31/07/2024
ပညာတတ်
ဆိုတာ ပိုက်ဆံရှာစရာလိုသေးလား တတ်လို့ပဲ့ ရှိနေတယ်လေ
ငါ့ဆရာကတော့ ဒီလိုပဲ့သင်တယ်
" ဘွဲ့ရဖို့မလိုဘူး ပိုက်ဆံရှိဖို့ပဲရှိတယ်။ ပညာသင်တာထက် ပိုက်ဆံရှာတာ ပိုကောင်းတယ်။ စာအုပ်တွေဖတ်နေတာထက် လက်တွေ့အလုပ်လုပ်တာက ကြီးပွားဖို့နီးစပ်တယ် " စတဲ့ အယူအဆတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ တစ်ကျော့ပြန် ခေတ်စားလာပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လူကြီးလူငယ်တွေကြားမှာ အပြောများနေသလို၊ တချို့တွေ ငြင်းကြခုံကြတာကိုလည်း တွေ့ရပါတယ်။ ထူးခြားတာက အဲဒီလိုမျိုးပို့စ်တွေဟာ ဟိုးအရင်ကထက် လူကြိုက်များလာတာပါပဲ။
ပြောရမယ်ဆိုရင်တော့ ဘယ်လိုကိစ္စမှာပဲဖြစ်ဖြစ် မတူညီတဲ့ရှုထောင့်တွေကနေ စဉ်းစားကြည့်ရင် အမြင်အမျိုးမျိုး၊ အဖြေအမျိုးမျိုးရနိုင်တာမို့ ဘယ်ဘက်ကမှန်တယ်၊ ဘယ်အယူအဆကမှ အမှန်လို့တော့ ယတိပြတ်ပြောလို့ မရပါဘူး။
" ပိုက်ဆံရှာဖို့အဓိက " ဆိုတဲ့ အုပ်စုလည်း သူ့အယူအဆနဲ့သူတော့ မှန်တာပါပဲ။ " ပညာရှာဖို့အဓိက " ဆိုတဲ့ အုပ်စုလည်း သူ့အယူအဆနဲ့သူတော့ မှန်နေပါတယ်။
ကျွန်တော်စိတ်ဝင်စားတာက " ပညာသင်ဖို့ထက် ပိုက်ဆံရှာဖို့အဓိကပဲ " ဆိုတဲ့ အယူအဆကြီး လူငယ်တွေကြားမှာ အမှန်လို့ ယူဆလာကြတာနဲ့ လူ့အဖွဲ့အစည်းထဲ စိမ့်ဝင်ပျံ့နှံ့လာတဲ့ ကိစ္စပါပဲ။
အဲဒီလိုမျိုးဖြစ်လာပြီး ပညာမသင်ကြတော့ဘဲ ပိုက်ဆံပဲနင်းကန်ရှာကြတော့မှာ၊ ဘဝမှာ ငွေသာအဓိက လို့ ယူဆသွားကြမှာကို စိတ်ပူမိတာ အမှန်ပါပဲ။ အဲဒါကြောင့်လည်း ဒီဆောင်းပါးကို ရေးလိုက်ရတာဖြစ်ပါတယ်။
တကယ်တော့ ဘဝမှာ ပိုက်ဆံဟာ အရေးပါတယ်၊ အဓိကကျတယ်ဆိုတာ မှန်ပါတယ်။ ဒါကို ဘယ်သူမှမငြင်းနိုင်ပါဘူး။ အဲဒါကြောင့်လည်း " ငွေဆိုတာ ဒုတိယဘုရားသခင် (Money is the second God.") လို့တောင် တင်စားပြောဆိုကြတာပါ။ ငွေရှိရင် အရာအားလုံးနီးပါးကို ဝယ်ယူနိုင်၊ ဖန်တီးနိုင်တဲ့အထိ ငွေဟာ တန်ခိုးရှိပါတယ်။
ပိုက်ဆံရှိရင်တစ်မျိုး၊ မရှိရင်တစ်မျိုး ဆက်ဆံတတ်တဲ့ လူ့သဘောသဘာဝတွေကိုလည်း ကိုယ်တိုင်တွေ့ကြုံ ခံစားဖူးတာမို့ ငွေရဲ့ အစွမ်းသတ္တိနဲ့ အရေးပါပုံကို မငြင်းပယ်လိုပါဘူး။
ဒါပေမယ့် .....
