21/07/2025
လယ်ယာကဏ္ဍကို တိုးတက်ပြောင်းလဲသွားစေမည့်AI စနစ်
===============================
ကမ္ဘာတစ်ဝှမ်းတွင် စားနပ်ရိက္ခာလိုအပ်ချက် မြင့်တက်လာနေပြီး စိုက်ပျိုး ရေးကဏ္ဍတွင် ကုန်ကျစရိတ် နည်းပါးပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် AI က ကူညီပေးနိုင်ကြောင်းနှင့် ၂၀၂၈ ခုနှစ်တွင် AI စိုက်ပျိုးရေးစျေးကွက်သည် ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံအထိရောက်ရှိရန် မျှော်လင့်ထားကြောင်း iGrow News က ဖော်ပြထားသည်။
ဒရုန်းများ၊ အာရုံခံကိရိယာများနှင့် AI စနစ်သုံး GPS များသည် တိကျစွာစိုက်ပျိုးနိုင်ခြင်း၊ ပိုးမွှားထိန်းချုပ်နိုင်ရန် လယ်ကွင်းတစ်ခုလုံးကို စစ်ဆေးရခြင်းထက် လိုအပ်သော ဧရိယာကိုသာ စစ်ဆေးနိုင်ခြင်းနှင့် လူအင်အား၊ ဓာတုဗေဒပစ္စည်းနှင့် ကုန်ကျ စရိတ်တို့ကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ လယ်သမားများသည် သီးနှံဓာတ်ပုံများကို AI စမတ်ဖုန်းအက်ပ်ဖြင့် ခွဲခြမ်းစိတ်ဖြာပြီး ရောဂါနှင့် ပိုးမွှားကျရောက်မှုကို ချက်ချင်းသိရှိနိုင်သည်။ AI ကို တိရစ္ဆာန်ကျန်းမာရေး စောင့်ကြည့်ခြင်းနှင့် အချိန်မှန်အစားကျွေးခြင်းတို့တွင် အသုံးပြုနိုင်ပြီး နို့ထွက်ပစ္စည်းထုတ်လုပ်ရာတွင် ရောဂါပိုးမွှားပါဝင်ခြင်း ရှိ/မရှိကို စစ်ဆေးနိုင်သည်။
ယနေ့ခေတ်တွင် ငယ်ရွယ်သူများ လယ်ယာလုပ်ငန်းခွင်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ AI အသုံးပြုမှုနှုန်းသည်လည်း မြင့်တက်လာမည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။ နိုင်ငံတကာတက္ကသိုလ်များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများသည် AI အသုံးပြုစိုက်ပျိုးရေးသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး လယ်သမားအသိပညာများကို ဖြန့်ဝေပေးလျက်ရှိသည်။ သို့ရာတွင် AI ၏ ကုန်ကျစရိတ်သည်လုပ်ငန်းအသေးစားများအတွက် အခက်အခဲတစ်ခုအဖြစ်
ရှိနေသေးကြောင်းနှင့် AI ကို လုပ်ငန်းတစ်ခုလုံးတွင် အသုံးပြုခြင်းအစား ဖုန်းအက်ပ်များဖြင့် စတင်သင့်ကြောင်း ပညာရှင်များကဆိုသည်။
AI သည် လယ်ယာအလုပ်အကိုင်များကို အစားထိုးမည်ကို လုပ်သားအချို့က စိုးရိမ်နေကြသော်လည်း AI သည် လယ်ယာလုပ်သားများကို ဖယ်ရှားခြင်းအစား လယ်ယာကဏ္ဍကိုသာ အသွင်ပြောင်းသွားမည်ဖြစ်သည်။ အနာဂတ်တွင် ကြီးထွားလာမည့် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းရန် လယ်သမားများနှင့် AI စနစ်တို့အကြား ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပညာရှင်များကသုံးသပ်ထားသည်။
ကျော်တင့်(ရွှေခရမ်း)
ဒို့ကျေးရွာဂျာနယ် အတွဲ (၂၂) အမှတ် (၁၄)
#ဒို့ကျေးရွာဂျာနယ် #ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး #အသိပညာပေး #စိုက်ပျိုးရေး