငါ့ဘဝကလည်း ငါ့ကိုယ်ပိုင် မဟုတ်တော့ဘူး၊ ဘယ်သူများ နားလည်နိုင်မလဲ"
Pre Chorus အနေနဲ့ သီချင်းအဖွင့်မှာ ရွတ်ဆိုထားတဲ့ အထက်ပါ စာသားတွေကို ကြည့်ပြီး စိတ်ဓာတ်ကျနေတဲ့ လူတစ်ယောက်ရဲ့ ခေါင်းထဲက အတွေးတွေကို ပုံဖော်ရွတ်ဆိုထားကြောင်း ခံစားမိနိုင်တယ်။ သီချင်းအဖွင့်ကနေစပြီး ပထမအပိုဒ်နဲ့ Chorus ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသူ တစ်ယောက်ရဲ့ ရှု့ထောင့်ဘက်ကနေ ရေးသားထားတယ်လို့လည်း အင်တာဗျူးတစ်ခုမှာ Logic က ပြောပြခဲ့တယ်။
- Chorus -
"I don't wanna be alive,
I just wanna d*e today"
Logic ဖန်တီးထားတဲ့ ဇာတ်ကောင်က လောကကို အရှုံးပေးဖို့ ကြိုးစားနေတာကို ဒီစာသားတွေကတဆင့် ပထမ Chorus မှာမြင်နိုင်တယ်။ အဲ့ဒီနောက် Verse ဝင်လာတယ်။
- 1st Verse -
လူတွေက တစ်စုံတယောက် ရင်ဖွင့်တဲ့စကားတွေကို အပေါ်ယံဘဲ ခံစားပြကြတာ များတယ်။ တခြားသူရဲ့ ခံစားချက်တွေကို အတွင်းကျကျ မသိကြဘူး။ မသိတာထက် သိချင်ယောင်၊ နားလည်ချင်ယောင်ဆောင်တာလို့ပဲ ပြောရမလား။ ရင်ဖွင့်မိတဲ့အချိန် အများဆုံး ကြားရတဲ့ "ဒါလေးဖြစ်တာကို ဘာတွေဒီလောက်ခံစားနေတာလဲကွာ" ဆိုတဲ့ စကားလိုပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ခံနိုင်ရည်မတူကြတာကို မေ့ပြီး ကိုယ့်အမြင်နဲ့ပဲ ချိန်ထိုးကြည့်တတ်တာဟာ တကယ်ရော ကူညီရာ ရောက်ရဲ့လား။ တကယ်ဆို ရင်ဖွင့်လာသူတွေရဲ့ဘက်က ဝင်ကြည့်ပေးပြီး အပြုသဘောနဲ့ ဖေးမတဲ့ပုံစံ၊ အကြံဉာဏ်ပေးတဲ့ပုံစံမျိုးကပဲ အကောင်းဆုံးဖြစ်မလား။ ပထမ Verse နဲ့တင် တွေးစရာတွေ အများကြီးပါပဲ။ လူတွေကို ရင်ဖွင့်မိတဲ့အချိန်မှာ လူတွေက နားလည်ချင်ယောင်ဆောင်ကြတယ်။ ဒါပေမယ့် သူ့ကို ကူညီဖေးမပေးမယ့်သူ တစ်ယောက်မှ မရှိဘူး။ သူ့ဘဝက အရေးမပါသလိုပဲ။ သူ့ကိုယ်ပိုင်နေရာလို့ ခေါ်လို့ရလောက်မယ့် နေရာ၊ အိမ်လိုမျိုး နွေးထွေးတဲ့နေရာတွေ တစ်ခါမှတောင် မရှိခဲ့ဖူးဘူး။ ဒီလို ခံစားချက်တွေကို နာနာကျင်ကျင် ခံစားနေရပေမယ့်လည်း သူ့အနေနဲ့ ထုတ်ဖော်ပြသဖို့အတွက် မစွမ်းသာတဲ့အကြောင်းတွေကို ပထမ Verse မှာ တွေ့ခဲ့ရတယ်။ (၈) ဘား Verse ဖြစ်ပေမယ့် အကြောင်းအရာ ကျစ်လစ်ပြီး ဆိုလိုရင်းကို ထိရောက်အောင် ပုံဖော်ထားတယ်။ ဇာတ်ကောင်အနေနဲ့ သူ့ကိုနားလည်ပေးမယ့်တစ်စုံတစ်ယောက်ကို ရှာဖွေတောင့်တနေသလိုမျိုး ခံစားမိတယ်။
- 2nd Chorus -
"I want you to be alive,
You don't gotta d*e today"
