13/05/2025
စက္ကူပန်းလေးတွေကိုပဲ ဆက်ချစ်နေပေးပါ
“ရနံ့မရွေးဘူးဆိုရင်တော့
စက္ကူပန်းလေးတွေကိုလည်း ခင်ဗျားချစ်လို့ရပါတယ်” လို့ ကျွန်တော်ပြောဖူးတယ်နော်
တကယ်က ကျွန်တော်လည်းသိနေတာပဲလေ
စက္ကူပန်းလေးတွေကိုချစ်ပေမယ့်
ဘယ်သူမှတော့ ခေါင်းပေါ်မပန်ကြဘူးမဟုတ်လား
ချစ်တယ်ဆိုတဲ့ အနေအထားဟာ
ဟိုးအဝေးက တောင်တန်းပြာတွေကို ချစ်သလိုမျိုး
စိမ်းမြမြမြက်ခင်းကျယ်တစ်ခုကို ချစ်သလိုမျိုး
သူ့သဘာဝ သူ့အရှိတရားကိုပဲ ချစ်တာပါ။
“ချစ်တယ်” လို့ပြောရုံနဲ့
ဘဝနှစ်ခု ချိတ်ဆက်ချင်တယ်လို့ ရည်ရွယ်တာမျိုး မဟုတ်ဘူး
“ချစ်တယ်” ပြောရုံနဲ့
တစ်ယောက်ဘဝထဲ တစ်ယောက်ခုန်ဝင်ချင်တာမျိုး မဟုတ်ဘူး
ဖြူစင်တဲ့ မေတ္တာလို့ပဲ ရည်ညွှန်းရမလား
ပိုင်ဆိုင်လိုစိတ်မပါတဲ့ ချစ်ခြင်းလို့ပဲ ပြောရမလား
ချစ်တယ်ဆိုတာနဲ့ပဲ
ကျွန်တော့်အနားရောက်အောင် လာမှာပါလို့ မျှော်လင့်ခဲ့ဖူးတယ်
ကျွန်တော့်ဘဝကို အုပ်မိုးကာကွယ်ပေးမယ်လို့ ထင်ခဲ့ဖူးတယ်
အခုတော့ ကျွန်တော် သိပြီလေ
အစ်ကို ကျွန်တော့်ကို ချစ်တာ
စက္ကူပန်းလေးတွေကို ချစ်သလိုမျိုး
မိုးရွာပြီးစ ပေါ်လာတဲ့ သက်တံတစ်ခုကို ချစ်သလိုမျိုး
အလှကြည့်နေချင်ရုံသက်သက်လောက်ပါပဲ။
ဘယ်တော့မှ ကျွန်တော့်ဘဝထဲ ဝင်လာမှာ မဟုတ်သလို
ဘယ်တော့မှလည်း အစ်ကို့ဘဝထဲကိုဆွဲခေါ်မှာမျိုး မဟုတ်ဘူး
အစ်ကိုပြောတဲ့ အများကြီးချစ်တယ်ဆိုတဲ့ စကားကို အခုနားလည်ပြီ
ဘယ်ပုံဘယ်နည်းနဲ့ ကျွန်တော့ကို ချစ်ခဲ့လဲဆိုတာ သိပြီ။
အခုနေ အစ်ကို့ကို မုန်းနေသလားလို့ မေးလာရင်
“အဆင်ပြေရင်
စက္ကူပန်းလေးတွေကိုပဲ ဆက်ချစ်နေပေးပါ…”
လို့ဖြေမိမယ်။
—————————————————————-
ချန်ထားရက်လေသော
ဖရော်ဆန်
(မှတ်ချက်။။စာရေးသူသည် မန္တလေးတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သော အမျိုးသမီးတစ်ယောက်ဖြစ်သည့်အတွက် “ကျွန်တော်” ဟူသော နာမ်စားကို သုံးထားခြင်းဖြစ်ပါသည်။)