26/09/2020
ဟိုတလောက အမ တစ်ယောက် Share ထားတဲ့ Be My Eyes ဆိုတဲ့ Application လေးအကြောင်းကိုဖတ်လိုက်ရပြီး
အဲ့ဒီ App ကိုချက်ချင်း Download ပြီး Volunteer ဝင်ခဲ့တယ်..
ဒီနေ့တော့ သည်းဆီကို ပထမဆုံးအနေနဲ့ ဝင်လာတဲ့ဖုန်း Call က သူ့ဖုန်း SIM Card ပျောက်နေလို့ ကူရှာပေးပါတဲ့...
အမျိုးသားပါ.
သည်းက ဂျပန်/ဗမာ / Eng ကို ရွေးထားတာမို့ ဂျပန်ဘာသာစကားနဲ့ အကူအညီတောင်းလာတာပါ..
၃ မိနစ်လောက် ဘယ်ဖက် ညာဖက် ပြခိုင်းရင်း ရှာကူပေးလိုက်ရတယ်..
တွေ့လဲတွေ့သွားရော သူလဲ ပျော်
ကိုယ့်မှာလဲ ပီတိဖြစ်ပြီး ကျန်ခဲ့တယ်... 🥰🥰
ကုသိုလ်ကောင်းမှုဆိုတာ ယူတတ်ဖို့ပဲ လိုတာပါ 💞
----
ကိုယ်က ကူညီချင်တဲ့သူဆိုရင်
အောက်က Volunteer ဆိုတာကို ရွေးရမှာပါရှင့်
အပေါ်တခုက မျက်မမြင်တွေ(အကူအညီလိုအပ်နေသူတွေ) အတွက်ပါ
အပေါ်တစ်ခုကို ရွေးပြီးတော့ ဖုန်းတွေ လျှောက်ခေါ် လျှောက်စမ်းတာမျိုးမလုပ်ကြပါနဲ့နော်
တကယ် အကူအညိီ လိုအပ်နေသူတွေအတွက် ရော ကူညီချင်တဲ့ Volunteer တွေ အတွက်ရော စိတ် ကသိကအောင့် ဖြစ်စေမှာပါရှင်...
(အပေါ်တခုကို မှားပြီး ရွေးမိသူတွေက Log Out လုပ်ပြီး Gmail အသစ် သို့မဟုတ် Fb အသစ်နဲ့ အကောင့်အသစ် ပြန်လုပ်မှ ရပါမယ်ရှင် )
အမြင်အာရုံ ချို့တဲ့သူတွေအတွက်မို့
Video Call ပဲ ဝင်လာပါတယ်ရှင့်
(ဖုန်းအင်တာနက် Data ကို ဖွင့်ထားမှ ဝင်မှာပါ
ပိတ်ထားချိန်ဆို ဝင်လာမှာမဟုတ်ပါဘူးရှင့်)
👇🏻👇🏻 Credit : Thet Mar
"Be My Eyes ဆိုတာ ဘာလဲ "
တစ်ကမ္ဘာလုံးမှာရှိနေတဲ့ မျက်မမြင်၊ မျက်မမြင်လုနီးပါးဖြစ်နေတဲ့ ဒီ App လေးသုံးစွဲသူ ၂သိန်းကျော်ကို ပုံစံအမျိုးမျိုးနဲ့ ကူညီပေးရတာပါ။
ကူညီပေးတယ်ဆိုတဲ့နေရာမှာလည်း အချိန်အများကြီးပေးစရာမလိုဘဲ၊ ဖုန်းလေးကိုင်ပြီး ကူညီပေးလိုက်ရုံပါပဲ။ သူတို့အကူအညီလိုတဲ့အချိန်လေးမှာ သူတို့ video call ခေါ်ပါတယ်။ ကိုယ်အဆင်ပြေလို့ ကူညီဖို့ ကိုင်ပေးလို့ရသလို၊ ကူညီဖို့အဆင်မပြေတဲ့အချိန်ဖြစ်နေရင်လည်း၊ မကိုင်ဘဲထားလိုက်ရင် တခြား volunteer က ကိုင်ပြီး ကူညီပေးသွားပါတယ်။
( သူတို့ကဘယ်သူရယ်လို့ လှမ်းအကူအညီတောင်းတာမဟုတ်ပါဘူး။ ကူညီပေးမယ့်သူအားလုံးဆီ ဖုန်းဝင်တာပါ။ )
ကမ္ဘာတဝှမ်းက သုံးနေတာဖြစ်တဲ့အတွက် ဘာသာစကားမျိုးစုံနဲ့ အကူအညီတောင်းနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်အဆင်ပြေတဲ့ ဘာသာစကားကို ရွေးပြီးကူညီပေးလို့ရပါတယ်။ ကိုယ်က အဖွဲ့ဝင်တဲ့အချိန် ဗမာကို ရွေးထားရင် အကူအညီက မြန်မာကပဲ လာပါတယ်။
သူတို့အကူအညီတောင်းတာတွေကလည်း ၅မိနစ်တောင်မကြာတဲ့ အကူအညီမျိုးတွေပဲ တောင်းပါတယ်။
ကိုယ်ကြုံဖူးတာလေးတွေက ချစ်စရာလေးတွေ...