ဒုတိယ Chorus အရောက်မှာ ပထမ Chorus နဲ့ ရှုထောင့်မတူတော့တာကို တွေ့ရတယ်။ Logic ကိုယ်တိုင်က ဇာတ်ကောင်ကို အားပေးနေတဲ့ပုံစံမျိုး ဖြစ်သွားတယ်။ ဒီလို တရားသေ ဟုတ်ချင်မှလည်းဟုတ်မယ်။ ဇာတ်ကောင်ကိုယ်တိုင် သူ့ကိုယ်သူ ပြန်အားပေးနေတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ပထမ Chorus လို မဟုတ်ဘဲ မျှော်လင့်ချက် ရောင်ခြည်သမ်းလာတယ်ဆိုတာကို ဒုတိယ Chorus မှာ ပုံဖော်ထားတယ်။
- 2nd Verse -
ဒုတိယအပိုဒ်မှာတော့ Canadian Pop Star "Alessia Cara" က ရုတ်တရက်ဆိုသလိုပဲ ဝင်လာတယ်။ ရေထဲနစ်နေတဲ့အချိန်တစ်လျှောက်လုံးမှာ ရှုလိုက်ရမိတဲ့ ပထမဆုံး အသက်ရှုသံလိုမျိုး၊ ချစ်ရသူနဲ့ နှလုံးသားချင်း နီးစပ်နေတဲ့အချိန် လေထုထဲမှာ လွတ်လပ်ပေါ့ပါးသွားသလိုမျိုး၊ ဒီလို ခံစားချက်တွေနဲ့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာတဲ့အကြောင်းကို သေသေချာချာ မီးမောင်းထိုးပြထားတယ်။ အမှောင်လမ်းတွေဟာ ရှည်လျားပေမယ့် အလင်းစက်ကို မြင်တွေ့နေရတယ်။ နောက်ဆုံးတော့ မှန်ရှေ့မှာ ရပ်လိုက်တဲ့အချိန် ကိုယ်ဘယ်သူလဲဆိုတာ သိသွားတယ်။ အကျဉ်းချုပ်ရရင်တော့ ဇာတ်ကောင်က အမှောင်ထုထဲကနေ တိုးထွက်ဖို့လမ်းစမြင်လာခဲ့ပြီး သူ့ကိုယ်သူ ယုံကြည်မှုတွေ ရှိလာပြီဆိုတဲ့ အရိပ်အယောင်တွေကို ခံစားမိလိုက်တယ်။
"မင်းဘယ်ကလာသလဲ၊ ဘယ်မှာရှိနေလဲ၊ ဘယ်ကိုသွားမှာလဲ ဆိုတာ ငါသိတယ်။ ဘဝကို ငါယုံကြည်ချက်ရှိလာတာက မင်းကြောင့်ပဲ" ဆိုတဲ့ စာသားတွေနဲ့ Logic ကပါ ဒုတိယအပိုဒ်မှာ ဝင်ရောက်ဖြည့်စွက်ထားတယ်။ အဲ့ထဲမှာမှ "What's the day without a little night" ဆိုတဲ့ စာသားကိုတော့ သဘောကျ နှစ်သက်မိတယ်။ အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ ဘဝမှာ လိုချင်တာတွေရှိသလို မလိုချင်တာတွေလည်း ရှိတယ်။ ဒါဟာ သဘာဝပဲ။ အလင်းဆုံးနေ့ ရောက်လာဖို့ ညနက်တွေကို ဖြတ်သန်းရတယ်။ ဒီအချက်ကို အပေါ်က စာသားက ထင်ဟပ်နေတယ်။ ညမရှိတဲ့ နေ့ဟာ ဘယ်လိုနေ့မျိုးလဲ။ ခက်ခဲနေတာ သိပေမယ့် မင်းရှင်သန်မှ ဖြစ်မယ် စာသားနဲ့အတူ ဒုတိယအပိုဒ်ဟာ အဆုံးသတ်သွားတယ်။
- 3rd Chorus -
"I finally wanna be alive,
I don't wanna d*e today"
နောက်ဆုံးမှာ ဇာတ်ကောင်အနေနဲ့ အမှောင်ထုဆီကနေရုန်းထွက်ပြီး အလင်းနေ့သစ်တွေဆီ ဦးတည်သွားပြီဆိုတာကို 3rd Chorus မှာ အဆုံးသတ် ရွတ်ဆိုထားတယ်။ ဒီသီချင်းကို စာရေးသူ ငြိသွားတာကလည်း ဒီအချက်ပဲ။ Chorus တစ်ခုနဲ့တစ်ခုကြားက Verse တွေက ဇာတ်လမ်းကို ပုံဖော်ပြပြီး Chorus တွေက ဇာတ်လမ်းကို အဆုံးသတ်ပေးထားတယ်။ သီချင်းတစ်ပုဒ်တည်းမှာပဲ အပိုင်း (၁), (၂), (၃) ရှိနေသလိုမျိုး ခံစားမိတယ်။ ဒီအကွက်ကိုတော့ ရှယ်ခိုက်တယ်။