လောကမှာ ပိုက်ဆံရှိရုံတစ်ခုတည်းနဲ့ မပြီးဘဲ ပညာတတ်ဖို့လိုတယ်၊ အသိဉာဏ်မြင့်ဖို့လိုတယ်ဆိုတာကိုလည်း ထည့်တွက်ရပါမယ်။ လူ့အဖွဲ့အစည်းအတွက် ပညာရဲ့အရေးပါပုံကို သိနားလည်ဖို့ အရေးကြီးပါတယ်။
ပိုက်ဆံရှိရင် ဩဇာရှိတယ်၊ လူရာဝင်တယ်ဆိုတာ မှန်တယ်။ ပညာတတ်တွေကို လက်ညှိုးထိုးခိုင်းလို့ရတာလည်း အမှန်ပဲ။ ဒါပေမယ့် ပိုက်ဆံရှိပြီး ပညာမတတ်တဲ့သူရဲ့ ဩဇာပါဝါဟာ အကန့်အသတ်(limit) ရှိပါတယ်။ မခမ်းနားပါဘူး။ ပိုက်ဆံမျက်နှာကြောင့်သာ လက်အောက်ငယ်သားတွေ၊ ဝန်ထမ်းတွေက ရှေ့မှာ လေးစားမှုပြကြပေမယ့်/ လေးစားချင်ယောင်ဆောင်ကြပေမယ့် တကယ်တမ်းတော့ သူတို့စိတ်ထဲ မလေးစားကြပါဘူး။
ပိုက်ဆံတအားချမ်းသာပေမယ့် ပညာမတတ်တဲ့သူတွေဟာ လူတောလည်းသိပ်မတိုးကြဘူး။ တချို့က သူတို့ရဲ့ကြွယ်ဝချမ်းသာမှုကြောင့် ပိုက်ဆံမျက်နှာနဲ့ ပွဲထုတ်ကြတာရှိတယ်။ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေကိုဖိတ်ပြီး အမှတ်တရစကားပြောခိုင်းတာမျိုး၊ မိန့်ခွန်းပြောခိုင်းကြတာမျိုးပါ။ ခက်တာက သူတို့ဟာ ငွေဘယ်လိုရှာရမလဲဆိုတာကိုပဲသိပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးရှိစေမယ့်စကားမျိုးတွေကို မပြောတတ်တာပါဘဲ။
အဲဒီတော့ စကားပြောတဲ့အခါ အမြှီးအမောက်မတည့်ဘဲ ဘာတွေပြောမှန်းမသိ၊ စကားတွေ တောင်ရောက်မြောက်ရောက်ဖြစ်ပြီး အရှက်ကွဲကုန်ကြပါတယ်။ အဓိကပြဿနာက သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိတာဖြစ်တယ်။ တက်ရောက်လာတဲ့ ပရိသတ်တွေထဲမှာ ပညာတတ်တွေပါနေတယ်ဆိုတာကိုသိပြီး သူ့အလိုလို သိမ်ငယ်စိတ်ဝင်နေတာကြောင့် ဖြစ်ပါတယ်။
အဲဒါကြောင့်မို့ ပိုက်ဆံရှိပြီး ပညာမတတ်တဲ့သူတွေရဲ့ ဩဇာဟာ အကန့်အသတ်ရှိတယ်လို့ ပြောရတာဖြစ်ပါတယ်။ အဲဒီ့လိုလူတွေ လူရာဝင်တယ်ဆိုတာလည်း နေရာရွေးပါတယ်။ သူတို့ဟာ ပညာရှင်တွေအပါ် ဩဇာမညောင်းနိုင်သလို၊ ပညာတတ်တွေကြားထဲလည်း လူရာမဝင်ပါဘူး။ အဲဒီ့လိုလူတွေရှိတဲ့နေရာကိုလည်း သွားဖို့ဝန်လေးနေတတ်တယ်။ တစ်ဖက်က ပညာတတ်တွေ၊ ပညာရှင်တွေက ခွဲခြားဆက်ဆံတာမျိုး၊ ကဲ့ရဲ့လှောင်ပြောင်တာမျိုး မလုပ်ရင်တောင် သူတို့ရဲ့မသိစိတ်မှာ အလိုလိုသိမ်ငယ်နေတာကြောင့်ပါ။
