 
                                                                                                    01/08/2025
                                            Marketing ကို အခြေခံကစပြီး လေ့လာနေသူတွေအတွက် Marketing ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Product Line (ကုန်ပစ္စည်း အမျိုးအစား) နဲ့ပတ်သက်တဲ့ အချက်တွေကို ဥပမာတွေနဲ့တကွ လေ့လာကြည့်ပါမယ်။
➡️ Product Line ဆိုတာ ဘာလဲ။
Product Line ဆိုတာ ကုမ္ပဏီတစ်ခုကနေ တစ်သားတည်းကျပြီး ဆက်စပ်မှုရှိတဲ့ ကုန်ပစ္စည်းတွေ၊ ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို စုစည်းထားတာကို ဆိုလိုပါတယ်။ အများအားဖြင့် ဒီကုန်ပစ္စည်းတွေဟာ လုပ်ဆောင်နိုင်စွမ်းချင်း ဆင်တူတာ၊ ဖောက်သည်အုပ်စုချင်း တူညီတာ၊ စျေးနှုန်း အပိုင်းအခြား တူညီတာ ဒါမှမဟုတ် ဖြန့်ချိတဲ့လမ်းကြောင်း တူညီတာမျိုးတွေ ရှိတတ်ပါတယ်။
ဥပမာအားဖြင့်- Samsung ရဲ့ Galaxy S Series, Galaxy Note Series နဲ့ Galaxy A Series တို့ဟာ တစ်ခုချင်းစီက သီးခြား Product Line တွေ ဖြစ်ကြပါတယ်။ ဒီ Series တွေဟာ ဖုန်းဆိုတဲ့ Product အမျိုးအစားထဲမှာ ပါဝင်ပေမယ့် ဖောက်သည်အုပ်စု၊ စျေးနှုန်းနဲ့ ပါဝင်တဲ့ Features တွေမှာ ကွဲပြားကြပါတယ်။
➡️ Product Line တစ်ခုမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်များ
Product Line ကို စီမံခန့်ခွဲတဲ့အခါ အဓိကအားဖြင့် အောက်ပါအချက် (၂) ချက်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
1️⃣ Product Line Length (ကုန်ပစ္စည်း အမျိုးအစား အရှည်)
Product Line Length ဆိုတာက Product Line တစ်ခုထဲမှာ ကုန်ပစ္စည်း ဒါမှမဟုတ် ပစ္စည်းဘယ်နှစ်မျိုးလောက် ထည့်သွင်းမလဲဆိုတာကို ဆုံးဖြတ်တာဖြစ်ပါတယ်။
 ➡️ Product Line Stretching (ကုန်ပစ္စည်း အမျိုးအစားကို ဆန့်ထုတ်ခြင်း)
   
✅ Downward Stretching (အောက်ကိုဆန့်ထုတ်ခြင်း): စျေးနှုန်းမြင့်မားတဲ့ ကုန်ပစ္စည်းတွေ ရောင်းချနေရာကနေ စျေးနှုန်းသက်သာတဲ့ ကုန်ပစ္စည်းအသစ်တွေ ထပ်ထည့်ပြီး စျေးကွက်ဝေစု တိုးချဲ့တာဖြစ်ပါတယ်။
     ဥပမာ- Mercedes-Benz လို ဇိမ်ခံကားထုတ်တဲ့ ကုမ္ပဏီကနေ စျေးနှုန်းသက်သာတဲ့ A-Class Series ကို ထုတ်လုပ်ခြင်း။
   ✅ Upward Stretching (အပေါ်ကိုဆန့်ထုတ်ခြင်း): စျေးနှုန်းသက်သာတဲ့ ကုန်ပစ္စည်းတွေ ရောင်းချရာကနေ ဇိမ်ခံပြီး စျေးနှုန်းမြင့်တဲ့ ကုန်ပစ္စည်းအသစ်တွေ ထပ်ထည့်ပြီး ပိုပြီးတော့ အမြတ်အစွန်းများတဲ့ အပိုင်းကို ဝင်ရောက်ခြင်း။
     ဥပမာ- Hyundai ကနေ ပိုပြီး စျေးကြီးတဲ့ Genesis လို ဇိမ်ခံ Brand ကို ဖန်တီးခြင်း။
   ✅ Two-way Stretching (နှစ်ဖက်လုံး ဆန့်ထုတ်ခြင်း): စျေးကွက်ရဲ့ အလယ်အလတ်အဆင့်မှာ ရောင်းချနေတဲ့ ကုမ္ပဏီကနေ စျေးအသက်သာဆုံးအဆင့်နဲ့ စျေးအကြီးဆုံးအဆင့် နှစ်ခုလုံးကို တိုးချဲ့ပြီး ဖောက်သည်အများဆုံးကို ဆွဲဆောင်ခြင်း။
 ➡️ Product Line Filling (ကုန်ပစ္စည်း အမျိုးအစားကို ဖြည့်ဆည်းခြင်း)
   
