
19/05/2023
အပြန်
ဘာမှမဆွတ်ခူးနိုင်တဲ့ လက်နှစ်ဖက်က
လက်အုပ်မချီဖြစ်တာလည်း
လက်နှစ်ဖက်စာ နှစ်များကြာ
အမျှော်တွေ
လမ်းမတဆုံး ထားခဲ့နိုင်တာပဲရှိတယ်
ကိုယ့်အညွန့်လေး တလူလူအတွက်
အမေ့အခက်အလက်လေးတွေ ချိုးချိုးပေးရ
"ဒီလောက်တောင်ပဲလား သားရယ် ပြန်ခဲ့ပါ" တဲ့
"အမေ ... ယုံကြည်ချက်နဲ့ မာနတရားဆိုတာ
ဒီလိုရှိပါတယ်" ဆိုပြီး
ရသမျှဒုက္ခတွေ
အမေ့ဆီ ခဏခဏပြန်ရောင်းခဲ့
အမေ ပေးခဲ့သမျှတွေက
ဟောင်းနွမ်း၊ ပျောက်ရှ၊ ပျက်စီး၊ ဆွေးမြေ့ပြီ
ကိုယ်ပေးခဲ့တဲ့ အမျှော်တွေသာ
ညနေတိုင်ရင် လမ်းမထွက်တဲ့မျက်ရည်တွေဖြစ်
ခုတော့ စိတ်ညစ်ညစ်ရှိတိုင်း
အမေ့ပုခက်နဲ့လွှဲသိပ်သလို
မူးပြီးမှ အိပ်ပျော်တတ်တာပဲ။
တကယ်တော့ ဘာမှမဟုတ်တဲ့မာနနဲ့
ဘာမှမယူနိုင်လည်း နေပါစေ
အမေကြိုက်တတ်တဲ့ဆံပင်ပုံလေးညှပ်ပြီး
သပ်သပ်ရပ်ရပ်ပြန်လာတယ်ဆိုရင်ပဲ
ရင်ဘတ်ကလေး လက်နဲ့ဖိပြီး
ပြုံးပြုံးကြီးကြည့်နေမှာ
သားသိပါတယ်အမေ ။ ။
#သစ္စာပိုင်စိုး