15/07/2025
ကျောက်ဖြူတွင် စစ်ကောင်စီတပ်က ဗုံးမှားကြဲမိခြင်းကြောင့် အရာရှိအပါအဝင် ၁၉ ဦး ဒဏ်ရာပြင်းထန်ဟုဆို
ဓာတု
မဇ္ဈိမ။ ။ တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က အာရက္ခတပ်တော်(AA)အမှတ်ဖြင့် အချင်းချင်း ဗုံးမှားကြဲမိခြင်းကြောင့် စစ်ကောင်စီတပ် အရာရှိအပါအဝင် ၁၉ ဦး ဒဏ်ရာပြင်း ထန် ရရှိသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
“ဘယ်တပ်ဆိုတာအတည်ပြုလို့မရသေးပေမယ့် အရေအတွက်ကတော့ အနည်းဆုံးတပ်စု တစု ၁၉ ယောက်ပတ် ချာလည် အရာရှိအပါအဝင် မသေဘူးဆိုရင်တောင် အပြင်းအထန်ဒဏ်ရာရနိုင်တယ်။ ၁၉ ယောက်လုံးက စိုးရိမ်ရစာရင်းထဲ ပါလောက်တယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က မဇ္ဈိမကိုပြောသည်။
ဒေသတွင်းစစ်ရေးသတင်းအရင်းမြစ်က အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က ဂုံးချွိန်တိုက်နယ် ဘက်သို့ စစ်ကူလာဖြည့်တင်းမည့် စစ်ကြောင်းကို AA တပ်ဖွဲ့ဝင်များဟု ထင်ကာ ဒရုန်းဖြင့်ဗုံးများကြဲချခဲ့ရာ စစ်ကောင်စီတပ်သား သေဆုံးမှုများရှိခဲ့ကြောင်းဆိုသည်။
“သူတို့စစ်ကြောင်းကိုပဲ အချင်းချင်းဗုံးကြဲမိတာပေါ့ သေတဲ့သူတွေရှိပေမယ့် အတိအကျကိုစုံစမ်းနေဆဲပဲ။ ၁၀ ယောက်မကဘူး ပြင်းပြင်းထန်ထန်ဒဏ်ရာရတာတော့ သေချာတယ်”ဟု၎င်းကမဇ္ဈိမကိုပြောသည်။
ရခိုင်အခြေစိုက်သတင်းဌာနများဖြစ်သည့် APM မှာတော့ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကာ ဒဏ်ရာပြင်းထန်သူအများအပြားရှိပြီး နိရဉ္စရာ မှာတော့ ၂၀ ကျော်ထိသွားကြောင်း ယနေ့ (ဇူလိုင်လ ၁၅ ရက်)တွင် ဖော်ပြထားပါတယ်။
စစ်မြေပြင်၌ အထိနာနေသည့် စစ်ကောင်စီတပ်ဘက်က စစ်ကူများကို စစ်တွေ၊ ရန်ကုန် ဘက်မှတဆင့် ကျောက် ဖြူမြို့သို့အင်အားဖြည့်တင်းရန် ရေတပ်သင်္ဘောများဖြင့် အကြိမ်ကြိမ်ပို့ ဆောင်ခဲ့သည်။
စစ်ရေးသတင်းရင်းမြစ်၏အဆိုအရ စစ်ကောင်စီတပ်အနေဖြင့် သေဆုံးမှု ရာနှင့်ချီများပြားနေခြင်းကြောင့် အထိနာနေသဖြင့် စစ်ကူများကို ကျောက်ဖြူမြို့သို့ မတ်လမှ ဇွန်လ ၇ ရက်အထိ ရေတပ်သင်္ဘောများ ဖြင့် ပို့ဆောင်နေသည်မှာ အင်အား ၁,၀၀၀ ထက်မနည်း ရှိပြီဖြစ်သည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ခမရ(၅၄၂)နှင့် ခမရ(၅၄၃) တပ်နှစ်ခုမှာ တပ်ပျက်လုနီးပါးဖြစ်နေပြီး ရဲတပ်ရင်း (၃၂)မှ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ထွက်ပြေးမှုများရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက မဇ္ဈိမကို ဇွန်လ ၂၅ ရက်ကဖြေကြားခဲ့သည်။
ထို့ကြောင့်လတ်တလော တိုက်ပွဲပြင်းထန်နေသည့် ရဲတပ်ရင်း(၃၂)သို့ စစ်ကောင်စီတပ်က အနည်းဆုံးတပတ်တကြိမ် စစ်ကူများကို အဆက်မပြတ်ပို့ဆောင်နေပြီး AA ၏ထိုးစစ်မှာလည်းအဆတ်မပြတ်နေခြင်းကြောင့် အဆိုပါတပ်ရင်းသို့ လက်နက်ကျည် ကျရောက်ပေါက်ကွဲမှုများရှိနေကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်ဘက်ကလည်း ခမရ (၅၄၂)၊ခမရ(၅၄၃)မှ တိုက်ပွဲဧရိယာနှင့် AA ရှိနိုင်သည့်နေရာများသို့ ပစ်မှတ်ထားကာ လက်နက်ကြီးပစ်ကူပေးနေကြောင်း သိရသည်။
ကျောက်ဖြူစစ်မျက်နှာတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)မှာ သူတက်ကိုယ်ဆုတ်၊ ကိုယ်တက်သူဆုတ်ပုံစံဖြင့် လွန်ဆွဲသကဲ့သို့ အနေအထားဖြစ်နေကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
“ရဲတပ်ရင်း(၃၂)ကိုလည်း ပြန်ပြီးတော့ အာရက္ခတပ်တော်ဘက်ကနေ ပစ်ခတ်တိုက်ခိုက်လာတာရှိတယ်။ အရင်ထက်စာရင် အခြေအနေက တဖက်က ဖိရင် တဖက်ကလျှော့သွားတယ်။အဲ့လိုဖြစ်နေတယ် သိသိသာသာပြောင်းလဲနိုင်တဲ့ တိုက်စစ်မရှိသေးဘူး၊ တခုသေချာတာကတော့ အာရက္ခတပ်တော်ဘက်က တိုက်စစ်ပုံစံရှိနေသေးတယ်၊ စစ်ကောင်စီဘက်က အင်အားတွေထပ်ဖြည့်နေပေမယ့် ခံစစ်ကနေတိုက်စစ်ကို ပြောင်းဖို့ကြိုးစားနေပေမယ့် တိုက်စစ်ပုံစံမဖြစ်ဘူး၊ ဒါပေမယ့်တခါတလေမှာတော့ နေရာခံစစ်ကနေ ခံစစ်အရှင် လှုပ်ရှားခံစစ်ဖြစ်လာတဲ့အနေအထားလေးတွေတော့ တွေ့ရတယ်”ဟု ၎င်းကပြောသည်။
AA အနေဖြင့် ရခိုင်ပြည်နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် မြို့ ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး၊ ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့ကို ဆက်လက်သိမ်းပိုက်ရန် ကြိုးပမ်းနေသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ - ၂၀၂၄ ခုနှစ်က စစ်ကောင်စီ၏တိုက်ခိုက်ရေးဒရုန်းတစင်း(ဓာတ်ပုံ-စစ်ကောင်စီထောက်တိုင်သတင်းပေ့ချ်။ PCT news)
#စစ်ကောင်စီ
#ကျောက်ဖြူမြို့နယ်
#ဗုံးမှားကြဲ
#အာရက္ခတပ်တော်