ပထမဆုံးကြုံရတဲ့ call က -
" Church ကျောင်းသွားမှာမို့ သနပ်ခါးတွေလိမ်းထားတာ အဆင်ပြေရဲ့လားကြည့်ပေးပါ" တဲ့။ အမျိုးသားပါ။ "မေးစေ့နားလေးမှာ နည်းနည်းထူနေတယ်။ လက်လေးနဲ့ပွတ်လိုက်။" " ရပြီ၊ ရပြီ " "လည်ပင်းလည်း လိမ်းလိုက်ပါလား" စသဖြင့် စိတ်ဝင်တစားကူညီပေးတော့ သေချာကူညီနေမှန်း သူသိသွားတယ်ထင်ပါတယ်။ "ကျွန်တော့်ကို အဝတ်အစားလေးပါရွေးပေးပါလား၊ သူများရှေ့သွားရမှာမို့ သပ်သပ်ရပ်ရပ်လေးဖြစ်ချင်လို့ပါ" တဲ့။ ကိုယ်စိတ်ရှည်၊လက်ရှည်ရွေးပေးတဲ့ အဝတ်အစားနဲ့ သူသွားမယ်ပြောပါတယ်။ သူအကူအညီတောင်းတဲ့သူက မငြိုမငြင်၊ စိတ်ရှည်လက်ရှည်ကူညီပေးတော့ သူဝမ်းသာနေသလို၊ ကိုယ်လည်း ကူညီခွင့်ရလို့၊ ဝမ်းသာလွန်းလို့ မျက်ရည်တောင်လည်ပါတယ်။
အခုဆို member တွေများလာလို့ ကိုယ် အဖွဲ့ဝင်ထားတဲ့ တနှစ်လောက်မှာ 10 Calls လောက်ပဲ ကိုင်ရတော့တယ်။ call တွေ ဝင်ပေမယ့် တခြားကိုယ့်ထက်အရင်ကူညီပေးနိုင်တဲ့သူတွေက ကိုင်ကိုင်ပေးသွားလို့ပါ။
တလောလေးကဆို တယောက်ဆက်တာ ရယ်ရပါတယ်။ camera ကို သူ့ဘက်မလှည့်ပဲ တခြားဘက်လှည့်ပြီး မြေကြီးပေါ်ကို ဖုန်းလှည့်ထားလို့ "ဘာကူညီပေးရမလဲရှင်" ဆိုတော့ "ကျွန်တော့ဖိနပ်တဘက်ပျောက်သွားလို့ ကူရှာပေးပါဦး" တဲ့။ 😅 သနားပါတယ်။ အဲဒါနဲ့ ၂ယောက်သားဖိနပ်တဘက်ပျောက်နေတာကို ရှာရတော့တာပေါ့။ "Camera ဟိုဘက်နည်းနည်းတိုးပေးပါဦး။ ညာဘက်ထင်တယ်" နဲ့။ အဲ့နားမှာတင်လည်နေတာ။ ခဏနေမှ တွေ့သွားပါတယ်။ သူ့ဖိနပ်က လန်နေတော့ မြေကြီးအရောင်နဲ့ရောပြီး ၂ယောက်သားချွေးပြန်အောင် ရှာနေရတာ။ 😅
ဒီလို အလွန်ဆုံးမှ ၂မိနစ်လောက်ပဲကြာတဲ့ အကူအညီလေးတွေဟာ ကိုယ်တွေအတွက် ဘာာာာမှကို အရေးမကြီးပေမယ့် သူတို့အတွက်တော့ တကယ်လိုနေတဲ့အကူအညီတွေပါ။ သူတို့ ကိုယ့်အကူအညီရသွားလို့ ကျေးဇူးတင်ပါတယ်နော်ဆိုပြီး ထပ်ကာ၊ ထပ်ကာပြောနေတဲ့ကျေးဇူးတင်စကားဟာ တကယ်ကိုပီတိဖြစ်ရတာပါ။
သူတို့ကို ကူညီပေးပြီး ဖုန်းချပြီးရင် ကိုယ်လည်းပျော်ပြီးကျန်ခဲ့တာ။ ငါ တကယ်အကူအညီလိုနေတဲ့သူကို ကူညီပေးလိုက်ရတယ် ဆိုပြီးပေါ့။
ဒီအတိုင်းနေရင်းကို ကုသိုလ်လေးလည်းလုပ်ဖြစ်သွားတာပါ။
ကူညီရတာဝါသနာပါရင် ဒီအောက်က link လေးကိုသွား၊ iPhone/ Android ရွေးပြီး App လေး down လိုက်ရုံပါပဲနော်။
https://www.bemyeyes.com/download