- Outro -
ဒရမ်စည်းချက်တွေ ပျောက်သွားပြီး လွမ်းဆွေးစရာ တယောထိုးသံနဲ့အတူ Khalid ရောက်လာခဲ့တယ်။ အထီးကျန်လည်း နောက်ဆုံးအချိန်အထိ လက်မလျှော့ဘဲ ဆက်လျှောက်မယ်။ ဘယ်လိုပဲ အခြေအနေတွေဆိုးနေပါစေ၊ ပန်းတိုင်အတွက် အမြဲရှင်သန်ချင်တယ်။ ဒီထက်ပိုပြီး မငိုချင်တော့ဘဲ အနိုင်ယူချင်တယ်ဆိုတဲ့ ဆန္ဒတွေကို ရွတ်ဆိုရင်းသီချင်းဟာ လှလှပပ အဆုံးသတ်သွားတယ်။
- MTV VMAs Live Performance -
သီချင်းအကြောင်းအရာက ဒီလောက်ပဲဆိုပေမယ့် ဒီလောက်နဲ့ပဲ ရပ်လိုက်လို့ မဖြစ်ပါဘူး။ ဒီသီချင်းရဲ့ Live ဖျော်ဖြေမှုအကြောင်းကိုလည်း ပြောချင်သေးလို့ပါ။ ဒီသီချင်းကို MTV VMAs Live မှာ ဖျော်ဖြေခဲ့တဲ့ Logic ရဲ့ ဖျော်ဖြေမှုကို ကြည့်ပြီး ဒီသီချင်းရဲ့ ခွန်အားကိုပါ မြင်နိုင်တယ်။ ဒီဖျော်ဖြေမှုမှာ Logic နဲ့အတူ ပါဝင်သီဆိုခဲ့သူ (၂) ယောက်အပြင် တခြားသူတွေ မတ်တပ်ရပ်နေတာကို တွေ့လိမ့်မယ်။ အဲ့ဒီသူတွေက မိသားစုဝင်ထဲမှာ သေကြောင်းကြံစည်ခဲ့သူ ရှိခဲ့သူတွေ (သို့) ကိုယ်တိုင်ကြံစည်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ သူတို့ကိုပါ Stage စင်ပေါ်ခေါ်ပြီး ဖျော်ဖြေသွားခဲ့တာက ဒီဖျော်ဖြေမှုကို ပိုပြီး အသက်ဝင်သွား စေခဲ့တယ်။ တီးခတ်မှု၊ ရွတ်ဆိုမှု နဲ့ သရုပ်ပြမှု အကုန်လုံး ပြီးပြည့်စုံတဲ့ ဖျော်ဖြေမှုပါပဲ။ ဖျော်ဖြေနေတဲ့တလျှောက်လုံးမှာလည်း ပရိတ်သတ်တွေလည်း နှလုံးသားနဲ့စီးမျောခံစားနေကြတာကို သူတို့ရဲ့ မျက်လုံးတွေကတဆင့် တွေ့ခဲ့ရတယ်။
- အကျိုးဆက် -
ဒီသီချင်းထွက်လာပြီး သိပ်မကြာခင်မှာပဲ National Su***de Prevention Lifeline ရဲ့ ဖုန်းအဝင်စာရင်းက အဆမတန် ထိုးတက်သွားတယ်။ တွက်ချက်မှုတွေအရ (၉၀၀၀) နီးပါးရှိတယ်လို့ သိရတယ်။ အဆိုပါ ဖုန်းဆက်သူတွေထဲမှာ စိတ်ဓာတ်ကျနေတဲ့သူ၊ ရင်ဖွင့်ချင်တဲ့သူတွေအပြင် သေကြောင်းကြံစည်ဖို့ဆဲဆဲဖြစ်လုနီးပါးသူတွေလည်း ပါဝင်ခဲ့တယ်။ အဆိုပါ ဖုန်းဆက်လာသူတွေထဲက သေကြောင်းကြံစည်ချင်သူ အယောက် (၂၅၀) နီးပါးကို လမ်းမှန်ပေါ် ပြန်ရောက်အောင် ခေါ်ဆောင်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆုံးသတ် အနေနဲ့တော့ ပြောစရာအများကြီး မကျန်တော့ပါဘူး။ ဒီသီချင်းကို စာရေးသူ နားထောင်ဖြစ်တိုင်းမှာ ရခဲ့တဲ့ခံစားချက်က ပထမဆုံးအကြိမ် နားထောင်ခဲ့တဲ့အချိန်က ခံစားချက်လိုပဲ ဖြစ်နေတဲ့အတွက် ရေးသားဖို့ ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
***dePreventionLifeline