
23/05/2025
(၉)တန်းကျောင်းသူလေးကို သားမယားပြုကျင့် သတ်ဖြတ်သူနှစ်ဦးအား မသေမချင်း ကြိုးကွင်းစွတ် သေဒဏ်ချမှတ်
-----------------------------------------------------------------
ဖြစ်စဥ်မှာ (၁၉.၃.၂၀၂၅)ရက် နံနက်(၁၀)နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ ၊ကျွန်းကုန်းကျေးရွာ မြောက်ပိုင်းရှိ မိခင်ဖြစ်သူသည် နေအိမ်နဲ့ (၁) မိုင်ခန့်အကွာ တောစပ်မှ အင်ဖက်ရွက်ကောက်ပြန်လာရာမှ သမီးဖြစ်သူ အသက်(၁၆)နှစ်ရှိ (၉)တန်းကျောင်းသူအာ ခေါ်မရ၍ အိပ်ခန်းအတွင်းဝင်ကြည့်ရာ ပက်လက်အနေအထားဖြင့် မေးစေ့အောက် လည်ပင်းတွင် ပြတ်ရှဒဏ်ရာ (၁)ချက် ရရှိပြီး သွေးများထွက်လျက် သေဆုံးနေသည်ကို တွေ့ရသည် ။
အိပ်ယာအတွင်း ခြုံစောင်အနီး၌ အိမ်တွင် အသုံးပြုနေသည့် အရိုးအသွား (၁၆)လက်မခန့်ရှိ ဝါးရိုးတပ်ဓားမတွင် သွေးများပေကျံနေပြီး အိပ်ယာဘေး၌ အရှည်(၄)ပေခန့် သွေးများပေကျံနေသည့် နိုင်လွန်ကြိုး(၁)ချောင်းတို့အား တွေ့ရှိသဖြင့် သမီးဖြစ်သူအား သေဆုံးသည်အထိ ဓားဖြင့်ခုတ်သတ်ခဲ့သူအား စုံစမ်းဖော်ထုတ် အရေးယူပေးရန် မိခင်ဖြစ်သူက ကျွန်းကုန်းနယ်မြေရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့သော အမှုဖြစ်သည် ။
ရဲစခန်းမှူးဦးစီးအဖွဲ့မှ ကျူးလွန်သူတို့အား စုံစမ်းဖေါ်ထုတ်ရာတွင် တရားခံနှစ်ဦးမှာ အသတ်ခံရသူ (၉)တန်းကျောင်းသူနေသည့် နေအိမ်နှင့် ကျောချင်းကပ် နေထိုင်သူ စည်သူနိုင်(ခ)မှဲ့ကြီး နှင့် တစ်ရွာတည်းနေ သိန်းထိုက်အောင်(ခ)သားပုတို့ဖြစ်ပြီး ကာမပြုကျင့်ကာ သိန်းထိုက်အောင်(ခ)သားပုမှ နိုင်လွန်ကြိုးဖြင့် လည်ပင်းအား ရစ်ပတ်ထားချိန် စည်သူနိုင်(ခ)မှဲ့ကြီးက အိမ်ပေါ်တွင် အသင့်တွေ့သည့် ဓားမဖြင့် လည်ပင်းအား ခုတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုမှုအရ မှဲ့ကြီးနှင့် သားပုတို့နှစ်ဦးအား ရာဇသတ်ကြီးပုဒ်မ -၃၇၆/၃၀၂၊ စွဲချက်အမှတ် ၅/၂၀၂၅ဖြင့် (၁၀.၄.၂၀၂၅)ရက်နေ့တွင် တရားစွဲတင်ပို့ခဲ့ရာ ခရိုင်တရားသူကြီးရုံး ၊ ရာကြီးအမှုအမှတ် ၄၇/၂၀၂၅ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုကျုးလွန်ကြောင်း ပေါ်ပေါက်မှုအရ ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ဂ)/၃၄ အရ (၂၂.၅.၂၀၂၅)
ရက်နေ့တွင် ၎င်းတရားခံ(၂)ဦးအား သေဒဏ် မသေမချင်းကြိုးကွင်းစွတ်စေအမိန့် ချမှတ်ခဲ့ကြောင်းသိရသည် ။
- (ကိုသက်+ပြည်မျက်လုံး).S.H