
19/02/2025
"အဆဲကောင်းလို့ ၁၂ ပွဲပယ်ခံရဖို့ရှိတဲ့ ဘယ်လင်ဂမ်"
ဂျူဒီဘယ်လင်ဂမ်ဟာ ဒိုင်လူကြီးကို အော်ဟစ်ဆဲဆိုမှုကြောင့် အနီကတ်ပြသခံခဲ့ရသလို ၁၂ ပွဲပယ် ပြစ်ဒဏ်အထိ ကျခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ အင်္ဂလန်ကြယ်ပွင့်ဟာ အိုဆာဆူနာနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ကွင်းလယ်ဒိုင် ဟိုဆေးမူနူရာကို ညစ်ညမ်းတဲ့စကားလုံးတွေနဲ့စော်ကားခဲ့တာကြောင့် အနီကတ် ထိမှန်ခဲ့တာပါ။ ပွဲပြီးအစီရင်ခံစာမှာတော့ ဘယ်လင်ဂမ်ဟာ "f*** you" လို့ သုံးနှုန်းခဲ့တာကြောင့် အနီကတ်ပြသခဲ့တာဖြစ်တယ်လို့ ဟိုဆေးမူနူရာက ထည့်သွင်းတိုင်ကြားခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ရီးရဲလ်နည်းပြ အန်ဆလော့တီကတော့ ဒီအသုံးအနှုန်းဟာ ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ဖို့ထက် စကားလုံးအဖြစ်သာ နားလည်ပေးဖို့ အကြံပြုပြောဆိုထားပါတယ်။
"ဒိုင်လူကြီးက ဘယ်လင်ဂမ်ရဲ့ အင်္ဂလိပ်အသုံးအနှုန်းကို နားမလည်လို့ဖြစ်မှာပါ။ သူပြောခဲ့တာက f*** off ပါ၊ f*** you မဟုတ်ဘူး။ အဲ့နှစ်ခုက မတူဘူး။ နောက်တစ်ပတ် နည်းပြခုံတန်းလျားမှာရှိနေချင်တာကြောင့် ဒိုင်လူကြီးအကြောင်းကို မပြောချင်တော့ပါဘူး" လို့ ပွဲအပြီးမှာ အန်ဆလော့တီက ပြောဆိုခဲ့ပါတယ်။ စပိန်အက်ဖ်အေက ချမှတ်ထားတဲ့ စည်းကမ်းအရတော့ ကွင်းလယ်ဒိုင်၊ လက်ထောက်ဒိုင်လူကြီး၊ စတုတ္ထဒိုင်နဲ့ ပွဲတာဝန်ရှိသူတွေကို ပုတ်ခတ်ပြောဆိုခြင်း၊ စော်ကားခြင်းတွေအတွက် ၄ ပွဲကနေ ၁၂ ပွဲအထိ ဆိုင်းငံ့ခံရဖို့ရှိနေတာဖြစ်တယ်။ အနည်းဆုံးတော့ ဘယ်လင်ဂမ်ဟာ ဂျီရိုနာ၊ ဘက်တစ်၊ ဗယ်လေကာနိုတို့နဲ့ပွဲစဉ်တွေအပြင် ဆိုစီဒက်နဲ့ရင်ဆိုင်ရမယ့် ကိုပါဒယ်လ်ရေးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို သေချာပေါက်လွဲချော်ပါလိမ့်မယ်။