လက်ရှိ Product Line ထဲမှာ မရှိသေးတဲ့ ကုန်ပစ္စည်းအမျိုးအစားတွေကို ထပ်ဖြည့်တာကို ဆိုလိုပါတယ်။ ဒီလိုဖြည့်ခြင်းအားဖြင့် ပြိုင်ဘက်တွေကနေ ဖောက်သည်တွေ ဆွဲဆောင်သွားတာကို ကာကွယ်နိုင်ပါတယ်။
     ဥပမာ- ကားတစ်မျိုးတည်းကိုပဲ အရောင်အမျိုးမျိုးနဲ့ ထုတ်လုပ်တာမျိုး ဒါမှမဟုတ် ဖုန်းတစ်မျိုးတည်းကိုပဲ RAM Size အမျိုးမျိုးနဲ့ ထုတ်လုပ်တာမျိုး ဖြစ်ပါတယ်။
2️⃣ Product Line Consistency (ကုန်ပစ္စည်း အမျိုးအစားရဲ့ တစ်သားတည်းဖြစ်မှု)
Product Line Consistency ဆိုတာကတော့ Product Line တစ်ခုထဲမှာရှိတဲ့ ကုန်ပစ္စည်းတွေဟာ ဘယ်လောက်အထိ ဆက်စပ်မှုရှိသလဲဆိုတာကို ဆိုလိုပါတယ်။ ဒီဆက်စပ်မှုဟာ ကုန်ပစ္စည်းရဲ့ အသွင်အပြင်၊ လုပ်ငန်းဆောင်တာ ဒါမှမဟုတ် ရောင်းချပုံစံမှာ ရှိနိုင်ပါတယ်။
 ဥပမာ- Samsung ရဲ့ Galaxy S Series ထဲမှာရှိတဲ့ S23, S23 Ultra, S23 FE စတဲ့ ဖုန်းတွေဟာ ဒီဇိုင်း၊ လုပ်ငန်းဆောင်တာနဲ့ နည်းပညာတွေမှာ တစ်သားတည်းကျနေပါတယ်။ ဒီလို တစ်သားတည်းကျမှုက ဖောက်သည်တွေရဲ့ ယုံကြည်မှုကို တိုးစေပြီး Brand ကို ပိုမိုခိုင်မာစေပါတယ်။
ဒီအချက်တွေကို သေချာနားလည်ထားခြင်းအားဖြင့် မိမိရဲ့ လုပ်ငန်းအတွက် Product Line Strategy ကို စနစ်တကျ ချမှတ်နိုင်ပြီး စျေးကွက်ဝေစုကို တိုးချဲ့နိုင်မှာဖြစ်ပါတယ်။
နောက်ထပ်လေ့လာမယ့်အကြောင်းအရာ
-Product Mix
- Product Life Cycle 🔄 PLC
- Product Change Strategy                                        
 
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  