နောက်ထပ် ဥပမာတစ်ခုပေးပြီး ဆွေးနွေးကြည့်ပါမယ်။ အလုပ်ကိုကြိုးစားလုပ်ပြီး ကုသိုလ်ကံလည်းအကျိုးပေးလို့ ပိုက်ဆံချမ်းသာလာတဲ့လူတစ်ယောက်။ သူက အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ပညာကိုကောင်းစွာမသင်ခဲ့ရဘူး။ ပြောရမယ်ဆိုရင် ပညာမတတ်ဘူးဆိုပါတော့။ သူ့ကလေးတွေ အရွယ်ရောက်လာတဲ့အခါ သူဟာ ဘယ်လောက်ပဲ သားသမီးတွေကို လိုအပ်တာဖြည့်ဆည်းပေး ဖြည့်ဆည်းပေး၊ အလိုလိုက်လိုက် သူ့ရဲ့သားသမီးတွေဆီက ထိုက်သင့်တဲ့လေးစားမှုကိုရဖို့ ခဲယဉ်းပါတယ်။ သူ့စကားက သားသမီးတွေကြားထဲ သိပ်မပေါက်တာမျိုး ကြုံရတတ်တယ်။
ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ပညာမတတ်တာကြောင့်ပါ။ သားသမီးတွေက တမင်ရိုင်းစိုင်းတာမျိုး၊ မလေးစားတာမျိုးမဟုတ်ပေမယ့် ပညာရေးအဆင့်အတန်း ကွာဟချက်( Education Gap) နဲ့ အသိဥာဏ်ပညာ (knowledge) ကွာဟချက်ကြောင့် သူ့အလိုလိုဖြစ်လာတာ ဖြစ်ပါတယ်။ ပညာလည်းမတတ်၊ ဘာစာမှလည်းမဖတ်၊ ပိုက်ဆံရှာဖို့တစ်ခုပဲသိတဲ့မိဘဆိုရင် ပိုဆိုးပါတယ်။ သူပြောတဲ့စကားတွေက သားသမီးတွေနားထဲမဝင်၊ သားသမီးတွေပြောနေတာတွေကိုလည်း သူနားမလည်နဲ့ အတော်အဆင်မပြေပါဘူး။
ပညာရဲ့အရေးပါပုံကို နိုင်ငံနဲ့ချီပြီး ဥပမာပေးရရင် ပိုနားရှင်းသွားပါလိမ့်မယ်။ စာမတတ်ပေမတတ်၊ ပညာမဲ့ပြီး အသိဉာဏ်နိမ့်ကျတဲ့သူတွေ နိုင်ငံအုပ်ချုပ်တဲ့အခါ တိုင်းပြည်ဟာ ပျက်စီးလေ့ရှိပါတယ်။ အဲဒီ့လိုလူတွေဦးဆောင်တဲ့ အဖွဲ့အစည်းတွေဟာ တဖြည်းဖြည်း ဆုတ်ယုတ်ကျဆင်းလာတတ်ပါတယ်။လက်ရှိ မြန်မာပြည်အခြေအနေကိုကြည့်ရင် လက်တွေ့ပါပဲ။
ပညာတတ်၊ အသိဉာဏ်မြင့်၊ စိတ်ကောင်းနှလုံးကောင်းရှိ၊ ရိုးသားဖြောင့်မတ်တဲ့သူတွေ လူ့အဖွဲ့အစည်းကို ဦးဆောင်ရင်၊ နိုင်ငံကို အုပ်ချုပ်ရင် အဲဒီ့တိုင်းပြည်၊ အဲဒီ့လူ့အဖွဲ့အစည်းဟာ သာယာလှပပြီး ဖွံ့ဖြိုးတိုးတက်မှာ အသေအချာပါပဲ။
ဒါကြောင့်မို့ ကျွန်တော်ကတော့ ဘယ်သူ့ကိုမဆို၊ ဘယ်နေရာမှာမဆို ပညာကို ကြိုးစားသင်ယူဖို့၊ ပညာကို တန်ဖိုးထားဖို့၊ စာများများဖတ်ဖို့၊ ဘာသာစကားတွေလေ့လာဖို့၊ အချိန်ကို အကျိုးရှိအောင် အသုံးချဖို့ တိုက်တွန်းဖြစ်ပါတယ်။
တကယ်လို့မှ ကိုယ်က အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ပညာကိုဆက်မသင်ဖြစ်ဘူး၊ ဆယ်တန်းမအောင်ခဲ့ဘူး၊ ဘွဲ့ရတဲ့အထိ ကျောင်းဆက်မတက်ဖြစ်ဘူးဆိုလည်း နောင်တရမနေဘဲ/ ကိုယ့်ကိုကိုယ်အပြစ်တင်မနေဘဲ ကိုယ်ဝါသနာပါတဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်( Vocational Skills) တစ်ခုခုကို လေ့လာသင်ယူသင့်ပါတယ်။ ဒါမှမဟုတ် ဘာသာစကားတစ်ခုခုကို လေ့လာသင်ယူပြီး အခြေခံအဆင့်ကနေ ကျွမ်းကျင်တဲ့အဆင့်အထိရောက်အောင် ကြိုးစားပြီး အသက်မွေးဝမ်းကြောင်းပြုလို့ရပါတယ်။
ဘဝမှာ ကိုယ်ကာယ(Physical) ကို အားပြုပြီး အသက်မွေးဖို့ထက် ဉာဏ(Intellectual) နဲ့ပဲ အသက်မွေးဖို့ကို တိုက်တွန်းချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်သန်စွမ်းမှုတွေဟာ အချိန်ကြာလာလေ ယုတ်လျော့လာလေဖြစ်ပြီး၊ အသိဉာဏ်က အချိန်ကြာလေ တိုးပွားလေဖြစ်အောင် လုပ်ယူလို့ ရလို့ပါပဲ။
ဒါကြောင့်မို့လည်း ဗုဒ္ဓက " လောကမှာ ပညာနဲ့ အသက်မွေးခြင်းသည်သာ အကောင်းဆုံး" လို့ ဟောခဲ့တာ ဖြစ်ပါလိမ့်မယ်။ ပညာဆိုတာ အတန်းပညာတစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါ။ အသိပညာ၊ အတတ်ပညာ နှစ်မျိုးစလုံးကို ဆိုလိုပါတယ်။
ကျွန်တော့်ဘဝရဲ့ အတွေ့အကြုံတစ်ခုကို ဖြည့်စွက်ပြောရရင် " ပညာရဲရင့် ပွဲလယ်တင့် " ဆိုတဲ့ ဆိုရိုးစကားကိုပဲ ကိုးကားရပါလိမ့်မယ်။ ပညာကိုကြိုးစားသင်ယူခဲ့လို့၊ အင်္ဂလိပ်စာကို စိတ်ဝင်တစားလေ့လာခဲ့လို့၊ အားလပ်ချိန်တွေမှာ စာဖတ်ခဲ့လို့ ရရှိခဲ့တဲ့ အသီးအပွင့်တွေက အများကြီးပါပဲ။
ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုသွားသွား မျက်နှာမငယ်ရဘဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိနဲ့ ပြောဆိုဆက်ဆံနိုင်တာ ပညာကြောင့်ဖြစ်ပါတယ်။ ပိုက်ဆံကြောင့်မဟုတ်ပါ။ လောကဓံသဘောတရားအရ ဘဝအခြေအနေနိမ့်ပါးနေလည်း ကိုယ့်ကိုကိုယ်မသိမ်ငယ်ဘဲ၊ ရှက်စရာလို့မထင်ဘဲ ပုံမှန်အတိုင်း ရှင်သန်နိုင်တာဟာလည်း ပညာကြောင့်ပဲဖြစ်ပါတယ်။
ဒါကြောင့်မို့ ညီငယ်၊ ညီမငယ်တွေ၊ မိတ်ဆွေတွေကို " ပညာ" နဲ့ " ငွေ" ဘယ်ဟာကို ဦးစားပေးမလဲဆိုရင် ပညာကိုသာ ဦးစားပေးရွေးချယ်ဖို့ အလေးအနက် တိုက်တွန်းချင်ပါတယ်။
ဘဝပေးအခြေအနေကြောင့် အလုပ်လုပ်မှဖြစ်မယ်ဆိုရင်တော့ တစ်မျိုးစဉ်းစားပေါ့လေ။ အဲဒီ့လိုမှမဟုတ်ရင် ပညာကိုသာ ကြိုစားသင်ယူကြပါ။ ကိုယ့်ကိုကိုယ် ဝမ်းစာဖြည့်ပါ။ ငွေရှာဖို့ကို မလောပါနဲ့။ ကိုယ့်မှာ ပညာပြည့်လာတာနဲ့အမျှ ငွေရှာရမှာ ပိုလွယ်ကူလာမှာဖြစ်တယ်။
ငယ်ရွယ်စဉ်မှာ ပညာကိုကြိုးစားသင်ယူပါ။ ဘာသာစကားတစ်ခုခုကို လေ့လာပါ။ ကိုယ်ဝါသနာပါတဲ့အလုပ်တစ်ခုခုကိုရွေးပြီး အသက်မွေးဝမ်းကြောင်းပြုလို့ရသည်အထိ ကြိုးစားလုပ်ကိုင်ပါ။ အားလပ်ချိန်တွေမှာ စာဖတ်ပါလို့ အကြံပြုချင်ပါတယ်။
ငွေနောက်အရင်မလိုက်ဘဲ ပညာကို ဦးစားပေးမိတဲ့အတွက် ဘဝမှာ နောင်တမရစေရဘူးလို့ ရဲရဲကြီးအာမခံပါတယ်။
ပညာဖြင့်အသက်မွေးပြီး ပညာရဲရင့် ပွဲလယ်တင့်ကြသူများ၊ လောကအလှဆင်နိုင်ကြသူများ ဖြစ်နိုင်ကြပါစေ။